အပိုင်း ၄၆
Viewers 10k

Chapter 46

အလှအပကို စာဖွဲ့နေသလို ကိုယ်ရည်ကိုယ်သွေးကိုလည်း ချီးကျူးနေတယ်



သူမက အိပ်ရေးမဝသေးသည့်အတွက် ပေါက်ကွဲနေသော လေသံဖြင့် ပြောဆိုနေသည်။ 


"အဲ့ကောင်က ငါ့ခေါင်းပေါ် ပြဿနာ ပုံချရတဲ့အထိ သတ္တိရှိနေတယ်ပေါ့လေ... ငါက နင့်ကို အနောက်တံခါးက ခေါ်သွင်းပေးတယ်တဲ့... အနည်းဆုံးတော့ အဲ့လိုလုပ်ဖို့ ငါ့အတွက် အခွင့်အရေး ရှိဦးမှကို"


မနက်ပိုင်းတွင် လေပြင်းနေသဖြင့် ယွီနျန်က ခြေနှစ်လှမ်းရွှေ့ကာ သူမကို ကာပေးထားခဲ့သည်။ 


"ဘာလို့ အစောကြီး နိုးလာတာလဲ"


ယွီချင်း ပုခုံးတွန့်လိုက်သည်။ 


"ငါ့မန်နေဂျာ ဖုန်းခေါ်လာလို့ နိုးလာတာလေ... ငါ့ကို နင်နဲ့ငါက ဘာဆက်ဆံရေးလဲ ဆိုတာ အတင်းမေးနေတယ်... ဖာခ့်... နင်က ငါ့မောင်လေးလေ"


ရှစ်ရော့မှာ ယွီချင်း၏ စားမတတ်ဝါးမတတ် အမူအယာကြောင့် ကြက်သေသေသွားလေသည်။ သူမက မနေနိုင်ဘဲ တိတ်တိတ်လေး လေ့လာနေပြီး ယွီနျန်နှင့် ယွီချင်းတို့က တူညီသော မျက်နှာ အစိတ်အပိုင်းများ ရှိနေသည်လားဟု ရှာကြည့်ရန် ကြိုးစားနေသည်။ 


ယွီနျန်: “မမ... ကျွန်တော့် မန်နေဂျာက မမ ဘယ်လိုလုပ်ချင်လဲ မေးနေတယ်"


ယွီချင်းက သူမ၏ အသေအချာ ရိတ်ထားသော မျက်ခုံးမွှေးများကို ပင့်လိုက်သည်။


 "ငါက ဘာလုပ်ချင်ရဦးမှာလဲ... ဒါပေါ့ သူတို့ကို ပြန်လုပ်ပစ်ချင်တာ... ဆိုးဆိုးဝါးဝါးကို လုပ်ပစ်ရမှာ... ဒီမရှင်းမလင်း ဆက်ဆံရေးအကြောင်း ဆွေးနွေးနေတာကြီးက ပိုဆိုးလာတော့မယ်... နောက်ပိုင်းကျ ငါက နင်နဲ့ အိပ်ခဲ့လို့ ရှိုးမှာလည်း ပါရပြီး ပရိုမိုးရှင်း သီချင်းလည်း ဆိုခွင့်ရတယ်လို့ ပြောကြတော့မယ်... နင်က အခုမှ တက်သစ်စ ကာလပဲ ရှိသေးတာ... ဒီလိုအရှုပ်တော်ပုံမျိုးက နင့်ရဲ့ ဂုဏ်သတင်းကို ဆိုးဆိုးဝါးဝါး ထိခိုက်မိလိမ့်မယ်... ပြီးတော့ သူတို့ မပြောခဲ့ကြဘူးလား... နင်နဲ့ ငါက ဆက်ဆံရေးကောင်းလို့ နင့်ကို ရက်ရက်ရောရောနဲ့ အရင်းအမြစ်တွေ ပေးနေတာလို့လေ"


သူမက ပေါက်ကွဲနေရင်း ရုတ်တရက် ပြုံးလာပြီး လက်များကို ထပ်ပြီး ယမ်းပြလိုက်သည်။


 "မဟုတ်ဘူး... မဟုတ်ဘူး... အလျင်မလိုနဲ့... စောင့်လိုက်ဦး... ခဏလောက် စောင့်လိုက်ကြမယ်... ဒီလှိုင်းကြီး သွေးပူမလာသေးဘူး ဆိုရင် ဒီကိစ္စကို တမင်သက်သက်လှော်နေတဲ့ နောက်ကွယ်က လူတွေကို စိတ်ပျက်စေလို့ ဘယ်ဖြစ်မလဲ...သူတို့ အလုပ်ကြိုးစားထားရတာကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူးလေ"


*****


ပုံမှန် အစည်းအဝေး ပြီးသွားသောအခါ ရွှယ်ယုံ ဖုန်းထုတ်လိုက်ပြီး အလေ့အကျင့်အတိုင်း ယွီနျန်၏ သတင်းများကို ရှာဖွေလိုက်သည်။ ရလဒ်အနေဖြင့် ဖုန်းမျက်နှာပြင် တစ်ခုလုံး ယွီနျန်နှင့် ယွီချင်းတို့ ညသန်းခေါင်အချိန်တွင် တိတ်တိတ်ပုန်း တွေ့ဆုံကြပြီး တစ်နာရီကျော်မှ ပြန်လာကြသည့်သတင်းအကြောင်းသာ ပြည့်နေသည်။ browserမှ တင်ပေးသော သတင်းများသည်ပင် ယွီချင်းနှင့် ယွီနျန်တို့၏ အရှုပ်တော်ပုံသာ ခိုင်ခိုင်မြဲမြဲ နေရာယူထားသည်။ 


ရွှယ်ယုံ စိတ်ထိန်းထားလိုက်ပြီး အပြီးထိ ဖတ်လိုက်သည်။ အဓိပ္ပါယ် မရှိလိုက်တာ... မနေ့ညက သူ ယွီနျန်နဲ့ ဖုန်းအကြာကြီး ပြောခဲ့တာ အသိသာချည်းပဲ...


သူ ဖုန်းကို ဝေးဝေးသို့ ပစ်ထုတ်လိုက်ပြီး ဆက်မကြည့်ချင်တော့သော်လည်း သတင်းစာမျက်နှာထက်၌ ဖော်ပြထားသော ယွီနျန်၏ ဓါတ်ပုံကို တွေ့လိုက်ရသောအခါ ၎င်းတို့က ကြုံရာကျပန်းရိုက်ကွက်များမှ ရိုက်ထားသော်လည်း အားလုံးက ပုံထွက်လှနေသည်ကို တွေ့လိုက်ရသည်။  


ရွှယ်ယုံ ဖုန်းကို ဂရုတစိုက်နှင့် ငြင်ငြင်သာသာ ချထားလိုက်ပြီး အားအများကြီး မသုံးရဲတော့ပေ။


ထိုအချိန်မှာပင် မျက်နှာပြင်ထက်၌ မဖတ်ရသေးသော မက်ဆေချ့်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။


ရွှယ်ယုံ ဖွင့်ဖတ်လိုက်ရာ စာကြောင်းတစ်ကြောင်းတည်းသာ ရှိနေသည်။ "ယွီချင်းက ကျွန်တော့် အစ်မပါ"


မင်းဘာလို့... ကိုယ့်ကို ရှင်းပြနေရတာလဲ...


ရွှယ်ယုံမှာ စားပွဲပေါ် တင်ထားသော ဖုန်းကို လက်ထဲသို့ ပြန်ယူလိုက်ပြီး ထိုမက်ဆေချ့်ကို ကြိမ်ဖန်များစွာ ဖတ်နေမိလေသည်။


*****


နေ့လည်ပိုင်းတွင် #ယွီချင်းနဲ့ယွီနျန်ညသန်းခေါင်အပြင်ထွက်သွားကြ# ဟူသော အကြောင်းအရာမှာ hot search၏ ထပ်ဆုံး ငါးနေရာသို့ တွန်းတင်ခံလိုက်ရသည်။ 


ထိုအကြောင်းအရာအောက်မှ ကွန်မန့်များမှာလည်း တစ်ဖက်တည်း ဖြစ်နေသည်သာ။ လူတိုင်းက ယိုယိုအတွက် တစ်ယောက်ပြီးတစ်ယောက် တိုင်တန်းပြောဆိုနေကြသည်


 #ယိုယိုအတွက်စိတ်မကောင်းဖြစ်တယ်# က ထိပ်ဆုံးဆယ်နေရာသို့ပါ ဝင်ရောက်လာသည်။ 


ရှစ်ရော့ ဒေါသတကြီး ပြောလိုက်သည်။


 "ယိုယိုရဲ့ဖန်တွေက တကယ် ကိုင်တွယ်ဖို့မလွယ်ဘူး... သူတို့က တိုက်ခိုက်လိုစိတ်အပြည့်ရှိတဲ့ သစ္စာရှိဖန်တွေပဲ... နှစ်စတုန်းက အမျိုးသားအနုပညာရှင်တစ်ယောက် ယိုယိုနဲ့ တိုက်မိပြီး ဝတ်စုံတူတူဝတ်ခဲ့မိတာကိုလည်း သတိရမိသေးတယ်... ဒါက လုံးဝ ကိစ္စကြီး မဟုတ်ဘူးလေ... ဒါပေမယ့် အဲ့ဒီအနုပညာရှင်က ယိုယိုရဲ့ဖန်တွေဆီကနေ အချိန်အကြာကြီး အမဲဝိုင်းဖျက်ခံခဲ့ရတာ... နောက်ဆုံးကျ တစ်ဖက်လူကို အဝတ်ဆင်ပေးခဲ့တဲ့သူက ကိုယ်တိုင်ရှေ့ထွက်ပြီး တောင်းပန်ဖို့ ဖိအားပေးခံလိုက်ရရော... အဲ့ဒါပြီးမှ အဲ့ကိစ္စကြီး ပြီးသွားတယ်လို့ သတ်မှတ်လိုက်ရတာ"


ယွီနျန်က စာသားများမှတ်နေပြီး ရှစ်ရော့၏ စကားများကို နားထောင်ပြီးသွားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။


 "ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့သေးတာလား"


"ဒါပေါ့... ပြီးတော့ အရင်က သူတို့နိုင်ထားတော့ တောင်းပန်တာတစ်ခုလေးနဲ့ ကျေနပ်ကြတော့မှာ မဟုတ်ဘူး... နောက်ပိုင်းကျ ပိုပိုပြီး မသမာဖြစ်လာကြတော့မယ်”


 ရှစ်ရော့က ယွီနျန် ဝတ်ထားသော အဖြူရောင် ချည်သားတီရှပ်လေးကို ကြည့်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်၊


 "ဒါပေမယ့် နျန်နျန်... ဒီဖျော်ဖြေရေးလောက တစ်ခုလုံးမှာ ဘယ်သူကမှ မင်းနဲ့ အဝတ်အစားတူတူ ဝတ်ဖို့ မဖြစ်နိုင်ဘူး"


ယွီနျန်က လည်ပင်းပေါက်ကို ဆွဲချ၍ တီရှပ်ကို ပြန်ညှိလိုက်သည်။


 "ဒါက ဝတ်ရတာ တကယ် သက်တောင့်သက်သာ ရှိတယ်"


ရှစ်ရော့က အလေးအနက် ဖြစ်နေသည့် အမူအယာဖြင့် ခေါင်းငြိမ့်၍ ပြောလိုက်သည်၊


 "ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းပျော်ရင် ပြီးရော... ဘာပဲဖြစ်ဖြစ် မင်းဝတ်လိုက်ရင် သူများတွေက ဒီအင်္ကျီကို ဆယ်ယွမ် မဟုတ်ဘဲ ယွမ်တစ်ထောင်လောက် တန်တယ်လို့ ထင်ကြမှာပဲ"


သိပ်မကြာခင် နောက်ဆုံးရသတင်းများကို သတိထားကြည့်နေသည့် ရှစ်ရော့တစ်ယောက် ခေါင်းမော့ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


 "ယွီနျန်... ထွက်လာပြီ" 


ယွီနျန်က မကြာခဏ လှန်ကြည့်ထားသဖြင့် အစွန်းများ စုတ်နေသည့် ဇာတ်ညွှန်းကိုချပြီး ခေါင်းလေးစောင်း၍ ကြည့်လိုက်ရာ Vအကောင့်ကြီးကြီးတစ်ခုက တင်ထားသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။ ခေါင်းစဥ်က တဲ့တိုးဆန်လှပြီး "ကျော်ကြားတဲ့ သိပ္ပံပညာ: တရုတ်နိုင်ငံမှ ထိပ်တန်း ရွှေအေးဂျင့် သုံးယောက်" ဖြစ်နေသည်။


ထိုဆောင်းပါးကို ဝင်ကြည့်လိုက်ရာ မုန့်ယွမ်လည်း ပါဝင်နေပြီး ပထမနေရာမှာ ဖန့်လီဟု ခေါ်သူ ဖြစ်နေသည်။ 


ထိုဆောင်းပါးက မုန့်ယွမ်ဝင်လာခဲ့စဥ်ကတည်းက ဖျော်ဖြေရေးလောကအတွင်း သူခေါ်သွင်းပေးခဲ့သည့် အနုပညာရှင်များအကြောင်း အလေးပေးရေးသားထားသည်။ လူတိုင်းက နာမည်ကျော်များ ဖြစ်ကြလေသည်။ အဆုံးသတ်တွင် လက်ရှိ၌ မုန့်ယွမ်၏ လက်အောက်တွင် အနုပညာရှင်တစ်ယောက်သာ ရှိပြီး ထိုသူမှာ ယွီနျန် ဖြစ်နေသည်။


[မိုက်လိုက်တာ... အစ်ကိုမုန့်နဲ့ အစ်မလီ... ဒီနှစ်ယောက်က ဖျော်ဖြေရေးလောကထဲက big bossကြီးတွေ တစ်ဝက်လောက်ကို သိမ်းထားကြတာ]


[မင်းလက်ထဲမှာ အရင်းအမြစ်တွေ ရှိရင် လူတွေလည်း ကျော်ကြားလာလိမ့်မယ်... မင်းလက်ထဲက လူတွေ ကျော်ကြားလာရင် အရင်းအမြစ်တွေ ပိုရလာလိမ့်မယ်... အေးဂျင့်နေရာက အရမ်းမိုက်တာပဲကွ... ငါ့မိသားစုက သားလေး စာချုပ်ပြည့်ပြီးသွားရင် အေးဂျင့်ကောင်းကောင်းနဲ့ တွေ့နိုင်ဖို့ မျှော်လင့်တယ်]


[ငါတွေ့လိုက်တာ... ယွီနျန်ရဲ့ အေးဂျင့်က တကယ်ကြီး မုန့်ယွမ်တဲ့ဟ... ဒီလိုသာဆို... "သဘာဝရဲ့သံစဥ်"လို ရှိုးလောက်ကတော့ အေးဂျင့်မုန့်အတွက် လူတွေ သွင်းပေးဖို့ အလွယ်လေးမလား]


ရှစ်ရော့က ကြည့်နေရင်း ပြုံးလိုက်ပြီး ကွန်မန့်များကို ထောက်ပြလိုက်သည်။ 


"အစ်ကိုမုန့် ရှာထားတဲ့ ရေတပ်က ကွန်မန့်တွေက မတုံးလွန်းဘူးလား... တကယ် ရှက်စရာ ကောင်းတာပဲ... ဟားဟားဟား" သူမက ကွန်မန့်များကို ထပ်ပြီး ဆွဲချလိုက်သည်။ "ဒါပေမယ့် လူတွေ အများကြီးက ပြောနေကြတာ... မုန့်ယွမ်လို အေးဂျင့်နဲ့သာ ဆိုရင် အမြင့်ရောက်ဖို့ ယွီချင်းကို မှီခိုနေစရာ မလိုဘူးတဲ့"


ယွီနျန်ကလည်း ကွန်မန့်များထဲမှ ရှက်စရာကောင်းလှသည့် စကားများကြောင့် ရွှင်မြူးသွားလေသည်။


 "အင်း... တကယ်တော့ လူအများစုက ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိတယ်... သူတို့က သူတို့ ယုံကြည်ချင်တဲ့ အချက်တွေ အယူအဆတွေပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချကြလိမ့်မယ်... ပြီးတော့ ရှိနေတဲ့ သတင်းအချက်အလက်တွေ ပြန့်ကားသွားပြီး ဦးနှောက်အထောက်အပံ့တွေထိ ကျယ်ပြန့်သွားလိမ့်မယ်"


မကြာမီပင် ထိုအေးဂျင့်အဆင့်သတ်မှတ်ချက်များအကြောင်း ဆောင်းပါးကို မားကတ်တင်း အကောင့်များစွာက ပြန်တင်လာကြသည်။ အားလုံးပြီးဆုံးလုနီးပြီကို တွေ့သောအခါ မုန့်ယွမ်၏ ကိုယ်ရေးကိုယ်တာဝေ့ပေါ်အကောင့်မှ ယွီနျန်ကို လိုက်အိပ်သည်ဟု လှောင်ပြောင်သရော်ထားသော Vအကောင့်ကြီးတစ်ခု၏ ပိုစ့်ကို ပြန်တင်၍ ရေးလိုက်သည်။


 [[**ငါလည်း နာမည်တပ်ခံချင်ပါတယ်**]]


မကြာခင် ထိုဝေ့ပေါ်ပိုစ့်မှာ ဟဟများဖြင့် ပြည့်သွားလေသည်။ 


[ရုတ်တရက် အစ်ကိုမုန့်အတွက် စိတ်မကောင်း ဖြစ်သွားတယ်... ဟားဟားဟား... ဒီနတ်သမီးလေးက အစ်ကိုမုန့်ရဲ့ နာမည်ကို အမှတ်ရပြီးသားပါ... ဒီဘဝမှာတော့ မေ့မှာ မဟုတ်ဘူး]


[အစ်ကိုမုန့်ကတော့ တွေးနေလောက်တယ်... ဒီလောင်ဇီက အနုပညာရှင်ကို နာမည်ကြီးအောင် ကြိုးစားထားရတာ... ဘယ်လိုလုပ်ပြီး သူနိုးလာတာနဲ့ ရွှေသခင်ကြီးကို မှီခိုပြီး နာမည်ကြီးလာပါတယ် ဖြစ်သွားရတာလဲ...လောင်ဇီ လက်မခံနိုင်ဘူး... လောင်ဇီလည်း နာမည် ဝင်ယူချင်တယ်] 


[ချစ်စရာ ကောင်းလိုက်တာ... ငါ အစ်ကိုမုန့်ရဲ့ C ပွဲဦးထွက်ကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်]


[တစ်ဖက်လူ ပြောသမျှ ယုံနေကြတဲ့ လူတွေကိုတော့ စိတ်လေတယ်... ဒီလိုမန်နေဂျာ ရှိနေမှတော့ ယွီနျန်သာ ကွဲနေတဲ့ ဖရဲသီး မဖြစ်ခဲ့ရင် 100% ကျော်ကြားလာမှာပဲ... သူ့ကိုယ်သူ ရောင်းပြီး မပြောရတဲ့ စည်းမျဥ်းတွေ လုပ်စရာ လိုသေးလို့လား]


ယာယီစကားပြောခန်းတွင် မုန့်ယွမ်က C ပွဲဦးထွက်ဟူသည်ကို ဝိုင်း၍ screenshotတစ်ခု ပို့လာခဲ့သည်။ "ဟားဟားဟား... ဒီနေ့ကစပြီး ဖန့်လီတော့ ငါ့ကို မုန်းနေတော့မှာပဲ... ကျော်ကြားတဲ့ နေရာမှာ ငါသူ့ကို ချက်ချင်း ဖိသတ်လို့ရနေပြီ" 


နှစ်စက္ကန့်အတွင်းမှာပင် ယွီချင်းက မျက်လုံးလှိမ့်ကာ မုန့်ယွမ် ဂုဏ်ဖော်နေမှုကို ပြင်းပြင်းထန်ထန် ဟန့်တားလိုက်သည်။ 


အင်တာနက်ပေါ်မှ လေများမိုးများက ရိုက်ကူးရေးအပေါ် မသက်ရောက်ပေ။ နေ့လည်စာ စားပြီးနောက် နောက်လာမည့် ရိုက်ကွက်အကြောင်း ရှုရှန့်လန် ပြောနေသည်ကို နားထောင်နေခဲ့သည်။ 


“မင်းက အရှေ့ပိုင်းမြို့တော်ရဲ့ အထက်တန်းလွှာ မိသားစုက သခင်လေး တစ်ယောက်ပဲ... မင်းကို အမြဲတမ်း မရေတွက်နိုင်တဲ့လူတွေ ခြံရံနေကြတာ... ဒီတစ်ခါတော့ မင်းက အမျိုးသမီး စစ်သူကြီးကို သတင်းပို့ဖို့ ရှေ့တန်းကို တလျှောက်လုံး ထွက်လာခဲ့တယ်... သူ(မ)ကို အရှေ့ပိုင်းမြို့တော်ဆီ ပြန်လို့မရဘူးလို့ ပြောရမယ်... မဟုတ်ရင် ပြန်ရောက်တာနဲ့ သေမိန့်ချခံရတော့မှာ.... ဒါပေမယ့် မင်းမိသားစုကြောင့် သူ(မ)က မင်းကို မယုံဘူး"


ယွီနျန်က ခေါက်ယပ်တောင်လေးကို ဖြန့်ကာ လက်ပေါ်တွင် စည်းချက်ကျကျ ရိုက်နေခဲ့သည်။ 


"ကျွန်တော်က သူမ ယုံသွားအောင် ပြောရမယ်... မဟုတ်ရင် လေတွေသဲတွေကို ဖြတ်ပြီး အပြေးလာခဲ့ရတဲ့ခရီးက အချည်းနှီး ဖြစ်သွားရတော့မှာပေါ့... သူမသာ အရှေ့ပိုင်းမြို့တော်ကို တကယ်ပြန်ချင်ရင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး... သူ့စစ်သားတွေရဲ့ နှလုံးသားတွေလည်း တုန်လှုပ်သွားလိမ့်မယ်... ဒါဆို မကောင်းတာတွေ ဖြစ်လာပြီး တိုင်းပြည်ကိုပါ အန္တရာယ်ပေးလာနိုင်တယ်"


ယွီနျန် ပိုပိုပြီး ကောင်းလာသည်ကို မြင်သောအခါ ရှုရှန့်လန်က ပြုံးလျက် သူ့ပခုံးကို ပုတ်ပေးလိုက်သည်။


 "ခဏလေးနဲ့ ကောင်းကောင်း သရုပ်ဆောင်နိုင်လာပြီ... လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အခြေအနေ ပိုကောင်းလာတာပဲ"


 သူ ထပ်မေးလိုက်သည်။

 "ရုပ်ရှင်ပိတ်ကားပေါ် မလာတော့ဖို့ တကယ် သေချာသွားပြီလား... မင်းမျက်နှာနဲ့ဆို တီဗီဒရာမာတွေမှာ သရုပ်ဆောင်ရင် နှမျောစရာပဲ... ရုပ်ရှင်တွေကမှ မင်းနဲ့ သင့်တော်မှာ... မင်းရဲ့ သရုပ်ဆောင်ပုံတွေက ပရော်ဖက်ရှင်နယ်ကျကျ သင်ယူထားသလို မဟုတ်ဘူး... မင်းမှာ အရှိန်အဝါတွေ ရှိတယ်... နောက်ထပ် နှစ်နှစ်လောက်နေရင် ထိပ်တန်းတစ်ယောက် ဖြစ်လာနိုင်တယ်" 


ယွီနျန်က ကာရိုက်တာ၏ အတွေးများကို နစ်ဝင်နေရာမှ အတွေးပြန်ဝင်လာပြီး ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။ 


"ကျေးဇူးပါ ဒါရိုက်တာရှု... ဒါပေမယ့် သရုပ်ဆောင်တာနဲ့ ယှဥ်ရင် ဂီတကို ပိုကြိုက်တယ်... ကျွန်တော်က သီချင်းစာသားတွေ ရေးရတာ... သီချင်း ဖန်တီးရတာ သီချင်းဆိုရတာ ပိုကြိုက်တယ်


ရှုရှန့်လန်က စိတ်ခံစားချက်များစွာဖြင့် ပြောလိုက်သည်။ "ဒါပေါ့... ဒီဘဝမှာ မင်းကြိုက်တဲ့အရာကို မင်းဘဝရဲ့ အလုပ်နဲ့ မင်းလိုက်နေတဲ့ လမ်းကြောင်း အဖြစ် လုပ်နိုင်ပြီး ဒီအပေါ်မှာပဲ စိတ်နှစ်ထားနိုင်တာ တကယ့်ကို လှပတဲ့အရာပါပဲ"


သူ ယွီနျန်၏ ပုခုံးကို ထပ်ပုတ်ပေးလိုက်သည်။ 


"ဒါဆို သေချာ အလုပ်ကြိုးစား... နောက်ပိုင်း အခွင့်အရေးရရင် မင်းကို ငါ့ဇာတ်ကားတွေမှာ ဇာတ်ဝင်တေး ဆိုခိုင်းမယ်"


ယွီနျန် ပြုံးလိုက်သည်။

 "ဒါရိုက်တာရှု... ဒီစကားကို ထပ်ပြောပေးလို့ ရမလား... ကျွန်တော် ဖုန်းနဲ့ အသံသွင်းထားချင်လို့"


ရှုရှန့်လန် ကျယ်ကျယ်လောင်လောင်

ရယ်မောလိုက်လေသည်။ 


"ကောင်စုတ်လေး" ဟု ပြောပြီးနောက် အမှန်ပင် အိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်လိုက်ပြီး ဘောင်ချာတစ်စောင်ရေး၍ ယွီနျန်ကို ကမ်းပေးလိုက်သည်။