အပိုင်း ၄၇
Viewers 10k

Chapter 47




ယွီနျန်က ထိုမှတ်စုလေးကို သပ်သပ်ရပ်ရပ် ခေါက်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။ 


"ကျွန်တော် စိတ်အေးသွားပြီ" 


သူထပ်ပြီး ကျေးဇူးတင်လိုက်ပြီး ပြောလိုက်သည်။ 

"ကျွန်တော့်အတွက် စကားပြောပေးလို့ ကျေးဇူးပါ... ဒါရိုက်တာရှု"


ရှုရှန့်လန် လက်ယမ်းပြလိုက်သည်။ 

"မင်းအတွက်ပဲ မဟုတ်ပါဘူးကွာ... အင်တာနက်ပေါ် ပြောနေကြတာတွေကို ကြည့်လိုက်စမ်း... ငါက သူများတွေကို ကြင်နာပေးတတ်တဲ့ ရုပ်သေးရုပ် မဟုတ်ဘူးကွ... တချို့လူတွေက ယွီချင်းက မင်းကို အဖွဲ့ထဲ ခေါ်သွင်းပေးချင်နေတာ... ပရိုမိုးရှင်း သီချင်း ဆိုခိုင်းချင်နေတာလို့ တကယ် ပြောနေကြတာ... ငါက စကားတစ်ခွန်းမှ မပြောဘဲ သတောတူပေးလိုက်ပါ့မလား... အဓိပ္ပါယ် မရှိတာ... ယွီချင်းက စပွန်ဆာရဲ့ ဖေဖေကြီး ဖြစ်နေတယ်ဆိုမှ စဥ်းစားပေးမိဦးမယ်"


မူလအစတွင် ၎င်းက အမှန်အကန် ပြောနေခြင်း ဖြစ်ပါသော်လည်း ရုတ်တရက် လမ်းလွဲသွားသဖြင့် ယွီနျန်မှာ မထိန်းနိုင်တော့ဘဲ စားပွဲကို ကိုင်ကာ ရယ်လိုက်ရသည်။ 


ညနေခင်းတွင် ရှုရှန့်လန်က ကိုယ်ရေးကိုယ်တာ ဝေ့ပေါ်တွင် ပါးနပ်လှသော စာကြောင်း တစ်ခုနှင့်အတူ စက္ကန့်နှစ်ဆယ်စာ ဗီဒီယိုကလစ်လေးတစ်ခု တင်ပေးခဲ့သည်။


[[** "ငါက နားရော မျက်လုံးရော ကန်းမနေဘူး... ငါက နားလည်းထောင်နိုင်သလို မြင်လည်း မြင်နိုင်တယ်"**]]


[အား... နျန်နျန်အတွက် ပြောပေးလို့ ကျေးဇူးပါ ဒါရိုက်တာရှုရေ... ငါငိုနေပြီ... နျန်နျန်က ပရိုမိုးရှင်း သီချင်းကို အားကုန်စိုက်သုံးပြီး ဆိုမှာ]


[ငါသေတော့မယ်... သေပါပြီ... ဗီဒီယိုထဲက မျိုးရိုးမြင့် သခင်လေးက ဘယ်သူလဲ... ဒီစကား 'အရှေ့ပိုင်းမြို့တော်က ကုရွှမ်းနင်'ကို ပြောသွားတာ အရမ်းမိုက်တာပဲ... ငါ ဒီစက္ကန့် နှစ်ဆယ်စာကို အကြိမ်တစ်ရာလောက် ပြန်ရစ်ကြည့်မယ်]


[အဲ့ဒါနျန်နျန်မလား... သူ ဟုတ်ပါတယ်... တကယ် နျန်နျန်ပဲ... ငါ ပေါက်ကွဲကုန်ပါပြီ... နျန်နျန်က ဘာလို့ ယွီချင်းကို တွေ့ဖို့ ရိုက်ကူးရေးအဖွဲ့ဆီ သွားလဲ သိချင်နေတာ ဒါပေမယ့် အခုတော့ နျန်နျန် ကိုယ်တိုင် ဒါရိုက်တာရှုရဲ့ ဇာတ်ကားမှာ ပါမှန်း သိသွားပြီ... အိုးမိုင်ဂေါ့... ဒါဘယ်လိုတောင် မသေမျိုး အရင်းအမြစ်လဲဟေ]


[ဒူးထောက် ခစားပါတယ်.... ဒီမျက်နှာ အရည်အသွေးလေး... ဒီအမူအယာလေးတွေ မြို့တော်ကို မြင်းစီးပြီး သွားနေတဲ့ အသက်ဝင်နေတဲ့ ရှေးခေတ် အဖြူရောင် အဝတ်အစားနဲ့ ဆံပင်လေးတွေ လွင့်မျောနေတဲ့ သခင်လေးရေ... ငါသာ ဒါရိုက်တာဆိုလည်း သူ့ကို လိုချင်မှာပဲ]


ပထမတွင် ၎င်းကို ပေါ်ပြူလာ ဖြစ်လာစေရန် ငွေသုံး၍ ပြန်တင်ခိုင်းစေသူမှာ မုန့်ယွမ် ဖြစ်သည်။ သို့သော်လည်း ညနေပိုင်း ရှစ်နာရီ မထိုးခင်မှာပင် ထိုဗီဒီယိုအတိုလေးက ပေါက်ကွဲထွက်သွားပြီး ဟုမ်းပေချ့်များကို လှုပ်ယမ်း၍ hot searchဆီ တန်းတက်သွားသည်။ 


#အရှေ့ပိုင်းမြို့တော်ကကုရွှမ်းနင်#၊ #ယွီနျန်မျိုးရိုးမြင့်သခင်လေး#နှင့် #ဒါရိုက်တာရှုကယွီနျန်ရဲ့ နာမည်ကိုရှင်းပေးတယ်# ဟူသော hot searchက ထိပ်ဆုံး ဆယ်နေရာကို အစီလိုက် ဝင်သွားသဖြင့် မုန့်ယွမ်ပင် ဆွံ့အသွားလေသည်။.


 "သေချာပေါက်ပဲ... ဒီကမ္ဘာပေါ်မှာ မျက်နှာကို တန်ဖိုးထားတဲ့သူတွေ အများကြီး ရှိနေတုန်းပဲ... နျန်နျန် ပြောကြည့် ငါတို့ ရုပ်ရှင်လမ်းကြောင်းပေါ် ကူးလာရင် မြန်မြန် အောင်မြင်လာလောက်တယ်မလား"


ယွီနျန်မှာ အလေးအနက် ပြောနေသည်။ 


"အစ်ကိုမုန့်ရယ်... ပထမဆုံးအနေနဲ့ ကျွန်တော်က သရုပ်ဆောင်မေဂျာက မဟုတ်ဘူး... ကျွန်တော် ရိုက်ကူးရေးမှာ အများဆုံး ကြိုးစားခဲ့ပေမယ့် ဒါရိုက်တာရှုအတွက် အောင်တယ်ဆိုရုံလေးပဲ... ဒုတိယအချက်က ကုရွှမ်းနင်ရဲ့ ဇာတ်ကောင်က ပြီးပြည့်စုံနေတာက ကျွန်တော့်ရဲ့ ပုံစံရော စိတ်ထားရောက ကာရိုက်တာနဲ့ သွားတူနေလို့ပဲ... ဒါပေမယ့် သရုပ်ဆောင်ကောင်းတစ်ယောက်က ဇာတ်ကောင် ပုံစံအတိုင်း သရုပ်ဆောင်နိုင်ရမယ်လို့ ကျွန်တော် ယုံကြည်တယ်... သူ့ရုပ်ရည်နဲ့ မဟုတ်ဘူး... ကျွန်တော်က သရုပ်ဆောင် အလုပ်နဲ့ မသင့်တော်ပါဘူး"


“ဟုတ်ပါတယ်... ဟုတ်ပါတယ်... တခြားအေးဂျင့်တွေက သူတို့ အနုပညာရှင်တွေကို မြှောက်ကြွကြီး ဖြစ်မနေဖို့ တစ်ချိန်လုံး သတိပေးနေရတာ... ငါတို့ကတော့ပြောင်းပြန်ပဲ... မင်းကပဲ ငါ့ကို မြှောက်ကြွကြီး မဖြစ်အောင် သတိပေးနေရတာ" 


မုန့်ယွမ် ရယ်မောလိုက်သည်။ 


"ငါတို့ ဂီတပဲ လုပ်ကြတာပေါ့... အယ်လ်ဘမ်တွေ ထုတ်မယ်... ဖျော်ဖြေပွဲတွေ လုပ်မယ်.... ငါတို့က နှလုံးသားတစ်ဝက်ပဲ ရှိတဲ့ အမှိုက်ထုပ်တွေ ဖြစ်လာလို့ မရဘူး"


ယွီနျန်လည်း ရယ်မောလိုက်သည်။


 "အင်း... ဟုတ်ပြီ... လူတစ်ယောက်ရဲ့ စွမ်းအင်တွေဆိုတာ ကန့်သတ်ထားတာ... တစ်ခုတည်းကိုပဲ ကောင်းကောင်း အာရုံစိုက်ပြီး လုပ်လို့ရမယ်... အနာဂါတ်မှာ ကျွန်တော်လည်း အလုပ်ကနေတဆင့် ပြောဆိုနိုင်တဲ့သူ ဖြစ်ချင်တယ်"


“အိုကေ... ဒီအကြောင်းကို ထပ်မပြောကြရအောင်" 

မုန့်ယွမ် ထပ်ပြောလိုက်သည်။ 


"မင်း စိတ်အေးလက်အေးနဲ့သာ ရုပ်ရှင်ရိုက်နေ... ငါဒီမှာ စောင့်ကြည့်ပေးနေတယ်"


“အိုကေ အစ်ကိုမုန့်သာ ရှိနေရင် ကျွန်တော် စိတ်ချလို့ ရပါပြီ"


ညဆယ်နာရီထိုးပြီးသွားသောအခါ ယွီနျန်က ကုတ်အင်္ကျီအရှည်ကို ဝတ်ထားရင်း စခန်းချထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ရှုရှန့်လန် ဇာတ်ကားရိုက်နေသည်ကို ကြည့်နေခဲ့သည်။ ဂိုဘီသဲကန္တာရ၌ နေ့နှင့်ည အပူချိန်ကွာခြားမှုက ကြီးမားလှသည်။ 


ရှစ်ရော့က ဂရုတစိုက်နှင့် ယွီနျန် ဖက်ထားရန်အတွက် ရေနွေးဘူးတစ်ဘူး ထည့်ပေးလာပြီး ၎င်းကို ယာယီ အနားလာယူသော ယွီချင်းက ဆွဲလုလိုက်သည်။


ယွီချင်းက ဇာတ်ဝင်ပစ္စည်းအဖြစ် သုံးသော တောခုတ်ဓါးလေးကို မြေပေါ်တွင် ဘန်းခနဲ ပစ်ချလိုက်ပြီး ယွီနျန်ထံမှ လုလာသော ရေနွေးဘူးကို ပိုက်ကာ တစ်ဖက်သို့ မေးဆတ်ပြလိုက်သည်။


 "ဒီဓါးကြီးကို နေ့တိုင်း ကိုင်ထားရတာ ငါချဖို့ လုပ်ထားတဲ့ ကြွက်သားတွေတောင် ပြန်ကြီးလာပြီ... ငါပြန်ရောက်ရင် ငါ့ကိုယ်ဟန်ဆရာမတော့ သေချာပေါက် ဒေါသထွက်နေမှာ" 


ယွီနျန်က အိတ်ကပ်ထဲ လက်ထည့်ထားလိုက်သည်။ "ဒါပေမယ့် ရိုက်ကူးရေးက အရမ်းကောင်းတယ်လေ တန်ပါတယ်"


“သေချာတာပေါ့... မတန်ရင် အချိန်လာဖြုန်းသလို ဖြစ်နေမှာပေါ့... ပိုက်ဆံမြန်မြန်ရဖို့ ရသစုံရှိုးတွေ ကြော်ငြာတွေ လက်ခံတာကမှ ဟုတ်ဦးမယ်" 


ယွီချင်းက ယွီနျန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။


 "အခြေအနေ ဘယ်လိုလဲ"


ယွီနျန်က ထိုမေးခွန်းကြောင့် ရပ်သွားပြီး သူ မသိသဖြင့် ရှစ်ရော့ကို လှမ်းကြည့်လိုက်သည်။


ရှစ်ရော့မှာ ယွီချင်းကို ရှင်းမပြနိုင်အောင်ပင် ကြောက်ရွံ့နေသဖြင့် မြန်မြန် ဝင်ပြောလိုက်သည်။ 


"ရှိုးမှာ ချန်ပီယံရဖို့ရယ်၊ ပရိုမိုးရှင်း သီချင်းဆိုဖို့နဲ့ ရိုက်ကူးရေးအဖွဲ့ထဲ ဝင်ခွင့်ရဖို့ အစ်မယွီကို မှီခိုခဲ့ပါတယ်ဆိုတဲ့ အချက်က ပြဿနာ ရှိနေပြီး စေ့စပ်မှု မရှိဘူးလို့ တွေးနေတဲ့သူတွေ များသထက် များလာပါပြီ... ပြီးတော့ နျန်နျန်က ရိုက်ကူးရေးအဖွဲ့ထဲကို မဝင်ခင်တုန်းက တရားဝင် ထုတ်ပြန်ချက် မလုပ်ခဲ့ဘူးလေ... ဒါရိုက်တာရှု ဗီဒီယို တင်ပြီးတော့ အောင်မြင်မှုက အရမ်းမြင့်နေပြီ"


ယွီချင်း ဂုဏ်ယူ ဝံ့ကြွားနေလေသည်။ 

"သူက ဘယ်သူ့မောင်လေးလဲ မတွေ့ဘူးလား"


ယွီနျန် မရယ်မိအောင် ခက်ခက်ခဲခဲ ထိန်းထားလိုက်ရသည်။ 


ရှစ်ရော့က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်"


ယွီချင်းက ခေါင်းပြန်လှည့်ကာ ယွီနျန်ကို ထပ်ပြီး သင်ကြားပေးခဲ့သည်။ 


"ဒီတစ်ကြိမ်တော့ နင့်ကို ကူပြီး နောက်ထပ် လူစိတ်ဝင်စားတဲ့ သတင်းလှိုင်းလုံးကြီး ဖြစ်ဖို့ အခွင့်အရေးရပြီ... ဒီတလော နင့်မှာ ဘာသတင်းမှ မရှိသေးဘူးမလား... ဒီကင်းမွန်နှုတ်နှုတ်စင်းတွေ သူတို့ အကြာကြီး အလုပ်ရှုပ်နေတာတောင် နင့်မှာ ဖန်တွေ တိုးလာနေတုန်းပဲ ဆိုတာကို သိသွားအောင် စောင့်လိုက်စမ်းပါ... သူတို့ သေချာပေါက် သွေးအန်စေရမယ်... အဲ့မတိုင်ခင် ငါသေချာပေါက် တောင့်ခံပြီး စင်ပေါ်တက်ရမဲ့အချိန်ထိ စောင့်မှရမယ်... ဘာပဲ ဖြစ်ဖြစ် ရိုက်ကူးရေးအဖွဲ့က လိုင်းမကောင်းဘူးလေ... ဘယ်လိုလုပ်ပြီး ချက်ချင်း ဖြေရှင်းလို့ ရမှာလဲနော်... အကြောင်းပြချက်က အဆင်သင့်ပဲ ..."


ယွီနျန် သင်ကြားပေးခံလိုက်ရသည်။

 "ဒီအကြောင်းပြချက်က အရမ်းကောင်းတယ်" 


ညဆယ့်တစ်နာရီခန့်တွင် မားကတ်တင်းအကောင့်တစ်ခုက ယိုယို၏ ဖန်ဂရုမှ screenshot တစ်ခုဖြစ်သည့် ကိုးလက်မစတုရန်းမျဥ်းပုံ ဓါတ်ပုံအရှည်ကြီး တစ်ခု ကို တင်ပေးလိုက်သည်။ တင်ပေးသူက စာလုံးထူထူကြီးပါ ရိုက်ပေးထားသေးသည်။


၎င်းမှာ ဖန်များက ယွီချင်းနှင့်အတူ ညဘက်ထွက်လာခြင်းအား ဓါတ်ပုံရိုက်ခံရသည့်အပေါ် မည်သို့ အခွင့်ကောင်း ယူပြီး ယွီနျန်က အဆက်အသွယ်များအပေါ် မှီခို၍ ပရိုမိုးရှင်း သီချင်းသီဆိုရန် အခွင့်အရေးကို လုသွားကြောင်း အတည်ပြုပေးကြရန်နှင့် ယွီနျန်၏ စိတ်ကြီးဝင်မှုများကို ရိုက်ချရန် ဆွေးနွေးထားကြသည့် အသေးစိတ်အကြောင်းအရာများ ဖြစ်သည်။ ယွီနျန်အား ပြန်လည် တောင်းပန်ခိုင်းရန် အကောင်းဆုံး ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ယွီနျန်က လူသစ်လေးသာ ဖြစ်၍ သူ့ခေါင်းအား မဖိချနိုင်မည်ကို သူတို့ စိုးရိမ်စရာ မလိုပေ။ ဤနည်းဖြင့် ဖြတ်ရိုက်ခံထားရသော မျက်နှာများ ပြန်ရလာမည် ဖြစ်သည်။ 


မည်သို့ ထိန်းချုပ်ရမည်၊ မည်သို့ ဝေဖန်ရမည်နှင့် ယွီနျန်ကို မည်သို့ တိုက်ခိုက်ရမည်၊ မည်သို့ အမဲစက်များ ချန်ထားရမည်နှင့် ဖန်များကို မည်သို့ အနိူင်ကျင့်ကာ ဦးနှောက်ကျင်းပေးရမည် စသည်တို့ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြောထားသည့် အသေးစိတ် အချက်အလက်များ ပါဝင်နေသည်။ 


[ဖြတ်သွားဖြတ်လာလေး ရှောခ့်ရသွားပြီ... ဖတ်ပြီးသွားတော့ နောက်ကျောတွေ စိမ့်လာသလို ခံစားလိုက်ရတယ်... ဒီအချစ်ရေးကိစ္စက ဟုတ်တာ မဟုတ်တာ ထားလိုက်ဦး... ဒီလူတွေက ဆိုးဝါးလွန်းလိုက်တာ... သူတို့ပြောတဲ့ မျက်နှာရချင်ရုံလေးအတွက်နဲ့ သူများတွေကို အတင်းအကျပ် တောင်းပန်ခိုင်းပြီး မကောင်းတဲ့ အရာတွေ လုပ်ဖို့ ရေဆိုးရေညစ်တွေ ဖြန်းလိုက်သေးတယ်... နင်တို့ကိုယ် နင်တို့ နတ်ဘုရားတွေလို့ တွေးနေကြတာလား]


[ဆိုးဝါးလိုက်တာ... ငါလည်း တွေ့ပြီးပြီ... ဒီအဆိပ်ပြင်းတဲ့ မျက်နှာကြီးနဲ့ယှဥ်ရင် ယွီနျန်ကို ကြည့်နေရတာကမှ စိတ်လန်းဆန်းသွားတယ်]


[မားကတ်တင်းအကောင့်တွေကတော့ နှစ်ပေါင်းနှစ်ရာလောက် လွန်သွားပြီနော်... ငါက ကင်းမွန်နုပ်နုပ်စင်းပဲ... screenshotတွေ အားလုံးက အတုတွေ... ပြီးတော့ ယွီနျန်နဲ့ ယွီချင်းက ညဘက်ကြီး အပြင်ထွက်သွားကြတာ ဟုတ်နေတာပဲ... အဲ့ကိစ္စက အတု ဖြစ်နိုင်လို့လား... အထီးကျန်နေတဲ့ မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက်က ဇာတ်ညွှန်းလေ့ကျင့်ဖို့ အပြင်ထွက်သွားကြပါ့မလား] 


[ဘာလဲ ယွီနျန်က လူသစ်ဖြစ်နေလို့ သူ့ခေါင်းကို ဖိချဖို့ စိုးရိမ်စရာ မလိုဘူးတဲ့လား... နျန်ကော်သာ နင်တို့ကို ဖေဖေ ခေါ်အောင် မလုပ်နိုင်ရင် ငါမအိပ်တော့ဘူး]


မကြာမီပင် ညသန်းခေါင် အချိန်၌ အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီး များစွာသော လူသိများသည့် လူထုအကောင့်ပေါင်းစုံနှင့် သတင်းများ မြန်မြန် ထွက်ပေါ်လာပြီး ဖုန်းမျက်နှာပြင်၌ "ယွီနျန်" "ဖန်အသိုင်းအဝိုင်း"၊ "ရုပ်ရှင်" နှင့် "အရင်းအမြစ်များ လုယက်" ဟူသည့် keywordများဖြင့် ပြည့်သွားလေသည်။ 


ရှုရှန့်လန်က ရိုက်ကွင်းမှ အလုပ်သမားများကို စကားပြောနေသဖြင့် ယွီချင်းလည်း နှစ်မိနစ်မျှ အနားရနေသည်။ သူမက ခိုက်ခိုက်တုန်အောင် ချမ်းနေပြီး ကန်စွန်းဥများ စားနေရင်း ဝေ့ပေါ်ဖွင့်၍ စာရေးလိုက်သည်။


 "ပြောကာမှ နင့်ရဲ့ တစ်စုံတစ်ယောက်သာ ငါတို့နှစ်ယောက်အကြောင်း သတင်းတွေပဲ ဖုံးနေတာ မြင်သွားခဲ့ရင် သူ မပျော်မရွှင် ဖြစ်နေဦးမယ်... ဒါဆို သူနင့်ကို စကားမပြောဘဲ နေတော့မှာပဲ"


ယွီနျန် ထပ်ပြီး အမှန်ပြင်ပေးလိုက်သည်။ 

"မမ... အဲ့လိုလူမျိုး မရှိပါဘူးဆို"


ယွီချင်းက စာရိုက်နေသည်ကို ရပ်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် သံယောင်လိုက်ပြောလိုက်သည်။ 


"ဟုတ်ပါတယ်... ဟုတ်ပါတယ်... အဲ့လိုလူ မရှိပါဘူး" သူမက နီးနီးကပ်ကပ် တိုးကပ်လိုက်ပြီး အတင်းပြောနေသည်။ 


"နျန်နျန်... နင့်အစ်မကို ပြောလိုက်စမ်းပါ... မဟုတ်ရင် ငါဒီည သိချင်လွန်းလို့ အိပ်ပျော်မှာ မဟုတ်တော့ဘူး... ငါဘယ်သူ့မှ မပြောပါဘူးဟယ်"


ယွီနျန်က မျက်တောင်များချလိုက်ပြီးနောက် တစ်ခဏအကြာ တီးတိုးပြောလာသည်။ 


"ကျွန်တော် သဘောကျမိတဲ့သူ ရှိနေပြီ ထင်တယ်" ပြောပြီးနောက် သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်သည်။


သဘောကျရတဲ့သူ... ယွီချင်း အားများ ပြန်ပြည့်သွားလေသည်။


 "သဘောကျရတဲ့သူ ရှိနေပြီ ထင်တယ်က ဘာလဲ... ရှင်းရှင်းလင်းလင်း ပြောစမ်းပါ"


ယွီနျန်က သေချာတွေးလိုက်ပြီးနောက် သူ့စကားလုံးများကို စုစည်းပြောဆိုလေတော့သည်။ 


"သူ... က အရမ်းကြည့်ကောင်းတယ်... အပြင်ပန်းမှာ အေးစက်နေပေမယ့် သူ့စိတ်ထားလေးက တကယ်တော့ တော်တော်လေး... ချစ်ဖို့ကောင်းတယ်... ပြီးတော့ သူက လွန်ခဲ့တဲ့ နှစ်တွေမှာ အရမ်း ဆိုးဝါးပြီး ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရတာ... ဒါပေမယ့် သူက တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရမ်း အလုပ်ကြိုးစားခဲ့တယ်... ကျွန်တော် သူ့ကို အရမ်းလေးစားတယ်"


“အီး... ငါနားလည်ပြီ... နင်က တစ်ဖက်လူရဲ့ အလှကို စာဖွဲ့နေရုံတင်မကဘူး... သူများရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ချီူကျူးနေတာပဲ"


ယွီနျန်မှာ စိတ်ပျော်သွားပြီး နှုတ်ခမ်းပေါ်မှ အပြုံးကို ဖုံးကွယ်ရန် လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။ "အင်း... အတူတူလောက်ပါပဲ"


ယွီချင်း ထပ်မေးလိုက်သည်။ 


"နင်က အလှအပအကြောင်း ချီးကျူးနေတာဆိုတော့ ဘယ်လောက် ကြည့်ကောင်းနေလို့ များလဲ"


ယွီနျန်က ဓါတ်လှေကားထဲတွင် သူတို့ပထမဆုံး တွေ့ဆုံခဲ့စဥ်က အချိန်ကို အမှတ်ရမိသွားပြီး အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ 


"အင်း... ကျွန်တော် သူ့ကို ပထမဆုံး တွေ့တုန်းက အံ့သြသွားခဲ့တာ" 


“အရမ်း ကြည့်ကောင်းတာပဲလား" ယွီချင်း အံ့အားသင့်သွားပြီး ပို၍ စိတ်ဝင်စားလာခဲ့သည်။ 


"ဒါဆို သူ(မ)က အရပ် ဘယ်လောက်ရှည်လဲ" 

[T/N နျန်နျန်က heလို့ ပြောနေပေမယ့် ယွီချင်းကျယ်ကျဲကတော့ sheလို့ ပြောနေတာပါ ဟိဟိ ယောင်းမလေး ထင်နေရှာတာ] 


ယွီနျန်က အင်တာနက်ပေါ်တွင် တွေ့လိုက်ရသည်ကို ပြန်စဥ်းစားလိုက်သည်။ 


"1.86 မီတာ" (6ပေ 1လက်မ)


“……” ယွီချင်း သတိကြီးကြီးထား၍ မေးလိုက်သည်။ "နင့်ထက် ပိုရှည်တာပေါ့လေ" 


သူမက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။


 "1.86ဆို မော်ဒယ်တစ်ယောက်လို အရပ်မြင့်တာပဲ... အာ... ဒါပေမယ့် အဆင်ပြေပါတယ်... ချစ်နေကြရင် ပြီးတာပဲလေ... အရပ်က ပြဿနာ မဟုတ်ဘူး"


"ဒါပေမယ့် သူ(မ)က ဗလတောင့်လား"


"သူက တော်တော်လေး ပိန်တယ်... ပြီးတော့ အခုတလော ဝိတ်ကျသွားပုံပဲ"


"ဒါဆိုရပြီ"


သို့သော်လည်း ယွီနျန်က 1.79 မီတာသာ ရှိကြောင်း အမှတ်ရသွားသောအခါ 7 စင်တီမီတာ အရပ်ကွာနေသည်။ ယွီချင်း စိတ်ပူလာရပြန်သည်။ ဒီယောင်းမလောင်းလေးက ဗလမတောင့်ဘူး ဆိုပေမယ့် အရပ်ရှည်နေသေးတယ်... နောက်ဆို သူတို့ အတူရှိကြရင် သူမက နျန်နျန်ကို လက်တစ်ဖက်တည်းနဲ့ နံရံမှာ ဖိထားပြီး အနမ်းပေးနိုင်လောက်လား...


ဒီပုံစံက အရမ်းလှလွန်းလို့ တွေးတောင် မတွေးရဲတော့ဘူး...


တစ်ချိန်တည်းမှာပင် ယွီချင်းက တလျှောက်လုံး ကြိုးစားပမ်းစား ရေးနေခဲ့ရသည့် ပိုစ့်တစ်ခုကို ဝေ့ပေါ်တွင် တင်လိုက်သည်။


[[***“ယွီချင်း: နင်တို့မျက်လုံးထဲမှာ ငါက အရမ်း အရည်အချင်း မရှိတာပဲလား... ယွီနျန်သာ ငါကြိုက်နေတဲ့သူဆိုရင် အဆိုအက ချန်ပီယံနေရာကို သူ့ကိုပဲ တန်းပေးလိုက်မှာ... စဥ်းတောင် မစဥ်းစားဘဲ ပိုက်ဆံ ပစ်ပေးပြီး အရင်းအမြစ်တွေကို ငါကြိုက်သလို ရွေးပေးလိုက်ရုံပဲ... အနည်းဆုံးတော့ လူကြိုက်များတဲ့ ရသစုံရှိုးတစ်ခု ဖြစ်ရမှာပေါ့... ကုရွှမ်းနင်လို အရံဇာတ်ကောင်လေးတဲ့လား... အဲ့လိုလုပ်ရမှာတောင် ရှက်မိဦးမယ်... နားလည်လား"***]]