အပိုင်း ၄၉
Viewers 11k

Chapter 49

မင်း ဝင်ထိုင်ပါလား...



ထိုဝေ့ပေါ်ပိုစ့်နှစ်ခု ထွက်ပေါ်လာသည်နှင့် ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ 


[ဟားဟားဟား... ရယ်လိုက်ရတာ... ယိုယိုက ယွီချင်းနဲ့ ယွီနျန် ညလယ်ကြီး ကားမောင်းထွက်တာကို သိတော့ လက်ဆုပ်လက်ကိုင် ပြစရာ ရပြီဆိုပြီး တွေးလိုက်တာနေမှာပေါ့... ဒါကြောင့် သူက ရေဆိုးရေညစ်ဇလုံ ကိုင်ပြီး ဖန်တွေကို လက်စားပြန်ချေခိုင်းလိုက်တာပဲ... မထင်ထားတာက ဖန်တွေကလည်း သူနဲ့ ဆက်မနေချင်ကြတော့လို့ သူ့ရဲ့လက်မဲကြီးကို ထုတ်ပြလိုက်ကြတယ်... ဖန်တွေ လျော့သွားတာကို ကြုံရတော့ ယွီချင်းနဲ့ ယွီနျန်က မောင်နှမတွေ ဖြစ်နေပြီး လိုင်းကောင်းတဲ့နေရာ သွားရှာကြတာလို့ သိလိုက်ရပြန်ရော... မျက်နှာ ဖြတ်ရိုက်ခံရလွန်းလို့ မျက်နှာတောင် ယောင်ကိုင်းနေလောက်ပြီ ...] 


[ဟားဟားဟား... ယွီနျန်က ရွှေပေါင်လုံး ဖက်ထားတာ မဟုတ်ဘဲ ပါရမီအပေါ် မှီခိုနေရတာကို ယိုယိုဆီ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး... ရိုးရိုးသားသား ပြောရရင် ငါလည်း မထင်ထားဘူး... ကြည့်ရတာ ဒီအဖြစ်အပျက်သာ မရှိခဲ့ရင် သူတို့ရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ဖို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး] 


[သောက်ကျိုူနဲ... နျန်နျန်က တကယ်တော့ မမချင်းရဲ့ မောင်တဲ့လား... မမရေ... ဒါခွဲခြားဆက်ဆံတာ မဟုတ်ဘူးလား... ငါတို့ရဲ့ နျန်နျန်လေးကလည်း ချန်ပီယံ သတ်မှတ်ထားတာတွေ၊ ငွေပစ်ပေါက်လိုက်တာတွေ၊ အရင်းအမြစ်တွေ ကြုံရာကျပန်း ရွေးတာတွေ၊ ရသစုံရှိုးတွေ ကြိုတင်ချိန်းဆိုထားတာတွေ၊ ဇာတ်ကောင်တွေ ကြိုက်သလို ရွေးချယ်နိုင်တာတွေ... အဲ့လို ခံစားချက်မျိုး ခံစားဖူးချင်တယ်လေ]


[ဟားဟားဟား နျန်နျန်က အရမ်းချစ်ဖို့ကောင်းတာပဲ... သူတို့က ဝေ့ပေါ် ဖွင့်ကြည့်ဖို့ လိုင်းကောင်းတဲ့ နေရာ ရှာဖို့ ညသန်းခေါင်ကြီး ကားမောင်းထွက်လာကြတာတဲ့လား... ဒါပေမယ့် အမှန်အတိုင်း ပြောရရင် နျန်နျန်က ငယ်ငယ်လေးကတည်းက အရမ်း ကြည့်ကောင်းနေပြီ... ချစ်စရာကောင်းပြီး ကိန်းကြီးခမ်းကြီး နိုင်လိုက်တာ... မင်းသားလေးလိုပဲ... သူက ငယ်ငယ်လေးကတည်းက ကြီးတဲ့အထိ ကြည့်ကောင်းနေတာပဲ... ပေါက်ကွဲထွက်ကုန်ပါပြီ]


[ယိုယိုရဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးအကြောင်း မေးမလို့... ဖရဲသီး စားနေတဲ့သူတွေ ကျေနပ်သွားလို့ နေ့လည်စာတောင် စားနိုင်ကြတော့မှာ မဟုတ်ဘူး]


ရုံးခန်းထဲတွင်... 


ရွှယ်ယုံက ယွီချင်းတင်ထားသောပုံကို ဖုန်းထဲတွင် သိမ်းထားလိုက်သည်။ ထို့နောက် ပရင့်ထုတ်ကာ ကတ်ကြေးလေးဖြင့် ဂရုတစိုက် ညှပ်လိုက်ပြီး ယွီနျန် ပါသော တစ်ဝက်ကိုသာ ချန်၍ ပိုက်ဆံအိတ်ထဲသို့ သေချာထည့်ထားလိုက်သည်။သူက ငယ်စဥ်က ယွီနျန်ကို ကြည့်မိနေသည်။ သူလေးက အရပ်ပုပုလေးဖြင့် လက်ရှိ မျက်နှာပုံစံများ၏ အရိပ်ကို သယ်ဆောင်ထားသော ကြီးမား၍ နက်မှောင်နေသာ မျက်လုံးကြီးများ၊ အသားအရေ ခပ်လတ်လတ်နှင့် ပြည့်ဝိုင်းနေသော ပါးစုံ့လေးများ ရှိနေသည်။ ကင်မရာကို မျက်နှာမူထားရင်း သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်နေပါသော်လည်း နာနာခံခံဖြင့် ရပ်နေပြီး ဓါတ်ပုံရိုက်ရန် စောင့်ပေးနေလေသည်။ 


ချစ်စရာ ကောင်းလိုက်တာ ...


ရုံးခန်းတံခါး ခေါက်ခံလိုက်ရပြီး ပွင့်သွားလေသည်။ လက်ထောက်ချင်က အလောတကြီး ဝင်လာသော ချူရှောင်းရန်ကို ခေါ်လာပေးခဲ့ပြီး တံခါးပိတ်၍ ထွက်သွားပေးခဲ့သည်။ 


ချူရှောင်းရန်ကလည်း ရွှယ်ယုံရှေ့မှ ဓါတ်ပုံကို တစ်ချက်တည်း တွေ့လိုက်ရသည်။ သူ့နှလုံးသား တွန့်လိမ်သွားပြီး ပြောရမလား မပြောရဘူးလားဟု တွန့်ဆုတ်သွားလေသည်။ 


ရွှယ်ယုံမှာ သူ ချီတုံချတုံ ဖြစ်နေသည်ကို သတိမပြုမိပေ။ သူက ပိုက်ဆံအိတ်ကို ဘေးနားသို့ ဂရုတစိုက် ရွှေ့လိုက်ပြီး ခေါင်းမော့၍ ချူရှောင်းရန်ကို မေးလိုက်သည်။ "ဘာကိစ္စလဲ"


ချူရှောင်းရန်က အသက်ရှူထုတ်လိုက်ပြီး နေရာမှာပင် တန့်နေပြီးနောက် အဆုံးတွင် စိတ်ပြင်ဆင်ပြီးသွားပြီ ဖြစ်ကာ ခြေနှစ်လှမ်း တိုး၍ သူရလာသောသတင်းကို မြန်မြန်ပြောပြလိုက်သည်။ 


"ယွီနျန်က သူ့ထက် အရပ်ပိုရှည်တဲ့ မော်ဒယ်မလေး တစ်ယောက်နဲ့ ကြိုက်နေတယ်တဲ့ကွ... သူမက အရမ်း ကြည့်ကောင်းတယ်တဲ့... သူ့ကို လက်တစ်ဖက်တည်းနဲ့ နံရံမှာ ထောက်ထားပြီးတောင် နမ်းနိူင်တယ်ဆိုပဲ"


ရုံးခန်းက တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။ ရွှယ်ယုံ စကားပြောမလာခဲ့ပေ။ 


ချူရှောင်းရန် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ကားသော့ကို ဘေးသို့ ပစ်ချလိုက်သည်။ သူ့လက်နှင့် ခြေထောက်များကို မည်သည့်နေရာတွင် ထားရမည်ကို မသိတော့ဘဲ ကော်လံကို ဖြန့်ကာ သေသေချာချာ ပြောလိုက်သည်။ "ရွှယ်ရှောင်ယုံ... မင်း အဆင်ပြေရဲ့လား" သူပြောပြီးသည်နှင့် ရွှယ်ယုံ၏ မျက်နှာကို ကြည့်လိုက်သော်လည်း မည်သည့် အမူအယာကိုမှ မခွဲခြားနိုင်ပေ။ 


သူ ရွှယ်ယုံအတွက် တစ်ခဏမျှ စိတ်မကောင်း ဖြစ်သွားရပြီး သူ့အား မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ပေ။ ကမ္ဘာကြီးပေါ်တွင် အရောင်အနံ့ စုံလင်သည့် ပန်းမန်များစွာ ရှိသော်လည်း သူ့ညီအစ်ကိုကမူ ယွီနျန်ဟူသော ပန်းကလေးကိုသာ ချစ်မိနေသည်။ သူ ဘယ်လို လုပ်ရမလဲ...


ရွှယ်ယုံမှာ အတွေးထဲတွင် နစ်မြောနေလေသည်။ နံရံကို လက်တစ်ဖက်တည်းနဲ့ ထောက်ပြီး နမ်းတယ်...


ထို့နောက် ချူရှောင်းရန်မှာ သူတွေ့လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားလေသည်။ 


"ဖာခ့်... ရွှယ်ရှောင်ယုံ... မင်းနားတွေ ဘာလို့နီနေတာလဲ"


"မဟုတ်ပါဘူး" ရွှယ်ယုံမှာ သဘာဝကျကျ အမူအယာဖြင့် တန်းငြင်းလိုက်ပြီး ချူရှောင်းရန်မှာ သူ့မျက်လုံးများတွင် ပြဿနာ ရှိနေသည်လားဟု တွေးမိသွားရသည်။ 


ရွှယ်ယုံ ထပ်မေးလိုက်သည်။ 


"မင်းပြောတာ သူ့ထက် အရပ်ရှည်ပြီး သူ့ထက် ပိုကြည့်ကောင်းတဲ့ အမျိုးသမီးမော်ဒယ်တဲ့လား"


ချူရှောင်းရန်၏ စိတ်ဝင်စားမှုတို့က သူ့နားရွက်များမှ ဖယ်ခွာသွားပြီး ပေါင်ကို လက်ဖြင့် ရိုက်ချလိုက်သည်။ 


"ဒီသတင်းရဲ့ ရင်းမြစ်က သေချာပေါက် ယုံကြည်လို့ရတယ်... ပြောကြတာ ယွီနျန် ကိုယ်တိုင် ပြောခဲ့တာဆိုပဲ"


ရွှယ်ယုံမှာ ထိုစကား၏ ပြဿနာကို ထောက်ပြလိုက်သည်။ "ဒါပေမယ့် သူ့ထက်ပိုကြည့်ကောင်းတဲ့ အမျိုးသမီးမော်ဒယ် မရှိဘူးလေ... မင်းသတင်းက မှားနေတာ"


ချူရှောင်းရန် ကြက်သေသေသွားလေသည်။


 "မင်းပြောတာလည်း ဟုတ်သလိုလို.... မဟုတ်သေးပါဘူး" သူ ခေါင်းထောင်လာသည်။ 


"မင်းမျက်လုံးထဲမှာဆို ဒီကမ္ဘာပေါ်မှာ မင်းမိသားစုလောက် ကြည့်ကောင်းတဲ့သူ မရှိတော့ဘူးမလား"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း"


ချူရှောင်းရန်: “…”


သူ့အတွေးများကို ဖြောင့်ဖြောင့်ထားတာ ရွှယ်ယုံကို ထပ်မေးလိုက်သည်။ "ဒါပေမယ့် တကယ်နော်... မင်း နည်းနည်းလောက် ရှေ့ကို မျှော်ကြည့်လိုက်ပါလား.... အနာဂါတ်မှာ ယွီနျန် သူ့ရဲ့ ဆက်ဆံရေးကို ကြေညာပြီး အဲ့ဒီ သန်မာတဲ့မော်ဒယ်မနဲ့ အတူရှိသွားခဲ့ရင် မင်းမျက်လုံးတွေ ကျွတ်ထွက်တဲ့အထိ ငိုနေရမယ်"


ရွှယ်ယုံ စက္ကန့်အနည်းငယ်လောက် တွေးကြည့်လိုက်သည်။


 "အိုကေ"


******



 “ရပ်” ရှုရှန့်လန် အော်ငေါက်လိုက်သည်။


 "မီးရောင် ထိုးရမှာကွ... ဇာတ်ဝင်ပစ္စည်းဆရာရေ လက်ဖက်ရည်သောက်နေတာ ရပ်လိုက်တော့... ယွီနျန် ဘေးမှာ နားနေလိုက်... ယွီချင်းက ဘယ်မှာလဲ... မင်း ဘယ်မှာ အိပ်ပျော်နေတာလဲ... မြန်မြန်လုပ် နောက်တစ်ခန်း ရိုက်ရအောင်"


ယွီနျန်က ဝန်ထမ်းလေးကို ကျေးဇူးတင်လိုက်ပြီး ခေါက်ယပ်တောင်လေးကို ခေါက်ကာ ဝတ်စုံ ဝတ်ထားရင်းဖြင့် ဘေးရှိ စခန်းချ ထိုင်ခုံလေးပေါ်တွင် ထိုင်လိုက်သည်။


ရှစ်ရော့က ယွီနျန်၏ အဝတ်အစားထက်မှ သဲများကို ခါချပေးလိုက်ပြီး အနွေးဘူးတစ်ခု ကမ်းပေး၍ တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။


 "အဲ့ဒါ...နျန်နျန်..."


သူမ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ညင်ညင်သာသာ ပြောလိုက်သည်။


 "အစ်မရော့ရော့ ဘာဖြစ်လို့လဲ"


ရှစ်ရော့က ယွီနျန်ကို ဖုန်း ကမ်းပေးလိုက်သည်။ "အင်း... တစ်ယောက်ယောက်က ပြောနေတယ်... မင်းရဲ့ သရုပ်ဆောင် အရည်အချင်းက သာမန်ပဲတဲ့" 


ယွီနျန် ပြုံးလိုက်သည်။ 


"ကျွန်တော်က သရုပ်ဆောင် အကျော်အမော်မှ မဟုတ်ဘဲ... ပထမဆုံး ဇာတ်ကားမှာ သရုပ်ဆောင်ပုံတွေက သာမန်လို့ ပြောရမှာပဲလေ... အနည်းဆုံးတော့ တစ်ဖက်လူက ဆိုးတယ်လို့ မပြောသေးဘူး" 


သူ ရပ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။

 "ရွှယ်ယုံ ပြောတာလား" 


ရှစ်ရော့ ခေါင်းငြိမ့်ပြလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။


 "ဘာလို့ ဒီလူက မင်းကို အမြဲတမ်း နှလုံးသားတစ်ခုလုံးနဲ့ အပုပ်ချနေရတာလဲ... ဒီကာလအတွင်း လှုပ်ရှားမှုမရှိလို့ ပစ်မှတ်ပြောင်းသွားပြီလို့တောင် ထင်နေတာ... သူထပ်ပြီး ထွက်လာမယ်လို့ကို မထင်ထားဘူး... ဥက္ကဌတွေအားလုံး အဲ့လောက်ထိ အားယားနေကြတာလား"


သူမ ဆက်ပြောလိုက်သည်။ 


"ဒါရိုက်တာရှု တင်ထားတဲ့ ဗီဒီယိုကို ပြန်တင်ကြတဲ့ လူအရေအတွက်က အံ့လောက်စရာပဲ... အထူးပြုလုပ်ချက်တွေပါ ထည့်ပေးကြသေးတယ်... နေပြောက်ထိုးတွေတောင် ဝင်ကျယ်ဖို့ နေရာမရကြရှာဘူး... အခု ဒါတွေပြီးသွားတော့ ရွှယ်ယုံ့ ဝေ့ပေါ် တက်လာလာချင်း နေပြောက်ထိုးတွေ သူ့ဝေ့ပေါ်အောက်မှာ သွားစုနေကြပြီလေ"


ယွီနျန် ပြုံး၍ ပြန်မဖြေလိုက်ပေ။ သူ အနွေးဘူးကို ချကာ ဖုန်းယူ၍ အရင်ကြည့်လိုက်သည်။


ရွှယ်ယုံ၏ နောက်ဆုံး ဝေ့ပေါ်တွင် hashtagတစ်ခုနှင့် လှုပ်ရှားနေသော ပုံလေးတစ်ခုပါနေသည်။ "#အရှေ့ပိုင်းမြို့တော်ကကုရွှမ်းနင်# ဟမ့်... သရုပ်ဆောင်အရည်အချင်းက သာမန်ပါပဲ"


အောက်မှ ကွန်မန့်များကို ကြည့်လိုက်ရာ ပေါ်ပြူလာအဖြစ်ဆုံး ကွန်မန့်များမှာ... ရေးသားထားကြပုံများက အားလုံး ထူးဆန်းနေကြသည်။


[ဥက္ကဌရွှယ်က ယွီနျန်ရဲ့ နံပါတ်တစ် antifanကြီးလို့ သက်သေပြနေတဲ့အချက်ပဲ... ဒါပေမယ့် ဒါက နည်းနည်း... ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်... ငါကွဲကြေသွားပြီလား]


[ဒါပေမယ့် လူသစ်တစ်ယောက်အနေနဲ့တော့ သူ့ သရုပ်ဆောင်ပုံတွေက ဒီလိုပဲ ဖြစ်ရမှာပဲ... စက္ကန့်အနည်းငယ်အတွင်း လူတွေ အုံလာစေတုန်းပဲလေ... အနည်းဆုံးတော့ ကသိကအောက် ဖြစ်မနေဘူး... ပြီးတော့ ယွီနျန်က ဒီဇာတ်ရုပ်နဲ့ တကယ်လိုက်တယ်... သူ စာသားတွေ ဖတ်နေတာကို ကြားရတာ ငါ့နှလုံးသားအိုကြီး ပေါက်ကွဲတော့မလိုပဲ... အရမ်းကောင်းတယ်]


[ဘာလို့ ဒီရက်ထဲ သူက နေရာတိုင်းမှာ ရှိနေရတာလဲ... ဒီလိုအကြံပြုချက်မျိုး ပေးဖို့ ငါ့အတွက် အဆင်ပြေရဲ့လား] 


[ဟားဟားဟား ငါ့ယောကျ်ားရဲ့ အပ်ဒိတ်က စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်း မဟုတ်မှန်း တွေ့လိုက်တော့ ယွီနျန်အကြောင်းပဲ ဖြစ်ရမယ်မှန်း သိလိုက်ပြီ... ငါ့အမျိုးသားက တကယ် စွဲလမ်းနေတာပဲ].


ရှစ်ရော့က အနီးကပ်ကြည့်လိုက်ပြီး ထူးဆန်းနေဟန်ဖြင့် ပြောလိုက်သည်။


 "ဟင်... မဟုတ်သေးပါဘူး... အစ်မ အခုလေးတင် ဖတ်ခဲ့တာ လူသိများတဲ့ ကွန်မန့်တွေက မင်းကို အပြစ်ပြောထားတာတွေချည်းပဲ.... ပြန်စာတွေထဲမှာ ဆူပူကြိမ်းမောင်းထားတဲ့ စကားလုံး သုံးရာလောက်နဲ့ ကွန်မန့်ရာချီ ရှိနေသေးတယ်... သူတို့အားလုံးက ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ" 


ယွီနျန် နှုတ်ခမ်းလေးများ ကွေး၍ ရှစ်ရော့ကို ဖုန်းပြန်ပေးလိုက်သည်။ 


"ကျွန်တော့်အတွက် မှာထားတဲ့ အစားအသောက်တာတွေ ပို့လာလောက်တယ်... လက်ခံကြောင်း လက်မှတ်ထိုးပေးရဦးမှာ... အစ်မရော့ရော့ကို သေချာ စောင့်ကြည့်ထားပေးဖို့ ဒုက္ခပေးရဦးမှာပဲ"


ရှစ်ရော့ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။ 


"မှာတဲ့ အစားအသောက်တွေလား... ရိုက်ကူးရေးနေရာက ခေါင်လွန်းလို့ အစားအသောက် ပို့ပေးတဲ့ ဘယ်ဆားဗစ်ကမှ လာမပို့ချင်ကြဘူးမလား"


သူမထပ်ပြီး စိတ်ပူသွားပြန်သည်။

 "နျန်နျန်... ဗိုက်ဆာလို့လား... အဆင်ပြေပါတယ်... ရိုက်ကူးရေးက ပြီးတော့မှာပါ... ပြန်ရောက်ရင် ကောင်းကောင်းစားလို့ ရပြီ"


ယွီနျန်က များများ မရှင်းပြတော့ဘဲ ယခင်အကြိမ်များအကြောင်းကိုသာ တွေးမိနေသည်။ ဤတစ်ကြိမ်၌ ရွှယ်ယုံ မည်သည့်အရာ ပို့ပေးလာမည်ကို ရုတ်တရက် မျှော်လင့်နေမိသည်။ 


သို့သော်လည်း နောက်တစ်နေ့တွင် ရိုက်ကူးရေးနေရာ၌ ချူရှောင်းရန်ကို တွေ့လိုက်ရသည့်အခါ စက္ကန့်အနည်းငယ်လောက် မတုံ့ပြန်နိုင် ဖြစ်သွားရသည်။ 


ချူရှောင်းရန်က ဦးထုပ်တစ်လုံး၊ နေကာမျက်မှန်၊ mask နှင့် ရေတစ်ဘူး အပါအဝင် အပြည့်အဝ ဆင်ယင်ထားပြီး သူပေးလာသည့်အကြောင်းအရင်းကလည်း အတွေးများနေစရာမလိုပေ။ သူက ဂိုဘီ သဲကန္တာရကို အလည်လာရင်း အနီးအနား၌ ရိုက်ကူးရေးအဖွဲ့ရှိနေသည်ကို သတိရသွားခဲ့သည်။ သူတို့ ကုမ္ပဏီမှ အနုပညာရှင်တစ်ယောက်ကလည်း ရိုက်ကူးရေးတွင် ပါဝင်နေခဲ့သဖြင့် ဖြတ်သွားဖြတ်လာ ဝင်လာရင်း လာဂရုစိုက်ပေးခြင်း ဖြစ်သည်။ 


သို့သော်လည်း လူတိုင်းက ထိုသူမှာ သမားရိုးကျ ဒုတိယမျိုးဆက် ဆက်ဆံသူတစ်ယောက် ဖြစ်ပြီး သူ့မိဘများနှင့် အစ်ကိုဖြစ်သူက အလွန် အလိုလိုက်ထားသည်ကို သိနေကြသည်။ ထို့ကြောင့် ခရီးထွက်လာရင်း ရိုက်ကူးရေးကို ဝင်လည်သည်ဟု သူပြောသည့်စကားကလည်း ပြဿနာ ရှိမနေပုံပင်။


ယွီနျန်ကို မြင်သောအခါ ချူရှောင်းရန် ယဥ်ကျေးသော စကားလုံးများဖြင့် ပြောလိုက်သည်။ 


"စကားမစပ်.... ကြည့်စမ်းပါဦး... ငါ့မှတ်ဥာဏ်ကလည်း... တစ်ယောက်ယောက်က မင်းအတွက် တစ်ခုခု ယူသွားပေးခဲ့ဖို့ လူကြုံပါးလိုက်သေးတယ်... ဒါပေမယ့် ကားထဲက မထုတ်ခဲ့ရသေးဘူး"


ယွီနျန်ကလည်း ပူးပေါင်းဆောင်ရွက်လိုက်သည်။ "ဆရာဟော်များလား... သူ ဖုန်းထဲမှာ တစ်ခုခု ပါးလိုက်မယ်လို့ ပြောလိုက်သေးတယ်... မစ္စတာချူ ဒုက္ခများသွားပါပြီ"


“ဟုတ်တယ်... ဆရာဟော်ပဲ" ချူရှောင်းရန်မှာ ယွီနျန် ပြောနေသော ဆရာဟော်ကို မသိပါသော်လည်း သူ့ကို လုံးဝ မနှောင့်နှေးစေရ။ သူ့ခေါင်းကို ရှုရှန့်လန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ 


"ဒါရိုက်တာရှု... သူ့ကို ခဏလောက် ငှားသွားဦးမယ်နော်... ပစ္စည်းယူပြီးရင် ပြန်လာမှာပါ... ရိုက်ကူးရေးကို မနှောင့်ယှက်စေရပါဘူး... ရမလားဗျ"


ယွီနျန် ရိုက်ကူးရမည့် အလှည့် မကျသေးသဖြင့် ရှုရှန့်လန်ကလည်း ချူရှောင်းရန်ကို ခက်ခဲအောင် မလုပ်တော့ဘဲ လက်ခါပြ၍ ပြောလိုက်သည်။ 


"ဒါပေါ့ ပြဿနာ မရှိပါဘူး... သွားလို့ရတယ်"