Chapter 37
ရွှယ်ရှောင်ယုံ အရေးကြီးကိစ္စများရှိလို့လား
ဆယ့်တစ်ရက်မြောက် နံနက်ပိုင်းတွင် မုန့်ယွမ်က ကားမောင်းပြီး သူ့ကိုလာကြိုသည်။
ယွီနျန်က ချိုင်းထောက်မှီထားရင်း ပထမဆုံးတွေ့ခဲ့သည့်အချိန်က ဝတ်ထားသည့် တီရှပ်အဖြူကိုပဲ ဝတ်ထား၍ သူ့မျက်လုံးလေးများက ကြည်လင်ပြီး ငယ်ရွယ်မှုအပြည့်နှင့်ပင်။
မုန့်ယွမ်က ယွီနျန်မှာ နှစ်ဆယ့်တစ်နှစ်သာရှိသေးကြောင်း ပြန်ပြီးသတိရသွားသည်။ သူက သတိပြန်ဝင်လာ၍ အပြုံးလေးနှင့် ဆိုလိုက်သည် " မင်း ဘာလို့ ဒါပဲပြန်ဝတ်ထားရတာလဲ...စျေးကြီးကြီးအဝတ်အစားတွေ ရှူးဖိနပ်တွေဝယ်ဖို့ မသွားဘူးလား....AJရဲ့ ဖိနပ်ကို ပြန်ပြီးထုတ်ပေးတယ်လို့ ကြားတယ်...ပြီးတော့ ဆောင်းဦးမော်ဒယ်ဘရန်းအသစ်လေးတွေလည်း ရနေပြီလေကွာ"
ယွီနျန်က ကားထဲဝင်လိုက်ပြီး ထိုင်ခုံလားပတ်တပ်လိုက်သည်။ သူက ပြုံးလိုက်ရင်း ခေါင်းခါပြကာ " ကျွန်တော် မဝယ်ပါဘူး...ဝတ်ဖို့လည်း လုံလုံလောက်လောက်ရှိနေတာပဲလေ....အဝတ်အစားတွေဝယ်ရတာ မကြိုက်လို့ပါ"
အတိတ်တွင် သူ့ဘိုးဘွားများရှိစဥ်က မိသားစု၏အဝတ်အစားများအားလုံးကို စက်ချုပ်သမားဟောင်းကြီးက ချုပ်ပေးလေသည်။ ပုံစံက ရိုးရှင်းသော်လည်း အင်္ကျီသားက ကောင်းမွန်သည်။ အစတစ်စတည်းကိုပင် အချိန်အတော်ကြာ ထပ်ကာထပ်ကာဝတ်၍ရနေ၍ ဝတ်စရာရှိနေသရွေ့ အဝတ်အစားသစ်များဝယ်တတ်သည့် အလေ့အထ သူ့တွင်ရှိမနေခြင်းဖြစ်မည်။
မုန့်ယွမ်က လျှာကိုလိပ်လိုက်ရင်း " မင်းက ငါမြင်ဖူးသမျှထဲမှာ ခြွိုးခြံလွန်းတဲ့ ဖျော်ဖြေရေးသမားပဲ....စီးကရက်လည်းမသောက် ဝိုင်အကောင်းစားလည်းမသောက် အိမ်လည်းမဝယ် နာရီလည်းမဝယ်...ဇိမ်ခံပစ္စည်းတွေ ဇိမ်ခံကားတွေလည်း မကြိုက်...နေ့တိုင်းဝတ်တဲ့အဝတ်အစားတောင် ဒါဇင်လိုက်စျေးချထားတာကို ဝယ်ဝတ်တာ....ငါ ပြောပြရင် ဘယ်သူမှယုံမှာတောင်မဟုတ်ဘူး"
ထိုသို့ပြောနေရင်း ယွီနျန်က သိချင်လာသည် " အစ်ကိုမုန့်ကရော...ဘယ်နေရာတွေမှာ ပိုက်ဆံသုံးလေ့ရှိတာလဲ"
မုန်ု့ယွမ်က မျက်ခုံးပင့်ပြလာရင်း ပြုံးလိုက်သည် " လွန်ခဲ့တဲ့အချိန်တွေတုန်းက ငါက ရှေးဟောင်းပစ္စည်းတွေ ရောင်းရတာကြိုက်တယ်...သေသေချာချာသုတေသနလုပ်ကြည့်ပြီးမှ အတုတွေဆိုတာကို လက်မခံနိုင်ပဲသိလိုက်ရတယ်...နောက်ပိုင်း ကျောက်မြက်စုဆောင်းတဲ့ဆီမှာ ရင်းနှီးမြှုပ်နှံရတာကြိုက်လာတယ်....ပြီးတော့ အိမ်တွေဝယ်ရတာကိုပဲပေါ့....ဒါပေမယ့် အခုတော့ ပိုက်ဆံပဲစုချင်မိတယ်...ဂဏန်းတွေများလာတာကြည့်ရင်း ပျော်လာလို့လေ"
"စကားမစပ်....အလုပ်ဆီသွားလိုက်ရအောင်" မုန့်ယွမ်က သတိရသွားသည် " ငါတို့ ခဏလောက်သွားလိုက်ပြီးရင် ယိုယိုနဲ့ဟယ်ကျွင်းယွီကို တွေ့ရတော့မှာ...ယိုယိုအစမ်းပြိုင်မယ့်ဟာက နေ့လည်ဆိုပေမယ့် ဒါရိုက်တာရှုရဲ့အချိန်ဇယားက ကျပ်နေတော့ မနက်ပိုင်းပဲဖြစ်သွားတာ"
ယွီနျန်က ခေါင်းညိမ့်ပြလိုက်ရင်း ဆိုသည်" အစ်ကိုမုန့်...စိတ်မပူပါနဲ့ ....သီချင်းစာသားနဲ့သံစဥ်ကို မှတ်မိပါတယ်...ကျွန်တော် မနေ့ညက ဆိုပြီးအသံသွင်းထားသေးတယ်...နားထောင်ကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်မိတယ်"
မုန့်ယွမ်က အနည်းငယ်ယုံကြည်ချက်ရှိနေသော်လည်း သူ့ကို အရင်ဆုံး ဖျောင်းဖျလာသည်
" မင်းအရွေးမခံရရင်လည်း စိတ်ပျက်မနေနဲ့..မင်းရဲ့အသက်မွေးလမ်းကြောင်း အစပဲရှိသေးတာမို့လို့ အနာဂတ်မှာ အခွင့်အလမ်းတွေရှိလာအုံးမှာ"
ယွီနျန်က မုန့်ယွမ်မှာ သူ့စိတ်အခြေအနေကို စိုးရိမ်နေမှန်း သိသည် " ဟုတ်ကဲ့ ကျွန်တော်သိပါပြီ"
"ငါတို့ အချိန်ယူကြတာပေါ့...စိတ်သာချ မင်းရဲ့အစ်ကိုမုန့်နဲ့သာတွဲလုပ်ရင် သေချာပေါက် အပြည့်အဝစားရစေမယ်"
ဓါတ်လှေကားက အထပ်၃၀ထိ တက်သွားပြီး ဓါတ်လှေကားတံခါးမှ ထွက်လာသည်နှင့် တစ်ယောက်ယောက်က လမ်းပြပေးလာသည်။
ယွီနျန်က ထိုနှစ်ယောက်နောက်လိုက်ရင်း ရိုက်ကူးရေးအခန်းအပြင်သို့ ရောက်ရှိလာသည်။
ရပ်နေသည့်လူကို သတိထားမိသွား၍ မုန့်ယွမ်က အပြုံးလေးနှင့် အရင်ဆုံးနှုတ်ဆက်လိုက်သည် "ဒါရိုက်တာရှု ပရိုဂျူဆာနင် မတွေ့ရတာတောင်ကြာပြီ"
ရှုရှန့်လန်က အသက်လေးဆယ်ငါးဆယ်အရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး အနက်ရောင်နှင့်မီးခိုးရောင်နှစ်ရောင်ကိုသာ သာမန်အတိုင်း ဝတ်ဆင်ထားသည်။ သူ့နှုတ်ခမ်းထောင့်ရှိလိုင်းကြောများက ပေါင်းသင်းရခက်မည့်ပုံပေါ်သော်လည်း ပြုံးလိုက်သည့်အချိန် နူးညံ့သည့်ပုံပေါက်သွားသည်။
သူက မုန့်ယွမ်ကို လက်ဆွဲနှုတ်ဆက်လိုက်ရင်း ယွီနျန့်ဘက်လှည့်ပြီး ပြောလာသည် " " သဘာဝရဲ့ သံစဥ်"မှာ မင်းဆိုသွားခဲ့တဲ့ သီချင်းအကုန်လုံးကို နားထောင်ကြည့်ပြီးပြီ...အရမ်းကောင်းတာပဲ"
ယွီနျန်က မနှိမ့်ချမကြွားဝါသည့်လေသံနှင့် " ကျေးဇူးပါ ဒါရိုက်တာရှု"
သူက ပြုံးလိုက်ရင်း ဆိုသည် " ကျွန်တော်က ဒါရိုက်တာကြီးရဲ့ ရုပ်ရှင်တွေကြည့်ရတာ အရမ်းကြိုက်တာ...တစ်ပုဒ်ချင်းစီကိုလည်း .... တစ်ကြိမ်မကကြည့်တာလေ...ကျွန်တော် ဒါိရိုက်တာကြီးနဲ့ လူချင်းတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ရှုရှန့်လန်က မျက်ခုံးတို့ပင့်လိုက်ရင်း ဘေးကလူကို ပြုံးပြကာ " ငါရိုက်တဲ့ရုပ်ရှင်အများစုက ပျင်းစရာကောင်းပါတယ်...ငါက ပျင်းစရာစာပေရုပ်ရှင်တွေကို ကလေးတွေကြိုက်မယ်လို့ မမျှော်လင့်ထားဘူး"
သူက ယွီနျန့်ကို နူးနူးညံ့ညံ့လေသံလေးနှင့် မေးလာသည် " ဘယ်တစ်ခု အကြိုက်ဆုံးလဲ"
ယွီနျန်က တုံ့ဆိုင်းခြင်းမရှိဆိုလာသည် " "လူမျိုးရေးစစ်သည်တော်"နဲ့ "လွတ်မြောက်ခွင့်"ကို အကြိုက်ဆုံးပါ..."လွတ်မြောက်ခွင့်"ကိုတော့ ပိုကြိုက်တယ်...နောက်ဆုံးမှာ ယွင်လိုင်က ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်လိုက်တဲ့နေရာက ကျွန်တော်စိတ်ထဲ တော်တော်စွဲသွားတာ ..အဲ့တာကြည့်ပြီးတော့ မျက်လုံးပိတ်လိုက်တဲ့အချိန်တိုင်း မျက်စိရှေ့ အဲ့ဒီဇာတ်ဝင်ခန်းပဲ ပေါ်ပေါ်လာတာ"
ရှုရှန့်လန်က "လွတ်မြောက်ခွင့်"ဆိုသည့် ရုပ်ရှင်ကို ယွီနျန်ကြိုက်မည်ဟု မထင်ထားခဲ့ချေ။ ထိုရုပ်ရှင်က သူ၏အကျေနပ်ဆုံးလက်ရာဖြစ်ခဲ့၍ မေးခွန်းနည်းနည်းပါးပါးမေးကြည့်လိုက်သည် " ဒါဖြင့် ယွင်လိုင်က သေကြောင်းကြံသင့်တယ်လို့ မင်းထင်လား"
ယွီနျန်က စက္ကန့်အနည်းငယ်မျှ စဥ်းစားလိုက်ရင်း တည်တည်ငြိမ်ငြိမ်ပြန်ဖြေလာသည်
" လုပ်သင့်တာမလုပ်သင့်တာရယ်လို့ မရှိပါဘူး....လူတိုင်းမှာ သူတို့ဘဝကိုထောက်ပံ့ပေးနေတဲ့ ကိုယ်ပိုင်အကြံစည်နဲ့အပြုအမူဆိုတာရှိတယ် .....ယွင်လိုင်က သူ့စိတ်ကူးနဲ့ အပြုအမူတွေ ပျောက်ဆုံးသွားရုံလေးပါ"
ရှုရှန့်လန်က မှားသည်မှန်သည်မပြောပဲ ယွီနျန့်ပုခုံးကို ပုတ်လိုက်ရင်း " ကျေးဇူးပြုပြီး ခဏလောက်စောင့်နော်...အဆိုတော် နှစ်ယောက်ကျော်ကျော်လောက် လာအုံးမှာ....သူတို့အားလုံးရောက်မှ စကြတာပေါ့"
ယွီနျန်က မုန့်ယွမ်နှင့်အတူ ဘေးကနားနေခန်းသို့ သွားလိုက်သည်။ အထဲတွင် မည်သူမှမရှိ၍ staffလေးက လက်ဖက်ရည်နှစ်ခွက်ယူလာပြီး ချပေးလာကာ ထွက်သွားသည်။
မုန့်ယွမ်က သတိအနေအထားနှင့်နေပြီး ယွီနျန်ကိုလည်း ဤနေရာက လက်ဖက်ရည်ကို သောက်ခွင့်မပေးချေ။ သူက အပူခံလက်ဖက်ရည်ဗူးလေးကမ်းပေးလာပြီး ရှုရှန့်လန်၏ရုပ်ရှင်များကို အမှန်တကယ်ကြိုက်တာလားဟုလည်း ယွီနျန့်ကိုမေးမလာချေ။ သူက မိတ်ဆက်ပေးလာသည်
" ဒါရိုက်တာရှုဘေးကလူက ဒီရုပ်ရှင်ရဲ့ပရိုဂျူဆာနင်ကောလေ....သူက သိုသိုဝှက်ဝှက်သမား...ကြော်ငြာသီချင်းအတွက် အဆိုတော်လေးရွေးရုံလောက်နဲ့ ဒါရိုက်တာရောပရိုဂျူဆာရော ရောက်လာကြတာ...ကြည့်ရတာ ဒီရုပ်ရှင်ကို တကယ်စိတ်နှစ်ထားတဲ့ပုံပဲ"
ယွီနျန်က နာမည်နှင့်ဖုန်းနံပတ်တို့ကို ဖုန်းထဲရှိလိပ်စာစာရင်းထဲရေးမှတ်လိုက်ရင်း စကားနှစ်ခွန်းစပြောပြီးနောက် ပြန်ပြန်မှတ်မိနေရန် သီချင်းစာသားစာရွက်ထုတ်လိုက်သည်။ မုန့်ယွမ်က သူ့ကိုမနှောင့်ယှက်တော့ပဲ ဖုန်းထုတ်ကာ သူ့လုပ်စရာရှိသည်ကို လုပ်နေသည်။
သိပ်မကြာမီ နားနေခန်းတံခါးပွင့်သွားပြီး ယိုယိုနှင့်ဟယ်ကျွင်းယွီတို့ အတူတူဝင်လာကြသည်။ သုံးယောက်သား တစ်ယောက်နှင့်တစ်ယောက် ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သော်လည်း ယခင်က တစ်ခါမှမတွေ့ဖူးသည့် ပြိုင်ပွဲဝင်များဖြစ်နေ၍ မည်သူမှ နွေးထွေးဟန်မဆောင်တော့ပဲ တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။
မကြာမီ staffတစ်ယောက်ဝင်လာပြီး ဟယ်ကျွင်းယွီကို ခေါ်ထုတ်သွားသည်။ ဆယ်မိနစ်အကြာ ယိုယိုကလည်း ထွက်သွားလေသည်။
မုန့်ယွမ်က ဘေးဘီကြည့်လိုက်ရင်း ယွီနျန်က သူ့ထက်ပိုတည်ငြိမ်နေသည်ကို တွေ့လိုက်၍ " မင်း စိတ်မလှုပ်ရှားဘူးလား"
ယွီနျန်က စာသားများမှ အကြည့်ခွာလိုက်ရင်း " စိတ်လှုပ်ရှားနေလည်း အသုံးအဝင်ပါဘူး...စာသားတွေ နည်းနည်းလောက် မှတ်နေတာမှ ပိုကောင်းအုံးမယ်"
မုန့်ယွမ်က တစ်ခဏမျှတွေးတောလိုက်ရင်း " အဲဒါမှန်လောက်တယ်"
နောက်ထပ် မိနစ်နှစ်ဆယ်ခန့်စောင့်ပြီးသည်နှင့် တံခါးပြန်ပွင့်လာသည်။ staffအဖွဲ့ဝင်က ယဥ်ယဥ်ကျေးကျေးဆိုလာသည် " ဒါရိုက်တာရှုက ခေါ်ခိုင်းလိုက်ပါတယ်"
ယွီနျန်က သူ့ကို ကျေးဇူးတင်လိုက်သည်။
ရိုက်ကူးရေးစတူဒီယိုထဲဝင်လိုက်ပြီးချိန် အသံကြားဖန်ထည်နှင့်ကာထားသည်။ ယွီနျန်က အပြင်တွင်ရပ်နေသည့်သူများ၏ မျက်နှာပုံစံကို ကြည့်မနေတော့ပဲ နားကျပ်တပ်လိုက်သည်။
ရှုရှန့်လန်က နင်ကောနှင့်အတူရပ်နေရင်း မိုက်ရှေ့ရပ်နေသည့်ယွီနျန့်ကို အကဲဖြတ်သည့်မျက်လုံးများနှင့်ကြည့်လိုက်ပြီး အသံတိုးတိုးမေးလာသည် " ရုပ်ရည်နဲ့ ပုံစံလေးက အဆင်ပြေတယ်လို့ မင်းထင်လား"
နင်ကောက လက်ပိုက်ထားရင်း "ဒါရိုက်တာရှု...ခင်ဗျားက ဒါရိုက်တာလား ကျုပ်ကဒါရိုက်တာလား....ခင်ဗျားလူ ခင်ဗျားရွေးလေ...ကျုပ်ကို ဘာလို့လာမေးနေရတာလဲ"
"ဦးနှောက်သုံးဖို့ ပျင်းတယ်လို့သာ ပြောစမ်းပါ" ရှုရှန့်လန်က ညည်းညူလိုက်သည်
" ငါ နောက်ထပ် တစ်ချက်လောက်ကြည့်ကြည့်ပြီး ကိုယ့်ဘာကိုယ် စဥ်းစားကြည့်မယ်"
နင်ကောက ခေါင်းညိမ့်လိုက်ရင်း ယွီနျန်သီချင်းဆိုသည့်အပေါ် အာရုံစိုက်နားထောင်နေပြီး တီးလုံးပြောင်းချိန်ကိုစောင့်ပြီး မေးလိုက်သည် " သူသီချင်းဆိုတာ ဘယ်လိုထင်လဲ"
ရှုရှန့်လန်က ထိုမေးခွန်းကို တုံ့ဆိုင်းခြင်းမရှိဆိုလာသည် " ယိုယိုနဲ့ဟယ်ကျွင်းယွီထက် ပိုကောင်းတယ်"
"အဲဒါအမှန်ပဲ....ဒါပေမယ့် သူက ယိုယိုလောက်ဖန်များဘူး.....သူက လွန်ခဲ့တဲ့အချိန်လေးကမှ နာမည်ကြီးလာတာဆိုတော့ အဲ့ဒါက အားနည်းပြီးမငြိမ်သေးလောက်ဘူး"နင်ကောက လက်မောင်းပေါ် လက်ချောင်းများနှင့် တတောက်တောက်လုပ်နေရင်း " ငါ ယိုယိုကို ရွေးလိုက်မယ်"
ရှုရှန့်လန်က ချက်ချင်းမပြောလာသော်ငြား ယခင်ကနှင့်အတူတူပြောလိုက်သည် "ငါလည်း အဲ့လိုစဥ်းစားထားတယ်"
ရလဒ်ကို မကြေညာသေးသော်လည်း ရက်နည်းနည်းကြာမှ အေးဂျင့်ကို အသိပေးမည်ဖြစ်သည်။ သီချင်းဆိုပြီးနောက် ယွီနျန်က ရိုက်ကူးရေးစတူဒီယိုထဲမှထွက်လာပြီး ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်ရင်း မုန့်ယွမ်နှင့်အတူပြန်သွားသည်။
ဓါတ်လှေကားထဲတွင် မုန့်ယွမ်က ထောင့်စွန်းလေးကိုမနှိပ်သေးပဲ ပြောလာသည် "ဒီတစ်ကြိမ်က ခက်ခဲမယ်...ယိုယို့မန်နေဂျာနဲ့စကားပြောကြည့်တာ....အခြေအနေအရဆို ယိုယိုက အားသာနေတယ်"
ထိုစကားကြားစဥ် ယွီနျန့်မျက်နှာ ပြောင်းလဲမသွားချေ
" ဒီတစ်ကြိမ်သီချင်းဆိုတုန်းက ကျွန်တော်အမှားမလုပ်ခဲ့ဘူး....အရွေးမခံရရင်လည်း အကောင်းဆုံးလုပ်ခဲ့တာမို့လို့ ကျွန်တော်နောင်တရနေမှာမဟုတ်ပါဘူး"
"မင်း အကောင်းဆုံးလုပ်ခဲ့ပါတယ်"
မုန့်ယွမ်က သက်ပြင်းထပ်ချလိုက်ရင်း " အခုခေတ်မှာ ရုပ်ရှင်ရဲ့ အကြိုလူထုရှေ့ချပြတာက ပိုအရေးကြီးလာပြီ...နာမည်ကြီးဒါရိုက်တာနဲ့ထုတ်လုပ်ရေးကြီးကြီးတွေတောင် ရုပ်ရှင်ကြည့်လက်မှတ်များများရဖို့ ဒီမရိုးသားတဲ့နည်းလမ်းတွေသုံးကြရတယ်...အရင်က ယိုယိုရဲ့ဖျော်ဖြေမှုကို ကြားဖူးတယ်...သူက မင်းလောက်တောင်မကောင်းဘူး.... သူက မင်းထက် ဖန်ပိုတောင့်တယ်ဆိုတာလေးပဲ ယှဥ်စရာရှိတာ"
ယွီနျန်က မုန့်ယွမ်ဘက်လှည့်ပြီး ဖျောင်းဖျလိုက်သည်
" ကျွန်တော်တို့ အချိန်ယူကြတာပေါ့....အနာဂတ်မှာ သေချာပေါက် ကျွန်တော် အင်အားကြီးလာစေရမယ်"
မုန့်ယွမ့်ရင်ဘတ်ထဲရှိ တိမ်များကင်းစင်သွား၍ ရယ်မောလိုက်ရင်း " ဟုတ်တယ်...ဟုတ်တယ်....မင်းက သေချာပေါက် အနာဂတ်မှာ အင်အားကြီးလာမှာ"
နေ့လည်ပိုင်းတွင် ယွီနျန်က ကျွမ်းကျင်သင်တန်းများအတွက် ကုမ္ပဏီသို့ဆက်သွားလိုက်သည်။ သူ့ခြေထောက်ဒဏ်ရာလည်း ပြန်သက်သာသွားပြီဖြစ်သည်။ နောက်ပိုင်းကရာတွင် မထိခိုက်စေရန် အဆစ်လွဲမည့်ကိစ္စမျိုးမရှိစေရန်အတွက် ခြေကျင်းဝတ်အားကို ထိန်းပြီးလေ့ကျင့်ရမည်ဖြစ်သည်။
ညပိုင်းအိမ်ပြန်လာပြီးနောက် ယွီနျန်က မတ်စ်တပ်ပြီး အနီးနားရှိရှော့ပင်းမောသို့သွားလိုက်ရင်း ဝက်နံရိုးနှင့်ပင်လယ်ရေညှိဝယ်လိုက်သည်။ ထို့နောက် စင်များကိုကျော်လိုက်ရင်း မီးခိုးရောင်အပူခံရေနွေးဗူးလေး ရွေးလိုက်သည်။
ပါဝင်ပစ္စည်းများကို ထည့်ပြီးရောမွှေလိုက်ရင်း မီးနည်းနည်းဖိုလိုက်သည်။ ထို့နောက် စာကြည့်ခန်းထဲသွားလိုက်ရင်း ပစ္စည်းစာရင်းချရေးလိုက်သည်။
ရှင်းဟိုင်နှင့်စာချုပ်ချုပ်ပြီး liveလွှင့်ရသည့်ပိုက်ဆံ "သဘာဝရဲ့ သံစဥ်"မှ ဖျော်ဖြေကြေးနှင့်ဆုကြေးငွေပေါင်း ယွီချင်း၏ရုပ်ရှင်အဖွင့်သီချင်းနှင့်ရုပ်ရှင်စတူဒီယိုက အခကြေးငွေနှင့်ဆိုပါက အားလုံးပေါင်း ဂဏန်း၇လုံးရှိသည်။
ဂဏန်းနည်းနည်းချန်ထားပြီး ကျန်သည်ကို အကောင့်ထဲထည့်လိုက်သည်။ ယွီနျန်က စျေးနှုန်းကို ခန့်မှန်းကြည့်သည်။ သူက ပိုက်ဆံပြတ်မနေသည့်လေလံဆွဲသမားတစ်ယောက်ကို မကြုံရသရွေ့ ပစ္စည်းပြန်ရနိုင်သည်။
ဝက်နံရိုးစွပ်ပြုတ်က နှစ်နာရီအတွင်း ဆူပွက်လာပြီး မီးဖိုချောင်ထဲမှ အစားအစာနံ့ လှိုင်လှိုင်ထွက်နေသည်။ ယွီနျန်က အချိန်တန်ပြီဟုတွေးလိုက်ပြီး မီးဖိုချောင်ထဲဝင်ရန်ပြင်စဥ် တံခါးဘဲလ်သံကြားလိုက်ရသည်။
လာသည့်သူကို တစ်ချက်ကြည့်လိုက်ပြီးမှ ယွီနျန်က တံခါးဖွင့်ပေးလေသည်။
ယခင်ကအတိုင်း အမည်းရောင်အနောက်တိုင်းဝတ်စုံနှင့်လူဖြစ်ပြီး တစ်ဖက်လူက ကတ်လေးပါသည့်ဗူးလေးတစ်ခု ကမ်းပေးလာသည်။
ယွီနျန်က ကတ်ကို အရင်ဆုံးဖွင့်လိုက်ရာ သူ့အကြည့်တို့ဖမ်းစားသွားသည်က " ညစာမှာမြည်းကြည့်တာ အရသာရှိတယ်"ဆိုသည့် စုတ်ချက်ပြင်းပြင်းနှင့်ရေးထားသည့် ရင်းနှီးနေသောလက်ရေးဝိုင်းဝိုင်းလေးများပင်။
ဒါဖြင့် ခင်ဗျား ကျွန်တော့်ကို မြည်းကြည့်စေချင်တာလား။
ယွီနျန်က ပြုံးလိုက်ရင်း မော့ကြည့်လိုက်ပြီးဆိုသည်
" ကျေးဇူးပြုပြီး နှစ်မိနစ်လောက်စောင့်ပါလား...ပြန်ပေးမလို့ ဒုက္ခရှာမိအုံးမှာမို့"
မီးဖိုချောင်ထဲဝင်ရင်း ယွီနျန်က အံဆွဲထဲမှ သန့်ရှင်းထားသည့် အသစ်စက်စက်အပူခံရေနွေးဗူးတစ်ခု ထုတ်လိုက်ပြီး အိုးထဲမှ ဝက်နံရိုးစွပ်ပြုတ်ခပ်ထည့်လိုက်သည်။
အဖုံးပိတ်လိုက်ရင်း စွပ်ပြုတ်လျှံမထွက်လာမှန်းသေချာမှသာ ယွီနျန်က တံခါးဆီသွားလိုက်သည်။
တစ်ဖက်လူက ဓါတ်ဗူးလေးယူလိုက်ရင်း ခေါင်းညိမ့်ပြပြီး လှည့်ပြန်သွားသည်။
ချူရှောင်းရန်က ညစာစားပွဲမှ ထွက်လာရင်း အသစ်စက်စက်ဝယ်ထားသည့် ပြိုင်ကားလေးနှင့် ရွှယ်မိသားစုအိမ်ဆီ တည့်တည့်သွားလိုက်ပြီး ရွှယ်ယုံ့စာကြည့်ခန်းထဲ တန်းသွားလိုက်သည်။
တံခါးတွန်းဖွင့်ဝင်လိုက်ရာ နွေးထွေးသောအလင်းဖျော့ဖျော့က ဖြာကျလာသည်။ ချူရှောင်းရန်က အရောင်ဖျော့ဖျော့ကော်ဇောပေါ် ခြေချလိုက်ရင်း ကားသော့တယမ်းယမ်းနှင့် မေးပင့်ပြောလာသည်
" ရွှယ်ရှောင်ယုံ...မင်းငါ့ကို ဒီညလာခဲ့ဖို့ နှစ်ခါဆက်တိုက်ခေါ်ထားတာ အရေးကြီးကိစ္စများရှိလို့လား"
ရွှယ်ယုံက အသက်ဖွဖွရှူလိုက်ရင်း သူ့ဘေးတွင် သေသေချာချာထားထားသည့် ဓါတ်ဗူးလေးကို ညွှန်ပြလိုက်သည်
" ဒီဟာရဲ့ အစဘယ်လိုဖြစ်လာသလဲ ကြားချင်လား"