Chapter 48
ယွီနျန်က ကြိုက်နေ...
[[***“ယွီချင်း: နင်တို့မျက်လုံးထဲမှာ ငါက အရမ်း အရည်အချင်း မရှိတာပဲလား... ယွီနျန်သာ ငါကြိုက်နေတဲ့သူဆိုရင် အဆိုအက ချန်ပီယံနေရာကို သူ့ကိုပဲ တန်းပေးလိုက်မှာ... စဥ်းတောင် မစဥ်းစားဘဲ ပိုက်ဆံ ပစ်ပေးပြီး အရင်းအမြစ်တွေကို ငါကြိုက်သလို ရွေးပေးလိုက်ရုံပဲ... အနည်းဆုံးတော့ လူကြိုက်များတဲ့ ရသစုံရှိုးတစ်ခု ဖြစ်ရမှာပေါ့... ကုရွှမ်းနင်လို အရံဇာတ်ကောင်လေးတဲ့လား... အဲ့လိုလုပ်ရမှာတောင် ရှက်မိဦးမယ်... နားလည်လား"***]]
[ငါမားမားက ငါဘာလို့ ဒူးထောက်ချနေတာလဲလို့ မေးနေပြီ... ငါ့စိတ်ကို အခုပြောင်းလဲလိုက်တော့မယ်... မမချင်း... ကျွန်မကရော မမရဲ့မျက်လုံးကို ဖမ်းစားနိုင်မယ် ထင်လား]
[အစောပိုင်းက မမချင်း ကြွားဝါနေတာလားလို့ မေးခွန်းထုတ်တဲ့သူတွေ စောင့်နေကြစမ်းပါ... နင်တို့ကို ဗဟုသုတလေးတွေ ပြောပြပေးမယ်... မမချင်း ပထမဆုံး ပွဲဦးထွက်တော့ ဇိမ်ခံကားတွေကို နေ့တိုင်း တစ်စီးပြီးတစ်စီး ပြောင်းစီးခဲ့တာနော်... ဒါကြောင့်မို့ အတွေး ညစ်ပတ်နေတဲ့လူတွေ အများကြီး မေးခွန်းထုတ်တာ ခံလိုက်ရသေးတယ်... တကယ့်တကယ်က မမချင်းရဲ့ မိသားစုကိုယ်တိုင်က မိုင်းတွင်းတွေ မြေကွက်တွေ အများကြီးနဲ့ ချမ်းသာနေတာ... ဒါကြောင့်မို့ ငွေတွေ ပစ်ပေါက်ပြီး အရင်းအမြစ်တွေ ကြုံသလို ရွေးပေးမယ်ပြောတာက ကြွားနေတာမဟုတ်ဘူးနော်]
[လမ်းကြောင်းမလွဲလိုက်စမ်းပါနဲ့... နင် ယွီနျန်နဲ့ညလယ်ခေါင်ကြီး ကားနဲ့ ထွက်သွားပြီး တစ်နာရီကြာတဲ့အထိ နင်တို့နှစ်ယောက် ဘာတွေ လုပ်ခဲ့ကြတာလဲဆိုတာ ပြောရဲလို့လား]
[လာစမ်းပါ... စကားရပ်ပြီး ဒူးထောက်လိုက်ကြ]
မကြာခင်မှာပင် "သဘာဝရဲ့သံစဥ်" တရားဝင်ဘလောခ့်နှင့် ဟယ်ချိုးပိုင်၏ ကိုယ်ရေးကိုယ်တာ ဟုမ်းပေချ့်တို့ကလည်း ယွီချင်း၏ ဝေ့ပေါ်ကို ပြန်တင်ပေးလာကြသည်။
[[**“သဘာဝရဲ့သံစဥ်: ဟုတ်ပါတယ် //@ဟယ်ချိုးပိုင်: သမာသမတ်ကျတဲ့ အပေးအယူတွေလား... ကြွားနေတာပဲဟေ့... ငါ့ကိုလာဆွဲမထည့်နဲ့နော်//@ယွီချင်း: ……”**]]
ချက်ချင်းဆိုသလိုပင် ရှုရှန့်လန်ကလည်း ယွီချင်း၏ ဝေ့ပေါ်ကို ပြန်တင်ပေးလာသည်။
[[*** "ယုံချင်ယုံ မယုံချင်နေ... မနက်ဖြန်ကျရင် ငါမင်းကို NG ကိုးခုပေးမယ် //@ယွီချင်း: ……”***]]
သူတို့၏ သက်ဆိုင်ရာ ကွန်းမန့်နေရာများမှာ ရယ်သံများ ပေါက်ကွဲထွက်နေပြီး "ဟားဟားဟား" များကို တန်း၍ သိမ်းယူလိုက်ကြသည်။ #ယွီချင်းရဲ့အထက်စီးဆန်ဆန်တုံ့ပြန်မှု#က အံ့လောက်ဖွယ်ကောင်းစွာပင် ရေပန်းစားသွားပြီး နာရီဝက်အတွင်းမှာပင် အီမိုဂျီ ဒါဇင်အစုံလိုက် ထွက်ချလာလေတော့သည်။
ယွီနျန်က အကြောင်းအရာ၏ ကွန်မန့်ပေးသည့်နေရာကို ဝင်ကြည့်လိုက်ပြီး အသစ်စက်စက် ထွက်လာသော အီမိုဂျီ အစုံလိုက်ကို သေချာ သိမ်းထား၍ နောင်အချိန်များ၌ ယွီချင်းနှင့် စကားပြောရာတွင် ၎င်းတို့ကို မှီခိုအားထားရန် ပြင်ဆင်ထားလိုက်သည်။
ထိုအချိန်၌ ရှုရှန့်လန်၏ အသံ ထွက်ပေါ်လာသည်။ "တစ်နေ့တာကို နှုတ်ဆက်ရမဲ့ အချိန်ပဲဟေ့... လူတိုင်း ပင်ပန်းသွားပြီ"
လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် ယွီနျန်က စခန်းချထိုင်ခုံလေးကို အခန်းထဲသို့ ပြန်သယ်လာခဲ့ပြီး ဆေးကြောပြီးသည့် တစ်ခဏတွင် မုန့်ယွမ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။
"အစ်ကိုမုန့်"
မုန့်ယွမ်က သတိကြီးကြီးထား၍ မေးလိုက်သည်။
"နျန်နျန် အခုတလော မင်းရဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲ နေတာ ဖြစ်နိုင်လား"
ယွီနျန် အသိစိတ် ပြန်ဝင်သွားပြီး ခပ်မြန်မြန် နားလည်သွားခဲ့သည်။
"ကျွန်တော့်အစ်မ ဘာပြောလို့လဲ"
“မဟုတ်ပါဘူး... မဟုတ်ပါဘူး”
မုန့်ယွမ်မှာ မြန်မြန် ငြင်းဆန်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။
"ယွီချင်းက မင်း သဘောကျနေတဲ့သူအကြောင်း မေးဖို့ ရော့ရော့ကို ချိန်းခြောက်ပြီး ဖျားယောင်းနေတယ်... ရော့ရော့ကလည်း ဘာလုပ်ရမှန်း မသိလို့ ငါ့ဆီ ဖုန်းဆက်ခဲ့တာ... ငါလည်း ကြောင်သွားတယ်လေ... ဒါကြောင့် မင်းကို တိုက်ရိုက်မေးလိုက်ရင် ကောင်းမယ်ဆိုပြီး"
ယွီနျန်က "ငါ ဘယ်သူ့ကိုမှ မပြောပြပါဘူး"ဟု ယွီချင်း ပြောခဲ့သော စကားများကို တွေးမိသွားပြီးနောက် သူ့ကိုယ်သူ တွေးမိသွားသည်။ တကယ့်အလိမ်အညာတွေပဲ... သူက အိပ်ရာအစွန်းလေးတွင်ထိုင်ကာ စိတ်ကို ရှင်းလိုက်သည်။
"ကျွန်တော် အခုထိ ကျွန်တော့် ခံစားချက်တွေကို အဖြေမရှာနိုင်သေးဘူး"
“ချစ်မှုရေးရာ ခံစားချက်မျိုးလား”
“ဟုတ်တယ်... ချစ်မိနေတဲ့ သဘောမျိုးပါပဲ... ဒါပေမယ့် တခြားလူနဲ့ အဆက်အသွယ်က သိပ်ပြီးတော့ မများဘူး"
ယွီနျန်က သူ့မျက်လုံးများကို လေထဲရှိ တစ်ထောင့်တစ်နေရာတွင် စွဲမြဲထားပြီး ရွှယ်ယုံ၏ မျက်နှာအမူအယာများကို တစ်ခဏမျှ တွေးတောမိနေသည်။ ထို့နောက် သူပြုံးလိုက်သည်။
"အစ်ကိုမုန့်.... မစိုးရိမ်ပါနဲ့... ဘာပဲ ဖြစ်ဖြစ် ကျွန်တော် သတိထားပါ့မယ်"
မုန့်ယွန်နှင့် ယွီနျန်ကြားတွင် ယုံကြည်မှုတစ်မျိုး ရှိနေသည်။ တစ်ဖက်လူက မည်သည့် စကားမှ မပြောသဖြင့် ပုံမှန်လိုပင် စကားအချို့ကို ရေရွတ်လိုက်သည်။
"မင်း အရှုပ်တွေ လုံးဝ လုပ်မှာ မဟုတ်ဘူးဆိုတာ ငါသိပြီးသားပါ... အမှန်တကယ် တစ်ခုခု ရှိလာရင် ငါ့ကို ပြောဖို့ အမှတ်ရဦး" ပြီးနောက် သူထပ်ပြီး သိလိုစိတ်ပြင်းသွားရပြန်သည်။
"ဘာပဲဖြစ်ဖြစ်ပါ... သူမက တကယ်ကြီး 1.86မီတာ ရှိတာလား"
"အင်း" ယွီနျန် ထပ်ပြီး အလေးပေးပြောပြလိုက်သည်။
"ကျွန်တော်က အခု 1.79မီတာပဲ ရှိသေးပေမယ့် တိုင်းကြည့်ပြီးသွားပြီ... ကျွန်တော် 1.795မီတာအထိ ရှည်လာတာ ဆိုတော့ မကြာခင် 1.80မီတာလောက် ရှိလာနိုင်လောက်တယ်"
မုန့်ယွမ်မှာ ယွီနျန်၏ ယောကျ်ားမာနကို မတော်တဆ ထိပါးမိလိုက်သည်ဟု တွေးမိသဖြင့် ခပ်မြန်မြန် ဝင်ပြောလိုက်သည်။
"အခုဘယ်ခေတ် ရောက်နေပြီမို့လို့လဲ... အရပ်က အရေးမကြီးပါဘူး... နှစ်ယောက်ကြား ဆက်ဆံရေးကောင်းနေသရွေ့ ကမ္ဘာကြီး လည်နေတာတောင် ရပ်သွားနိုင်တယ်"
ထိုသို့ ပြောပြီးနောက် သူအရယ်မရပ်တော့ဘဲ အတည်ပြုလိုက်သည်။
"ပြီးတော့ သူမက အရမ်း ကြည့်ကောင်းတာပဲလား... မင်းနဲ့ ယှဥ်ရင်ရော"
“အင်း... သူက ကျွန်တော့်ထက်ပို ကြည့်ကောင်းပါတယ်" ယွီနျန် တွေးကြည့်ပြီးနောက် ထပ်ပေါင်းပြောလိုက်ပြီး ဖော်ပြချက်တစ်ခုပါ ထည့်ပေးလိုက်သေးသည်။
"လူတွေ ဘယ်တော့မှ မမေ့နိုင်လောက်မဲ့ မျက်နှာမျိုးပဲ"
မုန့်ယွမ်မှာ မဏ္ဍပ်တိုင်တက်ပြလိုက်သည့် ခံစားချက်တချို့ ရလိုက်သည်။
"မင်းပြောသလိုဆိုရင် အခြေအနေ ကောင်းသားပဲ... သူမကရော ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ အစီအစဥ် ရှိလား"
ယွီနျန်မှာ အနောက်တိုင်း ဝတ်စုံနှင့် သားရေရှုးဖိနပ်စီးကာ လက်ထောက်တစ်ယောက်နှင့် ဘော်ဒီဂတ်များ ခြံရံထားသည့် ရွှယ်ယုံ၏ အသွင်အပြင်ကို သတိရမိသွားပြီး ခေါင်းယမ်းကာ ပြုံးမိသွားသည်။
"မရှိဘူး"
“စိတ်မကောင်းစရာပဲ" မုန့်ယွမ် သူ့အတွေးများကို စွန့်လွှတ်လိုက်သည်။
"ဒါဆို မင်းသွားအိပ်တော့... မနက်ဖြန် ရိုက်ကူးရေး လုပ်ရမှာမို့လား... ကောင်းကောင်း အနားယူ... ရိုက်ကူးရေးက အရေးကြီးတယ်"
သို့သော်လည်း ယွီနျန် အိပ်ရာထက်တွင် လဲချလိုက်ပြီး အနွေးဓါတ် ပေးရန်အတွက် စောင်လွှမ်းတော့မည့်အချိန်တွင် မုန့်ယွမ် ဖုန်းထပ်ခေါ်လာပြီး သူ့အသံမှာ ဖုန်းကိုပင် ပြန်ခွာလိုက်ရသည်အထိ။
"သောက်ကျိုးနဲ... ဒီတစ်ခေါက်က လူတွေကို အိပ်ဖို့တောင် ခွင့်မပြုပေးဘူးဟေ့... ငါတို့ ဘာမှတောင် ဆက်မလုပ်ရသေးဘူး... တစ်ဖက်က အချင်းချင်း ပြန်သတ်နေကြပြီ... နျန်နျန်... မင်း ဝေ့ပေါ်ကို သွားကြည့်လိုက်... ယိုယို့ဖန်တွေနဲ့ ယိုယို့အေးဂျင့်က ရုတ်တရက်ကြီး အချင်းချင်း ကုတ်ဆွဲနေကြတယ်"
ယွီနျန် အံ့အားသင့်သွားလေသည်။
"အချင်းချင်း ဆုတ်ဖြဲနေကြတာလား"
သို့သော်လည်း ရိုက်ကူးရေးအဖွဲ့၏ လိုင်းဆွဲအားမှာ အလွန် မတည်မငြိမ် ဖြစ်နေသည်။ သူ နေ့တစ်ဝက်လောက် ကြိုးစားပါသော်လည်း ဝေ့ပေါ်မှ အဓိက အချက်အလက်များကို ရှာမတွေ့နိုင်ခဲ့ပေ။ မုန့်ယွမ်မှာ စိတ်မရှည် ဖြစ်လာပြီး အတန်းခေါင်းဆောင်ပုံစံ အသွင်ယူကာ စတင် အကျဥ်းချုံးပြောဆိုလေတော့သည်။
“ဒီတစ်ခေါက်က ဖန်ဂရု ခေါင်းဆောင်ရဲ့ အတွင်းပိုင်း ပြောစကား တွေပေါက်ကြားလာပြီး ယိုယိုဖန်တွေကို လှောင်ပြောင် ကြိမ်းမောင်း ခံသွားစေခဲ့တာလေ... တချို့ဖန်တွေက ဒါကို ဖန်ဂရုခေါင်းဆောင်ရဲ့ အမှားဖြစ်ပြီး သူတို့နဲ့ မဆိုင်ဘူးလို့ တွေးနေကြတာ... ဒါကြောင့် သူတို့က အလိုက်မခံရသင့်ဘူး အဆူမခံရသင့်ဘူးပေါ့... ဒါကြောင့်မို့ ခေါင်းဆောင်ကို ပြဿနာ သွားရှာကြတာပဲ... အရင်တစ်ခါက ပရိုမိုးရှင်းသီချင်းအကြောင်း ထုတ်ပြောလိုက်တဲ့ အကောင့်ဟောင်းတစ်ခုလည်း အဖော်ခံလိုက်ရတယ်... ဒါကြောင့်မို့ ဖန်တွေက ထွက်လာတဲ့ သတင်းနဲ့ ဖန်တွေ တောင်းဆိုတဲ့ တောင်းပန်ချက်က ပြဿနာရှိနေတယ်လို့ စွပ်စွဲခံနေရတယ်"
မုန့်ယွမ်က အသက်ရှူရန်ပင် မရပ်တော့ဘဲ မြန်မြန် ဆက်ပြောလိုက်သည်။
"ကြည့်ရတာ ကိစ္စတွေက မီးတောက်တွေ ထလာသလိုပဲ... ဖန်ခေါင်းဆောင်က ဒေါသထွက်လာပြီး ပြောလိုက်တယ်လေ "ဘာလို့ ငါ့ကို လာကြိမ်းမောင်းနေကြတာလဲ... ငါက အမြဲတမ်း ယိုယိုနဲ့ သူ့အေးဂျင့်စကားပဲ နားထောင်ခဲ့တာ... မေးချင်တာရှိရင် သူတို့ကိုပဲ သွားမေး" ဆိုပြီးတော့လေ... ဒါပေါ့... ဖန်တွေက သူ့ကို ဘယ်ယုံကြမလဲ... ပိုပြီးတော့တောင် ဆိုးဆိုးဝါးဝါး ဆူဆဲလာကြသေးတယ်... သူလိမ်ပြောနေတယ်ဆိုပြီး သက်သေတောင်းကြတယ်လေ... ဖန်ခေါင်းဆောင်ကလည်း အိုးကို ခွဲလိုက်တာပေါ့... သူက အညှာအတာ မရှိဘဲနဲ့ ပုံတွေ အများကြီး ဆွဲထုတ်လာပြီး ပစ်ထုတ်ပေးလိုက်တယ် ..."
ယွီနျန်က စောင်ဖြင့် ထွေးထားရင်း မေးလိုက်သည်။ "ယိုယိုနဲ့ သူ့မန်နေဂျာတို့ ပြောထားတဲ့ screenshotတွေလား"
“ဟုတ်တယ်... ယိုယိုက အဆင်ပြေတယ်... သူက သိပ်ပြီး ဝင်မပြောဘူး... အများစုကို သူ့အေးဂျင့်ကနေ တဆင့် လုပ်သွားတာ... မန်နေဂျာကလည်း မသမာမှုတွေ လုပ်တဲ့သူပဲ... ဝတ်စုံ အတူတူ ဝတ်မိတဲ့ ကိစ္စမှာ အတင်းတောင်းပန်ခိုင်းဖို့ ဖန်တွေကို ညွှန်ကြားဖို့အတွက် ဖန်အုပ်စု ခေါင်းဆောင်ကို သူပဲခိုင်းခဲ့တာ... ပရိုမိုးရှင်းသီချင်းကျတော့ သူတို့က ဖန်တွေကို အရွေးခံရတာ ယိုယိုပါလို့ ကျိန်ပြီး ပြောခဲ့တယ်လေ... ဒါမှ မင်းမြေပေါ် ရိုက်ချခံရပြီး ဘယ်တော့မှ နလန်ပြန်မထူနိုင်တော့မှာ"
"ဒီတစ်ခေါက်ကရော"
"ဒီတစ်ခေါက်က တကယ်ကောင်းတယ်"
မုန့်ယွမ် ဒေါသတကြီး ရယ်မောလိုက်သည်။
"မန်နေဂျာ ပြောခဲ့တာ ယိုယိုကိုယ်တိုင်က မင်းနဲ့ ယွီချင်းတို့ လရောင်အောက်မှာ ဇာတ်ညွှန်းပဲ သွားဖတ်ဖတ် ဘာပဲသွားလုပ်လုပ် ရေဆိုးရေညစ် ဇလုံကို မင်းအပေါ်မှာ လောင်းချရမယ်... ဒါမှ မင်းတစ်ဘဝလုံး အရိပ်မဲကြီး လိုက်နေမှာလို့ ပြောတယ်တဲ့... မဟုတ်ရင် အရင်းအမြစ်တွေ အလုခံရလို့ ထွက်လာရတဲ့ ဒေါသတွေကို မျိုချနိုင်မှာ မဟုတ်ဘူးတဲ့"
ယွီနျန်၏ နှုတ်ခမ်းစွန်းလေးများ ကော့တက်လာပြီး သူဒေါသမထွက်ပါသော်လည်း ပြောလိုက်သည်။
"သူတို့က သူတို့ကိုယ်တိုင် အကြောင်းကို နားလည်မှု လွဲနေပုံပဲ"
မုန့်ယွမ် နှာမှုတ်လိုက်သည်။
"မဟုတ်ဘူးလို့ ဘယ်သူ ပြောမလဲ... နားလည်မှုလွဲတာ နက်ရှိုင်းလွန်းတယ်... ဒီလူတွေက စစ်သည်တွေကို အစုလိုက်အပြုံလိုက် စေလွှတ်ပြီး မိုင်တစ်ထောင် အကွာအဝေးကနေ ရန်သူရဲ့ ခေါင်းကို ဖြတ်နိုင်မယ်လို့ ထင်နေကြတာလား... screenshotတွေ ထွက်လာတာနဲ့ သူတို့ရဲ့ မျက်လုံးထဲက သူတို့အိုင်ဒေါလ်ရဲ့ အရပ်ရှည်ပြီး တလက်လက်တောက်ပနေတဲ့ ပုံရိပ်ကလည်း စက္ကန့်ပိုင်းအတွင်း ကွယ်ပျောက်သွားရတော့တာပေါ့... ဖန်တွေက လေဒဏ်ကို မခံနိုင်ကြတော့ မျက်ရည်တွေ အပြည့်နဲ့ လက်ပြန်ဆွဲထားရတော့တာ... ဝေ့ပေါ်က ဖန်တွေ အရေအတွက်က နံရံပြိုသလို လျော့ကျလာနေတာ မတွေ့ဘူးလား...
မုန့်ယွမ် သက်ပြင်းချလိုက်သည်။
"ဒါကြောင့် လူတွေက ပိုပြီး ကြင်နာတတ်သင့်တာပေါ့"
သက်ပြင်းချလိုက်ပြီးနောက် သူယခင်က ပြောခဲ့သည်ကိုပင် ပြန်ပြောလိုက်သည်။
"အိုကေ... အိုကေ... ညလယ်ခေါင်ကြီး ဘယ်ဖရဲသီးမှ မစားသင့်တော့ဘူး... မင်း သွားအိပ်တော့... မနက်ဖြန် နိုးလာမှ ဒီကိစ္စ ဆက်ပြောကြမယ်... ရိုက်ကူးရေးအခြေအနေက အရေးကြီးတယ်"
ယွီနျန် ပလုံးပထွေး ပြောလိုက်သည်။
"ဒါဆို ကောင်းသောညပါ... အစ်ကိုမုန့်... အိပ်ရာဝင်တာ နောက်မကျစေနဲ့နော်... အစ်ကို့ခန္ဓါကိုယ်က ခံနိူင်ရည် ရှိမှာ မဟုတ်တော့ဘူး"
ဂရုစိုက်ခံရသည့် ခံစားချက်က ကောင်းမွန်လှသဖြင့် မုန့်ယွမ် ပြုံးလိုက်သည်၊
"ကောင်းပြီလေ... ကောင်းသောညပါ"
နောက်တစ်နေ့မနက်တွင် ယွီချင်းက စိတ်လက်ကြည်သာစွာ နိုးလာခဲ့သည်။
"မျက်ကွင်းတွေ ညိုနေတာအတွက် မိတ်ကပ်ဆရာမဆီက အဆူခံရမှာကိုတောင် စွန့်စားပြီးတော့ ငါလည်း ညနက်တဲ့ နေပြီး ဖရဲသီး စားလိုက်သေးတယ်... အဲ့ဒီ ယိုယိုက ငါ့ရိုက်ကူးရေးအဖွဲ့ရဲ့ ဘဝတွေကို ကြွယ်ဝချမ်းသာစေဖို့ သူ့တစ်ဘဝလုံး သုံးထားရတာပဲ"
ယွီနျန် သူမကို နွားနို့ပူပူလေး တစ်ခွက် ကမ်းပေးလိုက်သည်။ သေချာ လေ့လာကြည့်ပြီးနောက် သူ မှတ်ချက်ချလိုက်သည်။
"မမ... မျက်ကွင်းတွေက တကယ် ညိုမဲနေတာပဲ"
"သွားစမ်း"
ရှစ်ရော့က ပါးစပ်အုပ်၍ တိတ်တိတ်လေး ရယ်နေသည်။
ယွီချင်းက နွားနို့ပူပူကို ခွက်တစ်ဝက်လောက် သောက်လိုက်ပြီး ယွီနျန်ကို တံတောင်ဖြင့် တွတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါမနေ့က မအိပ်ခင် စဥ်းစားကြည့်လိုက်သေးတယ်... နင် အဲ့လူကို ကြိုက်ရင် သူ 1.9မီတာ ကျော်နေရင်တောင် ကိစ္စမရှိဘူး... ဘာပဲဖြစ်ဖြစ် သူက နင်နဲ့ တစ်ဘဝလုံး နေသွားရမှာပဲဟာ... အရပ်ရှည်ရှည် ပုပု၊ ပိန်ပိန် ဝဝ နင်ကြိုက်ရင် ပြီးတာပဲလေ...
ယွီနျန်က နွားနို့ပူပူခွက်ကို ကိုင်ထားပြီး မျက်လုံးလေးများ ကွေးညွှတ်လာသည်အထိ ပြုံးလိုက်သည်။ "တကယ်လား"
"မဟုတ်လို့ ငါကလျှောက်ပြောရမှာလား... ဘာပဲဖြစ်ဖြစ် နင်ကြိုက်သလိုသာလုပ်"
ယွီချင်းက သူ့လက်ကို ယမ်းပြလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"အဲ့ဒီယိုယိုက တကယ် စိတ်ပျက်စရာပဲ... သူ ဖန်တွေ လျော့သွားပြီး လှောင်ပြောင်ခံနေရတာကို ငါတို့ကြောင့်လို့ တွေးနေတာနေမယ်... ညသန်းခေါင်တုန်းက ငါတို့ရဲ့ ဆက်ဆံရေးနဲ့ ငါတို့ ဘာလို့ ကားမောင်းပြီး ထွက်သွားရတာလဲ ဆိုတာကို အဆက်မပြတ်မေးဖို့ ရေတပ်ငှားလိုက်သေးတယ်"
သူမ လှောင်ရယ်လိုက်သည်။
"ငါသာ သူသိချင်နေတာကို ကျေနပ်သွားအောင် ငါညသန်းခေါင် ကားမောင်းထွက်လာတာ နင့်အတွက် လိုင်းကောင်းတဲ့နေရာ ရှာပေးတာပါဆိုတဲ့ အမှန်တရားကို ပြောလိုက်ရင်... နင်ပြောကြည့်... သူ့တစ်ဘဝလုံးစာ ပျော်ရွှင်မှုတွေ ပျောက်သွားမလား"
“မဟုတ်သေးဘူး... သူက သူယုံချင်တာပဲ ယုံလိမ့်မယ်"
ယွီနျန်က နှုတ်ခမ်းတွင် ပေနေသော အမြှုပ်များကို တစ်ရှုးစဖြင့် သုတ်လိုက်ပြီး လက်ထဲမှ ဇာတ်ညွှန်းကို ယွီချင်းထံ ကမ်းပေးလိုက်သည်။
"မမ... အဲ့အကြောင်း မပြောနဲ့တော့... မနက်ခင်းလေးက ဒီလောက်လှနေတာ... ကစားဖို့ အချိန်ကောင်းလေးပဲ မဟုတ်ဘူးလား"
"အိုကေ... ငါနင့်ကို အဖော်ပြုပေးရသေးတာပေါ့"
ဆက်နွယ်နေသည့် အကြောင်းအရာများစွာက နေ့လည်တိုင်သည်အထိ ထိပ်ဆုံး နှစ်ဆယ်နေရာတွင် ခိုင်ခိုင်မြဲမြဲ ရှိနေဆဲ ဖြစ်သည်။ ဖရဲသီးစားနေကြသူများက ဤဖရဲသီးကို စားရသည်မှာ ကြက်သွန် အခွံနွှာရသလို စိတ်လှုပ်ရှားရပြီး နောက်ထပ် မည်သည့်အရာများ ထပ်ထွက်လာမည်ကို မသိနိုင်ဟူ၍ ပြောကြသည်။
ယိုယို၏ ဖန်အုပ်စု ခေါင်းဆောင်က ညှာတာမှုလုံးဝ မရှိဘဲ ယိုယို၏ လက်မည်းများကို ဖော်ထုတ်လိုက်သည်။ သူတို့ထံတွင် ဆိုးကျိုးများ ရှိနေပြီးသား ဖြစ်သည်။ screenshotများမှာ တစ်ခုပြီး တစ်ခု ထွက်လာနေပြီး ဝေ့ပေါ်တွင် တိုက်ရိုက် ပြောဆိုခဲ့ကြသည်။
"အမှန်အတိုင်း ပြောရရင်... ငါသည်းမခံနိုင်တော့ဘူး... နင်တို့ရဲ့အမြင်မှာ ဖန်တွေက နေ့တိုင်း သွားချင်တဲ့နေရာ သွားတယ်... ဘယ်နေရာဖြစ်ဖြစ် ရန်ဖြစ်ချင်ရင် ဖြစ်တယ်...အလွယ်တကူ အပြစ်တင်လို့ ရတဲ့ တုံးအပြီးတော့ ဦးနှောက်ပျက်နေတဲ့လူတွေပဲလား... နင်တို့ ဘာမှ ပြောဖို့မလိုတော့ဘူး... လောင်ဇီမှာ ပိုက်ဆံ ရှိတယ်... အစကလည်း ချစ်တဲ့စိတ်တွေ တလက်လက် ထနေလို့ပေါ့... အခုတော့ ငါ့နှလုံးသားအေးခဲသွားပြီ... ဒီလှိုင်းကြီး ပြီးသွားရင် ငါတပ်ဆုတ်ပြီး အိမ်ပြန်တော့မယ်... ဒီလိုအမှိုက်ကောင်ကို သဘောကျသွားရတဲ့အထိ ငါ့မျက်လုံးတွေ ကန်းနေလို့များလားလို့ တွေးမိတယ်"
ယွီချင်းက သူမ၏ ဖုန်းလေးကို ပိတ်ကာ စိတ်လှုပ်ရှားဖွယ် ကိစ္စကို ပျော်ပျော်ပါးပါး ကြည့်နေခဲ့ပြီး သူမ၏ အတွေးများကို ဖော်ပြလိုက်သည်။
"ဒီစာကြောင်းကို ဘယ်လိုပြောရမလဲ... ရေက လှေကို သယ်ဆောင်နိုင်တယ်... ဒါပေမယ့် လှန်လည်းလှန်ပစ်လိုက်နိုင်တယ်... ဟုတ်တယ် ဒါပဲ"
သူမက လျှာကို ကျစ်ခနဲ နှစ်ကြိမ် လုပ်လိုက်သည်။
"ဒါကြောင့် လူတွေက သူများတွေကို အရူးလို မဆက်ဆံသင့်တာပဲ"
သူမက ဇာတ်ညွှန်းအပေါ် စိတ်နှစ်ထားသည့် ယွီနျန်၏ အရိပ်လေးကို ဖမ်းမိလိုက်သည်။
"နျန်နျန်"
ယွီနျန်က ခေါင်းလေးကို စောင်းလိုက်သည်။ "ဟမ်"
ယွီချင်းက အလေးအနက် အမူအယာ လုပ်လိုက်သည်။ "လာ လာ အသင့်ပြင်ထား... ငါဝေ့ပေါ်မှာ ပိုစ့်တင်လိုက်ပြီ... forwardလုပ်ဖို့ မမေ့နဲ့"
ယွီနျန်က ယွီချင်း၏ စိတ်ကို သိနေသဖြင့် နာနာခံခံဖြင့် ဖုန်းထုတ်လိုက်သည်။ "အသင့် ဖြစ်နေပြီ"
နောက်ထပ် ဆယ်နာရီအကြာ ယွီချင်းက နောက်ထပ် ဝေ့ပေါ်ပိုစ့်တစ်ခု တင်လိုက်သည်။ ပူးတွဲပါ ဓါတ်ပုံမှာ ဓါတ်ပုံဟောင်းတစ်ခု ဖြစ်သည်။ စိမ်းစိုနေသော ဥယျာဥ်လေးတစ်ခုတွင် ပန်းရောင် ဖဲပွင့်လည်စီးလေးနှင့် အဖြူရောင် မင်းသမီး ဝတ်စုံ ဝတ်ထားသော ကလေးမလေး တစ်ယောက်က ချစ်စရာကောင်းသော နှစ်နှစ် သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို ညာလက်ဖြင့် ကိုင်ထားပြီး ကင်မရာကို ပြုံးပြနေခဲ့သည်။
ပူးတွဲပါသော စာမှာ "ငါနဲ့ သွေးသားတော်စပ်တဲ့ ငါ့မောင်လေး @ယွီနျန်ကို မိတ်ဆက်ပေးပါရစေ... သူ့ဘွားဘွားက ငါ့အဘိုးရဲ့ ညီမလေ... လူတိုင်းကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်နော်"
ယွီနျန်
ခပ်မြန်မြန် ပြန်တင်လိုက်သည်။
"ညလယ်ခေါင်မှာ ကားမောင်းထွက်ခဲ့တာက လရောင်အောက်မှာ ဇာတ်ညွှန်းမှတ်ဖို့ မဟုတ်ဘဲ ဝေ့ပေါ်ကြည့်ဖို့ လိုင်းကောင်းတဲ့ နေရာ ရှာတာပါ... ရိုက်ကူးရေးအဖွဲ့နေရာက လိုင်းတော်တော် ဆိုးတယ်ဗျ"