Chapter 34
ရွှယ်ရှောင်ယုံ...မင်း ဘာလုပ်ရအောင်လို့လဲ....
သူစင်ပေါ်က ဆင်းလာသည်နှင့် အသင့်စောင့်နေသည့် ရှစ်ရော့က ပဝါသန့်သန့်တစ်ထည် ဖိနပ်ပါးလေးနှင့် ချိုင်းထောက်တို့ကို အမြန်ကမ်းပေးလာပြီး စိုးရိမ်တကြီးမေးလာသည်
" ခြေထောက်ဘယ်လိုနေသေးလဲ...နျန်နျန်"
ယွီနျန်က ပဝါကိုရအရင်ယူလိုက်ပြီး ချွေးသုတ်လိုက်သည်။ ထို့နောက် ချိုင်းထောက်ကိုင်ထားရင်း ဖြေးဖြေးချင်းအသက်ရှူလိုက်ပြီး ပြုံးပြသည်
" ကျွန်တော်ထင်ထားသလောက်တောင် မနာပါဘူး" သူက စီးထားသောဖိနပ်ကို ငုံ့ကြည့်လိုက်ရင်း ပျော်ရွှင်စွာပြောလာသည် "ဝက်ဝံပေါက်လေး ဖိနပ်ပါးလား"
"အင်း....မင်းရဲ့ နျန်ကောလေး ၁က ပို့ပေးလိုက်တာလေ...အဲ့ဒီဖိနပ်က မင်းနဲ့သင့်တော်လို့ဆိုပြီးတောင် ပြောသေးတယ်...ကြည့်ကောင်းတယ်လို့ ထင်တာပဲ"
ထိုသို့ပြောပြီး ရှစ်ရော့က ဖုန်းထုတ်ကာ အောင်မြင်ကြောင်း ဓါတ်ပုံအနည်းငယ်ရိုက်လိုက်သည်။
ယွီနျန်က ဖန်တစ်ယောက်ဆီက လက်ဆောင်ဟု ကြားလိုက်ချိန် သူမငြင်းမိချေ။ သူက ဝက်ဝံဖိနပ်စီးထားရင်း အဝတ်လဲခန်းထဲသို့ဝင်သွားကာ ခြေထောက်တွင် တင်းတင်းပတ်ထားသည့် ပတ်တီးကို ဖြေလိုက်သည်။
ရှစ်ရော့က သူ၏ခြေထောက်မှာ ပတ်တီးကြောင့် အနီရောင်သန်းနေသည်ကို တွေ့လိုက်၍ "ကံကောင်းလို့ မင်းရွေးထားတဲ့နောက်တစ်ပုဒ်က အချစ်သီချင်းလေ...စင်ပေါ်မှာငြိမ်ငြိမ်သေးရပ်နေရုံပဲ...မဟုတ်ရင် ပိုနာတော့မှာ"
"အင်း..."ယွီနျန်က ခေါင်းမမာချင်ပေ။ သူက မိတ်ကပ်ပြင်သည့်မှန်ရှေ့ ရပ်နေပြီး အပြုံးလေးနှင့်ဆိုလာသည်
" အကသီချင်းပဲနှစ်ပုဒ်ဆိုရင် အစ်ကိုမုန့်နဲ့တာဝန်ခံဆရာဝန်တော့ အတူတူပေါက်ကွဲကုန်ကြတော့မှာ"
ရှစ်ရော့က ပျော်ပျော်ရွှင်ရွှင်ပြုံးပြလာပြီး သိချင်စိတ်နှင့် "ဒါပေမယ့် နျန်နျန်...မင်း အခုလေးတင် ကလိုက်တုန်းက ရှပ်အင်္ကျီက ကြယ်သီးတွေဖြုတ်လိုက်ဖို့ ရုတ်တရက် ဘယ်လိုစိတ်ကူးရသွားတာလဲ...တုံ့ပြန်မှုနှုန်းတော်တော်ကောင်းသွားတာနော်...အစ်မတောင် မြင်သွားတော့ အော်မိတော့မလို့"
ယွီနျန်က နာဖူးပေါ်ရှိ စိုနေသောဆံပင်ကို ပွတ်သပ်လိုက်ရင်း ရှက်သွားသည့်ဟန် " တကယ်တော့ မရည်ရွယ်ပဲဖြစ်သွားတာ...အဲ့ဒီအချိန်တုန်းက ကျွန်တော် ကနေရင်း အိုက်ပြီးချွေးထွက်လာလို့ ဝတ်စုံက အရမ်းကျပ်တယ်လေ နေရတာ သက်တောင့်သက်တာမရှိဘူး...ဒါကြောင့် ကျွန်တော် ကကွက်အတိုင်းလိုက်ပြီး ကြယ်သီးဖြုတ်လိုက်တာ" သူ့မျက်လုံးထဲ ဂုဏ်ယူဝင့်ကြွားစွာနှင့် "ပြီးတော့ အခု ကျွန်တော့်မှာ absတွေရှိနေပြီ"
စတိုင်လစ်က ထိုစကားကြားသွား၍ သူကိုင်ထားသည့် အဝတ်အစားကို လက်ညှိုးထိုးပြလိုက်ပြီး "ဒီတစ်ခုတော့ မကျပ်ဘူးရယ်"
နားနေခန်းထဲတွင် ယွီနျန်က သူ့ပုံစံနှင့်ကိုက်ညီရန် အချိန်ယူပြင်ဆင်နေရသည်။ မိတ်ကပ်ဆရာက သူ့မိတ်ကပ်ကို ပြောင်းပြင်ပေးနေသည်။ အိုင်းလိုင်နာနက်နက်များကို သုတ်လိုက်ပြီး အသစ်ဆွဲပေးရင်း မျက်လုံးအရောင်ကို ဖျော့ဖျော့လေးပြင်ပေးလာသည်။ တစ်ခဏတွင်း ယွီနျန်၏ထိုးဖောက်မတတ် အရှိန်အဝါက ပြန်ပြီးမှေးမှိန်လာသည်။
စာကြည့်ခန်းထဲတွင် ရွှယ်ယုံက စင်ပေါ်က အခြားသူများကို စိတ်မဝင်စားတော့သလို ချူရှောင်းရန်လည်း ထိုအတိုင်းအတူတူပင်။ သူ့တွင်လုပ်စရာမရှိ၍ ယွီနျန်၏ဒုတိယမြောက်ဖျော်ဖြေမှုကို စောင့်နေရင်း ရွှယ်ယုံကိုစကားဆွဲပြောနေသည်။
"ပြောမယ်ဆို မင်းဘက်ကလုပ်ငန်းအကြောင်း မပြောခင် ငါ့အဖေကို မေးကြည့်သေးတယ်...ငါ့အဖေကလေ ဘာမှမပြောပဲ ကတ်ပဲပေးလိုက်တာ...ငါ့အစ်ကိုလည်း အတူတူပဲ....ငါ သူ့ကိုလုပ်ငန်းအကြောင်းမေးတာကို ကတ်ပဲလာလာပေးနေတာ...ဒီသခင်လေးက ပိုက်ဆံပြတ်နေတဲ့ပုံပေါ်နေလို့လား"
ရွှယ်ယုံက စဥ်းစားရခက်သည့်ပုံနှင့် "မင်း အခုလေးတင် ကားတစ်စီးဝယ်လိုက်တာမဟုတ်ဘူးလား"
ချူရှောင်းရန်က ရှက်ကိုးရှက်ကန်းနှင့် နှာခေါင်းပွတ်လိုက်ရင်း ဆိုလာသည်
" ဟားဟား...နည်းနည်းပြတ်သလိုပဲနော်..."
ရွှယ်ယုံလည်း ဖုံးကွယ်မနေတော့ပေ "ဦးလေးချူနဲ့ငါက ဆွေးနွေးပြီးပြီ...ငါတို့ ဟွမ်းဟိုင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ စပြီးလုပ်တော့မလို့...တင်းကျောက်ရှန်က လောလောဆယ် မလှုပ်နိုင်သေးဘူးဆိုပေမယ့် စုန့်ခယ်ကိုတော့ သေချာတယ်...ဒီတစ်ခေါက် သူ့ရဲ့သြဇာလွှမ်းမိုးမှု ၉၀ရာခိုင်နှုန်းလောက်ကို တစ်ချီတည်းဖြိုချနိုင်တယ်"
သူက အေးစက်စက်နှင့် လိုရင်းတိုရှင်းပြောလိုက်သည်။ ချူရှောင်းရန်က နောက်ကလိုက်လာမည့် အန္တရာယ်ကိုသတိထားမိသော်လည်း စိတ်လှုပ်ရှားနေဆဲပင်
"စုန့်ခယ်ကိုရှင်းပြီးသွားရင် မြေခွေးအိုကြီးတင်းကျောက်ရှန်ကတော့ သေချာပေါက် ခဏလောက်ငြိမ်နေအုံးမှာပဲ"
"မလိုပါဘူး" ရွှယ်ယုံက ကုလားထိုင်ပေါ် ခြေချိတ်ထိုင်နေရင်း သူ့ကို အေးအေးဆေးဆေးကြည့်လာသည်
" တင်းကျောက်ရှန်က သူအနိုင်ကျင့်ခံရမယ့် အခြေအနေကို သည်းခံနေမယ့်လူစားမျိုးမဟုတ်ဘူး...ငါ မှန်းကြည့်တာ စုန့်ခယ်ကိုသာ အပြီးသတ်ပြီးသွားရင် မကြာခင် သူ့ဘက်ကစပြီး ငါ့ကိုရင်ဆိုင်လာလိမ့်မယ်"
ချူရှောင်းရန်က တင်းကျောက်ရှန်ကို ခဏခဏမြင်ဖူးနေ၍ တစ်ဖက်လူ၏မှောင်မိုက်နေသည့်အကြည့်များကို အမှတ်ရသွားသည့်တစ်ခဏ ကြက်သီးထပြီးတိုးတိုးပြောလာသည်
" ဒါဖြင့် မင်းအစ်ကိုက တယ်ကြီး..."
ရွှယ်ယုံက မျက်ဆံများကို ကျဥ်းမြောင်းလိုက်ရင်း ပျော့ပျောင်းသည့်လေသံနှင့် ဆိုလာသည်
"သက်သေမရှိဘူး"
ချူရှောင်းရန်က ပါးစိပ်ပိတ်လိုက်ရင်း ထပ်ပြီးမေးမလာတော့ချေ။
သူက အေးခဲနေသည့် ရွှယ်ယုံ့ဘက်ကိုကြည့်လိုက်ပြီး သူတို့ကလေးဘဝတုန်းက ရွှယ်ယုံမှာ ယခုကဲ့သို့မဟုတ်ကြောင်း ရုတ်တရက် အမှတ်ရသွားသည်။
သူတို့ကလေးဘဝတုန်းက သူကိုယ်တိုင်မှာ အလွန်ဆူဆူညံညံနိုင်သည့်ကလေးဖြစ်သည်။ သစ်ပင်တက် ပုရွက်ဆိတ်ဖမ်း ပေါင်းပင်နှုတ်ပုရစ်ရှာပြီး နာနီကို နေ့တိုင်းလိုက်ခြောက်သည်။ သို့သော်လည်း ရွှယ်ယုံက ထိုသို့မဟုတ်ပေ။ ကလေးဘဝတည်းက တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ပုံမှန်အတိုင်း သွားလာစားသောက်သည်။ သူ့တွင် ပါးလွှာသည့်အရေပြားရှိပြီး စန္ဒယားတီးရသည်ကို နှစ်သက်လေသည်။ သူက ငှက်သိုက်တူးရန် သစ်ပင်ပေါ်တက်နေချိန် ရွှယ်ယုံကဖြင့် တစ်နေ့လုံး စန္ဒယားခုံတွင်သာထိုင်နေပြီး တီးခတ်နေသည်ပင်။
သူမှတ်မိပါသေးသည် ။ တစ်နေ့ ရွှယ်ယုံက ခြံဝန်းထဲရှိ သစ်ပင်အောက်တွင် နီးမြန်းနေသောနားရွက်လေးများနှင့် မတ်တပ်ရပ်နေရင်း အသံတိုးသော်လည်းပြတ်သားဟန် လေသံနှင့်ပြောလာသည်
"ရှောင်းရန်...ငါ အနာဂတ်မှာ စန္ဒယားပညာရှင်တစ်ယောက်ဖြစ်ချင်တယ် ငါ စန္ဒယားတီးတာ လူတိုင်းနားထောင်နိုင်ဖို့ ကမ္ဘာပတ်ပြီး ဖျော်ဖြေပွဲတွေလုပ်ချင်တယ်"
ထိုအချိန် သူက ငှက်သိုက်ထဲမှထုတ်လာသည့် ငှက်ဥလေးများကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်
" အိုကေ ရွှယ်ရှောင်ယုံ...မင်းဖျော်ဖြေပွဲလုပ်တဲ့အခါ ငါ လက်မှတ်တွေ ကူပြီးရောင်းပေးမယ်"
သူအရွယ်ရောက်လာသည့်အခါ ဒီပလိုမာရရန်အတွက် နိုင်ငံခြားရှိ နာမည်ကြီးစီးပွားရေးကျောင်းတစ်ခုသို့ သွားခဲ့သည်။ မည်သို့ဖြစ်ဖြစ် အစ်ကိုအကြီးဆုံးရှိနေသေး၍ သူ့အလှည့်မဟုတ်။ ရွှယ်ယုံက သူ့အိပ်မက်အတွက် ခြေလှမ်းစရန် လီတိုတေးဂီတကျောင်းတွင် စန္ဒယားမေဂျာယူမည့်အကြောင်း ပြောပြခဲ့သည်။
သို့သော်လည်း ကံကြမ္မာက အမြဲတစေ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်ချေ။ နှစ်ဦးသား နိုင်ငံခြားရောက်ပြီးသိပ်မကြာလိုက် ရွှယ်ယုံ့အစ်ကိုကြီး ဆုံးပြီဆိုသည့်သတင်းက မမျှော်လင့်ပဲ ရောက်လာသည်။ သူက ရွှယ်ယုံနှင့်အတူ ညတွင်းချင်းလေယာဥ်စီးပြန်လာခဲ့ရကာ နာရေးသွားပြီး လွတ်သွားသော သင်ခန်းစာများအတွက် ကျောင်းပြန်လာခဲ့ရသည်။
ရွှယ်ယုံ့ကိုသင်ပေးခဲ့သည့် ပရော်ဖက်ဆာကြီးက စိတ်မကောင်းဖြစ်လွန်း၍ ကျောင်းမနားပဲ ခွင့်စာသာတင်ရန်ပြောလေသည်။ အမှန်က သူက ယင်းအတွက်နေရာကျန်သေးလားဟု မေးချင်သည်သာ။
ရွှယ်ယုံက မျက်နှာဖျော့ဖျော့နှင့် ငြင်းဆိုလိုက်ပြီး တိတ်တဆိတ်ခေါင်းငုံ့ကာ မျက်လွှာချရင်း နှုတ်ဆက်စကားဆိုခဲ့ရသည်။
သူ့နိုင်ငံသို့ပြန်လာခဲ့ရသည့်အချိန် သူ့မိဘများကို အခိုင်အမာပြောနေသည့် ရွှယ်ယုံ့ကို ကြည့်လိုက်မိသည် " အစ်ကိုက မရှိတော့ပေမယ့် ကျွန်တော်ရှိပါသေးတယ်"
ထိုအချိန် သူ့ရင်ဘတ်ထဲ ဗလာဖြစ်နေကာ အကျယ်ကြီးမေးလိုက်ချင်သည် ရွှယ်ရှောင်ယုံ...စန္ဒယားကိုရော...မင်း အကြာကြီးဆုပ်ကိုင်လာခဲ့တဲ့ အိပ်မက်ကို ဘာဆက်လုပ်တော့မှာလဲ...။
သို့သော်လည်း သူ့စိတ်ထဲ ထိုစန္ဒယားကို လက်လွှတ်လိုက်ပြီး အိပ်မက်ကို အိပ်မက်အဖြစ်နှင့်သာထားရမည်မှန်း သိပါသည်။
နောက်ပိုင်း ရွှယ်ယုံစန္ဒယားပြန်တီးသည်ကို မြင်ရခဲသွားသည်။ သူ့ကို ဆက်ခံသူအဖြစ်ကြောညာလိုက်ချိန် ရွှယ်ယုံ့မှာ အသက်မရှူနိုင်လောက်အောင် ဖိအားများနေ၍ တိတ်တိတ်ဆိတ်ဆိတ်တီးခဲ့ရသည်ဖြစ်မည်။
သို့သော်လည်း ဦးလေးရွှယ်ဆုံးပြီးနောက် ရွှယ်ယုံမှာ စန္ဒယားကို ထပ်မထိတော့ပေ။
အသက်ဆယ့်ခွန်ဆယ့်ရှစ်ကအကြောင်း ပြန်စဥ်းစားမိချိန် ရွှယ်ယုံက ဆရာ၏ဟောပြောချက်အပြီး အနက်ရောင်tuxedoဝတ်ထားရင်း ဂန္ဓဝင်ဂီတလောက၏ အနာဂတ်ကြယ်ပွင့်လောင်းအဖြစ် လူထုက ကြိုဆိုနှုတ်ဆက်ခံနေရသည့်ပုံစံလေးကို မြင်ယောင်လာသည်။
ထိုအချိန်က လက်ထဲရှိမဂ္ဂဇင်းကို ကိုင်ထားရင်း သူက ရွှယ်ယုံ့ကို အစီရင်ခံစာတစ်ခု ကျယ်ကျယ်ဖတ်ပြနေသည်။
ရွှယ်ယုံက သော့တွဲပေါ်လက်တင်ထားရင်း မျက်နှာရဲနေသော်ငြား မျက်လုံးများက ထူးထူးခြားခြားတောက်ပနေသည်။
သူဘယ်လောက်တောင် ဂုဏ်ယူနေမှာလဲ...ငါ့ညီအစ်ကို...အနာဂတ်စန္ဒယားပညာရှင်။
"မင်း ဘာလို့ မှုန်မှိုင်းမှိုင်းဖြစ်နေတာလဲ"
ချူရှောင်းရန်က အမြန်ပင် အသိစိတ်ဝင်လာပြီး ပြုံးလိုက်သည်
" ငါ့စူပါကားကို ဘာအရောင်သုတ်ရမလဲ စဥ်းစားနေတာပါ...အစိမ်းရောင်ဆို ဘယ်လိုလဲ ဟေ့ကောင်...တစ်ယောက်ယောက်ဘေးက ဖြတ်သွားတာနဲ့ "ဝိုး...ရှေ့မှာ အစိမ်းရောင်အလင်းတန်းကြီး"ဆိုပဲ ပြောကြလိမ့်မယ်"
ရွှယ်ယုံက သူ့ကိုစိုက်ကြည့်နေပြီး မှတ်ချက်ပေးမလာချေ။
ချူရှောင်းရန်က စိတ်လှုပ်တရှား ဆိုလာသည်
"လှလိုက်တဲ့အရောင်လေးပဲ...မင်း အခုလေးတင် ကားဝယ်ထားတာဆို...ငါတို့ အတူတူဆေးသုတ်ကြရင်ရော"
ရွှယ်ယုံက ချူရှောင်းရန်ကို စိုက်ကြည့်လိုက်ရင်း "မင်းသုတ်ရဲရင် မင်းအရင်တစ်ပတ်က အလုပ်မသွားဘူးလို့ မင်းအစ်ကိုကိုသွားပြောပစ်မယ်"
ချူရှောင်းရန်က လက်နှစ်ဖက်နှင့် ပါးစပ်ကိုတင်းတင်းပိတ်လိုက်ရင်း အသံတစ်သံထွက်ရန်ပင် အားယူနေရသည်
"ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ငါက မင်းရဲ့ညီအစ်ကိုလေကွာ"
ထိုအချိန် ဗီဒီယိုထဲမှ ပရိသတ်အားပေးသံများထွက်လာ၍ "ယွီနျန်"ဟု အော်နေသည်မှာ အသေအချာပင်။ သူ့အာရုံပြန်ရောက်သွား၍ ချူရှောင်းရန်က လက်ချလိုက်ရင်း စဥ်းစဥ်းစားစားပြောလိုက်သည် ' သူ ဒီတစ်ခေါက် ကနိုင်တော့မှာမဟုတ်ဘူး...သူ့ခြေထောက်အရမ်းနာနေမှာ....ဒါ..."
သူ့အသံက ရုတ်တရက် တောင့်ခဲသွားလေသည်။
ကတ္တရာစေးနက်နက်အရောင်ရှိသည့် စင်မြင့်ပေါ်တွင် ကွယ်နေသည့်ယွီနျန်တည့်တည့် အလင်းတန်းတစ်ခု ကျရောက်လာသည်။
မိုက်ကရိုဖုန်းတိုင်အနောက်တွင် ရပ်နေရင်း ယွီနျန်က အတွင်းတွင် တီရှပ်ပါးပါးတစ်ထည်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားလေသည်။ ကြွေထည်လေးတစ်မျှဖြူဖွေးနေသည့် သူ့အသားအရေကိုပင် ထိုးဖောက်မြင်နေရသည်။ တီရှပ်အင်္ကျီမှာ ကြယ်သီးသုံးလုံးဖြုတ်ထား၍ ညှပ်ရိုးနှင့်ရင်ဘတ်တစ်နေရာကို လှစ်ဟာပြထားလေသည်။ သူက ထိုတီရှပ်အင်္ကျီအသားမျိုး မညီမညာဖြတ်ထားသည့် အပေါ်ဝတ်ကုတ်အင်္ကျီပါ ဝတ်ဆင်ထားလေသည်။ အမွှေးအမျှင်တန်းများ ချထားရင်း ပေါ့ပေါ့ပါးပါးဟန်ရှိသည်။ ဘေးမှလေတိုက်နေ၍ ဆံနွယ်လေးများ တလှပ်လှပ်ဖြစ်နေသည်။ ထိုအဝတ်အစားကြောင့် ပိန်သည့်ပုံပေါ်နေပြီး သူ့ပုံရိပ်လေးက အမှောင်ယံထဲ တလက်လက်တောက်ပနေသည်။
အသက်ကို တဖြေးဖြေးရှူလိုက်ရင်း ချူရှောင်းရန်က ပြန်ကြည့်လိုက်မှသာ ရွှယ်ယုံက ssများ အမြန်ရိုက်နေသည်ကို တွေ့လိုက်ရသည်။
? ? ?
ချူရှောင်းရန်က တစ်ပုံပြီးတစ်ပုံ ssရိုက်နေသည့် ရွှယ်ယုံ့ကို အလန့်တကြားကြည့်လိုက်သည်...ဖာခ့် ဒီလက်က မြန်သားဟ...။
screenပေါ်က ရုပ်ပုံကိုကြည့်လိုက်ရင်း သူ သက်ပြင်းထပ်ချမိသည်
"ဒီအပိုင်းလွှင့်တဲ့အချိန်ကျ လူအုပ်ကြီးကတော့ အော်ငိုနေတော့မှာပဲ...ယွီနျန် လှလိုက်တာလို့ ပြိုင်ဘက်ကင်း မသေမျိုးမောင်လေးလို့ မြေပြင်ပေါ်သက်ဆင်းလာတဲ့ နတ်သားလေး ဆိုပြီး..."
ရွှယ်ယုံက ခေါင်းလှည့်လာပြီး " မင်းမှာ ကန့်ကွက်ချင်စရာရှိနေတာလား"
"သေချာပေါက် မရှိဘူးပေါ့...ဘယ်လိုရှိနိုင်မှာလဲ" ချူရှောင်းရန်က ခိုင်ခိုင်မာမာဆိုလိုက်ပြီး " ငါ့ နှလုံးသားအောက်ခြေကနေလာတဲ့ စကားတွေကို ပြောနေတာပါနော်"
စင်ပေါ်တွင် ယွီနျန်က မိုက်ကို လက်နှစ်ဖက်လုံးနှင့်ကိုင်ထားရင်း " ...ခံစားချက်တွေ စစ်မှန်ပါတယ်...လောကကြီးက ငါ့ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေကို သိနေပေမယ့် ငါ့နှလုံးသား သစ်ရွက်ကြွေလိုမျိုးဖြစ်နေတာ သူတို့ မသိကြဘူးကွယ်...ဒဏ်ရာဒဏ်ချက်ဟောင်းတွေ အပြည့်ရယ်....လမ်းပျောက်ပြီး မိုးညတွေထဲ ပြေးလွှားနေရတယ်...မင်းရဲ့ အတိတ်ဖြစ်လာတယ်လို့ ငါဝန်မခံချင်...လူတွေကိုလည်း မမေးရဲဖြစ်နေ...."
သူ့အသံက ကြည်လင်ပြတ်သားနေသော်ငြား နှာသံလေးပါနေ၍ ဝမ်းနည်းနေဟန်ရှိသည်။ သီချင်းသံကြားခံစားချက်က ရေလှိုင်းလေးများနှယ် သူ့ကိုဝေ့ယှမ်းနေသည်။
သီချင်းပြီးသွား၍ ယွီနျန်၏နောက်ဆုံးအဆုံးသတ်သံလည်း တိတ်သွားချိန် စင်ပေါ်က အလင်းတန်းများ ပျောက်ကွယ်သွားသည်။ အသံရှူသံအနည်းငယ်ကြားလိုက်ရပြီး လက်ခုပ်သံကျယ်ကျယ်လောင်လောင်နှင့် တစ်ခဲနက်အားပေးလာကြသည်။ ပရိသတ်ထိုင်ခုံများမှ "ယွီနျန်"ဆိုသည့် အလင်းစာတန်းများ ပြလာကြသည်။
ချူရှောင်းရန်က အသက်ပြင်းပြင်းရှူလိုက်ပြီး "အသံ တကယ်ကောင်းတာပဲ...ငါ့နှလုံးသားလေးတောင် သီချင်းသံကြားပြီး နာကျင်နေပြီ"သူက ရွှယ်ယုံကို တံတောင်ဆစ်နှင့် ပြန်တိုက်လိုက်ရင်း " ကြည့်ပါလား...မင်းမိသားစုရဲ့ယွီနျန်လေးကို လူတွေအများကြီး သဘောကျနေကြတာနော်...မင်း ဘာမှမခံစားရဘူးလား"
ရွှယ်ယုံ၏နှုတ်ခမ်းစွန်းလေးများ တဖြေးဖြေးတွန့်ကွေးသွားသည်
"သူတို့မှာ အမြင်ကောင်းကောင်းရှိကြတာပဲလေ"
"တခြားရော..."
"သူက လူတွေအများကြီးသဘောကျခံရဖို့ ထိုက်တန်တယ်"
ချူရှောင်းရန်က မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ရင်း " ကျွတ်ကျွတ်ကျွတ်...မင်းက ငါ အရင်ကရှာပေးထားတဲ့ အရမ်းနားလည်ပေးလွန်းတဲ့ ဥက္ကဌကြီးဝတ္ထုတွေ အဖတ်များနေတာပဲ...မင်း ဒီလိုပြောရမှာလေ..'သူက ငါ့အပိုင်...ခုချိန် သူ့ကို ဘယ်သူမှမြင်ခွင့်မရစေရဘူး' ဆိုပြီးလေ..."
ရွှယ်ယုံက ခေါင်းခါပြသည် " အဲဒါ ကျိုးကြောင်းမညီဘူး"
သူက စင်ပေါ်က ရီဝေဝေအကြည့်နှင့် စွဲမက်ဖွယ်ကောင်းနေသော ယွီနျန်ကို ကြည့်လိုက်ရင်း သူ့ရင်ထဲ တင်းတင်းကျပ်ကျပ်ဖိနှိပ်နေသည့် တိမ်မည်းကြီးများ လွင့်စင်သွားပြီး အသက်ရှူချောင်သွားသလို ခံစားရသည်။
ယွီနျန်က နှစ်ကြိမ်ဖျော်ဖြေပြီးသည်ဖြစ်၍ သူ့တွင် လုပ်စရာမကျန်တော့ချေ။နားနေခန်းထဲ ထိုင်စောင့်နေရင်း အခြားသူများဖျော်ဖြေသည်ကို screenပေါ်မှစောင့်ကြည့်နေသည်။ ဤနေရာတွင် ဓါတ်ပုံရိုက်ခြင်းများလည်းမရှိ၍ စိတ်လွတ်ကိုယ်လွတ် သက်တောင့်သက်တာပင်။
ယွီနျန်က စပွန်စာမှထောက်ပံ့ပေးထားသည့် အချိုရည်ဗူးဖွင့်လိုက်ရင်း တစ်ငုံသောက်လိုက်စဥ် နားနေခန်းတံခါးကို အပြင်မှတစ်ယောက်ယောက်ဖွင့်လာပြီး ရှားမင်ရှီဝင်လာခဲ့သည်။
ယွီနျန်က ပြုံးပြလိုက်ပြီး စကားဆိုသည်
" မင်း ဆိုပြီးသွားပြီလား..."
ရှားမင်ရှီနာဖူးနှင့်လည်တိုင်တွင် ချွေးတို့သီးနေသည်ကို မြင်လိုက်၍ တစ်သျှူးယူပြီးကမ်းပေးလိုက်သည်။
ရှားမင်ရှီက ဆိုဖာပေါ်ထိုင်ရင်း ခေါင်းညိမ့်ပြပြီး ချွေးသုတ်လိုက်သည်
" ငါ သီချင်းဆိုပြီးသွားပြီ...ဒါပေမယ့် ငါ့အမေက အတည်ကြီးလုပ်နေတာဟ...သူ တကယ်ကြီး မျက်စိမလွဲနိုင်အောင် တလက်လက်ဖြစ်နေတဲ့ စာတန်းကြီးလုပ်လာတာ...ငါ စင်ပေါ်ကနေ အဲဒါကြီးတွေ့လိုက်တော့ လန့်သွားတာ သေမတတ်ပဲ"
သူက ပြန်ငုံ့ကြည့်လိုက်ရင်း " နျန်နျန်...မင်းခြေထောက်ရော ဘယ်လိုလဲ...ကပြီးတော့ရော အဆင်ပြေရဲ့လား"
ယွီနျန်က ခေါင်းခါပြသည် " အဆင်ပြေပါတယ်...ငါ ဆင်းလာတော့ နည်းနည်းနာသေးတယ်...ဒါပေမယ့် အခု သက်သာသွားပါပြီ"
ရှားမင်ရှီက ထိုအခါမှ စိတ်အေးသွားသည် " စကားမစပ် ...ငါ ဒီကိုလာတော့ ငါ့အေးဂျင့်ကို မေးခဲ့တာ သူ ပြောတာက ဒီတစ်ကြိမ် မင်းဖျော်ဖြေတာက အရင်ကထက် ပိုကောင်းတယ်တဲ့...ပထမနေရာက မင်းအတွက်ပဲဖြစ်မှာ "
ယွီနျန်က အခြေအနေ လွဲမှားသွားမည်ကို စိတ်မပူသော်လည်း နောက်ဆုံးရလဒ်မထွက်သေး၍ အပြုံးလေးနှင့်ပြောလိုက်သည်
" ဘာပဲနေနေ ငါ အကောင်းဆုံးလုပ်ခဲ့တာဆိုတော့ နောင်တမရှိပါဘူး"