အပိုင်း ၅၁
Viewers 11k

Chapter 51

တောင်းပန်ပါတယ်... ကိုယ်ဆအချိန်မီ မရောက်နိုင်တော့ဘူး




ဂိုဘီတွင် နေဝင်ချိန်က ကြီးကျယ်ခမ်းနားလှသည်။ ယွီနျန်မှာ ယွီချင်း ငယ်ကတည်းက ရှေးဟောင်းပစ္စည်းများ ယဥ်ကျေးမှု အမွေအနှစ်များကို စိတ်မဝင်စားမှန်း သိနေသည်။ ဤနေရာသို့ ရောက်လာပေးခြင်းမှာလည်း အထူးသေ္ဖြင့် သူ့အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူလှည့်ကြည့်ရင်း ပြောလိုက်သည်။ 


"သဘက်ခါနေ့လည်ကျရင် လေယာဥ်ရှိတယ်... ကျွန်တော် အရင် ပြန်နှင့်တော့မယ်"


ယွီချင်းက သူမ၏ ဦးထုပ်ကို ပြန်ဖြန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ 


"ကောင်းပြီလေ... ဒီနေရာမှာ ရုပ်ရှင်ရိုက်ပြီးရင် နျင်းချန်ကို ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး... ဇာတ်ကားတစ်ကားအတွက် လူရွေးပွဲ ရှိသေးတယ်... ငါ့အေးဂျင့်ပြောတာ ငါ့ဆီကနေ ဇာတ်ကောင်လုချင်နေကြတဲ့ စိတ်ပျက်စရာတွေ ရောင်းရတာကြိုက်တဲ့ ကြာပန်းဖြူမ နှစ်ယောက် ရှိတယ်တဲ့... သူတို့တွေ ရူးသွားတာများလား... သူတို့တွေသာ စိတ်ပျက်စရာတွေ တကယ် ရောင်းနေရင် ဒီသခင်မကြီးက မိနစ်ပိုင်းအတွင်း ပြန်ယူလာပေးလိုက်မယ်" 


ယွီနျန် ပြုံး၍ ပြောလိုက်သည်။ 

"အိမ်ကို ပြန်မကြည့်တော့ဘူးလား"


ယွီချင်းက ဦးထုပ်ကို ဖိထားရင်း မျက်လုံးလှိမ့်လိုက်သည်။


 "သူက ဘယ်က ချစ်သူတစ်ယောက်နဲ့ သူ ခရီးထွက်နေမလဲ မသိဘူး... ငါ့အမေ စောစောစီးစီး ဆုံးသွားလို့ တော်သေးတာပေါ့... မဟုတ်ရင် ဒေါသအထွက်လွန်ပြီး သေသွားလိမ့်မယ်... ငါသွားမကြည့်ချင်ပါဘူး...ဘာတွေ တွေ့ရမလဲ မသိတာ... အဲ့ဒီကောင်မလေးတွေ ငါ့မျက်စိအောက် ရောက်မလာသရွေ့ သူတို့ မရှိသလို ဟန်ဆောင်ပေးထားလိုက်မယ်"


ယွီချင်းက နေကာမျက်မှန် ပြန်တပ်လိုက်သည်။ 

"ပြန်ရအောင်... မှောင်လာရင် အေးလာတော့မယ်... ဒါကြောင့်မို့ စောစောပြန်ကြရအောင်" 


ယွီနျန် စီးလာသောလေယာဥ်က ညနေခြောက်နာရီတွင် ဆင်းသက်လာခဲ့သည်။ အထုပ်ရွေးပြီးသွားသောအခါ မုန့်ယွမ်ထံမှ ဗီဒီယိုကော ခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ဖန်များက သူ့အား လာကြိုနေကြသည်ဟု ပြောလာသည်။ 


မုန့်ယွမ်ကလည်း ရှစ်ရော့ကို အဝေးမှနေ၍ တမင်သက်သက် ဖုန်းကိုင်ခိုင်းထားပြီး ကင်မရာကို ဖြတ်၍ ယွီနျန်၏ တစ်ကိုယ်လုံးကို ကြည့်လိုက်သည်။ သူက ယွီနျန်၏ အဝတ်အစားများနှင့် ပုံပန်းအခြေအနေကို ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး ချီးကျုးလိုက်သည်။ 


"မဆိုးဘူး... ဝလည်းမဝ ပိန်လည်း မပိန်ဘူး... အသားတောင် ညိုမသွားဘူးပဲ"


ယွီနျန်က ပြုံး၍ ပြောလိုက်သည်။ 


"ဟုတ်... ကျွန်တော့်အစ်မက နေလောင်ကာခရင်မ်လိမ်းတိုင်း ကျွန်တော့်ကိုပါ အတင်းလိမ်းခိုင်းတယ်လေ... တစ်နေ့ကို အကြိမ်ရေအများကြီးပဲ... ပြီးတော့ သူက နေကာမျက်မှန်တွေ၊ maskတွေ ဦးထုပ်တွေ ဆောင်းဖို့ ကျွန်တော့်ထက်တောင် ပိုပြီး ဂရုစိုက်ပေးသေးတယ်"


မုန့်ယွမ် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်လေသည်။

 "ဒါဆို ငါ သူ့ကို ကျေးဇူးတင်ရတော့မှာပဲ"


 သူ ယွီနျန်ကို ထပ်ပြောလိုက်ပြန်သည်။


 "ထွက်လာရင် အလောတကြီး မလုပ်နဲ့... အရမ်းမြန်မြန်လည်း မလျှောက်နဲ့... စိတ်လည်း မလှုပ်ရှားနဲ့... မင်းက လေဆိပ်မှာ ဓါတ်ပုံရိုက်ခံရလိမ့်မယ်... ရှစ်ရော့က မင်းကို ကြိုတင်ကာကွယ်စရာတွေ ပြောပြပေးလိမ့်မယ်"


“ဟုတ် ကျေးဇူးပါ အစ်ကိုမုန့်”


ယွီနျန်က စိတ်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သူထွက်လာသောအခါ သူ့နာမည်ရေးထားသည့် လက်ကိုင်မီးလင်းဘုတ်ပြားများ ကိုင်ထားသော လူများစွာ ပြေးလာကြသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ခေါင်းလေးကို စောင်းကာ ရှစ်ရော့ကို တိုးတိုးလေး မေးလိုက်သည်။ "အစ်မရော့ရော့ ဖန်တွေ အများကြီးပဲ... သူတို့ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ လာကြိုပေးကြတာလား"


ရှစ်ရော့ ပြုံးလိုက်သည်။


 "ဟုတ်တယ်... သူတို့မင်းကို လာကြိုပေးကြတာပဲ"


ယွီနျန် ကုတ်အင်္ကျီကို ဖြန့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ "ကောင်းပြီ... သွားကြမယ်"


ကွန်ပြူတာရှေ့တွင် ရွှယ်ယုံက လာကြိုပေးသော ဖန်များ ရိုက်ပေးထားသည့် ယွီနျန်၏ လေဆိပ်ဆင်း ဓါတ်ပုံနှင့် ဗီဒီယိုများကို ကြည့်နေခဲ့သည်။ လမ်းတလျှောက်တွင် ဖန်မိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားလွန်းသဖြင့် မတ်မတ် မရပ်နိုင်တော့ဘဲ လဲကျမလို ဖြစ်သွားသည်။ ယွီနျန်က သူမကို ဂရုတစိုက် လက်ဆန့်ထုတ်ပေးခဲ့ပြီး သူမ၏ လုံခြုံရေးကို အလေးထားရန် တိုးတိုးပြောခဲ့လိုက်သေးသည်။ 


အခြားသူများက ယွီနျန် ကားထဲသို့ ဝင်ပြီး ထွက်သွားသည့်အခါတွင် သူကို ကြိုးကြိုးစားစား လာကြိုပေးခဲ့သည့်အတွက် သူတို့ကို ကျေးဇူးတင်ခဲ့ပြီး အိမ်အပြန်လမ်းတွင် လုံခြုံရေးကို ဂရုစိုက်ကြရန် ပြောခဲ့သည်ဟု ဆိုကြသေးသည်။ သူ့ကို နီးနီးကပ်ကပ် မြင်လိုက်ရချိန်တွင် အသားအရည်အခြေအနေကလည်း အတော်လေး ကောင်းနေဆဲ ဖြစ်သည်။ 


ရွှယ်ယုံက ပုံနှင့် ဗီဒီယိုအားလုံးကို သိမ်းလိုက်ပြီးနောက် လက်ထဲမှ ဖုန်းကို စိုက်ကြည့်နေလိုက်ပြီး စိတ်ပျက်လက်ပျက်လည်း ဖြစ်သွားသည်။ 


ပြန်ရောက်လာပြီ မဟုတ်ဘူးလား...


ထိုအခိုက်တွင် ဖုန်းက မက်ဆေချ့် ဝင်လာသည်ဟု အသိပေးလာခဲ့သည်။ ရွှယ်ယုံ စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်သည်။ မည်သူ ပို့ပေးခဲ့သည်ကို မြင်သောအခါ သူ့မျက်နှာအမူအယာတို့က မိုးဖွဲဖွဲ ရွာပြီးနောက် ဖြစ်လာသည့် တောင်တန်းတို့၏ သဘာဝရှုခင်းအတိုင်းပါပင်။


[ယွီနျန်: ခင်ဗျား ဒီနှစ်ရက်အတွင်း အားလား... အားရင် ညစာအတူစားလို့ ရမလား]


ရွှယ်ယုံက စကားလုံး အချို့ ရိုက်လိုက်ပါသော်လည်း ယွီနျန်မှာ လေယာဥ်ပေါ်မှ ဆင်းပြီးကာစ ဖြစ်ပြီး အနားယူရန် လိုအပ်နေကြောင်း အမှတ်ရသွားသဖြင့် "ကိုယ် ဒီနေ့အားတယ်" ဟူသော စာကို ပြန်ဖျက်ကာ "ကိုယ်ဒီရက်ထဲ အားနေတယ်... မင်းရဲ့ အချိန်နဲ့ ညှိပြီး ချိန်းကြတာပေါ့" ဟု ပြောင်းလဲလိုက်သည်။ 


အသံအနေအထားနှင့် စကားလုံးများက ပြဿနာ မရှိသည်ကို သေချာစေရန် အကြိမ်များစွာ စစ်ဆေးပြီးမှ ရွှယ်ယုံ ပို့မည့်ခလုတ်ကို နှိပ်လိုက်သည်။


မကြာမီ ယွီနျန် စာပြန်ပို့လာသည်။ [ဒါဆို မနက်ဖြန် ညခုနစ်နာရီလောက်... သီးသန့်စားသောက်ဆိုင်တစ်ခုမှာ တွေ့လို့ရမလား]


ရွှယ်ယုံ တုံ့ဆိုင်းမနေပေ: [အိုကေ]


[ယွီနျန်: ဟုတ်ကဲ့ပါ... ဒါဆို မနက်ဖြန်မှ တွေ့မယ်]


နောက်တစ်နေ့တွင် ညနေငါးနာရီအချိန်၌ ရွှယ်ယုံက အဆောတလျင် လုပ်ရမည့် အလုပ်များကို စောစော အပြီးသတ်လိုက်သည်။ ထို့နောက် အိမ်ကို အရင်ပြန်သွားခဲ့ပြီး အဝတ်လဲခန်းတွင် အချိန်အကြာကြီးမွှေနှောက်ရှာဖွေလိုက်ပြီးမှ အနက်ရောင် double-breasted ကုတ်အင်္ကျီကို မီးခိုးရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် ရွေးချယ်လိုက်သည်။  

[T/N double breasted coat ဆိုတာက ကြယ်သီး နှစ်ဆင့်ပါ ကုတ်အင်္ကျီအထူပါ... ရင်ဘတ်ရှေ့က ကုတ်အင်္ကျီ အနားသားနှစ်ခုက ရင်ဘတ်ကို ဖုံးနေလို့ တစ်ဖက်ကို ထပ်သွားတဲ့ပုံပါပဲ... ရင်စေ့မဟုတ်ဘဲ ရင်ဖုံးလိုပေါ့]


မှန်ရှေ့တွင် အချိန်အတော်ကြာ ရပ်နေပြီးနောက် ရွှယ်ယုံက ချူရှောင်းရန်ကို ဗီဒီယိုကော ထပ်ခေါ်လိုက်ပြန်သည်။


 "ဘယ်လိုနေလဲ"


ချူရှောင်းရန်မှာ ရုံးခန်းထဲတွင် အိပ်ပျော်နေခြင်း ဖြစ်သည်။ ရွှယ်ယုံကို မြင်သောအခါ အနည်းငယ် အားပေး၍ ပြောလိုက်သည်။ 


"အရမ်းလှတယ်... မင်းမျက်နှာနဲ့ဆို... ဘယ်လိုပဲကြည့်ကြည့် 360 ဒီဂရီလို အဆုံးမရှိ ဖြစ်နေမှာပဲ"


သူ ရုတ်တရက် သတိရသွားသည်။


 "သေစမ်း... ရွှယ်ရှောင်ယုံ မင်းအင်္ကျီ ကြည့်ကောင်းလားလို့ နောက်ဆုံးမေးခဲ့တာ မင်းကျူတာဆရာရဲ့ ဖျော်ဖြေပွဲမှာ စန္ဒယားတီးခဲ့တဲ့ အခေါက်တုန်းကလေ"


ထိုစကားများကို ပြောပြီးနောက် ရုတ်တရက် တိတ်သွားသည်။ အိုး သူ့ပါးစပ်ကို ဘယ်လိုပိတ်ရမလဲကို မသိတော့ဘူး...


သူ့ပါးစပ်ကို အပ်နှင့် တွဲမချုပ်မိသည့်အတွက် နောင်တရသွားသည်။ 


ရွှယ်ယုံက လက်ထဲတွင် လက်ကြယ်သီးများ ကိုင်ထားလျက်နှင့် တုံ့သွားလေပြီး ချူရှောင်းရန် ပြောသည်ကို မကြားလိုက်သည့်အလား သဘာဝကျကျပင် ဆက်လှုပ်ရှားလိုက်ပြီး မေးလိုက်သည်။


 "ဝတ်စုံအရောင်ကရော"


ချူရှောင်းရန်မှာ သူမှားပြောလိုက်သည့်အရာကြောင့် အပြစ်ရှိစိတ် ဝင်သွားရသည်။ ရွှယ်ယုံ၏ မေးခွန်းကို ကြားသောအခါ ခပ်မြန်မြန် ပြောလိုက်လေသည်။ 


"အရောင်ကကောင်းပါတယ်... ပြီးတော့ မင်းအဝတ်ဗီရိုထဲက အဝတ်တွေအားလုံးက ပုံစံတူတွေချည်းပဲ... မင်းကိုယ်မင်း ယုံကြည်ရမယ်... မင်းမျက်နှာလေးနဲ့တောင် လုံလောက်နေပြီ" 


ရွှယ်ယုံ မတ်မတ်ရပ်လိုက်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့တွင် သူ့ကိုယ်သူ ပြန်ကြည့်ကာ လက်ကြယ်သီးများကို ဖြုတ်၍ နောက်တစ်စုံ လဲလိုက်သည်။


 "အဲ့ဒါလေးရော"


ချူရှောင်းရန် ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ကြည့်ကောင်းတယ်... ပတ္တမြားက ကောင်းတယ်" 


လက်ကြယ်သီးလေးစုံကို တစ်ဆက်တည်း လဲဝတ်လိုက်ပြီးနောက် အဆုံးတွင် ရွှယ်ယုံ ရွေးပြီးသွားလေပြီး နောက်တစ်စုံကို ယူ၍ သူအကြိုက်ဆုံးနာရီပေါ်တွင် တပ်လိုက်သည်။ 


အချိန်နီးနေပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကင်မရာဘက်သို့ လှည့်၍ ပြောလိုက်သည်။ 


"ငါ သွားတော့မယ်.. နောက်တစ်ခါမှ စကားပြောကြတာပေါ့" 

စကားပြောပြီးနောက် ဗီဒီယိုကောကို ပြန်ပိတ်လိုက်သည်။ 


ကားက ကိုယ်ပိုင် ကားလမ်းပေါ်မှ မောင်းထွက်လာပြီး လူစည်ကားရာသို့ ချဥ်းနင်းဝင်ရောက်လာသည်။ ရွှယ်ယုံက ကားနောက်ခန်းတွင် ထိုင်ကာ အတွန့်အခေါက်များ မရှိစေရန် လက်ကြယ်သီးများ၊ ကော်လာများနှင့် အင်္ကျီထောင့်စွန်းများကို မကြာခဏ ပြန်ပြင်နေခဲ့သည်။ 


ပြန်ပြင်လိုက်ပြီးနောက် အချိန်မှန်းကြည့်လိုက်ပြီး ဖုန်းထုတ်ကာ ယွီနျန်ကို မက်ဆေချ့်ပို့ရန် ပြင်သည်။ 


ထိုအချိန်မှာပင် ဒရိုင်ဘာက ရုတ်တရက် ပြောလာခဲ့သည်။ "သခင်ကြီး... အနောက်မှာ ကားတစ်စီး လိုက်လာတဲ့ပုံပဲ"


စာရိုက်နေသော လက်များ တန့်သွားပြီး ရွှယ်ယုံ မျက်လုံးပင့်ကာ ဖုန်းပြန်ပိတ်လိုက်သည်။ 


"သေချာလား"


“သေတော့ မသေချာပါဘူး... ဒါပေမယ့် 01နဲ့ ဆုံးတဲ့ အနက်ရောင်ကားက တစ်ချိန်လုံး နောက်မှာ ကပ်လိုက်နေတာပါ... နှစ်ခါ ရှောင်လိုက်တာတောင် မရခဲ့ဘူး... လမ်းတူနေတာ မဟုတ်တဲ့ပုံပဲ"


“သေချာဆက်ကြည့်ထား" ရွှယ်ယုံက ဖုန်းကို ငုံ့ကြည့်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ထပ်မဖွင့်မိတော့ပေ။


လမ်းများက သိပ်မကျပ်လှပေ။ လမ်းဆုံ သုံးခုကို ကျော်လာခဲ့ပြီးနောက် ဒရိုင်ဘာက အတည်ပြုပေးခဲ့သည်။ "ကျွန်တော်တို့နောက် လိုက်လာတာ 90% သေချာပါတယ်"


ကားတံခါးအပြင်ဘက်မှ နှင်းမှုန်များကြောင့် အဝါရောင် စွန်းထင်းနေသော လမ်းဘေးသစ်ပင်များကို ကြည့်၍ ရွှယ်ယုံ၏ မျက်လုံးများ နက်ရှိုင်းသွားပြီး ပို၍ ထက်မြလာသည်။


 "မြို့အနောက်ဘက်ကို မသွားနဲ့တော့... ချူအိမ်ကိုမောင်း"


သူက ဖုန်းကို အကြာကြီး တင်းကျပ်စွာ ကိုင်ထားသဖြင့် လက်ဆစ်များ ဖြူဖွေးလာသည်အထိပင်။ ထို့နောက် ဖုန်းကို ပြန်ဖွင့်ကာ မကြာခင်က သူရေးလက်စ စကားများကို ဖျက်လိုက်ပြီး အသစ်ပြန်ရေးလိုက်သည်။


[တောင်းပန်ပါတယ်... ကိုယ့်မှာ လုပ်စရာလေးတွေ ပေါ်လာလို့ အချိန်မီ မရောက်နိုင်တော့ဘူး]


ယွီနျန် မက်ဆေချ့်ရသောအချိန်၌ သီးသန့်စားသောက်ဆိုင်တွင် ရှန်းဝေ့နှင့် စကားပြောနေခြင်း ဖြစ်သည်။


 “ဦးလေးရှန်း ကျွန်တော် စာပို့လိုက်ဦးမယ်နော်”


ရွှယ်ယုံ ပို့လာသောစာကို နှစ်ကြိမ်ဖတ်လိုက်ပြီးနောက် သူ့အပြုံးတို့မှာ စိုးရိမ်မှုတို့ တဖြည်းဖြည်း ဝင်ရောက်လာပြီး စာပြန်ပို့လိုက်သည်။


 [ခင်ဗျား အခု ဘယ်မှာလဲ]


တစ်ဖက်လူက မြန်မြန် ပြန်ဖြေလာသည်: [လမ်းပေါ်မှာ]


ဆိုလိုတာက အစက သူလာဖို့ လုပ်ထားပေမယ့် လမ်းမှာ တစ်ခုခု ဖြစ်လို့ မလာဖြစ်တော့တာများလား...


အရင်တစ်ခေါက်က ရွှယ်ယုံ ပြောပြခဲ့ဖူးသည့်စကားများ၊ ကားတစ်စီး ကမ်းနားလက်ရန်းကို တိုက်မိပြီး မြစ်ထဲသို့ ထိုးကျသွားသော သတင်းနှင့် ရွှယ်ယုံ ထိုကားစီး၍ အိမ်ပြန်ဖို့ လုပ်ခဲ့ကြောင်းများကို ပြန်စဥ်းစားမိသွားသည်။


ယွီနျန် သတိမထားမိဘဲ မျက်မှောင်ကြုတ်လိုက်ပြီး ခပ်မြန်မြန် စာရိုက်လိုက်သည်။ 


"အဆင်ပြေပါတယ်... နောက်တစ်ကြိမ်မှ တွေ့လို့ ရတာပဲ .. အခု ဘယ်သွားမှာလဲ"


"ချူအိမ်ကို"


ယွီနျန် စဥ်းစားကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတို့ ကွေးတက်သွားပြီး စာရေးလိုက်သည်။ 


"သုံးနာရီအတွင်း... တစ်ယောက်ယောက်က ခင်ဗျား လက်မှတ်ထိုးတာကို စောင့်နေလိမ့်မယ်"


ယွီနျန် ခေါင်းမော့လာပြီး ရှန်းဝေ့ဘက်သို့ လှည့်၍ မေးလိုက်သည်။ "ဦးလေးရှန်း... မီးဖိုချောင်လေး ငှားသုံးလို့ရမလား"


ချူရှောင်းရန်က ရွှယ်ယုံထက် နောက်ကျမှ ရောက်လာခဲ့သည်။ သူအိမ်ထဲသို့ ဝင်လာသည်နှင့် အစေခံတစ်ယောက်ကို အဝတ်များ ချိတ်ရန် လှမ်းပေးလိုက်သည်။ ထို့နောက် "ဒေါက် ဒေါက် ဒေါက်" ဟူသော အသံဖြင့် အပေါ်ထပ်သို့ တက်လာကာ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေသော ရွှယ်ယုံကို တွေ့လိုက်ရသည်။ သူ၏ ဘေးဘက်မျက်နှာက ပန်းပုရုပ်ထုလို တောင့်တင်းနေသဖြင့် ချက်ချင်းပင် ပြောစရာစကားများ ပျောက်ရှသွားရသည်။ 


သို့သော်လည်း သူရောက်လာသည်ကို ကြားသောအခါ ရွှယ်ယုံ ခေါင်းလှည့်ကြည့်လာပြီး အရင်ဆုံး ပြောလာခဲ့သည်။ "မင်းပြန်လာပြီလား"


“အင်း... မင်းရဲ့ ဖုန်းရရချင်း ပြန်လာတာပဲ... လမ်းပေါ်မှာ ကားလမ်းပိတ်နေလို့ နောက်ကျနေတာ" 


ချူရှောင်းရန်က ရွှယ်ယုံနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ရေတစ်ခွက် လောင်းထည့်လိုက်သည်။ ရေခွက်ကြီးကြီး တစ်ခွက်က ရေဆာမှုကို ပြေပျောက်သွားစေသည်။ ရေသောက်ပြီးနောက် သူ့အသံအနေအထားက မတည်ငြိမ်သွားပေ။ 


"ဘာဖြစ်နေတာလဲ... မင်းနောက်လိုက်လာတာ တင်းကျောက်ရှန်ဘက်က လူလား"


ရွှယ်ယုံခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်သည်။ 


"မသေချာပါဘူး" သူက အလွန် ဒေါသထွက်နေပြီး ရွှယ်ယုံ ဂရုတစိုက် ရွေးထားသော လက်ကြယ်သီးများ၊ နာရီများနှင့် အဝတ်အစားများကို ကြည့်လိုက်သည်။ အဝတ်စားများ၏ မျက်နှာပြင်က အတွန့်အကြေ တစ်ခုမှပင် မရှိသဖြင့် ဤည တွေ့ဆုံရမည်ကို သူမည်မျှ တန်ဖိုးထားမှန်း သိနေခဲ့သည်။ 


သို့သော်လည်း ယခုတွင် ဤနေရာမှာသာ တစ်ကိုယ်တည်း ထိုင်နေရပြီး သစ်ပင်ရိပ်လေးများကိုသာ ကြည့်နေရသည်။


"တင်းကျောက်ရှန်က ဘာလို့ ဒီလောက် ဆိုးဝါးနေရတာလဲ" 

ချူရှောင်းရန် ဒေါသတကြီး ပြောလိုက်သည်။


 "ပြီးတော့ မင်း အချိန်စာရင်း ပြောင်းပြီး အိမ်စောစော ပြန်မိလိုက်တာနဲ့ နောက်ကနေ တိတ်တိတ်လေး လိုက်ကြည့်ခိုင်းလိုက်တယ်... သူ့မှာ အချိန်တွ ပေါနေတာလား"


"ငါသေသေချာချာ သတိမထားခဲ့မိဘူး" 


ရွှယ်ယုံက တရုတ်ရိုးရာခွက်လေးအတွင်းမှ ကြည်လင်နေသောရေများကို စိုက်ကြည့်နေရင်း သူ့မျက်လုံးများမှာ ဓါးတစ်ချောင်းသဖွယ် ထက်မြလာခဲ့သည်။


 "ငါက သူ့ရဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်ထောက် သုံးယောက်လုံးကို ပြည်ပဆီ လွှင့်ထုတ်လိုက်ပြီး နေရာတိုင်း ကန့်သတ်ထားလိုက်တယ်လေ... ပြီးတော့ သူ့လူယုံတွေထဲက တစ်ယောက်ကလည်း ငါ့ဆီ ခိုလှုံလာတော့ ငါ့ကို လုပ်ထားတဲ့ လှည့်ကွက်လေးတွေအားလုံး ကျရှုံးသွားတော့တာပေါ့... သူ ငြိမ်ငြိမ် ထိုင်နေနိုင်မှာ မဟုတ်ဘူး"


"ငါ အလျင်စလို မလုပ်ခဲ့သင့်ဘူး... ယွီနျန်ကို အလောတကြီး သွားမတွေ့သင့်ခဲ့ဘူး"

 

ချူရှောင်းရန်က သူအသံတိုးတိုးဖြင့် ပြောလာသော စကားများကို နားထောင်နေခဲ့သည်။ သူ့နှလုံးသားကို လေးလံလှသော တူကြီးနှင့် ထုမိနေသလိုပင် နေရခက်နေရသည်။ 


သူ့မျက်နှာကို ပွတ်လိုက်သည်။ 


"ဒါဆို... ယွီနျန် မင်းကို စိတ်ဆိုးသွားမလား... မင်းက သူ့ကို စိတ်ပျက်စေခဲ့တာလေ.. နောက်ဆို သူမင်းကို အပြင် မခေါ်တော့ဘဲ နေလိမ့်မယ်"


ယွီနျန်အကြောင်း ပြောသောအခါ ရွှယ်ယုံ၏ လေသံ နူးညံ့လာသည်။ 


"မဟုတ်ဘူး... သူက နောက်တစ်ခါမှပေါ့တဲ့"


"ဟုတ်ပြီ... ဟုတ်ပြီ" ချူရှောင်းရန် သူ့ ရင်ဘတ်ကို ပုတ်လိုက်ပြီး ရွှယ်ယုံကို နှစ်သိမ့်ပေးတော့မည်အပြု တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။


အစေခံလေးက တံခါးဝတွင် ရပ်နေပြီး တလေးတစား ပြောလိုက်သည်။ 


"သခင်လေး... သခင်လေးရွှယ်... တံခါးအပြင်ဘက်ကလူက သခင်လေးတို့ မှာထားတဲ့ ထုပ်ပိုးအစားအသောက်တွေ ရောက်လာပြီလို့ ပြောနေပါတယ်"


ချူရှောင်းရန် ကြောင်အသွားပြီး သေချာတွေးကြည့်နေတယ်။ "မှာတဲ့ အစားအသောက်လား... ငါမမှာမိဘူးလားလို့"


တစ်ဖက်မှ ရွှယ်ယုံ၏ မျက်လုံးများ ဝင်းလက်သွားပြီး အမိန့်ပေးလိုက်သည်။ "ယူလာခဲ့ပါ"


တစ်ခဏအကြာ များစွာသော အစားအသောက်ဘူးကြီးများကို ယူလာခဲ့ကြသည်။ အစေခံများက ရွှယ်ယုံကို ကြောက်ကြသဖြင့် ပစ္စည်းများ ချပြီးသည်နှင့် အသံတစ်သံမှ မထွက်ဘဲ ထွက်သွားပြီး တံခါးပိတ်ပေးထားခဲ့သည်။ 


ရွှယ်ယုံက အစားအသောက်ဘူးကို ဖွင့်လိုက်ပြီး ဟင်းပွဲများကို တစ်ခုပြီး တစ်ခု ထုတ်လိုက်သည်။ 


ချူရှောင်းရန်လည်း ဗိုက်ဆာလာရသည်။


 "အဲ့ဒီသီးသန့်စားသောက်ဆိုင်က အစားအသောက်တွေလား... အနံ့လေးက မွှေးလိုက်တာ... ဒါပေမယ့် ပန်းကန်တွေ ဓါးတွေ ချတာက နေရာမကျဘူး... ဆရာရှန်း ကိုယ်တိုင် လုပ်တာ မဟုတ်ဘူးထင်တယ်...

အလုပ်သင်တစ်ယောက် လုပ်ထားတာ ဖြစ်မလားပဲ"


သူ တူများကို ယူလိုက်ပြီး ပြောလိုက်သည်။ "ငါအရင်မြည်းကူပေးမယ်"


ရွှယ်ယုံ မျက်လုံးပင့်ကာ လေးလေးနက်နက် ပြောလိုက်သည်။


 "အားလုံး ငါ့ဟာတွေ... မင်းစားလို့ မရဘူး"


ချူရှောင်းရန်: “??”