အပိုင်း ၁၃၈
Viewers 15k

Chapter 138

စကြာဝဠာလှည့်ခရီးစဉ်


သူတို့ဂိမ်းအကောင့်များပိတ်ခံလိုက်ရထဲက သူတို့ကိုသူတို့ထုတ်ဖော်လိုက်ပြီးသားဖြစ်သွားလေသည်။


မူရွှမ်က သူမအတွက်ရည်ရွယ်ချက်တချို့ရှိနေကြောင်းသတိပြုမိလိုက်သည်။


တကယ်တမ်းတွင်သူမတွင် တကယ့်ချစ်မြတ်နိုးရသူများမရှိခဲ့ဖူးသလို သူမ၏နှလုံးခုန်နှုန်းများမြန်ဆန်လာသည်အထိခံစားစေခဲ့ဖူးသူများလဲမရှိပေ။


ထို့အပြင်သူတို့ကိုနမ်းဖို့သို့မဟုတ်တခြားတခုခုလုပ်ဖို့...အဟွတ်...အဟွတ် ...ထိုကဲ့သို့မသင့်လျော်သောအတွေးအမြင်မျိုးကို သူမ မလုပ်မှာသေချာပေသည်။ သူမတို့နှစ်ယောက်၏ကြားထဲမှပြောင်းလဲမှုကိုအလွယ်တကူပင်လက်ခံနိုင်ပြီး သူမကလဲသူ့ကိုသဘောကျနှစ်သက်ပေသည်။


သို့သော်လည်း မူရွှမ်ကစိုးရိမ်ပူပန်တတ်ပြီး ရှက်ရွံ့တတ်သူတ‌စ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။


"မူရွှမ် ငါ..."


"ဟမ်...စားလေ အစားစား..."


မူရွှမ်ကသူမစကားစလိုက်စဉ်မှာပင် သူမ၏ပန်ကန်လုံးကို ဆတ်ကနဲ ဆွဲလုလိုက်ပြီး ဘဲသွေးခဲသွားထည့်ပေးလိုက်သည်။ ယောင်စစ်အေးခဲသွားသည်။


သူမစားနေတာတောင်မှမကုန်သေးဘူးလေ.... ပြီးတော့ဒါကလဲ ဒီနေ့အဖို့...မူရွှမ်က Nကြိမ်မြောက် စကားလမ်းကြောင်းလွှဲပစ်ခြင်းဖြစ်သည်။ သူမတို့ ဂိမ်းထဲက ထွက်လာကတည်းက မူရွှမ်တစ်ယောက် မျက်လုံးချင်းဆုံကြည့်ရန်ကိုပင် လွှဲဖယ်နေခဲ့သည်။


သူက ကောင်းကင်ကြီးကိုသို့မဟုတ် ပန်းကန်ထဲမှဘဲသွေးခဲများကိုသာကြည့်နေပြီး သူမကိုတော့ တစ်ချက်မှကြည့်မလာပေ။ ထို့အပြင်သူ၏ဓာတ်မတည့်မှုအခြေအနေကလည်း မကြာခဏဆိုသလိုဖြစ်လာလေသည်။


အဲ့ဒီ့အမူအယာက သူရှက်နေလို့ဖြစ်လာတာလား...ဒါပေမဲ့ သူရှက်နေတာကဘာလို့အဲ့လောက်တောင်ကြာရတာလဲ.... သူတို့ဂိမ်းထဲကနေထွက်လာတာနှစ်ရက်တောင်ရှိသွားပြီလေ...သူမတောင်မှပဲ အသားကျသွားပြီ အဲ့တာကိုဘာလို့သူက...ခဏနေဦး...


သူမခေါင်းထဲ၌ထူးဆန်းသောအတွေးတခုဖြစ်ပေါ်လာသည်။


"မူရွှမ်  ဒါရှင့်ရဲ့ပထမဆုံးအနမ်းလား..."


သူမ လွှတ်ကနဲထုတ်မေးလိုက်လေသည်။


တစ်စုံတစ်ယောက်သောသူက တုန်ယင်သွားပြီး ပန်းကန်လုံးထဲထည့်နေသော ဘဲသွေးများပင်စားပွဲပေါ်သို့ဖိတ်စင်ကျသွား၏။ ထို့နောက်သူ့လည်ပင်း၏အနီရောင်က အလွန်လျှင်မြန်လှသောအရှိန်နှုန်းဖြင့် မျက်နှာဆီသို့ကူးပြောင်းသွားကာ ရဲရဲနီဆွေးသွားလေသည်။


"ငါ့မှာလုပ်စရာရှိနေသေးတယ် မင်းအရင်ဆုံးစားနှင့်လိုက်..."


မူရွှမ် ဘဲသွေးခဲပန်းကန်ကို စားပွဲပေါ်ချလိုက်ပြီး မျောက်မီးခဲကိုင်မိသလိုမျိုး သူ၏လက်များကို မဆေးတော့ပဲ အခန်းထဲမှ ချက်ချင်းထွက်သွားလေသည်။ သူက မလွတ်မြောက်မှာ စိုးရိမ်ပူပန်နေသည့်အတိုင်းပင်။


နေပါဦး....အတင်းအကြပ်နမ်းခိုင်းတဲ့ဟာကိုလျစ်လျူရှုလိုက်မယ်ဆိုရင်တော့ ဒါကသူတို့နှစ်ယောက်လုံးရဲ့ပထမအနမ်းပဲမဟုတ်ဘူးလား...


(⊙ o ⊙)


မူရွှမ်က သွေးစုပ်ဖုတ်ကောင်အဖြစ်နှစ်သန်းချီအောင်နေထိုင်ခဲ့ပြီးသွားပြီလေ...ဘယ်လိုလုပ်ပြီးတော့ ဒါကပထမအနမ်းဖြစ်နိုင်တော့မှာလဲ...သူ့မှာဘယ်လိုခံစားချက်မျိုးမှမရှိခဲ့သလိုလက်တွဲဖော်လေးတယောက်တောင်မှပဲ မရှိခဲ့ဖူးဘူးလား...ကြည့်ရတာက သူမဘာလို့ထီဆုကြီးပေါက်သလိုမျိုးဖြစ်နေရတာလဲ...


လွန်ခဲ့တဲ့ နှစ်ရက်လုံးသူက အထိတ်တလန့်နဲ့ရှက်ရွံ့နေတာက တခါမှအတွေ့အကြုံမရှိဖူးလို့ပေါ့လေ...


အကြီးအကဲများက သူ့ကိုနှစ်သန်းချီနေသောစင်ဂယ်ဒေါ့အိုကြီးဟုခေါ်လေ့အကြောင်းကိုသူမနားလည်သွားခဲ့လေပြီ။


"သူက တကယ့်ကိုဖြူစင်လိုက်တာ...."


သူမက သူ့ကို စနောက်ကျီစယ်ရန် အစီစဉ်ဆွဲလိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာခံစားချက်များ ပျံ့နှံ့သွားလေသည်။


သူမ အဲ့လိုလုပ်ချင်နေတယ်ဆိုမှတော့ ဘာမှနောက်ဆုတ်စရာအကြောင်းမရှိတော့ဘူး...သွားကြမယ် သူ့ကိုလိုက်ဖမ်းကြမယ်...


"မူရွှမ် ကျွန်မတို့စကားပြောကြရအောင်..."


သူမ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး မူရွှမ့်နောက်သို့ လိုက်သွားလိုက်သည်။


O(∩_∩)O


သို့သော် မူရွှမ်၏ရှက်ရွံ့နေရခက်နေသောပုံကို တွေ့ပြီးနောက် သူမဆက်မကျီစယ်နိုင်တော့ပေ။ နောက်တစ်နေ့၌ မူရွှမ်က သူ၏နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံပေါ်လေသည်။ သူ၏လည်ပင်းများက နီရဲနေသေးသော်လည်း တည်ငြိမ်နေပြီး သူမကိုပတ်ရှောင်ပုန်းမနေတော့ပေ။


"ဒါကဘာလဲ..."


ယောင်စစ် မူရွှမ်သူမဆီသို့ပို့လိုက်သောစာရွက်စာတမ်းများကိုလက်ညှိုးထိုး၍မေးလိုက်သည်။


"ဒါတွေအားလုံးက ခရီးစဉ်အချက်အလက်တွေလေ..."


 မူရွှမ် စာဖိုင်ကိုထိ၍ဖွင့်လိုက်ပြီးရှင်းပြလိုက်သည်။


"မင်းက အခုထက်ထိစကြာဝဠာကြီးနဲ့မရင်းနှီးသေးဘူးလေ...ဟုတ်တယ်မလား...ကျောင်းတော်ကြီးမှာအသိပညာဗဟုသုတတွေကိုသင်ကြားခဲ့ပြီးပြီဆိုပေမဲ့ အတွေ့အကြုံကမရှိသေးဘူး...အခုစကြာဝဠာရဲ့မတူကွဲပြားတဲ့ဒေသအမျိုးမျိုးကိုအလည်အပတ်ထွက်ဖို့အတွက်စီစဉ်ပြီးသွားပြီ..."


"ရှင်ပြောချင်တာက ငါတို့စကြာဝဠာတခွင် ခရီးထွက်ကြမယ်လို့လား..."


ယောင်စစ်၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမအမြဲတမ်းထိုကဲ့သို့လုပ်ချင်ဆုံးဖြစ်သည်။ သို့သော် မူရွှမ်ကတင်းကြပ်သောအုပ်ထိန်းမှုအောက်တွင် သူမကိုထိန်းချုပ်ထားခဲ့သည်။


ဟုတ်ပြီကွ.... အခုတော့ဒီလိုကောင်းမွန်တဲ့စိတ်ကူးမျိုးကိုရလာပြီပေါ့လေ...


" ဒါပေမဲ့...ရှင်မှာအနီရောင်ဂြိုလ်ပေါ်မှာလုပ်စရာကိစ္စတွေအများကြီးရှိနေသေးတယ်မဟုတ်လား...ရှင်တကယ်ပဲ ထွက်သွားလို့ရလို့လား အကြီးအကဲတွေရူးသွပ်မသွားနိုင်ဘူးလား..."


"အင်း..."


မူရွှမ်တည်ငြိမ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။


"ငါနှစ်ထောင်ချီအောင်ဆောင်းခိုသွားတုန်းက သူတို့အဆင်ပြေတယ်လေ...ဒီတော့ အခုလည်းသူတို့အဆင်ပြေလိမ့်မယ်...အားလုံးကိုသေသေချာချာပြင်ဆင်ပြီးသွားပြီ..."


ယောင်စစ်သည်လည်း ခရီးသွားလာခြင်းအပြင် အတွေ့အကြုံများကိုသင်ယူနိုင်ပြီဖြစ်သည်။ ၎င်းကစကြာဝဠာကျောင်းတော်ကြီးတွင် သင်ယူနိုင်သောအရာမျိုးမဟုတ်ပေ။ အရာရာအားလုံးကို သူမထိတွေ့ခံစားပြီးမျက်မြင်ကြုံတွေ့ရခြင်းက အကောင်းဆုံးပင်ဖြစ်သည်။


ထို့အပြင် ကျောင်းတက်နေသည့် နှစ်နှစ်တာကာလအတွင်းတွင် သူမ ဒုက္ခများစွာကိုတွေ့ကြုံခံစားခဲ့ရသည်။ ထို့ကြောင့်သူ၏ကလေးလေးကို ထိုနေရာတွင်တက်၍မနေခိုင်းတော့ရန်ဆုံးဖြတ်ချက်ချလိုက်သည်။


"ဘာနဲ့ပဲယှဉ်ယှဉ် မင်းကပိုအ‌ရေးကြီးတယ်..."


ယောင်စစ်၏ နှလုံးခုန်သံများ ထိန်းမရအောင်မြန်ဆန်နေပြီး သူမစိတ်အားထက်သန်စွာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။


"ဟုတ်ပြီ ဒါဆိုရင် ဘယ်တော့စထွက်ကြမလဲ ကျွန်မပြင်ဆင်ထုတ်ပိုးထားလိုက်မယ်..."


"မလိုပါဘူး...မင်းရဲ့ကွန်ပြူတာလက်ပတ်ထဲမှာ လိုအပ်သမျှအားလုံးထည့်ထားပေးပြီးသား..."


သူခေါင်းငုံ့၍ပြောလိုက်ပြီး လေးနက်လှသောအမူအယာကလဲပျော့ပျောင်းနူးညံ့နေသည် 


"အခု ဆိပ်ကမ်းကိုသွားကြစို့...ပထမဆုံးသွားရောက်လည်ပတ်တဲ့နေရာကရေနဲ့နီးစပ်တယ်...အဲ့ဒီ့အကြောင်းကိုသိချင်ရင်အချက်အလက်တွေထဲမှာနည်းနည်းလောက်ဖတ်ကြည့်ထားလို့ရတယ်..."


"ဟုတ်ပြီ..."

ယောင်စစ် မူရွှမ်ပြင်ဆင်ပေးထားသောအချက်အလက်များကိုကြည့်ပြီးနောက် သူ မည်မျှ ကြိုးစားပြင်ဆင်ပေးထားသည်ကို သတိပြုမိလိုက်သည်။


"ဒါကို ကျွန်မတို့ရဲ့ဟန်းနီးမွန်းခရီးလို့ သတ်မှတ်လိုက်ရမလား..."

ဟုတ်တယ်လေသူတို့က မင်္ဂလာဆောင်ပြီးသွားပြီပဲဟာ...


တံခါးဖွင့်ခါနီး လက်များက အေးခဲရပ်တန့်သွားသည်။


ခဏမျှအကြာမှ သူ အလောသုံးဆယ်တံခါးဖွင့်လိုက်ပြီးပြောလိုက်သည်။


"စစ်စစ် မနောက်နေနဲ့တော့... ယာဉ်ပျံကထွက်တော့မယ် နောက်ကျနေပြီ..."


ထို့နောက် တစ်ချက်မျှပင် ပြန်လှည့်မကြည့်မိပဲ ယောင်စစ်ကိုဆွဲထုတ်သွားလေသည်။


ငါ ဘာများပြောမိလို့တုန်း အဲ့လောက်လုပ်ဖို့လိုလို့လား...


.......


"အရှင်မင်းကြီးဘယ်သွားတာလဲ... ဘာလို့ သူ့ကိုဆက်သွယ်လို့မရတာလဲ....ပိုင်ရိ မင်းသူ့ကိုအိမ်မှာသွားတွေ့ခဲ့သေးလား..."


2 နာရီမျှကြာပြီးနောက်....အကြီးအကဲကော်မတီမှ တစ်စုံတစ်ယောက်ကမေးမြန်းလိုက်သည်။


"အဲ့မှာ ဘယ်သူမှမရှိဘူး သခင်မလေးလည်းမရှိဘူး..."


"ဒီမှာတွေ့ပြီ...သူတို့ အနီရောင်ဂြိုလ်ကနေ ထွက်ခွာသွားတဲ့အကြောင်းအသိပေးစာရရှိထားတယ်...ဒါပေမဲ့ သူတို့သွားရောက်ဖို့ စာရင်းပေးထားတဲ့ဂြိုလ်တွေက များလွန်းလို့ အခုလောလောဆယ်တော့ တည်နေရာအတိအကျကိုရှာမတွေ့သေးဘူး..."


"ဘာ...သူတို့က အနီရောင်ဂြိုလ်ကထွက်သွားတယ်ဟုတ်လား...ဒီလောက်အရေးတကြီးလုပ်စရာတွေအများကြီးရှိနေတဲ့အချိန်မှာ အရှင်မင်းကြီးကဘယ်လိုတောင်ထွက်သွားနိုင်ရတာလဲ ငါတို့ဘယ်လိုလုပ်ကြမလဲ..."


"ဘယ်သူသိနိုင်မှာလဲ ...အရှင်းမင်းကြီးမှာ သခင်မလေးနဲ့အတူတူ တက်ရောက်ရမဲ့ အရေးတကြီးကိစ္စတွေရှိလို့နေမှာပေါ့..."


"....." အကြီးအကဲများအားလုံး


"....." လီကျန်းနှင့်ပိုင်ရိ....


သူတို့နှစ်ယောက်သား ဂိမ်းထဲမှ အသိပေးချက်တစ်ခုကိုပြန်လည်အမှတ်ရသွားကြသည်။သို့သော်လည်း အသက်ရှင်လိုစိတ်ကပြင်းပြနေသည့်အတွက် မသိချင်ယောင်သာဆောင်နေလိုက်ကြသည်။


......


မူရွှမ့်လိုမျိုး ရှားမှရှားသည့် ကိုအိမ်ခင်က ယခုလိုမျိုးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး အားလပ်ရက်ခရီးထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။


ကျောင်းမှ သင်ကြားသော သင်ခန်းစာများထက် အတွေ့အကြုံမှရရှိသော အသိပညာများက သူမ၏ အသိညဏ်ကွက်လပ်ကိုဖြည့်ဆည်းနိုင်လိမ့်မည်ဟူသော သူ့ရဲ့အတွေးက မှန်ကန်ပေသည်။


ယခု သုတို့က အနီရောင်ဂြိုလ်နှင့်အနီးဆုံး အဏ္ဏဝါဒေသတစ်ခုဆီသို့ ဦးတည်သွားခဲ့ကြသည်။


မူရွှမ် သူမအတွက်ပြင်ဆင်ပေးထားခဲ့သော မှတ်စုများထဲတွင် မဟာမိတ်ခေတ်ဦးမတိုင်ခင်ထဲက ရေနေမျိုးနွယ်များနှင့် အာကာသမျိုးနွယ်ဟူ၍ ရှိခဲ့သည်။ထိုမျိုးနွယ်များက ညီညွတ်မျှတမှုနှင့် သဘာဝတရားကိုသာအလေးထားကြပြီး အဆင့်မြင့်နည်းပညာများနှင့် ကိုယ်ပိုင်စွမ်းရည်များမရှိသောသူများဖြစ်သည်။


ရေနေမျိုးနွယ်များက အဓိကအားဖြင့် ရေထဲတွင်သာနေထိုင်ကြသည်။ သူတို့က ကုန်းပေါ်တွင်လည်းသွားလာနိုင်ကြသော်လည်း ကမ်းခြေသို့တက်လာရသည်က သူတို့အတွက် ခက်ခဲလှသောစွန့်စားမှုတစ်ရပ်ဖြစ်နေပေသည်။


ထို့ကြောင့် ၎င်းတို့သည်မိခင်ဂြိုလ်မှထွက်ခွာခွဲသူများဖြစ်ပြီး ရှေးကျသောမျိုးနွယ်အဖြစ် မှတ်ယူနိုင်ပေသည်။


ယောင်စစ်တစ်ယောက် ရေထဲ၌သာတစ်ဘဝလုံးနီးပါးကုန်ဆုံးခဲ့သည့် ဒဏ္ဍာရီလာမျိုးနွယ်တစ်ခုကိုအမှတ်ရသွားမိသည်။ 

" သူတို့က ရေသူမတွေလား..."