အပိုင်း ၆၅
Viewers 13k

🐍Chapter 65



ထူးဆန်းသောမြွေများ၏ စိတ်အားထက်သန်စွာ ကူညီပေးမှုကြောင့် မမှောင်ခင်မှာပင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ တစ်ညတာနေထိုင်ရန် ဂူတစ်ခု ရှာတွေ့ခဲ့သည်။ တောင်ပေါ်ရှိ သူတို့အိမ်ကဲ့သို့ပင် ဤဂူသည်လည်း ယင်ရှောင်ရှောင်းအား အလွန်ကျေနပ်စေသည်။

နေဝင်ဆည်းဆာချိန်သို့ ရောက်သည့်အခါတွင် ထူးဆန်းသောမြွေများ တစ်ကောင်ပြီးတစ်ကောင် ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် ယင်ရှောင်ရှောင်းသည် လိုဏ်ဂူအတွင်းရှိ ပတ်ဝန်းကျင်အသစ်အား အရာအားလုံး လိုက်လံစစ်ဆေးကြည့်ပြီး အရာအားလုံး အလွန်ပုံမှန်ဖြစ်သည်ကို သိလိုက်ရသည်။

ယင်ရှောင်ရှောင်အား ဘေးတစ်ဘက်မှ အချိန်အတော်ကြာ စောင့်ကြည့်နေသည့် မော့လောင်တ ရုတ်တရက်ခေါ်လိုက်သည်။

"ရှောင်ရှောင်း ဒီကိုလာ..."

ယင်ရှောင်ရှောင်းသည် မော့လောင်တအား ပဟေဠိဆန်စွာ ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို မော့လောင်တနံဘေးသို့ ပြေးသွားလိုက်သည်။

ထူးဆန်းတယ်နော်..။ တဟေးတန်က ဘာဖြစ်လို့ အရင်ကလို အရူးပေါက်လေးလို့ မခေါ်ဘဲ ရှောင်ရှောင်းလို့ ခေါ်ရတာလဲ..

“ဒီဂူကိုကြိုက်လား..”

မော့လောင်တ ဖွဖွလေးပြုံးလျက်နှင့် နူးညံ့စွာ မေးလေသည်။

ယင်ရှောင်ရှောင်း တုန်လှုပ်သွားသည်။ ဤကဲ့သို့ နူးညံ့ပျော့ပျောင်းသည့် မော့လောင်တအား နေသားမကျပေ။

“ဒါက ဆိုးတော့မဆိုးပါဘူး..”

မော့လောင်တ စကားပြောခြင်းအား ခေတ္တမျှရပ်လိုက်ပြီး နောက်မှ ဆက်ပြောသည်။

“ကိုယ်တို့ ဒီချောက်ကမ်းပါးအောက်မှာ အချိန်အတော်ကြာ နေရလိမ့်မယ်.. မင်းဒီဂူကို သဘောကျတယ်ဆို ကောင်းပါတယ်..”

ယင်ရှောင်ရှောင်း : “အိုး”

“ကိုယ်.. ကိုယ်က ကိစ္စတစ်ချို့ ကိုင်တွယ်ဖြေရှင်းရမှာမို့ မင်းက ကိုယ်နဲ့မလိုက်သင့်ဘူး..”

မော့လောင်တ အချိန်အ‌တော်ကြာ တိတ်ဆိတ်ပြီးနောက် ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်နေသော်လည်း ထိုအပြုံးကပင် ပို၍တောင်းပန်နေဟန် ရှိသည်။

“အာ.. ဘာလို့လဲ...”

ယင်ရှောင်ရှောင်း စိုးရိမ်တကြီး မေးလိုက်သည်။

တဟေးတန် ဘာတွေတွေ့နေတာလဲ.. သူက မြွေတစ်ကောင်နဲ့ သွားချတော့မလို့လား..

မော့လောင်တ ယင်ရှောင်ရှောင်းနှင့် မျက်လုံးချင်းမဆုံဘဲ ဂူကြမ်းပြင်သို့သာ ကြည့်နေလေသည်။

“ကိုယ် စိတ်မကောင်းပါဘူး.. ဒါပေမဲ့ ထူးဆန်းတဲ့မြွေတွေက မင်းကို ဂရုစိုက်ကြမှာပါ..

မော့လောင်တ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် ယင်ရှောင်ရှောင်း၏ နဖူးလေးအား နမ်းလိုက်သည်။

“ကိုယ်ကတိပေးတယ်နော်.. ကိုယ်မင်းဆီကို တတ်နိုင်သလောက် အမြန်ဆုံးပြန်လာခဲ့မယ်..”

ယင်ရှောင်ရှောင်း ဖယ်ကြဉ်ခံရသလို ခံစားနေရသည်။ မည်သို့ပင်ဆိုစေ ယင်ရှောင်ရှောင်းမှာ မော့လောင်တသည် မည်သည့်ကိစ္စအား ကိုင်တယ်ဖြေရှင်းရန်အတွက် သူ့အား ချန်ထားခဲ့လိုကြောင်း မတွေးနိုင်တော့ပေ။

“ရှုံးဟွီက မင်းကို စားစရာရှာပေးလိမ့်မယ်.. မီးဖိုနည်းကိုလည်း သူ့ကိုပြောပြထားပြီးသားနော်.. အပြန်ကျရင် မင်ရှဲအတွက် ရတနာတွေလည်း ယူလာခဲ့ပေးမယ်..”

မော့‌လောင်တ က ဆက်လက်ပြောပြသည်။

“‌ချောက်ကမ်းပါးအောက်မှာ မော့မြွေတွေရဲ့ အန္တရာယ်တော့ မရှိပေမဲ့ အဲဒီ ကြီးမားတဲ့ တိရစ္ဆာန်တွေက မင်းဖြေရှင်းနိုင်တဲ့အရာ မဟုတ်ဘူးနော်.. အဲဒါကြောင့် မင်းအနားမှာ ထူးဆန်းတဲ့ မြွေတွေ မရှိဘူးဆိုရင် ဂူထဲကနေ အလျင်စလို ထွက်မသွားတာ ပိုကောင်းမယ်..”

“တကယ်ပြန်လာမှာလားဟင်..”

ယင်ရှောင်ရှောင်း မော့လောင်တအား စကားဖြတ်မေးလိုက်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ မေးခွန်းအား ချက်ချင်းပြန်မဖြေပေ။ အချိန်အတော်ကြာ တုံ့ဆိုင်းတိတ်ဆိတ်ပြီးနောက်မှ တီးတိုးဆိုလာသည်။

“သေချာပေါက် ကိုယ်ပြန်လာမှာပေါ့..”

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ စကားကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ မော့လောင်တ မည်သည့်ကိစ္စရှိသည်ကို ယင်‌ရှောင်ရှောင်း မသိသော်လည်း အဖြေမပေးခင် မည်သည်ကြောင့် တုံ့ဆိုင်းနေခဲ့သနည်း ဆိုသည်ကိုလည်း မမေးချင်ခဲ့ပါ။ မော့လောင်တ၏ ပါးစပ်မှနေ သူပြန်လာမည်ဟု ဆိုနေသရွေ့ သေချာ‌ပေါက် ပြန်လာလိမ့်မည်ဟု ယင်ရှောင်ရှောင်း ယုံကြည်ပါသည်။

“ကျွန်တော် စောင့်နေပါ့မယ်.. ခင်ဗျားပြန်မလာဘူး ဆိုရင်တောင် ကျွန်တော် စောင့်နေမှာပါ..”

မော့လောင်တ တုန်ယင်သွားပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးအား သူ၏ကိုယ်လုံးနှင့် ထွေးပွေ့လိုက်သည်။

“ကိုယ်က မင်းလေးကို ဘယ်လိုနှလုံးသားနဲ့ အကြာကြီး စောင့်ခိုင်းရမှာလဲကွာ..”

“တဟေးတန်.. ခင်ဗျား စောစောပြန်လာရမယ်နော်..”

“သေချာတာပေါ့...”

နောက်တစ်နေ့ မနင်စောစောတွင် ယင်ရှောင်ရှောင်း နိုးလာသည်။ ဂူထဲတွင် မော့လောင်တ၏ ခြေရာများ မရှိတော့ချေ။ ယင်ရှောင်ရှောင်းသည် အပြင်ဘက်ရှိ တောက်ပပြီး လှပသည့် နေရောင်ခြည်အား ငေးကြည့်မိသော်လည်း ရုတ်တရက်ဆိုသလို ကမ္ဘာကြီးမှာ မှုန်မှိုင်းသွားသည်ဟု တွေးထင်မိသည်။

ဪ.. တကယ်ကြီး ဒီလိုမျိုးပေါ့.. အခုလေးပဲ တဟေးတန်က သူ့ကိုထားခဲ့တာကို ဘာဖြစ်လို့ အရမ်းဝမ်းနည်းနေမိတာလဲ..

ယင်ရှောင်ရှောင်းသည် တဟေးတန် ပြန်လာသည့်အချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ‘တဟေးတန်.. ကျွန်တော် ခင်ဗျားကို သဘောကျတယ်’ ဟု ပြောရန် သူ၏နှလုံးသားထဲမှ တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

“ရှောင်ရှောင်းရေ.. မင်းဒီနေ့ တစ်ခုခု စားမလား..”

မြွေတစ်ကောင် လျောတိုက်ဝင်လာသည်။

ယင်ရှောင်ရှောင်း အသံကြားရာနိုင်သို့ ကြည့်လိုက်သည်။ အိုး.. ထိုမြွေမှာ ရှုံးဟွီ ဖြစ်သည်။ တဟေးတန် အရွယ်အစားလောက်နှင့် ရှုံးဟွီပင်။


ယင်ရှောင်ရှောင်း ခေါင်းခါလိုက်သည်။

“ဗိုက်မဆာဘူး...”

ရှုံးဟွီ က သူ့နားလည်မှုကိုပြသရန် ခေါင်းညိတ်ပြပြီး စိတ်မသက်မသာဖြင့် လှည့်လိုက်သည်။

“အာ.. သေးသေးလေး ဖြစ်လာဖို့ ရွေးချယ်လိုတာက အတော်လေး ခက်ခဲတာပဲ.. ငါတို့လို ထူးဆန်းတဲ့မြွေတွေက အရွယ်အစားကို ပြောင်းလဲနိုင်ပေမဲ့ ဘယ်ထူးဆန်းတဲ့မြွေကမှ အဲလို သေးသေးလေးအဖြစ် ပြောင်းလဲဖို့ ပျင်းနေတာမျိုး အသိစိတ်လွတ်သွားတာမျိုး ဖြစ်မနေဘူးလေ.. ငါမွေးလာတုန်းကတောင် ဒီလောက်သေးမနေခဲ့ဖူးဘူး.. ဒါပေမဲ့လည်းပေါ့လေ.. ငါ့ရဲ့မူလအရွယ်အစားနဲ့ ဆိုရင်လည်း ဒီဂူထဲကို ဝင်နိုင်မှာမှ မဟုတ်ဘဲ..”

ယင်ရှောင်ရှောင်း: “…”

အဖြစ်အပျက်နှစ်ခုမှာ တစ်ပြိုင်တည်း ဖြစ်လို့နေသည်။ လောလောဆယ်တွင် ယင်ရှောင်ရှောင်းအား ဤနေရာတွင် ထားခဲ့ပြီး မော့လောင်တဘက်သို့ အာရုံစိုက်ကြပါစို့။

“မင်းဒီဟာကို တကယ်လုပ်မှာလား..”

မော့လောင်တမှာ မင်ရှဲနှင့် အတူရှိနေသည်ကို တွေ့ရသည်။

မော့လောင်တ ပြတ်သားစွာ ခေါင်းညိတ်သည်။

"သေချာတယ်..."

မင်ရှဲက သက်ပြင်းအသာချရင်း ပြောသည်။

“မင်း ဒီလိုလုပ်စရာ မလိုပါဘူး.. မင်းက မြွေပွေးမျိုးနွယ်စုရဲ့ အကြီးအကယ် ဖြစ်နိုင်နေပါပြီ.. သွားပြီး စွန့်စားဖို့ မလိုအပ်ပါဘူး..”

မော့လောင်တ၏ အကြည့်မှာ ယင်ရှောင်ရှောင်း ရှိနေသည့် ဂူဆီသို့ ရောက်သွားသည်။ ခေတ္တမျှအကြာတွင် သူ၏အကြည့်မှာ မင်ရှဲဘက်သို့ ပြန်ရောက်သွားသည်။

“ကာကွယ်ပေးရမဲ့ မြွေတစ်ကောင် ရှိလာတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ခွန်အားက လုံလောက်ပြီလို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး.. အဲဒီတုန်းက မင်းနဲ့ ရှုံးဟွီကလည်း ဒီလိုမျိုးပဲ မဟုတ်ကြဘူးလား..”

မင်ရှဲနားမလည်ဟန်ဖြင့် ကြည့်နေသည်။

“မင်းပြောတာလည်း မှန်တယ်.. ဒါပေမဲ့ အခု မင်းနဲ့ ရှောင်ရှောင်းက ဒီနယ်နိမိတ်ထဲမှာပဲ ရှိနေကြတာလေ.. မင်းရဲ့ ခွန်အားကလည်း အတော်လေး ကြီးမားနေပြီပဲလေ.. ငါနဲ့ရှုံးဟွီတို့ ဖြစ်ပျက်ခဲ့တာတွေက မင်းအခု လုပ်နေတာတွေနဲ့ အဖြစ်အပျက်ခြင်း မတူဘူးလေ..”

“မှန်ပါတယ်.. ဒီနယ်နိမိတ်ထဲက တခြားမြွေပွေးတွေနဲ့ ယှဉ်ရင် ကျွန်တော်က အစွမ်းအထက်ဆုံးနဲ့ အသန်မာဆုံးလို့ ပြောနိုင်တယ်..”

မော့‌လောင်တ သည် စကားလုံးတစ်လုံးစီကို အသံထွက်ပြီး ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဒါပေမဲ့.. မော့မြွေ ဆယ်ကောင်၊ အကောင်တစ်ရာက ကျွန်တော့်ကို အတူတူတိုက်ခိုက်လာကြမယ်ဆိုရင် ဘာဖြစ်သွားမလဲ.. အနိုင်ရဖို့ အာမမခံနိုင်ဘူးလေ.. ကျွန်တော့ မိသားစုကလည်း ဆန့်ကျင်တယ်.. မျိုးနွယ်စုကလည်း ဆန့်ကျင်တယ်.. ဒီနယ်နိမိတ်ထဲက ဘယ်မြွေကမှ ကျွန်တော်နဲ့ ရှောင်ရှောင်း အတူတူရှိဖို့ကို သဘောမတူကြဘူး.. အဲဒါက မလုံလောက်သေးဘူး.. ကျွန်တော့်စွမ်းအားက မလုံလောက်သေးဘူး.. ရှောင်ရှောင်းကို မြွေပွေးအကောင်တစ်ရာလောက်ဆီကနေ ဘေးကင်လုံခြုံဖို့ကို ကာကွယ်ပေးနိုင်စွမ်း မရှိသေးဘူး.. ကျွန်တော်က မြွေပွေးအားလုံးရဲ့ အထက်မှာ ရှိနေမှ ရမယ်.. သူတို့က ကျွန်တော့်ကို ရိုသေလေးစား ကြောက်ရွံ့ ထိတ်လန့်နေပြီး ပုန်ကန်ဖို့ နည်းနည်းလေးတောင် မစဉ်းစားမိတဲ့အထိ လုပ်ရမယ်.. ဒါတွေအားလုံးကို အောင်မြင်ရမယ်.. ဒါက တစ်ခုတည်းသော နည်းလမ်းပဲ..”

မော့လောင်တ၏ စကားများကြောင့် မင်ရှဲ အသက်ရှူမဝ ဖြစ်ခဲ့ရသည်။ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။ မော့လောင်တ ပြောသည်မှာလည်း မှားနေခြင်း မဟုတ်ပေ။ သူနှင့်ရှုံးဟွီသာ ထိုစဉ်က လုံလုံလောက်လောက် စွမ်းအားရှိကြမည်ဆိုလျှင် ကုန်းကုန်းနှင့် တယွီတို့ကို ကြောက်ရွံ့ရန် လိုလိမ့်မည် မဟုတ်ပေ။ သူနှင့် ရှုံးဟွီတို့သည်လည်း ခက်ခဲကြမ်းတမ်းသည့် စာချုပ်အရ ဤသေးငယ်သည့် နယ်နိမိတ်အတွင်း ပိတ်မိနေကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မင်ရှဲသည် မော့လောင်တ၏ လက်ရှိခံစားချက်ကို နားလည်သည်အတွက် မော့လောင်တ စိတ်ပြောင်းစေရန် မကြိုးစားတော့ပေ။

“မော့မြက်တွေ အရှေ့မှာ ပေါက်နေတာကို မင်းတွေ့ရလိမ့်မယ်.. တွေ့ပြီဆိုတာနဲ့ အောင်မြင်နိုင်မလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်..”

မင်ရှဲသည် မော့လောင်တအား လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

“ရှောင်ရှောင်းကို ဝမ်းနည်းရအောင် မလုပ်နဲ့..”

မင်ရှဲထွက်သွားသည်ကို မော့လောင်တ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ များမကြာမီမှာပင် သူသည်လည်း ပြတ်ပြတ်သားသား လှည့်ထွက်သွားတော့သည်။

သူ.. သူက.. ဘယ်လိုလုပ်ပြီးတော့ ရှောင်ရှောင်းကို ဝမ်းနည်းစေနိုင်မှာလဲ..

မော့မြက် ဆိုသည်မှာ အလွန်အံ့ဖွယ်ကောင်းသည့် မြက်ဖြစ်သည်။ ဤနယ်မြေအတွင်းရှိ မြွေပွေးအားလုံးသည် ထိုအကြောင်းကို ကြားဖူးခဲ့ကြသော်လည်း မော့မြက်မှာ မော့မြွေများအပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိသဖြင့် အခြားမြွေပွေးများသည် ဤမြက်အား အလေးမထားတော့ပေ။ မော့မြွေအနေဖြင့် ထိုမြက်အကြောင်း သိသည်ဆိုလျှင်ပင် မော့မြက်အား အလျင်စလို ယူဆောင်သွားဖို့ရန် မဖြစ်နိုင်ပေ။
မော့မြက်သည် အလွန်အံ့ဖွယ်ကောင်းသော မြက်မျိုးဖြစ်သည်။ နယ်နိမိတ်အတွင်းမှ အားလုံးသည် ၎င်းကိုကြားသိခဲ့ကြသော်လည်း၊ မော့မြက်သည် မော့မြွေများတွင်သာ ထိရောက်သောကြောင့် ဤမြက်ကို အခြားမြွေပွေးများ ဂရုမစိုက်နိုင်ပေ။ မော့မြွေက ထိုမြက်အကြောင်း သိသည်ဆိုလျှင်ပင် မော့မြွေက မော့မြက်ကို သွားယူရန်အတွက် အဆောတလျင် ကြံစည်ဖို့ မဖြစ်နိုင်ပေ။ မော့မြွေတစ်ကောင်သည် မော့မြက်အား အသုံးပြုပြီးနောက် သူ၏ခွန်အားမှာ အဆပေါင်းများစွာ တိုးပွားလာပေလိမ့်မည်။ အစွမ်းထက်သူမှာ အလွန်အစွမ်းထက်လာမည်ဖြစ်ပြီး ပြန်ပေးဆပ်ရမည့် တန်ဖိုးမှာလည်း မသေးငယ်လှပေ။ မော့မြက်အား အသုံးပြုရာတွင် မော့မြွေသည် အလွန်ထူးခဲ့သည့် နာကျင်မှုအား ခံနိုင်ရည်ရှိရမည် ဖြစ်သည်။ ထိုမျှလောက်နှင့် ပြီးဆုံးသွားမည်ဆိုလျှင် မော့မြွေပေါင်းများစွာသည် ထိုမြက်အား ရယူရန် အရူးအမူး ရောက်လာကြပေလိမ့်မည်။ ကြောက်မက်ဖွယ်အကောင်းဆုံး‌သော အပိုင်းမှာ မော့မြက်အား အသုံးပြုသည့် မော့မြွေအနေဖြင့် သေသည်အထိ ဖြစ်နိုင်ပြီး မချိမဆန့် သေဆုံးခြင်းမျိုး ဖြစ်သည်။ သေဆုံးမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိရှိသည်။ အနှစ် ၂၀၀ သက်တမ်းရှိသည့် မော့မြွေများအတွက် ဤသည်မှာ အနည်းငယ် စွန့်စားရာကျလေသည်။

မော့မြက်သည် ချောက်ကမ်းပါးအောက်တွင်သာ ပေါက်ရောက်ပြီး ရှားပါးလေသည်။ အထူးခြားဆုံးသော အင်္ဂါရပ်မှာ မော့မြက်သည် ရွေ့လျားနိုင်ပြီး ရွေ့လျားမှုနှုန်းမှာလည်း အလွန်မြန်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မော့မြက်အား ရှာဖွေခြင်းမှာ ကြီးမားသော အခက်အခဲများကို ကြုံတွေ့ရမည်မှာ သံသယဖြစ်စရာပင် မလိုချေ။ ထို့ကြောင့် မင်ရှဲသည် မော့မြက်အား ရှာဖွေရန် မော့လောင်တအပေါ်တွင်သာ မူတည်သည်ဟု ဆိုခဲ့ပြီး ရှာတွေ့ကာ အသုံးပြုပြီးသည့် အခါတွင်လည်း နာကျင်မှုအား ခံနိုင်ရည် ရှိမရှိ ဟိုသည်မှာလည်း မော့လောင်တ၏ စွမ်းအားအပေါ်တွင်သာ မူတည်လေသည်။

အလွန်ဆိုးဝါးသည့်အရာမှာ မော့မြက် တစ်ပင်တည်းသာ လိုအပ်သည့်မဟုတ်ဘဲ အနည်းဆုံး သုံးပင်မှ အများဆုံး ခုနစ်ပင်အထိ ရှာဖွေရန် လိုအပ်သည်။ သုံးပင်ထက်နည်းလျှင် ခန္ဓာကိုယ်က အစွမ်းထက်သည့် ပါဝင်ပစ္စည်းများကို အချည်းနှီးဖြစ်စေလိမ့်မည် - ထိုအရာသည် မော့မြွေအတွက် အလွန်ကြောက်စရာကောင်းလှသည်။ ခုနစ်ပင်ထက် ပိုမည်ဆိုလျှင် ခန္ဓာကိုယ် ပေါက်ကွဲကာ သေစေနိုင်သည်။ ဤဖြစ်စဉ်တစ်ခုလုံးတွင် အသုံးပြုသည့်မော့မြွေ အနေနှင့် မိမိကိုယ်ကိုယ်သာ အားကိုးနိုင်မည် ဖြစ်သည်။

မော့လောင်တ အမှန်တကယ် ကြုံတွေ့ခံစားရသည့် အရာများကို ကျွန်ုပ်တို့အနေနှင့် စိတ်ကူးကြည့်ရုံသာ တတ်နိုင်သ်ည။ သို့‌သော်လည်း ကျွန်ုပ်တို့ ယံဒကြည်ထားသည်မှာ _ နှစ်သက်မှု.. မဟုတ်.. မော့လောင်တ၏ ယင်ရှောင်ရှောင်းအပေါ် ထားရှိသည့် နက်ရှိုင်းသည့် ချစ်ခြင်းတရားသည် သူ့အား အသက်ရှင်သန်လျက်နှင့် ပြန်လာနိုင်စေလိမ့်မည်မှာ သေချာသည်။

မော့လောင်တ ထွက်ခွာပြီး ပထမရက်များအတွင်း ယင်ရှောင်ရှောင်း နေ့တိုင်း မှိုင်တွေလို့နေသည်။ သူ၏ဘဝထဲတွင် မော့လောင်တ မပါဝင်သည်ကို အသားမကျနိုင်ဘဲ ရှိနေသည်။ ယင်ရှော်ငရှောင်းသည် မော့လောင်တနှင့် ခွဲခွာနိုင်စွမ်း မရှိတော့သည်ကို လုံးလုံးလျားလျား သတိပြုမိသွားပြီ ဖြစ်သည်။

သို့သော်လည်း အချစ်နှင့် ပတ်သက်လာလျှင် ယင်ရှောင်ရှောင်း၏ ထုံအအနိုင်မှုကို ကျွန်ုပ်တို့အနေဖြင့် လျစ်လျူရှုထား၍ မရပါချေ။ နေ့ရက်များ တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။ ထူးဆန်းသောမြွေများ၏ အဖော်ပြုပေးမှုကြောင့် ယင်ရှောင်ရှောင်းသည် တဖြည်းဖြည်း ပိုမိုသက်သာလာခဲ့ပြီး သူ၏ ပျင်းရိလေးတွဲသည့် သဘာဝသို့ ပြန်ရောက်လာခဲ့သည်။ တစ်ခါတစ်ရံတွင် ယင်ရှောင်ရှောင်းမှာ ညဉ့်နက်သည့်တိုင်အောင် အိပ်မပျော်ခြင်းကို ခံစားရပုံပေါ်သည်။

ကောင်းကင်တွင် တိမ်ကင်းစင်ပြီး တောက်ပသည့်နေရောင်နှင့် သာမန်နေ့တစ်နေ့ မရောက်ခင်အထိ နှစ်တစ်ဝက် ဟူသည့်အချိန်မှာ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။ ဤနေ့တွင် ထူးဆန်းသည့်မြွေများမှာ ‘ကိစ္စတစ်ခုခု’ ရှိလို့နေကြသည်။ ဂူထဲတွင် နှစ်ဝက်မျှ နေထိုင်ခဲ့ပြီးသည့် ယင်ရှောင်ရှောင်းသည် တွေဝေကာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။

ယင်ရှောင်ရှောင်း သတိမပြုမိဘဲ အိပ်ပျော်သွားချိန်တွင် ၁၂ မီတာကျော် ရှည်လျားသည့် ပိန်းပိတ်အောင် နက်မှောင်နေသည့် မော့မြွေတစ်ကောသည် ဂူအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်နောက်တွင် ရပ်တန့်သွားသည်။ ထိုမော့မြွေသည် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးအား သူ၏ခန္ဓာကိုယ်ဖြင့် မနှေးမမြန် ရစ်ပတ်လိုက်သည်။ ယင်ရှောင်ရှောင်း တုန်လှုပ်စွာဖြင့် ခုန်လိုက်မိပြီး အော်ဟစ်မည် ပြုစဉ်မှာပင် အလွန်ရင်းနှီးကျွမ်းဝင်သည့် အသံတစ်ခုသည် ယင်ရှောင်ရှောင်း အော်တော့မည့်ရန်မှ တားဆီးလိုက်နိုင်သည်။

“ကိုယ်မင်းကို လွမ်းနေခဲ့တာ ရှောင်ရှောင်းရဲ့..”

ယင်ရှောင်ရှောင်း မျက်လုံးများပြူးကျယ်ကာ မျက်ရည်များ ပြည့်လာသည်။ ရှိုက်လျက်နှင့် ပြောသည်။

“တဟေးတန်.. ခင်ဗျားပြန်လာပြီ..”

ဤအချိန်တွင် ယင်ရှောင်ရှောင်း၏ နှစ်ဝက်မျှ စုဆောင်းခဲ့သည့် မကျေနပ်ချက်များ ပေါက်ကွဲလာတော့သည်။

အပြင်ဘက်တွင် ယင်ရှောင်ရှောင်းမှာ အလေးမထားဘဲ ပေါ့ပေါ့တန်တန်နိုင်ပြီး ဂရုမပြုတတ်ဟန် ရှိသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ယင်ရှောင်ရှောင်းမှာ သူ၏စိတ်ကို ကောင်းကောင်းမဖော်ပြတတ်သည့် ဆတ်ဆတ်ထိမခ့သော မြွေတစ်ကောင်လည်း ဖြစ်နေပြန်သည်။ မော့လောင်တ ထွက်သွားခဲ့သည်ကြောင့် သူ့အနေဖြင့် ဝမ်းနည်းကြေကွဲခဲ့ရသော်လည်း ယင်ရှောင်ရှောင်းမှာ သူခံစားခဲ့ရသည့် ဝမ်းနည်းမှုများအား အခြားမြွေတစ်ကောင် သိရှိလာစေရန် ပြောပြဖို့အတွက်မူ ခက်ခဲသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းသည် ထိုဝမ်းနည်းပူဆွေးမှုများကို သူ၏နှလုံးသားထဲတွင်သာ မြှုပ်နှံထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ခံစားချက်များစွာ စုစည်းလာလေသည်။

နှစ်ဝက်မျှကြာ ခွဲခွာပြီးနောက်တွင် မော့လောင်တ ယင်ရှောင်ရှောင်း အရှေ့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ ယင်ရှောင်ရှောင်း၏ ခံစားချက်များမှာလည်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲကာ ငိုကြွေးမြည်တမ်းတော့သည်။

မော့လောင်တသည် သူ၏အမြီးဖြင့် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးအား ညင်ညင်သာသာ ပွတ်သပ်ချော့မြူလို့နေသည်။ နာကျင်နေသည့် နှလုံးသားနှင့် ရှောင်ရှောင်း၏ မျက်နှာလေးအား သူ၏ခေါင်းဖြင့် အသာပွတ်လိုက်သည်။

“ကိုယ်တောင်းပန်ပါတယ်နော် ရှောင်ရှောင်းလေး.. ကိုယ့်အမှားတွေပါ.. ဒီလိုမျိုး ထပ်မဖြစ်တော့ဘူးနော်.. မင်းကို ဘယ်တော့မှ ထားမသွားတော့ပါဘူး.. ကိုယ်တောင်းပန်ပါတယ်..”

ယခုအချိန်တွင် ယင်ရှောင်ရှောင်းမှာ မည်သည့်အရာကိုမျှ မကြားတော့ပေ။ မော့လောင်တ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာဖြင့် အော်ဟစ်ငိုကြွေးလို့နေသည်။ ငိုကြွေးခြင်းသည်သာလျှင် သူ၏ခံစားချက်များကို ထုတ်ဖော်နိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အချိန်အတော်ကြာအောင် ငိုပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း၏ ငိုကြွေးမှုတို့မှာ ပြတ်တောင်းပြတ်တောင်း ရှိုက်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အချိန်အနည်းငယ် ပိုကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း၏ ရှိုက်သံများ ရပ်တန့်သွားလေသည်။ မျက်ရည်များ ပြည့်နေသည့် မျက်လုံးကြည့်များဖြင့် မော့လောင်တအား မော့ကြည့်လိုက်သည်။

မော့လောင်တ၏ တင်းကြပ်နေသည့် အာရုံကြောများ ပြေလျော့သွားခဲ့ရသည်။ ယင်ရှောင်ရှောင်းကဲ့သို့ပင် မော့လောင်တသည်လည်း အလွန်ဝမ်းနည်းခဲ့ရသည်။ မော့လောင်တ သူ့နှလုံးသားထဲတွင် ယင်ရှောင်ရှောင်းအား ငိုကြွေးရအောင် ပြုလုပ်မည်မဟုတ်ဟု ကျိန်ဆိုခဲ့ပြီး ဖြစ်သော်လည်း ထိုကတိစကားအား ချိုးဖျက်ခဲ့မိသည်။

"အယ်..."

ယင်ရှောင်ရှောင်း၏ ရှုပ်ထွေးနေဟန်ရှိသည့် အသံမှာ မော့လောင်တ၏ အာရုံအား ဆွဲဆောင်လိုက်သည်။

“တဟေးတန်.. ခင်ဗျားပိုပြီး နက်လာတာလား..”

ပင်ကိုအားဖြင့် တဟေးတန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ အလွန်နက်နေပြီး ဖြစ်သဖြင့် ယင်ရှောင်ရှောင်း မြင်ဖူးသမျှ မော့မြွေများထဲတွင် တဟေးတန်၏ အကြေးခွံကဲ့သို့ နက်မှောင်သည့်မြွေဟူ၍ မရှိခဲ့ပါ။ သို့သော်လည်း ယခုအခါတွင် ထိုအကြေးခွံများမှာ ယခင်ကထက်ပင် ပိုလို့နက်မှောင်လာပြန်သည်။ ယခင်က မော့လောင်တ၏ အကြေးခွံများကို ရွှန်းစိုတောက်ပသည့် အနက်ရောင်ဟု ဆိုနိုင်ပြီး ယခုအခါတွင် သူ၏အကြေးခွံများမှာ တွင်းနက်ကြီးကဲ့သို့ နက်မှောင်နေခြင်းဖြစ်ပြီး ခေတ္တမျှ စိုက်ကြည့်မည် ဆိုလျှင်ပင် မော့လောင်တ၏ အကြေးခွံများမှ ဝါးမြိုခြင်းခံရနိုင်သည်ဟုပင် ခံစားရလေသည်။

“ဟုတ်တယ်.. အခုကစပြီး မင်းကို ဘယ်မြွေကမှ အန္တရာယ်မပေးနိုင်တော့ဘူး..”

“အင်း ဒါပေမယ့်...”

ယင်ရှောင်ရှောင်း စိတ်ရှုပ်ထွေးလာသည်။

“ဒါပေါ့.. ခင်ဗျားက ကျွန်တော်နဲ့ အတူရှိနေတာမို့ ဘယ်မြွေကမှ ကျွန်တော့်ကို အန္တရာယ်မပြုနိုင်ဘူး..”

မော့လောင်တ တိတ်တဆိတ်သာ ပြုံးလိုက်တော့သည်။