အပိုင်း ၄၃
Viewers 11k

Chapter 43

ကြယ်တွေစုံနေတဲ့ ကောင်းကင်က အရမ်းလှတယ်




တစ်ခဏအကြာ ချူရှောင်းရန် ခေါင်းလှည့်လာပြီး ဆတ်ကနဲ နိုးလာသည်။ မျက်လုံးများ ပွတ်သပ်နေရင်း ရွှယ်ယုံကို မြင်သောအခါ ဝေဝေဝါးဝါးဖြင့် သမ်းဝေလိုက်သည်။


 "မင်း ပြန်လာပြီလား"


ရွှယ်ယုံ ပြောလိုက်သည်။ "ဘာကိစ္စလဲ"


"ဟုတ်တယ်... ဟုတ်တယ်" 


ချူရှောင်းရန် ရုတ်တရက် နိုးကြားသွားပြီး ခပ်မတ်မတ် ထိုင်လိုက်သည်။


 "ရှောင်ရွှယ်ယုံ... ငါဒီနေ့ မင်းမိသားစု နျန်နျန်ရဲ့ အချိန်ဇယားကို သွားကြည့်လိုက်သေးတယ်... လွန်ခဲ့တဲ့ နှစ်ရက်က ရှုရှန်းလန်ရဲ့ ရုပ်ရှင် ပရိုမိုးရှင်း သီချင်းကို အသံသွင်းခဲ့တယ်... သဘက်ခါ မနက်စောစောပိုင်းမှာ လေယာဥ်စီးပြီး ရုပ်ရှင်ရိုက်ဖို့ သွားလိမ့်မယ်... ရိုက်ကူးရေး လုပ်မဲ့နေရာက အဝေးကြီးပဲ... ဂိုဘီ သဲကန္တာရရဲ့ တစ်ဖက်မှာပဲ.. ပြန်လာဖို့ လဝက်လောက် ကြာလိမ့်မယ်"


"လဝက်တောင်လား"


ရွှယ်ယုံက လည်စီးကို ဖြေလျှော့လိုက်ပြီး အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ 


"မနက်ဖြန်ကျရင် မင်းရဲ့ ကုမ္ပဏီမှာ မင်းကို လာရှာမယ်"


ရွှယ်ယုံ လုပ်လိုသော အရာကို သိနေသည့် ချူရှောင်းရန်က စိတ်တက်ကြွသွားလေသည်။


 "ဒါဆိုလည်း ဥက္ကဌရွှယ် လာရှာမှာကို စောင့်နေပါ့မယ်"


*****


ယွီနျန် သရုပ်ဆောင်အတန်း ပြီးသွားသောအခါ ယွီချင်းထံမှ နောက်ထပ် ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့သည်။ 

 

"ဒီသောက်နေရာကြီးကတော့ တကယ်ဆိုးချက်ပဲ... နင် ဒီကို လာရင် ပစ္စည်း နည်းနည်းလောက် သယ်လာပေးစမ်းပါ... နင့်မှာ ငါ့အိမ်သော့ ရှိတယ်မလား... တံခါးဖွင့်ပြီးသာ ယူလိုက်... ငါနောက်ကျ စာရင်းပို့ပေးလိုက်မယ်"


ယွီနျန် အောက်ဆင်းလာခဲ့သည်။ 


"အစားအသောက်တွေကရော... တစ်ခုခု ယူလာစေချင်သေးလား"


ယွီချင်း သက်ပြင်းချလိုက်သည်။ 


"အစားအသောက်ကို ထားလိုက်တော့... ဒီသခင်မကြီးက အချိန်အကြာကြီးနေမှ ငါးပေါင်ကျသွားတာ... ငါ့ကို သတ်နေသလိုပဲ... စကားမစပ် နင်သွားရင် သတိထား... ငါ အပြင်ဘက်မှာ ရုပ်ရှင်သွားရိုက်တယ်လို့ သိနေကြတာတောင် စောင့်နေကြတဲ့ ပါပါရာဇီတွေကို ထိန်းဖို့ ခက်တုန်းပဲ"


"အိုကေ... မမ... မစိုးရိမ်နဲ့တော့"


ဖုန်းချပြီးသွားသောအခါ ယွီနျန်က ယွီချင်း ပို့ပေးထားသော စာရင်းကို ကြည့်လိုက်သည်။ ၎င်းတို့အားလုံးမှာ အခြေခံအားဖြင့် နေ့စဥ်သုံး ပစ္စည်းများသာ ဖြစ်၍ ညအချိန်တွင်သွား၍ ထုပ်ပိုးနိုင်ပေမည်။ အချိန်ထပ်ကြည့်လိုက်သောမခါ ဆယ့်နှစ်နာရီနီးပါးခန့် ရှိနေလေပြီ။ မနက်ပိုင်းက ဆယ့်နှစ်နာရီခွဲအချိန်တွင် မစ္စတာချူ၏ ရုံးခန်းသို့ သွားရန် မုန့်ယွမ် ပြောထားသည်ကို အမှတ်ရလိုက်သဖြင့် ယွီနျန်မှာ ရေဘူးလေးကို သယ်၍ ဓါတ်လှေကားထဲသို့ ဝင်လာခဲ့သည်။ 


သူက ရှင်းယောင်အဆောက်အဦး၏ 51ထပ်သို့ ရှားရှားပါးပါး ရောက်လာရခြင်း ဖြစ်သည်။ ဓါတ်လှေကားထဲမှ ထွက်လာသောအခါ အတွင်းရေးမှူးထိုင်ခုံတွင် မည်သူမှ မရှိလေဘဲ အသံကိုလည်း မကြားရ။ 


ထိုအချိန်မှာပင် "ကလစ်" ဟူသော အသံဖြင့် ရုံးခန်း တံခါး ပွင့်လာပြီး အနက်ရောင် အနောက်တိုင်း ဝတ်စုံနှင့် အဖြူရောင် ရှပ်အင်္ကျီ ဝတ်ထားသော လူတစ်ယောက် ထွက်လာသည်။ 


ယွီနျန် တုံ့ကနဲ ဖြစ်သွားသည်။


အနက်ရောင် သားရေဖိနပ်တို့က ပြောင်လက်နေသော ကြမ်းပြင်ပေါ် နင်းလျှောက်လာနေပြီး လူတစ်ယောက်၏ နားစည်ကို ခေါက်နေသည့်အလား ပုံမှန်ကျသော ခြေလှမ်းတို့ ဖြစ်ပေါ်လာစေသည်။ ရွှယ်ယုံမှာ တစ်လှမ်းပြီး တစ်လှမ်း နီးကပ်လာပြီး အဆုံးတွင် ယွီနျန်နှင့် ခြေနှမ်းစာလောက် ဝေးသော နေရာ၌ ရပ်သွားသည်။


ဘေးပတ်လည်မှ လေထုက ရုတ်တရက်ပင် ရှင်းလင်းပြတ်သားသော သစ်ကတိုးနံ့တို့ ပြည့်နှက်သွားလေပြီး ယွီနျန်မှာ သတိလက်လွတ် ပြုံးလိုက်မိသည်။ 


"ခင်ဗျား ဝိတ်ကျသွားသလိုပဲ... အခုတလော နေကောင်းရဲ့လား"


"အင်း... ကောင်းပါတယ်" 


ရွှယ်ယုံမှာ ယွီနျန်၏ ပုံရိပ်လေးနှင့် မျက်နှာအစိတ်အပိုင်းတို့ကို အကြည့်တို့ဖြင့် လောဘကြီးစွာဖြင့် ပုံဖော်နေခဲ့သည်။ ဆယ်စက္ကန့်အတွင်းမှာပင် ကြီးစွာသော ထိန်းချုပ်မှုတို့ဖြင့် မျက်လုံးများ၏ ဦးတည်ရာကို လွှဲဖယ်လိုက်ပြီး လက်ထဲမှ အိတ်ကို ယွီနျန်ဆီ ကမ်းပေးလိုက်လေသည်။ 


ယွီနျန်က ၎င်းကို လှမ်းယူလိုက်ရာ လက်ရာမြောက်လှသော အိတ်လေးအတွင်း၌ မိုးခိုးရောင် အနွေးဘူးလေးကို တွေ့လိုက်ရသည်။ တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် သူ့အပြုံးတို့မှာ မနေနိုင်တော့ဘဲ ပို၍ ကျယ်ပြောလာလေတော့သည်။


ရွှယ်ယုံ၏ အကြည့်တို့က ယွီနျန်၏ အင်္ကျီအနားပေါ် ကျရောက်သွားပြီး သူ့မျက်လုံးများက နွေးထွေး နူးညံ့နေကာ ဖုံးကွယ်ထားသော စိုးရိမ်စိတ် အနည်းငယ်လည်း ရှိနေသည်။ 


"မင်း သဘောကျရဲ့လား"


"လက်ကြယ်သီးတွေလား" ယွီနျန်က သူ့အကြည့်နောက်သို့ လိုက်သွားလေပြီး နှုတ်ခမ်းထောင့်လေးများကို ပင့်တင်လိုက်သည်။ 


"ကျွန်တော် အရမ်းကြိုက်တယ်... လက်ကြယ်သီးတွေက အရမ်းလှတာပဲ... ခင်ဗျားက တော်တော်လေး အမြင်ကောင်း ရှိတယ်... ကျေးဇူးပါ"


ချီးကျူးခံလိုက်ရသည့်အတွက် ရွှယ်ယုံ ကျေနပ်သွားပြီ နီရဲနေသော နားရွက်လေးများက ပျော်ရွှင်မှုကို ဖုံးကွယ်ထားလေရာ သူ့ခေါင်းကို အနည်းငယ် လှည့်၍ ကွယ်ထားလိုက်ရသည်။


 "ဒါဆို ကိုယ် အရင် သွားတော့မယ်... မင်းရဲ့ ရိုက်ကူးရေး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်" 


ဓါတ်လှေကား တံခါး ဖွင့်၍ ပိတ်သွားပြီး ရုံးခန်း တံခါးနောက်တွင် ပုန်းနေသည့် ချူရှောင်းရန်ကို တစ်ယောက်တည်း ချန်ရစ်ထားခဲ့လေသည်။ သူလက်သီးကို ကိုက်၍ သက်ပြင်းချလိုက်ရသည်။ သတ္တိနည်းလိုက်တာ... ပျင်းစရာ ကောင်းလိုက်တာ... ဒီသခင်လေးက ဒီခန်းမကို ရှင်းပြီး မင်းချိန်းတွေ့လို့ ရအောင် သက်သက်မဲ့ အားကုန်သုံးလိုက်ရတာပဲ... ဒီကလေး... ငါမင်းကို တကယ် စိတ်ပျက်သွားပြီကွ...


******


လေယာဥ်ပေါ်မှ ဆင်းလာပြီးနောက် သူတို့ကို လာကြိုသည့် ကားထဲသို့ ဝင်လာခဲ့သည်။ အချိန်အတော်ကြာမှသာ ရိုက်ကူးရေး လုပ်သည့် နေရာအနီးသို့ ရောက်လာခဲ့လေသည်။


ရှစ်ရော့မှာ ကားပြတင်းတွင် လက်တင်ကာ ရှုခင်းများကို ကြည့်နေခဲ့ပြီး ယွီနျန်နှင့် စကားပြောရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလှည့်လာခဲ့လေသည်။ 


"အစ်မ ပထမဆုံး ဂိုဘီကို ရောက်ဖူးတာပဲ... နျန်နျန်ရော အရင်က ဂိုဘီကို ရောက်ဖူးလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ပြန်တွေးကြည့်လိုက်သည်။ 


"အရင်က ကျွန်တော့ဘိုးဘိုးနဲ့ ရောက်လာဖူးတယ်... ဒါပေမယ့် အဲ့အချိန်တုန်းက အရမ်းငယ်လွန်းသေးတယ်... ဆယ်နှစ်ပဲ ရှိဦးမယ် ထင်တယ်... နေ့မှာ အရမ်းပူပြီး ညမှာ အရမ်းအေးတယ် ဆိုတာကိုပဲ မှတ်မိတယ်... ဘိုးဘိုးက အရမ်း အလုပ်ရှုပ်နေတော့ ကျွန်တော်လည်း ကိုယ့်ဘာသာ သဲတွေနဲ့ ဆော့ခဲ့ရတာ... ကျွန်တော် အိမ်ပြန်လာပြီး ဘွားဘွားနဲ့ ပြန်တွေ့တော့ အသားတွေ အရမ်းမည်းလာလို့ မှတ်တောင် မမှတ်မိခဲ့ဘူး"


ရှစ်ရော့က ပါးစပ်ကို အုပ်ထားရင်း ရယ်မောလိုက်သည်။ "နျန်နျန် အသားမည်းသွားတာကို တွေးတောင် မတွေးနိုင်ဘူး" 


သူမက ဒရိုင်ဘာကို သိလိုစိတ် အပြည့်ဖြင့် မေးလိုက်သည်။


 "အန်ကယ် အနီးအနားမှာ ပျော်ဖို့ကောင်းတဲ့ နေရာလေးတွေ ရှိလား"


ဒရိုင်ဘာက နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး မန်ဒရင်းသံ မပီမသဖြင့် ပြောလာသည်။ 


"အချိန်ရရင် အဲ့ဘက်ကို သွားကြည့်လို့ ရတယ်နော်... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပုံထွင်းထားတဲ့ ဗုဒ္ဓဂူတစ်လုံး ရှိနေတယ်လေ... ပြောကြတာကတော့ ပိဋကတ်ကျမ်းစာ သိန်းချီ ရှိပြီးတော့ အသုံးအဆောင်တွေလည်း အများကြီး ရှိတယ်တဲ့... ဒါကြောင့်မို့ ပြတိုက်တစ်ခု တိုက်ရိုက် ဆောက်ထားသလို ဖြစ်သွားတာပဲ... တော်တော်လေး သေးပေမယ့် ပစ္စည်းတွေကတော့ တန်ဖိုးမဖြတ်နိုင်အောင်ပဲ"


ယွီနျန်က အမေဘက်မှ သူ့အဘိုးက ဗုဒ္ဓဂူများနှင့် အဝါရောင်သဲများ အောက်တွင် နှစ်ထောင်ချီအောင် မြှုပ်နှံခံထားရသည့် ဓါတ်တော် မွေတော်များ သွားဖူးခဲ့သည့်အကြောင်း တွေးမိလိုက်သည်။ သူက တူညီသော စကားကိုပင် သက်ပြင်းချလိုက်မိသည်။ တကယ် တန်ဖိုး မဖြတ်နိုင်ဘူးပဲ...


ကားက ရိုက်ကူးရေး တည်နေရာသို့ မောင်းဝင်သွားပြီးနောက် အဆုံးတွင် ရပ်တန့်လိုက်သည်။ ဒရိုင်ဘာက ကားထဲမှ ခုန်ထွက်လာပြီး ကားတံခါးကို ဖွင့်ကာ ယွီနျန်နှင့် ရှစ်ရော့တို့ ဆင်းလာမည်ကို စောင့်နေခဲ့ပြီး အထုပ်အပိုးများ သယ်ချရန်အတွက် ကိုယ်ထည်ပိုင်းဆီသို့ သွားလိုက်သည်။ 


ယွီနျန် ဆင်းလာပြီး ခိုင်ခိုင်မြဲမြဲ ဆင်းလိုက်သည်နှင့် နောက်မှနေ၍ ကျောအရိုက်ခံလိုက်ရသည်။


ယွီနျန် လှည့်ကြည့်လိုက်ပြီးနောက် အရင် ရယ်ချလိုက်သည်။ "မမ" သူ အသေအချာ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


 "မမ... မလိမ်နဲ့နော်... မမ အသားအရည် တော်တော်ကြီးကို ဆိုးရွားနေတာပဲ"


“သွားစမ်းပါ" ယွီချင်းက msakအကြီးကြီး တပ်ထားပြီး အသံကလည်း စူးရှနေပါသော်လည်း သူမ၏ မျက်လုံးလေးများကတော့ ပြုံးနေလေသည်။ သူမက ယွီနျန်ကို mask ထူထူတစ်ခု ပစ်ပေးလိုက်ပြီး လောဆော်လိုက်သည်။


 "မြန်မြန် တပ်လိုက်... ဒီနေရာက လေရော သဲရော အရမ်း ပြင်းလွန်းတယ်... အသက်တစ်ခါရှုလိုက်ရင် သဲတွေက ပါးစပ်ထဲတစ်ဝက်လောက် ဝင်သွားရော... ငါ့အဆုတ်ထဲမှာလည်း သဲတွေနဲ့ ပြည့်နေသလိုပဲဟယ်"


ယွီနျန် မတ်စ်ကို နာနာခံခံဖြင့် တပ်လိုက်ပြီးနောက် အသံကလည်း ဗလုံးဗထွေး ဖြစ်သွားသည်။ "ရိုက်ကူးရေး မလုပ်ရဘူးလား"


“ငါ့အခန်းတွေ ပြီးသလောက် ရှိနေပြီ... အချိန်စာရင်းကလည်း မကြပ်ဘူးလေ" 

ယွီချင်းက မျက်ခုံး ပင့်လိုက်သည်။ 


"ဘာလို့လဲ... ငါကိုယ်တိုင် လာကြိုတာကို မပျော်ဘူးလား"


ယွီနျန် ခပ်မြန်မြန် ဝင်ပြောလိုက်သည်။ 

"သေချာပေါက် မဟုတ်ဘူးပေါ့... သူရဲကောင်း ယွီချင်းက ကျွန်တော့်ကို လာကြိုပေးတဲ့အတွက် ဂုဏ်ယူရမှာပါ"


ယွီချင်းမှာ ငယ်စဥ်ကတည်းက သိုင်းဝတ္ထုများ ဖတ်သဖြင့် ဓါးသမားတစ်ယောက် ဖြစ်ချင်ခဲ့လေရာ သူမက ယွီနျန်အား ထိုဂုဏ်ပုဒ်ဖြင့် ခေါ်စေရန် အတင်းအကြပ် တိုက်တွန်းခဲ့သည်။ ယခုတွင် ၎င်းကို နားထောင်ရသောအခါ ယွီချင်း ကိုယ်၌က အရယ်မရပ်နိုင်တော့။


အထုပ်အပိုးများ အားလုံး ချပြီးသွားလေပြီ။ အများစုမှာ ယွီချင်း၏ ပစ္စည်းများသာ ဖြစ်ကြသည်။ ယွီနျန် ကိုယ်တိုင်က လက်ဆွဲအိတ်တစ်လုံးနှင့် ကျောပိုးအိတ်တစ်လုံးသာ ပါသည်။ ယွီချင်း၏ လက်ထောက် နှစ်ယောက် ရောက်လာပြီး ပစ္စည်း လာသယ်ကြသောအခါ ယွီနျန်က အထုပ်များထဲမှ တစ်လုံးကို ညွှန်ပြလိုက်သည်။


 "ဒီထဲမှာ ငရုတ်ဆောစ့် တစ်ပုလင်းပါတယ်... အရင် ထုတ်လိုက်ချင်လား"


ယွီချင်း မျက်လုံးများ ဝင်းလက်သွားလေသည်။ 


"သေစမ်း... ငါငယ်ငယ်တုန်းက နင့်ကို ကစားဖို့ ခေါ်သွားပေးခဲ့ရတာ အလကား ဖြစ်မသွားဘူးပဲ"


 သူမက အသံကို နှိမ့်ချလိုက်သည်။ "တိုးတိုးလေး ပြောကြတာပေါ့... ဒါကို သူများတွေ မမြင်အောင် အခု မထုတ်သေးနဲ့... မဟုတ်ရင် ဒီဆော့စ့်ပုလင်းက ညအထိတောင် သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်ဘူး"


ယွီနျန် မျက်တောင် တဖျတ်ဖျတ် ခတ်ကာ လက်ခံလိုက်သည်။ 


ပထမတွင် သူက ရှုရှန့်လန်နှင့် ပရိုဂျူဆာနင်းတို့ကို အစီရင်ခံလိုက်ပြီးနောက် ရိုက်ကူးရေး အဖွဲ့သားများကို သွားနှုတ်ဆက်ခဲ့သည်။ သိပ်မကြာခင် ကောင်းကင်ကြီး မဲမှောင်လာခဲ့လေသည်။


ယွီနျန် နေသော နေရာက အတန်ငယ် ကျဥ်းလှလွန်းသည့် ယာယီတဲအိမ်လေး ဖြစ်သည်။ အထဲတွင် တစ်ယောက်အိပ် ကုတင်တစ်လုံး၊ တိုလီမုတ်စများ တင်ရန် စားပွဲတစ်လုံးနှင့် အင်္ကျီများ ချိတ်ရန်အတွက် ချိတ်စင်တစ်ခု ပါသည်။ ပြတင်းပေါက် အပြင်မှ ကြည့်လိုက်သောအခါ တောက်ပနေပြီး ထီးထီးရှိနေသည့် လမင်းကြီးနှင့် လူသူကင်းမဲ့နေသော ကျတ်တီးမြေသာ ရှိနေသည်။


ယွီနျန်က စားပွဲအား သုတ်နေခြင်းကို ရပ်လိုက်ပြီး တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ကမ္ဘာကြီးက ပိုပိုပြီး ကျယ်ပြောလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ 


သူက ပစ္စည်းများစွာ ယူမလာသည့်အတွက် ခပ်မြန်မြန် ရှင်းလင်းပြီးသွားခဲ့သည်။ ရှုရှန့်လန် တံခါးခေါက်ပြီး ဝင်လာသောအခါ ဝေ့ဝဲ ကြည့်လာခဲ့ပြီး အပြုံးလေး တစ်ခုဖြင့် ပြောလိုက်သည်။


 "အိုး... ရှောင်ယွီရဲ့ ဘဝနေထိုင်မှုပုံစံက အတော်လေး ကောင်းတာပဲ"


 ယွီနျန် ထရပ်တော့မည်ပြုသည်ကို မြင်သောအခါ သူ့လက်ကို မြန်မြန် မြှောက်လာပြီး ဖိချလိုက်သည်။


 "ဒီလောက် ယဥ်ကျေးစရာ မလိုပါဘူး... ထိုင်ပြီး ပြောရအောင်" 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကျေးဇူးပါ... ဒါရိုက်တာရှု"


ရှုရှန့်လန်က သူနှင့်အတူ စခန်းချ ထိုင်ခုံလေးတစ်ခု ယူလာပြီး ထိုင်ချ၍ ယွီနျန်ကို မေးလိုက်သည်။


 "နေရတာ အဆင်မပြေ ဖြစ်တာမျိုး ရှိရင် ရိုက်ကူးရေး အဖွဲ့ကို ပြောလိုက်... ငါတို့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ်"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်ကို မြင်သောအခါ သူ ထပ်မေးလိုက်သည်။


 "ဇာတ်ညွှန်းနဲ့ အကျွမ်းတဝင် ဖြစ်နေပြီလား"


ယွီနျန် အနည်းငယ် ရှက်မိသွားသည်။

 "ရင်းနှီးနေပါပြီ... ဒါပေမယ့် အရင်က ဇာတ်ကား မရိုက်ဖူးတော့ ဒါရိုက်တာရှုကပဲ အချိန်ပိုသုံးသွားမှာ ရတော့မှာပဲ"


“ကိစ္စ မရှိဘူး... မင်း ကြိုးကြိုးစားစား လေ့လာနေသရွေ့ ငါမင်းကို သေချာ သင်ပေးနိုင်တယ်... ဘယ်သူကများ အရင်က လူသစ်ဘဝနဲ့ မစတင်ကြရလို့လဲ... ငါဆို ကင်မရာ ဘယ်လို ပြန်လှည့်ရမလဲ ဆိုတာတောင် မသိခဲ့ဘူး"


ရှုရှန့်လန်က အနွေးဘူးကို အဖုံးဖွင့်ကာ ရေတစ်ငုံသောက်လိုက်သည်။


 "မင်းရဲ့ အခန်းတွေက ဒီနေရာမှာပဲ အပြီးသတ် ရိုက်ကူးလိမ့်မယ်... မြန်မြန် လုပ်ကြရအောင်.... ရိုက်ကူးရေး အဖွဲ့ကလည်း သိမ်းဖို့ နီးနေပြီလေ" 


သူ ထပ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။ 

"ငါ့စိတ်ထဲ တွက်ထားပြီးပြီ... ဒီဇာတ်ကားကို နှစ်ဝက်ကျော် ရိုက်ထားခဲ့တာ... အချိန်က တကယ် မတိုတောင်းဘူး... လူတိုင်းကလည်း ပင်ပန်းနေကြပြီလေ" 


ထိုအချိန်မှာပင် တံခါးခေါက်သံ ဖွဖွ ကြားလိုက်ရသည်။ တစ်ဖက်လူမှာ တမက်သက်သက်ပင် အားလျှော့၍ ခေါက်နေသည့်အလားပင်... ရှုရှန့်လန် တံခါးသွားဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသည့် ယွီချင်းနှင့် တွေ့လိုက်ရသည်။ 


ရှုရှန့်လန်၏ မျက်လုံးများ စူးရှ၍ သွားလေသည်။


 "ယွီချင်း... မင်းအိတ်ထဲက ဘာလဲ"


ယွီချင်း မပြောပေ။


ရှုရှန့်လန်မှာ လွန်စွာ လှည့်ကွက် သုံးတတ်သည်။


 "မင်း မပြောရင် မနက်ဖြန် ရိုက်ကူးရေးကျ NGတွေပဲ အကြိမ်နှစ်ဆယ် ပေးလိုက်မှာနော်"

[T/N... NG/No Good]


"ဖာခ့်" ယွီချင်းမှာ နှလုံးသားထဲ၌ အလွန် ဒေါသထွက်သွားရပါသော်လည်း NGနှစ်ဆယ်ကို တစ်ဆက်တည်း တောင့်မခံနိုင်သဖြင့် သူမ၏ အိတ်ထဲမှ ဆောစ့်ပုလင်းကို တွန့်ဆုတ်ဆုတ်ဖြင့် ထုတ်ပေးလိုက်ရသည်။ 


ရှုရှန့်လန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 


"ရဲဘော် ယွီချင်း... ငါတို့ရဲ့ ရိုက်ကူးရေးတစ်ဖွဲ့လုံးက အချင်းချင်း ချစ်ကြတဲ့ မိသားစု တစ်ခုပဲ... ပြီးတော့ ငါတို့က ဒါကို မျှဝေပေးလို့ ဆုမွန်ကောင်း တောင်းပေးနေမှာပါ"


မကြာမီပင် ဘေးပတ်လည်ရှိ ယာယီအိမ်လေးများ၌ နေထိုင်ကြသူများ အားလုံးက ရိုက်ကူးရေး အဖွဲ့ထဲတွင် ငရုတ်ဆော့စ် တစ်ပုလင်း ပေါ်လာကြောင်း သိသွားကြလေသည်။ ထို့ကြောင့် လူတစ်ယောက်ချင်းစီက အနည်းငယ်စီ ဝေစု ရလိုက်ကြပြီး ငရုတ်ဆောစ့် တစ်ပုလင်းမှာ ဆယ်မိနစ်ပင် မခံလိုက်။

၎င်းတို့ကို သယ်လာပေးသူမှာ ယွီနျန် ဖြစ်ကြောင်း သိလိုက်ကြသောအခါ သူတို့အားလုံးက ပြုံးပြလာကြပြီး ကိုယ်ကို ကိုင်း၍ ကျေးဇူးတင်လာကြသည်။ 


ယွီချင်းမှာ ဒေါသထွက်ရလွန်း၍ ရှုရှန့်လန်နှင့် ရန်ဖြစ်နေတော့သည်။