အပိုင်း ၂၉
Viewers 11k

Chapter 29



ရှားမင်ရှီက ကျန်သည့်ဘီစကစ်များနှင့် ဘေးပို့ထားလိုက်ရင်း စားသောက်ရန်ပြင်သည်။ 


ထိုစဥ် တစ်ခုခုသတိရသွားဟန်ဖြင့် ပြောလာသည်။


 "စကားမစပ်...ငါ့အဖေပြောတာကြားခဲ့တာ ယွီချင်းရိုက်နေတဲ့ရုပ်ရှင်ထဲမှာလေ အပိတ်သီချင်းကို စီနျင်းကိုရေးခိုင်းဖို့ သဘောတူထားတယ်တဲ့....သီချင်းထွက်လာရင် သေချာပေါက် တဝုန်းဝုန်းဖြစ်နေတော့မှာ"


စားစာကိုင်ထားသည့် ယွီနျန်၏လက်များ တန့်သွားရကာ မျက်လွှာချရင်း ဖြေရမှာရှက်နေ၍ တည်တည်ငြိမ်ငြိမ်ဆက်စားနေသည်။ 


ရှားမင်ရှီလည်း စားသောက်နေ၍ ယွီနျန်မသက်မသာဖြစ်နေသည်ကို သတိမထားမိချေ။ အစားတစ်လုပ်မြိုချရင်း သူ့ကိုယ်သူပြောနေသည် 


"ဒါပေမယ့် စီနျင်းရဲ့ စာသားတွေနဲ့သီချင်းသံက တကယ်ကောင်းတာနော်...သူနဲ့ချိန်းဖို့ကလည်း အရမ်းခက်တာ...ဘယ်သူမှ သူ့မျက်နှာမမြင်ဖူးကြဘူး"


 သူက အမြန်ပင် အခြားအကြောင်းအရာပြောင်းပြောလာသည်


 "စကားမစပ် ...မင်း ရှိုးရိုက်ကူးရေးပြီးရင် ဘာလုပ်မလဲ"


ယွီနျန်က ဆိုလာသည်"တစ်ကိုယ်တော် epထုတ်ဖြစ်မယ်...ပြီးရင် variety show တွေသွားတာပေါ့"


"မင်းထုတ်ရင် သေချာပေါက် အောင်မြင်မှာ"


ရှားမင်ရှီက သက်ပြင်းချရင်း "ငါ့အဖေက ငါမကနိုင်မဆိုနိုင်တာကို တွေ့လို့ ငါကြိုးစားပြီးအတုယူနိုင်မယ့် သူငယ်ချင်းမျိုး ငါ့အမေကိုရှာခိုင်းထားတာ...ငါသာလုပ်နိုင်ရင် showbiz မှာတိုးတက်လာလိမ့်မယ်"


ယွီနျန်လည်း သူစိတ်မပါလက်မပါဖြစ်နေမှန်း ခံစားမိ၍ "မင်း မလုပ်ချင်ဘူးမို့လား"


"မဟုတ်ပါဘူး"


ရှားမင်ရှီက တူကိုချလိုက်ရင်း မေးပေါ်လက်ထောက်ကာ "ငါ့မိဘတွေက နှစ်တွေအကြာကြီး နာမည်ကြီးခဲ့ကြတာကို ငါသိပါတယ်...ပြီးတော့ ငါလည်း ဒီနယ်ပယ်ထဲ ရောက်လာပြီဆိုတော့ အခြားသူတွေထက် လွယ်လွယ်လေးတက်လို့ရတယ်...ငါက သီချင်းဆိုတာ သရုပ်ဆောင်တာကို မမုန်းပါဘူး...ဒါပေမယ့်... "


သူက မျက်လုံးများမှိတ်ပြီး နှာခေါင်းရှုံ့လိုက်ကာ" ငါ့မိဘတွေကို အရှက်ရစေမှာ ကြောက်တယ်"


ယွီနျန်က ရယ်မောလိုက်ရင်း သူသီချင်းရေးချိန် အဘွားဖြစ်သူကို အရှက်ရစေမည်စိုးသည့်စိတ်ကို သတိရသွားသည်။


ယွီနျန်၏rehearsal အချိန်က နေ့လည်ပိုင်းဖြစ်သည်။မုန့်ယွမ်ပေးထားသည့်အကြံအတိုင်း သူက ဥရောပစတိုင်ကတ္တီပါခင်းဆိုဖာတစ်ခုကို ယူလာပြီး စင်အလယ်အတည့်တည့်တွင် ထားလိုက်သည်။


"မင်းခြေထောက်နာနေရင် မလှုပ်နဲ့...ဆိုဖာပေါ်အသာလေးထိုင်ပြီး မတဲ့အတိုင်းလိုက်သွား...ငါအဲ့တာစဥ်းစားထားပြီးသားမို့လို့ ရှုထောင့်တစ်ခုရှာထားပြီးပြီ...ကင်မရာကို အောက်ကနေ အပေါ်ကိုပင့်ရိုက်လိုက်မယ်...တော်တော့်ကို လှပနေမှာ"ဟယ်ချိုးပိုင်က မုန့်ယွမ်ကို မေးလိုက်သည်"ဖျော်ဖြေဖို့ဝတ်စုံနှစ်ခုထဲက ဘယ်တစ်ခုရွေးဖို့ ဆုံးဖြတ်ထားလဲ"


မုန့်ယွမ်က တုံ့ဆိုင်းခြင်းမရှိချက်ချင်းပင် "အဖြူရောင်သားမွေးကော်လံနဲ့တစ်ခု"


ယခင်က ထိုသို့အဆောင်အယောင်အပြည့်ပါသည့် ဝတ်စုံမျိုး ယွီနျန့်ကို မဆင်ပေးဖူးချေ။


"အရမ်းကြီးသားနားမနေဘူးလား"


မုန့်ယွမ်က ငြင်းဆိုလိုက်သည် 


"မဟုတ်ဘူး...မင်း ကြည့်ကောင်းပါတယ်...မင်းရဲ့မျက်နှာအစိတ်အပိုင်းလေးတွေက နူးညံ့တဲ့ပုံပေါက်ပြီး မျက်နှာလည်း သေးတယ်...အဲ့တာကြောင့် ဘာဝတ်ဝတ်လိုက်တာ...အဖြူရောင်သားမွေးကော်လံလို ဝတ်စုံမျိုးဝတ်လိုက်ရင် ကင်မရာအောက်မှာ မင်းက ကြီးကျယ်ခမ်းနားပုံပေါက်နေမှာပဲ...အဲ့ဒီအချိန်ရောက်ရင် ပရိတ်သတ်တွေကို ရုပ်ရည်နဲ့တင်သတ်လို့ရတယ်ဆိုတဲ့ ခံစားချက်မျိုးပေးနေမှာ..."


ယွီနျန်က မုန့်ယွမ်၏မှန်းဆချက်ကို ယုံကြည်သည်


"ဟုတ်ပါပြီ...ဒါဖြင့် အစ်ကိုမုန့်ပြောတာ နားထောင်ရမှာပေါ့ ..."


rehearsal ကောင်းကောင်းပြီးသွားကာ အတည်ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ရှုရွှမ်းဘက်မှစပြီး ယွီနျန်ကို စကားပြောလာသည်။


"ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်...ပြီးတော့ တောင်းပန်ပါတယ်"


ယွီနျန်က စာသားများမှတ်နေခြင်းဖြစ်သည်။ သူက မျက်လုံးပင့်လိုက်ရင်း ပြုံးပြကာ "ငါလည်း အကောင်းဆုံးကြိုးစားပါ့မယ်"


ရှုရွှမ်းက တစ်ခဏမျှရပ်နေပြီးမှ အလေးအနက်ပြောလာသည် "ကျေးဇူးတင်ပါတယ်"


ယွီနျန့်အလှည့်က ငါးယောက်မြောက်ဖြစ်ပြီး သူ့ရှေ့က အဆိုတော်မှာ ပွဲဦးထွက်မကြာသေးသည့် တက်သစ်စလေးဖြစ်သည်။ စောင့်နေစဥ်အတွင်း အရှေ့ဘက်မှ သီချင်းသံသဲ့သဲ့ကြားလိုက်ရသည်။


စတိုင်လစ်က နောက်ဆုံးအဆင့်မိတ်ကပ်နှင့် လိုက်ဖက်သည့်ဆံပင်ပုံစံကို ပြင်ဆင်ပေးနေသည်။ ရှစ်ရော့က ယွီနျန်ထံ ရေဗူးကမ်းပေးလိုက်ရင်း ဗူးချင်းတိုက်လိုက်ကြသည်။ ယွီနျန်က ပြုံးပြလိုက်ပြီး ယုံကြည်ချက်အပြည့် ပြောလာသည်


 "ကျွန်တော် သေချာပေါက် အကောင်းဆုံးလုပ်မှာပါ"


စင်ပေါ်က သီချင်းသံလည်း ရပ်သွားလေသည်။ ယွီနျန်က ကြက်သွေးရောင်ကတ္တီပါဆိုဖာပေါ် ထိုင်လိုက်ရင်း မကြာမီ ဓါတ်လှေကားက တစ်ဖြေးဖြေးမြင့်လာသည်။


သူက စင်အလည်တည့်တည့်တွင် ပေါ်လာသည့်အချိန် သူ့ပတ်လည်တစ်ဝိုက် မီးအလင်းများဖြာကျလာသည်။


ယွီနျန်က ဆိုဖာနောက်ကျောပေါ် ပျင်ပျင်းရိရိမှီနေရင်း တဖြေးဖြေးခေါင်းမော့လာသည်။ သူ၏မေးရိုးထိပ်က နှင်းဖြူရောင်သားမွေးကော်လံထဲ နစ်ဝင်နေပြီး နူးနူးညံ့ညံ့မျက်ခုံးတစ်စုံမှာ မီးအလင်းရောင်ကြောင့် တစ်ဖြတ်ဖြတ်လက်နေကာ မျက်လုံးအောက်ရှိမှဲ့ကလေးမှာလည်း တစ်မျိုးဆွဲဆောင်နေသည်။ သီချင်းသံစသည်နှင့် ယွီနျန်က မိုက်ကို လှမ်းကိုင်လိုက်သည်။


သူ၏အသံက အနှစ်နှစ်အလလဖိသိပ်ထားသည့်နှယ် တိုးတိုးဖွဖွ ...


🎼"အမှောင်ယံ ညတစ်ခွင် ကြာလွန်းလှပါတယ်...မိုးစက်ကလေးလည်း တိတ်၍မနေ....ငါ့နှလုံးသားအလွှာကို အေးစက်စက် အခိုးအငွေ့တို့ ရိုက်ခတ်လွှမ်းခြုံသွား...နူးညံ့တယ်...ငဲ့ညှာတတ်တဲ့...နှုတ်ဆက်ထွက်ခွာသွားရှာသူ...ငါ့ကမ္ဘာကြီးတစ်ခုလုံး ကျိုးပဲ့ ပျက်စီးနေပြီ...."🎼


သူသီချင်းဆိုနေပုံက သူ့နှလုံးသားထဲတွင် အမှန်ပင် မိုးရွာနေသည့်ပုံပေါ်သည်။


နားနေခန်းထဲတွင် ရှားမင်ရှီက ခေါင်းအုံးလေးပိုက်၍နေသည်။ သူက ယွီနျန့်ကိုစိုးရိမ်နေသော်လည်း ပထမဆုံးစာသားကိုကြားလိုက်ရသည်နှင့် သူအဆင်ပြေမှန်းသိလိုက်ပြီဖြစ်သည်။ မနေနိုင်စွာနှင့် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည် 


"ငါသာ ဒီလိုမျိုးဆိုနိုင်နေရင်တော့ ငါ့မိဘတွေ သေချာပေါက် ပျော်နေကြတော့မှာပဲ...အိပ်မက်ပါပဲလား..."


သူ့ဘေးတွင်ထိုင်နေသည့် အသစ်ဖြည့်ထားသည့်အဆိုတော်က သူပြောသည်ကိုကြားလိုက်၍ ပြန်ဖြေလာသည်


 "ကျွန်တော်လည်း သူ့လောက်ကြည့်ကောင်းနေရင် မန်နေဂျာလည်း ပျော်နေရမှာ"


ရှားမင်ရှီက ယဥ်ယဥ်ကျေးကျေးပြုံးပြလိုက်ရင်း တစ်ဖက်လူ၏နာမည်ကို အမြန်စဥ်းစားလိုက်ရသည်။


ထိုအချိန် ယွီနျန်က သီချင်းအထွတ်အထိပ်ရောက်နေပြီဖြစ်သည်။စင်က မြင့်လာပြီး သူလည်း ကြက်သွေးရောင်ကတ္တီပါဆိုဖာရှေ့ ရပ်လိုက်သည်။အရောင်အတွဲအစပ်က အလွန်တောက်သည့်ဘက်သွားသည်။ကင်မရာက အောက်ဘက်မှအပေါ်သို့ ပင့်ရိုက်၍ ဘောင်းဘီကျပ်ကျပ်ခြေသလုံးရာလေးများက မျက်စိဖမ်းစားထားလေသည်။ နောက်ဆုံး ကင်မရာက မျက်နှာကိုအနီးကပ်ရိုက်သည့်အချိန် ယွီနျန်၏မျက်တောင်ကော့ကော့လေးများက တလက်လက်တောက်နေသည်။


စကားပြောနေသည့် အဆိုတော်က ထပ်ပြီးတီးတိုးပြောလာသည်

 "အသက်တောင်မရှူပဲနဲ့ ဘယ်လိုများအသံမယိုင်ပဲ အမြင့်သံဆက်ဆိုနိုင်တာပါလိမ့်နော်...အဲဒါဘယ်သူ့သီချင်းလဲ...အရမ်းကောင်းတယ်"


ရှားမင်ရှီက ဂုဏ်ယူသည့်အသံနှင့် ပြောလာသည်"ယွီနျန်က စာသားနဲ့သီချင်းကို သူကိုယ်တိုင်ရေးတာ"


*****

ရုံးခန်းထဲရှိ မှန်ပြတင်းပေါက်အပြင်ဘက်တွင် အေးစက်ခြောက်ကပ်သောည ဖြစ်နေသည်။ ရွှယ်ယုံက ဖုန်းပြောနေခြင်းဖြစ်သည်။


"မင်း စဥ်းစားပြီးပြီလား"


ရွှယ်ယုံ့အကြည့်တို့က စားပွဲပေါ်ရှိ နှင်းဆီပွင့်ချပ်ဇယားတွင်သာ ရှိနေပြီး လေးလေးနက်နက်ဆိုလာသည် "ဦးလေးချူ...ကျွန်တော် စဥ်းစားပြီးပါပြီ"


ချူကျန့်ချမ်က ချီးမွန်းလိုက်သည်"မင်းက အရမ်းသတ္တိရှိတာပဲ...အရင်တုန်းကတောင် မင်းမပြတ်မသားနဲ့ သူများအနိုင်ကျင့်ခံရမှာစိုးလို့ မင်းအဖေက မလွယ်ခဲ့ဘူး...အခု မင်းကသေချာသွားပြီဆိုတော့ ငါ့ဘက်က မင်းနဲ့အတူပူးပေါင်းပြီး သက်သေအရင်စရှာကြတာပေါ့"


"ဟုတ်ကဲ့ပါ...ဒုက္ခပေးမိပါပြီ ဦးလေးချူ"


"ဘယ်က ဒုက္ခရမှာလဲ....အဲဒါအပြင် မင်းအလုပ်မည်မည်ရရမလုပ်သလို ဟန်ဆောင်ထားတာလည်း အသုံးဝင်တယ်...သူတို့ရဲ့တိုက်စစ်က မကြာသေးခင်က တော်တော်လေးနိုးကြားလာတယ်"


ချူကျန့်ချမ်က သူ့ကိုထပ်သတိပေးလာသည်

"ဘာပဲနေနေ...မင်းစိတ်ထဲမှတ်ထားရမှာက သူတို့ရဲ့အမြစ်တွေက မင်းထက်ပိုနက်တယ်ဆိုတာပဲ...ဒါကြောင့် နောက်ဆုံးအချိန်ထိ သတိလက်လွတ်မနေနဲ့"


"ကောင်းပါပြီ...ကျွန်တော် နားလည်ပါတယ်"


ဖုန်းချလိုက်ရင်း ရွယ်ယုံက ထိုင်ခုံပေါ်ထိုင်လိုက်ရင်းခေါင်းမှီထားလိုက်သည်။သူက ယွီနျန်ပေးထားသည့် ချိုချဥ်နှစ်လုံးကိုင်ထားရင်း သူ့ရင်ထဲတင်းကျပ်မှုတို့ ဖြေဖျောက်ရန် အချိန်ယူလိုက်သည်။


စိတ်မရှည်ဖြစ်မနေနဲ့...လေးနှစ်တောင်ရှိပြီ အခုကျရှုံးလို့မဖြစ်ဘူး...။


လက်မြောက်လိုက်ရင်း မျက်လုံးကို လက်ကောက်ဝတ်နှင့်ကာထားလိုက်သည်။ ညနက်နက် သူ့နားမည်သူမျှမရှိချိန်မှသာ စိတ်လွတ်ကိုယ်လွတ်နေရဲပြီး သူ့ရင်ထဲက ကြိုးထုံးတို့လည်း ပြေလျော့သွားရသည်။


ထိုလူ့အကြောင်းတွေးရင်း ခံစားနေလိုက်သည်။


သူ့ကိုမတွေ့ရသည်မှာလည်း ရက်တော်တော်ကြာနေပြီဖြစ်သည်။


ရွှယ်ယုံက အချိန်အတော်ကြာ တွန့်ဆုတ်နေသော်လည်း ထရပ်လိုက်ရင်း အပေါ်ဝတ်ကုတ်အင်္ကျီနှင့် အပြင်ထွက်သွားလေသည်။


ညတော်တော်နက်နေပြီဖြစ်သည်။ ရွှယ်ယုံက အခြားကားပြောင်းစီးလိုက်ပြီး လမ်းကွေ့ရင်း ယွီနျန့်ရပ်ကွက်အပြင်ဘက်တွင် ရပ်သွားသည်။


ယွီနျန်၏ အိမ်ပြတင်းပေါက်လေးလည်း အလင်းရောင်ရှိမနေ၍ အိပ်နေပြီလား သူမသိချေ။


ထိုအချိန် လမ်းတစ်ဖက်၌ ကားတစ်စီးထိုးရပ်လာ၏။


ယွီနျန်က ကားထဲမှဆင်းလာပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။

"အစ်မရော့ရော့...အပေါ်ထပ်ထိ ပို့ပေးစရာမလိုပါဘူး...ဒီနေ့ရိုက်ကူးရေးကလည်း အတော်လေးနောက်ကျနေပြီဆိုတော့ စောစောလေးပြန်ပြီးအနားယူပါတော့"


ရှစ်ရော့က စိတ်ပူနေဆဲပင်

 "ဒါပေမယ့် မင်းခြေထောက်နာနေတုန်းလေ"


ယွီနျန်က တံခါးပိတ်လိုက်ကာ လက်ယမ်းပြရင်း "နည်းနည်းလောက်သွားလိုက်ရင် ရောက်ပါပြီ...ကျွန်တော့်ဖာသာ လုပ်နိုင်ပါတယ်...မနက်ဖြန်ကျရင် တွေ့ကြမယ်နော်"


ထို့နောက် သူက ဒရိုင်ဘာအား အမြန်မောင်းရန်ပြောလိုက်သည်။


ရှစ်ရော့လည်း ရွေးစရာမရှိတော့၍ လက်လျော့လိုက်ရကာ ထပ်ပြီးသတိပေးလိုက်သည် 


"ဒါဆိုလည်း ဂရုစိုက်"


ကားလေးမှာ ထွက်သွားပြီဖြစ်သည်။ ယွီနျန်က တည့်တည့်ရပ်လိုက်ရင်း ချိုင်းထောက်ကိုင်ကာ အိမ်ယာထဲ လှည့်ပြီးထွက်သွားပြီဖြစ်သည်။


သူ့ဘေးက လမ်းမီးများပျက်နေသည်ကိုလည်း မသိပါချေ။ ယွီနျန်က လမ်းနှင့်မစိမ်းလှ၍ ဖုန်းမီးလည်းထုတ်မနေတော့။သူက ယွီချင်း၏ရုပ်ရှင်အတွက် သီချင်းရေးပေးရမည့်အကြောင်းစဥ်းစားနေ၍ သတိလစ်လွတ်ဖြစ်သွားရာ ချိုင်းထောက်က တစ်ခုခုနှင့်ခလုတ်တိုက်မိသွားပြီး ချော်လဲမတတ်ဖြစ်သွားသည်။သူ၏ဟန်ချက်ကို မထိန်းလိုက်နိုင်၍ပင်။


ယွီနျန်က သူလဲကျတော့မည်ဟု ထင်နေမိစဥ် လက်မောင်းမှ အဆွဲခံလိုက်ရသည်။တစ်ဖက်လူက အလွန်သန်မာ၍ သူ့ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားပေလေသည်။


ယွီနျန်က မတ်မတ်ရပ်လိုက်ရင်း တစ်ဖက်လူကို ကျေးဇူးတင်ရန်ပြင်လိုက်စဥ် ရုတ်တရက် အေးစိမ်စိမ့်သစ်ကတိုးနံ့ဖျော့ဖျော့လေး ရလိုက်သည်။


"ရွှယ်ယုံလား..."


ရွှယ်ယုံက ယွီနျန့်လက်ကို လွှတ်ပေးလိုက်ရင်း ဖြေသည် "ကိုယ်ပါ...."


အမှောင်ယံထုက လွှမ်းခြုံနေ၍ သူ၏နီရဲနေသော နားရွက်များကို မြင်နိုင်မည်မဟုတ်ပေ။


ယွီနျန်က သူ့ကိုကြည့်လိုက်ရင်း ရှက်ရွံ့စွာ ပြောလာသည် 


"ကျေးဇူးပါ...ကျွန်တော် အခုလေးတင် လဲကျသွားတော့မလို့...စိတ်လွင့်နေတာနဲ့ လမ်းကိုအာရုံမထားမိဘူး"


"ဂရုစိုက်"

ရွှယ်ယုံက နှစ်စက္ကန့်မျှ ရပ်သွားရင်း မေးလာသည် 


"ကိုယ်မှန်း မင်းဘယ်လိုသိလဲ"


"ကျွန်တော် ခင်ဗျားရဲ့ကိုယ်သင်းနံ့ကို မှတ်မိတယ်လေ"ယွီနျန်က ဆိုလိုက်ပြီး ဟိုသည်ကြည့်လိုက်ရာ လမ်းတစ်ဖက်တွင်ရပ်ထားသောကားကို မြင်လိုက်ပြီး ရွှယ်ယုံ့ထံအကြည့်ပို့လိုက်သည်။


"အိမ်ပြန်မလို့ပြင်နေတာလား"


"ကျွန်တော်ဖြတ်သွားကတည်းက ခင်ဗျားတွေ့လိုက်လို့ ကူညီဖို့ ကားထဲကထွက်လာတာလား"


"ဟုတ်တယ်"


ညသည် အလွန်တိတ်ဆိတ်နေသည်။မည်သည်ကြောင့်မှန်းမသိ ယွီနျန်က ရွှယ်ယုံ့ရှေ့ဆိုလျှင် စိတ်သက်သာသလိုခံစားရသည်။သူ့မျက်လုံးလေးများက ကြယ်လေးများနှယ် အပြုံးတစ်လက်လက်ဖြစ်နေပြီး လေသံဖွဖွလေးနှင့် "ဒီနေ့ ပရိုဂရမ်က ပြီးသွားပြီ...ကျွန်တော် ပထမထပ်ရခဲ့တယ်"


နှစ်ဦးသား တိတ်တိတ်ဆိတ်ဆိတ်ပင်။ ရွှယ်ယုံ၏နှလုံးခုန်သံက အနည်းငယ်မြန်နေသော်လည်း အသံက တည်တည်ငြိမ်ငြိမ်ပင် "ဂုဏ်ယူပါတယ်"


"ကျေးဇူးပါ"

ယွီနျန်က မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ထပ်ပြောလိုက်သည်


"မုန့်တွေက စားလို့ကောင်းတယ်"


ရွှယ်ယုံက စိတ်သက်သာသွားဟန် အသက်တစ်ချက်ရှူလိုက်သည်။ အကြည့်လွဲရမှာတွန့်ဆုတ်နေပြီး နူးနူးညံ့ညံ့ဆိုလိုက်သည်


 "မင်းကြိုက်ရင် ကောင်းပါပြီ"