အပိုင်း ၃၉
Viewers 10k

Chapter 39

: ဒါကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လေး




 အတော်လေး နောက်ကျနေလေပြီ။ 


ရွှယ်ယုံက ဖုန်းချကာ ဘောပင်ထိပ်ဖျားလေးဖြင့် စာရွက်ဖြူပေါ်တွင် ခပ်ရှုပ်ရှုပ် မျဥ်းကြောင်းတို့ကို ချဆွဲလိုက်သည်။ သူ့ကိုယ်ပေါ်မှ အနောက်တိုင်း ဝတ်စုံမှာ သေသေသပ်သပ် ဝတ်ဆင်ထားဆဲ ဖြစ်ပြီး အလေ့အကျင့်အရ ခါးမတ်မတ် ထားကာ အခုလေးတင် ရရှိခဲ့သော အချက်အလက်များကို တွေးကြည့်နေခဲ့သည်။ လွန်ခဲ့သော သုံးနာရီခန့်က... စုန့်ခယ်က ကြီးမားလှသော ငွေပမာဏတစ်ခုကို ဖုံးကွယ်ထားသော အကောင့်တစ်ခုမှ နိုင်ငံခြားရှိ ဖောင်ဒေးရှင်းတစ်ခုထံ ပို့ပေးခဲ့ပြီး တမန်နေ့ညက ညစာစားပွဲတစ်ခုတွင် သူနှင့် တင်းကျောက်ရှန်တို့ အငြင်းအခုံ ဖြစ်ခဲ့သည်။


ပြီးနောက် ဤမနက် ပုံမှန်အစည်းအဝေး၌ စုန့်ခယ်က ပုံပန်းမကျစွာပင် တင်းကျောက်ရှန်၏ အဆိုပြုမှုကို ကိုယ်တိုင် ပယ်ချလိုက်ပြီး မည်သည့်အတွက်မှ နေရာချန်မပေးထားခဲ့။


ထိုအချိန်က တင်းကျောက်ရှန်၏ အသားအရောင်မှာလည်း သိပ်မကောင်းလှပေ။


ထိုအခိုက်မှာပင် စာကြည့်ခန်း၏ တံခါးကို သုံးကြိမ် ခေါက်ခံလိုက်ရသည်။ ရွှယ်ယုံ လက်ထဲမှ ဘောပင်ကို စားပွဲပေါ်သို့ ချထားလိုက်သည်။ "ဝင်လာပါ"


ဝင်လာသူကို တွေ့သောအခါ မျက်နှာပေါ်တွင် မည်သည်ကိုမျှ မဖော်ပြပါသော်လည်း နှလုံးသားထဲ၌ ကြောင့်ကြမှု အနည်းငယ် ရှိနေဆဲပင်။ "ဘယ်လိုလဲ"


ဟယ်ရှန်း၏ ပုံစံက ထူးမခြားနား ဖြစ်နေပြီး ရွှယ်ယုံ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။ "သူ လက်ခံလိုက်ပါတယ်"


ရွှယ်ယုံ၏ တင်းမာနေသော နှုတ်ခမ်းများ ပြေလျော့သွားလေသည်။ သူ့မျက်နှာပေါ်မှ အမူအယာများကို ထိန်းချုပ်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။ "သူ ဘာပြောလိုက်သေးလဲ"


ဟယ်ရှန်းက အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ "ပြောပါတယ်"


"ဘာတဲ့လဲ"


"နောက်တစ်ခါကျရင် အနွေးဘူး ပြန်ပေးဖို့ပါ"


စားပွဲပေါ်မှ ရွှယ်ယုံ၏ လက်ချောင်းများ အနည်းငယ် တုန်ယင်သွားလေသည် "ဘာ"


ဟယ်ရှန်းက ရွှယ်ယုံ သေချာ မကြားလိုက်ရခြင်းကြောင့် ဖြစ်မည်ဟု တွေးမိသဖြင့် ထပ်ပြောပြလိုက်သည်။ 


"နောက်တစ်ခါကျရင် အနွေးဘူး ပြန်ပေးဖို့ပါ"


ရွှယ်ယုံ တိတ်ဆိတ်သွားသည်။


သူ့ကို ပေးပြီးသားပဲကို ဘာလို့ ပြန်တောင်းနေရတာလဲ...


အချိန်အကြာကြီး တွေးပြီးမှ ရွှယ်ယုံက ဟယ်ရှန်းကို ပြောလိုက်သည်။ "မနက်ဖြန် တစ်ခု သွားလုပ်စရာ ရှိတယ်"


နောက်တစ်နေ့ ယွီနျန် အတန်းသွားမတက်ခင် အပေါ်ထပ်သို့ ဓါတ်လှေကား စီးကာ မုန့်ယွမ်၏ ရုံးခန်းကို သွားလိုက်သည်။ 


ရုံးခန်းထဲတွင် မုန့်ယွမ်က ကော်ဖီတစ်ခွက် ကိုင်ထားဆဲ ဖြစ်ကာ ဖုန်းကြည့်နေလေသည်။ ယွီနျန် ဝင်လာသည်ကို မြင်သောအခါ မျက်နှာချင်းဆိုင်မှ ဆိုဖာကို ညွှန်ပြလိုက်သည်။ 


"စောစော ရောက်လာတာပဲ"


ယွီနျန် ထိုင်ချလိုက်ပြီး ဖုန်း မျက်နှာပြင်ကို ယမ်း၍ ပြောလိုက်သည်။ "မနေ့ညက ကျွန်တော့်ရဲ့ ဘာဘယ်တီး ပိုစ့်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်လဲ"


"အဲ့အချိန်တုန်းက လက်ဖက်ရည် ဖျော်နေတာနဲ့ ကြုံတော့ ဝေ့ပေါ်မှာ ပိုစ့်များများ တင်ဖို့ ပြောထားတာ မှတ်မိသွားလို့ ဓါတ်ပုံ ရိုက်ပြီး တင်လိုက်တာ" ယွီနျန် မရေမရာ ဖြစ်နေဆဲ... "အဆင်ပြေရဲ့လား"


"ဒါပေါ့ အဆင်ပြေတယ်... နောက်ဆိုလည်း ဝေ့ပေါ်မှာ ဒီလိုပဲ ပိုစ့်များများတင်... မင်းရဲ့ ကိုယ်ရေးကိုယ်တာ ပုံရိပ်နဲ့ အပြင်အဆင်ကို ပုံဖော်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်" မုန့်ယွမ်က လက်ချောင်များဖြင့် ဖုန်းမျင်နှာပြင်ကို ဆွဲချလိုက်ရာ များစွာသော ကွန်မန့်များ ထွက်ပေါ်လာသည်။


[နျန်နျန်က လက်ဖက်ရည်ဖျော်နိူင်တယ်တဲ့... အား... ငါ့သားပေါက်လေးက တော်လိုက်တာ... အမေ အရမ်း ဝမ်းသာတာပဲ]


[နျန်နျန့် လက်လေးတွေက အရမ်း ကြည့်ကောင်းတာပဲ... ငါ့ရဲ့ နောက်ထပ် wallpaperက သူလေးပဲ ဖြစ်ရမယ်]


[အိမ်မှာ အားလို့ လက်ဖက်ရည် ဖျော်နေတယ်ဆိုတာက ဘယ်လောက် ကျော့ရှင်းနေလိုက်လဲ... ငါ ဘယ်လို ရတနာလေးနောက် လိုက်မိပါလိမ့်]


မုန့်ယွမ်က စိမ်ပြေနပြေ ကြည့်နေပြီး ဖုန်းချတော့မည့်အချိန်တွင် သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်အတွက် ရုတ်တရက် အေးခဲသွားလေသည်။ သူ့အကြည့်များက ယွီနျန်၏ လက်ကောက်ဝတ်တွင် မြဲမြံနေလေသည်။


သူ အသေအချာကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။


 "မင်းဝတ်ထားတဲ့ လက်ကြယ်သီးတွေက... ကြည့်ရတာ ရင်းနှီးနေသလိုပဲ"


ယွီနျန်က သူ့လက်ကောက်ဝတ်ကို ပြန်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်ပြီး မျက်လုံးလေးများက အလင်းရောင်များ ပြည့်နှက်သွားလေသည်။ "လှတယ်မလား"


“လှတာပေါ့... မင်းနဲ့ လိုက်တယ်... နည်းနည်း..." 


မုန့်ယွမ်က လက်ကြယ်သီးများကို ရင်းနှီးနေသည်ဟု ခံစားနေရဆဲ ဖြစ်ပြီး အချိန်အတော်ကြာကြီး တွေးကြည့်ပြီးနောက် သူ့ပေါင်ကို ရုတ်တရက် ရိုက်ချလိုက်သည်။


 "မှတ်မိပြီ... ဝစ်ဂယ်ရီ မိသားစုရဲ့ စုဆောင်းမှူကပဲ... ဒါကို ဥရောပ တော်ဝင်မိသားစုက ပိုင်ဆိုင်ခဲ့တာလေ... တော်ဝင်မင်းသမီး လက်ထပ်သွားတော့ ဒါက ခန်းဝင်ပစ္စည်းတွေထဲက တစ်ခု ဖြစ်ခဲ့တာ...ဒါကို လေလံတင်ပြီး ဝစ်ဂယ်ရီ မိသားစုက စုဆောင်းခဲ့တာလေ... ဘာလို့ ရင်းနှီးနေလဲ ဆိုတော့ လက်ဝတ်ရတနာ စုဆောင်းမှုတွေကို သုတေသန လုပ်ရတုန်းက ပုံတွေ့ခဲ့တာ" 


စကားပြောပြီးသွားသည်နှင့် တွေးကြည့်လိုက်ပြီးနောက် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ ဘယ်လိုလုပ်ပြီး ဒီလို ရတနာမျိုးကို ယွီနျန်ရဲ့ လက်ပေါ်မှာ ပေါ့ပေါ့ပါးပါး ဝတ်ထားပါ့မလဲ...


"အတုလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်... အတုပါ... ကျွန်တော့် သူငယ်ချင်းက ယွမ်နှစ်ရာနဲ့ ဝယ်ပြီး လက်ဆောင်ပေးခဲ့တာလေ" သူက မျက်လုံးများထဲတွင် တလက်လက်တောက်ပနေသော ရေကန်လေးအလား အပြုံးရိပ်တစ်ခု စွဲထင်နေလေသည်။


မုန့်ယွမ်မှာ ထိုအမူအယာကို သတိမပြုမိဘဲ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။


 "တုပထားတဲ့ လက်ရာက တကယ်ကောင်းတယ်နော်... အနည်းဆုံး ဓါတ်ပုံထဲကနဲ့ ကွာခြားတာကို မရှိဘူး... မင်းသူငယ်ချင်းရဲ့ အလှအပခံစားတတ်မှုက တော်တော်လေး ကောင်းသားပဲ" 


သူက ယွီနျန်ကို စာရွက်အချို့ ကမ်းပေးလိုက်သည်။ "ကြည့်... ဒါက ငါ မင်းကို လွန်ခဲ့တဲ့ နှစ်ရက်က ပြောပြခဲ့ဖူးတဲ့ ကြော်ငြာပဲ"


“ဖလောရင့် မိတ်ကပ် ကြော်ငြာလား" 


ယွီနျန်က လက်လှမ်းယူလိုက်ပြီး ၎င်းကို ကြည့်နေရင်းဖြင့် မုန့်ယွမ်၏ စကားတို့ကို နားထောင်နေခဲ့သည်။


မုန့်ယွမ်က ခပ်မတ်မတ် ထိုင်လိုက်ပြီး ယွီနျန်ကို စိတ်ထက်သန်စွာဖြင့် ရှင်းပြလေသည်။ 


"ဒီဘရန်းရဲ့ နောက်မှာ ဇိမ်ခံတံဆိပ်ဟောင်း 'ဟာဆယ်' ရှိတယ်... ဖလောရင့်က မနှစ်ကမှ အသစ် ထုတ်လိုက်တဲ့ ထုတ်ကုန်ပဲ... စျေးကလည်း သင့်တင့်တယ်... စျေးကွက်မှာလည်း လွှမ်းမိုးမှု များပြီးတော့ အရည်အသွေးလည်း ကောင်းတယ်... ပြည်ပမှာလည်း နာမည်ကောင်း ရှိတယ်... အခုက ပြည်တွင်း စျေးကွက်ထဲ ထိုးဖောက်ဖို့ ပြင်နေတာ"


ယွီနျန် စာချုပ်ကို ကြည့်လိုက်သည်။ 


"ဟုတ်ကဲ့... ကျွန်တော်လည်း ဟာဆယ် တံဆိပ်ကို ကြားဖူးတယ်... အရမ်းစျေးကြီးတယ်မလား" ယွီချင်းမှာ ထိုတံဆိပ်မှ အိတ်များ၊ ပိုးလည်စည်း ရေမွှေးများအား သဘောကျသည်ကို သူ အမှတ်ရမိသည်။


"ဟုတ်တယ်... နာမည်ကြီး ဇိမ်ခံပစ္စည်းတံဆိပ်ရဲ့ အောက်မှာ ဆိုတော့ အနည်းဆုံး အရည်အသွေး ပြဿနာတွေ တခြားကိစ္စတွေ ဖြစ်မလာတော့ဘူးပေါ့... မဟုတ်ရင် တစ်ခုခု ဖြစ်လာတဲ့အခါ ငါတို့ပါ ဒုက္ခရောက်သွားမှာ" 


မုန့်ယွမ် စာချုပ်ကို ထောက်ပြလိုက်သည်။ 


"ဖလောရင့်ရဲ့ ပုံရိပ်ယောင်ပင်လယ် နှုတ်ခမ်းနီရဲ့ ပြောရေးဆိုခွင့်ရှိသူ... မင်းအဆင်ပြေရင် လက်မှတ်ထိုးကြမယ်လေ"


မုန့်ယွမ်က အလွန် ဂရုတစိုက် ရှိလှပြီး ဖလောရင့် တံဆိပ်၏ သက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း စာချုပ်၏ နောက်တွင် တွဲချုပ်ပေးထားခဲ့ကာ နိုင်ငံခြား တံဆိပ်များ၏ အလုံးစုံအကဲဖြတ်ချက်များနှင့် အခြားသော ဒေတာများလည်း ပါဝင်သည်။ ယွီနျန် ၎င်းကို ခြောက်မိနစ် ခုနစ်မိနစ်လောက်ထိ ဖတ်ကြည့်ပြီးမှ ခေါင်းငြိမ့်၍ ဆုံးဖြတ်ချက် မြန်မြန် ချလိုက်သည်။


 "လက်မှတ်ထိုးကြတာပေါ့" 


မုန့်ယွမ်မှာ စကားလုံးအချို့ကို တတွတ်တွတ် ပြောနေခဲ့သေးသည်။ 


"အိုကေလေ... အရင်ဆုံး ဒီတံဆိပ်ကို ရွေးလိုက်ကြတာပေါ့... မများလွန်းသေးပါဘူး... အစောပိုင်းကာလမှာ ပိုက်ဆံအများပြီး မရှာနိုင်သေးပေမယ့် အခြေခိုင်သွားပြီဆိုတော့ ရှေ့ဆက်ရမဲ့လမ်းကလည်း ယိုင်လဲသွားမှာ မဟုတ်ဘူး"


သူ ယွီနျန်နှင့် အလုပ်လုပ်ရသည်ကို ပိုပို၍ သဘောကျလာခဲ့သည်။ ထိုသူက နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်းသိနေပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲချနေခြင်းမျိုးလည်း မရှိသလို ကိုယ်ပိုင် လုပ်ဆောင်နိုင်စွမ်းကိုလည်း သံသယမရှိသကဲ့သို့ ယုံကြည်မှု လွန်ကဲနေခြင်းမျိုးလည်း မရှိပေ။ သူက အခြားသူများကိုလည်း ယုံကြည်နိုင်သလို ပြောဆိုနိုင်သည်။ သူ့အကြောင်းပြချက်များက ကျိုးကြောင်းညီလှပြီး အဓိကအချက်မှာ ပါရမီ ရှိ၍ အလုပ်လည်း ကြိုးစားတတ်ခြင်းပင်။ ထို့ကြောင့် သူသည်လည်း ကြောင့်ကြခြင်းကင်းစွာဖြင့် အလုပ်လုပ်နိုင်ပေမည်။ 


သို့သော်လည်း ဤမနက်ခင်းက သူရရှိခဲ့သော ဖုန်းခေါ်ဆိုမှုကို တွေးမိသွားသောအခါ မုန့်ယွမ်၏ မျက်နှာထက်မှ အပြုံးများ အနည်းငယ် လွင့်ပါးသွားလေသည်။


 "အရင်ဆုံး မင်းကို ပြောစရာ ရှိတယ်"


ယွီနျန်က တွေးတွေးဆဆဖြင့် မေးလိုက်သည်။


 "ရုပ်ရှင် ပရိုမိုးရှင်း သီချင်းအကြောင်းလား"


"ဟုတ်တယ်" 

မုန့်ယွမ်က သူ ပထမဆုံး ခန့်မှန်းချက်ကလည်းက မှန်ကန်နေသည်ကို သတိပြုမိသဖြင့် သူသည်လည်း တွေးထားပြီးသားပင် ဖြစ်ရပေမည်။ ထို့ကြောင့် ဂရုတစိုက်ဖြင့် ပြောလိုက်သည်။


 "ရလဒ်ကို တရားဝင် မကြေညာရသေးပေမယ့် ငါရထားတဲ့ သတင်းအရတော့ ဒီပရိုမိုးရှင်း သီချင်းက ယိုယိုလက်ထဲကို ရောက်သွားဖို့က တစ်ဆယ်မှာ ကိုးလောက်ထိ ရှိတယ်"


ယွီနျန်မှာ ယခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ 


"ကျွန်တော် နားလည်ပါပြီ... ကျွန်တော်နဲ့ ယှဥ်ရင် သူက စောစော ပွဲဦးထွက်ထားပြီးတော့ ကျော်ကြားမှူကလည်း ပိုမြင့်တယ်လေ... သူ့ကို ရွေးသွားတာ အကျိုးအကြောင်းသင့်ပါတယ်"


မုန့်ယွမ်မှာ ဤလောကက ရက်စက်လှကြောင်း သိထားပြီးသေား ဖြစ်သည်။ သို့သော်လည်း ယွီနျန်မှာ စိတ်သောကရောက် ဝမ်းနည်းခြင်းမျိုးလည်း ရှိမနေ၊ ဒေါသလည်း မထွက်သလို လက်မခံနိုင်ကြောင်းလည်း မပြသည်ကို တွေ့ရသဖြင့် သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွားလေသည်။ ထို့ကြောင့် သူနှစ်သိမ့်ပေးလိုက်သည်။ 


"ဒါရိုက်တာရှုက မင်းအပေါ် အမြင်ကောင်း ရှိနေတယ်... သူပြောတာ မင်းက ဒီသီချင်းကို အကောင်းဆုံး ဆိုနိုင်တဲ့ သူပဲတဲ့... ဒါကြောင့်မို့ နျန်နျန်... မင်းက ပါရမီ မရှိတာလည်း မဟုတ်သလို အင်အားမဲ့နေတာလည်း မဟုတ်ဘူး... အခွင့်ရေးရောက်မလာသေးရုံပဲ သိလား"


"ကျေးဇူးပါ... အစ်ကိုမုန့်" ယွီနျန်က မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။


 "ကျွန်တော် မပျော်မရွှင် ဖြစ်နေတာမျိုး မရှိပါဘူး... အဆင်ပြေပါတယ်... ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး"


မုန့်ယွမ်မှာ ယွီနျန်၏ မျက်နှာအမူအယာကို ဂရုတစိုက် ကြည့်လိုက်ပြီးနောက် ဟန်ဆောင်နေခြင်း မဟုတ်သည်ကို သေချာပြီးသွားမှသာ စိုးရိမ်ပူပန်မှုများကို လွှတ်ပေးလိုက်သည်။ 


ကြိုမမြင်နိုင်သော အရာများကို စိုးရိမ်ပူပန်နေသော မုန့်ယွမ်မှာ အတိတ်မှ အရာများအား ဖြေရှင်းဆောင်ရွက်ခဲ့ပြီးနောက် ကျန်ရှိနေသေးသော အရာမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချ၍ လက်မှတ်ထိုးရန် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူက နေ့လည်ပိုင်းတွင် ယွီနျန်ကို ခေါ်၍ ဖလောရင့်နှင့် ဦးစွာ လက်မှတ်ထိုးခဲ့သည်။ စာရွက်ပေါ်၌ ကိစ္စများ အခြေကျသွားလျှင် မည်သည်မှ အမှားအယွင်း ဖြစ်သွားမည် မဟုတ်တော့ပေ။ 


ယွီနျန်ကို အိမ်ပြန်ပို့ပေးသည့်လမ်းပေါ်တွင် ညနေပိုင်း လူရှုပ်ချိန်ဖြစ်၍ ယာဥ်ကြောကလည်း နှေးနေသည်။ မုန့်ယွမ်က စတီယာဘီးကို ပုတ်ကာ ဆွေးနွေးလိုက်သည်။


 "ငါ တွက်ကြည့်ပြီးပြီ... မင်းရဲ့ လူလုံးထွက်ပြရတဲ့ နှုန်းကို ထိန်းထားမှ ဖြစ်မယ်... မင်း တိုက်ရိုက်မလွှင့်တာ ကြာပြီမလား... ဒီည ဘာမှ လုပ်စရာ မရှိရင် နာရီဝက်လောက် လိုက်ဖ်လွှင့်ရင်ရော"


ယွီနျန်မှာ ဆန့်ကျင်မှု တစ်စုံတရာမရှိ။ 


"အဆင်ပြေပါတယ်"


"ကောင်းပြီလေ... ဒါဆို ဒီကိစ္စ ရှင်းသွားပြီ"


ညစာစားပြီးနောက် ယွီနျန်က အချိန်ကြည့်လိုက်ပြီး ညကိုးနာရီတွင် အချိန်ကိုက် တိုက်ရိုက်လွှင့်လိုက်သည်။


ကင်မရာထက်၌ ယွီနျန်၏ မျက်နှာလေး ပေါ်လာသည်နှင့် တပြိုင်နက် ကြည့်ရှုနေကြသူများမှာ ပေါက်ကွဲထွက်သွားပြီး လက်ရာမြောက်လှသော အလှလေးကို တွယ်ငြိမိသွားကြလေတော့သည်။


“မင်္ဂလာ ညနေခင်းလေးပါ... မတွေ့ရတာ ကြာပြီ... အားလုံး အဆင်ပြေကြရဲ့လား"


မျက်နှာပြင် တစ်ခုလုံးက "ဟယ်လို" ဟူသော စကားလုံးများဖြင့် ပြည့်နေပြီး "နျန်နျန် နေကောင်းရဲ့လား" ဟူသော နှုတ်ဆက်စကားများလည်း ရံဖန်ရံခါ ပေါ်လာတတ်သေးသည်။ ယွီနျန် ပြန်ဖြေတော့မည် အပြုတွင် ဖုန်းမျက်နှာပြင်တစ်ခုလုံး ရုတ်တရက် အမှောင်ကျသွားလေသည်။


ယခင်အတွေ့အကြုံအရ တစ်ယောက်ယောက်က သူ့အား စိန်တုံးများ ပေးလာလေပြီ ဟူသော အကြောင်းကို ယွီနျန် ခပ်မြန်မြန် သဘောပေါက်သွားလေသည်။ 


သေချာပေါက်ပင် မကြာမီ ရင်းနှီးနေသော စကားလုံးများက တစ်ဆက်တည်း ငါးကြိမ် ပေါ်လာလေသည်။ "အသုံးပြုသူ နျန်နျန်ယုံယွီက တင်ဆက်သူ ယွီနျန်ကို စိန်တုံးX 100 ကို လက်ဆောင်ပေးလိုက်ပါသည်"


တစ်စက္ကန့်အတွင်း လူအုပ်ကြီး ပေါက်ကွဲသွားပြန်လေတော့သည်။ 


[သောက်ကျိုးနဲ...အရင်တစ်ခါက သူ့အချစ်တွေကို ဝန်ခံခဲ့တဲ့ ကိုးသိန်းကိုးသောင်း အာဏာရှင်ဖန်ကြီး ပေါ်လာပြန်ပြီကွ... အရမ်း စိတ်လှုပ်ရှားနေပြီ] 


[အား.... ဒီနေ့ ငါခန့်မှန်းကြည့်မယ်... ဒီတစ်ကြိမ်လည်း သူနောက်ထပ် စိန်တုံး ကိုးသိန်းကိုးသောင်းထိ ထပ်ကျဲချလိုက်ဦးမှာလား... ငါ့နှလုံးသားလေး]


[အမလေး... ငါ ဒါကို တွေ့နိုင်တာ အရမ်းကံကောင်းတာပဲ... ကြည့်ကြည့်... ဒီတစ်ခါလည်း ကိုးသိန်းကိုးသောင်းပဲ... အချစ်စစ်ပဲဟ]


ယွီနျန်မှာ အပြုံးလေးတစ်ခုဖြင့် ကျေးဇူးတင်လိုက်ပြီး စကားဆက်ပြောမည် အပြုတွင် ရုတ်တရက် တံခါးဘဲလ်သံ ကြားလိုက်ရသည်။


သူ တုံ့သွားပြီးနောက် ကင်မရာဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။ 


"ဆောရီးပါ... တစ်ခုခု သွားယူလိုက်ဦးမယ်... မကြာခင် ပြန်လာမှာပါ... ကျေးဇူးပြုပြီး တစ်မိနစ်လောက် စောင့်ပေးပါနော်" 


တံခါးဖွင့်လိုက်သောအခါ သူတွေးထားသည့်အတိုင်းပင် တံခါးရှေ့ ရပ်နေသူမှာ အမှန်ပင် အသိတစ်ယောက် ဖြစ်နေပါ၏။


ယွီနျန် အပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာ ညနေခင်းပါ"


ဟယ်ရှန်းက လက်ထဲမှ မီးခိုးရောင် အနွေးဘူးလေးကို ကမ်းပေးလိုက်သည်။


ယွီနျန် ဆက်ပြောလိုက်သည်။ 


"အနွေးဘူးတွေ ပြန်ပေးဖို့ ရောက်လာတာလား"


ဟယ်ရှန်း ခေါင်းငြိမ့်ပြလေသည်။


“ဒုက္ခများသွားရပြီ"


ထိုလူ ထွက်သွားသောအခါ ယွီနျန် တံခါးပိတ်ကာ အနွေးဘူးများကို မီးဖိုချောင်ထဲသို့ ထားမည်အပြုတွင် တစ်ခုခု မှားနေကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။


သူဝယ်ထားသော အနွေးဘူးမှာ ဆေးကြောစဥ်က မတော်တဆ ပွတ်တိုက်မိသွားသဖြင့် သိပ်မထင်ရှားသော ခြစ်ရာလေးတစ်ခု ကျန်နေခဲ့သည်ကို သူရှင်းရှင်းလင်းလင်း သတိရနေပါသေးသည်။


ပြန်ပေးလာသော အနွေးဘူးမှာ အသစ်စစ်စစ် ဖြစ်ကာ ခြစ်ရာတစ်ခုလေးမှပက် မရှိပေ။ 


ယွီနျန်မှာ နေရာမှာပင် ရပ်နေပြီး မရယ်မောဘဲ မနေနိုင်တော့ပေ။ 


ကင်မရာရှေ့သို့ ပြန်ရောက်လာသောအခါ မျက်နှာပြင်တစ်ခုလုံး သူ ဘာများ သွားလုပ်နေလဲဟု မေးခွန်းများဖြင့် ပြည့်နေသဖြင့် ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"ဒါ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လေးလေ... မင်းတို့ကို ပြောပြလို့မရဘူး"