Chapter 44
နောက်တစ်နေ့ မနက်စောစောအချိန်တွင် ယွီနျန်က မည်သူမှ ခေါ်စရာ မလိုဘဲ သူ့ဘာသာသူ ထလာသည်။ ဝန်ဆောင်မှု ပေးသည့်အဖွဲ့က ဝန်ထမ်းတစ်ယောက်က သမ်းဝေနေပြီး မိတ်ကပ်မှန်လေးရှေ့တွင် ထိုင်ရန် ခေါ်ပေးသွားခဲ့ပြီး အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
"မနေ့က မင်းယူပေးလာတဲ့ ငရုတ်သီးဆော့စ်က ငါ့ရဲ့ အရသာခံအာရုံလေးကို လုံးဝ ကယ်တင်ပေးလိုက်တာပဲကွ... ငါ အဲ့ဒီအရသာကို မခံစားရတာ ဘယ်လောက် ကြာနေပြီလဲ သိမှာ မဟုတ်ဘူး"
ထန်းနီ ဟုခေါ်သည့် အခြား မိတ်ကပ်ဆရာမလေးကလည်း ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါ့... အခုတော့ ငရုတ်သီးဆောစ့်က ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအစားအစာလို့ ခံစားနေရပြီ"
ယွီနျန် ထိုစကားကို ကြားသည့်အခါ ရယ်မောလိုက်သည်။
"စောစော သိခဲ့ရင် သေတ္တာတစ်လုံးလောက် သယ်လာခဲ့ပါတယ်... ဒါဆို လူတိုင်း ပုလင်း တစ်ဝက်စီ ရကြမှာပဲ"
“မဟုတ်တာ... သေတ္တာ တစ်လုံးကြီး သယ်တာ အရမ်းများသွားမှာပေါ့ နျန်နျန်ရဲ့"
ထန်းနီက ပြောနေရင်းဖြင့် မိတ်ကပ်ဘရပ်ရှ်များအား အတန်းလိုက်စီနေသည်။
"အရင်ဆုံး နဖူးစပ်ကို ပြီးအောင် လိမ်းပေးမယ်... ပြီးရင် အဝတ်အစားဝတ်ပြီးမှ လိမ်းကြတာပေါ့... ဟုတ်ပြီလား"
ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်... ကျေးဇူးပါ"
လုပ်ငန်းစဥ် တစ်ခုလုံးက နှစ်နာရီ နီးပါးခန့် ကြာသည်။ ယွီနျန် သေချာ အဝတ်အစား ဝတ်ပြီးသွားသောအခါ ထန်းနီက မနေနိုင်တော့ဘဲ ဖုန်းထုတ်ကာ filterပေါင်းစုံ ရိုက်ချက်ထောင့်ပေါင်းစုံဖြင့် တစ်ဆက်တည်း ပုံများစွာ ရိုက်ထားလိုက်သည်။ သူမက ဓါတ်ပုံရိုက်နေရင်း သက်ပြင်းချပြီး ပြောလိုက်သည်။
"နျန်နျန်... မင်းက ရှေးခေတ် ဝတ်စုံနဲ့ တကယ် ကြည့်ကောင်းတာပဲ... ဒါရိုက်တာရှုရဲ့ အမြင်ကတော့ ဝါးမသွားသေးဘူး... သူ မင်းကို တွေ့သွားခဲ့တာပဲ... ပုလဲလေးတစ်လုံးပဲဟေ့"
ယွီနျန်က ဓါတ်ပုံရိုက် ခံနေရင်း နေရာမှာပင် ရပ်နေပြီး စကားပြောတော့မည် အပြုတွင် အပြင်ဘက်မှ တံခါး ပွင့်လာပြီး ရှုရှန့်လန် ဝင်လာခဲ့သည်။ သူ့ခြေလှမ်းတို့က ယွီနျန်နှင့် ခြေလှမ်း နှစ်လှမ်းခန့်အကွာတွင် ရပ်သွားသည်။ ရှုရှန့်လန် သူ့ကို ခေါင်းစခြေဆုံး သေချာ ကြည့်လိုက်ပြီး မျက်လုံး မလှည့်ဘဲ အမိန့်ပေးလိုက်သည်။
"ခေါက်ယပ်တောင်လေး ယူလာခဲ့"
၎င်းကို ကြားသောအခါ ထန်းနီက လေးထောင့်ပုံ ဘူးလေးကို ထုတ်လာခဲ့ပြီး အထဲမှ ခေါက်ယပ်တောင်လေးကို ယူထုတ်လိုက်သည်။
ရှုရှန့်လန်က ယပ်တောင်လေးကို ကြည့်၍ ပြောလိုက်သည်။
"ဒါက စီနီယာတစ်ယောက်ဆီကနေ အထူးတလှယ် တောင်းထားတဲ့ ယပ်တောင်တွေထဲက တစ်ခုပဲ... ဒီတစ်ခေါက် ဒါကို ဇာတ်ဝင်ပစ္စည်းအဖြစ် သုံးဖို့ ငွေအများကြီး သုံးထားရတာ... မကျိုးစေနဲ့နော်"
ယွီနျန် ၎င်းကို သတိထား၍ ဖွင့်လိုက်ပြီး မျက်စံနက်လေးများက အနည်းငယ် တုန်ယင်သွားလေသည်။
နှင်းပွင့်တမျှ ဖြူဖွေးနေသော ယပ်တောင်ပေါ်တွင် "ဖန့်ယာ" ဟူသော စကားလုံးကို မင်ဖြင့် ရေးထားသည်။ လက်ရေးလက်သားမှာ နှင်းများကို တိုက်ခတ်နေသည့် လေပြင်းရှည်ကြီးပမာပင်။ ထောင့်လေးတွင် ဟောင်းနွမ်းပြီး ရှုပ်ထွေးနေသည့် "ရှုနျင်း" ဟူသော စကားလုံးကို ရိုက်နှိပ်ထားသည့် ကိုယ်ပိုင်တံဆိပ်တစ်ခု ပါနေသည်။
၎င်းမှာ သူ့ဘိုးဘိုး၏ လက်ရေးပါပင်။
ယွီနျန်က အသက်ဖွဖွ ရှုလိုက်ပြီး လက်ထဲတွင် ခေါက်ယပ်တောင်လေးကို ကိုင်၍ ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
"ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်"
ရှေးခေတ်ဝတ်စုံ ဝတ်ထားပြီး မိတ်ကပ်လိမ်းကာ ဓါတ်ပုံရိုက်ပြီးနောက် ယွီနျန်က စခန်းချ ထိုင်ခုံလေး တစ်လုံး ရှာ၍ ဘေးနားမှ ဝင်ထိုင်လိုက်ပြီး ရိုက်ကူးရေးကို ကြည့်ရှုနေခဲ့သည်။ သူက ဘောပင်နှင့် စာရွက်ကို ယူ၍ မှတ်စုများ ချရေးနေခဲ့သည်။
ရှုရှန့်လန် ၎င်းကို မြင်သောအခါ သူ့လက်ထောက်ကို ခိုင်းလိုက်သည်။
"ဒီသဘောထားက မှန်တယ်... ယွီနျန်ကို သူနားမလည်တာ ရှိလားလို့ သွားမေးလိုက်... တစ်ခုခု ရှိရင် မင်းသူ့ကို ရှင်းပြလိုက်"
မွန်းတည့်လု အချိန်တွင် ယွီနျန်၏ အလှည့် ကျလာသောအခါ ရှုရှန့်လန်က သူ့ကို ရှက်မနေစေချင်သဖြင့် ကျင့်သားရရန်အတွက် အရိုးရှင်းဆုံး ရိုက်ကွက်ကို အရင်ရိုက်ကူးပြီးနောက် ခံစားချက် ရှာထားရန် ပြောလိုက်သည်။
ပြင်ပရှိ လေနှင့်သဲတို့ နှစ်ရာချီ တိုက်ခတ်နေသည့် နေရာလေးတွင် ယိုင်နဲ့နဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခု ရှိနေပြီး လေပြင်းနှစ်ချက် သုံးချက်မျှဖြင့် ဆိုင်လေးကို ပြောင်းပြန်လှန်ပစ်နိုင်မည့်ပုံပေါ်နေသည်။ သာမန်ကျသော အပေါ်ဝတ်ရုံ ဝတ်ထားသည့် ပေါ့ပေါ့တန်တန် လူတစ်ယောက်က စားပွဲခုံပေါ်မှ ကြေးလက်စွပ်လေးတစ်ခုကို ဓါးကြီးကြီး တစ်ခုဖြင့် ပိုင်းချလိုက်ပြီး သစ်သား စားပွဲခုံလေးမှာ နားစည်ကို ဖောက်ထွက်နိုင်လောက်သည့် "ခွပ်" ဟုသော အသံ ထွက်လာပြီး ထိုအင်အားကို တောင့်မခံနိုင်တော့...
သူ တစ်ဖက်လူကို စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။ "မင်း ဘယ်သူလဲ"
နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော လေးထောင့်စားပွဲရှေ့တွင် ထိုင်နေသူမှာ အဖြူရောင် အဝတ်အစားများ ဝတ်ထားသည့် လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူက စကားပြန်မဖြေလာဘဲ လက်ဖက်ရည် ခပ်နောက်နောက်ကိုသာ တည်ငြိမ်စွာ သောက်နေသည်။ လက်ဖက်ရည်အိုးကို ပြန်ချထားလိုက်ရင်း မျက်ခုံးပင့်ကာ မေးခွန်း မေးလာသူကို ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို အနည်းငယ် ဖွင့်ဟ၍ နှင်းများကို တိုက်ခတ်နေသည့် လေပြင်းသကဲ့သို့ ပြုံးလိုက်လေသည်။
"အရှေ့ပိုင်း မြို့တော်ရဲ့ ကုရွှမ်းနင်" သူက ငြင်ငြင်သာသာ ပြောပြလိုက်သည်။
"မင်းရဲ့ စစ်သူကြီးကို ပြောလိုက်... ငါသူ့ကို တွေ့ချင်နေတယ်"
“ကဒ်”
ယွီနျန်က သစ်သားခုံရှည်လေးပေါ်တွင် ထိုင်နေပြီး အသက်ပြင်းပြင်းရှူ၍ ရှုရှန့်လန်ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
"ဒါရိုက်တာရှု... ဘယ်လို ရိုက်မိထားလဲ ကြည့်လို့ ရမလား"
ရှုရှန့်လန် ရယ်မောလိုက်သည်။
"ဘာလို့ သနားစရာကောင်းအောင် မေးနေရသေးတာလဲ... ပထမဆုံးအကြိမ်အတွက် ဒီလို ရလဒ်မျိုးကို ထုတ်နိုင်တဲ့အထိ ကောင်းနေပြီးသားပါ... ဒါပေမယ့် လှုပ်ရှားပုံတွေက နည်းနည်း သဘာဝမကျသေးဘူး... အဆင်ပြေပါတယ်... နောက်ထပ် ပြန်လုပ်ကြတာပေါ့... လူတိုင်း အသင့်ပြင်ထားမယ်"
ယွီနျန်က မျှော်မှန်းထားသည်ထက် ရိုက်ကူးရေးအဖွဲ့၏ ဘဝနှင့် ပို၍ မြန်မြန် ချိန်ညှိနိုင်သွားပြီး လူတိုင်းကို ပြုံးပြလေ့ရှိသည်။ ရိုက်ကူးရေး မလုပ်ရချိန်တွင်လည်း ဘန်းမုန့်ပေါင်းတစ်ခု ကိုင်၍ နံဘေးတွင် ထိုင်လေ့ရှိပြီး လေ့လာနေရင်းဖြင့် မှတ်စုများ ထုတ်ကာ ကြည့်ရင်း စားလေ့ရှိသည်။
တစ်ခါတစ်ရံ ရှုရှန့်လန်၊ ယွီချင်းနှင့် အခြားသူများ အလုပ်ရှုပ်နေကြချိန်တွင် ယွီနျန်က ရိုက်ကူးရေး အဖွဲ့ အသေးအကြီးများ၌ ဆယ်နှစ်ကြာ ရိုက်ခဲ့ဖူးသော သရုပ်ဆောင်တစ်စုကို မည်သည့်နေရာ၌ မည်သို့ သရုပ်ဆောင်ရမည်ကို မေးမြန်းလေ့ ရှိပြီး သေသေချာချာ စဥ်းစားနေလေ့ ရှိသည်။ အကြိမ်များစွာ လုပ်ဆောင်ပြီးနောက် သူရလာသော NGများကလည်း နည်းသထက် နည်းလာခဲ့သည်။
*****
ရုံးခန်းထဲတွင်
လက်ထောက်ချင်က ရွှယ်ယုံကို စာရွက်စာတမ်းများ ကမ်းပေးလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်အတွင်း တင်းကျောက်ရှန်က ဘုရားကျောင်းမှာ ဥပုသ်စောင့်နေပါတယ်... တခြား လှုပ်ရှားမှုတော့ မရှိပါဘူး"
“ဥပုသ်စောင့်နေတာလား" လက်မှတ်ထိုးနေသော ရွှယ်ယုံ၏ လက်များက ရပ်မသွားပေ။
"ကျွန်တော် စောင့်ကြည့်ခိုင်းထားတဲ့ လူနှစ်ယောက်ကရော"
"အရမ်းငြိမ်နေပါတယ်... ဒါပေမယ့် စုန့်ခယ်က မထင်မှတ်ဘဲ သေသွားတော့ သူ့ကလေး သုံးယောက်က အမွေလုနေကြပါတယ်... တင်းကျောက်ရှန်ဘက်က ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က စုန့်ခယ်ရဲ့ အကြီးဆုံးသားနဲ့ ဒုတိယသားပါ... သူတို့က စုန့်ခယ် တစ်ဘဝလုံး ကိုင်ထားခဲ့တဲ့ ရှယ်ယာတွေကို စိတ်ဝင်စားနေကြတာ ဖြစ်မယ်"
"သိပါပြီ" ရွှယ်ယုံက ဘောပင်အဖုံးကို ပြန်ပိတ်လိုက်ပြီး ထရပ်လိုက်သည်။
"ကားပြင်လိုက်"
မြေအောက် ကားပါကင်ကို ရောက်လာသောအခါ ချင်ကျန်းက ရှေ့တစ်လှမ်းတိုး၍ အနောက်ခန်းမှ ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ထိုင်ပြီးသွားသောအခါ ရွှယ်ယုံက စတီယာရင်ကိုင်ထားသော တစ်ဖက်လူ၏ လက်များကို အမှတ်တမဲ့ လှမ်းတွေ့လိုက်သည်။ ထိုသူကို သူတစ်ခါမှ မမြင်ဖူးပါပေ။
ရွှယ်ယုံက အခုလေးတင် ပိတ်ထားသော ကားတံခါးကို ပြန်ဖွင့်လိုက်ပြီး ကားထဲမှ ထွက်လိုက်သည်။
ချင်ကျန်း ပဟေဠိ ဖြစ်သွားလေသည်။
"ဥက္ကဌရွှယ်.."
တစ်ခုခုကို စဥ်းစားမိသွားသောအခါ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
ရွှယ်ယုံ သူ့ကို ခေါင်းယမ်း ပြလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် စာရွက်စာတမ်းတွေ မေ့ခဲ့လို့"
မူလလမ်းကြောင်းကို ခြေနှစ်လမ်း ပြန်ရုတ်ပြီးသွားသောအခါ ရွှယ်ယုံ ရပ်သွားပြီး ကားတစ်ဖက်ကို ပြန်လျှောက်လာကာ ဒရိုင်ဘာ ထိုင်ခုံမှ ဒရိုင်ဘာ၏ မျက်နှာကို ကြည့်လိုက်သည်။
သူ အမိန့်ပေးလိုက်သည်။
"မင်း ကားမောင်းထွက်သွားလိုက်"
တစ်ဖက်လူက မလှုပ်ပေ။
ရွှယ်ယုံ၏ မျက်လုံးများ မဲမှောင်သွားပြီး စကားလုံးများက ရှင်းလင်းနေခဲ့သည်။
"မောင်းလေ"
ထိုအချိန်၌ ရွှယ်ယုံနောက်သို့ လိုက်နေသည့် ဘော်ဒီဂတ်မှာလည်း တစ်ခုခု မှားနေကြောင်း သတိပြုမိသွားသဖြင့် အသက်အောင့်ထားမိသည်။
ရွှယ်ယုံက ဒရိုင်ဘာထိုင်ခုံမှ မလှုပ်မယှက်လူကို ကြည့်ကာ အေးစက်စက်လေသံဖြင့် လှောင်ရယ်လိုက်သည်။
"တင်းကျောက်ရှန် မင်းကို ခိုင်းထားသလိုလုပ်... နားလည်လား"
*****
ကားတာယာများက ကျောက်စရစ်ခဲများပေါ် လှိမ့်လာခဲ့ပြီး ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။ ယွီချင်းက လည်စီးပုဝါ ပတ်ထားပြီး ဦးထုပ်ကားကားကြီး တစ်လုံး ဆောင်းထားသဖြင့် မျက်နှာတစ်ဝက်လောက်နီးပါး တင်းတင်းကျပ်ကျပ် ဖုံးနေလေသည်။ ယွီနျန်က အရှေ့ဘက် ခရီးသည်ခုံတွင် ထိုင်နေပြီး ဖုန်းမျက်နှာပြင်၏ အပေါ်ဘက် ညာဘက်မှ သင်္ကေတလေးကို ဂရုတစိုက် ကြည့်နေခဲ့သည်။
“မမ... ဒီလမ်းအတိုင်းသွားရင် လိုင်းပိုကောင်းလောက်လား"
“ဟုတ်တယ်... ဒီလမ်းက ငါအမှတ်မိဆုံးလမ်းပဲ"
ယွီနျန်က စတီယာဘီးကို ကျွမ်းကျွမ်းကျင်ကျင် လှည့်လိုက်သည်။
"ရိုက်ကူးရေးက ဟိုဘက်မှာ တည်ထားတာ လူကလည်း အရမ်းများတယ်... တစ်ခါတစ်လေ လိုင်းမကောင်းဘူး... ငါအရမ်း ဒေါသထွက်ရတာပဲ"
တစ်ခဏမျှ မောင်းလာပြီးနောက် ယွီချင်းက ဘရိတ် နင်းလိုက်ပြီး ပြောလိုက်သည်။
"ဒီနေရာပဲ... လိုင်းအခြေအနေ ဘယ်လိုရှိလဲ ကြည့်လိုက်"
ယွီနျန် စမ်းကြည့်လိုက်ရာ အပျော်လွန်သွားလေသည်။ "ဗီဒီယိုတွေပါ ကြည့်လို့ရတယ်"
ယွီချင်း ခေါင်းငြိမ့်ပြလိုက်ပြီး ကားထိုင်ခုံနောက်မီကို ချလိုက်သည်။
"ဒါဆို နင့်ဘာသာနင်ပဲ ဖုန်းကစားနေတော့... ငါက ညလယ်ကျရင် ရိုက်ကူးရေး လုပ်စရာ ရှိသေးတော့ ခဏလောက် အိပ်လိုက်ဦးမယ်... အချိန်ရောက်ရင် နှိုးဖို့ သတိရဦး"
“အိုကေ... စိတ်ချလက်ချ အိပ်”
ယွီနျန်က ယွီချင်းအတွက် ဆူညံသံများ လုပ်မိမည် စိုးသဖြင့် ကုတ်အင်္ကျီ ထူထူပတ်ကာ ကားထဲမှ ထွက်လာခဲ့ပြီး ဝေးဝေးတော့ မသွားရဲပေ။ ကားရှေ့မီးရောင်ဖြင့် နံဘေးမှ ကျောက်တုံးတစ်လုံး ရှာလိုက်ပြီး ထိုင်ချလိုက်သည်။
သူ တွေးကြည့်လိုက်ပြီးနောက် ဝေ့ပေါ်ကို အရင်ဖွင့်လိုက်ပြီး လှန်လှောကြည့်ရှုနေလိုက်သည်။ ရွှယ်ယုံ၏ အပ်ဒိတ်များက သီးသန့်ဖြစ်နေဆဲ ဖြစ်ပြီး အသစ်မတင်ထားပေ။ သူက ပုံမှန်အတိုင်းပင် ငွေကြေးနှင့် လူမှူရေး သတင်းများ ဖတ်လိုက်ပါသော်လည်း သူသိချင်နေသည့် အရာနှင့် လားလားမှ မသက်ဆိုင်ပေ။
ယွီနျန် ဖုန်းပိတ်တော့မည် အပြုတွင် သတင်းတစ်ပုဒ်က ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ခေါင်းစဥ်တွင် "ကားမတော်တဆမှု" ဟူသော စကားလုံးကို တွေ့လိုက်ရသဖြင့် အသက်ရှူမှားသွားပြီး မြန်မြန် နှိပ်ကြည့်လိုက်သည်။
ဤသတင်း၏ သတင်းခေါင်းစဥ်မှာ "သရဲကား" ဟူ၍ ဖြစ်သည်။ သတင်းများအရ ညနေပိုင်းတွင် အကန့်အသတ် ထုတ်ထားသည့် ဇိမ်ခံကားတစ်စီး ဘရိတ် ပေါက်ကာ တံတား လက်ရန်းကို ဝင်တိုက်ပြီး မြစ်ထဲသို့ ကျသွားခဲ့သည်။ ၎င်းကို ဆယ်ပြီးသွားသောအခါ ကားထဲတွင် မည်သူမှ မရှိဘဲ ဒရိုင်ဘာလည်း လွတ်နေပြီး မည်သူ့ကိုမှ ရှာမတွေ့ခဲ့ကြ။ အတည်ပြု လုပ်ငန်းစဥ်ပြီးနောက် ကားပိုင်ရှင်၏ မျိုးရိုးအမည်မှာ ရွှယ်ဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေများကို စုံစမ်းနေဆဲ ဖြစ်သည်။
"ရွှယ်" ဟူသော စကားလုံးကို တွေ့ရချိန်တွင် ယွီနျန် အသက်ရှူမှားသွားရသည်။ နှစ်စက္ကန့်အကြာ တုန်ယင်နေသော လက်များဖြင့် အဆက်အသွယ် နံပါတ်များကို ရှာလိုက်ပြီး ရွှယ်ယုံ၏ နံပါတ်ကို တွေ့သောအခါ ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်နေပါတယ်...
ဖုန်းဝင်နေတယ်ဆိုတော့ သူအန္တရာယ်ကင်းတယ်ဆိုတဲ့ သဘောပဲမလား...
ယွီနျန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းထပ်ခေါ်တော့မည် အပြုတွင် ဖုန်းမြည်လာခဲ့သည်။
ယွီနျန်က ဖုန်းမျက်နှာပြင်ထက်တွင် ပေါ်နေသော မရင်းနှီးသည့် နံပါတ်ကို ကြည့်ကာ ဖြေဆိုမည့် ခလုတ်ကို နှိပ်လိုက်သည်။
တစ်ဖက်မှ မည်သူမှ စကား ပြောမလာဘဲ နားစည်ကို စုတ်ဖြဲနေသည့်အလား လေတိုးသံကိုသာ ကြားနေရသည်။
"ရွှယ်...ယုံလား"
အကြိမ်များစွာ အသက်ရှူလိုက်ပြီးနောက် အတန်ငယ် အေးစက်နေသည့် အသံတစ်သံ ပြန်ဖြေလာခဲ့သည်။
"ကိုယ်ပါ"
ယွီနျန်၏ တင်းမာနေသော ကြွက်သားများ ပြေလျော့သွားပြီး နောက်ကျောတို့က သဲပေါ်သို့ တန်းကျသွားလေကာ နူးနူးညံ့ညံ့ ရယ်မောလိုက်သည်။
“ကျွန်တော် အခု ဂိုဘီမှာ... ကောင်းကင်မှာ ကြယ်တွေ အပြည့်နဲ့ အရမ်းလှတာပဲ"
ကားထိုးကျသွားသော နေရာတွင် ရပ်နေသည့် ရွှယ်ယုံမှာ အေးစက်နေသော
ရေကန်နှင့် ချောက်နက်နက်ကို ဖြတ်ကျော်နေရသည်အလား မြစ်ကို စိုက်ကြည့်နေလေပြီး အရိုးထိ တိုက်စားနေသည့် အေးစက်မှုများမှာ ရုတ်တရက် ကွယ်ပျောက်သွားကာ ထပ်ပြီး နွေးထွေးလာနေသည်ဟု ခံစားလိုက်ရလေသည်။