အပိုင်း ၅၀
Viewers 10k

Chapter 50

 တောင်းပန်ပါတယ်... ကိုယ်အချိန်မီ မရောက်နိုင်တော့ဘူး




ချူရှောင်းရန်၏ ကားကို အနီးအနားတွင် ပါကင်ထိုးထားပြီး နှစ်ယောက်သားက တစ်ယောက်နောက်မှ တစ်ယောက် လျှောက်လာခဲ့ကြသည်။ ချူရှောင်းရန် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။ 


"ငါပြန်ရောက်လို့ ငါ့အစ်ကိုသာ ငါ့ကို တွေ့ရင် ငါဘယ်သွားခဲ့လို့ အသားအရည်တွေ ကြမ်းလာရတာလဲလို့ မေးတော့မယ်... လိမ္မော်ခွံခြောက်လို ဖြစ်နေပြီ"


နှစ်ယောက်သားက အချင်းချင်း သိပ်မသိကြပေ။ ယွီနျန်က အလေးအနက် လျှောက်လာနေပြီး သာမန်ကာလျှံကာ ပြန်မဖြေလိုက်ပေ။ 


လေတိုက်စားနေသော တောင်ကုန်းလေးကို ဖြတ်ပြီးသွားသောအခါ ကျောက်စရစ်ခဲများ ပေါ်တွင် ရပ်ထားသည့် အနက်ရောင်နာနီကားလေးကို တွေ့လိုက်ရသည်။ 


ချူရှောင်းရန် ရပ်ကာ လက်ညှိုးထိုးပြလိုက်သည်။ 


"အဲ့ဒါက ကားထဲမှာ ရှိတယ်... ကိုယ့်ဘာသာ သွားယူလိုက်" သူ ပြောပြီးနောက် ထပ်မပြောတော့ဘဲ အီလစ်ထရောနစ် စီးကရစ်လေးကို ခဲကာ ကျောပေးထားလိုက်သည်။


ကိုယ့်ဘာသာ သွားယူရမယ်...


ယွီနျန် စိတ်ထဲ၌ ခန့်မှန်းကြည့်လိုက်သည်။ တံခါးဆီသို့ လျှောက်လာပြီး လက်ဆန့်ကာ ကားတံခါးကို ဖွင့်လိုက်လေသည်။


သူထင်ထားသည့်အတိုင်းပင်။ 


ယွီနျန်က အနက်ရောင် ခေတ်နောက်ပြန် ကတ္တီပါ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး လက်ထဲတွင် ငွေမှင်ရောင် မှတ်စုစာအုပ်လေးတစ်အုပ်ကို ကိုင်ကာ ကျောမတ်မတ်ထား၍ ထိုင်နေသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။ သူ ပြုံး၍ နှုတ်ဆက်လိုက်သည်၊ 


"မတွေ့ရတာကြာပြီ" 


သူ့ကို ချော့မော့ရန်အတွက် အစားအသောက်များ ပို့ပေးလာခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်၍ လူကိုယ်တိုင် ရောက်လာမည်ဟု မထင်ထားခဲ့။


ရွှယ်ယုံမှာ ယွီနျန်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများထဲမှ အပြုံးဖျော့ဖျော့လေးမှာ ဂိုဘီ သဲကန္တာရာတွင် ဖြာကျနေသည့် နေရောင်ခြည်တို့ထက် မျက်စိကျိန်းလောက်ဖွယ် တောက်ပနေသည်ဟု ခံစားလိုက်ရလေသည်။ 


စက္ကန့်အနည်းငယ်အကြာ နှုတ်ခမ်းများကို ဖွင့်ဟ၍ ပြောလိုက်သည်။ 


"မတွေ့ရတာကြာပြီ"

 သူပြောပြီးနောက် ဆက်လက် ဖိတ်ခေါ်လိုက်လေသည်။ "ဝင်လာပြီး ထိုင်မလား"


ရွှယ်ယုံ ပြောလာသဖြင့် ယွီနျန် ကားထဲသို့ ဝင်ထိုင်လိုက်သည်။ ကားတံခါးကို တင်းတင်း မပိတ်ထားဘဲ အဟလေး ချန်ထားခဲ့သဖြင့် ကားထဲမှ အပူချိန်လည်း ပိတ်နေမည် မဟုတ်တော့။


နှစ်ယောက်သားက အချင်းချင်း အလွန် နီးကပ်စွာဖြင့် အတူတူ ထိုင်လိုက်ကြသည်။ ယွီနျန်မှာ သူ့ကို ရှင်းလင်းလှသော သစ်ကတိုးရနံ့များ ထွေးဖက်ထားသည်လားဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားရလေသည်။


ဤတစ်ကြိမ်၌ ရွှယ်ယုံက သူ့အိတ်ထဲမှ မှတ်စုလေးကို ထုတ်ကာ စာရွက်မှ နာမည်များကို သိလိုစိတ်ပြင်းစွာဖြင့် မေးလာခဲ့သည်။ 


"မင်း ရန်ခယ့်ယင်းနဲ့ မြောင်ယကို သိလား"


ဘယ်သူတွေလဲ... ယွီနျန် ခေါင်းရှုပ်သွားလေသည်။


 "မသိပါဘူး"


"ဒါဆို ရှင်ဘော့စကာနဲ့ ဝစ်တလေကိုရော သိလား" 


ယွီနျန်မှာ ကြောင်တောင်တောင်ဖြင့် ခေါင်းယမ်းပြလိုက်သည်။ "မသိဘူး"


ရွှယ်ယုံ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုသူတို့မှာ သူသေသေချာချာ ရွေးထုတ်ထားရသည့် ယွီနျန်ထက် အရပ်ရှည်ပြီး ယွီနျန်၏ ရုပ်ရည်နှင့် ယှဥ်နိုင်ရုံမျှ ရှိသော မော်ဒယ်များ ဖြစ်ကြသည်။ 


စိတ်တစ်ဝက်လောက် သက်သာသွားသဖြင့် ရွှယ်ယုံ အဆုံးသတ် မေးလိုက်လေသည်၊


 "ဒါဆို မင်း ဘယ်မိန်းကလေး မော်ဒယ်တွေကို သိလဲ"


မိန်းကလေး မော်ဒယ်...


"ကျွန်တော် ဘယ်သူမှ မသိပါဘူး" 

ယွီနျန်မှာ ရွှယ်ယုံတစ်ယောက် မည်သည့်အတွက်ကြောင့် ထိုမေးခွန်းများ ရုတ်တရက် မေးလာသည်ကို မသိပေ။ 


"တစ်ခုခု ဖြစ်လို့လား"


"မဟုတ်ပါဘူး" 

ရွှယ်ယုံ ငြင်းလိုက်ပြီးနောက် လော့ကာထဲမှ အနွေးဘူးလေးကို စိတ်လက်ကြည်သာစွာဖြင့် ထုတ်လိုက်ပြီး ယွီနျန်ကို ကမ်းပေးကာ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ 


"ရှီးပဒီးနဲ့ ကြက်မဲစွပ်ပြုတ်"


အမျိုးသမီး မော်ဒယ်အကြောင်းအရာက ပြီးသွားပြီဖြစ်၍ ယွီနျန်ကလည်း မေးခွန်းများ ဆက်မမေးတော့ပေ။ သူလက်နှစ်ဖက်ဖြင့် အနွေးဘူးကို ယူလိုက်ပြီး အဖုံးဖွင့်၍ အနံ့ခံကြည့်လိုက်သည်။ ပြီးနောက် အပြုံးလေးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။ 


"မွှေးလိုက်တာ... အနံ့လေးက အရမ်းကောင်းတာပဲ"


ရွှယ်ယုံမှာ ခပ်ရှက်ရှက်ဖြင့် အကြည့်လွှဲလိုက်သော်လည်း ယွီနျန်ကို နောက်ထပ်ပိုကြည့်ချင်သေးသည့်အတွက် အကြည့်များ၏ ဦးတည်ရာကို ပြန်လှည့်လိုက်သည်။  


“ပြန်ရောက်မှပဲ သောက်လိုက်မယ်နော်... ဒါပေမယ့် ကျန်တဲ့အဖွဲ့သားတွေ မတွေ့အောင် သတိထားရမယ်... မဟုတ်ရင် အရသာတောင် ခံလိုက်ရမှာ မဟုတ်ဘူး"


 ယွီနျန်က အဖုံးကို ပြန်ကျပ်လိုက်သည်။


 "ကျေးဇူးပါ... ကျွန်တော် ထမင်းကြော်ပဲ စားနေရတာ ရက်တွေတော်တော်ကြာနေပြီ"


ရွှယ်ယုံ မျက်ခုံးသဲ့သဲ့ ကျုံ့လိုက်သည်။ "ရုပ်ရှင်အဖွဲ့က တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်သေးလား"


"အနိုင်ကျင့်တာလား" 

ယွီနျန် ချက်ချင်း ပြန်ဖြေလိုက်သည်။ 


"ဘယ်သူကမှ ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး... မစိုးရိမ်ပါနဲ့"


"ကောင်းပြီ"


မေးခွန်းများလည်း ဖြေပြီးသွားသည့်အပြင် ပို့ရမည့်ပစ္စည်းကိုလည်း ပို့ပြီးသွားပြီ ဖြစ်ကာ လူကိုလည်း တွေ့လိုက်ရပြီး ယွီနျန်ကို မည်သူမှ အနိုင်ကျင့်ခြင်း မရှိသဖြင့်ခရွှယ်ယုံ ကျေနပ်သွားလေသည်။ 


"ဒါဆို ကိုယ်ပြန်တော့မယ်"


အနက်ရောင် နာနီကားက မောင်းထွက်သွားပြီး တံခါးအပြင်ဘက်မှ ခြောက်ကပ်နေသော မြင်ကွင်းကို ချန်ထားရစ်ခဲ့သည်။ ချူရှောင်းရန် တောင့်ခံပြီးရင်း တောင့်ခံပါသော်လည်း ထိန်းမထားနိုင်တော့ပေ။


 "ငါပြောမယ်... ရွှယ်ရှောင်ယုံ... မင်းငါ့ကို ခေါ်လာပြီးတော့ ဘယ်သွားမလဲဆိုတာ မပြောဘဲ လှည့်ပတ်နေတာ ပြီးတော့ ဒီလောက်ဝေးတဲ့ နေရာထိ ပြေးလာတာက ယွီနျန်ကို စကားနည်းနည်းလောက် ပြောဖို့တဲ့လား... ငါးမိနစ်ထဲအတွက်လေ"


ရွှယ်ယုံမှာ လာစဥ်ကထက် ပိုပြီးစိတ်ကောင်းဝင်နေပုံပေါ်သည်။


 "အင်း... လေးမိနစ်နဲ့ ဆယ်စက္ကန့်"


“……”


ထိုအခိုက်တွင် ချူရှောင်းရန်မှာ "ဒေါသအမှောင်ဖုံးထားတယ်" ဟူသော စကားကို နက်နက်နဲနဲ နားလည်သွားပြီး နှစ်ကြိမ်မျှ နှာမှုတ်လိုက်လေသည်။ 


"ငါလည်း တကယ်မရည်ရွယ်ပါဘူး... ဒါပေမယ့် ဒီသခင်လေးက မူကြိုမှာကတည်းက မိန်းကလေးတွေ ငိုသွားရင် အရုပ်တွေ ဝယ်ပြီး ချော့ပေးခဲ့တာ... မင်းရဲ့ လုပ်ပုံနဲ့ဆို ယွီနျန်သာ မော်ဒယ်မလေးနဲ့ အတူရှိသွားရင် မျက်လုံးတွေ ကျွတ်ထွက်တဲ့အထိ ငိုရုံတင် မကဘူး... ညသန်းခေါင်မှာ ခေါင်းအုံး ရွှဲတဲ့အထိ ငိုရင်း နိုးလာလိမ့်မယ်" 


ရွှယ်ယုံမှာ စိတ်ကောင်းဝင်နေဆဲ။ 


"မဟုတ်ဘူး... မော်ဒယ်မလေးဆိုတာ မရှိဘူး... သူ ဘယ်မော်ဒယ်ကိုမှ မသိဘူး"


“သတင်းက မှားနေတာလား" ချူရှောင်းရန် မေးကို ပွတ်လိုက်သည်။ 


"မိန်းကလေး ဘော်လီဘောကစားသမားလား... ဒါမှမဟုတ် ဘတ်စကစ်ဘော ကစားသမားလား... ဘော်လီဘောကစားသမားနဲ့ ဘတ်စကစ်ဘောကစားသမားဆိုရင် နံရံကို လက်တစ်ဖက်တည်းနဲ့ထောက်ပြီး နမ်းဖို့က လွယ်လွယ်လေးပဲကွ"


ချူရှောင်းရန်မှာ ရွှယ်ယုံ၏ နှလုံးသားကို ထပ်ပြီး ဓါးနှင့် ထိုးမိပြန်လေပြီဟု သဘောပေါက်သွားသဖြင့် သူ့ကို အပြေးလာကယ်ပေးလိုက်သည်။ 


"ဒါပေမယ့် ဒါက မော်ဒယ်မလေးနဲ့ တွေ့နေတယ်ဆိုတာထက်တော့ ပိုပြီး အခွင့်အရေးနည်းတယ်ကွ... ငါမှန်းကြည့်ရုံပါ" 


"အင်း"


ရွှယ်ယုံက ယွီနျန် ပြောခဲ့သည့်စကားကို အမှတ်ရသွားသဖြင့် စကားပြောသည့် အရှိန်လျော့သွားသည်။ 


"သူငါ့ကို ညစာစားဖို့ ခေါ်နေတယ်"


"ဘယ်တော့လဲ"


"ဇာတ်ကားရိုက်ပြီးလို့ နျင်းမြို့ကို ပြန်ရောက်ရင်ညစာအတူတူစားကြမယ်တဲ့"


ရွှယ်ယုံ၏ မျက်လုံးများထဲမှ မျှော်လင့်ချက်တို့ကို မြင်လိုက်ရသောအခါ ချူရှောင်းရန် သက်ပြင်းချမိသွားသည်။ အလွန် ရိုးစင်းလှသော ရွှယ်ယုံကဲ့သို့လူမျိုးအတွက် လူများကို အစပြုပြီး လိုက်စေခြင်းသည်ထက် တစ်နေ့တွင် နေမင်းကြီး ပျောက်ကွယ်သွားလိမ့်မည်ဟု တွေးသည်က ပိုကောင်းသေးသည်။


******


ယွီချင်းက အခန်းထဲသို့ ဝင်လာပြီး နှာရှုံ့လိုက်လေသည်။


 "နျန်နျန် နင့်အခန်းထဲက ဘာနံ့လဲ... ဘာလို့ ဒီလောက်ထိ အနံ့မွှေးနေရတာလဲ"


ယွီနျန်မှာ အနွေးဘူးကို ဆေးကြောထားပြီးသား ဖြစ်၍ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်၊


 "မမ... အမှတ်မှားတာနေမှာ" 

သူက သဘာဝကျကျပင် စကားလမ်းကြောင်း ပြောင်းလိုက်သေးသည်။


 "ရိုက်စရာ ဇာတ်ကွက်မရှိဘူးလား... ကျွန်တော့်ဆီ ဘာလာလုပ်တာလဲ"


ထိုအကြောင်း ပြောပြီးသည်နှင့် ယွီချင်း ပွစိပွစိ ပြောလေတော့သည်။ 


"ဇာတ်ညွှန်းရေးစရာနဲ့ ဒါရိုက်တာရှုတို့ စကားများနေကြတယ်... ဒါရိုက်တာရှု ပြောင်းချင်နေတဲ့ ဇာတ်ကြောင်းတစ်ခု ရှိတယ်ကွာ... ဇာတ်ညွှန်းရေးဆရာက မပြောင်းချင်ဘူး ဖြစ်နေတာ... ငါလည်း သူတို့စကားများနေတာကို နားထောင်ရမှာ ပျင်းလွန်းလို့ နင့်ဆီလာပြီး ရှောင်နေတာပဲ" 


သူမက ထိုင်စရာနေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် ယွီနျန်ကို စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ 


"နျန်နျန်... နင့်မမနဲ့ စကားပြောမလား"


ယွီနျန်က ဇာတ်ညွှန်းကို ချ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ 


"ဘာအကြောင်း ပြောရမှာလဲ"


"1.86မီတာ အကြောင်းပြောပေါ့... ငါ့ချစ်မောင်လေးရဲ့ ခံစားချက်ပြဿနာတွေအကြောင်းပဲလေ... နှစ်ဆယ့်တစ်နှစ်အရွယ်ရောက်မှ ပထမဆုံး ဖြစ်ပေါ်လာတာကို"


 ယွီချင်းက မပြောလျှင် ထွက်မသွားဘဲ ပေကပ်နေမည့်ပုံ ပေါ်ပြီး ယွီနျန် ပြောလာမည်ကို မျှော်လင့်ချင်ကြီးစွာဖြင့် စောင့်နေခဲ့သည်။


“ပြောရဦးမယ် မမ.... အစ်ကိုမုန့် ဟိုတလောက ဖုန်းခေါ်လာတယ်... အခုတလော ကျွန်တော့်ရဲ့ ခံစားချက်တွေ ပြောင်းလဲမှု ရှိနေတာလားတဲ့... အစ်ကိုမုန့် ဘယ်လိုသိသွားလဲ ကျွန်တော် စဥ်းစားနေတာ"


ယွီချင်း အေးခဲသွားလေပြီး မည်သည့် အမူအယာမျိုး လုပ်ရမည်ကိုပင် မသိတော့ပေ။ သူမ၏ ဆံပင်များကို လက်ဖြင့် ဆွဲလိမ်ကာ ခပ်လောလော ထရပ်လိုက်သည်။


 "ငါမှတ်မိပြီ... ဇာတ်ညွှန်းရေးဆရာနဲ့ ဆွေးနွေးဖို့ စာကြောင်း နှစ်ကြောင်း ရှိနေသေးတာ... ငါသွားဦးမယ်... နင် အနားယူတော့"


တံခါး ပိတ်သွားလေသည်။ ယွီနျန် သူ့ဖုန်းကို ကြည့်လိုက်မိသည်။ 


"စွပ်ပြုတ်က အရသာရှိတယ်... ကျွန်တော် အကုန်သောက်လိုက်တာ" ဟု သူပို့ပေးထားသော မက်ဆေချ့်မှာ ပြန်စာရောက်နေလေပြီ။ ရွှယ်ယုံက အမြဲတမ်းလိုပင် လိုရင်းတိုရှင်းသာ ပြန်ပို့ထားသည်။ 


"ကောင်းပါပြီ... မင်းကြိုက်ရင် ပြီးတာပဲ"


နေ့လည်ပိုင်း 3နာရီ ထိုးသောအခါ ယွီနျန်၏ ရိုက်ကွက်များအားလုံး ရိုက်ကူးပြီးစီးခဲ့လေပြီ။ အဝတ်များ လဲတော့မည်အပြုတွင် သူ့ဆီ လှမ်းလာနေသော ရှုရှန့်လန်ကို တွေ့လိုက်ရသည်။ 


“ဒါရိုက်တာရှု... ရိုက်ကွင်းမှာ ပြဿနာတစ်ခုခု ရှိလို့လား"


"မဟုတ်ပါဘူး... ရိုက်ကူးရေးက အရမ်း ကောင်းတယ်... မင်းက အပြင်ပိုင်းမှာ ကလူမြူတတ်ပုံပေါက်ပေမယ့် သူ့တိုင်းပြည်နဲ့ လူတွေအပေါ် ချစ်ပြီး တရားမျှတမှုရှိတဲ့ ကုရွှမ်းနင်ရဲ ပုံစံကို သရုပ်ဆောင်ခဲ့တာ... မင်း ကောင်းကောင်း ဖော်ပြနိုင်ခဲ့တယ်"


ရှုရှန့်လန်က ကင်မရာထက်တွင် အလွန်တင်းကျပ်သူ ဖြစ်သော်လည်း ချီးကျူးရန်လည်း မတုံ့ဆိုင်းတတ်ပေ။ ပြောပြီးသွားသောအခါ ယွီနျန်ကို ဘေးသို့ ခြေနှစ်လှမ်းမျှ ကပ်ပေးလိုက်သည်။


 "မင်းနဲ့ ယွီချင်း ကားထွက်မောင်းတဲ့အချိန် ဓါတ်ပုံခိုးရိုက်ခံလိုက်ရတဲ့ ကိစ္စကို ပြောမလို့"


ယွီနျန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားလေသည်။ 


"တစ်ယောက်ယောက်ကို ရှာတွေ့လို့လား"


"အင်း ငါတွေ့ခဲ့ပြီ" ရှုရှန့်လန်က လေဒဏ် သဲဒဏ်ကို ကာကွယ်ရန်အတွက် လျှာထိုးဦးထုပ်ကို ဆွဲချလိုက်သည်။ ရိုက်ကူးရေး အချိန်စာရင်းက တင်းကျပ်လှသည့်အတွက် သူနေ့တိုင်းအော်ဟစ်နေရလေရာ အသံအတော်လေး ပြာနေခဲ့သည်။ 


"ဒီကိစ္စက ငါတို့တာဝန်ပဲလေ... ဓါတ်ပုံရိုက်လိုက်တဲ့ အလုပ်သမားက မကြာခင်ကမှ ခန့်ထားခဲ့တဲ့သူပဲ... သူက ယိုယိုရဲ့ မန်နေဂျာနဲ့ တစ်ခါ ဆက်သွယ်ဖူးတယ်... တစ်ဖက်လူက မင်းရဲ့ မကောင်းတဲ့ သတင်းအကြောင်း ဓါတ်ပုံရိုက်နိုင်ခဲ့ရင် ပိုက်ဆံပေးမယ်လို့ကတိပေးထားတယ်"


ဤကိစ္စကို လွန်ခဲ့သည့်အချိန်အတော်ကြာကတည်းက ယွီချင်းနှင့် ဆွေးနွေးထားပြီးသား ဖြစ်ပြီး ရလဒ်ကလည်း ထင်ထားသည့်အတိုင်းပင်။ 


"သူက ပရိုမိုးရှင်းသီချင်းကြောင့် မလိုမုန်းထားတွေ ဖြစ်လာတာပဲ... ယိုယိုက ကျွန်တော် အရင်းအမြစ်တွေ လုသွားပြီး သူ့ကို မျက်နှာပျက်စေတယ်လို့ တွေးမိတာကြောင့်မို့ လက်စားချေဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့တာ... ရိုက်ကွင်းမှာ ခိုးတွေ့တာ မဟုတ်ရင် တခြားကိစ္စတွေ ဖြစ်လာဦးမှာပဲ"


သူ ထပ်ပေါင်း ပြောလိုက်သည်။ "ဒါရိုက်တာရှု... ဒီကိစ္စက ရိုက်ကူးရေးအဖွဲ့ကို လုံးဝ အပြစ်တင်လို့ မရပါဘူး... ပြီးတော့ သူခိုးက ရက်တစ်ထောင်လောက် ရှိနေနိုင်ပေမယ့် သူခိုးတစ်ယောက်ကို လူတစ်ထောင်လောက် စောင့်ကြည့်နေလို့မရဘူးလေ"


ရှုရှန့်လန်က ယွီနျန်ကို ကြည့်ကာ သူက အသက်မကြီးသေးပါသော်လည်း မည်သို့ ပြောဆို ဆက်ဆံရမည်ကို သိနေကြောင်း တွေ့လိုက်ရသဖြင့် အပြုံးလေးတစ်ခုဖြင့်သာ ပြောလိုက်သည်။ 


"ငါ သေချာပေါက် ကိစ္စတွေကို အပြတ်ရှင်းပေးမှာပါ... ပြီးတော့ မင်းရဲ့ အခြေအနေကိုလည်း ချရေးပြီးသွားပြီ... နောက်ပိုင်းကျ အတူတူ လက်တွဲဖို့အတွက် အခွင့်အရေး ရလာဖို့ မျှော်လင့်တယ်" 


သူ ယွီနျန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

 "အရင်ဆုံး အဝတ်သွားလဲတော့... ပြီးရင် ကောင်းကောင်း အနားယူ"


အခန်းထဲတွင် ယွီနျန် အဖြူရောင်တီရှပ်ကို ပြန်လဲပြီးချိန်၌ ယွီချင်းက တံခါးခေါက်၍ ဝင်လာပြီး မေးလိုက်သည်။ 


"အခုလေးတင် ရှုရှန့်လန် နင့်ကို လာရှာနေတာ တွေ့လိုက်တယ်... ဓါတ်ပုံခိုးရိုက်ခံရတဲ့ ကိစ္စအကြောင်း ပြောပြီးပြီလား" 


“ဟုတ်တယ်... သူရှင်းပြပြီးသွားပြီ”


ယွီချင်း ခေါင်းငြိမ့်ပြလိုက်သည်။ 

"ဒီကိစ္စက နင်ကြီးတယ်လို့ ပြောရင် ကြီးတာပဲ... နင်သေးတယ်လို့ ပြောလိုက်ရင် သေးသွားမှာ... အင်း... သိပ်တော့မနာကျင်ခဲ့ရပါဘူးလေ... ငါတို့နည်းနည်းလောက် ဒုက္ခများရတာလဲ အဆင်တော့ပြေပါတယ်... ပြီးတော့ နောက်ကျရင် ငါ နင့်ကို ဝေ့ပေါ်မှာ ပွင့်ပွင့်လင်းလင်း ကာပေးလို့ ရတာပေါ့"

 

ယွီနျန် ရယ်မောလိုက်သည်။ 

"ဟုတ်ပါပြီ... သူရဲကောင်းကြီး ယွီချင်းကို ကြိုပြီး ကျေးဇူးတင်ပါတယ်"


“သွားစမ်းပါ” 

ယွီချင်းသည်လည်း ရယ်မောလိုက်လေသည်၊


 "စကားစပ် မကြာခင် နျင်းချန်ကို ပြန်ရတော့မှာ မဟုတ်လား... မသွားခင် ကစားဖို့ အပြင်သွားကြမလား"


"ဘယ်သွားမလို့လဲ"


ယွီချင်း “ဗုဒ္ဓဂူလေ... လိုက်မလား... ငါ့လက်ထောက်ကို သွားခေါ်ပြီး အတူတူ ကားမောင်းပြီး သွားကြမယ်လေ"


ယွီနျန်မှာ ယွီချင်းပြောနေသော အကြောင်းကို နားလည်နေသဖြင့် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါဆိုလည်း သွားကြတာပေါ့"


လူလေးယောက်အုပ်စုက သွားလိုရာသို့ ရောက်လာချိန်တွင် ငါးနာရီထက်မနည်း ရှိနေလေပြီ။ သူတို့ထဲမှ နှစ်ယောက်က ဦးထုပ်များ၊ နေကာမျက်မှန်များ တပ်ဆင်ထားကြသည်။ ယွီချင်းက နေလောင်သွားမည်ကို စိုးရိမ်သဖြင့် ပိုးပဝါလေးပါ ပတ်လာလေရာ သူမ၏ မျက်နှာကို လုံးဝ ဖုံးလုနီးပါး ဖြစ်နေသည်။ 


ဗုဒ္ဓဂူဘေးမှ ပြတိုက်လေးမှာ အလွန်သေးငယ်လှပြီး တစ်နှစ်ပတ်လုံး လေနှင့်သဲတို့ တိုက်စားခံခဲ့ရသည်။ အပြင်ဘက်နံရံများမှာ အနည်းငယ် ယိုယွင်းနေပြီး မြို့ကြီးများရှိ ပြတိုက်များလောက် မထည်ဝါပေ။


ယွီချင်းက ပြတိုက်၏ အဝင်ဝမှ ခြေနှစ်လှမ်းအကွာတွင် ရပ်နေရင်း ဆယ်လ်ဖီတစ်ပုံ ရိုက်၍ မေးလိုက်သည်။ 


"နျန်နျန်... နင်ငယ်ငယ်တုန်းက ဒီကို လာခဲ့တဲ့အချိန်တွေကို မှတ်မိသေးလား"


“အင်း... ဘိုးဘိုး ခေါ်လာခဲ့တာလေ... အဲ့အချိန်တုန်းက ဗုဒ္ဓဂူက တူးထုတ်ခံရကာစ.. ဒီနေရာကလူတွေက မကိုင်တွယ်ရဲကြတော့ ဘိုးဘိုးကို ဖိတ်ပြီး ညတွင်းချင်း ရှိုးမှာ အခမ်းအနားမှူး လုပ်ခိုင်းခဲ့ရတာ... ကျွန်တော်လည်း တလျှောက်လုံး လေယာဥ်နဲ့ လိုက်လာခဲ့ရတာပဲ" ယွီနျန်က တိမ်ဝင်သွားသောအသံလေးဖြင့် ပြောလိုက်သည်။


 "ဒါပေမယ့် ကျွန်တော် ရောက်လာတော့ ဘယ်သူမှ ထိန်းဖို့ အချိန်မရှိကြလို့ ကိုယ့်ဘာသာ ကစားခဲ့ရတာ" 


သူက ပြတိုက်အတွင်းမှ ထွင်းထားသော စာလုံးများ၏ ညာဘက်ထောင့်အောက်ပိုင်းကို ကြည့်လိုက်ပြီး "ရှုနျင်း" ဟု ထွင်းထားသော စာကို လက်ညှိုးထိုးပြလိုက်သည်၊ 


"ဘိုးဘိုး ဒီစာကို ရေးတော့ ကျွန်တော်က မင်သွေးပေးခဲ့ရတာလေ"


“မင်သွေးပေးတယ်" ယွီချင်းက ပြုံးလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။


 "နင်ငယ်ငယ်တုန်းက အရပ်ပုပုလေးဟာကို... စားပွဲကို ဘယ်လိုလုပ်ပြီး မီပါ့မလဲ"


ယွီနျန်က သူမကို ကြည့်လိုက်ပြီး အံ့သြသွားချင်ယောင်ဆောင်လိုက်သည်။ 


"မမ... တုံးလိုက်တာ... ခွေးခြေခုံလေးတွေနဲ့ တက်လို့ရတာပဲလေ" သူထင်ထားသည့်အတိုင်းပင် စိုက်ကြည့်ခံလိုက်ရသည်။ 


နှစ်ယောက်သား ပြတိုက်လေးအတွင်း ဝင်လာသောအခါ အထဲတွင် မည်သူမှ မရှိပေ။ သဲဝါဝါများအောက်တွင် နှစ်ထောင်ပေါင်းများစွာ မြှုပ်နှံခံထားရသော ပိဋကတ်ကျမ်းများက ရှိုးကေစ့်များထဲ၌ ခင်းကျင်းပြသထားပြီး အချိန်များက အေးခဲသွားသည်အလား...


ယွီနျန်နှင့် ယွီချင်းတို့က စကားမပြောကြပေ။ သူတို့က ခင်းကျင်းပြသထားသည်များကို ဂရုတစိုက်ဖြင့် တဖြည်းဖြည်း ကြည့်လာခဲ့ကြပြီး သူတို့ထွက်လာသောအခါ နေဝင်ရီတရောလုလေပြီ။


ဂိုဘီတွင် နေဝင်ချိန်က ကြီးကျယ်ခမ်းနားလှသည်။ ယွီနျန်မှာ ယွီချင်း ငယ်ကတည်းက ရှေးဟောင်းပစ္စည်းများ ယဥ်ကျေးမှု အမွေအနှစ်များကို စိတ်မဝင်စားမှန်း သိနေသည်။ ဤနေရာသို့ ရောက်လာပေးခြင်းမှာလည်း အထူးသဖြင့် သူ့အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူလှည့်ကြည့်ရင်း ပြောလိုက်သည်။ 


"သဘက်ခါနေ့လည်ကျရင် လေယာဥ်ရှိတယ်... ကျွန်တော် အရင် ပြန်နှင့်တော့မယ်"