Chapter 42
ဒီကလေး... ငါမင်းကို အရမ်း စိတ်ပျက်သွားပြီ
မုန့်ယွမ်မှာ ယွီနျန် အနည်းငယ် စိတ်လွတ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့မျက်လုံးရှေ့တွင် စာရွက်လိပ်တစ်ခုကို ဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
"ကောင်းကောင်း အနားမယူခဲ့ရဘူးလား... မင်း ဒီနှစ်ရက်အတွင်းမှာ စိတ်လွတ်နေသလိုပဲ"
သူက ယွီနျန်၏ ဖုန်းမျက်နှာပြင်ကို အမှတ်တမဲ့ ကြည့်လိုက်မိပြီး သိလိုစိတ်များသွားရသည်။
"မင်းဘာလို့ ဒီရက်ထဲ ငွေကြေးနဲ့ လူမှုရေး သတင်းတွေပဲ ရှာဖတ်နေရတာလဲ"
ယွီနျန်မှာ သူ့စကားကို ကြားမှသာ အသိပြန်ဝင်လာခဲ့သည်၊
"ကျွန်တော်... ကျွန်တော် အမြဲတမ်း သတင်းတွေ စစ်ကြည့်နေမိတာလား"
မုန့်ယွမ် ခေါင်းညိမ့်ပြလိုက်ပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"ဟုတ်တယ်... ခဏခဏ ရှာနေတာပဲ"
သူက လက်ထဲမှ ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ပြီး ယွီနျန်၏ အမူအယာကို ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ "နျန်နျန်... ငါ့ကို အမှန်အတိုင်းပြော.... မင်း တစ်ခုခု ဖြစ်နေတာလား"
“မဟုတ်ပါဘူး"
ယွီနျန်က ဖုန်းမျက်နှာပြင်ကို ပိတ်ကာ ချင့်ချိန် စဥ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော့် သူငယ်ချင်းက... အခုတလော သိပ်အဆင်မပြေဘူး ဖြစ်နေလို့... ကျွန်တော်လည်း ကူညီမပေးနိုင်တာနဲ့လေ... အမြဲတမ်း တွေးမိနေတာ"
လွန်ခဲ့သည့် နှစ်ရက်အတွင်း ရွှယ်မိသားစုနှင့် ပတ်သက်နေသည့် သတင်းများ မရှိခဲ့သလို စုန့်ခယ်၏ ကားမတော်တဆမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများ မရှိခဲ့ရုံသာ။ ဤကိစ္စကို ဖုံးကွယ်ရန်အတွက် တစ်စုံတစ်ယောက်က အရေးယူ ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ရမည်။
မုန့်ယွမ်မှာ သူပြောနေသူကို မည်သူမှန်း မသိပါသော်လည်း ဤရက်များအတွင်း ယွီနျန်ကို စိတ်လွတ်နေရသည်အထိ အရေးပါသူသာ ဖြစ်ရပေမည်။ ယွီနျန်က သူ့လက်အောက်မှ အနုပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူက အခြားသူများ၏ ကိုယ်ပိုင်ဘဝကို အလွန်အကျွံ ဝင်စွက်ဖက်မည် မဟုတ်ပေ။ သူက ပြောရုံသာ ပြောလိုက်သည်။
"လူတစ်ယောက်ရဲ့ ဘဝက တိုတောင်းတယ်... ဒါပေမယ့် ရှည်လည်းရှည်လျားနေတယ်... အနိမ့်အမြင့် အတက်အကျတွေလည်း ရှိမှာပဲ... ဒါကို ကျော်လွှားနိုင်ဖို့ပဲ လိုတယ်... မင်းရဲ့ သူငယ်ချင်းကို ယုံကြည်ပေးထားသင့်တယ်လို့ ထင်တာပဲ"
ယွီနျန် ပြုံးလာပြီး အနည်းငယ် စိတ်အေးလက်အေး ဖြစ်လာသည်ကို ကြည့်ကာ မုန့်ယွမ်က စာရွက်လိပ်လေးကို ကမ်းပေးလိုက်သည်။
"အလုပ်အကြောင်း ပြောရအောင်... ဒါက ဒီကာလအတွက် အချိန်စာရင်းပဲ"
ယွီနျန် ဖွင့်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ဒါရိုက်တာရှုနဲ့ တခြားသူတွေရဲ့ စာချုပ်တွေက အားလုံး လက်မှတ်ထိုးပြီးသွားကြပြီ... မနက်ဖြန်ကျ စတူဒီယိုကို သွားပြီး ပရိုမိုးရှင်း သီချင်းကို အသံသွင်းရမယ်... သုံးရက်အတွင်း ပြီးအောင် ကြိုးစားရမယ်... စောစောပြီးရင် သရုပ်ဆောင်အတန်းမှာ နှစ်ရက်ပို သုံးလို့ ရမှာပဲ... ပြီးရင်တော့ ရုပ်ရှင်အဖွဲ့ကို သွားရတော့မယ်... ဇာတ်ညွှန်းကို မင်းရဲ့ မေးလ်ဘောက်စ်ထဲ ပို့ပြီးသွားပြီ... ဆယ်ရက်လောက် ကြာမယ်လို့ ထင်ရတာပဲ... ရုပ်ရှင်အဖွဲ့က ပြန်လာပြီးရင် ဖလောရင့်အတွက် ကြော်ငြာရိုက်ပေးရမယ်"
ယွီနျန်က အချိန်စာရင်းကို ဖတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
ယွီနျန်က စာရွက်ပေါ်မှ နောက်ဆုံးစာလုံးအချို့ကို ထောက်ပြလိုက်သည်။
"EPကိုလည်း ပြင်ဆင်ထားရမယ့် အစီအစဥ်ထဲ ပါသွားပြီ... ရသစုံရှိုးနှစ်ခုကိုလည်း ဆွေးနွေးပြီးသွားပေမယ့် အခကြေးငွေကိုတော့ အခုထိ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူး... ပရိုမိုးရှင်း သီချင်း ထွက်တဲ့အခါ ရှိုးမှာ ပါလာဖို့ အချိန်ကိုက်ထားရမယ်... ဖလောရင့်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လှုပ်ရှားမှုတွေလည်း ရှိဦးမှာ"
[T/N EPက extended playပါ... singleထက် ပိုရှည်ပြီး full length album တစ်ချပ်ထက်လည်း ပိုတိုပါတယ်]
ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အချိန်စာရင်းကို ဖတ်ကြည့်ပြီး မုန့်ယွမ်ကို အရင် မေးလိုက်သည်။ "အစ်ကိုမုန့်... အယ်ဘမ်အသေးစား လုပ်နေတဲ့ ကိစ္စကရော... သီချင်းရွေးတဲ့ အဆင့် ရောက်နေပြီလား"
"ဟုတ်တယ်... အရင်ဆုံး သီချင်းတွေ စုမယ်... ပြီးမှ သေချာရွေးကြတာပေါ့"
မုန့်ယွမ် တစ်ခုခု တွေးကြည့်လိုက်ပြီးနောက် နှလုံးခုန်သံ စည်းချက်လွဲသွားလေသည်။
"နျန်နျန်... မင်း လာမဲ့ ရက်တွေထဲ အယ်လ်ဘမ် ထုတ်တဲ့အပေါ်မှာပဲ စိတ်နှစ်ထားချင်လို့လား"
သူ ပါးပါးနပ်နပ် မေးလိုက်သော်လည်း အမှန်မှာ ယွီနျန်အား အခြားသော အစီအစဥ်များကို ငြင်းဆန်ချင်နေသည်လားဟု မေးချင်နေခြင်း ဖြစ်သည်။
ယွီနျန် သဘောပေါက်သွားသဖြင့် ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး အစ်ကိုမုန့်ရယ်... အထင်မလွဲပါနဲ့" သူတစ်ခဏမျှ တွေးကြည့်လိုက်သည်။
"ကျွန်တော် အခု သီချင်းအယ်လ်ဘမ် ထုတ်တော့မယ်ဆိုတာ သိပါတယ်... မဟုတ်သေးဘူး... ဂီတဆိုတာ ပိုက်ဆံ ကုန်တဲ့ လောကဆိုတာ လူတိုင်း သိနေတာပဲ... အဆိုတော်က ဘယ်လောက် ကောင်းကောင်း ပတ်ပတ်လည်နေရာကနေ အကျိုးအမြတ် ရဖို့ လိုသေးတယ်... အဆုံးကျ ကုမ္ပဏီက ကျွန်တော့်ကို လက်မှတ်ထိုးထားတာလေ အလှူလုပ်နေတာမှ မဟုတ်တာ.... ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လွန်းတယ်...
ကျွန်တော် လူသိများလာမှ ကျွန်တော်သီချင်းကို လူတွေ နားထောင်လာကြမှာ"
“ဒီကိစ္စကို ဆက်မပြောကြစို့"
မုန့်ယွမ်၏ နှလုံးသားက ထပ်ပြီး သက်သာရာရသွားသည်။ သူ ပြုံးလိုက်ပြီး ယွီနျန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"မင်းရဲ့ အစ်ကိုမုန့်က သေလောက်အောင် ကြောက်သွားတာ... လမ်းခဏလောက် လျှောက်ပြီး အရသာရှိတာလေးတွေ သွားစားကြရအောင်"
ယွီနျန် ပြုံး၍ လက်ဖြန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "အစ်ကိုမုန့်... အစ်ကို ကျွန်တော့်ကို ဖိတ်ပြန်ပြီ... ကျွန်တော် အခု ပိုက်ဆံ မရှိဘူးနော်"
မုန့်ယွမ် အံ့အားသင့်သွားလေသည်။
"မင်း ငွေကုန်သွားပြန်ပြီလား"
သူ တစ်ခဏမျှ တွေးကြည့်လိုက်သည်။
"မင်းအားလုံး ရင်းနှီးမြုပ်နှံလိုက်တာလား... ငါ ပြောပါဦးမယ်... မင်း ရင်းနှီးမြှုပ်နှံလိုက်ရင်တောင် သေချာ အစီအစဥ်ချမှ ဖြစ်မယ်နော်... ပိုက်ဆံတွေ အကုန် သုံးမပစ်လိုက်နဲ့"
ယွီနျန်က များများ ထပ်ရှင်းမပြတော့ဘဲ ပြန်ဖြေလိုက်သည်။ "အင်း နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး"
နောက်တစ်နေ့မနက်တွင် မုန့်ယွမ်က ယွီနျန်ကို တေးသံသွင်း စတူဒီယိုသို့ လိုက်ပို့ပေးခဲ့ပြီး ဒါရိုက်တာ ရှုရှန့်လန်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ယွီနျန် နှုတ်ဆက်စကား လာပြောသောအခါ ရှုရှန့်လန်က သူ့ကို ခေါင်းစခြေဆုံး ကြည့်လာခဲ့ပြီး ပြောလိုက်သည်။
"ကြည့်လေလေ ကုရွှမ်းနင်နဲ့ ပိုတူလာသလိုပဲ"
ကုရွှမ်းနင်မှာ ယွီနျန် သရုပ်ဆောင်ရန်အတွက် ရှုရှန့်လန် ဖိတ်ခေါ်လာသည့် ဇာတ်ကောင် ဖြစ်သည်။
ယွီနျန်က မျက်လုံးများ ကွေးညွှတ်လာသည်အထိ ပြုံးလိုက်သည်။
"ကျွန်တော် ဇာတ်ညွှန်း ဖတ်ပြီးသွားပြီ... ကုရွှမ်းနင်ရဲ့ ဇာတ်ကောင်က သေချာ သရုပ်ဖော်လို့ရနိုင်တယ်... အခွင့်အရေး ပေးလို့ ကျေးဇူးပါ ဒါရိုက်တာရှု"
ဘယ်သူကများ ယဥ်ကျေးပြီး စကားချိုတဲ့သူကို သဘောမကျဘဲ နေမှာတဲ့လဲ... ရှုရှန့်လန်က ပေါ့ပေါ့ပါးပါး အသံအနေအထားဖြင့် ပြောလိုက်သည်။
"ဒါကံကြမ္မာပဲကွ... ဒီနေရာကို သရုပ်ဆောင်နိုင်မဲ့သူကို လိုက်ရှာနေတာ ကြာလှပြီ... တကယ်ပဲ ဘုရားသခင်က မင်းကို ငါ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးလိုက်တာပဲကွ"
ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ အဆင်သင့် လုပ်ပြီးနောက် ယွီနျန်က အသံသွင်းစတူဒီယိုထဲ ဝင်သွားသည်။ မုန့်ယွမ်မှာ အပြင်တွင် စောင့်နေရစ်ခဲ့ပြီး ရှုရှန့်လန်နှင့် စကားစမြည် ပြောနေခဲ့သည်။
ရှုရှန့်လန်က ယွီနျန်ကို အတော်လေး သဘောကျနေသည်။
"ငါလည်း "သဘာဝရဲ့ သံစဥ်"ကို ကြည့်ခဲ့သေးတယ်... ယွီနျန်က နောက်ထပ် အပိုင်းနှစ်ပိုင်းအထိ စင်ပေါ် တက်ဖို့ တောင်းဆိုနေတုန်းမို့လား"
မုန့်ယွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊
"ဟုတ်တယ်... သူက အရမ်းခေါင်းမာတာ... သူ့ခြေထောက်ထိခိုက်သွားပေမယ့် နာနေတာတောင် ကနေတုန်းပဲ... သူ့ဝတ်စုံကို ချွေးအေးတွေ ပြိုက်ပြိုက်ကျတဲ့အထိပဲ... နောက်ပိုင်းကျ သူ့ဆရာဝန်နဲ့ ကျွန်တော်က ကဖို့ ခွင့်မပြုတာတောင် ခေါင်းမာမာနဲ့ ကနေတုန်းပဲ"
ရှုရှန့်လန် ရယ်မောလိုက်သည်။
"လူငယ်လေးတွေက တိုက်ရဲခိုက်ရဲကြတယ်... ဒီလိုစိတ်ဓါတ်မျိုးကို သဘောကျတယ်ကွာ... ပြီးတော့ ငါကလည်း green screen အထူးပြုလုပ်ချက်တွေကို မကြိုက်ဘူးကွာ... ရိုက်ကူးရေးအဖွဲ့က ခေါင်တဲ့နေရာမှာ ရိုက်ကူးရေး လုပ်နေတာ ပတ်ဝန်းကျင်ကလည်း ခက်ခဲတယ်... ယွီချင်းဆို လူတွေကို ကျိန်ဆဲနေတုန်းပဲ... ရိုက်ကူးရေး လုပ်နေတဲ့ လတွေမှာ ငါးနှစ်စာလောက် ရုပ်ရင့်သွားသလိုပဲလို့ ပြောနေတာ"
ထိုအချိန်မှာပင် ယွီနျန်က နားကြပ်ဝတ်ထားလိုက်ပြီး တူရိယာများကို ညှိပေးနေသည့် လောင်ရှီးက သူ့ကို လက်ဟန်ခြေဟန် ပြလိုက်ရာ ရှုရှန့်လန်နှင့် မုန့်ယွမ်တို့လည်း စကားရပ်လိုက်ကြလေသည်။ဪ
ယွီနျန်မှာ သီချင်းဆိုတိုင်း အာရုံစူးစိုက်ထားတတ်သူ ဖြစ်သည်။ ပါးလျပြီး သိပ်သည်းနေသည့် မျက်တောင်လေးများမှာ ငိုက်ကျနေပြီး လွန်စွာ စိတ်နှစ်မြှုပ်ထားပုံပါပင်။
တစ်ခဏမျှ သေသေချာချာ နားထောင်လိုက်ပြီးနောက် မုန့်ယွမ်၏ ယွီနျန်ကို ကြည့်သော အကြည့်များ အနည်းငယ် ပြောင်းလဲသွားပြန်သည်။ သူက ယွီနျန်၏ အဆိုအက အရည်အချင်းကို ရှင်းရှင်းလင်းလင်း သိနေသူ ဖြစ်သည်။ ယွီနျန်က ဆိုဟန်အပေါ် ထပ်ပြီး ဆန်းသစ်လာနေပြီး အဆိုအရည်အချင်းများကလည်း ထပ်ပြီး တိုးတက်လာပြန်သည်။ သေချာပေါက်ပင် ရှုရှန့်လန်၏ အမူအယာကို ကြည့်လိုက်သောအခါ တစ်ဖက်လူက သိသိသာသာပင် အလွန် စိတ်ကျေနပ်နေပုံ ပေါ်နေသည်။
"သီချင်းဆိုတယ် ဆိုတာ ဘုရားရှင် ချီးမြှင့်ထားတဲ့ အစားအသောက်အပေါ် အများကြီး မူတည်နေတယ်... ဒီက ယွီနျန်ကိုတော့... ဘုရားသခင်က သူ့ကို စားတော်ပွဲကြီး ချီးမြှင့်ခဲ့တာပဲ ဖြစ်ရမယ်"
ရှုရှန့်လန်က မုန့်ယွမ်ကို ခေါင်းစောင်း၍ စကားလှမ်းပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ယွီနျန်ကို ရွေးရမလား ယိုယိုကို ရွေးရမလားဆိုတာကို ပရိုဂျူဆာနဲ့ အငြင်းအခုံ ဖြစ်ခဲ့ကြသေးတယ်... ငါက စားပွဲကို ရိုက်ချပြီးတော့ ယွီနျန်က ယိုယိုထက် ပိုမြန်မြန် ကျော်ကြားလာပြီး ယိုယိုထက်တောင် သာသွားလိမ့်မယ်လို့ လောင်းကြေးထပ်ခဲ့တယ်လေ"
မုန့်ယွမ်မှာ မထောက်ခံလိုက်သော်လည်း ယွီနျန်အတွက် အရိုးသားဆုံး ပြောပေးလိုက်သည်။
"သူက လူသစ်လေးပဲ ရှိသေးတာပါ... ခရီးကလည်း အခုမှစတာ... နောက်ပိုင်း ဘယ်လို ဖြစ်လာမလဲ ပြောရခက်သေးတယ်"
ရှုရှန့်လန် ခေါင်းမော့၍ ပြောလာလိမ့်မည်ဟု မည်သူမှ ထင်ကြမည် မဟုတ်။
"ပါရမီနဲ့ အလုပ်ကြိုးစားမှုက မရှိမဖြစ် ရှိရမဲ့အရာတွေပဲ... သူ့မှာတော့ နှစ်ခုလုံး ရှိနေတယ်"
ယွီနျန်မှာ ဖြည်းဖြည်းမှန်မှန် သီဆိုနေပြီး အသံသွင်းနေချိန်လည်း သူ့အသံက အတော်လေး အခြေအနေကောင်းနေသည်။ သုံးကြိမ်သွင်းပြီးသွားသောအခါ အဆုံးတွင် အားလုံး အသံသွင်းပြီးသွားလေပြီ။ ယွီနျန်က နားကြပ်များကို ဖြုတ်၍ အသံသွင်းခန်းထဲမှ ဆရာများကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
သူထွက်လာသောအခါ ရှုရှန့်လန်က သူ့ကို ရေခွက်တစ်ခွက် ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလာခဲ့သည်။
"ညကျရင် အရေးကြီးတဲ့ ညစာစားပွဲ တစ်ခုရှိတယ်... ဒါပေမဲ့ ရင်းနှီးမြှုပ်နှံရေး အကြောင်းတွေ ချည်းပဲ ဆိုတော့ မဖိတ်တော့ဘူးနော်"
မုန့်ယွမ် ပြန်ဖြေလိုက်သည်။
"ဒါရိုက်တာရှုလည်း လုပ်စရာတွေ ရှိမှာပဲ... ကျွန်တော်တို့ ခင်ဗျားရဲ့ အချိန်တွေကို မဖြုန်းတော့ပါဘူး... ဒါပေမယ့် ကျွန်တော်ကြားတာက ခင်ဗျားရဲ့ ရုပ်ရှင်သစ်အတွက် ရင်းနှီးမြှုပ်တာတွေက အားလုံးပြီးစီးသွားပြီဆို"
ရှုရှန့်လန် ခေါင်းယမ်းပြလိုက်သည်။
"ကံဆိုးတာပါကွာ... အချိုးအကွေ့ အလှည့်အပြောင်းတွေပေါ့... ဟွမ့်ယွီက သူတို့ရဲ့ ရင်းနှီးငွေတွေ ပြန်ထုတ်သွားတယ်လေ... ဒါကြောင့်မို့ ငါလည်း ထပ်ရှာနေရတာပေါ့... ငါ ရိုက်ကူးရေးအဖွဲ့မှာ အကြာကြီး ရှိနေရတာလည်း ဒါကြောင့်ပဲ"
သူ့အသံကို ထပ်နှိမ့်လိုက်ပြန်သည်။
"အရင်တစ်ခါက သတင်းမှာ မတွေ့လိုက်ဘူးလား... ရွှယ်လုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ယောက် ကားမတော်တဆ ဖြစ်ပြီးတော့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဖို့ ဆေးရုံကိုတောင် မသွားလိုက်နိုင်ဘူး ဆိုတာလေ... လေလမ်းကြောင်းကို ကြည့်ရသလောက် အတွင်းပိုင်းက အဆင့်မြင့်ရာထူးတွေ တုန်လှုပ်နေကြသလိုပဲ... ဟွမ့်ယွီ ရင်းနှီးငွေတွေ ပြန်ထုတ်တာလည်း ဒီမတော်တဆမှုကြောင့်ပဲနေမှာ... ဆယ်နိုင်သမျှ ရန်ပုံငွေတွေ ရအောင် ဆယ်ထားတာလို့ ခန့်မှန်းရတာပဲ"
သူ ထပ်ပြီး ရယ်မောလိုက်ပြန်သည်။
"ကဲ... ထပ်မပြောတော့ဘူး... ငါအရင်သွားနှင့်တော့မယ်"
ရှုရှန့်လန်ကို လိုက်ပို့ပြီးနောက် ယွီနျန် စကားစပြောလိုက်သည်။
"အစ်ကိုမုန့်... ဟွမ့်ယွီက ဒါရိုက်တာရှုရဲ့ ရုပ်ရှင်အသစ်မှာ ပြန်ထုတ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံသူလား"
"ဟုတ်တယ်... ဟွမ့်ယွီ ရင်းနှီးမြှုပ်နှံမှုကပဲ... သူ့အနောက်မှာ ရွှယ်မိသားစုရဲ့ ဒါရိုက်တာတစ်ယောက် ရှိတယ်... မျိုးရိုး နာမည် တင်း ထင်တာပဲ... ဟွမ့်ယွီက ရက်ရောတော့ နာမည်ကြီး ဒါရိုက်တာတွေ ပရိုဂျူဆာ တော်တော်များများက သူတို့နဲ့ လက်တွဲချင်ကြတယ်"
မုန့်ယွမ်မှာ ယွီနျန် သိချင်နေခြင်း ကြောင့်သာ ဖြစ်မည်ဟု တွေးမိ၍ ဆက်ပြောလိုက်သည်၊
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ ဒါရိုက်တာရှု တကယ် စိတ်ပူနေရပြီ... ရင်းနှီးမြှုပ်နှံငွေက တော်တော်လေးများတော့ သူတို့ ထုတ်သွားပြီးရင် တွင်းနက်ကြီးကို ဖြည့်ဖို့ အားတော်တော် စိုက်ရတော့မှာပဲ"
တင်းမျိုးရိုးလား... ယွီနျန်မှာ စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး သဘာဝကျကျပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
ရွှယ်ယုံ အိမ်ပြန်လာသောအခါ မိုးချုပ်နေလေပြီ။ ဆောင်းဦးလေပြေက အတော်လေး အေးမြသည်။ အိမ်ထဲသို့ လျှောက်ဝင်လိုက်ရာ ရွမ်ယန်မိန်တစ်ယောက် ဆိုဖာပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရလေသည်။
"အမေ ကျွန်တော် ပြန်လာပြီ"
ရွမ်ယန်မိန်က မျက်ခုံးကျုံ့၍ လည်စီးပဝါကို ခေါက်ကာ ထရပ်လိုက်ပြီး နူးညံ့ပြီး အလေးထားမှုတို့ ပြည့်နေသည့် လေသံလေးဖြင့် ပြောလိုက်သည်။
"သားဗိုက်ဆာနေလား... မီးဖိုချောင်မှာ စွပ်ပြုတ်တစ်ခွက် ချက်ခိုင်းလိုက်မယ်လေ... ဒီတလော နောက်ကျတဲ့အထိ အချိန်ပိုတွေ လုပ်နေရတာပဲ... သားရဲ့ ခန္ဓါကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုသေးတယ်နော်"
"ဟုတ်ကဲ့ပါ... နောက်တစ်ခါဆို ကျွန်တော့်ကို မစောင့်ပါနဲ့တော့... စောစော အိပ်ရာဝင်ပါ"
ရွမ်ယန်မိန်က အဖြူရောင် ကတ်ရှ်မီးယား လည်စီးပဝါလေးကို ဆွဲထုတ်လိုက်သည်။ ရွှယ်ယုံ အနည်းငယ် ပိုပိန်လာသည်ကို မြင်သောအခါ စိတ်မကောင်း ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင် မပြဘဲ ပြုံးရုံသာ ပြုံး၍ ပြောလိုက်သည်။
"အမေ... သားကို အများကြီး ကူညီမပေးနိူင်ဘူး... ဒါပေမယ့် ဒီလိုအချိန်မှာတော့ ကိုယ့်ဘာသာ မအိပ်နိုင်ဘူးကွယ်"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။
"စကားမစပ်... ရှောင်းရန် ရောက်နေတယ်... သားရဲ့ စာကြည့်ခန်းထဲမှာ... သူ အကြာကြီး စောင့်နေခဲ့ရတာ... သားအပေါ်တက်ပြီး သွားကြည့်လိုက်ဦး"
စာကြည့်ခန်း တံခါးကို
ဖွင့်လိုက်သောအခါ ဆိုဖာကိုမီ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချူရှောင်းရန်ကို တစ်ချက်တည်း တွေ့လိုက်ရသည်။ သူ့ကို သွားမနှိုးတော့ဘဲ ကောဇောပေါ်ကို ဖြတ်လာပြီး ကွန်ပြူတာ ဖွင့်လိုက်သည်။