အပိုင်း ၆၆
Viewers 12k

🐍Chapter 66


“တဟေးတန်.. ခင်ဗျား အခု အရမ်းမိုက်တာပဲရော်..”

ယင်ရှောင်ရှောင်းသည် မော့လောင်တအား ကြယ်ရောင်ကဲ့သို့ တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“တောက်ပတယ်ဆိုတာက ခေတ်မမီတော့ဘူး.. အခုအကြေးခွံတွေက တွင်းနက်ကြီးရဲ့ ဝါးမျိုဖျက်ဆီးတော့မဲ့ အမှောင်ထုလိုမျိုး.. ဒါကမှ တကယ့်အမိုက်စား..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ရံဖန်ရံခါတွင် အဓိပ္ပါယ်မရှိ ပြောဆိုတတ်သည့် မှတ်ချက်များအား ကျင့်သားရလို့နေပြီ ဖြစ်သည်။သို့သော်လည်း မော့လောင်တ သေချာသည့်အချက်မှာ ယင်ရှော်ငရှောင်းသည် သူ၏ ယခုအကြေးခွံများအား အလွန်အမင်း ကျေနပ်သဘောကျနေခြင်း ဖြစ်သည်။ ထို့ကြောင့် မော့လောင်တသည်လည်း သူ့ကိုယ်သူ ပီတိဖြစ်လို့နေသည်။ မျှော်လင့်ထားသည့်အတိုင်း မော့မြက်အား အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ပေသည်။

ဟေ့.. ဟေးး မော့လောင်တရေ ‌ကျေးဇူးပြုပြီးတော့နော်.. မင်းမော့မြက်ကို အသုံးပြုရတာက ယင်ရှောင်ရှောင်းကို ကာကွယ်ဖို့လေ.. မင်းရဲ့ ဟင်းလင်းပြင်လို နက်မှောင်နေတဲ့ အကြေးခွံကို ကြွားဖို့မဟုတ်ဘူး..


အဟွတ်၊အဟွတ်...

မည်သို့ပင် ဆိုစေကာမူ ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ အရောင်ကို အလွန်နှစ်သက်ပြီး မော့လောင်တသည်လည်း သူ၏ခွန်အားနှင့် ပတ်သက်၍ အလွန်ကျေနပ်လို့နေသည့်အတွက် ပျော်ရွှင်ဖွယ်အဆုံးသတ်တစ်ခု ဖြစ်လေသည်။

“ဒီရက်တွေမှာ ရှောင်ရှောင်းက ခင်ဗျားတို့ကို အဆင်မပြေ ဖြစ်စေခဲ့တယ်.. ရှောင်ရှောင်းအပေါ် အများကြီးတွေးပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..”

မော့လောင်တသည် တည်ကြည်ကာ လေးစားမှုတို့ဖြင့် ထူးဆန်းသည့်မြွေခုနစ်ကောင်ထံသို့ လှည့်ကာ တစ်ကောင်ချင်း ဦးညွှတ်ပြီး သူ၏ကျေးဇူးတင်မှုအား ဖော်ပြလိုက်သည်။

“ဒီလိုမျိုး မပြောပါနဲ့.. ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းမှာ ရှောင်ရှောင်းက ငါတို့ကို အဖော်ပြုပေးခဲ့တာ.. ငါတို့အတွက်လည်း အရမ်းပျော်ရွှင်ခဲ့ရပါတယ်..”

ဖေးယိ တစ်စုံတစ်ခုအား ရည်ညွှန်းရင်း ပြုံးလျက်ပြောသည်။ ဥပမာဆိုရလျှင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီကို ထိန်းချုပ်ပြီး မြွေငယ်အဖြစ်သို့ ပြောင်းလဲသွားကာ ခြင်္သေ့တစ်ကောင်ဆီသို့ လျှောဝင်သွားပြီးနောက် သူဖိနှိပ်ထားသည့် စွမ်းအားကို ရုတ်တရက် လွှတ်ပေးလိုက်သည့်အခါတွင် ခြင်္သေ့မှာ အပေါ့ထွက်မတတ် ကြောက်လန့်သွားခဲ့ရသည်။ ထိုကဲ့သို့သော အရာများမှာ အလွန်ပျော်ဖို့ကောင်းလေသည်။

“အိုက်ယားယား.. ကျေးဇူးအများကြီး တင်တယ်ဆိုတာက မင်းက မရိုးသားဘူးလို့ ဆိုလိုတာပဲ..”

ရှုံးဟွီ ၏ ခေါင်းကိုးလုံးမှာ အလွန်ပြုံးဖြီးလို့နေသည်။

“ဟေးမြွေကောင်လေး.. နောက်တစ်‌ခေါက် ချောက်ကမ်းပါးအောက်ကို လာတဲ့အခါကျ ရတနာတွေ အများကြီးယူလာဖို့ မမေ့နဲ့..”

တကယ်တမ်းတွင် နောက်ဆုံးစာကြောင်းမှာ အဓိကအချက်ပင် ဖြစ်သည် မဟုတ်ပါလား။

မင်ရှဲသည် ထိုမြွေကို မသိကြောင်း ဖော်ညွှန်းသည့်အနေဖြင့် သူ၏မျက်နှာကို ဖုံးကွယ်ရန် တစ်ဘက်သို့ လှည့်လိုက်သည်။ သို့သော်လည်း မင်ရှဲ၏ ရဲရဲနီနေသည့် မျက်နှာမှာ ရှက်ရွံ့ပျော်ရွှင်နေသည်ကို ပြသလို့နေသည်။

“ဟေး.. ပြီးခဲ့တဲ့ နှစ်ဝက်က ယူလာတဲ့ယုန်က အရမ်းသေးတယ်.. နောက်တစ်ခါကျ ကျားတစ်ကောင်လောက် ယူခဲ့ပါဦး..”

မာပန်ရှဲမှာ အလွန်တက်ကြွလို့နေသည်။ မာပန်ရှဲသည် အစာ၏ အရွယ်အစားကို နားလည်သဘောပေါက်နိုင်စွမ်း မရှိသေးသ၍ မကျေမနပ် ဖြစ်နေဦးမည်ပင်။

မော့‌လောင်တ: “…”

“ဂရုစိုက်ကြဦး..”

ကောရှဲ ရုတ်တရက် ပြောလိုက်သည် ။

“ဒီရက်ပိုင်း ငါက ဖျားနာလွယ်နေတယ်.. မကောင်းတာ တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်မိတယ်.. မင်းတို့ ပိုပြီး ဂရုစိုက်ကြဦး..”

မော့လောင်တသည် ကောရှဲအား သံသယတို့ဖြင့် ကြည့်လိုက်သည်။ ဤနယ်မြေ၏ အလယ်တွင် ချည်နှောင်ခြင်း ခံစားရသည့် ဤထူးဆန်းသည့်မြွေများအား သူတကယ် နားမလည်နိုင်ပါ။ ဘေးအန္တရာယ် ဟူသည်မှာ အဘယ်နည်း။

မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ယင်ရှောင်ရှောင်းသည် ကောရှဲ၏ စကားမျာကို သေချာစွာ မှတ်မိစေခဲ့သည်။ ရှေးခေတ်တရုတ်ပြည်တွင် ကောရှဲကို ရှေးဟောင်းဒဏ္ဍာရီလာသားရဲဟု ခေါ်ကြသည်။ ဘုရားသခင်၏ အနာဂတ်မြင်နိုင်စွမ်းကဲ့သို့ အလွန်တိကျပြီး အစွမ်းထက်သည်။ မည်သည့်ကိစ္စတွင်မဆို အနည်းငယ်ပိုပြီး သတိထားခြင်းမှာ အမှားအယွင်း မရှိပေ။

“ဒီအတားအဆီးထဲမှာ ချုပ်နှောင်ထားခံရပေမဲ့ ငါက တိမ်တွေကို ပြန့်နှံ့စေပြီး မိုးရွာစေနိုင်တဲ့သူလေ..”

ဟေးလီ က ပြောသည်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ အပြင်ဘက်ကမ္ဘာက တိမ်တွေနဲ့ မိုးတွေက ငါ့ကို မသက်မသာဖြစ်စေတယ်.. အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိပေမဲ့ ကောင်းတာတော့ မဖြစ်နိုင်ဘူး.. ကောရှဲရဲ့ စကားတွေက ငါ့ကိုပြောထွက်အောင် လုပ်လိုက်တာပဲ..”

ဟေးလီသည်လည်း ဤသို့ပြောလာပြီ ဖြစ်သည်ကြောင့် ယင်ရှောင်ရှောင်း သတိထားရန်ကလွဲ၍ ရွေးချယ်ရန် မရှိတော့ပေ။ ဤအကြောင်းအား ယင်ရှောင်ရှောင်း စိတ်ထဲတွင် မြှုပ်နှံထားသည်။ အချိန်အတော်ကြာ ချုပ်နှောင်ထားခံရသဖြင့် ကောရှဲ၏ ကြိုတင်နိမိတ်မှာ တိကျမှုမရှိဘူး ဆိုလျှင်ပင် ဟေးလီ ပြောသည့်အရာမှာ မှားနိုင်စရာ မရှိပေ။

အပြင်ဘက်ရှိ မိုးနှင့်တိမ်များမှာ တစ်ခုခု မှားယွင်းနေပြီ ဖြစ်သည်။ အပြင်ဘက်ကမ္ဘာတွင် မည်သို့ဖြစ်နေစေကာမူ ဤအတားအဆီးထဲရှိ မိုးမှာမူ ဟေးလီကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်များ ဖြစ်သဖြင့် ပုံမှန်သာဖြစ်သည်။

ဟေး.. ဟေး.. ယင်ရှောင်ရှောင်းရေ.. မင်းရဲ့အတွေးက လွဲနေပြီနော်..

“အပြင်မှာ တိုက်ပွဲတွေ ထပ်ဖြစ်နေကြတာများလား..”

ပါးရှဲ ရုတ်တရက် မေးလိုက်သည်။

“နွီဝါးနဲ့ တယွီတို့ ထပ်တိုက်ကြပြန်တာလား.. အဲဒီလိုဆိုရင်တော့ သူတို့ အရမ်းကို အားနေကြပုံရတယ်.. ပြဿနာရှာပြီး အခြေအနေတွေ ဆိုးဝါးအောင် လုပ်ဖို့ကလွဲ ဘာမှမရှိကြတော့ဘူး ထင်တယ်..”

“အဲဒီလို မဖြစ်နိုင်ဘူး..”

ဟေးလီ ကဆိုသည်။

“တိမ်နဲ့ မိုးက မှော်စွမ်းအင်ကြောင့် ဖြစ်လာတာနဲ့ မတူဘူး.. ဘာတွေဖြစ်နေတယ်ဆိုတာကို မပြောနိုင်ပေမဲ့ အဲဒါက ငါ့ကို မသက်မသာ ဖြစ်စေတယ်..”

ယင်ရှောင်ရှောင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နွီဝါး၊ တယွီနှင့် အခြားသူများမှာ သမိုင်းတွင် ပျောက်ကွယ်သွားပြီ ဆိုသည့်အကြောင်း သူတို့အား ပြောပြသင့်သည်လား။ ကောင်းကင်ဘုံကသာလျှင် သူတို့ ပျောက်ဆုံးသွားသလား၊ သေဆုံးသွားသလား သို့တည်းမဟုတ် ကမ္ဘာမြေမှ ထွက်ခွာသွားကြသလား ဆိုသည်ကို သိနိုင်ပေလိမ့်မည်။

"ကျွန်တော် သတိထားပါ့မယ်..."

မော့‌လောင်တ၏ အသံသည် လေးနက်ပြီး ကောင်းကင်ကို စိုက်ကြည့်နေသော ယင်ရှောင်ရှောင်း ကို တစ်ချက်ကြည့်လိုက်သည်။ မည်သို့သောအခက်အခဲများရှိရှိ ရှောင်ရှောင်း ၏အနား၌ သူရှိနေမည်ဖြစ်ပြီး ရှောင်ရှောင်း ကို ထိခိုက်နစ်နာအောင် ခွင့်မပြုနိုင်ပေ။

နောက်ထပ် စပ်မိစပ်ရာ စကားစမြည်ပြောပြီးနောက် မော့‌လောင်တ နှင့် ယင်ရှောင်ရှောင်း တို့သည် ချောက်ကမ်းပါးအောက်ခြေမှ ထွက်ခွာသွားကြသည်။ အစပိုင်းတွင် မော့‌လောင်တသည် ချောက်ကမ်းပါးအောက်ခြေတွင် ရက်အတော်ကြာနေရန် ပြင်ဆင်ခဲ့သော်လည်း ယင်ရှောင်ရှောင်း သည် အိမ်ပြန်ရန် စိတ်အားထက်သန်နေခဲ့သည်။ မေမေ မော့ နှင့် ဖေဖေ မော့ ၏ အိမ်သို့မဟုတ်ပေ ၊ ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့၏အိမ်သို့လည်း မဟုတ်ပေ၊ သို့ မဟုတ် သာမာန် အားဖြင့် သူတို့၏ အိမ် ၊ မော့‌လောင်တ နှင့် ယင်ရှောင်ရှောင်း တို့၏ အိမ်သို့ ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ဝက်က ဟွိုင်ယန်မြက်နဲ့ ယန်မြက်တွေ ဘယ်လိုနေကြလဲ မသိဘူး... သူတို့ မသေသေးဘူးလို့ မျှော်လင့်တယ်...”

ယင်ရှောင်ရှောင်းသည် မော့လောင်တ နံဘေးတွင် သွားလာရင်း အလွန်စကားများလျက်ရှိသည်။

“ကျိခန်းဆီကို မရောက်တာလည်း နှစ်ဝက်လောက်ရှိပြီ.. ကျိခန်းက အရမ်းအထီးကျန်နေမှာ သေချာတယ်.. နောက်ပြီးရင် ဖေဖေနဲ့ ပါပါးဆီလည်း သွားလည်ရမယ်.. ဒီတစ်ကြိမ်တော့ သူတို့က ကျွန်တော်တို့ကို လက်ခံပေးဖို့ မျှော်လင့်တာပဲ.. သူတို့ လက်မခံရင်လည်း ကိစ္စတော့ မရှိပါဘူး.. ဖေဖေနဲ့ ပါပါးက ကျွန်တော့်ကို အရမ်းချစ်တာဆိုတော့ ခင်ဗျားကို စွန့်ပစ်ခိုင်းဖို့ အတင်းအကြပ် မလုပ်လောက်ဘူး..”

ယင်ရှောင်ရှောင်းသည် ဤကဲ့သို့ အဆက်မပြတ် ပြောနေလေသည်။ ယင်ရှောင်ရှောင်း ပြောသည်အား နားထောင်ရင်းနှင့် မော့လောင်တ ပြုံးနေပြီး တစ်ခါတစ်ရံ တုံ့ပြန်တတ်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည်က နွေးထွေးစွာ ကျရောက်နေပြီး ပြိုးပြိုးပြက်ပြက် ငွေရောင်နှင့် ဟင်းလင်းပြင်ကဲ့သို့သော အနက်ရောင်တို့မှာ မမျှော်လင့်ဘဲ အလွန်လိုက်ဖက်ညီလို့နေသည်။

ထိုသို့ အသက်ဝင်ပြီး ပျော်ရွှင်နေသည့် ယင်ရှောင်ရှောင်းအား မြင်ရသည်မှာ အလွန်ကောင်းလေသည်။ အမှန်တကယ် ကောင်းမွန်လှသည်။ ယင်ရှောင်ရှောင်း၏ နွေးထွေးရွှင်လန်းမှုအား ကြည့်နေချိန်တွင် မော့လောင်တ၏ နှုတ်ခမ်းထောင့်များ ကွေးလို့နေသည်။

မော့မြက်အား အသုံးပြုခြင်းမှာ နှိုင်းယှဉ်လို့မရလောက်အောင် အန္တရာယ်များသည့်အရာ ဖြစ်သည်။ သန်မာပြီး ရဲရင့်သည့် မော့လောင်တ အတွက်ပင်လျှင် ချောချောမွေ့မွေ့ ပြီးဆုံးသွားဖို့ မသေချာပေ။ မော့လောင်တသည် မော့မြက်ကြောင့် ရိုးတွင်းခြင်ဆီများအတွင်းထိတိုင်အောင် နာကျင်မှုအား မှတ်မိနေဆဲဖြစ်သည်။ သူ၏အရိုးများနှင့် အသားများအား ထပ်ကာထပ်ကာ ဖယ်ထုတ်ခံရသကဲ့သို့ ခံစားခဲ့ရသည်ကြောင့် သေဆုံးသွားဖို့ရန်ပင် ဆန္ဒရှိခဲ့သည်။ မော့လောင်တ၏ စိတ်စွမ်းအားမှာ သာမန်မဟုတ်ဟု ဆိုရပေမည်။ ထိုအခြေအနေများမှာပင် မော့လောင်တသည် သူ၏သွားများကို တင်းတင်းကြိတ်ကာ နာကျင်မှာအား တောင့်ခံခဲ့သည်။

တစ်ခုတည်းသော မတော်တဆမှုမှာ သတ္တမမြောက် မော့မြက်ပင်အား သုံးစွဲစဉ်က ဖြစ်သည်။ မော့မြက်အား သုံးစွဲသည့် အကြိမ်တိုင်းတွင် နာကျင်မှုမှာ နှစ်ဆ တိုးလို့လာသည်။ မော့လောင်တသည် သတ္တမမြောက် မော့မြက်အား အသုံးပြုလျှင် ဖြစ်လာမည့် နာကျင်မှုအတိုင်းအဆကို မှန်းဆ၍ပင် မရနိုင်ချေ။ သူသေတော့မည်ဟု တွေးလိုက်စဉ်မှာပင် မော့လောင်တသည် ယင်ရှောင်ရှောင်း၏ မျက်နှာလေးအား မြင်ယောင်လာခဲ့သည်။ ယင်ရှောင်ရှောင်း စကားမပြောပေ၊ မျက်ရည်ပင် ကျမလာဘဲ မော့လောင်တကိုသာ ကြီးမားသည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်လို့နေသည်။ ထိုမျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် စိတ်အားငယ်မှုတို့ ရှိနေသည့်အတွက် မော့လောင်တ၏ နှလုံးသား တုန်လှုပ်သွားခဲ့ရသည်။

မဟုတ်ဘူး.. ဒီလိုမျိုး လုံးဝမသေနိုင်ဘူး.. အရူးပေါက်လေးက သူ့ကိုစောင့်နေခြ့တာ.. အရူးပေါက်လေးကို ဒီလိုမျက်နှာမျိုး ဖြစ်ခွင့်မပေးနိုင်ဘူး..

ချက်ချင်းဆိုသလိုပင် မော့လောင်တ၏ ခန္ဓာကိုယ်မှာ သေမင်းခံတွင်းဝမှ တဖြည်းဖြည်းခြင်း ဝေးကွာလာသည်ဟု ခံစားလိုက်ရသည်။ စိတ်အားထက်သန်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် မော့လောင်တသည် အောင်မြင်စွာ ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ယခုအခါတွင် ယင်ရှောင်ရှောင်း၏ ပျော်ရွှင်စွာ စကားဆိုနေသည်ကို နားထောင်နိုင်ပြီး သူ၏ခန္ဓာကိုယ်အပေါ် ကျရောက်နေသည့် နေရောင်ခြည်ကိုလည်း ခံစားနိုင်သဖြင့် မော့လောင်တ နှိုင်းဆမရလောက်အောင် ပျော်ရွှင်မိသည်။

‘စိတ်ပျက်အားငယ်မှုတွေရဲ့အလယ်ကို ရောက်နေခဲ့တဲ့ ကိုယ့်ဆီကို မျှော်လင့်ချက်တွေ ယူဆောင်လာပေးခဲ့လို့ ကျေးဇူးပါ ကိုယ့်ရဲ့ ရှောင်ရှောင်းလေး..’

"အဲဒါဘာလဲ..."

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ အသိစိတ်ကင်းစွာမှုကို သတိပြုမိသည်ကြောင့် အံ့ဩတကြီး မေးလိုက်သည်။

"မဟုတ်ပါဘူး... ဘာမှမဟုတ်ဘူး..."

မော့လောင်တ ပြောပြီးနောက် ရုတ်တရက် ကိုယ်ကိုကိုင်းကာ ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းလေးအား အနမ်းပေးလိုက်သည်။

ယင်ရှောင်ရှောင်း၏ မျက်နှာအနှံ့ နီရဲလာသည်။

မဟုတ်ဘူး.. မဟုတ်ဘူး.. သူ့မျက်နှာပဲ မဟုတ်ဘူး.. ခေါင်းကနေ အမြီးအထိ တစ်ကိုယ်လုံး နီလာတာ..

မော့လောင်တ၏နှုတ်ခမ်း အနောက်ဆုတ်သွားပြီးနောက် ယင်ရှောင်ရှောင်း အထစ်ထစ် အငေါ့ငေါ့နှင့် မေးလေသည်။
မော့‌လောင်တ ပါးစပ်ကထွက်သွားပြီးနောက် ယင်ရှောင်ရှောင်း က ပြောလိုက်သည်။

"ဘာ_ဘာလုပ်နေတာလဲ..."

‌မော့လောင်တ၏ ပါးစပ်မှာ ပြုံးလာလေသည်။

“ရှောင်ရှောင်း.. ကိုယ်မင်းကို ချစ်တယ်.. မင်းအရွယ်ရောက်လာတဲ့အခါကျ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ဖြစ်လာပြီး အတူတူ မခွဲဘဲ နေသွားချင်လားဟင်..”

ယင်ရှောင်ရှောင်းသည် အချိန်အတော်ကြာအောင် ရှက်ရွံ့နေခဲ့ပြီး လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူ့နှလုံးသားထဲတွင် မြှုပ်နှံထားခဲ့သော မော့လောင်တအား သဘောကျသည့်အကြောင်း ပြောဆိုမည်ဟု ဆန္ဒပြုခဲ့သည့် အကြောင်းအား ရုတ်တရက် အမှတ်ရလိုက်သည်။ ယခုအခါတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးထွက်နေသကဲ့သို့ ခြင်းခြင်းနီနေပြီ ဖြစ်သည်။

“ကျွန်.. ကျွန်တော် ခင်ဗျားကို သဘောကျတယ်.. ကျွန်တော်လည်း တဟေးတန်ရဲ့ လက်တွဲဖော် ဖြစ်ချင်ပါတယ်..”

ဤအခိုက်အတံ့တွင် မော့လောင်တ၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံး တက်ကြွလို့လာသည်။

‘ရှောင်ရှောင်းက ငါ့ကိုသဘောကျတယ်လို့ ပြောတယ်.. ရှောင်ရှောင်းက ငါ့ရဲ့ လက်တွဲဖော် ဖြစ်ချင်တယ်တဲ့.. ဒီတစ်ခါ ရှောင်ရှောင်းကို အတင်းပြောခိုင်းဖို့ မလိုတော့ဘူး.. ဒီစကားတွေက ရှောင်ရှောင်းရဲ့ နှလုံးသားထဲက လာတာ.. ရှောင်ရှောင်းလေးက ငါ့ကိုတကယ်ကြိုက်နေတာ..’

ယင်ရှောင်ရှောင်း ပြောခဲ့ဖူးသည့် ပျော်ရွှင်မှုကြောင့်ကျသည့် မျက်ရည်များ၏ ဆိုလိုရင်းကို မော့လောင်တ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် မော့လောင်တသည်လည်း ငိုချင်နေပြီ ဖြစ်သည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ပျော်လွန်းသဖြင့် စကားမပြောနိုင်ဘဲ ရှိနေလေသည်။

“ဟုတ်ပါပြီ..”

ယင်ရှောင်ရှောင်း အော်လိုက်သည်။

"မြန်မြန်သွားရအောင်... မြန်မြန်လုပ်၊ ခရီးဆက်ကြရအောင်... ပြီးတော့ ချက်ပြုတ်ထားတဲ့ ငှက်ဥနဲ့ ယုန်ကင်၊ ပျားရည်လည်း စားချင်တယ်..."

“ဟုတ်ပြီ၊ အဆင်ပြေပါတယ်...”

မော့‌လောင်တ သည် ယင်ရှောင်ရှောင်း ကို လွှတ်ပေးလိုက်သည်။

“မင်းလိုချင်တာ အကုန်ရရမယ်ကွာ..”

ပန်းရောင်အဖြစ် ပြန်ရောက်လာသည့် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးမှာ နောက်တစ်ဖန် နီစွေးလာပြန်သည်။

နှစ်ဝက်ကြာပြီးသည့်နောက်တွင် မော့လောင်တမှာ ယခင်မော့လောင်တထက်ပင် ပိုမိုကာ အားကောင်းသန်မာ ကြီးထွာကာ မြန်ဆန်ပြီး အဆိပ်ပြင်းလာသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာမူ လွန်ခဲ့သည့် နှစ်ဝက်မှ ယင်ရှောင်ရှောင်းနှင့် အတူတူပင် ဖြစ်သည်။ အိုး.. အလုံးစုံတော့ မဟုတ်ပေ။ ယခုယင်ရှောင်ရှောင်းမှာ ပိုဝ (ပိုကျန်းမာ)၊ ပိုပျင်းရိ၊ ပိုကြင်နာတတ်၊ ပိုဆိုးသွမ်းလာပြီး ပို၍ ကိုးရိုးကားရားနိုင်လာသည်။

ထို့ကြောင့် နေ့လယ်အနားယူပြီးနောက်၊ စားသောက်ပြီးနောက်၊ ခရီးဆက်ချင်ပြီးနောက် ယင်ရှောင်ရှောင်း၏ ပျင်းရိမှုမှာ ခေါင်းထဲသို့ ဝင်လာလေသည်။

“အာ.. ပင်ပန်းလိုက်တာနော်.. ပင်ပန်းလိုက်တာ.. ပင်ပန်းလိုက်တာ..”

ထိုကောင်စုတ်လေးမှာ ယခင်တစ်ခေါက် မော့လောင်တသည် သူ့အားအမြီးဖြင့် ပတ်ပြီး ပြန်သယ်သွားသည်ကို မှတ်မိနေဆဲဖြစ်သည်။

မော့လောင်တ ဒေါသမထွက်ဘဲ ပြောလေသည်။

“ဒီတစ်ခါ မင်းကိုယ့်ခန္ဓာကိုယ်အပေါ် လှဲလိုက်ရင် အရင်တစ်ခေါက်ကထက် ပိုသက်သောင့်သက်သာ ဖြစ်လိမ့်မယ်..”

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ခန္ဓာကိုယ်ပေါ်တွင် နာခံမှုရှိရှိ လဲလျောင်းနေပြီး နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများဖြင့် တိတ်ဆိတ်လို့နေသည်။

ဒီ... မော့လောင်တက နှစ်ဝက်အတွင်း ဘာတွေလုပ်ခဲ့တာလဲ.. ပိုကြီးတဲ့ ခန္ဓာကိုယ်နဲ့ ပြန်လာတယ်ပေါ့... ဒီမော့လောင်တက ၁၂ မီတာလောက်တောင် ရှည်နေပြီး လုံးပတ်က ဓာတ်ဗူးလောက် ရှိတယ်..

ယင်ရှောင်ရှောင်း သူ့ကိုယ်သူ ကြည့်လိုက်သည်။ ပုခုံးမှ ခြေဖျားအထိ ငါးမီတာခန့်သာ ရှည်လေသည်။ လွန်ခဲ့သည့် နှစ်ဝက်အတွင်း သူ့အနေဖြင့် အလေးချိန်တိုးလာသည့်တိုင် ခန္ဓာကိုယ်အရွယ်အစားမှာ ပက်စီပုလင်းလောက်ပင် မရှိဘဲ ရေပုလင်းသာသာပဲ ရှိလေသည်။ သို့သော်လည်း မော့လောင်တကဲ့သို့ ဖြစ်လာရန် အချိန်များစွာ ရှိနေသေးသည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တပေါ်သို့တက်ကာ မော့လောင်တအား ရစ်ခွေလိုက်ပြီး ဟန်ချက်ညီစေရန်အတွက် မော့‌လောင်တ၏ ဦးခေါင်းအောက်တွင် သူ၏ခေါင်းလေးအား ထားလိုက်သည်။

တကယ်တော့ မလိုအပ်ပေ...

မော့လောင်တသည် ယင်ရှောင်ရှောင်း ပြုတ်ကျရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ မော့လောင်တ ရှေ့သို့ အရှိန်အဟုန်ဖြင့် သွားလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ အနည်းငယ်မျှပင် အဆင်မပြေမှု မခံစားရချေ။ မော့လောင်တမှာ ဟန်ချိန်ထိန်းရာတွင် အလွန်ကျွမ်းကျင်ပုံရသည်။

ဤမှစပြီး ခရီးများသွားသည့်အခါတွင် မော့လောင်တ၏ နောက်ကျောပေါ်တွင် ယင်ရှောင်ရှောင်းအား အ‌ဝေးမှပင် တွေ့မြင်နိုင်ပြီး မော့လောင်တသည်လည်း ဤသည်နှင့် ပတ်သက်၍ အလွန်ပျော်ရွှင်လေသည်။

နောက်တစ်နေ့ ညနေခင်းအချိန်တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် နှစ်ဝက်ကြာအောင် ထားခဲ့ရသည့် အိမ်သို့ ပြန်ရောက်လာခဲ့ကြတော့သည်။