Chapter 25
ပိုက်ဆံပေးချင်တယ်
သို့သော်လည်း ယွီနျန်မှာ ထိုသူက မနက်စာထက်ပိုပြီး လုပ်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
နောက်လိုက်အကသမားများနှင့် ဆွေးနွေးပြီး ကကွက်နှစ်ကွက်ပြောင်းကာ တစ်ကြိမ်လေ့ကျင့်ပြီးနောက် ယွီနျန်မှာ ရှစ်ရော့က လေ့ကျင့်ရေးခန်းထဲသို့ဝင်လာသည်ကို တွေ့လိုက်သည်။
"နျန်နျန်....မင်း မှာထားတဲ့ စားစရာတွေရောက်လာပြီနော်"
စားစရာတွေ
ပထမဆုံးတစ်ခေါက်တွင် သူက အံ့သြမတတ်ဖြစ်သွားရသော်လည်း ယခုတစ်ခေါက်တွင်မူ တည်တည်ငြိမ်ငြိမ်နှင့်ပင်"ဆယ့်နှစ်နာရီတောင်ရှိနေပြီဆိုတော့ အစ်ကိုမုန့်ရုံးခန်းထဲ ထားလိုက်ပါ"
ရှစ်ရော့က ခေါင်းညိမ့်ပြလိုက်ပြီး"ဒါဖြင့် မြန်မြန်လာစားနော် ...အေးသွားရင် အရသာမရှိပဲနေမယ်"
ရှစ်ရော့ထွက်သွားသည်နှင့် ယွီနျန်က ဘေးကဖုန်းကိုယူလိုက်ကာ ဝေ့ပေါ်ဖွင့်လိုက်သည်။ရွှယ်ယုံက သူစန္ဒယားတီးပြီးသီချင်းဆိုထားသောဗီဒီယိုပုံနှင့် "သူ့ရဲ့ စန္ဒယားစကေးတွေက သာမန်ပါပဲ"ဟု ပြောထားလေသည်။
ယွီနျန်မှာ ရယ်ချင်လာ၍ မနက်ဖြန်အတွက်အကသမားများနှင့် သဘောတူလိုက်ပြီးသည်နှင့် ကောမန့်များဖတ်ရင်း မုန့်ယွမ်၏ရုံးခန်းသို့လျှောက်သွားလိုက်သည်။
[အကြံဥာဏ်ပေးလမ်းပြပေးတဲ့အတွက် ဥက္ကဌရွှယ်ကို အရမ်းကျေးဇူးတင်ပါတယ်...ငါတို့ နျန်နျန်က လိုအပ်မှုတွေရှိနေတုန်းဆိုပေမယ့် သေချာကြိုးစားသွားပါမှာ]
[ဟားဟား...ဥက္ကဌရွှယ်ကဖြင့် သွားပြီကို ဦးနှောက်သေနေတဲ့ဖန်တွေက ပေါက်ပန်းလေးဆယ်ပြောနေတုန်းပဲ...အဓိပ္ပါယ်မရှိတာတွေ...လူရယ်စရာဖြစ်အောင်ပြောနေတာပဲ...မိသားစုစီးပွားရေးကို မလွှဲယူခင်တုန်းက ဥက္ကဌရွှယ်က စန္ဒယားမေဂျာနဲ့ လီတိုတေးဂီတကျောင်းမှာ တက်ခဲ့တာ ...သဘောပေါက်]
[စိတ်လှုပ်ရှားစရာပဲ...ငါနားလည်သွားတဲ့ နောက်ထပ်ဝေ့ပေါ်တစ်ခုလား....ဒါပေမယ့် ယွီနျန်ပဲလား...ငါ့ယောကျ်ားက ဒီယွီနျန်ဆိုတဲ့သူနဲ့ ဖြစ်နေတာ ဘယ်လိုရန်ပွဲမျိုးပါလိမ့်]
[စန္ဒယားကျွမ်းကျင်တဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်(တီးတိုးပြောခြင်း)....ဗီဒီယိုထဲမှာတော့ ဒီညီလေးက ကောင်းကောင်းတီးနေတာပဲ... ငယ်ငယ်ကတည်းက လေ့ကျင့်ထားခဲ့မှန်း သိသာပါတယ်....ဥက္ကဌရွှယ်လိုလူမျိုးက ရယ်သွမ်းသွေးတာက ဘာမှမဖြစ်ပေမယ့် အဲ့ဒီ ကီးဘုတ်တိုက်ခိုက်ရေးသမားတွေက ဘာအရည်အချင်းတွေနဲ့ ပြောနေဆိုနေကြတာလဲ]
ယွီနျန်မှာ ရွှယ်ယုံက စန္ဒယားမေဂျာယူထားသည့် ကောမန့်နောက်ပိုင်း အခြားကောမန့်များကို စိတ်မဝင်စားတော့ပေ....လီတိုတေးဂီတကျောင်းဆိုပါလား။
ယွီနျန်က အနည်းငယ်အံ့အားသင့်သွား၍ ယခင်က မုန့်ယွမ်ပြောဖူးသည့် ရွှယ်ယုံနှင့်ချူရှောင်းရန်တို့နှစ်ယောက်လုံးမှာ မိသားစုထဲတွင် အငယ်ဆုံးသားများဖြစ်ပြီး အထက်တွင်လည်း အစ်ကိုတစ်ယောက်ရှိ၍ မိသားစုစီးပွားရေးကို ဆက်ခံစရာမလိုသည့်အကြောင်းကို စဥ်းစားမိသွားသည်။
ထို့ကြောင့် ကန့်သတ်ချက်မရှိ တေးဂီတကျောင်းသို့ စန္ဒယားသင်ရန်သွားသည်က သာမန်ကိစ္စဖြစ်သည်။ နောက်ပိုင်း တစ်ခုခုဖြစ်သွား၍သာ ရွှယ်ယုံက ဆက်ခံသူဖြစ်လာဟန်ရှိသည်။
သို့သော်လည်း ရွှယ်ယုံ၏စန္ဒယားစကေးက အလွန်ကောင်းမွန်နိုင်သည်။တကယ်တမ်းတွင် လီတိုမှာ ကမ္ဘာပေါ်ရှိ အဓိကတေးဂီတကျောင်းကြီးသုံးကျောင်းမှ တစ်ခုအပါအဝင်ဖြစ်ပြီး ဝင်ခွင့်ရရန်လည်း အလွန်ခက်ခဲလှသည်။
သူက ရုံးခန်းတံခါးကို တွန်းလိုက်သည်နှင့် ရှစ်ရော့က ဖုန်းကိုင်ထားသောယွီနျန်ကို တွေ့လိုက်ရ၍ အနည်းငယ် စိတ်ပူသွားသည်"နျန်နျန်....မင်း"
ယွီနျန်က ပြုံးလိုက်ရင်း"ဝေ့ပေါ်ကို စစ်ဆေးကြည့်ရင်း ရွှယ်ယုံရဲ့ဝေ့ပေါ်ကောမန့်တွေကို သွားကြည့်နေတာပါ...ထွေထူးတော့မရှိပါဘူး...လူတိုင်း ကျွန်တော့်ကို သဘောကျလာအောင်လုပ်ဖို့ ဖြစ်မှမဖြစ်နိုင်တာ...နောက်ပြီး..."
သူက စားပွဲပေါ်က သပ်သပ်ရပ်ရပ်ခင်းကျင်းထားသည့် ဟင်းလျာများကိုကြည့်ပြီး တစ်ဒင်္ဂမျှ ပြောစရာစကားမဲ့သွားရသည်။
ထိုဟင်းလျာများက ယွီချင်း၊ရွှယ်ယုံအပြင် ချူရှောင်းရန်တို့နှင့် နောက်ဆုံးညစာစားခဲ့စဥ်က ကြိုက်နှစ်သက်ခဲ့သည့် ဟင်းလျာများဖြစ်ပြီး အလှဆင်ထားသည့်ကြာပန်းကိတ်သုံးပန်းကန်ပင် ပါလိုက်သေးသည်။
သူ အကြိမ်မည်မျှစားလိုက်မိမှန်း သူ့ကိုယ်သူသတိမထားမိခဲ့သော်ငြား ယခု ထိုအရာများအားလုံးက သူ့ရှေ့ရောက်လာနေသည်။
သူက စားစရာများကို တို့ထိမလာ၍ ရှစ်ရော့က ယွီနျန်ထံ တူကမ်းပေးလိုက်သည်"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"ယွီနျန်က အသိဝင်လာပြီး တူလှမ်းယူလိုက်ကာ အလှဆင်ကြာပန်းကိတ်ကို ဦးစွာမြည်းစမ်းလိုက်ရင်း သူ့စိတ်ထဲ သိချင်မိသည်
...ရွှယ်ယုံ ခင်ဗျား ဘာဖြစ်နေတာလဲ....။
အလုပ်များလှသောနေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ယွီနျန်က စောစောထပြီး နောက်ကျမှအိပ်ရာဝင်ရင်း နေ့ရက်တိုင်းကို လေ့ကျင့်ရေးခန်းထဲတွင်သာ ကုန်ဆုံးတတ်သော်လည်း အချိန်မလောက်သေးဟု ခံစားရလေသည်။ အသံသွင်းမည့်နေ့တွင်ဖြင့် သူက စတူဒီယိုသွားမည့်လမ်းတွင်ပင် သီချင်းလေ့ကျင့်ခဲ့သည်။
သို့သော်လည်း သူ၏လုံ့လက နောက်ဆုံး အနိုင်ရသွားလေသည်။ ထို့ပြင် ယခုတစ်ကြိမ် ယွီနျန်နှင့်ပူးပေါင်းတင်ဆက်ရသည့် အကသမားများကလည်း ကုမ္ပဏီမှဖြစ်၍ ယွီနျန်ထက် စတိတ်အတွေ့အကြုံပိုများသူများဖြစ်ကြသည်။ အနိုင်ရရှိပြီးနောက် ဟယ်ချိုးပိုင်က လက်ဟန်ခြေဟန်ပြလာသည်
" နှစ်မိနစ်နားမယ်...ပြီးရင် နောက်တစ်ကြိမ် ထပ်လေ့ကျင့်ကြတာပေါ့"
ယွီနျန်က ပြန်ပြီး လက်ဟန်ခြေဟန်ပြလိုက်သည်။
ဟယ်ချိုးပိုင်က ယွီနျန်သီချင်းဆိုရင်း နောက်လိုက်အကသမားများနှင့်ပူးပေါင်းကပြနေသည်ကို အာရုံစူးစိုက်ကြည့်နေသည်။ သူက ပြုံးကာ မုန့်ယွမ်ကို ပြောလိုက်သည်
"သူက မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာပဲ...ပထမဆုံး အစမ်းလေ့ကျင့်တုန်းက အချိန်ကို မှတ်မိပါသေးတယ်....လှုပ်လဲမလှုပ် ကင်မရာကိုလည်းမကြည့်ဆိုတော့ screenကို ခဏခဏလွတ်လွတ်သွားတာလေ...အခုတော့ သူ့ကိုကြည့်စမ်းပါအုံး...စင်ပေါ်မှာ နောက်လိုက်အကသမားတွေနဲ့ အမှားမရှိ ကင်မရာရှူထောင့်ကို ထိမိနိုင်တယ်"
မုန့်ယွမ်က "အင်း"ဟု အသံထွက်လာကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း"အိုက်ယား...သူ big hitဖြစ်လာမယ်ဆိုတာသိတဲ့သူက ငါတစ်ယောက်တည်းမဟုတ်ဘူးပဲ...အခုချိန်မှာကို တံခါးနား ထောက်ခံချက်မဂ္ဂဇင်းတွေ အများကြီးလာနေလောက်ပြီ"
သူကြွားနေမှန်းသိ၍ ဟယ်ချိုးပိုင်လည်း စိတ်မဆိုးချေ"မင်းတစ်ခုမှ လက်မခံခဲ့ဖူးမို့လား"
"သေချာပေါက် လက်မခံခဲ့ဖူးပေါ့"မုန့်ယွမ်က မေးကိုမော်ချီထားလိုက်ရင်း"အရာရာတိုင်းက အပြန်အလှန်ပါပဲ...သူက ငါ့ကို အလုံးစုံယုံကြည်ထားတော့ သေချာပေါက် သူ့စမှတ်ကို နဲနဲမြင့်ပြီးခိုင်ခိုင်မာမာဖြစ်ဖို့ အကောင်းဆုံးကြိုးစားရမယ်လေ..."
ထိုအချိန် ပလတ်စတစ်ခွေးခြေခုံတွင် ထိုင်နေသော ဟယ်ချိုးပိုင်က ရုတ်တရက်ထရပ်လိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေသော စင်ပေါ်သို့ လှမ်းအော်လိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲဟေ့"
ယွီနျန်က အမှန်ပင် စင်ပေါ်ကကျသွားမှန်းမြင်လိုက်ရ၍ မုန့်ယွမ်၏မျက်ဆံများ ကျုံ့ဝင်သွားရပြီး နှလုံးခုန်ရပ်သွားသည့်ခံစားချက်နှင့် ယွီနျန်ဘေးနားရောက်ရန် စင်ပေါ်အမြန်တက်ခဲ့သည်။
"အဆင်ပြေလား နျန်နျန်...ဘယ်နားနာသွားလဲ"
ယွီနျန်လဲကျသွားစဥ် ခြေကျင်းဝတ်မှနာကျင်မှုကြောင့် မျက်လုံးများပင် ပြာမတတ်ဖြစ်သွားရသည်။အနည်းငယ်သက်သာသွားကာမှ မုန့်ယွမ်၏စိုးရိမ်တကြီးမျက်လုံးတို့ကို တွေ့လိုက်ရ၍ အားတင်းပြုံးလိုက်သည်။
"ခြေထောက်ခေါက်သွားတာပါ"
မုန့်ယွမ်၏စိတ်က အနည်းငယ်ငြိမ်သွားပြီး သူ့ကို အမြန်ထူမပေးလာရင်း ဟယ်ချိုးပိုင်ကို ပြောလိုက်သည်
"နျန်နျန်ကို ဆေးရုံခေါ်သွားလိုက်မယ်...နည်းနည်းလောက်ရှာပေးထားပါအုံး"
သူက ယွီနျန်မှာ အကလေ့ကျင့်ရင်း မကြာခဏလှဲကျတတ်ပြီး သိပ်ပြင်းထန်သည့်ပုံမရှိ၍ ပုံမှန်အတိုင်းပြန်လေ့ကျင့်တတ်သည်ကို ရှင်းရှင်းလင်းလင်းသိထားသည်။ ယခုအကြိမ်တွင်ဖြင့် သူ့နာဖူးပြင်ထက် ချွေးအေးတို့ထွက်လာပြီး စကားပြောရင်း အသံပါတုန်နေသည်။ တစ်ခုခုတော့ ဖြစ်သွားသည်ထင်။
ဟယ်ချိုးပိုင်က သူပြောချင်သည့်အရာကို နားလည်၍ သူတစ်ခုခုကို စိတ်ထင့်နေမှန်းသိလိုက်သည်။ထို့ကြောင့် စကားများများမပြောတော့ပဲ သတိသာပေးလိုက်သည်
"ညထိ ရိုက်ကူးရေးလုပ်နေမှာနော်"
မုန့်ယွမ်က ခပ်ဖျော့ဖျော့မျက်နှာနှင့် ပြန်ဖြေလာသည်"ငါသိပါတယ်...မင်းကို ခေါ်လိုက်မှာပါ"
ကားထဲရောက်စဥ် ယွီနျန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပထမဆုံးဆိုလိုက်သည့်စကားက " အစ်ကိုမုန့်...ကျွန်တော်လဲကျသွားတဲ့နေရာက အရမ်းချောနေတာ"
သူ၏ခန့်မှန်းချက်က မှန်နေလေပြီ။
"ဖာ့ခ်....."မုန့်ယွမ်က ကားခုံနောက်ဘက်ကို ထုရိုက်လိုက်သည်။
တဖြေးဖြေးဒဏ်ရာက သိပ်မနာတော့၍ နာဖူးထက်က ချွေးစတို့အား လက်နှင့်သပ်ချလိုက်ရင်း မျက်လုံးတို့မှာ အနည်းငယ်အေးစက်နေသည်
" ကျွန်တော် ညမှာလည်း ခါတိုင်းလိုပဲ ရိုက်ကူးရေးလုပ်မယ်"
မုန့်ယွမ်၏လက်သီးက အနီရောင်ဖျော့ဖျော့သန်းနေပြီး သူက သူ့ခြေကျင်းဝတ်ကိုကြည့်လိုက်ရင်း ဒေါသထွက်လာရသည်
"ဘာရိုက်ကူးရေးလဲ...မင်းခြေထောက်ကို မလိုချင်တော့ဘူးလား"
"အစ်ကိုမုန့်"ယွီနျန်က ရယ်မောနေဆဲဖြစ်သော်လည်း ယခင်ကထက် လေသံနူးညံ့လာသည်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ရှိုးမှာ ရိုက်ကူးရေးမလုပ်စေချင်ဘူး ထင်ပါရဲ့...ဒါပေမယ့် သူဖြစ်စေချင်တာကိုလည်း ကျွန်တော်က မလုပ်ချင်ပြန်ဘူး"
မုန့်ယွမ်က သူ့မျက်လုံးကြည်ကြည်လေးများကို လှမ်းကြည့်လိုက်ရင်း သူ့နှလုံးသားက အလွန်ဖြူစင်မှန်း သိလိုက်ရသည်။စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး ပြောလာသည်
"မင်းတော့ ...ငါမင်းပြောတာကို နားထောင်လိုက်မယ်"
ယွီနျန့်မျက်လုံးများက အပျော်တို့ပြည့်နှက်သွားပြီး"ကျေးဇူးပါ အစ်ကိုမုန့်"
စမ်းသပ်စစ်ဆေးရန်အတွက် သီးသန့်ဆေးရုံတစ်ခုသို့သွားလိုက်ပြီး မုန့်ယွမ်က လက်တစ်ဖက်နှင့် ဆေးစစ်ချက်ကိုယူလာရင်း ကျန်တစ်ဖက်နှင့် ရင်ဘတ်ကိုပုတ်ကာ စိတ်အေးသက်သာစွာ ဆိုလာသည်။
"တော်သေးတယ် ကျိုးတာမရှိဘူး...ခွဲစိတ်စရာမလိုဘူး..အရမ်းကြီး မပြင်းထန်ဘူးတဲ့"
ယွီနျန်လည်း ထိုအခါမှ အပူကျသွားရသည်
"ကောင်းပါပြီ...ကျွန်တော် အဲ့ဒီပေါ်ခြေချလိုက်တုန်းက တစ်ခုခုမှားနေမှန်းသတိထားမိလိုက်တယ်...အဲ့တာကြောင့် လဲသွားတော့ ဝိတ်ကိုထိန်းထားလိုက်တာ"သူက နှုတ်ခမ်းတင်းတင်းစေ့လိုက်ရင်း"ကျွန်တော်သာ သတိမထားမိရင် မြေကြီးနဲ့ဒူးနဲ့တိုက်မိပြီး ဒူးဆစ်ထိသွားလောက်တယ် အပေါ်ယံလည်း စုတ်ပြတ်သတ်သွားမှာပဲ"
မုန့်ယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူသိသည်။ ယွီနျန်လည်း သူ့ခြေထောက်ကို ထိခိုက်သွားစေချင်ပြီး အကမကနိုင်အောင်လုပ်ချင်သည့်သူရှိနေမှန်း သိနေသည်။
ရင်တွင်းမှအပူကိုငြိမ်းသတ်လိုက်ရင်း မုန့်ယွမ်မှာ စစ်ဆေးချက်ရလဒ်များကို ယူထားလိုက်ရင်း "ဆရာဝန်ပြောတာက နှစ်ပတ်လောက်လမ်းမလျှောက်နဲ့အုံးဆိုတော့...ကတာကလည်း..."
ယွီနျန်အကြည့်တို့နှင့်တွေ့ဆုံခိုက် သူက အလျော့ပေးလိုက်ရသည်"ဟုတ်ပြီ ဟုတ်ပြီ...မင်း ကနိုင်ပါတယ်...သေစမ်း ခေါင်းမာလိုက်တာလွန်ရော"
ယွီနျန်က ပြုံးလိုက်ရင်း လက်ကလေးထုတ်ပြီး ကျိန်ပြလာသည်
"ကျေးဇူးပါ...အစ်ကိုမုန့်...ကျွန်တော် အကပြီးသွားတာနဲ့ လမ်းလျှောက်တာလျှော့လိုက်မှာပါ"
မုန့်ယွမ်လည်း ပြောရခက်ဖြစ်နေ၍ ခါးသက်သက်ဆိုလိုက်သည်
"မင်းကို ဖိကိုခိုင်းအုံးမှာ"
ယွီနျန်က ရယ်မောလိုက်ရင်း မျက်လုံးလေးများတလက်လက်တောက်ပလာကာ "ကောင်းပါပြီ...ဒါဆိုလည်း အစ်ကိုမုန့်အတွက် ကြိုးစားပေးတာပေါ့"
စတူဒီယိုသို့ပြန်ရောက်သော် ရှားမင်ရှီက ကရောကပါးပြေးလာပြီး ယွီနျန့်ကို အလန့်တကြားစုန်ချည်ဆန်ချည်ကြည့်လာသည်။ ဟယ်ချိုးပိုင်လည်း ရောက်လာပြီး မုန့်ယွမ်ကိုဆွဲခေါ်သွားကာ စိုးရိမ်တကြီးမေးလာသည်
"သူလုပ်နိုင်ပါ့မလား"
"သူသာ လုပ်နိုင်ရင်တော့ အံ့သြစရာပ"
မုန့်ယွမ်က စိတ်ပျက်လက်ပျက်နှင့်"ဒါပေမယ့် သူက အကအပေါ်မှာ အလျော့မပေးပဲအလေးထားလွန်းတယ်"
ထိုလူက အသံနိမ့်လိုက်ရင်း"လောင်ဟယ်...ယွီနျန်ပြောတာ စတိတ်ပေါ်မှာ ရေရှိနေတယ်တဲ့"
ဟယ်ချိုးပိုင်လည်း ထိုညစ်ပတ်သည့်အရာများကို တွေ့သွားပြီးဖြစ်သည်"မင်းတို့ထွက်သွားပြီးတော့ ငါ တစ်ယောက်တည်းသွားကြည့်သေးတယ်...ဘာခြေရာလက်ရာမှမကျန်ခဲ့ဘူး...ဒါပေမယ့် သူကနေတဲ့ ပထမဆုံးနှစ်ကြိမ်မှာ မလဲသေးဘူးဆိုတော့ နောက်မှရေဖြန်းလိုက်တာဖြစ်ရမယ်...စိတ်မပူပါနဲ့...ငါမင်းအတွက် သေချာပေါက် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးမှာပါ"
ရှားမင်ရှီ၏အစမ်းလေ့ကျင့်မှုကလည်း မပြီးသေး၍ စိတ်ပူနေသောမျက်နှာနှင့်ပင် စင်ပေါ်ပြန်တက်လိုက်ရသည်။
ရှစ်ရော့က ယွီနျန်၏ဆိုးဆိုးဝါးဝါးယောင်နေသော ခြေကျင်းဝတ်ကိုကြည့်လိုက်ရင်း မျက်လုံးများရဲတက်လာရကာ ပြောလိုက်သည်
"ခဏ ....ခြေညှပ်တစ်ရံလောက် သွားဝယ်လိုက်အုံးမယ်...ကပြီးသွားရင် စီးထားလိုက်နော်....ဘွတ်ဖိနပ်မာမာတွေမစီးနဲ့"
"ဒါဖြင့် အစ်မရော့ရော့ကို ဒုက္ခပေးရအုံးမှာပဲ"ယွီနျန်က အပြုံးလေးနှင့်ခေါင်းညိမ့်ပြလာသည်
"ဒါပေမယ့် ကျွန်တော်လည်း အခု ဘွတ်ဖိနပ်မစီးနိုင်ဘူးရယ်...အစ်မရော့ရော့...သားရေရှူးဖိနပ်အပါးလေး ရှာပေးလို့ရမလား"
ရှစ်ရော့က ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလာပြီး"ကောင်းပြီ...အစ်မသွားလိုက်အုံးမယ်"
ခြေထောက်ထိခိုက်ထားသော်လည်း ယွီနျန်က တောင့်ခံထားကာ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း မူမမှန်ဖြစ်နေဟန်တစ်စိုးတစ်စဥ်းမျှမပြ၍ ချောချောမွေ့မွေ့အလုပ်ပြီးသွားလေသည်။
အဆုံးပိုင်းနားတွင် အမြင့်သံဆိုလိုက်ပြီးနောက် နောက်ဆုံးကကွက်ကိုထုတ်ပြရမည်ဖြစ်သည်။စီစဥ်ထားသည့်အတိုင်း ယွီနျန်က လက်မြောက်ရင်း လှလှပပနှင့် အဝတ်အစားများဖြဲပစ်ရမည်ဖြစ်ကာ ထိုအချိန်မှာပင်"ဘန်း"ဆိုသည့်အသံထွက်လာမည်ဖြစ်သည်။
သို့သော်လည်း စိတ်ကူးထားသည်များက အမြဲတစေလှပနေတတ်ပြီး ယွီနျန်ကလည်း နာကျင်နေပြီဖြစ်သည်။သူ၏ရှပ်အင်္ကျီအမည်းကို အားနှင့်ဆွဲဖြဲလိုက်သော်ငြား မမျှော်လင့်ထားစွာ ကြယ်သီးများကမြဲလွန်းနေ၍ မအောင်မြင်လိုက်ပေ။
ယွီနျန်မှာ တစ်ခဏမျှအကြံအိုက်သွားရကာ အမှားမလုပ်မိစေရန်အတွက် ကကွက်ကို ယာယီပြောင်းလိုက်ရသည်။
စင်ပေါ်မှဆင်းလာသည်နှင့် ရှစ်ရော့က သူ့အတွက် ခြေညှပ်ဖိနပ်စီးပေးလာသည်။မုန့်ယွမ်က အသစ်ဝယ်ထားသည့်ချိုင်းထောက်ကို ကမ်းပေးလာရင်း ပြောလိုက်သည်
"မင်းခြေထောက်ကို ဂရုစိုက်....အားအများကြီးမသုံးမိစေနဲ့"
ယွီနျန်က ယခုအခါတွင် ခေါင်းမာမနေတော့ပေ။သူက ချိုင်းထောက်နှင့် နားနေခန်းသို့ ဖြေးဖြေးချင်းသွားနေရင်း မေးလာသည်
"အစ်ကိုမုန့်...ခုနက ကျွန်တော့်ရဲ့တင်ဆက်မှုက ကောင်းလား"
မုန့်ယွမ်မှာ သူသီချင်းတစ်ပုဒ်လုံးဆိုနေရင်း နာကျင်မှုကြောင့် ချွေးစေးပြန်ကာ အဝတ်အစားများပါစိုနေသည်ကို မြင်ခဲ့ရသည်။အောက်ခံမိတ်ကပ်သာမရှိလျှင် သူ့အသားအရေ မည်မျှဆိုးဝါးနေမှန်း သူသိမည်မဟုတ်ပေ။သူ သည်းမခံနိုင်တော့၍ ပြောလိုက်မိသည်
"မင်းကတာ အရမ်းကောင်းတယ်...မင်းခြေထောက်နာနေတယ်လို့တောင် ငါမမြင်လိုက်ဘူး"
ယွီနျန်က လေပူများမှုတ်ထုတ်လိုက်ရင်း မျက်လုံးလေးများတောက်ပလာသည်"တော်သေးတယ်"
မုန့်ယွမ်က သူ့ကို ကူပေးလိုက်ကာ"ငါ လောင်ဟယ်ကို စင်ပေါ်ဆိုဖာတစ်ခုရွှေ့ပေးဖို့ ပြောထားပြီးပြီ....အဲ့ဒါမှ မင်း ကတာရပ်ပြီး ထိုင်ရင်းသီချင်းဆိုလို့ရမှာ"
"ဟုတ်ကဲ့ပါ"
မုန့်ယွမ်က သူ့ကို စိုက်ကြည့်လိုက်ရင်း"အိုး....အခုတော့ နာခံနေတယ်ပေါ့လေ"
ယွီနျန်က ရယ်၍သာနေပြီး ပြန်ဖြေမလာချေ။
ရှိုးစလွှင့်သေးအခါ ယွီနျန်က ဆိုဖာပေါ်တွင်ထိုင်ပြီး ရှားမင်ရှီ၏ဗီဒီယိုကောကို ပြန်ဖြေနေရသည်။
ရှားမင်ရှီက သူ့ခြေထောက်များသက်သာသွားပြီလားဟု စစချင်းမေးလာသော်လည်း ယွီနျန်က သိပ်မနာတော့ဟုဖြေလာမှသာ စိတ်သက်သာသွားပြီး ရယ်မောလာသည်
"ဒါနဲ့လေ...ငါ မင်းကို ဘာလို့ခေါ်မှန်းသိလား...ဟားဟားဟား...နျန်နျန် မင်းကလေ အရမ်းရယ်ရတာပဲ...နောက်ဆုံးပိုင်းမှာ မင်းအင်္ကျီဖြဲချင်နေမှန်း ငါအရင်က မသိခဲ့ဘူး...ဒါပေမယ့် မင်း အဆုံးမှာ မအောင်မြင်လိုက်ဘူးလေ...ဟားဟား...လူအုပ်ကြီးနဲ့ဝေ့ပေါ်ကို သွားကြည့်လိုက်အုံး...ရယ်ရလွန်းလို့ ငါသေတော့မယ်"
ဖုန်းကိုင်ထားရင်း ယွီနျန်မှာ တစ်ခဏမျှလှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း လူအုပ်ကြီးကိုသွားမကြည့်ပဲ ဝေ့ပေါ်ကိုသာ တွန့်ဆုတ်တွန့်ဆုတ်ဖွင့်လိုက်သည်။
သေချာပေါက် သူ forwardလုပ်ထားသည့် ပရိုဂရမ်၏ဝေ့ပေါ်အောက်တွင် ဟဟများရောက်နေမည်ဖြစ်သည်။
[ဟားဟားဟား....ငါ့ရဲ့နျန်နျန်လေး အံ့သြသွားတဲ့ပုံလေးပါလား...ရယ်ရလွန်းလို့သေတော့မယ်...ssတွေမရပ်မနားရိုက်နေတော့တာ...ပုံလို့ကိုနေပြီ]
[အိုက်ယား...အင်္ကျီအသားက ကောင်းလွန်းနေတာပါလား...နျန်နျန်ရေ မငိုပါနဲ့ကွယ် ...တိတ်တိတ်လေးရယ်ပေးပါ့မယ်...ဟားဟားဟား]
[အင်္ကျီမဖြဲနိုင်ဘူး ဟုတ်လား နျန်နျန်....လာပါ လာပါ...ငါ မင်းအတွက်ဖြဲပေးမယ်လေ...မင်းကို ကူညီပေးမယ်လို့ တောင်းဆိုနေတာနော်]
[နည်းနည်းလောက်....နည်းနည်းလောက်လေးပဲ...ငါ့နျန်နျန်ရဲ့xxxကိုမြင်ရတော့မှာကို...အင်္ကျီမဖြဲနိုင်လို့ အံ့သြသွားတာလေးက ချစ်စရာလေး]
တစ်ဖက်တွင်လည်း ရွှယ်ယုံက နိုင်ငံရပ်ခြားဗီဒီယိုအစည်းအဝေးပြီးသွားပြီဖြစ်၍ ညလည်းနက်နေပြီဖြစ်သည်။ အခြားသူများ၏အခန်းကို ကျော်ချလိုက်ရင်း ယွီနျန်သီချင်းဆိုသည်ကိုသာ ကြည့်လေသည်။ အထူးသဖြင့် နောက်ဆုံးပိုင်းပင်....သူက progress barကို ရှေ့တိုးနောက်ဆုတ်လုပ်ရင်း အခေါက်ခေါက်အခါခါကြည့်လေသည်။
ကင်မရာရှေ့တွင် ယွီနျန်က မတ်တပ်ရပ်နေပြီး သူ့နောက်က အကသမားများက ဒူးတစ်ဝက်ထောက်နေကြသည်။ ကင်မရာမီးများက သူ့မျက်ခုံးတန်းများပေါ် ဖြာကျနေကာ မျက်လုံးထောင့်ရှိမျက်ရည်များက သူ့မျက်ဝန်းများကို အရည်တလက်လက်တောက်ပစေသည်။
ကနေသဖြင့် သူက အသက်ပြင်းပြင်းရှူနေရပြီး ရှပ်အင်္ကျီအမည်းလေးမှာလည်း ပါးလွှာကာ ချွေးတို့နစ်နေသည်။နာဖူးပြင်က စိုစွတ်နေသော်ငြား မျက်ဝန်းများက တောက်ပနေသည်။ရှပ်အင်္ကျီ၏ကော်လံကို ကျယ်ကျယ်ဟထား၍ နှင်းဖြူရောင်အသားရေနှင့် နူးနူးညံ့ညံ့ညှပ်ရိုးလေးများကို လှစ်ဟာပြထားသည်။
နောက်ဆုံးကကွက်ပြီးနောက် သူက အဝတ်အစားများဖြဲလိုက်ချင်သော်လည်း ဆွဲမရဖြစ်နေ၍ သူ့ပုံစံက အနည်းငယ်တွေဝေသွားသည်။သို့သော်လည်း မကြာမီ သူက လက်များမြောက်လာရင်း အဝတ်အစားများဖြဲရန် လက်လျော့လိုက်ရသည်။
လူအုပ်ကြီးမှာကား"ဟားဟားဟား....handsomeဖြစ်ချင်တာ ကျရှုံးသွားပြီ" "ဝတ်စုံဒီဇိုင်နာရဲ့အမှားပဲ" "သနားစရာနျန်နျန်လေး...စိတ်မကောင်းလိုက်တာ"ဟူ၍ပြောနေကြလေသည်။
ရွှယ်ယုံက စားပွဲပေါ် လက်ချောင်းများဖြင့် တတောက်တောက်လုပ်နေရင်း စင်ပေါ်ကိုကြည့်လိုက်သည်။အင်္ကျီလည်ဟိုက်က မသပ်မရပ်ဖြစ်နေသော်လည်း အဝတ်က ယွီနျန်ဆွဲလိုက်ပြီးသည်ကိုပင် အကောင်းတိုင်းရှိနေသေးသည်။သူအမှန်ပင် ထိုဝတ်စုံဒီဇိုင်နာကို ပိုက်ဆံပေးလိုက်ချင်မိသည်။