အပိုင်း ၄၅
Viewers 10k

Chapter 45

ခင်ဗျား အဆင်ပြေရဲ့လား... သိပ်မကောင်းဘူး




ယွီနျန်က သဲခြောက်များပေါ် ကျောခင်းထားပြီး သူ့အဝတ်အစားများ ညစ်ပေမည်ကိုလည်း ဂရုမစိုက်မိတော့ပေ။ ကောင်းကင်ထက်မှ ကြယ်များကို ကြည့်လိုက်ပြီး အသံကလည်း အတော်လေး ညင်သာနေသည်။ 


"ရွှယ်ယုံ... အခုတလော ဘယ်လိုနေလဲ"


မေးပြီးနောက် မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်ပြန်သည်။ ချူရှောင်းရန်၏ ရုံးခန်းထဲ၌ သူတို့ တွေ့ခဲ့ကြစဥ်ကလည်း ထိုမေးခွန်း မေးခဲ့သေးသည်။ ထိုစဥ်က ရွှယ်ယုံမှာ အရမ်းကောင်းသည်ဟု ဖြေခဲ့သည်ပင်။


ရွှယ်ယုံ၏ အသံမှာ ညနက်လေတို့ ရစ်ပတ်နေခြင်းကို ခံရသည်ထင်။ အေးစက်သော်လည်း ညင်သာနေသည်။


 "သိပ်မကောင်းဘူး"


ယွီနျန် တုံ့ကနဲ ဖြစ်သွားသည်။ ရွှယ်ယုံ "အရမ်းကောင်းတယ်" ဟုသာ ပြန်ဖြေလာမည်ဟု သူတွေးခဲ့မိသည်။


ယွီနျန်မှာ တွေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကျွန်တော် သတင်းတစ်ခု တွေ့လိုက်တယ်... ကားတစ်စီး မြစ်ထဲ ထိုးကျသွားတယ်တဲ့... ကားပိုင်ရှင်ရဲ့ မျိုးရိုးက ရွှယ်လို့ ပြောတယ်"


"အဲ့ဒါ ကိုယ်ကားပဲလေ" ရွှယ်ယုံ ပြန်ဖြေလိုက်သည်။ "ကိုယ် အဲ့ကားနဲ့ အိမ်ပြန်ဖို့ လုပ်နေတာ"


ဖုန်းကိုင်ထားသော ယွီနျန်၏ လက်ချောင်းများ တင်းကျပ်သွားလေသည်။ ရွှယ်ယုံ ကိုင်တိုင် ရေခဲတောင်၏ ထိပ်ဖျားကို ဖော်ထုတ်ပြောပြလာမည်ဟု သူမထင်ထားခဲ့ပေ။ 


"အရင်တစ်ခါက စုန့်ခယ်မှာ ဖြစ်ခဲ့တာနဲ့ အတူတူပဲလား"


"ဟုတ်တယ်" ရွှယ်ယုံက အကြိမ်အတော်ကြာ အသက်ရှုလိုက်ပြီးနောက် နူးနူးညံ့ညံ့မေးလိုက်သည်။ 


"မင်း ဖုန်းပြောဖို့ အားရဲ့လား"


ရှင်းမပြနိုင်အောင်ပင် ယွီနျန်၏ မျက်လုံးများ ရုတ်တရက် ချဥ်စူးလာရသည်။


သူက ကွဲနေသော ကိတ်မုန့်များ၊ မီးကျွမ်းနေသော ဘဲဥဆားနယ်များနှင့် ပုံမဖော်နိုင်အောင် ဖြစ်နေသော ဘီစကစ်များ၊ ယွမ် နှစ်ရာ တံဆိပ်ကပ်ထားသည့် အထူးချုပ် လက်ကြယ်သီးများကို တွေးမိသွားသည်။ ရွှယ်ယုံ အစစ်အမှန်နှင့် သူချပြရန် ကြိုးစားထားသော ပုံရိပ်တို့မှာ လုံးဝ ကွဲပြားနေလေသည်။ 


ထိုသူက အပြင်ပန်း၌ မြင်ရသည်မှာ မတုန်မလှုပ်၊ စိတ်ကြီးဝင်တတ်ပြီး ကျိုးကြောင်း မညီသူ ဖြစ်သည်။ သူသိထားသောလူမှာကား လုံးဝ ကွဲပြားနေလေသည်။


ဒါဆို... သူ့ရဲ့ အစစ်အမှန်ပုံစံကိုတောင် ဖုံးကွယ်ထားရတဲ့အထိ ဘယ်လောက်တောင် ခက်ခဲခဲ့လို့များလဲ...


သူ့အသံအနေအထားက ချောမော့ပြောနေသကဲ့သို့ ဖြစ်နေသည်ကိုပင် သတိမထားမိတော့။


 "ဒါပေါ့...အားပါတယ်"


ဖုန်းတစ်ဖက်မှ လေတိုက်သံက အတော်လေး ပြင်းနေပြီး အချိန်အတော်ကြာပြီးမှ ရွှယ်ယုံ၏ အသံ ထွက်လာသည်။ 


“ကိုယ့်အစ်ကိုက ကိုယ့်ထက် ငါးနှစ်ကြီးတယ်... သူ့ကို နွေဦးမှာ မွေးခဲ့တာလေ... သူမွေးတဲ့နေ့က နွေဦးမိုးတွေ တစ်ညလုံး ရွာနေလို့ ကိုယ့်အမေက ရွှယ်လိလို့ နာမည်ပေးခဲ့တာ"


ရွှယ်ယုံမှာ သူ့နှလုံးသားထဲ၌ အချိန်အကြာကြီး မြှုပ်နှံထားခဲ့ရသည့် ဇာတ်ကြောင်းတစ်ခုကို အဆုံး၌ ပြောနိုင်ခဲ့ပုံရသည်။ သူက ဤအခွင့်အရေးကို သဘောကျ နှစ်ခြိုက်နေပုံရပြီး ဖြည်းဖြည်းအေးအေး လေသံလေးဖြင့် ဆက်ပြောနေသည်။ 


"သူက အရမ်း အင်အားကြီးပြီးတော့ စမတ်လည်း ကျတယ်... ကျုတာဆရာတွေ အများကြီးက ဒီလို တော်လွန်းတဲ့ ကျောင်းသားတစ်ယောက်ကို တစ်ခါမှ မသင်ပေးခဲ့ဖူးဘူးလို့တောင် ပြောကြတာပဲ... သူက ကိုယ်မသိတဲ့ မေးခွန်းတွေကိုလည်း သိတယ်... ကိုယ်မဆက်နိုင်တဲ့ ပုံစံတွေလည်း စိတ်ရှည်လက်ရှည် သင်ပေးတတ်တယ် .. သူက ကိုယ့်ကို ဘောပင် ဘယ်လို ကိုင်ရမယ်... ပုံ ဘယ်လို ဆွဲရမယ်... ရှူးဖိနပ်ကို ဘယ်လို ကြိုးချည်ရမလဲ ဆိုတာတွေ သင်ပေးခဲ့တာ... ပြီးရင် ရေကူးဖို့လည်း ခေါ်သွားပေးသေးတယ်... သူက စီးပွားရေးအမြင်ရှိတော့ ကိုယ့်အဖေကလည်း အရမ်းသဘောကျတာပေါ့... သူက ကိုယ့်အစ်ကိုကြီးကို သင်ကြားပေးဖို့အတွက် သူနဲ့အတူ သွားလေရာ ခေါ်သွားတာ" 


"ပြီးတော့ရော..."


"ပြီးတော့ သူ ကားမတော်တမှု ဖြစ်ပြီး ကားက မြစ်ထဲကို မြုပ်သွားတာလေ... အဲ့အချိန်တုန်းက သူအရမ်း ဝမ်းနည်းပြီး ဆောက်တည်ရာမရ ဖြစ်နေလောက်တယ်... ဘယ်သူမှ သူ့ကို လာမကယ်ကြဘူးလေ" 


ရွှယ်ယုံက သူ့ဘာသာသူ ပြောနေသည့်အလား အသံတို့က တိုးဖျသွားလေသည်။ 


"အဲ့အချိန်တုန်းက ကိုယ် ညတိုင်း သူ့ကို အိမ်မက်မက်တယ်... ကိုယ့်အိမ်မက်ထဲမှာ သူကိုယ့်ကို ပြောနေတာ မြစ်ရေက အရမ်းအေးတယ်တဲ့"


ယွီနျန်က အတိတ်မှ အဖြစ်အပျက်များကို အကြမ်းဖျင်း ပုံဖော်နိုင်သွားသည်။ 


သူတို့ ကြိုးကြိုးစာစား ပျိုးထောင်ထားခဲ့ရသည့် ဆက်ခံသူက မထင်မှတ်ထားဘဲ သေဆုံးခဲ့ရပြီး စီးပွားရေးကို တစ်ခါမှ မထိတွေ့ဖူးသည့် လီတိုတေးဂီတတွင် စန္ဒယားမေဂျာ ယူထားသော အငယ်ဆုံးသားသာ ကျန်ရစ်ခဲ့လေသည်။ ဤကဲ့သို့သော အခြေအနေများအောက်တွင် ဘေးပတ်လည်၌ ကျားနှင့် ဝံပုလွေများ ရှိနေပေမည်။


လျှောက်ခဲ့ရသည့် လမ်းကြောင်းက အလွန်အမင်း ခက်ခဲပြီး ရွှံ့များလည်း အပြည့် ဖြစ်နေပေမည်။ ရွှယ်ယုံမှာ ယခုလက်ရှိ အခြေအနေအထိ တစ်လှမ်းချင်း လျှောက်လှမ်းလာနေဆဲ။


****

ယွီနျန်ကြောင့် ယွီချင်း နိုးလာသောအခါ အိပ်ထားသဖြင့် ရှုပ်ပွနေသော ဆံနွယ်ရှည်များကို ပင့်တင်လိုက်ပြီး မကျေမနပ် ပြောနေလေသည်။


 "ရုပ်ရှင်တောင် မပြီးသေးဘူး... ငါ့ဆံပင်တွေက ခြောက်ကပ် ကြမ်းတမ်းပြီး အဖျား နှစ်ခွတွေ ဖြစ်နေပြီ... ငါပြန်ရောက်ရင် နဂိုအခြေအနေ ပြန်ရောက်ဖို့ ဘယ်လောက် ကြာမလဲ မသိဘူး"


သူမက ယွီနျန် စိတ်လွတ်နေသည်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ယွီနျန်၏ လက်မောင်းကို ပုခုံးဖြင့် ဘေးမှ ဝင်တိုက်လိုက်သည်။


 "ယို... ငါတို့ရဲ့ နျန်နျန်လေး ညလယ်ကြီးမှာ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ လိုင်းကောင်းတဲ့ဆီ ဒီလောက် ဝေးတဲ့ အထိ ကားမောင်းပေးဖို့ ငါ့ကို ဆွဲခေါ်လာတာ တစ်စုံတစ်ယောက်ကို စကားပြောမလို့ကိုး... ငါနောက်ဆုံးတော့ ပျော်သွားရပြီ"


ယွီနျန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


 "မမ... ဘာတွေ တွေးနေတာလဲ" 


ယွီချင်းက သာမန်ကာလျှံကာဖြင့် ပိုနီတေး စီးနှောင်လိုက်ပြီး တမင်သက်သက် သက်ပြင်းချလိုက်သည်။


 "ဟေး... နျန်နျန်လည်း နှစ်ဆယ့်တစ်နှစ် ရှိနေပြီပဲ... ကြီးပြင်းလာပြီ... နင်လည်း အချစ်တွေ့ရမဲ့ အရွယ် ရောက်နေပြီလေ... မစဥ်းစားခင် သိပ်ကြာမှာ မဟုတ်တော့ဘူး အစ်မလား... အစ်မက ဘာလဲ... စားလို့ရမှာမို့လို့လား"


ယွီနျန်က သူမ၏ စကားများ တဖြည်းဖြည်း လမ်းလွဲလာသည်ကို ကြားလိုက်ရသဖြင့် မြန်မြန် ရှင်းပြလိုက်သည်။


 "တစ်စုံတစ်ယောက်ဆိုတာ မရှိပါဘူး... သူက ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်ပါ... သူ အခုတလော အခြေအနေ သိပ်မကောင်းလို့... ကျွန်တော် နည်းနည်း စိုးရိမ်နေတာ"


သူထွက်မလာခင်က ချူရှောင်းရန်၏ ရုံးခန်းတွင် ရွှယ်ယုံနှင့် တွေ့ခဲ့ရစဥ်က တစ်ဖက်လူမှာ ပြောစရာ များစွာ ရှိနေပုံ ပေါ်သော်လည်း မပြောနိုင် ဖြစ်နေပုံရသည်။ နည်းနည်းလောက် မကျေမနပ် ဖြစ်နေတာလားလို့...


ယွီနျန် ထပ်ပြီး ငေးငိုင်သွားသည်ကို မြင်သောအခါ ယွီချင်း နှာမှုတ်လိုက်သည်။


 "နင်ထပ်ပြီး ငေးငိုင်သွားပြန်ပြီ... နင့်မှာ တစ်စုံတစ်ယောက် မရှိပါဘူးဆို"


ယွီနျန်မှာ ကိစ္စက ပိုပိုပြီး ဆိုးရွားလာတော့မည်ကို တွေ့လိုက်ရသဖြင့် ရှင်းပြမနေတော့ဘဲ စကားလမ်းကြောင်း လွဲလိုက်သည်။ "မမ... အရင်တစ်ခါက "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ် ပန်းချီကား" အကြောင်း သတင်းရလိုက်တယ်လို့ ပြောခဲ့သေးတယ်လေ"


ယွီနျန် စတီယာဘီးကို ရိုက်ချလိုက်သည်။ 


"အား... နင်မမေးရင် ငါမေ့တော့မလို့... ငါ့လူအိုကြီးရဲ့ သူငယ်ချင်းတစ်ယောက်က ဒီပန်းချီကားကို စုံစမ်းနေတယ်... အဲ့ပန်းချီကားကို ကျွန်းနိုင်ငံတစ်ခုက စီးပွားရေးသမားတစ်ယောက် ဝယ်သွားတယ်လို့ ပြောတယ်... နောက်ပိုင်းကျ ကိုယ်ပိုင်ပြတိုက်တစ်ခုကို ရောင်းလိုက်တယ်တဲ့... လတ်တလောမှာ ကြားရတဲ့ သတင်းတစ်ခုက အဲ့ဒီကိုယ်ပိုင်ပြတိုက်ကို ကောင်းကောင်း မစီမံနိူင်လို့ စုဆောင်းမှုထဲက ပစ္စည်းတွေအားလုံးကို လေလံတင်မှာတဲ့... အဲ့ဒါ ဘယ်လောက် ကြာမလဲ... ဘယ်သူတွေ စိတ်ဝင်စားနေကြလဲ ငါလည်း မသိဘူး... ဒါကို အာရုံစိုက်ထားဖို့ ကူညီပေးမယ့်သူ ရှာထားတယ်... ငါနင့်ကို သတင်းတွေ ပြောပြပေးမယ်"


သူမက ယွီနျန်ကို ထပ်ပြီး ကြည့်လိုက်သည်။ 


"ငါ့အကူအညီ မလိုချင်ဘူးဆိုလည်း ရတယ်... စားသောက်ဖို့ မတတ်နိုင်တော့ရင် အနည်းဆုံးတော့ ငါ့ကို ကူညီခွင့်လေး ပေးပါဦးဟယ်"


ယွီနျန် ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။


 "ကောင်းပါပြီ... အခုတော့ ကျွန်တော် စားဖို့သောက်ဖို့ တတ်နိုင်ပါသေးတယ်"


"အေးပါ... နောက်ကျနေပြီ... အဆင်ပြေရင် ပြန်သွားကြရအောင်" ယွီနျန် ခေါင်းငြိမ့်ပြလာသည်ကို နားထောင်ပြီးနောက် ယွီချင်းက ဂီယာ ထိုးလိုက်ပြီး တာယာများ လှိမ့်ကာ ရုပ်ရှင်အဖွဲ့ဆီ ပြန်မောင်းသွားခဲ့သည်။


နောက်တစ်နေ့ မနက်စောစောတွင် ယွီနျန် အိပ်ရာထချိန်၌ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး တိတ်ဆိတ်နေခဲ့လေသည်။ ဇာတ်ဝင်ပစ္စည်းများက ကြမ်းပေါ်တွင် ပြန့်ကျဲနေပြီး နေရာတိုင်း ရှုပ်ပွနေသည်။  


ရှစ်ရော့က သမ်းဝေ၍ သူမလက်ထဲမှ အနွေးဘူးကို ယွီနျန်ထံ ကမ်းပေးလိုက်သည်။ 


"မနေ့က ရိုက်ကူးရေးက မနက်လေးနာရီမှ ပြီးတယ်... ဒါရိုက်တာရှုလည်း ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး... ရိုက်ကွင်းက မောင်လေးတွေ ပစ္စည်း ရွှေ့နေရင်း ငိုက်မိသွားလို့ သူ့ခေါင်းကို ခွဲမိမလိုတောင် ဖြစ်သွားသေးတယ်... ဒါရိုက်တာရှုလည်း အိပ်နေရာက လန့်နိုးသွားရော" 


ပြောပြီးနောက် ယွီနျန်က အနွေးဘူးများကို ကိုင်ကာ ရှစ်ရော့နှင့် မနက်စာ သွားစားမည် ပြုသော်လည်း ထမင်းစားခန်းသို့ မရောက်ခင် ဖုန်းမြည်လာခဲ့သည်။


“ဂွတ်မောနင်း အစ်ကိုမုန့်”


“မဟုတ်ဘူး... မဟုတ်ဘူး" မုန့်ယွမ်၏ အသံက အနည်းငယ် စိတ်မရှည် ဖြစ်နေသည်။ 


"မင်း မနေ့ညက ညလယ်ခေါင်ကြီး ယွီချင်းနဲ့ အပြင်ထွက်သွားခဲ့တာလား... တစ်နာရီ ကြာတာတောင် ပြန်မလာဘူးပေါ့"


ယွီနျန်၏ မျက်နှာထက်မှ အပြုံးတို့ လွင့်ပါးသွားပြီး ချက်ချင်းဆိုသလို ပြန်ဖြေလိုက်လေသည်။ 


"ကျွန်တော်တို့ တိတ်တိတ်လေး ဓါတ်ပုံရိုက်ခံလိုက်ရတာလား... ဒါမှမဟုတ် ဖော်ထုတ်ခံလိုက်ရတာလား"


"နှစ်ခုလုံးပဲ"


ယွီနျန်က တည်တည်ငြိမ်ငြိမ် ပြန်စဥ်းစားလိုက်သည်။


 "ကျွန်တော် ရိုက်ကူးရေးကို မလာခင်တုန်းက ကျွန်တော်နဲ့အတူ ယူသွားဖို့အတွက် ယွီချင်းရဲ့ အိမ်ကိုသွားပြီး ပစ္စည်းတွေ ကူထုပ်ပေးခဲ့သေးတယ်... "သဘာဝရဲ့ သံစဥ်"မှာ ပါတုန်းကလည်း တစ်ညက အရမ်း ညနက်သွားလို့ သူ့အိမ်က ဧည့်သည်ခန်းမှာ အိပ်ခဲ့သေးတယ်... သူ နောက်တစ်နေ့မနက်ကျ စောစောထပြီး ရိုက်ကူးရေးလုပ်တဲ့ဆီ လေယာဥ်နဲ့ ပြန်သွားရတာ... တမင်လိုက်ရိုက်ထားတာ ဆိုရင် အဲ့နှစ်ကြိမ်တုန်းက ပုံတွေပါ ရှိဦးမယ်"


သူ ရှစ်ရော့ကို ခြေဟန်လက်ဟန် ပြလိုက်ပြီး ထောင့်လေးတစ်ထောင့်ကို ရှာ၍ ရပ်လိုက်သည်။ 


"ဒါဆို... တစ်ဖက်လူရဲ့ ပန်းတိုင်က သတင်ကြီး ဖန်တီးဖို့ပေါ... ကျွန်တော်လား... ယွီချင်းလား"


မုန့်ယွမ်မှာ ထိုကိစ္စက မှန်ကန်ကြောင်း သိသွားသည့်အတွက် အသံအနေအထားက တည်ငြိမ်သွားသည်။ "မင်းပဲ... အင်တာနက်ပေါ်က ကွန်မန့်တွေက လုံးဝ ညွှန်ကြားထားကြတာတွေ... မင်းတို့ရဲ့ အနေအထားက အရမ်းကွာခြားနေတော့... လူနည်းနည်းလောက်ကပဲ ချိန်းတွေ့နေကြတယ်လို့ တွေးနေကြတာ"


“ချစ်ကြိုက်ဖို့က မဖြစ်နိုင်ဘူးလေ”


“ငါလည်း မင်းတို့ ချစ်ကြိုက်မနေကြမှန်း တွေးမိပါတယ်... မင်းတို့ အချင်းချင်း ကြည့်ကြတဲ့ အချိန်မှာတောင် အချစ်ရိပ်တွေ တွေ့မနေကြတဲ့ဟာ"


ယွီနျန် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ရှင်းပြလိုက်သည်။ 


"သူက ကျွန်တော့်အစ်မလေ... ကျွန်တော်တို့ ချစ်ကြိုက်ဖို့ မဖြစ်နိူင်ဘူး"


မုန့်ယွမ် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့အသံ ထွက်ပေါ်လာလေသည်။ "ဖာခ့်... မင်းတို့က အမျိုးတော်ကြတာလား"


"ဟုတ်တယ်... သူက ကျွန်တော့်အစ်မပါ... အမျိုးတော်ပေမယ့် နည်းနည်းတော့ သွေးဝေးတယ်" ယွီနျန်က ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားလိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ 


"ယွီချင်းရဲ့ အဘိုးက ကျွန်တော့်ဘွားဘွားရဲ့ အစ်ကို... ကျွန်တော့်ဘွားဘွားက ယွီချင်းရဲ့ အဘွားလေးပေါ့... သူက ကျွန်တော့် ဝမ်းကွဲ... ကျွန်တော်တို့ ငယ်ငယ်တုန်းက ခဏခဏ အတူတူကစားတတ်ကြတယ်"


မုန့်ယွမ်က အတော်လေး အတွေ့အကြုံ ရှိနေပြီ ဖြစ်သည့်အတွက် ချက်ချင်း ပြန်ပြောလိုက်သည်။


 "မင်း ဒီအကြောင်းကို မပြောပြတာက ယွီချင်းအပေါ် မမှီခိုချင်လို့... ပြီးတော့ ယွီချင်းရဲ့ အောင်မြင်မှုကို ငှားမသုံးချင်လို့... ဟုတ်လား"


“ဟုတ်ပါတယ်" 

ယွီနျန်က မျက်လွှာချလိုက်ပြီး ပြုံးပြလိုက်သည်။ 


"ဒီအတွေးက နည်းနည်း ရိုးစင်းနေပေမယ့် ကျွန်တော့်ဘာသာ အောင်မြင်လာမယ်လို့ ယုံကြည်တယ်... ဒါဆို ဘာလို့ ကျွန်တော့်ကိုယ် ကျွန်တော် "ယွီချင်းရဲ့ မောင်လေး" လို့ တံဆိပ်ကပ်ခံနေဦးမှာလဲ"


"ဒီလိုတွေးတာ ကောင်းပါတယ်... မင်းကိုယ်မင်း ဒီလို တံဆိပ် ကပ်လိုက်ရင် အနာဂါတ်ကျ မင်းဘယ်လောက်ပဲ အမြင့်ရောက်ရောက် မင်းကိုယ်တိုင် ကြိုးစားခဲ့ရတာပါလို့ ဘယ်သူမှ ယုံပေးကြမှာ မဟုတ်ဘူး" 


“နားလည်ပေးလို့ ကျေးဇူးပါ အစ်ကိုမုန့်”


မုန့်ယွမ် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။


 "ဒီကိစ္စကို ဘယ်လိုရှင်းရမလဲ တွေးနေတုန်းပဲ... အဆုံးကျ ယောကျ်ားနဲ့ မိန်းမကြားက ဆက်ဆံရေးက ဒုက္ခအများဆုံးပဲကွ... ပုံလေးတစ်ပုံကတင် လူတွေရဲ့ စိတ်ထဲ ဝတ္ထုရေးဖို့ လုံလောက်နေပြီ... တစ်ယောက်ယောက်က မင်းက နာမည်ကြီးဖို့ လိုက်ကပ်နေတာပါလို့ ပြောလိမ့်မယ်" သူ ထပ်မေးလိုက်သည်။


 "ဒါဆိုလည်း မင်း ယွီချင်းနဲ့ အရင်တွေ့ပြီး သူ့သဘောထားကို မေးသင့်တယ်နော်... ပြီးရင် ငါတို့ ဆွေးနွေးကြတာပေါ့"


ယွီနျန်က ဖုန်းချလိုက်ပြီး အခြေအနေများကို ကိုယ်တိုင် သွားစစ်ဆေးခဲ့သည်။ အထူးတလှယ် သွားရှာစရာပင် မလို။ သူ လတ်တလော အပ်ဒိတ်တင်ထားသည့် ဝေ့ပေါ်အောက်မှာပင် သူ့ဖန်များနှင့် ယွီချင်းဖန်များစွာက သူနှင့် ယွီချင်းကြား ဆက်ဆံရေးအကြောင်း မေးမြန်းနေကြသည်။ 


တစ်စုံတစ်ယောက်က သူက သဘာဝရဲ့ သံစဥ်ရှိုးတွင် ယွီချင်း၏ သီချင်းနှစ်ပုဒ်အား တစ်ဆက်တည်း ဆိုခဲ့ကြောင်းကိုလည်း ရှာတွေ့ခဲသေးသည်။ ဧည့်သည်အဆိုတော်အပိုင်း၌ သူ့ကို ကူညီသီဆိုပေးခဲ့သူမှာလည်း ယွီချင်း ဖြစ်သည်။ ယွီချင်းက မဂ္ဂဇင်း အင်တာဗျူးတစ်ခု၌လည်း သူ့နာမည်ကို ပြောခဲ့ဖူးသေးသည်။


[ရုတ်တရက် ငါအရမ်း ဝမ်းနည်းသွားတယ်... ဒါဆို ယွီနျန် ရှိုးမှာ ယွီချင်းရဲ့ သီချင်းကို ဆိုတာက ရိုးသားမှု ပြဖို့ပေါ့... ဒါဆို သူက ယွီချင်းရဲ့ ကူညီမှုနဲ့ အောင်မြင်လာတာပဲပေါ့... မဟုတ်သေးပါဘူး... ငါမေးပါဦးမယ်... ယွီနျန်က "သဘာဝရဲ့ သံစဥ်"ရှိုးကို တန်းရောက်လာတာလား... ယွီချင်းရဲ့ အထောက်အပံ့မပါတာ သေချာလား] 


[အဓိပ္ပါယ် မရှိတာတွေ လွင့်စမ်း... နျန်နျန်သာ ယွီချင်းနဲ့ တစ်ခုခု ပတ်သက်နေရင် သူ့ကို ကာကွယ်ပေးတဲ့သူတွေ ရှိမှာပေါ့... ပရိတ်သတ်တွေ အကုန်လုံးရဲ့ရှေ့မှာ ထိခိုက်ထားတဲ့ ခြေထောက်နဲ့ ဆိုနေ ကနေစရာ လိုပါ့မလား]


[ငါ့မိသားစု ယိုယိုလေးအတွက် ရုတ်တရက် စိတ်မကောင်း ဖြစ်သွားတယ်... ဒါကို သမာသမတ်မကျတာမျိုး မရှိဘူးလို့ ပြောနိုင်သေးတာလား... ရိုက်ကူးရေးအဖွဲ့က ရှင်းရှင်းလင်းလင်း ထွက်ပြောပေးသင့်ပြီနော်... ယွီချင်းက အဓိကဇာတ်လိုက်ဆိုတော့ သူ့ရဲ့ ရင်းနှီးတဲ့သူကို ပရိုမိုးရှင်း သီချင်း ဆိုခိုင်းလိုက်တာ အသိသာချည်းပဲ... ယိုယိုက အကြာကြီး ပြင်ဆင်ထားခဲ့ရတာ... ရွံစရာကောင်းတဲ့ ဆက်ဆံရေးကြောင့်နဲ့ ဖယ်ထုတ်ခံလိုက်ရတယ်ပေါ့... သူက ဒီလိုအရာမျိုးတွေနဲ့ မထိုက်တန်ဘူး]


[ကင်းမွန်မလေး စိတ်မကောင်း ဖြစ်သွားပြီ... အဲ့ဒီယွီနျန်က ယိုယိုထက် ဘယ်လောက်ကောင်းလို့လဲ... သူက ငါတို့ယိုယိုရဲ့ အရင်းအမြစ်တွေကို လုယူပြီး ပြန်ထိန်းချုပ်ဖို့ ရေတပ်တောင် ဝယ်ထားလိုက်သေးတယ်... ရှက်စရာပဲ]


ရှစ်ရော့၏ မျက်နှာအမူအယာက အတော်လေး ရုပ်ဆိုးသွားပြီး ယွီနျန်ကို အကြံပေးလိုက်သည်။


 "နျန်နျန်... ဝမ်းနည်းမနေနဲ့နော်... အင်တာနက်ပေါ်က လူတွေက ဆိုးဆိုးဝါးဝါးတွေ ပြောနေကျပဲလေ"


ယွီနျန် ကျေးဇူးတင်လိုက်သည်။ 


"ကျွန်တော် ဝမ်းမနည်းပါဘူး... ဒီတစ်ခေါက် ဘယ်သူက အကျိုးအမြတ် အရဆုံး ဖြစ်မဲ့လူလဲ ဆိုတာကို တွေးနေတာပါ... ဒီကိစ္စကို ဖော်ထုတ်လိုက်တဲ့အတွက် သူ့အတွက် ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မှာလဲ"


ရှစ်ရော့၏ အတွေးလမ်းကြောင်းတို့ ရွေ့လျားသွားလေသည်။ 


"အစ်မယွီချင်း ဒီဇာတ်ကောင်ကို ရခဲ့တုန်းက နာမည်ကြီး မင်းသမီးတွေရဲ့ ဖန်တွေတော်တော်များများ ဆွဲဖြဲခံလိုက်ရတယ်လေ... ဒီလို မရှင်းမလင်း ဆက်ဆံရေးကို ဖော်ထုတ်ခံလိုက်ရရင် အစ်မယွီချင်းရဲ့ ကျော်ကြားမှုကိုလည်း သေချာပေါက် သက်ရောက်သွားမှာ... ဒါဆို နောက်ထပ် ရမဲ့အရင်းအမြစ်တွေအတွက် ဒါမှမဟုတ် တစ်ခုခု ဖြစ်မှာပေါ့" 


“အင်း... ဒါလည်း ဖြစ်နိုင်တာပဲ" ယွီနျန် ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။ 


"ယိုယိုဘက်က ဖန်တွေကလည်း အပြောင်းအလဲ မရှိဘူး.... ကျွန်တော် ပရိုမိုးရှင်း သီချင်းဆိုဖို့ အရွေးခံလိုက်ရတာက ယွီချင်းကို ပြေးကပ်လိုက်တာကြောင့်လို့ သူတို့ ထင်နေကြတယ်... ဒါဆို တကယ် မသမာတဲ့ ဇာတ်ကွက် ဖြစ်သွားပြီ... ယိုယိုက ကျွန်တော့်ရဲ့ ဆက်ဆံရေးကြောင့် ဖယ်ထုတ်ခံလိုက်ရတာပေါ့"


ရှစ်ရော့ ပြန်ဖြေလိုက်သည်။


 "ဒီလိုနဲ့... မင်းရဲ့ဖန်တွေ ဖိနှိပ်ခံလိုက်ရပြီး သူ့ဖန်တွေက လာတိုက်ခိုက်ကြမယ်... ဒါဆိုရင် 'ယိုယိုက ယွီနျန်လောက် မတော်ဘူး' ဆိုတဲ့အချက်ကို ရှင်းလင်းပြီးသား ဖြစ်သွားမယ်... ပြီးရင် အပူကို ထပ်လှာ်ကြဦးမှာပေါ့"


“ဒီလို ဖြစ်နိုင်လောက်တယ်... အခုထိ ဘယ်သူ့ကိုမှ မစဥ်းစားမိသေးဘူး"


"နင်က ဥာဏ်ပြေးသာ

းပဲ" 


ယွီချင်းက အရောင်တောက်တောက် ကုတ်အင်္ကျီ ပွပွကြီးကို ခြုံကာ လျှောက်လာနေသည်။ သူမ၏ မျက်နှာက အတော်လေး အခြေအနေဆိုးနေပြီး မိတ်ကပ်မလိမ်းထားသည့်အတွက် မျက်လုံးအောက်မှ အမဲကွက်ကြီးမှာ အလွန် သိသာမြင်သာနေသည်။