အပိုင်း ၆၉
Viewers 12k

🐍Chapter 69





“ဟမ့်.. ငါသိနေတယ်.. ငါ့ရဲ့တာ့ကောကို စောင့်ဖို့ နင်နေ့တိုင်းနေ့တိုင်း ဒီနေရာကို ခိုးခိုးပြီးလာနေတာ သိနေတယ်.. မျှော်လင့်ထားသလိုပဲ ငါ့ခန့်မှန်းချက်က မှန်နေတာပဲ..”

ထိုအသံကို ကြားသည့်အခါတွင် မော့လောင်တ၏မျက်နှာ ဖြူဖျော့သွားလေသည်။ ထိုအသံမှာ အလွန်ရင်းနှီးနေပုံရသည်ဟု ယင်ရှောင်ရှောင်း တွေးမိလိုက်သည်။ မော့တာယိ ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“မော့လောင်အာ.. နင် ငါ့နောက်ကို လိုက်လာတာလား..”

ထိုသူမှာ မော့လောင်အာ ဖြစ်သည်ကို ယင်ရှောင်ရှောင်း ရုတ်တရက် အမှတ်ရလိုက်မိသည်။ ထို့ကြောင့် ထိုအသံအား ရင်းနှီးနေသည်ဟု ထင်မိခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

“နင့်နောက် လိုက်လာတယ် ဟုတ်လား..”

ချုံပုတ်များထဲမှ မော့လောင်တ၏ ညီမဖြစ်သူ မော့လောင်အာ ထွက်လာခဲ့သည်။

“ငါ့ရဲ့ တာ့ကောကို ရှာနေတာ.. ဘယ်လိုများ နင့်နောက်လိုက်လာတယ်လို့ တွေးရတာလဲ.. ငါ အခုလေးတင် ရောက်လာတာ..”

မော့တာယိ မော့လောင်တအား ကြည့်လိုက်သည်။ မော့လောင်တသည် မော့လောင်အာ ယခုလေးတွင်မှ ရောက်လာသည်ကို ရည်ညွှန်းသည့်အနေဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။ မော့လောင်တ၏ လက်ရှိစွမ်းရည်အရ မော့မြွေတစ်ကောင် ချဉ်းကပ်လာသည်ကို သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။

မော့လောင်အာ၏အကြည့်မှာ နောက်ဆုံးတွင် ယင်ရှောင်ရှောင်းဘက်သို့ လှည့်လာလေသည်။ သူမ၏မျက်နှာမှာ ညွတ်ကျသွားပြီး ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။

“တာ့ကော.. ဘာဖြစ်လို့ ဒီယင်မြွေနဲ့ အခုထိ ရှိနေရတာလဲ..”

“ငါနောက်ဆုံးပြောခဲ့တဲ့ စကားမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား.. ရှောင်ရှောင်းက အခုကော နောင်အနာဂတ်မှာကော ငါ့ရဲ့လက်တွဲဖော် ဖြစ်လာလိမ့်မယ်..”

မော့လောင်တ တစ်လုံးချင်း ဆိုသော်လည်း ရှင်းလင်းလို့နေသည်။

မော့လောင်အာသည် အချိန်တစ်ခု ကြာသည်အထိ ယင်ရှောင်ရှောင်းအား မုန်းတီးမှုအပြည့်နှင့် ကြည့်လိုက်ပြီး ဟွန့်ခနဲ အသံပြုသော်လည်း ယင်ရှောင်ရှောင်းအား ရှုံ့ချသည့်စကား မဆိုပေ။ မော့လောင်အာသည် မော့လောင်တ၏ လွှင့်ပစ်ခြင်းခံရသည်ကို အလွန်ကြောက်ရွံ့နေဆဲ ဖြစ်ဟန်ရှိသည်။

“တာ့ကော.. အခုတော့ ဒီကိစ္စကို ခဏဖယ်ထားလိုက်မယ်..”

ယင်ရှောင်ရှောင်း မရှိသလို ပြုမူကာ မော့လောင်အာသည် ယင်ရှောင်ရှောင်းအား မကြည့်ဘဲနှင့် မော့လောင်တကိုသာလျှင် ကြည့်လိုက်သည်။

“ဖေဖေနဲ့ မေမေက တာ့ကောအိမ်ကို ချက်ချင်းပြန်လာသင့်တယ်လို့ ပြောလိုက်တယ်..”

မော့လောင်တ ယင်ရှောင်ရှောင်းအား လှည့်ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းသည် မော့လောင်တအား အလွန်အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်လိုက်သည်။

“ပြန်မလာဘူး.. အချိန်ကျရင် မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို တိုက်ရိုက်သွားမှာ..”

မော့လောင်အာ : “ဘာကိုဆိုလိုတာလဲ တာ့ကော.. နင်က ဒီယင်မြွေနဲ့ လက်တွဲဖော်တောင် ဖြစ်မလာသေးဘဲ ဖေဖေနဲ့ မေမေ့ကို မနာခံနိုင်တော့ဘူးပေါ့ ဟုတ်လား.. အဲဒါဆိုရင် နင်သာ ဒီယင်မြွေနဲ့ လက်တွဲပြီးသွားရင် ဖေဖေနဲ့ မေမေ့ကိုတွေ့ဖို့ ဆယ်စုနှစ်တွေ ကြာလာရင်တောင် ပြန်လာမှာ မဟုတ်လောက်ဘူး..”

ယခု ယင်ရှောင်ရှောင်းသည် သူမှာ အလွန်အပြစ်ကင်းသည်ဟု ခံစားရရုံသာမက အလွန်လည်း အံ့အားသင့်နေမိသည်။ မော့လောင်တ မိဘစကား နားမထောင်ဘဲနှင့် အိမ်ပြန်မလာခြင်းအား မည်သည်ကြောင့် သူ၏ အချစ်ရေးအပေါ် အပြစ်တင်နေရသနည်း။ ထို့အပြင် သူတို့နှစ်ဦး အတူရှိမရှိ ဟူသည့် ကိစ္စရပ်မှာလည်း သူ၏အကြောင်းသာဖြစ်သည်။

ဝသဖ..

မော့လောင်တသည် မော့လောင်အာကို ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ မော့လောင်အာ၏ ခန္ဓာကိုယ် သိသိသာသာ အေးစက်သွားပြီး မသိစိတ်မှ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်မိသည်။

“ငါတို့သွားတော့မယ်..”

မော့လောင်တ ယင်ရှောင်ရှောင်းနှင့် မော့တာယိအား ပြောလိုက်သည်။

မော့လောင်အာသည် ထွက်သွားရန်မပြုမီ နေရာတွင်သူ အကျည်းတန်သည့် အကြည့်တစ်ခုဖြင့် ခေတ္တမျှ ကျန်နေရစ်နေသည်။

“လောင်တ.. မင်းဒီည အိမ်မပြန်ဘူးဆိုရင် ဘယ်မှာနေမှာလဲ..”

အနောက်မှ မော့တာယိသည် မော့လောင်တနှင့် ယင်ရှောင်ရှောင်းအား မေးလိုက်သည်။

“ငါ့မိဘတွေနဲ့ မော့လောင်အာက အိမ်မှာရှိကြတယ်.. တကယ်လို့ မင်းသွားမယ်ဆိုရင်.. ငါကြောက်တာက...”

ထိုစကားများကိုပြောရင်း မော့တာယိသည် ယင်ရှောင်ရှောင်းအား အထူးတလည် ကြည့်လိုက်မိသည်။ သူ၏ မိဘများသည် မော့တာအာနှင့် မော့လောင်တအား လက်တွဲဖော်များ ဖြစ်လာစေချင်ကြသည်။ မော့လောင်တသာ မော့တာယိတို့ မိသားစုအိမ်သို့ သွားမည်ဆိုလျှင် ကြိုဆိုခံရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းကိုပါ ခေါ်လာမည်ဆိုလျှင် အလွန်အဆင်သင့်လိမ့်မည် မဟုတ်ဟု မော့တာယိ စိုးထိတ်မိသည်။ မော့တာအာအား ထည့်ပြောရန်ပင် မလိုပေ။ မည်သို့ဆိုရမည်နည်း။ မော့တာအာသည်လည်း မော့လောင်တအား သဘောကျသည်။ ယင်ရှောင်ရှောင်းအား မျက်နှာသာပေးရန်အတွက် သူမကို ပြောမည်ဆိုလျှင် ဟွန့်.. ပြဿနာအလွန်များပေလိမ့်မည်။

မော့လောင်တ ခေါင်းလှည့်မလာခဲ့ချေ။

“ဒီနားမှာ ဂူတစ်လုံးရှိတာ ငါသိတယ်.. သိပ်မကြီးပေမဲ့ ငါနဲ့ရှောင်ရှောင်းတို့အတွက် လုံလောက်တယ်.. ဒီရက်ပိုင်းတော့ ငါတို့အဲဒီမှာ နေလို့ရတယ်..”

ခေတ္တနားပြီးနောက် ဆက်ပြောသည်။

“မင်းငါ့ကို ရှာချင်ရင် အဲဒီကိုပဲ လာခဲ့လိုက်..”

မော့တာယိက သဘောတူလိုက်သည်။

ဂူသို့ရောက်ပြီး မကြာခင်မှာပင် မော့တာယိ ရှေ့နောက် လှည့်ပတ်ကြည့်ပြီးနောက် ထွက်သွားလေသည်။

“အာ.. ခင်ဗျားရဲ့ ဖေဖေရယ်.. မေမေရယ်.. ညီမလေးနဲ့ ညီလေးက ကျွန်တော့်ကို သိပ်သဘောမကျဘူး ထင်တယ်နော်..”

ယင်ရှောင်ရှောင်း ဝမ်းလျားမှောက်ရင်း သက်ပြင်းချလိုက်သည်။

“အဲဒါက အရေးမကြီးပါဘူး.. အခုကစပြီး သူတို့နဲ့ မတော်တဆ တွေ့ဖို့လည်း အခွင့်အရေး သိပ်ရှိမှာ မဟုတ်ပါဘူး..”

မော့‌လောင်တ က နှစ်သိမ့်ပေးသည်။

ယင်ရှောင်ရှောင်း ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“အဲဒါက တကယ်တော့ အရေးမကြီးဘူးရယ်.. ကျွန်တော့ ဖေဖေနဲ့ ပါပါးက ကျွန်တော်တို့ကို သဘောတူတယ် ဆိုရင်တောင် ခင်ဗျားရဲ့ မိဘတွေက သဘောမတူဘူးဆိုရင် ကျွန်တော်ကပဲ အကြီးဆုံးခံစားရတဲ့သူ ဖြစ်လာမှာ..”

မော့‌လောင်တ: “…”

မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲမှာ နှစ်ရက်အတွင်း စတင်မည်ဖြစ်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် ထိုအချိန်ထိ ဂူထဲ၌ပင် နေခဲ့ကြသည်။ ဤနေရာသည် မော့မြွေနယ်မြေ ဖြစ်သည့်အတွက် မော့လောင်တသည် ယင်ရှောင်ရှောင်းအား ဂူထဲတွင် တစ်ကောင်တည်း ထားခဲ့ဖို့ရန် စိတ်မအေးချေ။ ထို့ကြောင့် မော့တာယိသည် အစာရှာဖွေရန်အတွက် စိတ်အားထက်သန်စွာ တာဝန်ယူခဲ့ပြီး မော့တာယိအပေါ် ယင်ရှောင်ရှောင်း၏ အမြင်များလည်း တဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။ ဤကောင်လေးမှာ တစ်ခါတစ်ရံတွင် အလွန်အသုံးဝင်နိုင်ပေမည်။

နှစ်ရက်အကြာ အရုဏ်တက်ချိန်တွင်.. အဟမ်း.. အဟမ်း.. တကယ်တမ်းတွင် ယင်ရှောင်ရှောင်းမှာ တစ်ညလုံး အလွန်စိတ်လှုပ်ရှားနေခဲ့သည့်အတွက် အိပ်မပျော်နိုင်ခဲ့သည့်အတွက် နောက်တစ်နေ့မနက်ခင်းထိတိုင်အောင် မထနိုင်ခဲ့ပေ။ မော့လောင်တ၏ အလိုလိုက်မှုကြောင့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် ခမ်းနားသည့် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲသို့ နောက်ကျမှ ရောက်လာခဲ့ကြသည်။

ယင်ရှောင်ရှောင်းသည် သမ်းဝေလျက်နှင့် ‌မော့လောင်တနောက်မှ လိုက်ကာဖြင့် ထိုနေရာသို့ သွားလေသည်။ ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းသည် မော့လောင်တအား မျက်နှာသာပေးသည့်အနေဖြင့် မော့လောင်တ၏ နောက်ကျောပေါ်တွင် လှဲကာဖြင့် သယ်ဆောင်ခိုင်းခြင်း မပြုခဲ့ချေ။

မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲတွင် မော့မြွေတစ်ကောင်ပေါ်လာခြင်းမှာ မဆန်းပေ။ ထိုမော့မြွေသည် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲသို့ နောက်ကျမှ ရောက်လာခြင်းသည်လည်း မော့မြွေအနည်းငယ်၏ အာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုမော့မြွေမှာ နောက်ကျရုံသာမကဘဲ ယင်မြွေတစ်ကောင်ကိုပါ ခေါ်ဆောင်လာခဲ့သည့်အတွက် မော့မြွေအားလုံး၏ အာရုံကို ဆွဲအောင်နိုင်ရန် လုံလောက်လေသည်။

ယင်ရှောင်ရှောင်း ပတ်ဝန်းကျင်တစ်ခုလုံးအား စူးစူးစမ်းစမ်း ကြည့်လိုက်သည့်အခါတွင် ရာပေါင်းများစွာသော မော့မြွေများမှာ စက်ဝိုင်းကြီးတစ်ခုသဖွယ် ဖြစ်လို့နေသည်ကို တွေ့လိုက်ရသည်။ ဤအဝိုင်း၏ အလယ်တွင် မော့မြွေတစ်ကောင် ရပ်နေပြီး ထိုမော့မြွေ၏ ရှေ့တွင် မော့မြွေအများအပြား ရပ်နေလေသည်။

"ဒါက..."

အဝိုင်း၏အလယ်တွင် ရပ်နေသည့် မော့မြွေမှ မေးလာသည်။ ထိုမော့မြွေ၏ အသံမှာ အလွန်အသက်ကြီးနေပြီဟု ခံစားရစေသည်။

မော့လောင်တ ခက်ခက်ခဲခဲတွေးပြီး ပြန်ဖြေတော့မည် ပြုစဉ်မှာပင် မလှမ်းမကမ်းတွင် ရပ်နေသည့် မေမေမော့၏ တားဆီးခြင်းခံလိုက်ရသည်။

“မျိုးနွယ်စုခေါင်းဆောင်.. ဒါက ကျွန်မတို့မိသားစုက လောင်တရဲ့ သူငယ်ချင်းပါ.. စိတ်ထဲမထားပါနဲ့..”

သူ့အမေကိုကြည့်ရင်း မော့လောင်တ အပြုံးတုတစ်ခု ပြုလိုက်သော်လည်း သူမ၏ စကားများကို သ‌ဘောတူခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မပြုပေ။ မျိုးနွယ်စုခေါင်းဆောင်သည် ယင်ရှောင်ရှောင်း မည်သူဖြစ်သည်ကို သိရှိရန် အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။ နောက်ဆုံးတွင် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲကသာ အရေးအကြီးဆုံးဖြစ်သည်။ ယင်မြွေအတွက်မူ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲအား အနှောင့်အယှက်ပြုနိုင်ရန် မဖြစ်နိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင်သည် မော့လောင်တ၏ ခန္ဓာကိုယ်အား ခေတ္တမျှကြာသည့်အထိ အကဲခတ်နေခဲ့ပြီး သူ၏မျက်လုံးများထဲတွင် အသိအမှတ်ပြုမှုနှင့် အံ့အားသင့်မှု အရိပ်အမြွက်တို့ ရှိလို့နေသည်။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြသည့်အနေဖြင့် စိတ်ခံစားမှုများအား အလျင်အမြန် ဖိနှိပ်ပြီးနောက် ပြောလေသည်။

“မော့လောင်တ.. ရှေ့လာခဲ့..”

မော့လောင်တသည် အခြားသောမော့မြွေများနှင့် ပူးပေါင်းရန် ချက်ချင်းမလှုပ်ရှားခဲ့ပေ။ ထို့အစား ယင်ရှောင်ရှောင်းဘက်သို့ ဦးစွာလှည့်ပြီး အသံတိုးတိုးဖြင့် ပြောလေသည်။

“ရှောင်ရှောင်းက ဒီမှာပဲနေနော်.. ကိုယ်ရွေးချယ်ပွဲကို သွားလိုက်ဦးမယ်.. ဒီကနေ လုံးဝထွက်မသွားဖို့ မမေ့နဲ့နော်..”

ယင်ရှောင်ရှောင်း ခေါင်းညိတ်ဖြေသည်နှင့် မော့လောင်တ ချက်ချင်းဆိုသလို အဝိုင်းထဲသို့ လျှောက်သွားလေသည်။

မော့လောင်တ ထွက်သွားသည်နှင့် ယင်ရှောင်ရှောင်းနံဘေးသို့ မော့တာယိ ရောက်လာလေသည်။

“စိတ်မပူနဲ့.. ငါမင်းကို ကာကွယ်ပေးမယ်..”

ယင်ရှောင်ရှောင်း မော့တာယိအား စောင်းကြည့်လိုက်သည်။

‘ဟွန့်.. မင်းဒီနေ့ ကောင်းကောင်းလေး လုပ်ဆောင်ပေးနေတော့ နောက်များကျ မင်းကို ပိုကောင်းအောင် ဆက်ဆံပေးဖို့ စဉ်းစားရတာပေါ့..’

တကယ်တမ်းတွင် ယင်ရှောင်ရှောင်းသည် မော့မြွေများကြားတွင် တစ်ကောင်တည်း ကျန်နေရစ်ခဲ့မည် ဆိုလျှင် မော့လောင်တနှင့် မဝေးသည့်နေရာတွင် ရှိနေသည့်တိုင် ယင်ရှောင်ရှောင်း အလွန်ကြောက်ရွံ့နေမည်မှာ သေချာသည်။ သို့သော်လည်း ရင်းနှီးသည့် မော့မြွေတစ်ကောင် ရှိနေမည်ဆိုပါက ယင်ရှောင်ရှောင်း အနည်းငယ် စိတ်လုံခြုံသွားပေမည်။

ဇာတ်ကြောင်းအား ပြန်သွားကြပါစို့။ မော့လောင်တသည် မျိုးနွယ်စုခေါင်းဆောင်၏ အရှေ့တွင်ရှိနေသည့် မော့မြွေများနှင့် ပူးပေါင်းခဲ့သည်။ သူရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် မော့မြွေများအားလုံးမှာ အံ့ဩတကြီး အော်ဟစ်ကာဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

“ဘုရားရေ.. မော့လောင်တက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အရမ်းရှည်လာတာတုန်း..”

“အခုမော့လောင်တက အရမ်းနက်နေရောနော်.. သူ့ကို ခဏလေးပဲ ကြည့်လိုက်တာတောင် သူ့ခန္ဓာကိုယ်ထဲ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရတယ်..”

“အဲဒီ အနက်ရောင်အကြေးခွံတွေက တကယ်လှတာပဲ..”

“ဒီနှစ်တော့ မော့လောင်တက နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာမှာ သေချာပေါက်ပဲလို့ ထင်တယ်ဟေ့..”

ပတ်ပတ်လည်ရှိ မော့မြွေများမှာ ထိုအကြောင်းကိုသာလျှင် ပြောနေကြသည််။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ရောက်ရှိလာစဉ်က မော့မြွေအများစုမှာ ယင်မြွေကိုသာ အာရုံစိုက်နေခဲ့ကြသဖြင့် မော့လောင်တ အလွန်အမင်း ကြီးထွားလာသည့်အကြောင်းအား သတိမပြုမိခဲ့ကြပေ။

မော့လောင်တနံဘေးတွင် ရပ်နေသည့် မော့မြွေအချို့မှာ မော့မျိုးနွယ်ခေါင်းဆောင်ရွေးချယ်ပွဲ၏ ထိပ်တန်းကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ မော့လောင်တ၏ ခန္ဓာကိုယ်နှင့် အကြေးခွံများအား ရှင်းရှင်းလင်းလင်း မြင်ပြီးသည်နှင့် မော့မြွေအများစု၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြသည်။ မျက်လုံးချင်းဆုံသည့်အခါတွင် အကြည့်တိုင်းမှာ ချီတုံချတုံဖြစ်မှုအချို့တို့ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

“တိတ်တိတ်နေကြပါ..”

မျိုးနွယ်စုခေါင်းဆောင်မှ ပြောလေသည်။ မျိုးနွယ်စုခေါင်းဆောင်ထံတွင် အမြင့်ဆုံးသော အခွင့်အာဏာရှိသည်။ မျိုးနွယ်စုခေါင်းဆောင် ပြောပြီးသည်နှင့် ဆူညံကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် မြွေအုပ်မှာ ချက်ချင်းတိတ်ဆိတ်သွားလေသည်။

“ကိုယ်စားလှယ်လောင်းတွေအားလုံး စုံပြီဖြစ်တာကြောင့် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲ စတင်နိုင်ပြီ.. မစခင်မှာ နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု မေးချင်တယ်.. ကိုယ်စားလှယ်လောင်းတွေထဲမှာ နုတ်ထွက်ချင်တဲ့သူတွေ ရှိကြလား..”

မျိုးနွယ်စုခေါင်းဆောင်သည် လုံးဝတိတ်ဆိတ်နေသည့် အခြေအနေတွင် ဤစကားများကို ဖြည်းညှင်းစွာ တစ်လုံးချင်းပြောလေသည်။

မော့မြွေအချို့သည် နုတ်ထွက်ဖို့ စိတ်ကူးရှိမရှိ သိရရန်အတွက် တစ်ကောင်နှင့်တစ်ကောင် အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ကြသည်။

“ကျွန်.. ကျွန်တော် နုတ်ထွက်ချင်ပါတယ်..”

ပထမဆုံး ထုတ်ဖော်ပြောဆိုလာသူမှာ မော့လောင်တ နံဘေးတွင် ရပ်နေသည့် မော့မြွေထံမှ ဖြစ်သည်။ တိတိပပ ပြောရမည်ဆိုလျှင် ထိုမော့မြွေသည် မော့လောင်တ၏နံဘေးတွင် ရပ်နေရသည့်အတွက် အထူးဖိအားပေးခံနေရသည်ဟု ခံစားနေရခြင်း ဖြစ်သည်။ အရှည်အားဖြင့် ကိုးမီတာ ရှည်သည့်တိုင်အောင် အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤမော့မြွေမှာ မော့လောင်တနံဘေးတွင် ကလေးတစ်ကောင်သဖွယ် ခံစားနေရသည်။ ဤမော့မြွေမှာ အသက် ၄၀ ရှိနေပြီလည်း ဖြစ်သည်။

ပထမဆုံးမော့‌မြွေ နုတ်ထွက်ပြီးသည့်နောက်တွင် ဒုတိယနှင့် တတိယမြွေများ နုတ်ထွက်လာခဲ့သည်။ အဆုံးတွင် မော့လောင်တအပြင် ‌ရွေးချယ်မှုတွင် ပါဝင်လိုသည့် တစ်ဦးတည်းသော ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းမှာ မော့လောင်တ၏နံဘေးတွင် ရှိနေသည့် မော့မြွေသာ ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ရာထူးအား ရယူထားသည့် မော့မြွေမှာ မော့မြွေများထဲတွင် အသန်မာဆုံးဖြစ်သည်ဟု ယူဆနိုင်သည်။ မော့မြွေများအားလုံးတွင် အသန်မာဆုံးနှင့် စွမ်းအားအကြီးဆုံး မော့မြွေတစ်ကောင်အနေဖြင့် ထိုမော့မြွေမှ မွေးဖွားလာသည့် ကလေးများမှာ မထူးချွန်ဘဲနေမည် မဟုတ်ပေ။ အထူးသဖြင့် ထိုကလေး၏ မိဘများမှာ မော့မြွေမနှင့် လက်ရှိမျိုးနွယ်စုခေါင်းဆောင် ဖြစ်မည်ဆိုလျှင် ဖြစ်သည်။ ကျန်ရှိနေသည့် မော့မြွေမှာလည်း လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သူ မော့တာမော့ ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများအကြားတွင် မြွေကြိုက်များသည့် မြွေနှစ်ကောင်ရှိသည်။ တစ်ကောင်မှာ မော့လောင်တဖြစ်ပြီး ကျန်မြွေမှာ မော့တာမော့ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများထဲတွင် ပါဝင်လာသည့် ကျန်မော့မြွေများမှာ ကံကောင်းမည်ကို မျှော်လင့်ပြီး ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ကနဦးတွင် မော့လောင်တနှင့် မော့တာမော့တို့မှာ တန်းတူသည်ဟု ဆိုနိုင်သော်လည်း ယခုအခါတွင် မော့တာမော့သည် မော့မြက်များစွာကို သုံးစွဲခဲ့သည့် မော့လောင်တကို အနိုင်ယူရန်မှာ မဖြစ်နိုင်ချေ။

ဖခင်ဖြစ်သူမှာ မျိုးနွယ်စုခေါင်းဆောင်ရာထူးအား သုံးကြိမ်ဆက်တိုင် အနိုင်ရရှိထားသူ ဖြစ်သည့်အတွက် မော့တာမော့သည် မာနကြီးကာ စိတ်ကြီးဝင်နေသည့် မြွေတစ်ကောင်ဖြစ်သည်။ အစွမ်းထက် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်ပြီး အစွမ်းထက်မျိုးနွယ်စုခေါင်းဆောင်နှင့် မော့မြွေမတို့၏ သားဖြစ်သည့်အတွက်ကြောင့် မော့တာမော့မှာ ဖခင်ဖြစ်သူထက် ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိသည်ဟု ယူဆနိုင်သည်မှာ သံသယဖြစ်ဖွယ် မလိုပေ။ မျိုးနွယ်စုခေါင်းဆောင် ‌ရွေးချယ်ပွဲအား ၁၀ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး အရွယ်ရောက်ပြီးသူတိုင်း ပါဝင်နိုင်သည်။ မော့တာမော့မှာ ဤနှစ်တွင် အသက် ၃၁ နှစ် အရွယ် ရှိပြီဖြစ်သဖြင့် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။ မော့တာမော့သည်လည်း သေချာပေါက် ယုံကြည်မှုအပြည့်ရှိသည်။ သူနှင့် လက်ရည်တူသည့် မော့လောင်တနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်တိုင် အနိုင်ရမည်ဟု ယုံကြည်နေဆဲဖြစ်သည်။ သို့သော်လည်း ထိုယုံကြည်မှုများမှာ မော့လောင်တအား မြင်ပြီးသည့်နောက်တွင် မရှိတော့လုနီးပါး အငွေ့ပျံသွားလေသည်။

ယခု ဤနေရာတွင် မော့လောင်တ ရှိနေသည်။ အမြဲတမ်းထူးချွန်ထက်မြက်ခဲ့သည့်အပြင် သူ့အား အနိုင်ယူနိုင်ခဲ့သည့် မော့မြွေလည်း မရှိခဲ့ဖူးပေ။ ထို့အပြင် အခြားအရေးကြီးသည့် အကြောင်းအရင်းတစ်ခုလည်း ရှိလို့နေသည်။ မော့တာမော့သည် အသန်မာဆုံးသောမော့မြွေဖြစ်သည့် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည်။ အခြားသော မော့မြွေများမှ သူ့အား အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။

ဤသည်မှာ မော့တာမော့၏ ဂုဏ်ယူမှုလည်း ဖြစ်သလို သူ၏တာဝန်ဝတ္တရားလည်း ဖြစ်လေသည်။