အပိုင်း ၄၀
Viewers 10k

Chapter 40

 ခင်ဗျား အန္တရာယ် ကင်းပါစေ




ဖုန်းမျက်နှာပြင်ထက်မှ မှတ်ချက်ပေးသူများမှာ ခပ်မြန်မြန်ပင် ပေါ်လာကြလေသည်။ ယွီနျန်က ဂရုတစိုက် ကြည့်ရှုနေပါသော်လည်း သူ့မျက်လုံးများက တစ်ခဏမျှ ရပ်တန့်သွားလေ၏။ ဖတ်ရင်း ဖတ်ရင်းဖြင့် မည်သည့် မှတ်ချက်များ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ 


"နျန်နျန်... ရုပ်ရှင်တစ်ခုရဲ့ ဇာတ်ဝင်သီချင်းအတွက် ယိုယိုနဲ့ ပြိုင်ခဲ့ရတယ်လို့ သူများတွေ ပြောနေကြတယ်... ဟုတ်လား"


ထိုတစ်ခုတည်းသာ မကဘဲ တူညီသော ကွန်မန့်များလည်း တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ကြသည်။ ယွီနျန်က ပြန်မဖြေဘဲ ပုံမှန် အမူအယာဖြင့်သာ ဆက်ပြောနေသည်။


မိနှစ်နှစ်ဆယ်အကြာ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်လိုက်ပြီး မုန့်ယွမ်ကို ဖုန်းခေါ်လိုက်သည်။


 "အစ်ကိုမုန့်... ပရိုမိုးရှင်း သီချင်းကိစ္စက တစ်ခုခု ဖြစ်နေတာလား"


မုန့်ယွမ် အံ့အားသင့်သွားသည်။ "မင်း သိနေတာလား"


"ဟုတ်... အခုလေးတင် တိုက်ရိုက် ထုတ်လွှင့်တော့ ကွန်မန့်မှာ တွေ့လိုက်တာ... ကျွန်တော်က အရင်းအမြစ်တွေအတွက် ယိုယိုနဲ့ ပြိုင်ခဲ့ရတာလားလို့ မေးနေတယ်" 


ယွီနျန် မေးလိုက်သည်။ 


"ရုပ်ရှင်အဖွဲ့ဘက်က အဆုံးသတ် ဆုံးဖြတ်ချက် မလုပ်ရသေးဘူးမလား"


"ဟုတ်တယ်... နောက်ဆုံး ရလဒ်ကို မနက်ဖြန် မဟုတ်ရင် သဘက်ခါမှာ ကြေညာလိမ့်မယ်... ငါတို့ဘက်ကတော့ မင်းအနေနဲ့ ယိုယိုကို ပြိုင်ပြီး အနိုင်ရလိမ့်မှာ မဟုတ်ဘူးဆိုတာကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ပဲ ပြောချင်တယ်... ငါ ရှစ်ရော့ကိုတောင် ဘာမှ မပြောရသေးဘူး... မစိုးရိမ်ပါနဲ့ အခြေအနေကို စစ်ဆေးပြီး နောက်ပိုင်းမှာ မင်းဆီ ပြန်ယူလာပေးမယ်"


ယွီနျန် ဝေ့ပေါ် ဖွင့်ပြီး ကြည့်လိုက်ရာ သူ့ဝေ့ပေါ်၌ ယိုယို၏ ဖန်များက မက်ဆေချ့်များ လာရောက် ချန်ထားကြပြီး စကားလုံးများက များစွာ ကွဲပြားမနေကြောင်း တွေ့လိုက်ရသည်။ သူ့ကိုယ်ပိုင်ဖန်များကလည်း တုံ့ပြန်ထားကြပြီး ရီပလိုင်းရာကျော်ကို မြန်မြန် တင်ထားကြလေသည်။


ဆယ်မိနစ်အကြာ မုန့်ယွမ် ဖုန်းပြန်ခေါ်လာပြီး အဓိက အချက်ကိုသာ တန်းပြောလာသည်။ 


"ယိုယိုဆီက သတင်းကြောင့်ပဲ"


ယွီနျန် နားမလည်နိုင်သေး။ "သူတို့က အတည်ပြုထားတဲ့ ရလဒ်ကို ရပြီးသားကြောင့်မို့လို့လား"


"မဟုတ်ဘူး... ငါ့လိုပဲ ဖြစ်မယ်... ဒီလိုကွာ... သူတို့လည်း အဆက်အသွယ်တွေဆီက ကြားတဲ့ ကောလဟာလတွေအပေါ် မှီခိုပြီး မင်း ယိုယိုကို မနိုင်တာ သေချာသိသွားကြတာပဲ... ဒါပေမယ့် ငါလည်း ဖန်တချို့က ဒီအကြောင်းကို ဘယ်လို သိသွားကြတာလဲ ဆိုတာကို နားမလည်နိုင်ဘူး... သူတို့ သိသွားတော့ ဖန်ဂရုတွေထဲ ဝင်ပြီး ပြောကြတယ်... ဒီစကားတွေ ပြန်မဖြန့်ဖို့ကိုလည်း လူတိုင်းကို ပြောကြသေးတယ်တဲ့"


မုန့်ယွမ်မှာ ပြောစရာ စကားမရှိ ဖြစ်သွားသည်။ 


"ဒါပေမယ့်လည်း မထိန်းနိုင်တဲ့ ဖန်တစ်ယောက် ရှိနေသရွေ့ နောက်ပိုင်းကျရင် တားဖို့ခက်သွားမှာပဲလေ... ဒါပေမယ့် ကြည့်ရတာ ယိုယိုကလည်း သေချာသွားပြီလို့ တွေးလို့ နေမှာပေါ့... တစ်ရက်စောစော တစ်ရက်နောက်ကျကျ ကွဲပြားတာမှ မရှိတာ... ဒါကြောင့်မို့ သူတို့လည်း မတားလိုက်ကြတော့တာပဲ" 


ယွီနျန် နားလည်သဖြင့် သူမြင်လိုက်ရသည့် ကွန်မန့်များထဲမှ အကြောင်းအရာများကို ပြန်စဥ်းစားလိုက်ပြီး ထူးဆန်းဟန်ဖြင့် မေးလိုက်သည်။ 


"ဒါဆို သူတို့က တွန်းချနေတာများ..."


"ဟုတ်တယ်" မုန့်ယွမ် အခိုင်အမာ ပြောလိုက်သည်။ "ဒါက ယိုယို့ အဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် လားတော့ မသိပေမယ့် သူ့ဖန်တွေက မင်းရဲ့ ရေပန်းစားမှုကို နင်းချနေပြီးတော့ ဟယ်ကျွင်းယွီကို တိုက်ရိုက်ပဲ လျစ်လျူရှုထားကြတယ်... မင်းသာ ယိုယိုနဲ့ အရင်းအမြစ်တွေ ပြိုင်လုရင် တစ်ကျော့တောင် ပြိုင်နိုင်မှာ မဟုတ်ဘဲ နင်းချေခံလိုက်ရမှာလို့ ပြောနေကြတယ်"


ယွီနျန်မှာ ထိုစကားကို ကြားချိန်တွင် ဒေါသထွက်မသွားဘဲ ရယ်မောလိုက်သည်။ 


"ကျွန်တော်က ဒီအဆင့်ထိ ရောက်သွားပြီလား"


မုန့်ယွမ်သည်လည်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ယို... မင်းက ဂုဏ်ယူဝံ့ကြွားနေတာလား... ဒါပေမယ့် တကယ်လည်း မင်းက ဒီအဆင့်ထိ ရောက်နေတာပဲလေ... လူသစ်တွေထဲမှာ ယိုယိုရဲ့ဖန်တွေက ဟယ်ကျွင်းယွီကို ဂရုတောင် မစိုက်ကြဘူး... တစ်ဖက်လူရဲ့ နာမည်ကိုလည်း ထုတ်မပြောကြဘူး... သူတို့က မင်းကိုပဲ တွန်းချနေချင်ကြတာ... မင်းက ပေါ်ပြူလာ ဖြစ်နေပြီလို့ သက်သေပြနေတာပဲ"


နှစ်ယောက်သားက အတူတကွ ရယ်မောလိုက်ကြသည်။ မုန့်ယွမ် ပြုံး၍ သတိပေးလိုက်သည်။


 "မင်းအခု ဘာမှ လုပ်စရာ မလိုဘူးနော်... ဘာမှ မသိသလို ဟန်ဆောင်နေ... ယိုယို့ဖန်တွေက မျက်ကန်းတွေပဲ... မင်းထွက်လာပြီး တစ်ခုခု ပြောလိုက်ရင် မင်းကို အခမဲ့ လှော်ပေးဖို့ ဆွဲခေါ်သွားခံရလိမ့်မယ်"


ယွီနျန်က သိုသိုသိပ်သိပ်သာ နေရန် သဘောတူလိုက်ပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိသွားပြီးနောက် စိတ်ထဲမထားတော့ဘဲ မင်တံ၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်တုံးတို့ကို ပြင်ဆင်ကာ စာမျက်နှာ အချို့ကို လေးလေးနက်နက် ရေးလိုက်သည်။


သို့သော်ငြား ဤကိစ္စ၏ ဖွံ့ဖြိုးလာမှုနှုန်းမှာ သူတို့ထင်ထားသည်ထက် ပိုမြန်နေခဲ့သည်။


ယွီနျန် အိပ်ရာမဝင်ခင် ရှားမင်ရှီက လင့်ပေါင်းများစွာ ပို့ပေးလာပြီး အာမေဋိတ် အတွဲလိုက်ကြီးနှင့်အတူ ဖုန်းခေါ်လာခဲ့သည်။


"အဲ့ဒီယိုယိုက ဘာဖြစ်နေတာလဲ... မင်းကို ဆွဲချဖို့ ဇာတ်ညွှန်းတောင် ဝယ်လိုက်သေးတယ်... မင်းက သူ့လောက် မတော်ဘူးလို့ ပြောချင်နေတာလား.... ဒီစကားလုံးတွေက သတင်းကြီးတွေပါ ရောက်တော့မယ်... ဘယ်လိုလူမျိုးက ဒီလို ရှက်စရာ ကိစ္စတွေ လုပ်မှာတဲ့လဲ"


ယွီနျန် အချိန်ကို ကြည့်လိုက်သည်။ "မင်ရှီ ရိုက်ကူးရေး မရှိဘူးလား" မနေ့က ဤနှစ်ရက်အတွင်း ညပိုင်းရိုက်ကွက်များ ရိုက်ရတော့မည်ဟု ရှားမင်ရှီ ပြောခဲ့ဖူးသည်ကို သူ အမှတ်ရမိသည်။ 


"မဟုတ်ဘူး... အခုထိ ငါရိုက်ဖို့ အလှည့်မကျသေးလို့ ဖုန်းဆော့ဖို့ ထောင့်တစ်ထောင့် လာရှာတာလေ... ဒါပေမယ့် ဖွင့်ဖွင့်ချင်း ယိုယိုရဲ့ အမှိုက်လို လုပ်ရပ်အတွက် ဒေါသထွက်လာလွန်းလို့ ညလယ်စာတောင် ခက်ခက်ခဲခဲ မျိုချလိုက်ရတယ်"


ယွီနျန်မှာ သူ့စကားကို နားထောင်ပြီး စိတ်မဆိုးသွားဘဲ ပြုံး၍သာ နှစ်သိမ့်ပေးလိုက်သည်။ 


"ငါသူ့ကို မနိုင်တာလည်း မှန်တာပဲလေ... ဒေါသမထွက်ပါနဲ့.... ဒေါသထွက်လွန်းရင် ရုပ်ဆိုးလာလိမ့်မယ်"


ယွီနျန်၏ အသံအနေအထားကို ကြားသောအခါ ရှားမင်ရှီမှာ အတန်ငယ် ငြိမ်ကျသွားလေသည်။ 


"ကောင်းပြီလေ... ဒီလေလမ်းကြောင်းကို ထိန်းချုပ်ချင်ရင် အစ်ကိုမုန့်နဲ့ စကားပြောဖို့ သတိရ... ငါ အရမ်း ဒေါသထွက်လွန်းလို့... သူ့အဖွဲ့က ဒီကိစ္စကို လှော်ဖို့ ချောချောမွေ့မွေ့နဲ့ အကြောင်းအရာတွေ ဆွဲထုတ်နေတာနော်... သူ့ဖန်တွေကလည်း သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလို ကြီးကျယ်မြင့်မြတ်တယ် ထင်နေကြတာ... ဒီတစ်ခါတော့ မင်းကို တကယ်ကြီး ပစ်မှတ်ထားနေကြတာကွ"


ရှားမင်ရှီ စကားပြောရင်း ထပ်ပြီး ဒေါသထွက်လာတော့မည်ကို နားလည်နေသဖြင့် ယွီနျန် ခပ်မြန်မြန် ဝင်ပြောလိုက်သည်။ 


"ရိုက်ကွင်းကို မြန်မြန်ပြန်ပြီး စာသားမှတ်နေတော့လေ... ဒီနေ့ညကို ဖုန်းမသုံးနဲ့တော့"


ရှားမင်ရှီ နှစ်ကြိမ်မျှ နှာမှုတ်လိုက်သည်။ 


"ကောင်းပြီလေ... ငါ့လက်ကို ထိန်းထားဖို့ ကြိုးစားလိုက်မယ်"


ရှားမင်ရှီ ဖုန်းချသွားပြီးနောက် နှစ်မိနစ်ပင် မကြာ... မုန့်ယွမ် ဖုန်းခေါ်လာခဲ့သည်။ 


ယွီနျန် အရင်ဆုံး ပြောလိုက်သည်။ "အစ်ကိုမုန့်.. ကျွန်တော် သတင်းတွေ တွေ့ပြီးပြီ"


မုန့်ယွမ်မှာလည်း ဒေါသထွက်နေခြင်း မရှိပေ။ 


"သူ့ဖန်တွေ ဘယ်လိုသိလဲ မသိဘူးလို့ ငါမပြောခဲ့ဘူးလား... ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ "မတော်တဆ" ထုတ်ပြောမိတာ ဖြစ်ဖို့များတယ်... ပြီးရင် သူတို့က ဖန်တွေကို ဦးဆောင်ခိုင်းလိုက်မယ်... ဖန်တွေ တက်ကြွလာတာနဲ့ သူတို့က ခုန်ထွက်လာကြလိမ့်မယ်... တော်တော်လေး အပူချိန်တက်လာပြီဆိုတော့ ခေါင်းစဥ်တစ်ခု ဆွဲထုတ်လာပြီး ပိုစ့်လေးခု တင်လိုက်တယ်... သူတို့က ဝင်ရှုပ်ဖို့အတွက် အခွင့်အရေးတစ်ခုတောင် လွဲမသွားဘူး"


ယွီနျန်၏ အပြုံးတို့က အနည်းငယ် လွင့်ပါးသွားခဲ့လေသည်။ "သူတို့က hot searchတွေတောင် အသင့်ပြင်ထားပြီးသား ဖြစ်လောက်တယ်... ဟုတ်တယ်မလား"


"ကိုးဆယ့်ကိုး ရာခိုင်နှုန်းပဲ... တစ်နေရာထက်တောင် ပိုလောက်မယ်"


ယွီနျန်က အိပ်ရာထက်တွင် လဲလျောင်းနေရင်း အဖြူရောင် မျက်နှာကျက်ကို နှစ်စက္ကန့်မျှ စိုက်ကြည့်နေခဲ့သည်။ "နောက်ဆို ကျွန်တော် အင်အားကြီးလာလိမ့်မယ်"


မုန့်ယွမ် နားလည်နေသည်။ 

"ဟုတ်တယ်... မင်းအရမ်းကို အင်အားကြီးလာရင် ထပ်ပြီး နင်းချေခံရတော့မှာ မဟုတ်ဘူး"


မုန့်ယွမ် သူ့အသံအနေအထားကို ချက်ချင်း ပြောင်းလဲလိုက်သည်။ 


"မစိုးရိမ်နဲ့တော့... ကောင်းကောင်းအိပ်... ငါ အခြေအနေတွေကို မျက်စိဒေါက်ထောက် ကြည့်ထားလိုက်မယ်... မပူနဲ့တော့နော်"


ယွီနျန်က လက်ခံပေးသင့်ပါသော်လည်း အိပ်မပျော်နိုင်သဖြင့် ဖုန်းထဲမှ သတင်းများကိုသာ ဆက်ကြည့်နေခဲ့သည်။


သူက ရှားမင်ရှီ ပို့ပေးလာသည့် လင့်ခ်များကိုလည်း နှိပ်ကြည့်လိုက်သည်။ ၎င်းမှာ ဖိုရမ်တစ်ခုထဲမှ ဆွေးနွေးမှုများ ဖြစ်သည်။


[ရွံစရာကောင်းလိုက်တာ... ဘယ်သူ့ကိုပဲ ဆွဲထုတ်ထုတ် လုပ်လေ... နျန်နျန်ကို ပြောနေတာတော့ ရပ်ပေးပါလား... နင်တို့ ခေါင်းမကောင်းကြဘူးလား]


[ဖြတ်သွားဖြတ်လာ စစ်စစ် တစ်ယောက်အနေနဲ့ ပြောမိတာကို ဗွေမယူပါနဲ့... ယွီနျန်က "သဘာဝရဲ့ သံစဥ်" ကြောင့်သာ ဒီရက်တွေထဲ နာမည်ကြီးလာတာ... ရှိုးပြီးသွားတော့ လုံးဝ အေးခဲသွားတာပဲမလား... လူဘယ်နှယောက်ကများ သူ့ကို မှတ်မိနေသေးလို့လဲ... အဲ့ဒါထက် ယိုယိုအကြောင်း ပြောရရင် အနည်းဆုံး ငါ့အမေတောင်မှ သူဘယ်သူလဲ သိနေတယ်]


[အပေါ်ထပ်ရေ... ဖြတ်သွားဖြတ်လာ ဟန်ဆောင်ရတာ ပျော်ရဲ့လား... ပရော်ဖက်ရှင်နယ်ဆန်ဆန်လေးနဲ့ အရင်ဆုံး ပရိုဖိုင်လေး ပြောင်းလိုက်နော်... "ငါက ကင်းမွန်နုပ်နုပ်စင်း" ပါလို့ အနီရောင် ဆော့ပင်နဲ့ ကြီးကြီးလေး ရေးထားလိုက်... နင့်ခေါင်းထဲမှာ xတွေပဲ ရှိတယ်လို့ ငါထင်ရအောင် မလုပ်နဲ့နော်] 

[T/Nကင်းမွန်နုပ်နုပ်စင်းက ယိုယိုရဲ့ ဖန်ဒန်းနာမည်ပါ]


[နျန်နျန်ကို လွှတ်ပေးလိုက်ကြစမ်းပါ... တိတ်တိတ်လေး သီချင်းဆိုနေတဲ့ ငါတို့ရဲ့ နျန်နျန်ကို ဘယ်သူ လာဆွနေတာလဲ... ပြီးတော့ ယိုယို ကုမ္ပဏီကလည်း ပြီးသွားလို့ ဘာမှ ဆေးကြောစရာ မရှိတော့ဘူးနော်... ငါကတော့ ဝဋ်ကို ယုံကြည်တယ်... သူများတွေအပေါ် ချနင်းရမှသာ အမြင့်တက်နိုင်တဲ့သူတွေ... သေလောက်အောင် ပြုတ်ကျမှာ မကြောက်ဘူးလား]


[အိုကေ အိုကေ အိုကေ မင်းတို့ ယိုယိုက နေအဖွဲ့အစည်းအပြင်ကပါ... ဒါကြောင့်မို့ ကိုယ့်ဘာသာလေးပဲ ဖျော်ဖြေနေပြီး ငါတို့မိသားစု နျန်နျန်ကို ဆွဲမသွင်းနဲ့ နားလည်လား]


ဤကိစ္စ၏ အပူလှိုင်းကြီးက ပေါက်ကွဲထွက်လာရသည်ထိ မဟုတ်သေး။ သို့သော်လည်း ထိုကိစ္စက နောက်တစ်နေ့ နေ့လည်ပိုင်း မတိုင်မီအထိ ဆက်သွားနေခဲ့သည်။


မုန့်ယွမ်နှင့် ယွီနျန်တို့ အတူတကွ နေ့လည်စာစားကြသောအခါ သူတို့၏ မျက်နှာများက မှောင်မဲနေဆဲ ဖြစ်သည်။ သို့သော်လည်း ဖုန်းခေါ်ဆိုမှူတစ်ခုကို ဖြေဆိုပြီးသွားသောအခါ မုန့်ယွမ်က ထိုင်ခုံပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ထိုင်နေပြီးနောက် ရုတ်တရက် ခပ်ကျယ်ကျယ် ရယ်မောလာလေသည်။


ယွီနျန် တူများကို ပြန်ချထားလိုက်သည်။ "အစ်ကိုမုန့်... ဘာကိစ္စများလဲ"


ရှစ်ရော့က ဇွန်းကိုင်ထားဆဲ ဖြစ်ပြီး သူ့ကို အထူးတဆန်း ကြည့်လာခဲ့သည်။


မုန့်ယွမ်က ဖုန်းကို စားပွဲပေါ်သို့ ပစ်လွှင့်လိုက်ပြီး မျက်နှာထက်တွင် အားရပျော်ရွှင်နေသော အမူအယာ ရှိနေလေသည်။


 "မင်းတို့ရဲ့ ဖေဖေမုန့်က ရယ်ရလွန်းလို့ သေတော့မယ်... ဒါရိုက်တာရှုက အခုပဲ ဖုန်းဆက်တယ်... သူတို့ရဲ့ ပရိုမိုးရှင်း သီချင်းကို မင်းဆိုရမယ်လို့ ပြောတယ်"


"အာ" ယွီနျန်လည်း အံ့အားသင့်သွားလေသည်။


 "ယိုယို အရွေးခံရတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"


"အတွင်းပိုင်း သတင်းရင်းမြစ်က ဒီလို ပြောတာပဲ ဒါပေမယ့် တရားဝင် ထုတ်ပြန်ချက် မလုပ်ရသေးဘူးလေ... အဆုံးမှာ ဘယ်သူအရွေးခံရမယ်ဆိုတာကို သေချာသိကြတာမှ မဟုတ်တာ... အဲ့ဒီအချိန်တုန်းက ဒါရိုက်တာမင်က ယိုယိုအပေါ် အမြင်ကောင်း ရှိနေတာ.... ပြီးတော့ ဒါရိုက်တာရှုက မင်းကိုပိုပြီး အမြင် ရှိနေခဲ့တာလေ" 


မုန့်ယွမ် ယွီနျန်ကို သတိပေးလိုက်သည်။ "နောက်ပိုင်းကျ ဒါရိုက်တာရှုကို ဖုန်းခေါ်ဖို့ မမေ့နဲ့"


နေ့လည်စာ စားပြီးနောက် ယွီနျန်က မုန့်ယွမ် ရုံးခန်းထဲတွင် နေရစ်ကာ လိပ်စာကဒ်ကို ကြည့်လိုက်သည်။ ထို့နောက် ရှုရှန့်လန်ကို ဖုန်းခေါ်လိုက်သည်။ 


ရှုရှန့်လန်က ခပ်မြန်မြန် ပြန်ဖြေလေသည်။ 


"ယွီနျန်လား"


ယွီနျန်က ပြုံး၍ ပြောလိုက်သည်။


 "အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်... ဒါရိုက်တာရှု"


ရှုရှန့်လန်က ပိုတိတ်ဆိတ်သော နေရာကို ရှာဖွေလိုက်ပြီး စိတ်အေးလက်အေး အသံဖြင့် ပြောလိုက်သည်။


 "မင်းဘာလို့ ဖုန်းခေါ်လဲ သိတယ်... ပရိုမိုးရှင်းသီချင်းအတွက် ငါ့ကို ကျေးဇူးတင်ရမယ်နော်... လောင်နင်က ယိုယိုကိုပဲ ဆိုစေချင်နေတာ ငါသဘောမတူခဲ့ဘူးလေ"


သူက စီးကရက် ခဲနေပုံပေါ်နေပြီး ပြောလေသည်။ "မင်း လေးလအတွင်း ယိုယိုထက် ပိုနာမည်ကြီးလာလိမ့်မယ်လို့ ငါလောင်းထားတယ်" 


ယွီနျန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး တစ်ခဏမျှ ပြန်မဖြေနိုင် ဖြစ်သွားရသည်။  


“ငါ လောင်ကြေးထပ်ထားတယ်" ရှုရှန့်လန်က ပြုံး၍ ပြောလိုက်သည်။ 


"ဒါဆို ယွီနျန်... အလုပ်ကြိုးစား... ငါ့ကို လောင်းကြေးမရှုံးစေနဲ့" 


ယွီနျန်၏ မျက်လုံးလေးများက အတန်ငယ် တောက်ပသွားပြီး အသံအနေအထားကလည်း ခိုင်မာနေလေသည်။


 "ကျွန်တော် ဒါရိုက်တာကို သေချာပေါက် မရှူံးစေရပါဘူး"


"အိုကေ... ကောင်လေးရေ... မင်း ဒီလို စိတ်ထားမျိုး ရှိဖို့ လိုတယ်ကွ" ရှုရှန့်လန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။


 "စကားမစပ် မင်းဘေးမှာ မန်နေဂျာ ရှိလား"


ယွီနျန် မုန့်ယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်မဖြေခင် မုန့်ယွမ်ကို လက်ဟန် ခြေဟန် ပြလိုက်သည်။ "ရှိပါတယ်"


"ဒါဆို စပီကာ ဖွင့်လိုက်... စကားပြောရအောင်"


ယွီနျန် ဖွင့်လိုက်သည့်အချိန်တွင် သူပြောလိုက်သည်။ 


"ငါမေးမလို့ ယွီနျန်... မင်း သရုပ်ဆောင်အလုပ် စိတ်ဝင်စားလား"


"ဘာကို ပြောချင်တာများလဲ"


ရှုရှန့်လန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


 "ငါ့ရုပ်ရှင်မှာ သရုပ်ဆောင်ရမဲ့ တစ်နေရာရှိတယ်.. အင်ပါယာမြို့တော်ရဲ့ မြင့်မြတ်တဲ့ မိသားစုက ဆင်းသက်လာတဲ့ အထက်တန်းလွှာ သခင်လေးလေ... အပူအပန် မရှိတဲ့ စိတ်သဘောထားနဲ့ ငယ်ရွယ်ပြီး ပလွှားတယ်... လူတွေ့စစ်ဆေးတဲ့နေ့က ပရိုဂျူဆာနင်းနဲ့ငါ ယွီနျန်ကို ဒီဇာတ်ကောင်နေရာအတွက် အရမ်းသင့်တော်မယ် ထင်တယ်လို့ ပြောခဲ့ကြသေးတယ်... ပုံပန်းသွင်ပြင်ရော အတွေးအခေါ်ရော.... ဒါပေမယ့် ချက်ချင်း ဆုံးဖြတ်ချက် မချရဲတော့ ဒီရက်ထဲ စဥ်းစားနေတာ... ဒီဇာတ်ကောင်အတွက် ရိုက်ချက် သိပ်မပါဘူး... ရိုက်ကူးရေးအချိန်ကလည်း တိုတောင်းတယ်... သရုပ်ဆောင် ရှာရတာလည်း တကယ် ခက်ခဲတယ်... ဒါကြောင့် ဒီနေ့ မင်းများ သရုပ်ဆောင်ချင်လားလို့"


မုန့်ယွမ်မှာ ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့ဘဲ စဥ်းစားရန် အချိန် လိုသေးသည်ဟုသာ ပြောခဲ့သည်။ 


ရှုရှန့်လန်ကလည်း အလျင်မလိုသဖြင့် အလာပသလ္လာပ စကားအချို့ ဖလှယ်ပြီးနောက် ဖုန်းချလိုက်သည်။