🐍Chapter 64
ယင်ရှောင်ရှောင်းမှာ မော့တာယိ နောက်ပြောင်ခြင်း ရှိမရှိအား ဂရုမစိုက်ပေ။ တိုတိုပြောရလျှင် ထိုမော့တာယိအား သူလွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည် လုံးဝမဟုတ်ပေ။ မော့တာယိနှင့် နှစ်ကြိမ်တွေ့ခဲ့ရပြီး နှစ်ကြိမ်စလုံးတွင် ဤမြွေမှာ သူ့အား စော်ကားပြောဆိုခဲ့သည်။ ထို့ကြောင့် လွယ်လွယ်ခွင့်လွှတ်ရန် လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် ယင်ရှောင်ရှောင်းသည် သူ၏အမြီးဖြင့် မော့တာယိအား ညွှန်ပြလိုက်သည်။
“တဟေးတန်.. သူ့ကိုကိုက်ပေး..”
မော့လောင်တမှာ ယင်ရှောင်ရှောင်းပြောသည့် စကားများကို သေသေချာချာ နားထောင်သည်။ အရိပ်တစ်ခုကဲ့သို့ အရှေ့တိုးလာသဖြင့် မော့တာယိ ကြောက်လန့်တကြား ခုန်လိုက်ရသည်။ မော့လောင်တ သူ့ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ထွက်ပြေးတော့သည်။ ဤသည်မှာ အတော်လေး ဆိုးလှသည်။ မော့လောင်တသာ သူ့အား တကယ်ကိုက်လာမည့်ဆိုလျှင် သူ့အနေဖြင့် သေသွားမည် မဟုတ်သော်လည်း ရက်ပေါင်းများစွာ နေမကောင်းဖြစ်ပေလိမ့်မည်။ ယခုထွက်ပြေးနိုင်သည့်အချိန်တွင် ဘာလို့စောင့်နေရဦးမည်နည်း။
ယင်ရှောင်ရှောင်း နေရာတွင်ရပ်လိုက်ပြီး ဂုဏ်ယူစွာဖြင့် အမြီးယမ်းနေသည်။ သူ၏နားထဲတွင် မော့တာယိ၏ ‘မှားပါတယ်.. မလိုက်ပါနဲ့တော့.. ငါတကယ်နောက်တာပါ..’ စသည့်အသံများဖြင့်သာ ပြည့်လို့နေသည်။ ယင်ရှောင်ရှောင်း၏ အမူအရာမှာ အလွန်အမင်း ကျေနပ်အားရနေဟန်ရှိသည်။
မော့လောင်တ၏ လိုက်ဖမ်းခံနေရသည့် မော့တာယိမှာ ပုန်းအောင်ရာမှ ပေါ်မလာတော့ပေ။ ယင်ရှောင်ရှောင်းသည် မော့တာယိ၏ ကံဆိုးမှုအား မမြင်ရတော့သဖြင့် အလွန်ဝမ်းနည်းနေမိသည်။ မော့တာယိ ပျောက်ကွယ်သွားသည်ကိုသာ စိတ်မပါစွာဖြင့် ကြည့်နေလိုက်သည်။
“ဟွန့် ဟွန့်... ကောင်လေး... နောက်တစ်ကြိမ် ငါ့ရှေ့မှာ မင်းပေါ်လာတဲ့အထိ စောင့်နေမယ်... တဟေးတန်က မင်းကို အကြိမ်ပေါင်းများစွာ ကိုက်လိမ့်မယ်...”
ခရီးတစ်လျှောက်တွင် မော့လောင်တသည် အလွန်စကားနည်းသည်မှာ ထင်ရှားသည် (သူအရင်က စကားများများစားစား မပြောသော်လည်း…) ၊ ယင်ရှောင်ရှောင်း သည် ထိုအရာကို အကြိမ်များစွာမြင်သောအခါ မော့လောင်တမှာ တစ်ခုခုတွေးနေပုံရပြီး ယင်ရှောင်ရှောင်း အနည်းငယ် စိုးရိမ်နေမိသည်။
သူ့ကိုထောက်ခံတဲ့မြွေ မရှိလို့ တဟေးတန်က အိမ်မပြန်နိုင်ဘဲ ဒုက္ခရောက်နေတာများလား..
အိမ်ပြန်ရောက်သောအခါ ပုစ္ဆာ၏အဖြေကို ဖော်ထုတ်နိုင်ခဲ့သည်။ မော့လောင်တ၏ အမူအရာသည် လမ်းပေါ်တွင် သူဖြစ်ခဲ့သော ချီတုံချတုံနှင့် မပြတ်မသား ဖြစ်မှုတို့ မရှိတော့ပေ။ မော့လောင်တ သည် အိမ်ပြန်ရောက်ကတည်းက အဆက်မပြတ်စိတ်လှုပ်ရှားနေသော ယင်ရှောင်ရှောင်း အား လေးနက်သောလေသံဖြင့် အော်ခေါ် လိုက်သည်။
“ရှောင်ရှောင်း... ကိုယ်မင်းကို တစ်ခုပြောချင်တယ်...”
“ဟင်... အဲဒါဘာလဲ...”
ယင်ရှောင်ရှောင်း အတော်လေး စဉ်းစားကြည့်သော်လည်း မော့လောင်တ ဘာပြောချင်မှန်း မသိနိုင်ပေ။
“ကိုယ်တို့ ချောက်ကမ်းပါးအောက်ကို သွားရအောင်..”
“ချောက်ကမ်းပါးအောက်ကိုလား..”
ယင်ရှောင်ရှောင်း နားမလည်နိုင်တော့ပေ။
“ကျွန်တော်တို့ ပြန်လာတာ သိပ်မကြာသေးဘူးလေ... အခု ပြန်သွားကြမလို့လား..”
“ဟုတ်တယ်...”
မော့လောင်တက ခေါင်းညိတ်လိုက်သည်။
“ကိုယ်.. ကိုယ့်မှာ ကိစ္စလေးတစ်ခု လုပ်စရာရှိလို့ ချောက်ကမ်းပါးအောက်ကို သွားချင်တယ်..”
“…အာ၊ ကောင်းပြီ... အဲဒီချောက်ကမ်းပါးအောက်ကို သွားကြမယ်... ဒဏ္ဍာရီလာ မြွေတွေကို သွားကြည့်ရတာ တော်တော်ကောင်းပါတယ်...”
ယင်ရှောင်ရှောင်းသည် မော့လောင်တ မည်သည်ကြောင့် ချောက်ကမ်းပါးအောက်သို့ သွားလိုသည်ကို မမေးခဲ့ပေ။ ယင်ရှောင်ရှောင်းအတွက် မော့လောင်တ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ မော့လောင်တ ဂရုစိုက်သည့်အရာမှာ ယင်ရှောင်ရှောင်းအား ထိခိုက်မှု မရှိစေရန်သာဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သည်ကြောင့် ချောက်ကမ်းပါးအောက်သို့ သွားမည်ကို သိဖို့ရန် မလိုအပ်ပေ။
တစ်ခါတစ်ရံတွင် ယင်ရှောင်ရှောင်း အနေဖြင့် မော့လောင်တနောက်တွင် ရှိပြီး မော့လောင်တကို ချွင်းချက်မရှိ ပံ့ပိုးပေးရန်သာ လိုအပ်လေသည်။
မော့လောင်တသည် အချိန်အတော်ကြာသည်အထိ သူ၏စိတ်ကို မပြင်ဆင်နိုင်ခဲ့ပေ။
“ဟုတ်တယ်.. အဲဒါဆိုရင်လည်း ကိုယ်တို့ မနက်ဖြန်မနက် သွားကြတာပေါ့..”
ယင်ရှောင်ရှောင်း က ဒါကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
“မနက်ဖြန်မနက်သွားဖို့ အဆင်မပြေဘူး..”
“ဘာဖြစ်လို့လဲ...”
ယင်ရှောင်ရှောင်း က သူ့အမြီးကို အသုံးပြုပြီး မြေပြင်ကို ကုတ်လိုက်သည် ။
"မင်ရှဲ အတွက် ရတနာ တောင်းဖို့..."
တစ်ကြောင်းဆွဲလိုက်သည်။
"မာပန်ရှဲ အတွက် ယုန်တကောင်ကို ယူဆောင်လာဖို့ "
နောက်တစ်ကြောင်းဆွဲလိုက်သည်။ ထို့နောက် စဉ်းစားပြန်သည်။
“ဒါပဲ၊ ဒီနှစ်ခုပဲရှိတယ်...တကယ်ဆို ဒီလောက်ကြာမှာမဟုတ်ဘူး...”
မော့လောင်တ၏ ပါးစပ်ထောင့်များ မဲ့သွားသည်။
“ရတနာတွေအတွက်ကတော့ ခဏနေရင် ကျိခန်းကို သွားမေးကြည့်လိုက်လေ.. ယုန်ကတော့ ထူးဆန်းတဲ့ မြွေတွေရဲ့ နယ်မြေနားရောက်ရင် ကိုယ်ဖမ်းလိုက်မယ်လေ..”
ယင်ရှောင်ရှောင်း သေချာဆင်ခြင်၍ တွေးတောပြီးနောက်တွင် မော့လောင်တပြောသည်အား ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် မော့လောင်တ သားကောင်ရှာရန် ထွက်သွားပြီး ယင်ရှောင်ရှောင်းသည်လည်း ကျိခန်းထံတွင် ရတနာတောင်းယူရန် ထွက်သွားခဲ့သည်။
ကျိခန်း၏ အသိစိတ်နယ်ပယ်အတွင်းသို့ ဝင်ပြီးသည်နှင့် ယင်ရှောင်ရှောင်း ကျယ်လောင်စွာ အော်လိုက်သည်။
"ကျိခန်း၊ ကျိခန်း... ငါဝင်လာချင်လို့.."
ကျိခန်း က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ဒီအပေါက်လေးကို ဘယ်တော့မှ မပိတ်ထားဘူးမဟုတ်လား... မင်းဝင်ချင်ရင် ဝင်လာလိုက်လေ... ဘာဖြစ်လို့ ကိုယ့်ကို အကြောင်းကြားနေတာလဲ..."
ယင်ရှောင်ရှောင်း သင်္ချိုင်းဟောင်းထဲသို့ ဝင်သွားသောအခါ ကျိခန်းသည် ယင်ရှောင်ရှောင်း၏ နံဘေး၌ ရုတ်တရက် ပေါ်လာသည်။
“ရှောင်ရှောင်း.. မင်းပုံစံကို ကြည့်ရတာ အခုလေးတင်မှ ပြန်ရောက်လာတာ မဟုတ်ဘူးလား.. ပြန်ရောက်ရောက်ချင်း အနားမယူဘဲ ဘာဖြစ်လို့ ကိုယ့်ဆီကို လာရတာလဲ..”
ယင်ရှောင်ရှောင်း ရူးနှမ်းနှမ်း ရယ်မောလိုက်သည်။ နောက်ဆုံးတွင် ဤနေရာ၏ သခင်ထံမှ ပစ္စည်းများ တောင်းရန်လာသည့်အတွက် သူ၏အပြုအမူမှာလည်း ကောင်းမွန်သင့်သည်။
“အဲဒါက.. ကျိခန်း.. အာ.. မင်းချောက်အောက်မှာနေတဲ့ မင်ရှဲကို သိတယ်မလား..”
“သိတာပေါ့.. ကိုယ်ပဲမင်းကို ပြောလိုက်တာလေ..”
ကျိခန်း က ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်ရှဲက ရတနာတွေကို စားတယ်ဆိုတာလည်း မင်းသိတယ်ပေါ့..."
ကျိခန်း ခေါင်းညိတ်ပြပြန်သည်။
“ဪ.. မင်ရှဲက ရတနာတွေအကုန်လုံးကို စားပြီးသွားပြီလေ.. မင်းငါ့ကို နည်းနည်းလောက် ယူသွားခွင့်ပြုပါလား.. ဒီတောင်မှာ မင်းတစ်ယောက်တည်းမှာပဲ ရတနာတွေ ရှိတာကြောင့် မင်းဆီလာခဲ့တာ..”
“အိုး...”
ကျိခန်း က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ရတယ်လေ.. မင်းလိုချင်တာ ယူသွားလိုက်.. ဒီပစ္စည်းတွေက ကိုယ့်အတွက်လည်း အသုံးမှ မဝင်တာ.. ကျိကျောက်ကလည် ရတနာတွေကို မင်ရှဲအတွက် ချန်ထားခဲ့တယ်ဆိုတာ သေချာတယ်..”
“ဟုတ်ကဲ့...”
ယင်ရှောင်ရှောင်း က သူ့အမြီးကိုသုံးပြီး ခေါင်းကိုကုတ်လိုက်သည်။
“မင်ရှဲက ရတနာတွေကို သုံးလို့ကုန်သွားပြီဆိုတော့ အတော်လေးကြာပြီ ဖြစ်ရမယ်..”
"အင်း.. အဲဒီလိုပေါ့.."
ကျိခန်း တွေးလိုက်သည်။
“မင်ရှဲက မြန်မြန်ကြီးထွားဖို့အတွက် ကျောက်စိမ်းစားချင်ခဲ့တာကို ငါမှတ်မိသေးတယ်.. ပင်မသင်္ချိုင်းအခန်းထဲမှ အဖိုးတန်ကျောက်စိမ်းတွေ အများကြီးရှိတယ်.. မင်းကြိုက်တာကို ရွေးပြီး သူ့အတွက် ယူသွားပေးလိုက်ပေါ့..”
ယင်ရှောင်ရှောင်း အမြီးယမ်းပြီး ခပ်တည်တည် ပြောလိုက်သည်။
“မဟုတ်ဘူး.. သူ့ကို ကျောက်စိမ်းမပေးနဲ့.. တခြားတစ်ခုခုလည်း အဆင်ပြေတယ်.. မင်းရဲ့ညာဘက် သင်္ချိုင်းခန်းထဲက ရွှေငွေတွေကို လာယူတာ..”
ကျိခန်း : “…”
ကျိခန်း က စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ကျေးဇူးပြုပြီး... ဒါတွေက ငါပိုင်တဲ့အရာတွေဆိုတာ သိသာပါတယ်... ဘာလို့သူတို့ကို မင်းပိုင်သလို လုပ်နေရတာလဲ...”
ယင်ရှောင်ရှောင်း သင်္ချိုင်းခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ကျိခန်း ယင်ရှောင်ရှောင်းနောက်မှ အော်လိုက်သည်။
“ရှောင်ရှောင်းရေ.. ဘာဖြစ်လို့ အဲလောက်တောင် အလျင်လိုနေရတာလဲ.. ထွက်သွားပြီး ပြန်လာတဲ့အထိ စောင့်ပါဦး.. ကိုယ်ပြောထားတာကို ပြန်မပြင်ပါဘူးကွ..”
ခန္ဓာကိုယ်တစ်ဝက်ကျော် သင်္ချိုင်းခန်းအတွင်း ဝင်နေပြီဖြစ်သည်။ ယင်ရှောင်ရှောင်သည် ကျန်နေသည့် အမြီးပိုင်းလေးဖြင့် ညွှန်ကာ အော်ပြောလာသည်။
“မနက်ဖြန်မနက်ခင်း သွားကြမှာလေ.. မနက်အစောပိုင်းပဲ.. ချောက်ကမ်းပါးအောက်ခြေကို သွားမှာ..”
ကျိခန်း : "..."
နောက်ဆုံးတွင် ယင်ရှောင်ရှောင်းသည် လူကြီးတစ်ဦး၏ လက်သီးဆုပ်အရွယ်ရှိသည့် ရွှေတုံးတစ်တုံးနှင့် ပတ္တမြားနှစ်လုံးအား ရွေးချယ်လိုက်သည်။ သူရွေးထားသည့် ရတနာများအား ဆွဲကာဖြင့် ယင်ရှောင်ရှောင်း အိမ်ပြန်လာပြီး မော့လောင်တ ယုန်ကင်နေသည်နှင့် ကွက်တိပင် ဖြစ်သည်။ ယင်ရှောင်ရှောင်းသည် ရတနာများကို ဘေးသို့ဖယ်ကာ ပျော်ရွှင်စွာဖြင့် စားသောက်လေသည်။
ကောင်းမွန်စွာ အိပ်စက်ပြီး နောက်တစ်နေ့ မနက်စောစောတွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ချောက်ကမ်းပါးအောက်သို့ ခရီးဆက်ကြလေသည်။ ရွှေနှင့် ပတ္တမြားတို့မှာ မော့လောင်တ၏ အမြီးတွင် ရစ်ပတ်ဆုပ်ကိုင်ထားသည်။
ချောက်ကမ်းပါးအောက်ခြေသို့မဝင်မီ မော့လောင်တသည် အမှန်တကယ်ပင် ယုန်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ ယုန်ကို ခြေထောက်နှစ်ဖက်စလုံးတွင် ကိုက်ပြီးနောက် မော့လောင်တသည် ယုန်ကို ချောက်ကမ်းပါးအောက်ခြေသို့ သွားရန် ခြိမ်းခြောက်ခဲ့သည်။ နာကျင်စွာ တုန်လှုပ်နေသော ယုန်သည် နာကျင်မှုကို ခံနိုင်ရည်ရှိကာ ကြောက်ရွံ့ထိတ်လန့်ပြီး ချောက်ကမ်းပါးအောက်ခြေသို့ သွားသည်။ ၎င်း၏အမြီးတွင် ရွှေနှင့် ပတ္တမြားများ ဆုပ်ကိုင်ထားသော မော့လောင်တသည် ယုန်နောက်မှ လိုက်လာခဲ့သည်။
ချောက်ကမ်းပါးအောက်သို့သွားသည့် ခရီးတစ်လျှောက်လုံးမှာ ချောချောမွေ့မွေ့ပင် ဖြစ်သည်။ ထူးဆန်းသည့်မြွေများမှာ ထွေထွေထူးထူး လုပ်ဆောင်ရန်များ မရှိပုံရပြီး မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ချောက်ကမ်းပါးအောက်သို့ရောက်ပြီး မကြာမီမှာပင် ချက်ချင်းဆိုသလို ကောရှဲနှင့် ထိပ်တိုက်တိုးလေသည်။ များမကြာမီမှာပင် ထူးဆန်းသည့်မြွေများ တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြတော့သည်။
သို့သော် ခြေထောက်နှစ်ဘက်လုံးတွင် ဒဏ်ရာရနေသည့် သနားစရာ ယုန်လေးမှာ တုန်လှုပ်လို့နေသည်။
“အမလေး.. အမေရေ.. သားကို ဘီလူးကြီးတွေ ဝိုင်းထားကြတယ်.. ဝသဖ.. ငါလေးက ယုန်လေးတစ်ကောင်ပါနော်.. ဘာလို့များ အခုလို ဆက်ဆံကြတာတုန်း..”
ယုန်ကိုမြင်သည့်အခါတွင် မာပန်ရှဲမှာ ချက်ချင်းဆိုသလို စိတ်ဝင်စားမှု မရှိတော့ပေ။ ဤမျှလောက် ကြီးမားသည့်အရာမှာ သူ၏သွားကြားထဲမှာပင် ညပ်နေမည် မဟုတ်ချေ။ (တမင်ချဲ့ကားပြောခြင်း) သို့သော် ယင်ရှောင်ရှောင်း၏ ‘ငါက စမ်းသပ်မှုတွေ ဒုက္ခတွေ ဖြတ်ကျော်ပြီး ယုန်အရှင်တစ်ကောင် ယူလာခဲ့ပေးတာတောင် မင်းက မကျေနပ်ဘဲ ဇီဇာကြောင်နေတယ်ပေါ့..’ ဟူသည့် အမူအရာကြောင့် မာပန်ရှဲ ယုန်အား တစ်ကျိုက်တည်း မြိုချလိုက်သည်။ သူ၏လည်ချောင်းမှာ ယုန်ထက်ပိုကြီးနေသည်။
ယင်ရှောင်ရှောင်းသည် ရွှေနှင့်ပတ္တမြားအား မင်ရှဲဆိုသို့ ယူဆောင်သွားသည်။ လေသံမှာလည်း အနည်းငယ် တောင်းပန်လိုဟန်ရှိသည်။
“တကယ်က အခုထက်ပို ယူလာမလို့ပါ.. ဒါပေမဲ့ ခန္ဓာကိုယ် အခြေအနေအရ အကန့်အသတ်နဲ့ ရှိနေတာ.. အဲဒါကြောင့် ဒီလောက်ပဲ ယူလာနိုင်တယ်.. ဒါပေမဲ့ စိတ်မပူပါနဲ့.. နောက်ထပ်လာလည်ရင် ပိုယူလာပါမယ်..”
ချောက်ကမ်းပါးအောက်ခြေသို့ ရောက်သည့်အခါတွင် ယင်ရှောင်ရှောင်းသည် ရွှေတုံးအား သူ၏အမြီးဖြင့် ယူဆောင်လာခဲ့သည်။
“ကိစ္စမရှိဘူးရယ်... ဒါတွေကို ချေဖျက်ဖို့တောင် တစ်နှစ်ခွဲလောက် ကြာမှာ...”
ဟိုလီရှစ်! ဒီ ရွှေတစ်ပိုင်းနဲ့ ပတ္တမြားနှစ်လုံးကို ချေဖျက်ဖို့ တစ်နှစ်ခွဲပဲကြာမယ် ဟုတ်လား.. ဒီထောင်စုနှစ်တွေမှာ မင်ရှဲက ရတနာဘယ်လောက်တောင် စားပစ်ခဲ့တာတုန်း.. ကျိကျောက်က အလကားပဲ.. အမှိုက်ကောင်..
အာလာပသလ္လာပ ပြောဆိုပြီးသည့်နောက်တွင် မော့လောင်တသည် စကားပြောရန် ရှုံးဟွီအား အဝေးသို့ ခေါ်ဆောင်သွားသည်။ မြွေနှစ်ကောင်မှာ တီးတိုးပြောနေကြပြီး ယင်ရှောင်ရှောင်းမှာလည်း သူတို့ မည်သည့်အကြောင်း ဆွေးနွေးနေကြမှန်း မသိပေ။ ထို့နောက် သူတို့ပြန်ရောက်လာသည့်အခါတွင် ရှုံးဟွီသည် ယင်ရှောင်ရှောင်းအား အနည်းငယ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လာသည်။
“ရှောင်ရှောင်းရေ.. ဒီတစ်ခါတော့ နည်းနည်းပိုကြာအောင် နေနော်..”
ရှုံးဟွီ ပြောသည်။
ယင်ရှောင်ရှောင်း သည် မော့လောင်တ ကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။ အသွင်အပြင်မာကြောစွာဖြင့် မော့လောင်တလည်း ယင်ရှောင်ရှောင်းကို တိုက်ရိုက်ကြည့်လိုက်သည်။ မော့လောင်တသည် အရေးကြီးသောအရာကို ပြုလုပ်ရန် ချောက်ကမ်းပါးအောက်ခြေသို့ လာလိုသည်ဟု ယင်ရှောင်ရှောင်းအား ပြောခဲ့သည်ကို တွေးတောမိခဲ့သည်။ ထို့နောက် ယင်ရှောင်ရှောင်း က ပြန်ဖြေသည်။
“ကောင်းပြီ”