🐍Chapter 70
ရွေးချယ်မှုစတင်တော့မည့် အချိန်တွင် ကိုယ်စားလှယ်လောင်းအနေနှင့် မော့လောင်တနှင့် မော့တာမော့တို့သာ ကျန်ရှိတော့သည်ကို သိလိုက်ရသဖြင့် ပတ်ပတ်လည်ရှိ မော့မြွေများအားလုံး အံ့အားသင့်နေကြလေသည်။ ခေတ္တမျှ ကြာပြီးသည့်နောက်တွင် တီးတိုးဆွေးနွေးမှုများ မြင့်တက်လာပြန်သည်။
လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများမှာ မကျေနပ်မှုတို့ ရှိနေသည်။ အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး အခြေအနေအား ဝင်ထိန်းလိုက်သည်။
“နုတ်ထွက်ချင်တဲ့ ကိုယ်စားလှယ်လောင်း မရှိတော့ဘူးဆိုတော့ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲ စတင်ပါပြီ..”
မျိုးနွယ်စုခေါင်းဆောင် မှ ခေတ္တရပ်ပြီး ဆက်လက်ပြောသည်။
“ရှိနေတဲ့ မြွေအားလုံးက ရွေးချယ်ပွဲရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိရှိထားကြပြီး ဖြစ်ပေမဲ့လည်း လုပ်ငန်းစဉ်အတိုင်းပဲ ဆက်သွားပါမယ်.. မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို အဆင့် သုံးဆင့် ခွဲထားတယ်.. ပထမအဆင့်ကို ကျော်ဖြတ်ပြီးနောက်မှ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးမှ တတိယအဆင့်ကို သွားနိုင်မှာပဲ ဖြစ်တယ်..”
မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲ၏ လုပ်ငန်းစဉ်များမှာ အမှန်ပင် ထိုအတိုင်းဖြစ်သော်လည်း ယင်ရှောင်ရှောင်းမှလွဲ၍ ကျန်မြွေအားလုံးတို့သည် ယခုနှစ်တွင် မော့မြွေနှစ်ကောင်သာ ရွေးချယ်ခံမည် ဖြစ်သဖြင့် တတိယအဆင့်သို့ တိုက်ရိုက်ကျော်သွားမည်ကို သိရှိထားကြလေသည်။ ပထမအဆင့်တွင် မော့မြွေတစ်ကောင်အား ထုတ်ပယ်ဖို့ရန် လိုအပ်လေသည်။
“ပထမအဆင့်မှာ ကိုယ်စားလှယ်လောင်းတွေက အချင်းချင်း တိုက်ခိုက်ကြရမယ်.. အနိုင်ရဖို့အတွက် ပြိုင်ဘက်ရဲ့ နှလုံးသားကို အစွယ်နဲ့ ထိုးစိုက်ရမယ်.. အဲဒီအချိန်မှာ ပြိုင်ပွဲက အဆုံးသတ်မှာပဲ ဖြစ်တယ်..”
လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ အပြောအဆို အမူအရာမှာ တည်ငြိမ်အေးဆေးလို့နေသည်။ ထို့နောက် မော့လောင်တနှင့် မော့တာမော့တို့အတွက် နေရာလွတ်ချန်ကာ မော့မြွေများရှိရာသို့ ပြန်ဆုတ်သွားလိုက်သည်။
မော့လောင်တနှင့် မော့တာမော့တို့သည် တစ်ကောင်နှင့်တစ်ကောင် အကြည့်မလွှဲဘဲ ရှိနေကြပြီး အခြားတစ်ကောင်၏ လှုပ်ရှားမှုတိုင်းကို မိနစ်မလပ် သတိချပ်လို့နေသည်။ မော့လောင်တသည် သူ၏အရှေ့ရှိ မော့မြွေအား အနိုင်ရနိုင်မည်ဟု ယုံကြည်ချက် ရှိသော်လည်း ပေါ့ပေါ့တန်တန် သဘောထားပြီး တိုက်ခိုက်မည် မဟုတ်ပေ။ မော့တာမော့သည် အနိုင်ရဖို့ရန် မျှော်လင့်ချက် မရှိသော်ငြား ဆိုးဆိုးဝါးဝါး မရှုံးနိမ့်ချင်ပေ။
မော့မြွေများစွာနှင့် ယင်မြွေတစ်ကောင်သည် အလယ်တွင်ရှိသည့် မြွေနှစ်ကောင်အား သေသေချာချာကြည့်ရင်း အသက်ပင်မရှူနိုင်ကြချေ။ စကားတစ်လုံးမျှ မပြောနိုင်ခင်မှာပင် အရိပ်နှစ်ခုသာမြင်ရပြီး ပထမဆုံးတိုက်ပွဲ စတင်လေသည်။ ရွေးချယ်ပွဲတွင် ရှိနေသည့် မော့မြွေများမှာ မော့တာမော့၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသော်လည်း မော့လောင်တအား ကြည့်လိုက်သည့်အခါတွင် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အတွက် အံ့အားသင့်လို့နေကြသည်။ ယင်ရှောင်ရှောင်းမှာမူ မော့တာမော့၏ ပုံရိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည်ကြောင့် မော့လောင်တကိုမူ ပြောနေရန်ပင် မလိုတော့ချေ။
ထိုအကြောင်းအရာအား ပြောပြီးသည့်နောက် စက္ကန့်အနည်းငယ်သာ ကြာပြီးသည့်အခါတွင် ပွဲရလဒ် ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကောင်တွင် ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ကွင်းထဲသို့ တွန်းချခံလိုက်ရသည့် မော့တာမော့အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ မော့လောင်တ၏ ထက်မြိသည့် သွားမှားသည် မော့တာမော့၏ နှလုံးသားရှိရာနေရာအား ကိုက်ချလိုက်သည်။ မော့လောင် အနိုင်ရသွားသည်ကို မြင်သည့်အခါတွင် ယင်ရှောင်ရှောင်း၏ စိုးရိမ်စိတ်များ ပြေလျော့သွားခဲ့ရသည်။ ယင်ရှောင်ရှောင်းအနေဖြင့် မော့လောင်တအပေါ် အလွန်ယုံကြည်မှု ရှိနေသည့်တိုင် မော့လောင်တ အခြားမြွေတစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို မြင်ရသည့်အခါတွင် မစိုးရိမ်ဘဲ မနေနိုင်ချေ။
ပထမတွင် မြွေအားလုံးမှာ ငြိမ်သက်စွာရှိနေခဲ့ကြပြီး ရုတ်တရက်ဆိုသလို စိတ်အားထက်သန်မှုအပြည့်နှင့် စတင်ဆွေးနွေးပြောဆိုကြလေသည်။ ယခင်မျိုးနွယ်စုခေါင်းဆောင်အတွက် ရွေးချယ်ပွဲများတွင် ပထမပွဲ၏ ရလဒ်ကို အမြန်ဆုံးထွက်ပေါ်လာခဲ့ဖူးသည်မှာ မိနစ်အနည်းငယ်ခန့်အကြာတွင် ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် မော့လောင်တသည် မော့တာမော့အား အနိုင်ယူရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
အခု မော့လောင်တ ဘယ်လောက်တောင် သန်မာနေလိုက်သလဲ...
အကယ်တွင် ဤသည်မှာ မြေအောက်သတ်ကွင်း သို့မဟုတ် ကာရံထားသောပွဲ သို့မဟုတ် ပွဲကြည့်ပရိသတ်များ ရှိနေသည့် ပွဲများ ဖြစ်နေပါက မော့လောင်တနှင့် မော့တာမော့တို့၏ တိုက်ခိုက်ပွဲမှာ အရှုံးဟု သတ်မှတ်နိုင်သည်။ ဆိုးရွားသည့် ရှုံးနိမ့်မှုတစ်ခုဖြစ်ပြီး အကြွင်းမဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ ပရိသတ်များသည် အံ့မခန်းပြပွဲကိုသာ ကြည့်ရှုချင်ပြီး မည်သည်နိုင်သည် မည်သူရှုံးသည်ကို သိလိုကြခြင်း မဟုတ်ပေ။ သို့သော်လည်း ဤသည်မှာ မြွေပွေးမျိုးနွယ်စုများအကြား ဩဇာအာဏာအတွက် တိုက်ခိုက်ပွဲဖြစ်ပြီး ပြိုင်ပွဲတစ်ခု မဟုတ်ပေ။ ပွဲကြည့်ဖို့လာခြင်း ဆိုပါက သင့်အနေဖြင့် ဆုံးရှုံးရမည်သာ။ မော့မြွေများသည် ထွက်ပေါ်လာသည့် ရလဒ်အား ပျော်ရွှင်စွာ လက်ခံကြလေသည်။
အော်ဟစ်သံများကြားတွင် မော့လောင်တသည် မော့တာမော့အား လွှတ်ပေးလိုက်သည်။ သဘာဝကျကျပင် မော့လောင်တမှာ သူ့ကိုယ်သူ အလွန်ဂုဏ်ယူလို့နေသည်။ သူ၏ လျင်မြန်သွက်လက်မှုနှင့် ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိတို့ကြောင့် အရူးပေါက်လေးမှာ သူ့အား ပို၍ပင် ကျရှုံးလာပေတော့မည်မှာ သေချာပေါက်ပင်။ မော့လောင်တ ထီမထင်ဟန်ဖြင့် ယင်ရှောင်ရှောင်းအား လှမ်းကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းမှာ ချစ်မြတ်နိုးမှုတို့ ပြည့်နေသည့် မျက်ဝန်းများဖြင့် သူ့အားလှမ်းကြည့်နေမည်ဟု ထင်နေခဲ့သော်လည်း မော့လောင်တ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာပင် ယင်ရှောင်ရှောင်း၏ မျက်ဝန်းများမှာ ချစ်မြတ်နိုးမှုများ ရှိမနေသည့်အပြင် ဒေါသများ တလက်လက်တောက်စွာဖြင့် မော့လောင်တအား ကြည့်လို့နေသည်။
ဒါ.. ဒါက ဘာဖြစ်တာလဲ..
မော့လောင်တ ရှုပ်ထွေးသွားလေသည်။
အရူးပေါက်လေးက သူ့ကို မနိုင်စေချင်ဘူးလား..
မြေပြင်မှထလာသည့် မော့တာမော့၏ အမူအရာမှာ ရှုပ်ထွေးလျက်ရှိသည်။ ခန္ဓာကိုယ်အားမတ်ကာဖြင့် မော့လောင်တအား ကြည့်လိုက်သည်။
တကယ်ကြီး ရှုံးသွားတာလား.. ဒီဟာကို လက်မခံဘူးဆိုရင် ဘယ်လိုလုပ်မလဲ..
အောင်နိုင်သူမှာ ရှင်ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူမှာ လူဆိုးသာဖြစ်သည်။ ဖခင်ဖြစ်သူမှ ငယ်စဉ်ကတည်းက ထိုအကြောင်းကို သင်ပေးခဲ့သဖြင့် သူသေသေချာချာ သိရှိထားပါသည်။
“ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူက မော့လောင်တ ဖြစ်တယ်.. စည်းမျဉ်းတွေအရ မော့တာမော့က မျိုးနွယ်စုခေါင်းဆောင် နေရာကို ယှဉ်ပြိုင်ဖို့ အရည်အချင်းတွေ ဆုံးရှုံးသွားပြီပဲဖြစ်တယ်..”
မျိုးနွယ်စုခေါင်းဆောင်သည် မြွေအုပ်ကြားမှ သူ၏မူလနေရာသို့ ပြန်ရောက်လာသည်။ သူ၏လေသံမှာလည်း တည်ငြိမ်အေးဆေးလို့နေသည်။
“ပထမအဆင့်ပြီးသွားတဲ့အချိန်မှာ ကိုယ်စားလှယ်လောင်း တစ်ကောင်ပဲ ကျန်တော့လို့ ဒုတိယအဆင့်ကိုကျော်ပြီး တတိယအဆင့်ကို ဆက်သွားကြမယ်.. တတိယအဆင့်မှာ ကိုယ်စားလှယ်လောင်းက လက်ရှိ မျိုးနွယ်စုခေါင်းဆောင်နဲ့ ကာယခွန်အားနဲ့ အဆိပ်ကို ယှဉ်ပြိုင်ရမှာပဲဖြစ်တယ်.. မော့လောင်တသာ အနိုင်ရခဲ့မယ်ဆိုရင် မျိုးနွယ်စုခေါင်းဆောင်အသစ်အဖြစ် ထမ်းဆောင်ရမယ်.. ငါအောင်နိုင်ခဲ့ရင် ငါကပဲ မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆက်တာဝန်ယူရမယ်..”
အပြင်တွင်ရပ်နေသည့် ယင်ရှောင်ရှောင်း က သူ့ဘေးက မော့တာယိကို တိုးတိုးလေးမေးလိုက်သည်။
"ဒုတိယအဆင့်က ဘာလဲ..."
“တကယ်က ပထမအဆင့်ရွေးချယ်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို အုပ်စုနှစ်စု ခွဲထားတယ်.. အနိုင်အရှုံးကို မှတ်တမ်းတင်ထားပြီး မော့မြွေတွေက ကျန်မော့မြွေတွေနဲ့ တစ်ကောင်ချင်းစီ ယှဉ်ပြိင်ကြရမှာ.. မော့မြွေတွေရဲ့ နိုင်ပွဲအပေါ် မူတည်ပြီး ကိုယ်စားလှယ်လောင်း တစ်ဝက်လောက်က ဒုတိယအဆင့်ကို တက်ရောက်ရမှာ..”
မော့တာယိက ဆက်လက်ရှင်းပြသည်။
“ဒုတိယအဆင့်က အဆိပ်ပြင်းအားကို နှိုင်းယှဉ်တာပဲ.. ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့အဆိပ်ကို တခြားမြွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းရမှာ.. အဆိပ်အပြင်းဆုံးမြွေပွေးက တတိယအဆင့်ကို တက်နိုင်မယ်...”
ယင်ရှောင်ရှောင်း နှုတ်ခမ်းကျွတ်စုပ်လိုက်သည်။
“အဲဒါဆို အဆိပ်မိသွားတဲ့ မော့မြွေတွေကျတော့ကော..”
မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မှုမှာ အသက်စွန့်စားဖို့ လိုအပ်လေသည်။ လုံးဝမတန်ချေ။
မော့တာယိ : “အဆိပ်မိတဲ့မြွေတွေက အဆိပ်ပြေဆေးရှိတယ်လေ.. ကျဲတူမြက်ကို စားလိုက်ရင် အန္တရာယ်မရှိတော့ဘူး.. ခန္ဓာကိုယ်ကတော့ ရက်ပိုင်းလောက် နာကျင်ကိုက်ခဲနေမှာပေါ့.. အဆိပ်ပြင်းလေလေ နာကျင်မှုက ကြာလေပဲ..”
“ဪ.. အဲလိုပေါ့..”
ယင်ရှောင်ရှောင်းသည် အလယ်ဗဟိုတွင်ရှိနေသည့် မျိုးနွယ်စုခေါင်းဆောင်အား ကြည့်လိုက်သည်။
“တဟေးတန်ကတော့ အန္တရာယ်မရှိလောက်ဘူးမလား.. ဟုတ်တယ်မလား.. ကျဲတူမြက်တွေကကော ပြင်ထားပြီးသားမလား.. ခင်ဗျား အခုသွားပြီးတော့ ယူထားရမှာ မဟုတ်ဘူးလား.. အဲလိုလုပ်ဖို့ အချိန်မလောက်တော့ဘူး မလား.. ဘလာဘလာဘလာ..”
“မပြောနဲ့တော့... မပြောနဲ့တော့.. မင်းပြောနေတာ ငါခေါင်းပါမူးလာပြီ..”
မော့တာယိ ယင်ရှောင်ရှောင်းအား နှောင့်ယှက်လိုက်သည်။
“လောင်တ ရှုံးမှာမဟုတ်ဘူး..”
“ခင်ဗျားက ဘယ်လိုသိလဲ..”
“ငါသိနေတာ..”
မော့တာယိ ယင်ရှောင်ရှောင်းအား ခိုင်ကျည်စွာ ဖြေသည်။ ပြန်လှည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
မော့မြက် ခုနစ်ပင်တောင် သုံးခဲ့တဲ့ မော့လောင်တက ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ..
မော့မျိုးနွယ်စုသမိုင်းတွင် မော့မြွေတစ်ကောင် အများဆုံး အသုံးပြုခဲ့သည့် မော့မြက်မှာ ခြောက်ပင် သာဖြစ်သည်။ ထိုမော့မြွေသည် မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှသာ အငြိမ်းစားယူခဲ့သည်။ မော့လောင်တ၏ ပင်ကိုယ်အရည်အချင်းမှာ ထိပ်တန်းဖြစ်နေပြီးသားပင်။ သို့တိုင်အောင် မော့မြက် ခုနစ်ပင် အသုံးပြုခဲ့ပြီးနောက်တွင် မော့လောင်တ ရှုံးနိမ့်ဖို့ရန်မှာ မဖြစ်နိုင်တော့ပေ။
ထိုအချိန်မှာပင် မော့လောင်တနှင့် လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ ပွဲ စတင်နေပြီ ဖြစ်သည်။
မော့တာယိ ယင်ရှောင်ရှောင်းအား ရှင်းပြလေသည်။
“ဒီတတိယအဆင့်မှာ အသန်မာဆုံး ကိုယ်စားလှယ်လောင်းတွေက လက်ရှိမျိုးနွယ်စုခေါင်းဆောင်နဲ့ ပြိုင်ရတယ်.. နှစ်ဘက်စလုံးက ရိုးရိုးရှင်းရှင်းပဲ စမ်းသပ်ပြီး အဆိပ်မိတဲ့သူက ရှုံးတယ်..”
စကားအနည်းငယ်သာ ပြောရသေးသော်လည်း အနိုင်ရသူအား ဆုံးဖြတ်ပြီး ဖြစ်လေသည်။
မော့တာယိ၏ မျှော်လင့်ချက်နှင့် မော့မြွေများ အံ့အားသင့်ရန် မလိုဘဲနှင့် မော့လောင်တမှာ အကြွင်းမဲ့ အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။ ခေါင်းကိုမော့ကာဖြင့် မော့လောင်တသည် ယင်ရှောင်ရှောင်းဆီသို့ သွားလေသည်။ မြွေပရိသတ်များသည် အဆိပ်မိနေသည့် မျိုးနွယ်စုခေါင်းဆောင် ခံတွင်းထဲသို့ ကျဲတူမြက်များ အလျင်စလို ထည့်လိုက်ကြသည်။
မော့လောင်တ ယင်ရှောင်ရှောင်းထံသို့ မသွားမီ ရုတ်တရက် မော့တာမော့၏ တားဆီးခြင်း ခံလိုက်ရသည်။
မော့တာမော့သည် မော့လောင်တအား မျက်နှာသေနှင့် ကြည့်နေခဲ့သည်။
မော့လောင်တ: "...?"
မော့တာမော့ တုန်ယင်လာပြီး ခေါင်းအနည်းငယ်ငုံ့ကာ မြေပြင်သို့ကြည့်လိုက်သည်။ ထို့နောက် အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။
“ဂုဏ်ယူပါတယ်...”
မော့လောင်တ : “…ကျေးဇူးတင်ပါတယ်...”
ထို့နောက် မော့လောင်တသည် ယင်ရှောင်ရှောင်းဆီသို့သွားရန် မော့တာမော့အား ကွေ့ပတ်သွားလိုက်သည်။
“အရူးပေါက်လေး.. ကိုယ်က မျိုးနွယ်စုခေါင်းဆောင် ဖြစ်သွားပြီ.. အခုကစပြီး မင်းကို ကာကွယ်ပေးနိုင်ပြီ..”
ယင်ရှောင်ရှောင်း မော့တာမော့ဆီမှ အကြည့်ခွာလိုက်ပြီးနောက် ပြုံးကာဖြင့်ပြောသည်။
“အဲဒါကောင်းတယ်.. အခုကစပြီး ကျွန်တော်စိတ်ကြိုက်သွားချင်သလို သွားလို့ရပြီ..” (˘ ˘ ˘)
“သွားချင်သလို သွားမှာ ဟုတ်လား..”
မော့လောင်တ နားမလည်ဟန်ဖြင့် ရှိနေသည်။
ယင်ရှောင်ရှောင်း: "...အာ.. ဘာမှမဟုတ်ဘူး..."
ယခင်မျိုးနွယ်စုခေါင်းဆောင်အား သယ်ထုတ်သွားကြပြီ ဖြစ်သည်။ မော့မြွေအုပ်စုကြီးသည် မျိုးနွယ်စုခေါင်းဆောင် အသစ်အား နှုတ်ဆက်ရန် ရောက်လာကြချိန်မှာပင် မေမေမော့သည် အဝိုင်းအတွင်းသို့ ရုတ်တရက်ဝင်လာပြီး ကျယ်လောင်စွာ ပြောလေသည်။
“ကျွန်မရဲ့ သားကြီးက မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့တာကြောင့် သူဖေဖေနဲ့ ကျွန်မက အရမ်းဝမ်းသာမိပါတယ်.. ကျွန်မတို့ရဲ့သားက အရမ်းသန်မာတဲ့အတွက် ကျွန်မတို့ အမြဲတမ်း ပျော်ရွှင်ကျေနပ်နေခဲ့ရတာပါ.. မော့လောင်တအတွက် ဒီနေ့က အထိမ်းအမှတ်နေ့တစ်ခု ဖြစ်တာကြောင့် အားလုံးကို သတင်းကောင်းတစ်ခု ကြေညာစရာလေးလည်း ရှိပါတယ်.. မကြာခင်မှာပဲ ကျွန်မရဲ့သား မော့လောင်တက မော့တာအာနဲ့ လက်တွဲတော့မှာပါ...”
မော့မြွေများမှာ အံ့ဩသွားခြင်း မရှိပေ။ မော့လောင်တမှာ မကြာသေးမီကမှ အရွယ်ရောက်လာသူ ဖြစ်သော်လည်း မျိုးပွားဖို့ခက်ခဲ့သည့် မော့မျိုးနွယ်အတွက် လတ်တလော အရွယ်ရောက်လာသည့် မော့မြွေများတွင် လက်တွဲဖော်ရှိပြီးသည့် အရေအတွက်မှာ မနည်းလှပေ။ မော့လောင်တသာ ချက်ချင်းမိတ်ဖက်ရှာလိုက်သည်နှင့် မော့မြွေအများအပြား ဝမ်းမြောက်ကြပေလိမ့်မည်။ တစ်ဦး၏ မျိုးရိုးဗီဇမှာ အလွန်သန်မာအားကောင်းပြီး မွေးဖွားလာမည့် မြွေငယ်များမှာလည်း သေချာပေါက် သန်မာပေလိမ့်မည်။ ထိုသို့ကြည့်မည်ဆိုလျှင် မြွေပွေးမျိုးနွယ်များမှာ အတော်လေး ရိုးရှင်းလှသည်။
မော့လောင်တအား ဂုဏ်ပြုရန် မော့မြွေများ ပြင်ဆင်နေကြချိန်မှာပင် မော့လောင်တ၏ အေးစက်ကြည်လင်သည့်အသံ ထွက်ပေါ်လာသည်။
“ငါက မော့တာအာရဲ့ လက်တွဲဖော် ဖြစ်လာမှာ မဟုတ်ဘူး..”
မေမေမော့၏မျက်နှာ ခက်ထန်သွားသည်။ မေမေမော့သည် ဤအကြောင်းအား မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲတွင် ကြေညာရသည့် အကြောင်းအရင်းမှာ မော့လောင်တသည် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်လိမ့်မည်ဟု ထင်မြင်ခဲ့သည်အတွက်ကြောင့်ပင်။ ဤနေရာတွင် မော့လောင်တ သဘောတူလိုက်သည်နှင့် နောက်ပိုင်းကိစ္စများအား ကိုင်တွယ်ဖို့ လွယ်ကူသွားမည် ဖြစ်သည်။ သို့သော်လည်း မော့လောင်တသည် သူမအား မျက်နှာသာပေးလိမ့်မည် မဟုတ်ကြောင်း မေမေမော့ မထင်ထားမိခဲ့ချေ။
မော့မြွေများအားလုံး ရှုပ်ထွေးသွားလေသည်။ ဘာတွေဖြစ်နေတာလား...
ထိုအချိန်တွင် မြွေအုပ်ထဲမှ မော့မြွေတစ်ကောင် ခုန်ထွက်လာသည်။
“လောင်တ.. နင်ပဲ ငါ့လက်တွဲဖော်ဖြစ်လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.. အခုမှ ဘာလို့ နောက်ဆုတ်သွားတာလဲ..”
မော့လောင်တ: “…”
ယင်ရှောင်ရှောင်း မော့လောင်တအား ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်သည်။
မော့လောင်တ : “ကိုယ်မှားယွင်းပြီး စွပ်စွဲခံရတာပါကွာ.. အဲဒီလို တစ်ခါမှတောင် မပြောခဲ့ဖူးဘူး..”
“လောင်တ.. နင် ငါ့ကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ..”
ပြေးထွက်လာသည့်မြွေ မော့တာအာ ဝမ်းနည်းတကြီး ပြောလေသည်။
“နင်က တခြားမြွေကို သဘောကျနေတာလား.. အဲဒါကြောင့် ငါ့ကို စွန့်ပစ်ခဲ့တာလား..”
မော့လောင်တ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
“နင့်လက်တွဲဖော် ဖြစ်ချင်တယ်လို့ ငါဘယ်တုန်းက ပြောခဲ့တာလဲ..”
“လွန်ခဲ့တဲ့.. လွန်ခဲ့တဲ့လအနည်းငယ်လောက်ကလေ..”
မော့လောင်တ၏ ရုတ်တရက် ထွက်ပေါ်လာမှုမှာ ဖေဖေမော့နှင့် မေမေမော့တို့၏ ဇာတ်လမ်းထွင်ထားခြင်း မဟုတ်ပေ။ မော့တာအာသည် သူမစိတ်နှင့်သူမ ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမစိတ်ထဲတွင် ပေါ်လာသမျှ အရာအားလုံးကို အဓိပ္ပါယ် ရှိရှိ မရှိရှိ ပြောဆိုနေခြင်း ဖြစ်သည်။
မော့လောင်တ လှောင်ရယ်လိုက်သည်။ ယင်ရှောင်ရှောင်းပင်လျှင် စိတ်မဆိုးတော့ချေ။ လွန်ခဲ့သည့် လအနည်းငယ်တွင် သူနှင့် မော့လောင်တသည် ချောက်ကမ်းပါးအောက်သို့ ဆင်းခြင်းနှင့် တောင်အနှံ့ လှည့်ပတ်သွားလာခြင်းတို့ ပြုလုပ်နေခဲ့ကြသည်။
အဲဒီမော့လောင်တက ဘယ်အချိန်မှာ တခြားမြွေတစ်ကောင်နဲ့ သွားပြီးတော့ ကတိပြုနိုင်မှာတုန်း.. ဒီမော့မြွေကတော့ ကောင်းကောင်းမလိမ်တတ်ဘူးပဲ..
“မော့တာအာ.. ဒီမြွေတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲစမ်းနဲ့.. အခုချက်ချင်းအိမ်ပြန်စမ်း..”
ယင်ရှောင်ရှောင်း အံ့အားသင့်မိသည်မှာ ထိုစကားများကို ပြောလာသူမှာ မော့တာယိ ဖြစ်လေသည်။ မော့တာအာနှင့် မော့တာယိတို့၏ ဆက်ဆံရေးမှာ မကောင်းသည်ကို ယင်ရှောင်ရှောင်း သိထားသော်လည်း ဤမျှဆိုးရွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
“တာ့.. တာ့ကော..”
မော့တာအာ နောက်သို့အနည်းငယ်ဆုတ်လိုက်မိသည်။ မော့တာအာသည် သူမ၏ အစ်ကိုဖြစ်သူအား အတော်လေး ကြောက်ရွံ့လေသည်။ သူမ၏ အစ်ကိုမှာ မည်သည်ကြောင့် ထိုသို့ဖြစ်နေသည်ကို မသိသော်လည်း သူမအား ငယ်စဉ်ကတည်းက သဘောမကျခဲ့ချေ။ သူမသည် အစ်ကိုဖြစ်သူ၏ သားကောင်ကို ခွင့်ပြုချက်မရှိဘဲ ယူလိုက်သည့်အချိန်က သူမအား ကိုက်ခဲ့ဖူးလေသည်။ ကျဲတူမြက်အား ဝါးစားပြီးနောက်တွင် သူမသည် သုံးရက်တိတိ နာကျင်နေခဲ့ရသည်။ မော့တာအာတင်မကဘဲ မော့တာအာ၏ အဖေနှင့် အမေသည်လည်း မော့တာယိအား ကြောက်ရွံ့ကြလေသည်။
မော့တာယိ ထိုသို့အော်ဟစ်နေသည်ကြောင့် မော့တာအာ မည်သည့်စကားမျှ ထပ်မပြောဝံ့တော့ချေ။ မော့တာအာသည် သူမ၏ မိဘများကို တိတ်တဆိတ်ကြည့်လိုက်မိပြီး သူမကိုယ်စား ပြောဆိုပေးရန် မျှော်လင့်နေမိသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် မော့တာအာ၏ မိဘများသည် မြွေအုပ်ထဲတွင် ပုန်းအောင်းနေကြပြီး သူမအတွက် ပြောပေးလိုခြင်း မရှိသည်မှာ ရှင်းလေသည်။
“မပြန်သေးဘူးလား..”
မော့တာယိက ထပ်အော်သည်။
မော့တာအာ တစ်ကိုယ်လုံး တုန်ယင်ကာဖြင့် မြွေအုပ်အား အတင်းတွန်းတိုက်ကာ အဝေးသို့ထွက်ပြေးသွားသည်။
မော့တာယိကလည်း အတော်လေး အားကောင်းတာပဲ..
ယင်ရှောင်ရှောင်းသည် မော့တာယိအား စေ့စေ့ကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။ မော့လောင်တသည် မပျော်မရွှင်ဖြစ်လာပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား သူ၏အမြီးဖြင့် ချိတ်တွယ်လိုက်သည်။
“ကိုယ်က မော့တာယိထက် ပိုကြောက်စရာကောင်းတယ်နော်..”
ယင်ရှောင်ရှောင်း: “…”
မေမေမော့၏ မကျေမနပ်အသံ ထွက်ပေါ်လာပြန်သည်။
“လောင်တ.. သရုပ်ဆောင်နေတာတွေကို ရပ်လိုက်တော့.. မော့တာအာက မင်းကို စိတ်မချမ်းသာအောင် လုပ်ခဲ့တာရှိရင် အဲဒီကို သီးသန့်ဆွေးနွေးလို့ရတယ်.. ဒါပေမဲ့ ဒီနေ့မှာတော့ ဒီကိစ္စကို ဒီနေရာမှာပဲ ဖြေရှင်းကြမယ်..”
မေမေမော့အား မကြည့်ဘဲနှင့် မော့လောင်တသည် ယင်ရှောင်ရှောင်းအား အလယ်ဗဟိုသို့ ဆွဲခေါ်ကာဖြင့် ကျယ်လောင်စွာ ပြောလေသည်။
“ဒီနေ့ကစပြီး ငါက မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်လာပြီ.. ငါ့ဘေးမှာ ရပ်နေတဲ့ ယင်မြွေက ငါ့ရဲ့ အနာဂတ်လက်တွဲဖော်ပဲ..”
မော့မြွေအုပ်ကြီးမှာ အချင်းချင်း ထိတ်လန့်တကြား ကြည့်နေမိကြသည်။
နားကြားမှားတာများလား.. မျိုးနွယ်စုခေါင်းဆောင်အသစ်က ယင်မြွေကို လက်တွဲဖော်အဖြစ် ရွေးလိုက်တာလား.. မော့မျိုးနွယ်သမိုင်းမှာ အခုလိုအဖြစ်မျိုး တစ်ခါမှတောင် မရှိခဲ့ဖူးဘူးနော်..
“ငါက မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး ယင်ရှောင်ရှောင်းက မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဇနီးဖြစ်တယ်.. ကန့်ကွက်ချင်တဲ့မြွေ ရှိလား..”
မော့လောင်တ ဆက်ပြောသည်။
“ကန့်ကွက်တဲ့သူ ဘယ်သူမဆို ငါ့ကို စိန်ခေါ်လို့ရတယ်.. ငါရှုံးနိမ့်ခဲ့ရင် မော့လောင်တဆိုတဲ့ ငါက မျိုးနွယ်စုခေါင်းဆောင်နေရာကို စွန့်လွှတ်မယ်..”
မော့လောင်တသည် ထောင်ချောက်ဆင်လိုက်သည်ဟုပင် ဆိုရမည် ဖြစ်သည်။ ကန့်ကွက်သူမရှိလျှင် အကောင်းဆုံးဖြစ်သော်လည်း ကန့်ကွက်သူရှိလာခဲ့လျှင် ကန့်ကွက်သည့်မြွေသည် မော့လောင်တအား အနိုင်ယူပြီး မျိုးနွယ်စုခေါင်းဆောင်နေရာအား ယူရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာသည့်တိုင်အောင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ လက်တွဲဖော်ဖြစ်လာကြမည်အား တားဆီးနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့မှာ ဆုံးဖြစ်ပြီးသားပင်။
သို့သော်လည်း သဘာဝကျစွာပင် ကန့်ကွက်သည့်မြွေ မရှိပေ။ ဤနေရာတွင်ရှိနေသည့် မြွေများသည် မော့လောင်တ၏ တိုက်ခိုက်နိုင်စွမ်းအား မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ မော့လောင်တအား အနိုင်ယူနိုင်စွမ်းရှိသည့်မြွေ မရှိပေ။ သူတို့ကိုယ်သူတို့ အရှက်ခွဲလိုသည့်မြွေဟူ၍ မရှိကြချေ။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင်၏ လက်တွဲဖော်မှာ သူတို့နှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ မျိုးနွယ်စုခေါင်းဆောင်နေရာမှာ မော့လောင်တ သန်မာနေသေးသရွေ့ မော့လောင်တနှင့် မော့လောင်တ၏ လက်တွဲဖော်နှင့်သာ သက်ဆိုင်လေသည်။