အပိုင်း ၆၈
Viewers 13k

🐍Chapter 68



ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ မထွက်ခွာမီတွင် မင်ရှဲဆီသို့ ရတနာများ ယူဆောင်ပေးရန် ချောက်ကမ်းပါးအောက်သို့ ခရီးတစ်ခေါက် ထွက်ခဲ့ကြသည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့မှာ ဤတစ်ခေါက်ခရီးတွင် နှစ်ဝက်ကျော်မျှ ကြာမည်ဖြစ်သဖြင့် သူတို့ပြန်မလာမီတွင် မင်ရှဲရတနာများအား ချေဖျက်ပြီးသွားမည် ဖြစ်သည်ကြောင့်ပင်။

ချောက်ကမ်းပါးအောက်ခြေမှ ပြန်လာပြီးနောက်တွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် ကျိခန်းဆီသို့ သွားရောက်ခဲ့ကြပြီး ကျိခန်းသည် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ထွက်ခွာသွားမည်ကို အနည်းငယ် ဝန်လေးနေခဲ့သည်။

“တဟေးတန်.. ခင်ဗျားပြောတာက ကျွန်တော်က အခုတလော အတော်လေးဝပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောခဲ့တယ်မလား..”

စိတ်ဓာတ်ကျနေသည့် ယင်ရှောင်ရှောင်းမှာ သူ၏ခန္ဓာကိုယ်လေးအား ငုံ့ကြည့်လိုက်သည်။ ပြောရမည်ဆိုလျှင် လတ်တလောတွင် သူ့အနေဖြင့် အနည်းငယ် ပြည့်ဖြိုးလာသည်ဟု ခံစားနေမိသည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား မျက်နှာသေနှင့် လှည့်ကြည့်လိုက်သည်။ ဟုတ်သည်။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ ယင်ရှောင်ရှောင်းမှာ သူ့အပေါ်တွင်သာ လှဲနေခဲ့ပြီး အနည်းငယ်သာ ဝလာခဲ့သည် မဟုတ်ပေ။ သို့သော်လည်း အမျှော်အမြင်ရှိသည့် အနာဂတ်လက်တွဲဖော် တစ်ဦးအနေဖြင့် မော့လောင်တမှာ မျက်တောင်မခတ်ဘဲ ကြီးမားသည့် လိမ်လည်မှုတစ်ခုအား ပြောခဲ့လေသည်။

“ဘယ်ကသာ.. အဲဒါက မင်းစိတ်ထင်နေတာ..”

“...တကယ်လား...”

မော့လောင်တ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

“တကယ်ပေါ့.. ကိုယ်က ဘာဖြစ်လို့ လိမ်ရမှာလဲ..”

“ကျွန်တော်စိတ်ထင်နေတာဆိုလို့ တော်ပါသေးရဲ့.. ကျွန်တော်ပြောခဲ့သားပဲ.. ဘယ်လိုဖြစ်ပြီး ဝမှာလဲလို့..”

မော့လောင်တ၏ အာမခံချက်ကို ကြားပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း စိတ်သက်သာရာ ရသွားခဲ့သည်။ သူဝလာသည်ဟု ထင်နေမိခြင်းမှာ အမှန်တကယ်ကို စိတ်ထင်နေခဲ့ခြင်းသာ ဖြစ်နေလေသည်။

မော့လောင်တ တိတ်တဆိတ် လှည့်ကာ အစာရှာဖို့ ထွက်သွားလေသည်။

ယင်ရှောင်ရှောင်း အသိစိတ်ပြန်လည်လာသည့် အချိန်တွင် မောလောင်တမှာ ခြေရာပင် မမြင်ရတော့အောင် ထွက်သွားခဲ့ပြီဖြစ်သည်။ ယင်ရှောင်ရှောင်း ထိတ်လန့်ခြင်း မရှိပေ။ မော့လောင်တမှာ အစာရှာဖို့ရန် ထွက်သွားခြင်းဖြစ်သည်ဟု ပြတ်ပြတ်သားသား ယုံကြည်ခဲ့သည်။

“မင်း အဲဒီမော့မြွေနဲ့ အတူတူရှိနေတုန်းပဲလား..”

ယင်ရှောင်ရှောင်းနံဘေးရှိ ချုံပုတ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“အိုက်ယား.. လန့်သေတော့မှာပဲ..”

ယင်ရှောင်ရှောင်းသည် ယင်ရှောင်စစ်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကြောက်လန့်တကြား ထခုန်မိသည်။

“စစ်ကော.. ဘာဖြစ်လို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ..”

ယင်ရှောင်ရှောင်း သူ့အား တစ္ဆေတစ်ကောင်ကို မြင်သကဲ့သို့ ကြည့်နေခြင်းအား ယင်ရှောင်စစ် ဂရုမစိုက်ပေ။

“မင်းနဲ့ မော့မြွေက ရေရှည်လက်တွဲသွားဖို့ မဖြစ်နိုင်ဘူးလို့ ကောကောထင်ခဲ့မိတာ..”

“စစ်ကော.. ကျေးဇူးပြုပြီးတော့..”

ယင်ရှောင်ရှောင်း ကပြောလိုက်သည်။

“မော့မြွေလို့ ခေါ်နေတာကို တော်ပါတော့.. အဲဒီမော့မြွေမှာ နာမည်ရှိတာ ကောကောသိရဲ့နဲ့.. သူ့မှာနာမည်ရှိတယ်ဆိုတာ သိရဲ့နဲ့.. သူ့နာမည်က မော့လောင်တ..”

ယင်ရှောင်စစ် ခေတ္တမျှ နှုတ်ဆိတ်ပြီးနောက်မှ ပြောလေသည်။

“အဲဒါဆို မင်းနဲ့ မော့လောင်တက အတူတူရှိနေတုန်းပဲလား..”

“စစ်ကော အခုလေးတင် အားလုံးမြင်ခဲ့တယ် မဟုတ်ဘူးလား..”

ယင်ရှောင်ရှောင်း အနည်းငယ် စိတ်မရှည်ပုံဖြင့်ပြောလိုက်သည်။

“စစ်ကော အားလုံးမြင်ပြီးတာတောင် ကျွန်တော့်ကို မေးစရာလိုသေးလို့လား..”

ယင်ရှောင်စစ်၏ အမူအရာမှာ အတော်လေး ရှုပ်ထွေးနေဟန်ရှိသည်။ ရုတ်တရက် ပါးစပ်ဖွင့်ကာ မေးလိုက်သည်။

“မင်း မော့လောင်တကို လွန်ခဲ့တဲ့ ၁၀ နှစ်က သိခဲ့တာလား..”

“လွန်ခဲ့တဲ့ ၁၀ နှစ်လား..”

ယင်ရှောင်ရှောင်း အတော်လေး အံ့ဩသွားမိသည်။ ရုတ်တရက်ဆိုသလို လွန်ခဲ့သည့် ၁၀ နှစ်အား အမှတ်ရမိလိုက်သည်။ သူနှင့် မော့လောင်တ တွေ့ပြီး ဂူသို့ပြန်လာသည့်အချိန်တွင် ယင်ရှောင်စစ်နှင့် ဂူဝတွင် တွေ့ခဲ့ရသည်။

“အဲတုန်းက ကောကောက ကျွန်တော့်နောက်ကို လိုက်ခဲ့တာလား..”

“မင်း မော့မြွေတစ်ကောင်နဲ့ တွေ့ခဲ့မယ်ဆိုတာကို ကောကောသိခဲ့ရင် သေချာပေါက် ဂူဝမှာတည်းက တားခဲ့မိမှာ..”

ယင်ရှောင်စစ်သည် ယင်ရှောင်ရှောင်း၏ မေးခွန်းအား ရှောင်လွှဲကာဖြင့် လေးလေးနက်နက် ပြောလေသည်။

ယင်ရှောင်ရှောင်း သူ၏အမြီးအား ယမ်းလိုက်သည်။

“ကျွန်တော်နဲ့ မော့လောင်တက အတူတူနေကြတာ.. ကျွန်တော်က စစ်ကောရဲ့ ကောင်းချီးပေးတာကို မျှော်လင့်နေတယ်နော်..”

ထိုသို့ပြောပြီးနောက် ခေတ္တရပ်လိုက်သည်။ ယင်ရှောင်ရှောင်း၏ လေသံမှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်လာသည်။

“ကျွန်တော်က ကောကောတို့ကို နာကျင်စေခဲ့ပြီး စိတ်ဆင်းရဲအောင် လုပ်ခဲ့တာ သိပါတယ်.. အဲဒီအတွက်လည်း တောင်းပန်ပါတယ်.. အစတုန်းကတော့ တဟေးတန်နဲ့ အတူတူမနေချင်ခဲ့ဘူး.. ဒါပေမဲ့ အချိန်ကြာလာတော့ သားက တဟေးတန်ကို သဘောကျနေမိတာကို သိလာခဲ့တယ်.. သူနဲ့အတူတူ ရှိချင်တယ်.. အားလုံးကို စိတ်ပျက်စေခဲ့လို့ သားတောင်းပန်ပါတယ်..”

ယင်ရှောင်စစ်မှာ လှုပ်ရှားမှုမရှိဘဲနှင့် ယင်ရှောင်ရှောင်းကိုသာ အတော်ကြာအောင် ကြည့်နေမိသည်။ ယင်ရှောင်ရှောင်းသည်လည်း တိတ်တဆိတ်သာ ရပ်နေလေသည်။ အတော်ကြာပြီးသည့်နောက်တွင် ယင်ရှောင်စစ် လှည့်ထွက်သွားလေသည်။ ယင်ရှောင်ရှောင်း၏ မြင်ကွင်းထဲမှ ယင်ရှောင်စစ် ပျောက်ကွယ်သွားလုဆဲဆဲမှာပင် ရုတ်တရက် နောက်ပြန်လှည့်လာခဲ့သည်။

“ရှောင်ရှောင်း.. မင်းဝလာတယ်နော်..”

ယင်ရှောင်ရှောင်း: “…”

ယင်ရှောင်စစ် လန်စန်းစန်းဆီသို့ ပြန်လာခဲ့ပြီး သက်ပြင်းအကြိမ်ကြိမ် ချလိုက်မိသည်။ သူတို့မိသားစု၏ ရှောင်ရှောင်းမှာ မြွေတစ်ကောင်အား အမှန်တကယ် စိုးရိမ်ပူပန်စေနိုင်သည်။ အရာအားလုံးကို ဆန့်ကျင်ပြီး မော့မြွေတစ်ကောင်အား ရွေးချယ်ခဲ့သည်။ သို့သော်လည်း ယင်ရှောင်စစ်သည် ချုံပုတ်ထဲ ပုန်းအောင်းနေစဉ် မြင်တွေ့ခဲ့ရသည့် မော့လောင်တနှင့် ရှောင်ရှောင်းတို့၏ အပြန်အလှန် ပြောဆိုမှုများအား ပြန်အမှတ်ရလိုက်သည်။ မြွေနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် အမှန်တကယ် မြတ်မြတ်နိုးနိုး ချစ်ခင်ကြပုံပင်။ မည်သို့ပင်ဖြစ်စေ ယင်ရှောင်စစ် သက်ပြင်းချလိုက်ပြန်သည်။ သူတို့၏ ခံစားချက်များသာ စစ်မှန်ပါက အဆုံးတွင် ဖေဖေနှင့် ပါပါးတို့၏ သဘောတူကြည်ဖြူမှုအား လက်ခံရရှိပေလိမ့်မည်။ အကြောင်းမှာ ပါပါးသည် ရှောင်ရှောင်းအား အချစ်ဆုံးဖြစ်ပြီး ဖေဖေက ပါပါးအား အချစ်ဆုံး ဖြစ်သည်ကြောင့်ပင်။

တကယ်တမ်းတွင် မော့လောင်တသည် ချုံပုတ်ထဲတွင် ပုန်းနေသည့် ယင်ရှောင်စစ်အား မြင်သည့်အတွက် အကြောင်းရှာကာ ထွက်သွားခဲ့ခြင်းဖြစ်သည်။ သူပြန်လာသည့် အချိန်တွင် ယင်ရှောင်စစ်မှာ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကြောင့် အဝေးရှိ ချုံပုတ်ထဲတွင် ခေတ္တမျှနေခဲ့ရပြီး ယခုမှသာ သားကောင်အား ဆွဲကာဖြင့် ယင်ရှောင်ရှောင်းထံ ပြန်လာခဲ့လေသည်။

ယင်ရှောင်ရှောင်း: “တဟေးတန်..! ခင်ဗျားပြောတော့ ကျွန်တော်က မဝပါဘူးဆို.. ခင်ဗျားက မြွေလိမ်.. မြွေလိမ်အကြီးစားကြီး..”

မော့‌လောင်တ : “…” အခုက တကယ် ဝလား မဝဘူးလားလို့ မေးရမယ့် အချိန်လား...

“ကိုယ်တို့ မော့မြွေနယ်မြေကို ထွက်ဖို့အချိန်တန်ပြီ..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ‘မြွေလိမ်မြွေညာ’ ဟူသည့် ပြောဆိုချက်အား အကြောင်းမပြန်ဘဲနှင့် မြေပြင်ပေါ်သို့ စားစရာများ ပစ်ချလိုက်ပြီး ထိုအချက်အား အရေးမစိုက်ဟန်ဖြင့် ရှိနေလေသည်။

“သိပြီ..”

ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

‘အခုအချိန်မှာ အရေးအကြီးဆုံးက မော့မြွေတွေဆီကို သွားဖို့မဟုတ်ဘူး သိရဲ့လား.. ဝိတ်လျှော့ဖို့.. ဝိတ်လျှော့ဖို့.. ဝိတ်လျှော့ဖို့က အရေးအကြီးဆုံးလို့..’

“ဒီလိုလေးလည်း ကောင်းပါတယ်ကွာ..”

မော့‌လောင်တသည် ဝမ်းနည်းပူဆွေးသောကရောက်နေသော ယင်ရှောင်ရှောင်းကိုကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

"ကောင်းတာလား..."

ယင်ရှောင်ရှောင်း၏ အသံမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်လို့နေသည်။

“အခုလိုမျိုး ဝနေတာက ချီးကျူးစရာပေါ့လေ.. ကျွန်တော်သိပြီ.. ခင်ဗျားက ကျွန်တော့်ကို တမင်သက်သက် ဝလာအောင် လုပ်နေတာပဲ.. ခုနကလေးတင် ကျွန်တော်ကို မဝဘူးလို့ လိမ်ပြောခဲ့တယ်.. ခင်ဗျားက မြွေလိမ်ကြီး..”

မော့‌လောင်တ: “…”

‘ဒီ ‘မြွေလိမ်ကြီး’ ရဲ့ ဘက်ကနေကော မင်းလေး နားလည်မပေးနိုင်ဘူးလားကွာ.. နောက်ပြီးတော့ အခုလို မင်းဝလာအောင် ဘယ်သူက လုပ်ခဲ့တာလဲ.. နေ့တိုင်းနေ့တိုင်း စားတယ်၊ သောက်တယ်၊ ကိုယ့်ပေါ်မှာ အိပ်တယ်.. ဒါတွေက ကိုယ်အတင်းအကြပ် ခိုင်းစေခဲ့လို့လား.. နောက်များကျ မင်းလေးကို ကိုယ်ဆွဲခေါ်သွားမသွား ကြည့်ကြသေးတာပေါ့..’

မော့လောင်တ၏ မျက်နှာမှာ ပြာနှမ်းလို့လာသည်။ (ဆိုလိုတာ ‌ဒေါသဖြစ်/မပျော်မရွှင် ဖြစ်လာ) သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် သူ၏ အနက်ရောင် အကြေးခွံများမှာ မော့လောင်တ၏ အခြေအနေမှန်အား ဖုံးကွယ်ထားလေသည်။

“ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ.. အခုကစပြီး မော့မြွေနယ်မြေကို ရောက်တဲ့အထိ ကိုယ်တိုင်ကိုယ်ကျ သွားတော့မယ်.. ခင်ဗျားအပေါ်မှာ လှဲပြီးတော့လိုက်မှာ လုံးဝမဟုတ်ဘူး.. တဟေးတန်.. ခင်ဗျား ကျွန်တော့်ကို ဖိအားပေးလို့ မရတော့ဘူး..”

မော့လောင်တ ခပ်ပါးပါး နှာမှုတ်လိုက်သည်။

‘ကိုယ်က ဖိအားပေးတယ်ပေါ့..’ ဒါကိုပဲ ငါလိုချင်နေတာကွ..

ထိုနေ့မှစကာ ယင်ရှောင်ရှောင်း၏ နေ့ရက်များသည် နာကျင်မှုတို့နှင့် ပြည့်လို့နေသည်။ နေ့စဉ်နေ့တိုင်း သွားပြီးရင်း သွားပြီးရင်း သွားပြီးရင်း သွားနေရသည်။ ပြောရမည်ဆိုလျှင် ချောက်ကမ်းပါးအောက်ခြေမှ ပြန်တက်လာသည့် အချိန်မှစကာ ယင်ရှောင်ရှောင်းသည် သူကိုယ်တိုင် များစွာသွားလာခဲ့ရခြင်း မရှိခဲ့ပေ။

အလွန်ခက်ခဲခဲ့သော်လည်း မော့မြွေနယ်မြေနှင့် မဝေးတော့သည့်အချိန်တွင် ယင်ရှော်ငရှောင်းသည် အောင်မြင်စွာ အလေးချိန် လျှော့ချနိုင်ခဲ့သည်။ မော့လောင်တအား ပို၍ပျော်ရွှင်စေသည့်အရာမှာ ယင်ရှောင်ရှောင်း၏ အစားအသောက် ပမာဏ တိုးတက်လာခြင်း ဖြစ်သည်။ ဟုတ်သည်၊ မော့လောင်တ၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ယင်ရှောင်ရှောင်းအား ပိုစားလာစေရန်ဖြစ်ပြီး ထိုမှသာ ပိုမိုသန်မာလာကာ အိပ်စက်ခြင်း နည်းပါးသွားမည် ဖြစ်ပြီး ကျန်းမာလာမည် ဖြစ်သည်။

“တဟေးတန်.. တဟေးတန်.. ခင်ဗျားအခု အရမ်းစိတ်လှုပ်ရှားပြီး စိုးရိမ်နေတာလား..”

ယင်ရှောင်ရှောင်းသည် မော့မြွေများ၏ စုဝေးရာနေရာသို့ကြည့်လိုက်ပြီး အတင်းပြောလိုဟန်ဖြင့် ခေါင်းလှည့်လိုက်သည်။

“မဟုတ်ပါဘူး..”

မော့လောင်တ ယင်ရှောင်ရှောင်းအား စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ စိတ်လှုပ်ရှားပြီး စိုးရိမ်ရမှာလား။ မည်သည်ကြောင့် ထိုသို့ဖြစ်ရမည်နည်း။ သိူ့သော်လည်း ထိုသို့ပြောပြီးနောက်တွင် သူ၏အရူးပေါက်လေးမှာ သူကိုယ်တိုင်ထက်ပင် ပိုမိုကာ စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေဟန်ရှိသည်ကို တွေ့လိုက်ရသည်။

ယင်ရှောင်ရှောင်း လှောင်ပြောင်လိုက်သည်။ တကယ်ဆို အခုအချိန်မှာ တဟေးတန်က သေလောက်အောင် စိတ်လှုပ်ရှားပြီး စိုးရိမ်နေသင့်တာ မဟုတ်ဘူးလား..

“လောင်တ.. မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ..”

ထိုအော်ဟစ်သံမှာ လှပသည့်အခိုက်အတံ့လေးအား ပျက်စီးစေခဲ့သည်။ ‘လောင်တ’ ဟူသည့် အော်သံမှာ မော့လောင်တ၏ နာမည်ကို ဆိုလိုခြင်းမှန်း ယင်ရှောင်ရှောင်း သိသော်လည်း ‘အခြားသောအဖွဲ့အစည်းများမှ လောင်တ’ ကို တွေးမိသွားသဖြင့် မရယ်ဘဲမနေနိုင်တော့ချေ။ (သူဆိုလိုတာက မာဖီးယားခေါင်းဆောင်ကို မြင်ယောင်နေတာ.. အရှေ့အပိုင်းတုန်းက ပါခဲ့ဖူးတယ်..)

သဘာဝကျစွာပင် ထိုအော်သံမှာ မော့တာယိ ဖြစ်လေသည်။

“ခင်ဗျားက တဟေးတန်ကို ဒီနေရာမှာ နေ့တိုင်းနေ့တိုင်း စောင့်နေခဲ့တာလား..”

ယင်ရှောင်ရှောင်း ‌မေးလိုက်သည်။

“အာ.. နေ့တိုင်းတော့ မဟုတ်ပါဘူး..”

မော့တာယိသည် မော့လောင်တ၏ ဂရုမစိုက်မှုကို မြင်သည့်အခါတွင် ယင်ရှောင်ရှောင်း၏ မေးခွန်းအား ဖြေလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲက သိပ်မကြာခင် စတော့မှာလေ.. လောင်တက ဒီရက်ပိုင်းထဲ ပြန်လာမှာကို သိလို့ စောင့်နေခဲ့တာ..”

ယင်ရှောင်ရှောင်းသည် မော့တာယိအား စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ ဤမော့တာယိက သူ၏တဟေးတန်အား စိတ်ဝင်စားနေခြင်းများလား၊ သို့တည်းမဟုတ် မျိုးနွယ်စုခေါင်းဆောင်အသစ်ကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့လောက်အောင် စိတ်လှုပ်ရှားနေခြင်းများလား။ ထိုသို့တွေးမိသည့်အခါ ယင်ရှောင်ရှောင်း ပြင်းပြင်းထန်ထန် ညည်းတွားလိုက်သည်။

‘ငါ့ရဲ့တဟေးတန်ကို လုယူဖို့ စဉ်းတောင်မစဉ်းစားနဲ့..’

မော့တာယိမှာ ယင်ရှောင်ရှောင်းအား နားမလည်နိုင်စွာနှင့် ကြည့်နေမိသော်လည်း ဘာဖြစ်တာလဲဟု မမေးတော့ဘဲ မော့လောင်တကိုသာ ပြောလေသည်။

“လောင်တ အရင်တစ်ခါက မင်းပြောခဲ့တာ မှန်တယ်ကွ.. ငါ့မိဘတွေနဲ့ မင်းမိဘတွေက မင်းနဲ့ မော့တာအာကို လက်တွဲဖော်ဖြစ်လာဖို့ သဘောတူခဲ့ကြတယ်.. ပြီးတော့ သူတို့က မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲ ပြီးတဲ့အထိ စောင့်ပြီးတာနဲ့ မင်းနဲ့ မော့တာအာက လက်တွဲဖော်တွေ ဆိုတဲ့အကြောင်းကို မော့မြွေတွေကို ကြေငြာကြလိမ့်မယ်..”

မော့တာယိသည် နံဘေးတွင် နားထောင်နေသည့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။

“မင်းရဲ့မိဘတွေက မင်းကို ယင်မြွေနဲ့ လက်တွဲဖို့ သဘောမတူဘူးဆိုတော့ ဒီတစ်ကြိမ် သူတို့က အရင်စပြီး တိုက်ခိုက်လိုက်တာပဲ..”

ထိုစကားများကို နား‌ထောင်ပြီးနောက်တွင် မော့လောင်တ၏ အမူအရာမှာ ရုတ်တရက် အေးစက်လာလေသည်။ သူ့မျကနှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“တာယိ.. မင်း ငါ့ရဲ့ပြောင်းလဲမှုကို သတိမထားမိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား..”

မော့လောင်တ ထိုစကားကို ပြောပြီးနောက် မည်သည့်စကားမျှ မဆိုတော့ပေ။

မော့တာယိ မော့လောင်တအား သံသယဖြင့် ကြည့်လိုက်သည်။ ဤအကြည့်တွင် မည်သည့်အရာ ပြောင်းလဲသွားမှန်း ချက်ချင်းတွေ့လိုက်ရသည်။ မော့တာယိ၏ မျက်လုံးများ ပြူးကျယ်သွား၏ အသံမှာလည်း မြင့်တက်သွားလေသည်။

“လောင်တ.. မင်းဘယ်လိုလုပ်ပြီး ပိုနက်လာတာလဲ..”

မော့လောင်တ မည်သည့်စကားမျှ မဆိုသေးချေ။

မော့တာယိ မေးပြီးသည့်နောက်တွင် ဖြစ်နိုင်ခြေတစ်ခုအား ရုတ်တရက် တွေးမိလိုက်သည့်အတွက် သူ၏အသံမှာ နောက်တစ်ကြိမ် မြင့်တက်သွားပြန်သည်။

“....စားတယ်လို့ မပြောနဲ့..”

မော့လောင်တ၏အမြီး မြင့်တက်လာပြီး မော့တာယိ စကားပြောနေခြင်းအား ရပ်တန့်လိုက်သည်။

မော့တာယိ ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်ပြီး ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည့်အခါ ယင်ရှောင်ရှောင်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုတို့ကို မြင်လိုက်ရသည်။

“စားတာလား.. ဘာစားတာလဲ..”

မော့တာယိ မဝံ့မရဲ ပြုံးလိုက်သည်။

“ဘာ.. ဘာမှမစားဘူး.. ငါမှားပြောတာ..”

ထို့နောက်တွင် ‘သူမသိဘူးလား’ ဟူ၍ မေးသည့်အနေဖြင့် မော့လောင်တအား အမူအရာပြလိုက်သည်။

မော့‌လောင်တ ခေါင်းညိတ်လိုက်သည်။

မော့တာယိက သူ့မျက်လုံးများဖြင့် ဆက်မေးသည်။

“မင်း အပင်ဘယ်နှစ်ပင်စားခဲ့တာလဲ...”

မော့‌လောင်တ က သူ့အကြည့်ကို ပြန်ကြည့်သည်။

"ခုနစ်ပင်"

ယင်ရှောင်ရှောင်း ဒေါသထွက်သွားသည်။

“ခင်ဗျားတို့က ဘာဖြစ်လို့ အကြည့်တွေနဲ့ ပြောနေကြတာလဲ ဟမ်.. ကျွန်တော်က နားမလည်ပေမဲ့ ကန်းနေတာ မဟုတ်ဘူးဗျ..”

မော့‌လောင်တ၊ မော့တာယိ- “…”

“အဟွတ်၊အဟွတ်...”

မော့တာယိ နှစ်ကြိမ်ခန့် ချောင်းဟန့်ပြီးနောက် အကြောင်းအရာ ပြောင်းလိုက်သည်။

“အဲလိုဆိုမှတော့ မျိုးနွယ်စုခေါင်းဆောင်နေရာက မင်းအတွက်ဆိုတာ သေချာသွားပြီ.. ငါ့မိဘတွေနဲ့ မင်းမိဘတွေကတော့.....”

မော့တာယိ၏ စကားများကို မော့လောင်တ ထူးမခြားနားဟန်ဖြင့် တုံ့ပြန်သည်။

“အသန်မာဆုံးသူတွေကပဲ လေးစားခံရတယ်..”

မော့တာယိ အံ့သြသွားသော်လည်း ပြုံးလိုက်မိသည်။

“မှန်တယ်၊ မှန်တယ်... လောင်တ မင်းပြောတာမှန်တယ်..."

ယင်ရှောင်ရှောင်းသည် မော့တာယိအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

“သနားဖို့ကောင်းတဲ့ အပြုံးပဲ..”

မော့တာယိ : “…”