အပိုင်း ၆၇
Viewers 13k

🐍Chapter 67


အသေးစားပြဇာတ်ရုံ-
ယင်ရှောင်ရှောင်း က ညည်းညူလိုက်သည်။

“တဟေးတန်.. ဘာဖြစ်လို့ ကျွန်တော့်ကို ခင်ဗျားအပေါ် လိမ်ညာခွင့် မပေးတော့တာလဲဟင်.. ခင်.. ခင်ဗျားက ကျွန်တော့်ကို မကြိုက်တော့ဘူးလား..”

မော့‌လောင်တ : “…မင်းကအရမ်းဝလွန်းတယ်... ကိုယ် မင်းကို မသယ်နိုင်တော့ဘူး..."
___

“ဝိုး.. ယန်မြက်က ကောင်းကောင်းပေါက်နေတာပဲ..”

ယင်ရှောင်ရှောင်းသည် သူ့ရှေ့ရှိ ယန်မြက်ခင်းပြင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ မညှိုးနွမ်းရုံသာမက ‌ကောင်းကောင်းရှင်သန်နေသေးသည်။

“ဒါပေမဲ့ ဟွိုင်ယန်မြက်ကတော့ အခြေအနေသိပ်ကောင်းပုံ မရဘူး..”

သေချာပေါက်ပင် ယန်မြက်နံဘေးတွင် ပေါက်နေသည့် ဟွိုင်ယန်မြက်များမှာ ယန်မြက်နှင့် အလွန်ကွာခြားလှသည်။ မြက်ပင်၏ အရွက်များမှာ ဝါကျင့်ကျင့်နှင့် ညှိုးနွမ်းလို့နေပြီ ဖြစ်သည်။

မော့လောင်တသည် ဟွိုင်ယန်မြက်အား အသက်မပါစွာနှင့် ကြည့်လိုက်ပြီး ခေတ္တမျှအကြာတွင် ပြောလာသည်။

“ကိုယ်မှတ်မိပြီ.. ဟွိုင်ယန်မြက်ကို ယန်မြက်ဘေးမှာ မစိုက်သင့်ဘူး.. တိတိကျကျ ပြောရရင် စိတ်ဝိညာဉ်ရှိတဲ့ အပင်တွေကို အတူတူမစိုက်သင့်ဘူး.. မဟုတ်ရင် အားနည်းတဲ့အပင်ဆီက စိတ်ဝိညာဉ်တွေက စုပ်ယူခံရနိုင်တယ်..”

ယင်ရှောင်ရှောင်းသည် မော့လောင်တအား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားပဲ ဟွိုင်ယန်မြက်နဲ့ ယန်မြက်ကို အတူတူစိုက်ခဲ့တာ မဟုတ်ဘူးလား..”

မော့လောင်တ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြီးနောက် ဟွိုင်ယန်မြက်ကို တူးယူကာ အခြားနေရာသို့ ‌ရွှေ့လိုက်သည်။

ယင်ရှောင်ရှောင်း: “…”

“မေ့လိုက်တော့.. ကျွန်တော် ကျိခန်းကို တွေ့ချင်တယ်..”

ယင်ရှောင်ရှောင်းက တိုးတိုးလေးပြောသည် ။

“အိုး.. ပျားရည်လည်းစားချင်တယ်.. အာ.. တကယ်က ပျားရည်စားရတာကို နည်းနည်းတော့ ငြီးငွေ့နေပြီရယ်..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ စိတ်ပျံ့လွင့်နေသည့် ပုံစံလေးအား တိတ်တဆိတ် ကြည့်နေလိုက်သည်။ ပျားရည်တွင် အမျိုးအစား များစွာရှိမရှိအား သူမသိပေ။ ရှိသင့်လေသည်။ အိုး.. ထိုသို့ဖြင့်လျှင် ရှောင်ရှောင်းအတွက် ရှာဖွေပေးမည် ဖြစ်သည်။ သေချာပေါက်ကို မတူညီသည့် အရသာနှင့် ပျားရည်များ ရှိသည့်အတွက် ရှောင်ရှောင်းအား ပျော်ရွှင်စေမည်မှာ သေချာသည်။

“ကျိခန်းရေ.. ကျိခန်းရေ.. ငါပြန်လာပါပြီ.. လွမ်းနေတယ်မလား..”

“ရှောင်ရှောင်းလေးက နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပဲ..”

ကျိခန်း၏ မျက်လုံးထဲတွင် မျက်ရည်များ ရှိလို့နေသည်။ တစ္ဆေတစ်ကောင်အတွက် အကြောက်ရွံ့ဆုံးသော အရာမှာ နှစ်ထောင်ပေါင်းများစွာ အထီးကျန်မနေစေရန် ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ အထီးကျန်ခဲ့ရသည့် တစ္ဆေတစ်ကောင်အတွက် သူ၏ အပေါင်းအသင်းဖြစ်လာသည့် မြွေတစ်ကောင် ရုတ်တရက် ပျောက်ကွယ်သွားမည်ကို အကြောက်ရွံ့ဆုံးပင်။

“ဟီးဟီး..”

ယင်ရှောင်ရှောင်း သင်္ချိူင်းဟောင်းထဲသို့ ဝင်လိုက်သည်နှင့် ကျိခန်းပေါ်လာခဲ့သည်။ ယင်ရှောင်ရှောင်း အရူးသဖွယ် ရယ်မောလိုက်သည်။

“တဟေးတန်က တစ်ခုခုလုပ်စရာရှိလို့ ချောက်ကမ်းပါးအောက်ကို သွားကြမယ်လို့ ပြောတာလေ.. အဲဒါ ရက်ပိုင်းလောက်ပဲ ကြာမယ်လို့ ထင်ခဲ့တာ.. နှစ်ဝက်တောင် ကြာသွားမယ်လို့ မမျှော်လင့်ထားဘူးလေ..”

“ချောက်ကမ်းပါးအောက်မှ လုပ်စရာရှိလို့ ဟုတ်လား.. နှစ်ဝက်တောင် နေခဲ့ရသေးတယ်ပေါ့..”

ကျိခန်း မသေချာမှုများဖြင့်မေးလိုက်သည်။ ချောက်ကမ်းပါးအောက်မှာ နှစ်ဝက်လောက်တောင်နေပြီး ဘာလုပ်ဖို့လိုတာလဲ..။

“ဟုတ်တယ်.. အမှန်ပဲ..”

ယင်ရှောင်ရှောင်း က ဂရုမစိုက်ဘဲ ပြန်ဖြေသည်။

“အာ.. နောက်တစ်ခါသွားရင် ခင်ဗျားဆီက ပစ္စည်းတွေ ယူသွားရမယ်.. မင်ရှဲပြောတာက အဲဒီပစ္စည်းတွေကို ချေဖျက်ဖို့ တစ်နှစ်ခွဲလောက်ပဲ ကြာမှာတဲ့..”

“ကိစ္စမရှိဘူး.. အရင်ကတည်းက ပြောသားပဲ.. ကျောက်စိမ်းတွေ ယူသွားပါလို့.. ကျောက်စိမ်းမှာ စွမ်းအင်တွေ ပိုပါလို့ မင်ရှဲအတွက် အစာချေဖို့ ပိုကြာလိမ့်မယ်လေ..”

“လုံးဝ မဟုတ်ဘူး..”

ထိုကိစ္စနှင့် ပတ်သက်၍ ယင်ရှောင်ရှောင်း က အကျောက်အကန်ငြင်းနေသည်။

“မေ့လိုက်တော့.. ငါ့ရှေ့မှာရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေကို အလဟဿ ဖြုန်းတီးမှာကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ.. လုံးဝမေးခွန်းထုတ်စရာတောင် မလိုဘူးနော်..”

ကျိခန်း နှုတ်ဆိတ်နေသည်။

“ကျေးဇူးပြုပြီးတော့နော်.. ဒီကျောက်စိမ်းတွေက သိသိသာသာကြီးကို ငါပိုင်တာပါနော်.. ဟုတ်ပြီလား..”

“ကောရှဲနဲ့ ဟေးလီက ကျွန်တော်တို့ကို ပြောလိုက်တယ်.. အနာဂတ်မှာ ပိုပြီး သတိထားသင့်တယ်တဲ့.. ဘာဖြစ်မယ်ဆိုတာကတော့ မသိဘူး..”

ယင်ရှောင်ရှောင်း နားမလည်နိုင်ဘဲ သူ၏အမြီးလေးဖြင့် ခေါင်းကုတ်လိုက်သည်။

“ကျွန်တော်လည်း အရမ်းဂရုစိုက်ပြီးတော့နေမှာ သေချာပေမဲ့ တိတိကျကျ ဘာမှမသိရဘူး..”

ကျိခန်း အံ့သြသွားသည် ။

“ပိုသတိထားရမယ်တဲ့လား.. ကောရှဲက ဘာပြောလိုက်လို့လဲ..”

ယင်ရှောင်ရှောင်းက ကျိခန်းအား ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်သည်။ ကောရှဲနဲ့ ဟေးလီ လို့ သေသေချာချာ ပြောလိုက်တာကို ဘာကိစ္စနဲ့ ကျိခန်းက ကောရှဲကိုပဲ မေးရတာလဲ။

“ကောရှဲ က ဆိုးရွားတဲ့ ခံစားချက်ကို ခံစားခဲ့ရတယ်လို့ပြောခဲ့တာ...”

အယ်...တကယ်လား...

ကျိခန်း အံ့အားသင့်သွားပြန်သည်။

“အခုတလော အပြင်ဘက်က တိမ်နဲ့မိုးတွေက စိတ်မသက်မသာဖြစ်စေပြီး ဘာတွေဖြစ်နေလဲဆိုတာတော့ မသိဘူးလို့ ဟေးလီက ပြောလိုက်တယ်..”

ဟေးလီ ပြောခဲ့သည်များကိုလည်း ယင်ရှောင်ရှောင်း ပြန်ပြောလိုက်သည်။

ကျိခန်း၏ မျက်ခုံးများ တွန့်ရှုံ့သွားသော်လည်း မည်သည့်စကားမျှ ဆိုမလာချေ။ သူ၏အကြည့်များသည် သင်္ချိုင်းဟောင်းဝင်ပေါက်ရှိ အပေါက်ငယ်လေးဆီသို့ ကူးပြောင်းသွားသည်။

ယင်ရှောင်ရှောင်း လှည့်ကြည့်လိုက်သည့်အခါတွင် မော့လောင်တသည်လည်း ဝင်လာပြီးနောက် ရစ်ခွေကာဖြင့် သူနှင့် ကျိခန်းတို့ ပြောနေသည်ကို တိတ်တဆိတ် နားထောင်နေသည်အား တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း၏ အကြည့်ကို မြင်သည့်အခါတွင် မော့လောင်တ ယင်ရှောင်ရှောင်းဆီသို့ ဖြည်းညှင်းစွာ သွားလေသည်။

“ကိုယ်ပျားရည်ရှာလာတယ်.. ဒီတစ်ခါပျားရည်က အရင်ကပျားရည်တွေနဲ့ မတူဘူးဆိုတော့ မင်းသဘောကျမှာ သေချာတယ်..”

မော့လောင်တသည် ယင်ရှောင်ရှောင်းနှင့် စကားပြောပြီးနောက် ကျိခန်းအား လှည့်ကြည့်လိုက်သည်။

ကျိခန်း၏ အမူအရာမှာ အနည်း၍ယ် ရှုပ်ထွေးနေပုံပင်။ မော့လောင်တ၏ ခန္ဓာကိုယ်မှ အနက်ရောင်အား မြင်သည့်အခါတွင် ယင်ရှောင်ရှောင်း ပြောခဲ့သည့် တစ်ခုခုပြုလုပ်ရန် နှစ်ဝက်ကြာ ချောက်ကမ်းပါးအောက်သို့ သွားခဲ့သည် ဆိုသည့် အဓိပ္ပါယ်အား နားလည်သွားလေသည်။

ဒီမော့လောင်တက အတော်လေး အချစ်ရူးဖြစ်နေတာပဲ..

“ကြိုက်တယ်.. ကြိုက်တယ်.. ရေ့ ရေ့..”

ယင်ရှောင်ရှောင်း အလွန်ပျော်ရွှင်သွားလေသည်။ စတော်ဘယ်ရီအရသာ ပျားရည်အား လိမ္မော်အရသာ ပျားရည်နှင့် အစားထိုးခြင်း ဖြစ်မည်ဆိုလျှင်ပင် အစားအသောက် စာရင်းထဲတွင် အမယ်တစ်မျိုး အသစ်ထပ်ထည့်လိုက်ခြင်းမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပသင့်သည့်အရာ ဖြစ်သည်။

“အဲဒါဆိုလည်း ငါအရင်သွားလိုက်ဦးမယ်နော် ကျိခန်း.. နောက်မှ စကားပြောဖို့ ပြန်လာခဲ့မယ်..”

ယင်ရှောင်ရှောင်း သည် သူ့အမြီးကို ဝှေ့ယမ်းကာ နှုတ်ဆက်ပြီး မော့‌လောင်တ ၏နောက်မှလိုက်ကာ သင်္ချိုင်းဟောင်းမှ ထွက်ခွာသွားခဲ့သည်။

သင်္ချိုင်းဟောင်းထဲတွင်ကျန်ခဲ့သော ကျိခန်း ၏ ပါးစပ်ထောင့်များ တွန့်လိမ်သွားသည်။ ယင်ရှောင်ရှောင်း သည် ကလိမ်ကကျစ်လေးတစ်ကောင်ဖြစ်သည်။ အစားအသောက်နှင့် ပတ်သက်လျှင် အရာအားလုံး မေ့သွားလေသည်။

"အင်း ဒီအရသာက တကယ်မတူဘူး..."

ယင်ရှောင်ရှောင်းက မော့‌လောင်တ ရှာဖွေလာသောပျားရည်ကို မြည်းစမ်းရင်း အံ့အားသင့်စွာ ပြောလိုက်သည်။

“မင်းကြိုက်လား...”

ယင်ရှောင်ရှောင်း အားအင်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်ကြိုက်တယ်...”

မော့လောင်တ ပြုံးပြီး ယင်ရှောင်ရှောင်း၏ ခေါင်းလေးအား အမြီးဖြင့် ပွတ်လိုက်သည်။

“ဒါဆိုရင် နောက်တစ်ခါကျလည်း မင်းအတွက် ဒီပျားရည်မျိုး ကိုယ်ရှာပေးမယ်နော်..”

ယင်ရှောင်ရှောင်း ခေါင်းညိတ်ပြပြန်သည်။

“တဟေးတန်.. ခင်ဗျားပြောကြည့်ဦး.. ကျွန်တော် ဒီလိုမျိုး ပျားရည်ကို ဆက်စားနေမယ်ဆိုရင် တောင်ပေါ်မှာ ပျားအုံတွေ မရှိနိုင်တော့ဘူးလားဟင်.. ဒါဆိုရင် အရမ်းလေးနက်သွားလိမ့်မယ်.. ပျားတွေအကုန် သေသွားမှာလားဟင်..”

မော့လောင်တ ခေါင်းခါလိုက်သည်။

“မင်းအဲအကြောင်းနဲ့ ပတ်သက်ပြီး စဉ်းစားဖို့အတွက် အရမ်းနောက်ကျသွားပြီကွ.. စိတ်မပူပါနဲ့.. ကိုယ်ပျားရည်ယူတဲ့ အချိန်တိုင်း ပျားတွေကို မသတ်ပါဘူး.. သူတို့ကို မောင်းထုတ်လိုက်ရုံပါပဲ.. အဲဒါမှ ပျားအုံအသစ်တွေ ဆောက်နိုင်ကြမှာလေ..”

“အဲဒါဆို ကောင်းတယ်.. ဒီလိုဆို ပျားရည်တွေအများကြီး စားလို့ရတော့မှာ..”

ယင်ရှောင်ရှောင်း ကျေနပ်သွားသည်။

ဪ.. ယင်ရှောင်ရှောင်းရေ.. နင်က ပျားတွေသေမှာကို အရမ်းတွေ စိုးရိမ်သွားတာက ပျားရည်မစားရမှာကို ကြောက်လို့ပေါ့လေ ဟုတ်လား.. ပျားတွေ မျိုးသုန်းသွားရင် ဂေဟစနစ်ကို အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ မဟုတ်ဘူးပေါ့..

ယင်ရှောင်ရှောင်း ပျော်ရွှင်စွာဖြင့် ပျားရည်စားသုံးလိုက်သည်။ အလွန်ပျော်နေသည့်အတွက် သူ့အမြီးလေးမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်လို့နေသည်။ မော့လောင်တ ထိုအရာကို မြင်သည့်အခါတွင် ပြုံးလိုက်မိသည်။ ယင်ရှောင်ရှောင်း၏ အမြီးလေး ယမ်းနေသည်ကိုကြည့်ရင်း သည်းမခံနိုင်တော့ချေ။ ထိုကောင်လေးအား ကိုက်ပစ်ချင်နေမိသည်။ မော့လောင်တ အသိပြန်ဝင်လာသည့် အချိန်တွင် ယင်ငရှောင်ရှောင်း၏ အမြီးအား အမှန်တကယ် ကိုက်မိလိုက်သည်ကို သိလိုက်ရပြီး ထိုအမြီးမှာလည်း သူ့ပါးစပ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ထိုအချိန်တွင် ယင်ရှောင်ရှေဦင်းသည် မော့လောင်တအား ရန်လိုစွာဖြင့် ကြည့်လာသည်။

“တဟေးတန်..! ဘာလုပ်နေတာလဲ.. ဘာကိစ္စနဲ့ ကျွန်တော့်အမြီးကို ကိုက်.....”

မော့လောင်တ ရှက်ရွံ့သွားမိပြီး ယင်ရှောင်ရှောင်း၏ အမြီးကိုလွှတ်ကာ ယခင်က ရပ်နေခဲ့သည့် နေရာအား ပြန်သွားလိုက်သည်။ အရှေ့သို့မျက်နှာမူကာ အသက်မပါသည့်မျက်နှာဖြင့် ပြောလေသည်။

“ဘာဖြစ်တာလဲ.. ကိုယ်ဘာမှမလုပ်ဘူးရယ်.. မင်းအမြင်မှားတာပါ.. အမြင်မှားသွားတာ..”

ယင်ရှောင်ရှောင်း နှုတ်ခမ်းများမဲ့ကာ ဘဝင်မကျ ဖြစ်သွားသော်လည်း ခေါင်းငုံ့ကာဖြင့် ပျားရည်ဆက်စားလိုက်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား နောက်တစ်ကြိမ် ထပ်ကိုက်မိမည်ကို တားမြစ်ရန်အတွက် အခြားကိစ္စများအား အတင်းအကြပ် စဉ်းစားနေလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက်တွင် သူလုပ်ဆောင်ရန် လိုအပ်သည့်အရာအချို့ ရှိနေသည်ကို သိလိုက်ရသည်။

“ရှောင်ရှောင်းရေ.. ကိုယ်ပြောစရာရှိတယ်..”

မော့‌လောင်တ က ရုတ်တရက် ပါးစပ်ကို ဖွင့်ပြောလိုက်သည်။

ယင်ရှောင်ရှောင်းမှာ ယခုလေးတွင် ပျားရည်စားပြီးသွားသဖြင့် ကျေးနပ်စွာဖြင့် ကြမ်းပြင်တွင် လူးလှိမ့်လို့နေသည်။

“ပြောလေ.. နားထောင်နေတယ်နော်..”

“ကိုယ်က အရွယ်ရောက်တော့မှာရယ်..”

မော့‌လောင်တ၏ လေသံမှာလေးနက်သည်။

“ကိုယ်အရွယ်မရောက်ခင် မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ မော့မြွေတွေဆီကို ပြန်သွားရမယ်..”

"အမ်..."

ယင်ရှောင်ရှောင်း သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။

“မော့မြွေတွေဆီကို ပြန်ရမှာလား..”

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ မိသားစုအား ပြန်အမှတ်ရမိလိုက်သည်။ အမှန်တကယ်တွင် ယင်ရှောင်ရှောင်းသည် ထိုမိသားစုအား မတွေ့ချင်ပါ။ ထိုမော့မြွေလေးကောင်မှာ အမှန်တကယ် ရက်စက်လှသည်။

“စိတ်မပူပါနဲ့.. ကိုယ်တို့က အိမ်မှာနေမှာ မဟုတ်ဘူးလေ.. ရွေးချယ်ပွဲနေ့အတွက်ပဲ နေရမှာ.. ပြီးသွားတာနဲ့ ပြန်လာလို့ရပြီ..”

ယင်ရှောင်ရှောင်း ထိုအကြောင်းအား တွေးလိုက်သည်။

“ဟုတ်ပြီလေ.. ဒါပေမဲ့ အဲဒီကနေ ပြန်လာရင် ကျွန်တော့်မိသားစုဆီကို ပြန်ကြမယ်နော်.. ဒီတစ်ကြိမ်တော့ ဖေဖေနဲ့ ပါပါးက ကျွန်တော်တို့ကို သဘောတူဖို့ မျှော်လင့်တာပဲ..”

“သေချာတာပေါ့.. အဲအချိန်ကျရင် ကိုယ်လည်း မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေလိမ့်မယ်.. မင်းရဲ့ ဖေဖေနဲ့ ပါပါးလည်း ကိုယ်တို့ရဲ့ ဆက်ဆံရေးကို သေချာပေါက် တားမြစ်တော့မှာ မဟုတ်တော့ဘူး..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ နဖူးလေးအား အနမ်းပေးလိုက်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း မမြင်နိုင်သည့် သူ့မျက်လုံးများမှာ နက်မှောင်လို့နေသည်။ မျိုးနွယ်စုခေါင်းဆောင် ရာထူးအား သူအနိုင်ရရှိမည်မှာ သေချာသည်။ မော့မြွေအားလုံး စုစည်းထားမည် ဆိုလျှင်ပင် သူ့အားဆန့်ကျင်နိုင်မည့်မြွေ ရှိမည်မဟုတ်ပေ။ မြွေတစ်ကောင်က သူ့ကို မဖြတ်ကျော်မှန်း မသိလျှင် ထိုမော့မြွေနှင့် သူ့မိသားစုကို စွန့်ပစ်ဖို့ရန် စိတ်ရှိလိမ့်မည် မဟုတ်ချေ။

“ဘယ်လိုတောင် အတ္တကြီးနေတာတုန်း.. မျိုးနွယ်စုခေါင်းဆောင် ဖြစ်မဖြစ်ဆိုတာ ခင်ဗျားအပေါ် မူတည်နေတာ မဟုတ်ဘူး..”

ယင်ရှောင်ရှောင်း အထင်သေးစွာဖြင့် ပြောလိုက်သည်။

မော့‌လောင်တ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“မင်းပဲမှန်ပါတယ်ကွာ.. ကိုယ်အကောင်းဆုံး ကြိုးစားပါ့မယ်..”

ယင်ရှောင်ရှောင်း ခေါင်းမော့လိုက်ပြီး မျက်နှာပေါ်တွင် ဂုဏ်ယူကျေနပ်သည့် အမူအရာတို့ ရှိနေလေသည်။

“ဟုတ်တယ်.. ကျွန်တော်ပဲ မှန်တယ်.. မနက်ဖြန်ကစပြီး.. မဟုတ်ဘူး.. နောက်ရက်နည်းနည်းကစပြီး ခင်ဗျားက မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာဖို့ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်.. ပြီးတာနဲ့ ကျွန်တော့်ကို အနိုင်ကျင့်တဲ့ မြွေတွေအားလုံးကို မြေပြင်ပေါ်ကို ရက်ရက်စက်စက် ရိုက်နှက်ပစ်ရမယ်..”

... ယင်ရှောင်ရှောင်းရေ.. စိတ်လျှော့ပါဦး.. မျက်စိပါတဲ့ မြွေတွေက မင်းကို သေးသေးလေးတောင် အနိုင်ကျင့်မှာ မဟုတ်ပါဘူး..

“အဲဒါဆို ကျွန်တော်တို့ ဘယ်အချိန်စထွက်မှာလဲဟင်..”

မော့လောင်တ အတော်ကြာ စဉ်းစားလိုက်သည်။

“မပူပါနဲ့.. နောက်လနည်းနည်းလောက် ကြာမှပါ.. မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲမှာ ကိုယ်က အငယ်ဆုံးလေ.. အဲဒါကြောင့် ရွေးချယ်ပွဲက ကိုယ်အရွယ်ရောက်ပြီးတော့မှ စကြမှာ..”

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ထူထဲတောင့်တင်းသည့် ခန္ဓာကိုယ်အားကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။

“တဟေးတန်.. ခင်ဗျားကိုတောင် အရွယ်ရောက်ပြီးသားလို့ မတွေးကြသေးဘူးလား.. ကျွန်တော်ပြောတာက ခင်ဗျားကသာ အသက် ၁၀၀ ရှိပါပြီလို့ ပြောရင်တောင် မြွေတိုင်းက ယုံကြမှာပဲ.. ကျွန်တော်ပြောတာက..”

မော့လောင်တသည် တိတ်ဆိတ်ကာ စကားမဆက်ရဲတော့သည့် ယင်ရှောင်ရှောင်းအား စိုက်ကြည့်လိုက်သည်။

“ကောင်းပြီ.. ဒါ ဆုံးဖြတ်ပြီးသွားပြီ.. အိမ်မှာ တစ်လ နှစ်လလောက် နေကြမယ်.. ပြီးရင် တောင်ကို လှည့်ပတ်ကြည့်ကြမယ်.. ပြီးတော့မှ မော့မြွေစုဝေးတဲ့နေရာကို သွားကြတာပေါ့..”

“အာ.. ကျွန်တော်တို့ ခရီးထပ်ထွက်ကြဦးမှာလား..”

ယင်ရှောင်ရှောင်း ညည်းညူလိုက်သည်။

“မသွားဘူးလို့.. ကျွန်တော်က အရမ်းပင်ပန်းနေတဲ့ မြွေလေးတစ်ကောင်ပါနော်.. ဟုတ်ပြီလား..”

“မရဘူး..”

မော့လောင်တ ယင်ရှောင်ရှောင်းအား ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

“အရူးပေါက်လေးရဲ့.. မင်းရဲ့အလေးချိန်က အဆီတွေလေ.. အဲဒါ ကောင်းမွန်တဲ့ ကျန်းမာရေး မဟုတ်ဘူး.. ငါးမိနစ်လောက် လျှောက်ပြီးတာနဲ့ မောဟိုက်လာတဲ့ မြွေတစ်ကောင်ကိုများ မင်းမြင်ဖူးလို့လား.. ဆယ်မိနစ်လောက် သွားပြီးတာနဲ့ ဆယ်မိနစ်နားတတ်တဲ့ မြွေကိုကော တွေ့ဖူးရဲ့လား.. မင်းလေ့ကျင့်ခန်း ပိုလုပ်ရမယ်ဆိုတာ မင်းသိပါတယ်..”

ယင်ရှောင်ရှောင်း စိတ်ဆိုးသွားသည်။

‘အရင်က ငါပိန်နေတုန်းကကျ ခင်ဗျားပဲ မကြိုက်လို့ဆိုပြီး ဝအောင်လုပ်ခဲ့တာ.. အခု ဝလည်း ဝလာရော မကြိုက်လို့ လေ့ကျင့်ခန်း လုပ်ခိုင်းပြန်ပြီ.. ခင်ဗျားရဲ့စိတ်ကို ပြင်ရမှာဗျ..’

ယင်ရှောင်ရှောင်း ခေါင်းလှည့်ကာ စကားမပြောတော့ပေ။ စိတ်ထဲတွင်လည်း ‘လုံးဝမကျေနပ်ဘူး’ ဟု ပြောနေလေသည်။ မော့လောင်တ ခေါင်းယမ်းလိုက်သည်။

“မကျေမနပ် ဖြစ်နေလို့ အသုံးမဝ၍်ဘူးနော်.. လေ့ကျင့်ခန်း လုပ်ရမှာက လုပ်ရမှာပဲ..”

လမ်းမှာရှိစဉ်တုန်းက ယင်ရှောင်ရှောင်း မော့လောင်တရဲ့ ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းပြီး မော့လောင်တကို သယ်ခိုင်းခဲ့တဲ့အကြောင်း မင်းကိုပြောပြသင့်သလား.. ယင်ရှောင်ရှောင်း မော့လောင်တ ကိုယ်ပေါ်မှာ လှဲနေပြီး အိပ်ပျော်သွားတော့ ယင်ရှောင်ရှောင်း ပြုတ်မကျသွားအောင် မော့လောင်တ အတော်လေး ဂရုတစိုက်နဲ့ ဟန်ချက်ထိန်းခဲ့ရတာကိုကော ပြောပြသင့်သလား.. မော့လောင်တရဲ့ ကိုယ်ပေါ်မှာ လှဲပြီး ပျားရည်စားနေတဲ့ ယင်ရှောင်ရှောင်းက မော့လောင်တရဲ့ ကိုယ်ပေါ်ကို မတော်တဆ ပျားရည်နည်းနည်း ဖိတ်ကျသွားခဲ့လို့ ပျားရည်တွေ အလေအလွင့်ဖြစ်သွားမှာ စိုးတဲ့အတွက် ယင်ရှောင်ရှောင်းက မော့လောင်တရဲ့ ကိုယ်ပေါ်က ပျားရည်တွေကို လျှာနဲ့ယက်လိုက်လို့ မော့လောင်တ သူ့ကိုယ်သူ တုန်လှုပ်မသွားဘဲ သူနိုးထလာတဲ့အကြောင်းကို ယင်ရှောင်ရှောင်း သိသွားမှာဆိုးလို့ အတင်းထိန်းချုပ်ထားခဲ့ရတယ် ဆိုတာကိုကော ပြောပြသင့်သလား..

မပြောဘူး.. ငါက ပြောပြမှာ မဟုတ်ဘူး.. မင်းတို့ကို ဘာမှပြောပြမှာ မဟုတ်ဘူး..