အပိုင်း ၄၁
Viewers 10k

Chapter 41

ခင်ဗျား အန္တရာယ် ကင်းပါစေ




မုန့်ယွမ်က ဖုန်းထောင့်ဖြင့် စားပွဲကို ခေါက်လိုက်ပြီး ယွီနျန်ကို မေးလိုက်သည်။ 


"မင်းရော ဘယ်လို ထင်လဲ"


ယွီနျန်က လှည့်မေးလိုက်သည်။ 


"အစ်ကိုမုန့်ရော ဘယ်လိုထင်လဲ"


မုန့်ယွမ် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ 


"ဒါရိုက်တာရှုက ဒီလောကထဲမှာဆို နေရာမြင့်မြင့်မှာ ရှိတယ်... သူက နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်ကျော်လောက်ထိ နာမည်ကြီး ဒါရိုက်တာ ဖြစ်လာတာ... သူထုတ်ထားတဲ့ ဇာတ်ကားတွေက အလွှာတွေ အများကြီးပါတယ်... အချိန်တွေ ငွေတွေ အများကြီး ရင်းနှီးထားရတဲ့ ဒီလို ရုပ်ရှင်မျိုးဆို အသာ ထားလိုက်တော့"


“ဒါဆို ဒီရုပ်ရှင်က နာမည်မကြီးခဲ့ရင်တောင် သေချာပေါက် flopသွားမှာတော့ မဟုတ်ဘူးမလား"

[T/N flopတာကတော့ မပေါက်တာ... လူကြည့်နည်းတာမျိုးပါ]


“ဟုတ်ပါ့... ယွီချင်းက ဇာတ်လိုက်ပဲလေ... ဘယ်လိုပဲ ဖြစ်ဖြစ် သူက အရမ်းကျော်ကြားတာဆိုတော့ လူတွေ အများကြီး စိတ်ဝင်စားကြမှာပဲ" 


မုန့်ယွမ်မှာ ယွီနျန်၏ သဘောထားကို သေချာ မသိရသေးသဖြင့် ဆုံးဖြတ်ချက် တန်းမချလိုက်ခြင်း ဖြစ်သည်။


 "ငါကတော့ ဝင်သရုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်တယ်... ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေး အချိန်ကလည်း တိုတောင်းပြီးတော့ ရိုက်ကွက်တွေလည်း အများကြီး မရှိဘူး... မင်းရဲ့ နာမည်ကို ပြောင်းနိုင်ပြီးတော့ ပရိုမိုးရှင်းသီချင်းလည်း ဆိုနိုင်မယ်... မျှမျှတတပေါ့... ပြီးတော့ဒါရိုက်တာရှုရဲ့ ကားဆိုရင် အရံဇာတ်ကောင်သေးသေးလေး ဖြစ်နေရင်တောင် ကောင်းကောင်းသရုပ်ဆောင်နိုင်ရင် တချို့နေရာတွေမှာ တခြားသူတွေထက် ပိုတောက်ပနိုင်တယ်"


ယွီနျန်က သူ၏ အောက်ခြေစည်းကိုသာ ပြောပြလိုက်သည်။


 "ကျွန်တော် သီချင်းဆိုရတာကိုပဲ ပိုကြိုက်တယ်" 


မုန့်ယွမ် ပြုံး၍ ပြောလိုက်သည်။ 


"ငါသိတယ်... ငါလည်း မင်းကို သရုပ်ဆောင်လမ်းကြောင်းပေါ် တွန်းတင်ပေးမှာ မဟုတ်ဘူး... မင်းရဲ့ ပါရမီနဲ့ဆို သီချင်းမဆိုရင် အလဟဿ ဖြစ်သွားမှာပေါ့"


ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"ဒါဆိုလည်း လုပ်ကြတာပေါ့"


နေ့လည်ပိုင်းတွင် "ရှေးဟောင်းလမ်းမ" ရိုက်ကူးရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်မှ ပရိုမိုးရှင်း သီချင်းကို သီဆိုမည့် အကြောင်း သတင်းအသစ်တစ်ခု ပိုစ့်တင်ခဲ့ပြီး ယွီနျန်ကိုသာ တိုက်ရိုက် ဝိုင်းပြလာခဲ့သည်။ 


ယိုယို၏ ဖန်များက တရားဝင် ထုတ်ပြန်ချက်ကို ဂုဏ်ပြုကြရန် အဆင်သင့်ဖြစ်နေကြလေပြီ။ အဆုံး၌ ယိုယိုက အရင်းအမြစ်ကောင်းကောင်းများ ရခဲ့သည်ပင်။ သို့သော်လည်း သေချာကြည့်လိုက်သောအခါ ဝိုင်းပြခံထားရသူက ယိုယိုမဟုတ်ဘဲ အခြားသူ ဖြစ်နေမည်ဟု သူတို့ မထင်ထားခဲ့ကြ။


[သောက်ကျိုးနဲဟေ့... ငါတော့ ကင်းမွန်နုပ်နုပ်စင်းတွေအတွက် စိတ်မကောင်း ဖြစ်သွားရပြီ... ဒီလောက်အကြာကြီး အလုပ်တွေကြိုးစားပြီး ကခုန်နေကြတာ မျက်စိတစ်မှိတ်အတွင်း တရားဝင် ဘလောခ့်ရဲ့ ပါးဖြတ်ရိုက်တာကို ခံလိုက်ရရှာတယ်... သူတို့တွေ ကြက်သေသေသွားကြမှာပဲ] 


[ဝိုး... ရှောင်နျန်ကော်ကော်ရေ... မယုံနိုင်သေးဘူး... ငါတို့ရဲ့ နျန်နျန်က မြေပေါ်ကို ပစ်ချခံရပြီး နှစ်ခါလောက် အရိုးချိုးခံလိုက်ရတာ မဟုတ်ဘူးလား] 


[ငါက နှစ်ယောက်လုံးရဲ့ဖန်တော့ မဟုတ်ဘူး... ဒါပေမယ့် မနေ့က ကင်းမွန်နုပ်နုပ်စင်းတွေ ပျော်ပျော်ပါးပါး ခုန်ပေါက်နေကြတာ မြင်တော့ တရားဝင် ထုတ်ပြန်ထားပြီးလို့များလားလို့ တွေးနေတာ... ဒါဆို မဟုတ်ဘူးပေါ့... ဒါပေမယ့် မင်းတို့က ဇာတ်လိုက်ကို ဆွဲချပြီး ဒီလိုနင်းချခဲ့ကြတာပေါ့... မိုက်လိုက်တဲ့ လုပ်ဆောင်ချက်.... နှစ်ဝက်လောက်ထိ ကြွားပြောလို့ ရပြီ]


[မျက်ရည်တွေပါ ကျနေပြီ... ဖာခ့်... ဘာလို့ နျန်နျန်က နင့်ဆီကနေ သာမန်ကာလျှံကာ နင်းချေခံ၊ အထင်သေးခံ အပုပ်ချရမှာလဲ... နျန်နျန်အတွက် စိတ်မကောင်းဘူး]


တစ်ခဏအကြာတွင် ယိုယို၏ ဖန်များမှာ လူအုပ်ကြီးထံမှ လှောင်ပြောင်ခံလိုက်ရလေတော့သည်။ 


ဝေ့ပေါ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှစ်ရော့ စိတ်ကျေနပ်သွားသဖြင့် မျက်နှာတစ်ခုလုံး အပြုံးပန်းဝေနေလေသည်။


 "သူတို့ရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ ယိုယိုရဲ့ ဖန်တွေက ရိုက်ကူးရေးအဖွဲ့ရဲ့ တရားဝင်ဘလောခ့်ကို သွားပြီး ဖုန်းမျက်နှာပြင်ကို ဆွဲချပြီးတော့ တရားဝင်ရိုက်ကူးရေးအဖွဲ့က ဖြေရှင်းချက်ပေးရမယ်လို့ တောင်းဆိုနေကြတယ်... အဆုံးမှာ ယာယီ လူအပြောင်းအလဲ ဖြစ်သွားတော့ အထဲမှာ မသမာမှုတွေ ရှိနေလားတဲ့"


သူမက ဆွံ့အနေလေသည်။ 


"ဘယ်လို ဖြေရှင်းချက်တွေ ထုတ်ပေးရမှာလဲ... အစကတည်းက တရားဝင်ထုတ်ပြန်ချက်မှာ ယိုယိုလို့ ပါရင် နျန်နျန်ကို အတင်းပြောင်းလိုက်သလို ဖြစ်မှာပေါ့... ဒါဆို ဒီအခြေအနေတွေအတွက်ဖြေရှင်းချက် တောင်းတာ ဆီလျော်သေးတယ်... အခုကတော့ သူတို့ လာရှုပ်နေကြသလိုပဲ ဖြစ်နေမှာ... ကြွေပန်းအိုးကို ထိသလိုပေါ့"


မုန့်ယွမ်ကလည်း နံဘေးမှ နှာမှုတ်လိုက်သည်။ "ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးနေတုန်းပဲ... တကယ် ရှက်ဖို့ကောင်းလိုက်တာ... ယာယီပြောင်းလိုက်တယ်လို့ သေချာနေကြတုန်းပဲ... သူတို့ မျက်စိတွေ ဖွင့်မကြည့်နိုင်ကြတော့ဘူးတဲ့လား"


ထိုအချိန်တွင် သတင်းတစ်ပုဒ်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရှစ်ရော့က အာရုံမထားသော်လည်း သူမဘေးတွင် ရှိနေသည့် နျန်နျန်က ပြောလာသည်။ "အစ်မရော့ရော့... ဖုန်းလေး ပြလို့ရမလား" 


ရှစ်ရော့ ဖုန်းကမ်းပေးလိုက်ပြီး tabletကို ယူကာ ဆက်ပွတ်နေသည်။ 


ယွီနျန်က အခုလေးတင် ထွက်ပေါ်လာခဲ့သော သတင်းတစ်ပုဒ်ကို နှိပ်ကြည့်လိုက်ရာ ပထမဆုံး စာကြောင်းနှစ်ကြောင်းကိုသာ ဖတ်ရသေးချိန်မှာပင် သူ့မျက်နှာထက်မှ စိတ်အေးလက်အေး ရှိနေသော အပြုံးလေးက မသိစိတ်အရ ဖိနှိပ်ခံလိုက်ရသည်။ 


ရှစ်ရော့က ဟုမ်းပေချ့်ကို ဆွဲချလိုက်ပြီး နံဘေးမှ ကြည့်လိုက်သည်။ 


"ဘုတ်ဒါရိုက်တာ စုန့်ခယ်... ကားမတော်တဆမှု... ကယ်ဆယ်မှု ကျရှုံးပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး..."


ယွီနျန်၏ ဘေးတိုက်မျက်နှာထက်မှာ အကြောများ တင်းကျပ်နေပြီး သိပ်မသိသာသော အေးစက်မှုများပင် ထင်ဟပ်နေသည်ကို မြင်သောအခါ သူမက ဂရုတစိုက်ဖြင့် မေးလိုက်သည်။ 


"မင်း သိတဲ့လူများလားဟင်"


ယွီနျန် နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ "မသိပါဘူး"


ဖုန်းကို ရှစ်ရော့ထံ ပြန်ပေးလိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ ဆက်စပ်သတင်းများကို ရှာဖွေလိုက်သည်။


ဤနေ့လည်းခင်မှာပင် စုန့်ခယ်၏ ကား ဘရိတ်ပေါက်သွားခဲ့သည်။ သူ့ကားက ကမ်းနားလက်ရန်းများကို ချိုးဖြတ်၍ မြစ်ထဲသို့ ကျသွားခဲ့လေသည်။ ဒရိုင်တာနှင့် လက်ထောက်အပါအဝင် လိုက်ပါလာကြသူ တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့ကြ။ သူတို့ကို ရေထဲမှ ကယ်ဆယ်လိုက်သောအခါ သေဆုံးပြီးသား ဖြစ်နေသည်။


ယွီနျန် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်လိုက်ပြီး လက်ချောင်းများကို တင်းတင်းဆုပ်မိသွားသည်။ 


တစ်ချိန်တည်းမှာပင် ချူရှောင်းရန်သည်လည်း ရွှယ်ယုံ၏ ရုံးခန်းကို အပြေးအလွှား ရောက်ချလာပြီး "ဘန်း" ဟူသော အသံဖြင့် တံခါးကို ပိတ်ကာ လက်ထောက်လေးကို အော်ထုတ်ထားခဲ့သည်။ 


သူက တံခါးနောက်ပါးတွင် ရပ်နေရင်းဖြင့် စားပွဲခုံတွင် ခပ်မတ်မတ် ထိုင်နေသော ရွှယ်ယုံကို ကြည့်လိုက်မိသည်။ သူ့နှာခေါင်းထိပ်က အသည်းအသန် လှုပ်ရှား နေပြီး အာဒမ်ပန်းသီးကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူသတိထား၍ မေးလိုက်သည်။


 "ရွှယ်ရှောင်ယုံ... မင်း... အဆင်ပြေရဲ့လား"


သူ ထိုစကားများကို ပြောနေချိန်တွင် သူ့နှလုံးသားလေးမှာ ရင်ဘတ်ထဲမှ ခုန်ပေါက်လာတော့မည်ဟုပင် ခံစားနေရသည်။


သူ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်။ ရွှယ်ယုံ၏ အစ်ကိုသည်လည်း ထိုစဥ်က ဤကဲ့သို့ပင် ဖြစ်သွားရသည်။ သူ့ကားက မိုးရေထဲတွင် ဘရိတ်ပေါက်သွားခဲ့ပြီး အရံအတားကို တိုက်ကာ ကားတစ်စီးလုံး မြစ်ထဲသို့ ကျသွားခဲ့သည်။ ဒရိုင်ဘာနှင့် အတွင်းရေးမှူးအပါအဝင် အားလုံး သေဆုံးသွားခဲ့ကြလေသည်။ ကယ်ဆယ်ရန် အခွင့်အရေးပင် မရှိလိုက်ကြ။


သို့သော်လည်း သက်သေမရှိသဖြင့် ကားမတော်တဆမှုဟုသာ သတ်မှတ်လိုက်ကြသည်။


ဒါပေမယ့် မတော်တဆမှုတွေက အများကြီး ဖြစ်လာနိုင်ပါ့မလား...


ရွှယ်ယုံမှာလည်း သူ့အဆုတ်ထဲမှ လေများအားလုံး ညှစ်ထုတ်ခံရသလို ခံစားလိုက်ရပြီး အမှန်တကယ် ဟုတ်မဟုတ် မသိရသည့် နစ်မွန်းမှုများကိုသာ ခံစားနေရလေသည်။ မျက်လွှာ ချထားရင်းမှ သူ့မျက်လုံးများက နှင်းဆီပွင့်ချပ်များဖြင့် ပြုလုပ်ထားသည့် နမူနာပုံစံလေးထံ ကျရောက်သွားပြီး အချိန်အကြာကြီး နေမှ စကားစပြောလာသည်။ သူ့အသံကလည်း အက်ရှရှ ဖြစ်နေ၏။


 "သူ ငါ့ကို သတိပေးနေတာ" 


"ဘာလဲ"


ချူရှောင်းရန်က ခြေလှမ်းအနည်းငယ် တိုးလာပြီး ခြောက်သွေ့နေသော နှုတ်ခမ်းသားများကို သပ်ကာ လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်သည်။


 "မင်းပြောချင်တာ တင်းကျောက်ရှန်လား"


"ဟုတ်တယ်" ရွှယ်ယုံ၏ အမူအယာမှာ နက်ရှိုင်းလှသော ရေအိုင်ငယ်လေးသကဲ့သို့ ရေတစ်ပွက်မှပင် မရှိလေဘဲ အသံကလည်း အလွန်အမင်း တည်ငြိမ်နေသည်။ 


"ငါ့ဘက်က စလှုပ်ရှားလိုက်တယ်လေ... စုန့်ခယ်ဘက်ကိုလည်း ငါကပဲ အပိုင်းပိုင်း ဖြတ်ခဲ့တာပဲ... သူက အသက်ပိုကြီးလာလေလေ ပိုပိုပြီး သတ္တိနည်းလာလေလေ ဖြစ်နေတာ... သူက ကြောက်လန့်နေတော့ တင်းကျောက်ရှန်ကို ထပ်ပြီး မကူညီချင်တော့ဘူး... တင်းကျောက်ရှန်ကလည်း သူ့ကို လွှတ်မပေးချင်ဘူး... သူတို့နှစ်ယောက် အချေအတင်တွေ ဖြစ်ပြီး ညစားစားပွဲမှာ စကားများခဲ့ကြတယ်"


ချူရှောင်းရန်က ဤကဲ့သို့ ကိစ္စမျိုး ရှိလာသည်ကို မသိခဲ့ပေ။ သူ့လက်မောင်းများ၌ ကြက်သီးများပင် ထလာခဲ့သည်။ 


"အင်း... ပြီးတော့"


“စုန့်ခယ်က ငါနဲ့ တင်းကျောက်ရှန်ကို ကြောက်နေတယ်... ဒါကြောင့် ဒီရွှံ့နွံထဲက ရုန်းထွက်ချင်နေတာပဲ... သူ့သဘောထားကို ဖော်ပြပြီး တင်းကျောက်ရှန်နဲ့ ရှင်းရှင်းလင်းလင်း မျဥ်းတားနေတဲ့ ချိန်မှာပဲ သူ့ပိုင်ဆိုင်မှူတွေကို ရွှေ့ပြောင်းပြီး နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေခဲ့တာ... ဒါပေမယ့် သိသိသာသာပဲလေ... သူက တင်းကျောက်ရှန်ဆီကနေ အမှန်တရားကို မဖုံးလိုက်နိုင်တော့ တင်းကျောက်ရှန်ကလည်း သူ့ကို လွှတ်မပေးတော့တာပေါ့"


“ဒါဆို... ဒီနေ့ ကားမတော်တဆမှုကလည်း..."


"အင်း"


ရွှယ်ယုံ၏ မျက်လုံးများက အလွန်တရာ အေးစက်နေပြီး ဖြည်းဖြည်းချင်း စကားပြောနေသည်။ 


"သူက ငါ့ကို သတိပေးချင်လို့ ငါ့အစ်ကို ဆုံးသွားရတဲ့ နည်းကို ကော်ပီယူထားတာပဲ... သူ ငါ့ကို ပြောချင်နေတာက သူသာ ငါ့ကို သတ်ချင်ရင် အလွယ်လေးလို့လေ"


ချူရှောင်းရန် စကားမပြောရဲတော့...


ဤအခိုက်၌ ရွှယ်ယုံမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။


သူက ရင်းနှီးနေသလို မရင်းနှီးသည့် ခံစားချက်မျိုးလည်း ရနေပါ၏။


ရွှယ်ယုံက လက်ငါးချောင်းလုံးကို ဖြူလျော်လာသည်အထိ ဆုပ်ထားပြီးနောက် တဖြည်းဖြည်းချင်း ဖြေလျော့ကာ မျက်လုံးမှိတ်ထားလိုက်သည်။


၎င်းတို့ကို ဖွင့်လိုက်သောအခါ အားလုံးသော အမုန်းတရားများနှင့် အေးစက်မှုများကို နှလုံးသားနက်နက်အထိ ဖုံးကွယ်ထားလိုက်ပြီး ဖွင့်ဟလာသော မျက်လုံးများထဲ၌ မြင်တွေ့နိုင်ခြင်း မရှိတော့။ သူက လျော့တိလျော့ရဲ ထိုင်နေသော ချူရှောင်းရန်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ 


"ငါ အဆင်ပြေပါတယ်"


ချူရှောင်းရန်က ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြလိုက်သည်။ "အင်းပါ" သူ လေသံပျော့လေးဖြင့် ထပ်ပြောလိုက်လေသည်။ "တကယ်လို့..."


“အဆင်ပြေပါတယ်" ရွှယ်ယုံက ထပ်ပြီး အလေးပေး ပြောလိုက်သည်။ 


"တကယ်ပြောတာ... အဆင်ပြေတယ်"


ချူရှောင်းရန်ကလည်း ရွှယ်ယုံများစွာ ခံစားနေရမှန်း သိနေသည်။ သို့သော်လည်း လက်ရှိ ရွှယ်ယုံမှာ ဆယ့်နှစ်နာရီတိုင် ပီယာနို လေ့ကျင့်ခဲ့ပြီး ညအချိန်တွင် ကြယ်ရောင်တို့ လင်းလက်နေသော ကောင်းကင်ကြီးကို မိန်းမောတွေဝေစွာဖြင့် သွားကြည့်လေ့ရှိတတ်သည့် အတိတ်မှာ ဝမ်းနည်း ညှိုးငယ်နေတတ်သော ရှောင်ရွှယ်ယုံလေး မဟုတ်တော့သည်ကို သူပို၍ပင် သိနေပါသေးသည်။


သူထပ်ပြီး အနားကပ်မလာတော့ဘဲ ခပ်ရှရှ လေသံဖြင့် ပြောလိုက်သည်။ 


"တစ်ခုခု လိုရင် ငါ့ကို ခေါ်လိုက်"


ရွှယ်ယုံက အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"


****


ယွီနျန်မှာ အမြဲလိုလိုပင် အနားမနေတတ်သူ ဖြစ်သည်။ မုန့်ယွမ်၏ ညလယ်စာ စားမည့်အကြံကို ငြင်းပယ်ကာ အိမ်ကို တန်းပြန်လာခဲ့ပြီး ဆိုဖာပေါ်တွင် ထိုင်၍ လတ်တလောနှစ်များအတွင်း ရွှယ်မိသားစုနှင့် ပတ်သက်သည့် သတင်းများကို ရှာဖွေလိုက်သည်။


အချို့သော သိုဝှက်ထားပြီး လူသိမခံသည့် အချက်များကား ခပ်ရေးရေးသာ ပေါ်ထွက်လာသည်။


တစ်ခဏမျှ ရှာဖွေပြီးနောက် ယွီနျန်က ဖုန်းကို ဘေးတွင်ချကာ ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းများကို ထုတ်လိုက်ပြီး ဆေးကြော၍ စွပ်ပြုတ်တစ်အိုး တည်လိုက်သည်။


တံခါးဘဲလ်သံ မြည်လာသောအခါ ဆယ့်တစ်နာရီ ထိုးလုနေလေပြီ။


သူက တံခါးဆီ အပြေးအလွှား ရောက်လာပြီး အေးစက်နေသော တံခါးဘုကို လှည့်၍ ဖွင့်လိုက်သည်။


ဟယ်ရှန်းမှာ တံခါးဝတွင် ရပ်နေဆဲ။


ဟယ်ရှန်းက စကားလုံးများကို ရှင်းရှင်းလင်းလင်း ပြန်ပြောပြလိုက်သည်။


 "သူပြောတာ... တောင်းပန်ပါတယ်... ဒီတလော အစားအသောက်တွေကို ပို့ပေးနိုင်ဦးမှာ မဟုတ်ပါဘူးတဲ့" ပြောပြီးနောက် သူ့လက်ထဲမှ သေတ္တာလေးကို ကမ်းပေးလိုက်သည်။ 


ယွီနျန်က သေတ္တာလေးကို ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုစကားများကြောင့် သူ့ခန်းမှန်းမှုကို အတည်ပြုနိုင်လိုက်ပြီး သူ့နှလုံးသားမှာလည်း ထပ်ပြီး ခပ်မြင့်မြင့် ခုန်ပေါက်သွားပြန်သည်။


သူမေးချင်တယ်... ရွှယ်ယုံ ဘေးကင်းရဲ့လား... တစ်ခုခု ဖြစ်သွားသေးလား... သို့သော်လည်း ထိုစကားများက သူ့နှုတ်ခမ်းဝသို့ ရောက်လာချိန်တွင် ပြန်ပြီး မျိုချလိုက်ရသည်။ 


"ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါ"


အထဲသို့ ဝင်လာရင်းဖြင့် ယွီနျန်က သေတ္တာလေးကို ဖွင့်လိုက်ရာ အထဲတွင် ဘဲဥဆားနယ်များကို တွေ့လိုက်ရသည်။ အပေါ်ယဲအကာသားမှာ အနည်းငယ် ခပ်ကျွတ်ကျွတ် ဖြစ်နေပြီး အနံ့ကလည်း အတော်မွှေးသည်။


သူ သေတ္တာလေးကို ချလိုက်ပြီး ကြောင်အိမ်ထဲမှ အသစ်စက်စက် အနွေးဘူးကို ထုတ်ကာ ကြက်သားစွပ်ပြုတ် ထည့်ပေးလိုက်ပြီး အဖုံးကို ကြပ်ပေးလိုက်သည်။ တွေးကြည့်ပြီးသွားသောအခါ စာဖတ်ခန်းထဲကို ပြန်ဝင်လိုက်ပြီး စာရွက်အလွတ်တစ်ခုကို ထုတ်၍ မင်တံကို မင် တို့ကာ စကားလုံး လေးလုံး ချရေးပေးလိုက်သည်။


မင် အခြောက်ခံပြီးသွားသောအခါ စာရွက်ကို လိပ်လိုက်ပြီး တံခါးဆီသို့ မြန်မြန် ပြန်လာခဲ့သည်။


ယွီနျန်က အလည်ရောက်လာသူထံ စာရွက်နှင့် အနွေးဘူးကို ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ 


"ဒုက္ခများသွားရလို့ တောင်းပန်ပါတယ်"


ဟယ်ရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ပစ္စည်းများ ယူ၍ ထွက်သွားသည်။


စာကြည့်ခန်းထဲတွင် ခန်းစီးများ ပိတ်ထားဆဲ ဖြစ်ပြီး စားပွဲပေါ်က မီးအိမ်လေးကိုသာ ဖွင့်ထားလေသည်။


တိတ်ဆိတ်နေသော လေထုထဲတွင် ယွီနျန်၏ ငယ်ရွယ်သော်လည်း အလွန်အမင်း ကြည်လင်နေသော အသံလေးသာ ထပ်တလဲလဲ ပေါ်ထွက်နေလေသည်။ ယွီနျန် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး မီးရောင်မှိန်မှိန်က သူ၏ ကိုယ်တိုင်းလေးကို ခပ်နက်နက် အရိပ်ထင်သွားစေသည်။ သူ့မျက်နှာအမူအယာကတော့ ရှင်းလင်းမနေပေ။


ဟယ်ရှန်း စာကြည့်ခန်းထဲကို ဝင်လာသောအခါ ကော်ဇောထက်၌ ခြေသံများ ထွက်ပေါ်လာစေခဲ့သည်။


ရွှယ်ယုံ မော့မကြည့်ပေ။ "သေချာ ပြောခဲ့လား"


"ဟုတ်" ဟယ်ရှန်းက အနွေးဘူးနှင့် စာရွက်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။


 "ဒါတွေက သူပြန်ပေးလိုက်တာတွေပါ"


"ငါသိပြီ"


စာကြည့်ခန်းတံခါး ထပ်ပိတ်သွားလေသည်။ ရွှယ်ယုံက မီးခိုးရောင် အနွေးဘူးလေးကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်လေးများကို တွန့်ကွေး၍ ပြုံးလိုက်သည်။


တစ်ခဏအကြာ သူ့လက်ကို မြှောက်လိုက်ပြီး စာရွက်လိပ်လေးကို ယူ၍ ဂရုတစိုက် ဖွင့်လိုက်လေသည်။


၎င်းထက်၌ မင်ဖြင့် ရေးထားသည့် ချောမွေ့ပြီး အစက်အပြောက်ကင်းသော စကားလုံး လေးလုံး ပါနေသည်။


"ခင်ဗျား အန္တရာယ် ကင်းပါစေ"


ရွှယ်ယုံမှ

ာ ၎င်းကို ဂရုတစိုက် မခေါက်လိုက်ခင်အထိ အချိန်မည်မျှ ကြာအောင် ကြည့်မိနေသည်ကို မသိတော့ပေ။ ထို့နောက်တွင် အင်္ကျီ၏ အတွင်းပိုင်း အိပ်ကပ်လေးထဲသို့ ထည့်လိုက်လေသည်။


 ဤအနေအထားကား သူ့နှလုံးသားနှင့် အနီးဆုံးနေရာသည်သာ...