အပိုင်း ၃၀
Viewers 11k

Chapter 30

ငိုတာလား....ကျွန်တော်လည်း လုပ်နိုင်တယ်လေ... 




နှစ်ဦးကြား တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြီး လေတိုးသံပင် ပျောက်ကွယ်သွားသည်။


ရွှယ်ယုံက စပြောလာသည်

"မင်းကို လိုက်ပို့ပေးမယ်လေ"


ယွီနျန်က မငြင်းဆိုပဲ အပြုံးလေးနှင့်ခေါင်းညိမ့်ပြလာသည် "ကောင်းပါပြီ...ဒုက္ခပေးရတော့မှာပဲ"


နှစ်ဦးသား ကပ်လျက် လမ်းလျှောက်ဖြစ်သွားသည်။ယွီနျန်က ရွှယ်ယုံမှာ အမှန်ပင် သူ့ထက်အရပ်ရှည်ကြောင်း သိလိုက်ရသည်။လမ်းမီးများမရှိ၍ ချိုင်းထောက်နှင့်ဖြေးဖြေးချင်းသွားနေရသော်လည်း ရွှယ်ယုံက စိတ်မရှည်မဖြစ်ပဲ သူ့အတိုင်းလိုက်ပြီးသွားပေးသည်။


ယွီနျန်က စကားစရှာလိုက်သည်။ ရွှယ်ယုံက စကားနည်းနည်းသာပြောသော်လည်း စိတ်မဝင်စားဟန်မရှိချေ။နှစ်ဦးသား အိမ်ယာနားတစ်ဝိုက်ရှိ စိမ်းစိမ်းစိုစိုနေရာအောက် ရောက်သွား၍ လေထုက နေရခက်မနေတော့ပေ။


ရွှယ်ယုံက သူ့ကို တံခါးနားထိ လိုက်ပို့ပေးလေသည်။ယွီနျန်က သော့ကိုထုတ်ရင်း ပြုံးပြလိုက်ပြီး ရွှယ်ယုံ့ကိုကြည့်ရန် ခေါင်းစောင်းလိုက်သည်


 "ကျွန်တော် ရောက်ပြီ"


ရွှယ်ယုံက ယဥ်ယဥ်ကျေးကျေးလှည့်ပြန်ရန်ပြင်သည် "ကောင်းပြီ...ကိုယ်ပြန်တော့မယ်"


"ဟုတ်ကဲ့...လမ်းမှာဂရုစိုက်ပါ"ယွီနျန်က ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ"စကားမစပ် ရွှယ်ယုံ...ခဏလောက်စောင့်ပေးပါ"


တံခါးဖွင့်လိုက်ပြီး ယွီနျန်က ဖိနပ်အပါးလေးပြောင်းစီးလိုက်ရင်း ဒုက္ခများလှသောချိုင်းထောက်ကို စိတ်မရှည်၍ နံရံပေါ်ထောင်လိုက်ပြီး အခန်းထဲသို့ခုန်ဆွခုန်ဆွဝင်သွားလိုက်သည်။


သူက အံဆွဲထဲမှ လေးထောင့်သံဗူးလေးထုတ်လာပြီး တံခါးဆီပြန်လာရင်း ရွှယ်ယုံ့ကို ပေးလိုက်သည်


"ဒီမှာ...ဒါလေး"တစ်ခဏမျှစဥ်းစားပြီးနောက် ယွီနျန်က ထပ်ပြောလိုက်သည် "ဒါ ကျွန်တော့်ကိုပြန်ပို့ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးတာပါ...ကံကောင်းလို့ ကျွန်တော့်ကို ကူပေးခဲ့လို့ရယ် မဟုတ်ရင် လဲသွားလို့ဒုက္ခရောက်တော့မှာ"


ရွှယ်ယုံက လက်ဆောင်ကို ယူလိုက်သည်။အခန်းပေါက်ဝက အလင်းရောင်မှာ အဝါရောင်နွေးနွေးလေးနှင့် ခေါင်းထက်ဖြာကျနေပြီး သူ့နှာခေါင်းစင်းစင်းလေးပေါ် အရိပ်ထင်နေသည်။ သစ်ကတိုးနံ့သင်းသင်းလေးနှင့် အသံသြရှရှလေးက ဆိုလာသည်


 "ဒါ ဘာလဲ"


ယွီနျန်က မျက်လုံးတို့ကွေးညွတ်လိုက်ရင်း "နောက်ဆုံးတစ်ခေါက်ကနဲ့ မတူတဲ့ ကျွန်တော်လုပ်ထားတဲ့ချိုချဥ်လေးတွေ...ကျွန်တော်က အဲ့တာလုပ်ပြီးပြီးချင်းပေးချင်ခဲ့တာ...နောက်ဆုံးတော့ ပေးခွင့်ရပြီ"


အေးစက်စက် သံဗူးလေးထက် လက်ချောင်းများ၏အပူချိန်တိုးဝင်လာသည်။ ရွှယ်ယုံ၏အနက်ရောင်မျက်ဝန်းများက တံခါးဝတွင်ရပ်နေသောယွီနျန်ကို ကြည့်လိုက်ရင်း သတိမထားမိလိုက်စွာ အသံတိုးသွားသည်


 "ကျေးဇူးပါ.. ...ကိုယ်အရမ်းကြိုက်တယ်"


****

နောက်တစ်နေ့နံနက်တွင် အိပ်ယာထသည်နှင့် ယွီနျန်က ချိုင်းထောက်ကိုဘေးပို့လိုက်ရင်း ခြေထောက်တစ်ဖက်ထောက်ပြီး ခုန်ဆွခုန်ဆွသွားရသည်က ပိုအဆင်ပြေမှန်း ရုတ်တရက်သဘောပေါက်သွားသည်။


 မနက်စာအတွက် ကြက်ဥကြော်ရန်ပြင်နေစဥ် ဖုန်းမြည်လာသည်။ ယွီနျန်က လည်ပြန်စောင်းလိုက်ရင်းဖုန်းနားထောင်လိုက်သည်


 "မင်္ဂလာနံနက်ခင်းပါ အစ်ကိုမုန့်..."သူက ပြောနေရင်း ဒယ်အိုးထဲကြက်ဥဖောက်ထည့်လိုက်သည်။


မုန့်ယွမ်က ဖုန်းထဲမှသတိပေးလာသည် "ဒီနေ့ ပြန်စစ်ဆေးဖို့ ဆေးရုံကိုသွားရမယ့်အချိန်ပဲ...မင်းမေ့နေမှာစိုးလို့"


"အာ...ဟုတ်ကဲ့"

ယွီနျန်က ယောက်မကိုင်ထားရင်း နှစ်စက္ကန့်မျှနှေးသွားပြီး ပြန်ဖြေလာသည်


 "အစ်ကိုမုန့်...ကျွန်တော့်ကို သတိမပေးရင် ကျွန်တော်အလုပ်ရှုပ်ပြီးမေ့နေတော့မှာ"


မုန့်ယွမ်လာကြိုပေးမည်ဆိုသည်ကို ငြင်းလိုက်ပြီး ယွီနျန်က ဦးထုပ်အမည်းဆောင်းကာ မတ်စ်တပ်ပြီး ဖြေးဖြေးထွက်လာခဲ့သည်။သူက လမ်းတစ်ဖက်မှ တက္ကစီတားလိုက်ရင်း သီးသန့်ဆေးရုံသို့တိုက်ရိုက်သွားလိုက်သည်။


ထိုဆေးရုံက အများကြီးပြောင်းလဲသွားပြီး လူနာထက်ဆေးအကူများပေါများနေ၍ ကုသမှုများလည်းပေးနေသည်။ ဆေးစစ်ချက်မှတ်တမ်းရိုက်ပြီးနောက် ယွီနျန်က ကော်ရစ်တာတွင် ထိုင်စရာနေရာရှာလိုက်ရင်း ဖုန်းထုတ်ပြီး ယွီချင်းပို့ထားသည့်ဇာတ်ညွှန်းများ ဆက်ဖတ်နေလိုက်သည်။


သူဖတ်နေသည့်အချိန် မလှမ်းမကမ်းမှ သူနာပြုနှစ်ယောက်စကားပြောသံသဲ့သဲ့ထွက်လာသည်။


"ဟေ့...နင်သေချာရဲ့လား...အဆောင်၁၁၀၃ကတစ်ယောက်က တကယ်ကြီးရှုရွှမ်းညီမပေါ့လေ...ရှုရွှမ်းက အခုအရမ်းနာမည်ကြီးနေတာ"


"သေချာလိုက်တာမှ...သူက အခု တာဝန်ခံဆရာဝန်ရုံးခန်းထဲမှာ...နင်မယုံရင် သူထွက်လာတာစောင့်ပြီးကြည့်ကြည့်လိုက်...ဒါပေမယ့် အဲ့ဒီညီအစ်မက တကယ်ထူးဆန်းတယ်ဟ...ရှုဖူက ရှုရွှမ်းကို နည်းနည်းလောက်စကားပြောချင်ပေမယ့် ရှုရွှမ်းက အေးတိအေးစက်နဲ့ ညီမကို တစ်ချက်တောင်မကြည့်ဘူး"


“ဆက်ဆံရေးမကောင်းဘူးလားမသိ....ဒါပေမယ့် နင်ပြောတာ ရှုရွှမ်းက ရှုဖူဆေးဖိုးအတွက် တစ်ချိန်လုံးပေးနေရတာဆို....သူ့ညီမအပေါ်တော့ အရမ်းကောင်းတယ်ထင်တယ်"


"ဘယ်သူသိမှာလဲ....ရှုရွှမ်းက နောက်ခြောက်လစာအတွက် တစ်ခါတည်းအကုန်ချေပေးသွားတာလေ...starတွေက ပိုက်ဆံအများကြီးရှာနိုင်တာပဲ...ဒါပေမယ့် ရှုဖူက နေမကောင်းဖြစ်နေတာ....သူခွဲစိတ်ဖို့လိုတာ အသိအသာပဲကို...ပိုက်ဆံမရှိတာလည်းမဟုတ်ဘူး...ဘာကြောင့် တစ်ချိန်လုံးဆွဲထားရတာလဲ....ဆရာဝန်က အကြိမ်ကြိမ်ဖျောင်းဖျပြီး ခွဲစိတ်ဖို့ပြောတယ်...ဒီနေ့လည်း သူ ရှုရွှမ်းကို ဒီလိုခွဲလိုက်လို့ ၈၀ရာခိုင်နှုန်း......"


ထိုအချိန် စစ်ဆေးချက်ရလဒ် ထွက်လာပြီဖြစ်သည်။ ယွီနျန်က အသံလာရာဘက်ကို စိုက်ကြည့်လိုက်ရင်း ဆရာဝန်ရုံးခန်းထဲဝင်သွားလိုက်သည်။


စစ်ဆေးချက်ရလဒ်များကိုကြည့်ပြီးနောက် တာဝန်ခံဆရာဝန်က ခေါင်းညိမ့်ပြပြီး ဆိုလာသည် "ပြန်လည်သက်သာလာနှုန်း ကောင်းမွန်တယ် ..သေချာပေါက် လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က တကယ်ကောင်းတာပေါ့"


ယွီနျန်က ဝေ့ဝဲနေသောအတွေးစတို့က ပြန်လည်စုသိမ်းလိုက်ရင်း ဂရုတစိုက်မေးလာသည်


 "ကျွန်တော် ပြန်ကောင်းလာရင် ဒီရက်အတွင်း ကလို့ရပြီလားမသိဘူးခင်ဗျ..."သူက ထပ်ပြောလိုက်သည် "ငါးမိနစ်စာလေးပဲလေ"


တာဝန်ခံဆရာဝန်က မျက်မှန်ကိုပင့်လိုက်ရင်း တစ်ချက်စဥ်းစားကာ ပြောလာသည်


 "မင်းရဲ့ ပြန်လည်ကောင်းမွန်လာတဲ့အခြေအနေက တော်တော်ကောင်းပါတယ်...ဒါပေမယ့် မင်းကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေမလုပ်ဖို့ ပြောချင်တယ်....မင်းတကယ်ကချင်ရင် အဆစ်မလွဲအောင်လို့ အဆစ်နေရာကို ပတ်တီးနဲ့တင်းတင်းစီးထား... ကပြီးရင် နားပြီးပြန်စစ်ဆေးကြည့်...ပိုပြီးစိတ်ချရဖို့ဆို....မကတာပိုကောင်းတာပေါ့"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်ရင်း ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ မေးမြန်းခဲ့ပြီး တလေးတစားပြန်ထွက်လာခဲ့သည်။ သို့သော်လည်း ရုံးခန်းထဲမှထွက်လာပြီးနောက် သူက ချက်ချင်းမပြန်သေးချေ။


ရှုရွှမ်းက ရှုဖူ၏တာဝန်ခံဆရာဝန်နှင့် ပြောဆိုဆွေးနွေးပြီး၍ တံခါးဖွင့်လိုက်ရာ ဖုန်းမြည်လာသည်။


သူမက screenပေါ် ပေါ်နေသည့်နာမည်ကို စိတ်မရှည်ဟန်ကြည့်လိုက်ရင်း ဘယ်ညာကြည့်ပြီး ဖုန်းကိုင်ထားရင်း လှေကားဘက်သို့ လျှောက်သွားလိုက်သည်။


ဖုန်းတစ်ဖက်မှ အသံဖျော့ဖျော့ ထွက်လာသည်ကို ကြားလိုက်ရသည်။


"အားရီလား....ဟုတ်တယ်...ကျွန်မ ဆေးရုံရောက်နေတာ...ဟုတ်တယ်လေ....ရှောင်ဖူက စိတ်ဆိုးပြီး ဆေးသောက်ဖို့ငြင်းနေတာ....အခု သူ့ကိုချော့ပြောဖို့ ရောက်နေတာ...."ရှုရွှမ်းအသံက အနည်းငယ် စိုးရိမ်နေသည့်ပုံပင်။ ဖုန်းတစ်ဖက်ကလူလည်း သူမကို စိတ်လျော့ရန်ပြောနေဟန်ရှိသည်။သူမက "အင်း"ဟု နှစ်ကြိမ်ပြောလိုက်ပြီး နူးနူးညံ့ညံ့လေသံနှင့်ဆိုလိုက်သည်


 "သူမကို စိတ်မတိုမိတာပဲ ကောင်းတယ်....သည်းမခံနိုင်တော့ဘူး...မိဘတွေလည်းမရှိ...ဆွေမျိုးဆိုလို့တစ်ယောက်ပဲကျန်တော့တာ..."


“ပိုက်ဆံက လောက်တယ်....ထပ်ပေးစရာမလိုတော့ပါဘူး ..နှစ်တစ်ဝက်စာအတွက် ပေးထားပြီးပြီ...အများကြီးကျန်သေးတယ်...အားရီ...ကျေးဇူးအများကြီးတင်ပါတယ်...အားရီသာမရှိရင် ကျွန်မလည်း ဘာလုပ်ရမလဲမသိဘူး"


စကားနည်းနည်းပြောပြီးနောက် သူမက ဖုန်းချလိုက်သည်။ ရှုရွှမ်းက ခြေလှမ်းနှစ်လှမ်းလျှောက်ပြီးချိန် ဖုန်းထပ်မြည်လာသည်။ သို့သော်လည်း ထိုအချိန် သူမအသံက ပိုပြီးအေးစက်သွားသည်။


"ငါ ဆေးရုံကိုသွားခဲ့တယ်လို့ ပြောခဲ့တယ်မို့လား...ဘာတွေစိုးရိမ်နေတာလဲ...ယွီနျန်နဲ့ကိစ္စကိုဖြေရှင်းပြီးပြီလို့ ပြောပြီးပြီလေ...သူကလည်း ဒီကိစ္စနောက်လိုက်တော့မှာမဟုတ်ဘူး...အို ယွီနျန်က မိသားစုကောင်းကောင်းမှာ ကြီးပြင်းခဲ့ရတဲ့လူကောင်းပုံစံမျိုးလေ...လူနာဆောင်ထဲမှာ လဲနေရတဲ့ညီမလေးက သူအသက်ရှင်ဖို့ ငါ့အပေါ်မှီခိုနေရတယ်ဆိုတဲ့အချက်နဲ့တင် သူငါ့ကို အပြစ်ပေးမှာမဟုတ်လောက်ဘူး"


“....သူနဲ့ရင်းနှီးဖို့လား...ရှင်းရှင်းပြောရရင် ငါမကြိုးစားခဲ့တာတော့ မဟုတ်ဘူး...အစောတုန်းက ငါ သူ့ကို ရှုဖူက သူ့ကိုသဘောကျလို့ လက်မှတ်လိုချင်တာဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ခဲ့ဖူးတယ်...သူက လက်မှတ်ထိုးပေးခဲ့ပေမယ့် ရှားမင်ရှီနဲ့ပဲ တတွဲတွဲနေတာ...ငါ ဘာလုပ်နိုင်အုံးမှာလဲ...ဒါပေမယ့် ဒီတစ်ကြိမ်က အခွင့်အရေးပဲ...ငါဒါကို ကောင်းကောင်းအသုံးချနိုင်တယ်"


ဆေးရုံမှအိမ်ပြန်လာပြီးနောက် ယွီနျန်မှာ ပေါက်ပြားလေးယူပြီး ဝရံတာရှိ ပန်းအိုးလေးများထဲမှ မြေကြီးကိုတူးဆွပေးရင်း ယွီချင်းထံ မက်ဆေ့ချ်ပို့လိုက်သည်။ တစ်ခဏအကြာတွင် ယွီချင်းက ဖုန်းခေါ်လာခဲ့သည်။


"ဘာဖြစ်တာလဲ"


ယွီနျန်က ပေါက်ပြားကို ချထားလိုက်ပြီး ဖြောင့်ဖြောင့်ရပ်ရင်း ရယ်မောလိုက်သည်


 "တစ်ခုခုဖြစ်နေတယ်လို့ ဘယ်လိုများသေချာနေရတာလဲ"


ယွီချင်းက ဆူညံသံနည်းသည့် တိတ်တိတ်ဆိတ်ဆိတ်နေရာကို ရှာတွေ့သွားပုံရသည် ။


"နင့်အကျင့်လေ...တစ်ခုခုဖြစ်မှ ငါ့ကိုလာရှာတာ...ပြော ဘာကိစ္စလဲ"  


"ဟုတ်ပါပြီ"


ယွီချင်းတွင် သူမ၏ကိုယ်ပိုင်နယ်ပယ်ရှိသည်။သူမ၏အဆက်အသွယ်များနှင့် ဤနယ်ပယ်ကလူတိုင်း၏ အချက်အလက်များ ရနိုင်လေသည်။ တစ်နာရီအတွင်းမှာပင် ယွီချင်းက ပြန်ခေါ်လာသည်။


 "နင့်ရဲ့ခန့်မှန်းချက်ကို ငါ့ကိုအရင်ပြောအုံး"


ယွီနျန်က မျက်လွှာချလိုက်သည်။ လက်ထဲရှိ ခဲတံနှင့်စာရွက်ဖြူပေါ် မျဥ်းအချို့ရေးဆွဲနေပြီး ဆိုလာသည်


 "ရှုဖူက နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတာတော့ အမှန်ပဲ...ဒါပေမယ့် ရှုဖူရဲ့ကျန်းမာရေးကို ကုသပေးချင်တာထက် ရှုရွှမ်းက သူ့ညီမအမြဲတမ်းနေမကောင်းဖြစ်ဖို့ မျှော်လင့်နေတာလားလို့"

 

"နင်မှန်းတာ မှန်လောက်တယ်" ယွီချင်းက မနှေးမမြန်အေးအေးဆေးဆေးအသံနှင့် "သူမနဲ့တစ်ကျောင်းတည်းဘွဲ့ရခဲ့တဲ့သူတွေ ပြောတာတော့ ရှုရွှမ်းကောလိပ်တက်တုန်းက သူ့နားကလူတိုင်း သူ့မှာနေမကောင်းတဲ့ညီမရှိမှန်း သိကြတယ်တဲ့...သူ့နားကလူတွေက သနားစရာကောင်းပါတယ်ဆိုပြီး သူနဲ့ယှဥ်လို့ စကော်လားရှစ်တွေ ထောက်ခံချက်တွေတောင် ပြိုင်မယူခဲ့ဘူးဆိုလား"


ဘွဲ့ရပြီး ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုပြီးနောက် မိန်းကလေးများစွာက ပွဲဦးထွက်အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြရသည်။ သူမကမူ သူမတွင်နေမကောင်းသည့်ညီမလေးရှိပြီး ပိုက်ဆံလိုအပ်နေကြောင်း ကွင်းထဲမှလူများကို အကူအညီတောင်းခဲ့လေသည်။


သူမ ပွဲဦးထွက်သောအခါ မတော်တဆမဟုတ်ပဲ ချမ်းသာသည့် ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး တစ်ဖက်လူကလည်း သူမမှာ ငယ်ငယ်ရွယ်ရွယ်နှင့် နေမကောင်းသည့်ညီမဖြစ်သူကို ကုသပေးရန်ပိုက်ဆံလိုနေသည်ဟု ထင်မိ၍ သူမကို ပိုက်ဆံအများအပြားနှင့်အထောက်အပံ့များပါ ပေးခဲ့လေသည်။ သို့သော်ငြား သူမက အမြင့်မှန်းသူဖြစ်၍ ထိုလူနှင့်တွဲသာတွဲကာ အတူရှိရန်အဆင့်သင့်ဖြစ်မနေချေ။


ထို့ကြောင့် သူမက ညီမဖြစ်သူအား နေပြန်ကောင်းမလာစေချင်မိပေ။ သူ့ညီမသာ နေကောင်းလာရင် ဒီလိုအကြောင်းပြချက်ကောင်းကောင်း ဘယ်ရှာလို့ရပါ့မလဲ။


ယွီချင်းစကားဆုံးသည်နှင့် "နင်ဘယ်လိုတွေးမိလဲ...ငါ့ကိုပြော"


ယွီနျန်က ရှုရွှမ်းနှင့်တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်လည်မြင်ယောင်လိုက်ကာ ပြန်ဖြေလာသည် "ကျွန်တော် လူတွေအကြောင်း ကောင်းကောင်းမသိဘူးဆိုတာ မှန်နေတာပဲ"


"ဒါ နင်က လူတွေအကြောင်း ကောင်းကောင်းမသိတာမဟုတ်ဘူး...ဒီနယ်ပယ်က သရဲလိုမကောင်းဆိုဝါးလိုလူတွေက အရေအထပ်ထပ်ခြုံထားကြတာ...နင့်အစ်မ ငါတောင် စပြီးလုပ်တုန်းက ကရုဏာတွေပြည့်လျှံပြီး တွင်းတွေထဲခဏခဏခုန်ခုန်ချမိတယ်...."


ယွီချင်းက သက်ပြင်းချလိုက်ရင်း "နင့်ရဲ့အဘိုးနဲ့အဘွားက နင်ကလေးကတည်းက သင်ပေးခဲ့လို့မို့လား...နင့်အဘိုးပြောတာ ကြားဖူးနေကျ...နင်က စိတ်ကူးဥာဏ်ကောင်းရုံမက ဦးနှောက်ကောင်းကောင်းလေးလည်းရှိတယ်...ငါ့အယူအဆအရဆို...နင်ဒီတစ်ကြိမ် ဖြေရှင်းလိုက်တာ တကယ်ကောင်းတယ်"


ယွီနျန်ပြန်ဖြေသံမကြား၍ ယွီချင်းက ဟွန်းခနဲအသံထွက်လိုက်ကာ " ငါနင့်ကို နားမလည်နိုင်သေးဘူး...ရှုရွှမ်းက နင့်နောက်ကွယ်မှာ အကြံဥာဏ်တွေထုတ်နေတာ....နင်သာ သူ့ကို တည့်တည့်သွားတိုက်လိုက်ရင် လူတွေရှေ့ ချုံးပွဲချငိုပြပြီးတော့ သူ့မှာ နေမကောင်းတဲ့ညီမလေးအတွက် ပိုက်ဆံရှာရတာမလွယ်ပါဘူး...နင့်ရဲ့ခြေထောက်အဆစ်လွဲသွားအောင်လုပ်ဖို့ တွေးမိသည်ထိ မကောင်းစိတ်ဝင်မိပါတယ်...ဒါပေမယ့် နင်က စိတ်သဘောထားသေးသိမ်လို့ အပြင်းဖျားနေတဲ့ ညီမလေးကိုတောင် မစဥ်းစားပေးဘူး....အဲ့လိုမျိုး သူက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်မှာလေ...နင် အဲ့ဒီတုန်းက ဒီကိစ္စနောက်မလိုက်တော့ပါဘူးလို့ ဆုံးဖြတ်ထားတဲ့အချိန် ဒီလိုမျိုးမစိုးရိမ်ခဲ့ဘူးလို့တော့ ငါမယုံဘူး"


ယွီနျန်က ဝန်ခံလိုက်သည် "အဲ့အချိန်တုန်းကတော့ အဲ့ဒီလိုမျိုးစိုးရိမ်ဖူးတယ်...ပြောရရင် လူတိုင်းက အားနည်းတဲ့ဘက်ကို အမြဲတမ်းသနားတတ်ကြတယ်လေ"


ယွီချင်းက ပြောလာသည် "ဟမ်...." "ဒါဖြင့် နင်ဘာလုပ်တော့မလို့လဲ"


"ကျွန်တော့်အဘိုးက လူကြီးလူကောင်းလိုနေဖို့ သင်ပေးထားတာဆိုပေမယ့် တိတ်တိတ်လေးတော့

ခံစားနေမှာမဟုတ်ဘူး" ယွီနျန်က မဲ့ပြုံးပြုံးလိုက်ကာ "သူမသာ လူတိုင်းရဲ့ရှေ့မှာ စိတ်ပျက်စရာကောင်းအောင် ငိုပြနိုင်ရင် ကျွန်တော်လည်း လုပ်ပြနိုင်တယ်"