Chapter 38
ဒါ စိတ်ဝင်စားစရာပဲ
ချူရှောင်းရန်က အသက်ပြင်းပြင်းရှူ၍ သူ့ကိုယ်သူ တွေးလိုက်မိသည်။ နို့ဘူးတစ်ဘူးတည်း အတူသောက်ခဲ့တဲ့ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ကြည့်လိုက်စမ်းပါဦး... ဒီသခင်လေးက နားထောင်ပေးမယ်... ဒီအနွေးဘူးအစုတ်ရဲ့ ဇစ်မြစ်ကို ပြောလိုက်စမ်းပါ...
သူ ဆိုဖာပေါ် ဝင်ထိုင်လိုက်ပြီး ခြေတံရှည်များကို ချိတ်ကာ အရောင်တောက်တောက် လည်စီးကို လျှော့လိုက်ရင်းဖြင့် ထိုအနွေးဘူး၏ အတွင်း၌ စိန်များကို အလွှာ သုံးလွှာလောက်ထိ မြှုပ်ထားသည်ဟု ရွှယ်ယုံပြောလာခဲ့လျှင်တောင် အံ့သြသွားလိမ့်မည် မဟုတ်ဟု တွေးထားလိုက်သည်။ ထို့နောက် သူပြောလိုက်လေသည်။
"အဆင်သင့်ဖြစ်ပြီ... ပြောတော့"
ရွှယ်ယုံ၏ အကြည့်တို့က မီးခိုးရောင် အနွေးဘူးလေးထံ ဝေ့ဝဲသွားလေသည်။ ထိုဘူးလေးကို တစ်ခဏလောက်ထိ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါ ယွီနျန်ဆီက ရတဲ့ လက်ဆောင်လေ... ဝက်နံရိုးနဲ့ ရေညှိစွပ်ပြုတ် ထည့်ထားတာ"
ချူရှောင်းရန်မှာ တစ်ခဏမျှ စောင့်ဆိုင်းနေသေးပါသော်လည်း ထိုစကားက မည်သည်ကို ဆိုလိုနေသည်ကို နားလည်သွားရန်အတွက် နောက်ထပ် စာကားထွက်လာသည်အထိ မစောင့်လိုက်ရ။
"ထပ်မရှိတော့ဘူးလား"
ချူရှောင်းရန် ပဟေဠိ ဖြစ်သွားပြီး ထပ်မေးလိုက်သည်။ "ဒီအနွေးဘူးကို ယွီနျန် ပေးထားတာ... ပြီးတော့ အထဲမှာ ဝက်နံရံရိုးနဲ့ ပင်လယ်ရေညှိ စွပ်ပြုတ်ပါတယ် ဟုတ်လား"
မီးအိမ်လေးကြောင့် ကော်ဇောပေါ်၌ ထင်ဟပ်နေသော အရိပ်လေးကို ကြည့်၍ ချူရှောင်းရန်၏ မျက်လုံးများ ဗလာဖြစ်သွားလေသည်။
အိုး...
သူ့မျက်နှာကို ပွတ်သပ်၍ သူ့စိတ်ကူးယဥ်နိုင်စွမ်များကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။ "မင်းရဲ့ နျန်နျန်က ဝက်နံရိုးနဲ့ ရေညှိ စွပ်ပြုတ်ချက်ထားလို့ အနွေးဘူးနဲ့ ထည့်ပြီး မင်းစားဖို့ ပေးလိုက်တာပေါ့လေ"
"အင်း"
ရွှယ်ယုံတစ်ယောက် အနက်ရောင် ပိုးသား ရှပ်အင်္ကျီကို ဝတ်ထားပြီး ကျောမတ်မတ် ထိုင်နေရင်း ပျော်ရွှင်နေသော အမူအယာကို ထိန်းထားရန် ကြိုးစားနေပါသော်လည်း နားရွက်ထိပ်နီနီလေးများကို မဖုံးကွယ်နိုင်ဘဲ ရှိနေသည်ကို မြင်ရသောအခါ ချူရှောင်းရန်၏ စိတ်ထဲ ရှုပ်ထွေးသွားရသဖြင့် စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ ရုတ်တရက် အတွေးထဲ နစ်မြောသွားပြီး တစ်ခဏမျှ ချဥ်စူးစူး ဖြစ်သွားသည်။
စန္ဒယားဆရာမထံမှ ချီးကျုးခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့နေပြီး မျက်လုံးလေးများ တောက်ပနေသည့် စန္ဒယားခုံရှေ့မှ တိတ်တဆိတ် ထိုင်နေသည့် ရှောင်ရွှယ်ယုံလေးကို ပြန်မြင်နေရသကဲ့သို့ပင်။
ရွှယ်ယုံကို ဒီလိုပုံစံ မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ... လက်ရှိရွှယ်ယုံမှာ စကားတစ်ခွန်းပင် မဆိုရဘဲ အတွင်းရေးမှူးကို မျက်ရည်တောက်တောက် ကျသည်အထိ ကြောက်လန့်သွားစေနိုင်သည်။ သူ့အကြည့် တစ်ချက်ကပင် ပွက်လောရိုက်နေသော အစည်းအဝေးခန်းတစ်ခုလုံးကို ချက်ချင်း တိတ်ကျသွားစေနိုင်ပေသည်။
အမူအယာမဲ့တဲ့ စက်ရုပ်တစ်ရုပ်လို မတုန်မလှုပ်နဲ့ ခက်ခဲနက်နဲပြီး တိကျပြတ်သား အဖက်မလုပ်တတ် အေးစက်နေတဲ့သူ... ဒါက တခြားသူတွေ ရွှယ်ယုံပေါ် ထားတဲ့ အမြင်ပဲ...
သို့သော်လည်း ရွှယ်ယုံက ထိုကဲ့သို့ လုံးဝ မဟုတ်သည်ကို သူ ကောင်းကောင်း သိနေပေသည်။
သူ ဝတ်ကို ဝတ်ထားရမည့် မျက်နှာဖုံး တစ်ခုအား အချိန်အကြာကြီး တပ်ဆင်ထားခဲ့ရပြီး ထိုမျက်နှာဖုံးနှင့် တစ်သားတည်း ဖြစ်လာခဲ့ခြင်းသာ...။
ထို့နောက် ရွှယ်ယုံ ဆက်ပြောသည်ကို ကြားလိုက်ရသည်။ သူ့အသံက အနည်းငယ် နူးညံ့နေပြီး တစ်ခုခုအား အထိတ်တလန့် ဖြစ်ရမည်ကို စိုးရိမ်နေသည့်အလား... "ဒီအနွေးဘူးက အသစ်ကွ... ငါ မီးခိုးရောင်ကို ကြိုက်တယ်"
ဒီအနွေးဘူးက ယွီနျန် သူ့အတွက် အထူးတလှယ် ဝယ်ပေးထားတာကွ...
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူရှောင်းရန် အသိစိတ် ပြန်ဝင်လာပြီး သွားများ နာကျင်လာသလို ခံစားလိုက်ရသည်။
အိုကေ... အိုကေ... အိုကေ... မင်းတို့ကောင်တွေသာ အမိုက်ဆုံးပါ... သူတွေးကြည့်လိုက်ပြီးနောက် ထူးဆန်းနေသလို ခံစားလိုက်ရသည်၊
"မင်းက ဝေ့ပေါ်မှာ ဟိုလို စကားမျိုးတွေ တင်ပြီး မင်းရဲ့ အတွေးတွေကို မြေအောက် ငါးကီလိုမီတာအထိ ဖုံးထားပေမယ့် မင်းက ယွီနျန်ကို တကယ် အပုပ်ချနေတာပဲကွ... ယွီနျန်က မင်းကို မမုန်းလိုက်ချင်လို့ မင်းနဲ့ မဆက်သွယ်ဖို့ ဆုံးဖြတ်ထားတာများလား"
စကား ပြောနေစဥ်မှာပင် ချူရှောင်းရန် တစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး တံတွေးမျိုချလိုက်သည်။ "ငါ ပြောမယ်... ရွှယ်ရှောင်ယုံ... မင်း စွပ်ပြုတ် မသောက်ရသေးဘူးမလား... အဲ့မှာ... အဲ့မှာ အဆိပ်လိုမျိုး တစ်ခုခု ပါမနေလောက်ဘူးလား"
ရွှယ်ယုံ: “……”
ရွှယ်ယုံ၏ ဖော်ပြ၍ မရနိုင်သော အမူအယာကို မြင်သောအခါ ချူရှောင်းရန် စကားပြောရပ်သွားသည်။
ကောင်းပြီလေ... သူ တော်တော်လေး နားမလည်နိုင်သေးပေမယ့် စိတ်ဝင်စားစရာ မကောင်းဘူးလားလို့...
ချူရှောင်းရန် ထပ်ပြီး အမှတ်ရမိသွားသည်။ "စကားမစပ် မနက်ဖြန် အစည်းအဝေး ရှိသေးတယ်... ငါ့အစ်ကိုက ငါ့ဆီ တိုက်ရိုက် ဖုန်းခေါ်ပြီး အစည်းအဝေး တက်ဖို့ ပြောထားတာ ဆိုတော့ အန်တီ့အတွက် လက်ဆောင်ရွေးဖို့ လေလံပွဲကို မလိုက်နိုင်တော့ဘူး"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပြီလေ... ငါ့လက်ထောက်ကို ခေါ်သွားလိုက်မယ်"
*****
လေလံပွဲ ညနေခင်းတွင် ယွီနျန် စောစော ရောက်လာကာ ဖိတ်စာကဒ်ပြလိုက်ပြီးနောက် ဟောခန်းထဲသို့ ဝင်လာခဲ့သည်။
လေလံပွဲ၏ အတွင်းပိုင်းကျင်းပရာနေရာက တောင်ခြေရှိ ဗီလာဟောင်းကြီး တစ်ခုထဲတွင် တည်ထားခြင်း ဖြစ်သည်။ ဗီလာက ကျယ်ပြောလှသော ဧရိယာကြီးကို ပိုင်ဆိုင်ထားပြီး ပွဲကြည့်စင်များ၊ ရေတံခွန်များ ပါဝင်ကာ တောင်ကျချောင်းရေနှင့် ရေတံခွန်သံ သဲ့သဲ့တို့ကို အထဲမှ နေ၍ ခပ်ဖျော့ဖျော့ ကြားနိုင်နေသည်။
အခန်းက အတော်လေး ကျယ်ဝန်းသည်။ စောနေသေးသောကြောင့် ပွဲကျင်းပရာနေရာ၌ လူသိပ်မရှိဘဲ လူအများစုမှာ အသက်ငါးဆယ်ကျော်အရွယ် လူကြီးများ သို့မဟုတ် ဝတ်စုံပြည့်နှင့် ရှူးဖိနပ်များ ဝတ်ထားသည့် အောင်မြင်ကျော်ကြားသူများ ဖြစ်ကြသည်။ ရိုးရိုး ချည်သားတီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားသည့် လူငယ်လေး တစ်ယောက် ဖြစ်သည့် ယွီနျန် ဝင်လာသောအခါ လူများစွာ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်မိသွားလေသည်။
သူက စိတ်အခြေအနေ ကောင်းနေပြီး စင်ကြောက်နေပုံလည်း မရှိဘဲ သဘာဝကျကျ အပြုအမူလည်း ရှိနေသည်။ သို့သော်လည်း ခြေနှစ်လှမ်းမျှ လှမ်းရသေးချိန်တွင် ရုတ်တရက် အတားခံလိုက်ရသည်။ "မင်းက ယွီမိသားစုကလား"
ယွီနျန် ရပ်သွားပြီး ကြည့်လိုက်ရာ လူအိုကြီး တစ်ယောက်၏ အကြည့်တို့နှင့် ဆုံတွေ့လိုက်ရသည်။ သူ အသေအချာ ပြန်စဥ်းစားလိုက်ပြီးနောက် မျက်လုံးများ ကွေးညွှတ်လာလေသည်။
"ဘိုးဘိုးကု"
ကုရိရန်က လမ်းလျှောက်တုတ်ကို အားပြုထားရင်း ရယ်မောလိုက်သည်။ "ကြည့်ရတာ ဒီကလေးက မှတ်ဥာဏ်ကောင်းပုံပဲ... တကယ်တမ်း မင်းငါ့ကို လွန်ခဲ့တဲ့ ကိုးနှစ်က တစ်ခါပဲ တွေ့ဖူးတာ... ဒါတောင် အခုထိ မမေ့သေးဘူးပေါ့လေ"
ယွီနျန်က ကုရိရန်ထံ လျှောက်လာပြီး လူအိုကြီး၏ ခပ်ကိုင်းကိုင်း ကျောပြင်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဦးညွှတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "ဘိုးဘိုးကမှ ကျွန်တော့်ထက် ပိုမှတ်ဥာဏ်ကောင်းတာပေါ့... ကျွန်တော် ထွားလာခဲ့တောင် ဘိုးဘိုးက တစ်ချက်ကြည့်တာနဲ့ မှတ်မိသွားတာလေ"
ကုရိရန်က ယွီနျန်ကို ကြည့်လိုက်ပြီး အသံတို့က နှေးကွေး ပျော့ပျောင်းလာကာ အတိတ်ကို လွမ်းဆွတ်နေဟန်အပြည့် ဖြစ်နေသည်။
"မင်းမျက်လုံးတွေက မင်းအဘွားနဲ့ တော်တော်လေး တူတယ်... မင်းရဲ့ နှာခေါင်းက မင်းအဘိုးနဲ့ ဆင်တာလေ... မင်းကို တွေ့တွေ့ချင်း ရင်းနှီးနေတယ်လို့ ခံစားရတာပဲ... ပြီးတော့ ယွမ်ဖူ စုန့်ဟယ် ပန်းအိုးကို ဒီနေ့ လေလံတင်မှာမလား... မင်း သေချာပေါက် ရောက်လာလိမ့်မယ်လို့ တွေးနေတာ"
သူ့ဘေးမှ သက်လတ်ပိုင်းလူနှစ်ယောက်က ကုရိရန် ယွမ်ဖူစုန့်ဟယ် ပန်းအိုးအကြောင်း ထည့်ပြောနေပြီး လူငယ်လေးကိုလည်း တရင်းတနှီး ပြောဆိုနေသည်ကို ကြားလိုက်ရသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။ "ကုရိရန် ဒါဘယ်သူလဲ"
"လာလေ... စကားပြောရအောင်" ကုရိရန်က အပြုံးလေးတစ်ခုဖြင့် မိတ်ဆက်ပေးလိုက်သည်။
"သူက ယွီနျန်လေ... ချင်းရှန်း ယွီမိသားစုရဲ့ မျိုးဆက်ပဲ... သူက အရမ်းငယ်သေးတယ်... မင်း သူ့ကို အနိုင်ကျင့်လို့တော့ မရဘူးနော်... မဟုတ်ရင် ငါတို့ လူအိုကြီးတွေ လိုက်ကြတော့မှာ မဟုတ်ဘူး"
ယွီနျန်မှာ ကုရိရန် သူ့အား အထောက်အပံ့ ဖြစ်ပေးနေသည်ကို သိပါ၏။ ထို့ကြောင့် တိတ်တဆိတ်သာ ပြုံးနေပြီး ဝင်မပြောပေ။
"သူက မစ္စတာ ရှို့နျင်းရဲ့ မြေးဖြစ်နေတာကိုး" မေးခွန်း မေးလိုက်သူက ရုတ်တရက် နားလည်သွားပြီး ယွီနျန်ကို နှုတ်ဆက်ရန် လေးစားမှု အပြည့်ဖြင့် လက်ဆန့်ပေးလာသည်။ "မစ္စတာရှို့နျင်းက ဆွေကြီးမျိုးကြီးတစ်ယောက်ပဲ... သူမြေးဘယ်လောက် တော်ကြောင်း မကြာခဏ ပြောခဲ့ဖူးတယ်"
ယွီနျန်က ယဥ်ကျေးစွာဖြင့် နှုတ်ဆက်စကား ဖလှယ်ခဲ့ပြီးနောက် ကုရိရန် ပြောသော စကားကို ကြားလိုက်ရသည်။ "လေလံပွဲမစကတည်းက ငါတို့ လူအိုကြီးတွေ သဘောတူထားပြီးပြီ... ရတနာတွေကို ငါတို့နိုင်ငံထဲမှာပဲ တတ်နိုင်သမျှ ရအောင် ထိန်းသိမ်းဖို့ ကြိုးစားကြလိမ့်မယ်"
သူက ပြုံးရယ်လျက်ပင် ပြောလိုက်ပြန်သည်။
"မစိုးရိမ်ပါနဲ့... ယွီမိသားစုက တစ်ယောက်ယောက် ရောက်လာရင် ယွမ်ဖူစုန့်ဟယ် ပန်းအိုးကို ပြိုင်မလုကြဖို့လည်း သဘောတူထားပြီးပြီ... မင်းအဘိုးသာ ရှိနေသေးရင် မင်းပန်းအိုး ပြန်ဝယ်လာနိုင်တာကို တွေ့ပြီးတော့ သေချာပေါက် ဂုဏ်ယူနေမှာ"
“ကျေးဇူးတင်ပါတယ် ဘိုးဘိုးကု" ယွီနျန်က နှလုံးသားထဲမှ နာကျင်မှုများကို ဖိနှိပ်ထားလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဘာကျေးဇူးတင်စရာလိုလဲ... ဒါ လုပ်သင့်တာပဲလေ... မစ္စတာရှို့နျင်းက ဒီကိစ္စအတွက် သူ့တစ်ဘဝလုံး မြှုပ်နှံထားခဲ့တာ... ဒီအကြောင်းကို ဘယ်သူ့မှ မေ့သွားကြမှာ မဟုတ်ဘူး"
ကုရိရန်၏ မျက်လုံးများက အတန်ငယ် တိမ်ဖုံးနေပါသော်လည်း သွက်လက် ဖြတ်လတ်နေဆဲ ဖြစ်ပြီး ယွီနျန်ကို ကြည့်လိုက်သည်၊
"မစ္စတာ ရှို့နျင်း ဆုံးသွားတုန်းက မင်း ဆယ့်နှစ်နှစ်ပဲ ရှိသေးတာကို ငါမှတ်မိသေးတယ်... မင်းက ဝမ်းနည်းပူဆွေးခြင်းခန်းမထဲ ဒူးထောက်နေတဲ့ ကလေးလေးတစ်ယောက် ဖြစ်နေတော့ ငါတို့ကို တော်တော်လေး စိတ်ပူစေခဲ့ရတာ... ဒါပေမယ့် အချိန်တွေ ကုန်လွန်လာတော့ မင်းလည်း ကြီးပြင်းလာခဲ့ပြီ"
သူ တစ်ခုခုကို တွေးမိသွားသည်။ "ငါ အမှတ်မမှားရင် လွန်ခဲ့တဲ့ သုံးနှစ်က ဥရောပမှာ ရောင်းချခဲ့တဲ့ "ကျန်းရှန်း လျန်ယွီ 1 ပန်းချီကား"၊ "ရှီနူ 2ပန်းချီကား" နဲ့ "ရှုခင်းပုံဒီဇိုင်း ငါးမြီးပန်းအိုး"တွေကို တရုတ်ပြည်ကို ပြန်ဝယ်လာပေးခဲ့တာ မင်းပဲမလား"
ယွီနျန်၏ သဘောထားက အလွန် ရိုသေမှု ရှိနေသည်။ သူ အနည်းငယ် ခပ်ရှက်ရှက် ဖြစ်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ဘိုးဘိုး မှန်းတာ အမှန်ပါပဲ... တော်တော်လေး လန့်ဖို့ ကောင်းတာ... လူတွေအများကြီးက သူတို့ကို လုဝယ်ချင်နေကြတာလေ... ကံကောင်းလို့ နောက်ဆုံးကျ ပြန်ဝယ်လာနိုင်ခဲ့တယ်"
ကုရိရန်က အရေးအကြောင်းများ တွန့်နေသည့် လက်ဖြင့် သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
"ဒီလောက် ငယ်တဲ့ အရွယ်လေးနဲ့ လွယ်ကူခဲ့မှာ မဟုတ်ဘူး"
စကားအချို့ ပြောဆိုကြပြီးနောက် ကုရိရန်က အပေါ်ထပ်မှ သီးသန့်ခန်းဆီ ဖေးမ၍ ခေါ်သွားခံလိုက်ရသည်။ ယွီနျန်က သူတက်သွားသည်ကို ကြည့်ပြီးနောက် လှည့်ကာ ကန့်လန်ကာတစ်ခု ပိုင်းခြားထားသည့် သီးသန့်ထိုင်ခုံတွင် သွားထိုင်၍ ရေနွေးတစ်ခွက် ခပ်လိုက်သည်။
ကျင်းပရာနေရာက အလွန်ကျော့ရှင်းစွာ တည်ခင်းထားပြီး သီးသန့်နေရာများကို ကာရံပေးထားသည့် ကန့်လန့်ကာများကိုပင် နှစ်ဖက်လုံး၌ ပန်းထိုးထားသေးသည်။
သူက အသုံးပြုထားသော ပန်းထိုးနည်းများနှင့် ပန်းထိုးဒီဇိုင်းများကို သိလိုစိတ်အပြည့်ဖြင့် လေ့လာနေစဥ်မှာပင် တံခါးအပြင်ဘက်၌ ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။ ယွီနျန် အဟကြားမှ လှမ်းကြည့်လိုက်ရာ အကြည့်တစ်ချက်မှာပင် ရွှယ်ယုံကို တွေ့လိုက်ရသည်။
ပုံမှန်နှင့် မတူပဲ ရွှယ်ယုံက မီးခိုးရင့်ရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။ သူက အရပ်ရှည်ကာ ခြေတံရှည်များ ရှိပြီး လည်စီးညှပ်ကလစ်မှ ပတ္တမြားတစ်ပွင့်က အခန်းတွင်း မီးရောင်အောက်တွင် တောက်ပနေလေသည်။ သူ့အမူအယာက တင်းမာနေပြီး နှုတ်ခမ်းတို့က အနည်းငယ် ပါးလျထက်မြနေသည်။ ဂိတ်ပေါက်ဝကို ဝင်လာစဥ် သူ့ဘေးမှ မည်သူကိုမှ မကြည့်ခဲ့ပေ။
ဝန်ထမ်းက လေးလေးစားစား လမ်းပြပေးလာပြီး ရွှယ်ယုံက လက်ထောက် နှစ်ယောက်နှင့်အတူ ဒုတိယထပ်သို့ တက်သွားခဲ့ပြီး မကြာမီ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
မရေတွက်နိုင်သော လူများက တီးတိုးပြောရင်း ကျန်ရစ်ခဲ့ကြသည်။
"ဥက္ကဌရွှယ်တောင် မစ္စတာဝစ်ဂယ်ရီရဲ့ လေလံပွဲကို လာမယ်လို့ မထင်ထားဘူး... တကယ်တော့ လေးစားသမှု ပြဖို့ပဲ"
"ကုမ္ပဏီ နှစ်ခု လုပ်ငန်းဆက်ဆံရေးကောင်းဖို့အတွက် လေးစားသမှူ ပြဖို့ အထူးတလှယ် လာတက်ပေးတာ ဖြစ်မယ်... ဒါပေမယ့် ဥက္ကဌရွှယ်ရဲ့ အရှိန်အဝါက တကယ် ပြင်းတယ်နော်... သူ့စိတ်အခြေအနေက အမြဲတမ်း အေးစက်နေပြီးတော့ သုံးတဲ့ နည်းလမ်းတွေကလည်း အရမ်း အင်အားကြီးတာပဲလို့ ပြောကြတယ်... သိသာမသိထားရင် အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ်ဆိုတာ ယုံနိူင်ကြမှာ မဟုတ်ဘူး"
“မှန်ပါ့... ဒါပေမယ့် အဲ့အချိန်တုန်းက ရွှယ်မိသားစုကို ပုခုံးထမ်းနိူင်ဖို့ဆို အင်အားကြီးနေမှ ဖြစ်မှာလေ"
ရွှယ်ယုံက အလုံပိတ်အခန်းလေးထဲ ဝင်သွားပြီး ထိုင်မိလိုက်သည်နှင့် တံခါးမှာ ဘောဒီဂတ် နှစ်ယောက်ထံမှ ပြန်ပြီး တွန်းဖွင့်ခံလိုက်ရလေသည်။ ထို့နောက်တွင် ရွှေအိုရောင် ဆံနွယ်တို့နှင့် လူငယ်တစ်ယောက်က အလျင်အမြန် ဝင်လာခဲ့ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ကျေးဇူးပါ... ခင်ဗျား လာမယ် မထင်ထားဘူး"
ရွှယ်ယုံ ထရပ်ကာ လက်ကမ်းပေးလိုက်သည်။ "မတွေ့ရတာ ကြာပြီ"
ရွှယ်ယုံ၏ စိတ်အခြေအနေကို သိနေသည့် မစ္စတာ ဝစ်ဂယ်ရီက နှစ်စက္ကန့်မျှ လက်ဆွဲနှုတ်ဆက်ပြီးနောက် မြန်မြန် လွှတ်ပေးလိုက်သည်။
"ဥက္ကဌရွှယ် ဒီကို အချိန်ပေးပြီး ရောက်လာပေးတာ ဂုဏ်ယူစရာပါပဲ... ဒီလေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီး ပါမယ်... လိုချင်တာ ရှိရင် ပြောသာ ပြောလိုက်ပါ... ကျွန်တော် ချန်ထားပေးပါ့မယ်"
ရွှယ်ယုံ ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။ "ကျေးဇူးပါပဲ... မစိုးရိမ်ပါနဲ့"
အလုံပိတ်အခန်းထဲတွင် မည်သူမှ မရှိတော့။ မစ္စတာ ဝစ်ဂယ်ရီက အသံကို နှိမ့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။ "လေထဲကနေ ကျွန်တော်ကြားလာတာ... အနှောက်အယှက် ပေးနေတဲ့ ယင်ကောင်တွေကို ထပ်ပြီး သတ်ဖို့ စလုပ်နေပြီဆို"
ရွှယ်ယုံက သူ့စကားများ၏ အဓိပ္ပါယ်ကို နားလည်နေသဖြင့် ပွင့်ပွ့င့်လင်းလင်းသာ ပြောပြလိုက်သည်။ "ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး... မစ္စတာဝစ်ဂယ်ရီ စိတ်ချလက်ချ နေလို့ ရပါတယ်"
မစ္စတာ ဝစ်ဂယ်ရီက နောက်သို့ ခြေလှမ်းတစ်ဝက်လောက် ဆုတ်လိုက်ပြီး ခပ်မတ်မတ် ရပ်ကာ သူ့အပြုံးတို့က ကျယ်ပြန့်လာလေသည်။ "ဒါဆို ကောင်းတာပေါ့... ကျွန်တော့်အဖေနဲ့ ကျွန်တော် စိတ်ချလို့ ရပါပြီ... အကူအညီ လိုတာရှိရင် အသိပေးလိုက်ပါ"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပါပြီ"
7နာရီခွဲအချိန်တွင် လေလံပွဲက အချိန်ကိုက် စတင်ခဲ့လေပြီ။ ရွှယ်ယုံက လေလံပွဲမှ ပစ္စည်းများကို သိပ်စိတ်ဝင်မစားပေ။ သူ့မိခင်အတွက် လက်ဆောင်အဖြစ် လက်ဝတ်ရတနာ စုဆောင်းမှုများထဲမှ နှစ်မျိုးလောက်နှင့် ကျောက်စိမ်း အဆင်တန်ဆာ တစ်စုံကို ရွေးချယ်လိုက်ပြီးနောက် ရပ်ကာ စက်တပ်ထားသလို အလုပ်စတင် လုပ်တော့သည်။
အောက်ထပ်မှ ယွီနျန်၏ လေလံဆွဲမှုကလည်း အတော်လေး ချောမွေ့နေသည်။ ကုရိရန်၏ မိတ်ဆက်ပေးထားမှုကြောင့် ကနေဒါနိုင်ငံသားတစ်ယောက်နှင့် သြစတေးလျ နိုင်ငံသားတစ်ယောက်တို့နှင့်သာ နှစ်ကျော့လောက် ပြိုင်ဆွဲလိုက်ရပြီးနောက် ယွမ်ဖူစုန့်ဟယ် ပန်းအိုးကို အောင်အောင်မြင်မြင် ရရှိနိုင်ခဲ့သည်။
လုပ်ရိုးလုပ်စဥ်များ ပြီးဆုံးပြီးနောက် ဝယ်ယူမှု အောင်မြင်အောင်း အတည်ပြုနိုင်ခဲ့သည်။ ယွီနျန်က လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီးနောက် ရက်ပေါင်းများစွာ အုံဖွဲ့ထားခဲ့သော နှလုံးသားထဲမှ အစိုင်အခဲတို့က အဆုံးတွင် ပြေလျော့သွားခဲ့လေသည်။
ယွမ်ဖူစုန့်ဟယ် ပန်းအိုးပြီးနောက် လေလံတင်သည့်အရာမှာ ဥရောပ တော်ဝင်မိသားစုမှ လက်ကြယ်သီး တစ်စုံ ဖြစ်သည်။ ယွီနျန် ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့က အပြာရောင် တလက်လက် တောက်ပနေသည့် ပုံစံ၊ လုံးဝန်းသည့် အဌဂံပုံ ဒီဇိုင်းတို့ဖြင့် အလွန် လှပနေသော်လည်း စျေးက မြင့်လွန်းလှသည်။ လေလံတစ်ကျော့ ဆွဲပြီးနောက် ၎င်းကို ဝယ်သူတစ်ယောက်က ယွမ်နှစ်မီလီယံဖြင့် ဝယ်သွားခဲ့သည်။
မကြာခင်မှာပင် ရွှယ်ယုံ စောစော ထွက်သွားကြောင်း ယွီနျန် သတိထားမိလိုက်သည်။ နောက်ထပ် တစ်နာရီအကြာ လေလံပွဲ ပြီးဆုံးသွားခဲ့သည်။ ယွီနျန်က ကုရိရန် အောက်ထပ်ဆင်းလာသည်ကို စောင့်နေပြီးနောက် စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်ပြီး လေလံပွဲ ကျင်းပရာနေရာမှ ထွက်လာခဲ့သည်။
သူ အလွန် စိတ်ကောင်းဝင်နေခဲ့သဖြင့် သူ့အဘိုး မကြာခဏ အသုံးပြုလေ့ရှိသည့် စိမ်းပြာရောင် လက်ဖက်ရည်ပွဲလေးကို ထုတ်လိုက်ပြီး ရေနွေးတည်၍ လက်ဖက်ရည်ဖျော်လိုက်လေသည်။
ဝေ့ပေါ်တွင် ပိုစ့်များများတင်ရန် မုန့်ယွမ်ပြောခဲ့ဖူးသည်ကို သတိရမိသဖြင့် ယွီနျန်က သူလုပ်နေသော လက်ဖက်ရည်ပုံကို ဓါတ်ပုံရိုက်လိုက်ပြီး ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်သည်။
မှတ်ချက်များ လှန်လှော၍ မဖတ်ရသေးခင်မှာပင် တံခါးဘဲလ် မြည်လာခဲ့လေသည်။ လက်ဖက်ရည်ခွက် ကိုင်ထားသော ယွီနျန်၏ လက်များ ရပ်တန့်သွားပြီး သူ့နှုတ်ခမ်းထောင့်များလည်း ကော့တက်သွားလေသည်။ ဘယ်သူ ဖြစ်မလဲ ခန့်မှန်းနိုင်ဖို့ မခက်ခဲပါဘူးလေ...
သူ ထရပ်ကာ တံခါးကို ဖွင့်လိုက်ပြီး ဘူးလေးနှင့် ငွေရောင်ကဒ်လေးကို ယူ၍ ကဒ်ပေါ်မှ စကားလုံးများကို အရင် ဖတ်လိုက်သည်။ "စွပ်ပြုတ်က အရသာရှိတယ်... ကျေးဇူးပါ"
လက်မှတ်က ရွှယ်ယုံ၏ လက်မှတ် ဖြစ်သည်။
ကဒ်လေးကို ဖြန့်နေရင်းမှ ယွီနျန် သတိရသွားသည်။ "အနွေးဘူးတွေ ယူလာသေးလား" နောက်တစ်ချိန် စွပ်ပြုတ် ချက်ဖြစ်ရင် ရွှယ်ယုံအတွက် ဖယ်ပေးထားလို့ ရတာပေါ့...
တစ်ဖက်မှ လူမှာ တုံ့ကနဲ ဖြစ်သွားသည်။ ထိုသူက ပြန်မဖြေဘဲ တိတ်ဆိတ် လှည့်ထွက်သွားလေသည်။
ယွီနျန်က ဂရုမထားလိုက်ပေ။ တံခါး ပိတ်လိုက်ပြီး လက်ဖဝါးထက် သိပ်မကြီးသည့် စတုရန်းပုံ ဘူးလေးကို ဖွင့်လိုက်လေသည်။ သို့သော်လည်း အထဲမှ အရာကို မြင်သောအခါ အသက်ရှူရပ်မတတ်ဖြစ်သွားပြီး ခြေလှမ်းရပ်သွားသည်။
ဘူးထဲမှ ပစ္စည်းမှာ အပြာရောင် တလက်လက် တောက်ပနေသည့် ပုံစံ၊ လုံးဝန်းသည့် အဌဂံပုံ ဒီဇိုင်းတို့ဖြင့် အလွန် လက်ရာမြောက်လှသော လက်ကြယ်သီးလေးတစ်စုံ ဖြစ်နေသည်။ ဘေးတွင် အဖြူရောင် တြိဂံပုံ တံဆိပ်လေးပါ ပါနေပြီး ရေးထားသည်မှာ ယွမ်နှစ်ရာ ဟူ၏။