🐍Chapter 71
“ကောင်းပြီ.. ကန့်ကွက်တဲ့သူ မရှိပုံပဲ..”
မော့လောင်တ ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ချောင်းနှစ်ချက်မျှ ဟန့်လိုက်သေးသည်။
မော့မြွေအုပ်ကြီးသည် လျင်မြန်စွာဖြင့် ဇာတ်တိုက်လေ့ကျင့်ထားကြသကဲ့သို့ သံပြိုင်ပြောလာကြသည်။
“ဟုတ်ကဲ့ပါ မျိုးနွယ်စုခေါင်းဆောင်...”
မော့လောင်တ နောက်ထပ် နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်ပြန်သည်။
ချက်ချင်းဆိုသလို သွက်လက်သည့် မော့မြွေအချို့သည် တစ်ပြိုင်နက်တည်း အော်လိုက်ကြပြန်သည်။
“ကောင်းသောနေ့ပါ မျိုးနွယ်စုခေါင်းဆောင်ကတော်..”
ကျန်နေသည့် မော့မြွေများမှာလည်း နားလည်သွားကြပြီး ပထမအုပ်စု အော်ပြီးသည်နှင့် ဆက်တိုက်အော်လာကြသည်။
“ကောင်းသောနေ့ပါ မျိုးနွယ်စုခေါင်းဆောင်ကတော်..”
ဤတစ်ကြိမ်တွင် မော့လောင်တ ကျေနပ်သွားပြီ ဖြစ်သည်။ မော့မြွေများမှ “မျိုးနွယ်စုခေါင်းဆောင်ကတော်” ဟု ခေါ်ဆိုကြသည်ကြောင့် မဟုတ်ဘဲ ‘အနာဂတ်မျိုးနွယ်စုခေါင်းဆောင်ကတော်’ ဟူသည့် ဂုဏ်ပုဒ်မှ ‘အနာဂတ်’ ဟူသည့် စကားလုံးအား ဖြုတ်လိုက်ကြသောကြောင့် ဖြစ်သည်။
“ကျွန်တော့်ကို ဘာဖြစ်လို့ ကတော် လို့ခေါ်နေတာတုန်း..”
ယင်ရှောင်ရှောင်းသည် ‘အနာဂတ်’ ဟူသည့် စကားလုံးအား စကတည်းက ရွေးချယ်ခြင်း မပြုခဲ့ပေ။ ယင်ရှောင်ရှောင်း ဂရုစိုက်သည့် အရာမှာ သူတို့က ဘာကိစ္စနဲ့ ငါ့ကို ‘ကတော်’ လို့ ခေါ်နေကြတာတုန်း.. ငါက မိန်းမမဟုတ်ဘူး.. မြွေမမဟုတ်ဘူးကွ.. သိရဲ့လား..
“ဒါဆိုရင် မင်းကို ဘယ်လိုခေါင်းစဉ်တပ်ရမတုန်း..”
မော့လောင်တ ခေါင်းစောင်းကာဖြင့် စဉ်းစားလိုက်သည်။ အရူးပေါက်လေး ပြောသည်မှာ မှန်လေသည်။ ယခင်မျိုးနွယ်စုခေါင်းဆောင်များ၏ လက်တွဲဖော်များမှာ မြွေမများဖြစ်ကြသဖြင့် ‘ကတော်’ ဟု ခေါ်ဆိုခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော်လည်း အရူးပေါက်လေးမှာ မြွေဖိုဖြစ်လေသည်။ အရူးပေါက်လေးအား ‘ကတော်’ ဟု ခေါ်ြကခြင်းကို သူ့အနေနှင့် ဂရုမစိုက်သော်လည်း အရူးပေါက်လေးမှာမူ အလွန်ဂရုစိုက်မိနေပုံရသည်။
“..ကျွန်တော့်ကို မျိုးနွယ်စုခင်ပွန်းလို့ ခေါ်ရင်ကော..” မျိုးနွယ်စုခေါင်းဆောင်ရဲ့ခင်ပွန်း.. ဟုတ်တယ်.. ဟုတ်တယ်.. မဆိုးဘူးပဲ..
“မျိုးနွယ်စုခင်ပွန်း ဟုတ်လား.. ဒါက မျိုးနွယ်စုခေါင်းဆောင်ကတော်ရဲ့ အတိုကောက်လား.. အရမ်းကြီး ကွဲပြားသွားပုံလည်း မရဘူးနော်..”
(ဒီနေရာမှာ ယင်ရှောင်ရှောင်းဆိုလိုတာက ကျူဖူ ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ကတော်ကို ကျူကျန်းဖူရန် လို့ အသံထွက်တာကြောင့် မူလစကားလုံးကို အတိုကောက်ခေါ်လိုက်သလိုမျိုး ထင်သွားတာပါ..)
မော့လောင်တ နားမလည်နိုင်ချေ။ အရူးပေါက်လေးသည် စကားလုံး နှစ်လုံးသာ ဖယ်ရှားခဲ့သည်။ တံတွေးချွေတာလိုခြင်းများလား..။
“...”
ယင်ရှောင်ရှောင်း၏ မျက်နှာတွင် အနက်ရောင်အကြောင်းများ ပြည့်လာသည်။ (-_-|||) ထို့နောက် ဒေါသတကြီးဖြင့် ပြောလေသည်။
“မေ့လိုက်တော့.. နောက်ဆို ကျွန်တော့်ကို ကျူကျန်းဖူရန် လို့ပဲ ခေါ်တော့.. ကျွန်တော့်အတွက် အရေးမကြီးဘူး..”
မော့လောင်တ လွဲမှားနေသည်ဟု ခံစားနေမိသည်။ အရူးပေါက်လေးက ဘာတွေဖြစ်နေတာတုန်း.. တစ်ခုခု စကားမှားသွားလို့လား..
သို့သော် လက်တွဲဖော်ကို သည်းသည်းလှုပ်ချစ်မြတ်နိုးသည့် မော့မြွေတစ်ကောင်အဖြစ် သရုပ်ဆောင်ရင်း မော့လောင်တသည် ယင်ရှောင်ရှောင်းနှင့် ငြင်းခုန်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလေသည်။
“အားလုံးပဲ ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်မလား..”
မော့မြွေများအားလုံးသည် မော့လောင်တကို တုံ့ပြန်သည့်အနေဖြင့် သံပြိုင်ပြောလေသည်။
“ကြားပါတယ် ကျူဖူ..”
ယင်ရှောင်ရှောင်း: “….”
မော့လောင်တ : “ဒီနေ့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲကတော့ ဒီလောက်ပဲ.. ငါက မော့မြွေနယ်မြေမှာ နေမှာမဟုတ်ဘူး.. တစ်ခုခုဖြစ်ရင် မော့တာယိကိုရှာကြ.. တစ်ခုခုဖြစ်လာပြီး ငါ့ကို မဖြစ်မနေ လိုအပ်လာပြီဆိုရင် မော့တာယိကို အကြောင်းကြားလိုက်.. သူကနေတဆင့် ငါ့ကိုအကြောင်းကြားလိမ့်မယ်..”
မော့မြွေအုပ်စု: “…”
ထိုသို့ပြောပြီးနောက်တွင် မော့လောင်တသည် ယင်ရှောင်ရှောင်းအား အမြီးဖြင့်ချိတ်တွယ်ကာဖြင့် ထွက်သွဦးလေသည်။
မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ထွက်ခွာစဉ် သူတို့မေ့သွားကြသည့်အရာတစ်ခု ရှိသည်။ ဖေဖေမော့၊ မေမေမော့၊ မော့လောင်အာနှင့် မော့လောင်စန်းတို့ ထိုနေရာတွင် ရှိနေကြဆဲဖြစ်သည်။ ထိုမော့မြွေလေးကောင်၏ မျက်နှာအမူအရာအရ အရှုံးမပေးသေးပုံပေါ်သည်။ အထူးသဖြင့် မော့လောင်တ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် သူနှင့် မော့တာအာတို့ လက်တွဲဖော်များ ဖြစ်လာမည်ဆိုပါက သူတို့၏ သားစဉ်မြေးဆက်မှာ ပို၍ပို၍ ထူးချွန်ထက်မြက်လာကြမည်မှာ သေချာပေါက်ပင်။ ထို့နောက်တွင် မျိုးနွယ်စုခေါင်းဆောင်ရာထူးမှာ သူတို့မိသားစုနှင့်သာ ထာဝရသက်ဆိုင်လာမည် မဟုတ်ပါလော။ ဖေဖေမော့နှင့် မေမေမော့ကဲ့သို့သော မော့မြွေများသည် ဤကဲ့သို့သော အခွင့်အရေးအား လွယ်လင့်တကူ လက်လွှတ်ခံမည်မဟုတ်ဟု ယူဆရမည် ဖြစ်သည်။
လူ့အဖွဲ့အစည်းဖြစ်စေ၊ ဉာဏ်ရည်ထက်မြက်သည့် မြွေပွေးအဖွဲ့အစည်းတွင်ဖြစ်စေ ဩဇာအာဏာအား လွန်ဆန်နိုင်ပုံ မရချေ။
မော့မြွေများ စုဝေးရာနေရာနှင့် လုံလောက်အောင် ဝေးကွာသည်အထိ စောင့်ပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း မမေးဘဲ မနေနိုင်တော့ချေ။
“အဲဒါက တကယ်ပြဿနာမဖြစ်ဘူးလား.. မျိုးနွယ်စုခေါင်းဆောင်က ပြဿနာတွေရှင်းဖို့ အခြားမြွေတွေနဲ့ လွှတ်ထားတာက မကောင်းဘူးမဟုတ်ဘူးလား..”
“ဘာက မကောင်းတာတုန်း..”
မော့လောင်တ မသိချင်ယောင်ဆောင်ကာ ပြန်ပြောသည်။
“ဘယ်လိုပြဿနာမျိုးလဲ.. ‘ငါ့ရဲ့အဖော်ကို ခိုးသွားတယ်.. မျိုးနွယ်စုခေါင်းဆောင်ကို သွားတိုင်ရမယ်.. ဒါမှမဟုတ်.. ငါက ဘာဖြစ်လို့ ဥနှစ်လုံး မဥဘဲ တစ်လုံးပြ ဥရတာလဲ.. မျိုးနွယ်စုခေါင်းဆောင်ဆီကို သွားမှဖြစ်မယ်.. ဒါမှမဟုတ် ငါ့ရဲ့ကလေးတွေက အဆင်မပြေကြတော့ ဘာလုပ်ရမှန်းမသိဘူး.. မျိုးနွယ်စုခေါင်းဆောင်ကို သွားမေးရမယ်..’ အဲဒီလိုဟာမျိုးတွေချည်းပဲရယ်.. နေ့တိုင်းနေ့တိုင်း အဲဒီအနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စတွေကို မဖြေရှင်းချင်ပါဘူး..”
ယင်ရှောင်ရှောင်း : “...”
ခင်ဗျားတို့မော့မြွေတွေရဲ့ စိတ်ထဲမှာ စိုးမိုးထားတဲ့အကြောင်းက လက်တွဲဖော်နဲ့ ကလေးတွေပဲလား.. ဘယ်လိုတောင် အရှက်ရဖို့ကောင်းတဲ့ ဇာတ်ကြောင်းသုံးခုကို ရွေးချယ်လိုက်တာတုန်း.. မြွေပွေးအသိုင်းအဝိုင်းက အခုလောက်အထိကို နိမ့်ကျသွားပြီလား..
“ပြီးတော့..”
မော့လောင်တ ခေတ္တစဉ်းစားပြီးနောက် ပြောလေသည်။
“အရူးပေါက်လေး.. ကိုယ်တို့ မင်းမိဘအိမ်ကို မပြန်သင့်ဘူးလား..”
ယင်ရှောင်ရှောင်း ခေါင်းငုံ့ကာဖြင့် နေ့ရက်များကို ရေတွက်လိုက်သည်။
“အိုး.. အချိန်နီးနေပြီပဲ.. ကျွန်တော်တို့ အခုပြန်မယ်ဆိုရင်တောင် နည်းနည်းလေး တက်သုတ်ရိုက်သွားမှရမယ်..”
“စိတ်မပူပါနဲ့.. ကိုယ်ရှိနေတယ်လေ..”
မော့လောင်တ ယင်ရှောင်ရှောင်းနဖူးအား နမ်းလိုက်သည်။
“ကိုယ့်ကို မှီခိုလိုက်စမ်းပါ.. မင်းတို့မိသားစုအိမ်ကို မကြာခင်ရောက်သွားစေရမယ်..”
ယင်ရှောင်ရှောင်း : “အာ..”
အဲဒါက ပြဿနာဟုတ်မနေဘူးလေ.. နည်းနည်းလေးတောင် စိတ်သက်သာရ ရမသွားဘူးနော်.. တကယ့်ပြဿနာက ဖေဖေရယ်.. ပါပါးရယ်နဲ့ ကောကောတွေက သူတို့ကို လက်ခံပေးဖို့ ခက်ခဲနေလို့ပဲ သိပြီလား..
“လောင်တ.. လောင်တ..”
မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ စတင်ထွက်ခွာစဉ်မှာပင် အလွန်စိုးရိမ်တကြီးဖြစ်နေသည့် အသံကြောင့် ရပ်တန့်သွားခဲ့ရသည်။
လှည့်ကြည့်လိုက်သည့်အခါတွင် သူတို့နောက်သို့ အလျင်စလို ပြေးလိုက်လာသည်မှာ မော့တာယိဖြစ်ကြောင်း သိလိုက်ရသည်။
ယင်ရှောင်ရှောင်း တွေးနေမိသည်။
‘ဟေး.. အခုတော့ မော့လောင်တကို ‘လောင်တ’ လို့ ခေါ်တာက ပိုပြီးတော့ လက်တွေ့ဆန်လာပြီ.. ဟိဟိ’
“လောင်တ.. မင်းသွားတော့မှာလား..”
မော့လောင်တ : “အေး..”
“ဒါပေမဲ့ မော့မြွေတွေက မင်းကိုရှာချင်ရင် ဘယ်မှာရှာရမယ်လို့ ပြောရမှာလဲ..”
မော့တာယိက အလျင်စလို မေးလိုက်သည်။
ယင်ရှောင်ရှောင်း မော့လောင်တအား စောင်းကြည့်လိုက်သည်။ မော့လောင်တသည် မော့တာယိအား သူမည်သည့်နေရာတွင် နေသည့်အကြောင်း မပြောခဲ့မိပုံရသည်။
ဒီမျိုးနွယ်စုခေါင်းဆောင်က အလုပ်ကို ကောင်းကောင်းလုပ်နေတာပဲ..
“ငါ့ကိုရှာချင်ရင် တားမြစ်နယ်မြေကိုသွား..”
မော့လောင်တ က နောက်ထပ်စာကြောင်းတစ်ကြောင်းထပ်ပြောသည်။
“ငါနေတဲ့ ဂူနားမှာ ယန်မြက်နဲ့ ဟွိုင်ယန်မြက်တေါရှိတယ်.. မင်းလာရင်တွေ့လိမ့်မယ်..”
မော့တာယိ နားလည်ကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းသည် ချက်ချင်းဆိုသလိုပင် မော့လောင်တ၏ ရည်ရွယ်ချက်အား နားလည်ပြီး နာခံစွာဖြင့် မော့လောင်တ ကျောပေါ်သို့ တက်လိုက်သည်။ ယင်ရှောင်ရှောင်း အခြေကျသည်အထိ စောင့်ပြီးသည့်နော်ကတွင် မော့လောင်တ စတင်မထွက်ခွာမီ တစ်စုံတစ်ခုအား ရုတ်တရက် အမှတ်ရမိလိုက်သည်။ မော့တာယိဘက်သို့ လှည့်ကာဖြင့် အော်ပြောလေသည်။
“အိုး.. ဟုတ်သားပဲ.. ငါက အိမ်မှာမရှိတာများတယ်..”
မော့တာယိ : “…”
မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် အိမ်ပြန်ရမည့်အစား ယင်ရှောင်ရှောင်းတို့ မိသားစုအိမ်သို့ တိုက်ရိုက်သွားလေသည်။
မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ယင်ရှောင်ရှောင်း၏အိမ်သို့ ရောက်သည့်အခါတွင် ကောင်းကင်မှာ မှောင်နေပြီဖြစ်သည်။ ယင်ရှောင်ရှောင်းသည် အဝေးမှနေ ဂူရှေ့ကွင်းပြင်ကျယ်တွင် မီးရောင်များအား မြင်တွေ့လိုက်ရသည်။
“ဘယ်သူပြန်ရောက်နေတာလဲ မသိဘူး..”
ယင်ရှောင်ရှောင်း တီးတိုးပြောသည်။ တစ်နှစ်တစ်ခါ ဆုံကြရသည်မှာ အလွန်ကောင်းလေသည်။ ‘ဝေးကွာနေခြင်းမှာ လှပလေသည်’ ဟူသည့် ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ အတူတကွ အချိန်ပိုကုန်ဆုံးသည်နှင့်အမျှ ကွဲလွဲမှုဖြစ်ပေါ်လာရန် လွယ်ကူလာတတ်သည်။ ထိုအချက်မှာ မှန်သည်ကို သက်သေပြပြီးဖြစ်သည်။
ယင်ရှောင်ရှောင်း သူတို့မိသားစု၏ ဂူရှေ့သို့ရောက်သည့်အခါတွင် ယင်ရှောင်ရှောင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာ ဖေဖေ၊ ပါပါးနှင့် ကောကောတို့အားလုံး ရှိနေကြသည်ကို တွေ့လိုက်ရသည်။ မြွေတစ်ကောင်၏ လျှောတိုက်သံကို ကြားသည့်အတွက် မီးပုံနံဘေးရှိ ယင်မြွေများသည် ခေါင်းယမ်းကာ လှည့်ကြည့်လိုက်ကြသည်။
“အား.. အားလုံးပဲ မင်္ဂလာပါ..”
ယင်ရှောင်ရှောင်း အနည်းငယ် ကိုးရို့ကားယားနိုင်စွာ ပြုံးလိုက်သည်။
ဖေဖေနဲ့ပါပါးရယ်နဲ့ ကောကောတို့က ငါ့ကို တိတိကျကျကြီး စောင့်နေသလိုမျိုး ဘာဖြစ်လို့ ခံစားနေရတာလဲနော်..
ယင်မြွေများသည် ခေါင်းလှည့်ကာ ယင်ရှောင်ရှောင်းအား သိသိသာသာ လျစ်လျူရှုလိုက်ကြသည်။ တစ်ကောင်ပြီးတစ်ကောင် ယင်ရှောင်ရှောင်းနောက်သို့ ကြည့်လိုက်ကြပြီး မျက်နှာပေါ်တွင် ‘တကယ်ကြီး အဲလိုပေါ့’ ဟူသည့် အမူအရာများ အထင်းသားနှင့်ဖြစ်သည်။
ဘာဖြစ်နေသည်ကို နားမလည်နိုင်သည့် ယင်ရှောင်ရှောင်းမှာ သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။ သေချာပေါက်တွင် တဟေးတန်သည်သာလျှင် သူ့နောက်တွင် ရှိနေလေသည်။
သူတို့မျက်နှာတွေက ဘာဖြစ်နေကြတာလား..
“ဒီကိုလာခဲ့..”
ယင်တပိုင် တည်ကြည်စွာ ပြောသည်။
ယင်တပိုင်မှ မော့လောင်တ မလာနဲ့ဟု မပြောခဲ့သဖြင့် မော့လောင်တသည် ယင်ရှောင်ရှောင်းနောက်မှ လိုက်လာခဲ့လေသည်။ ယင်ရှောင်ရှောင်း အမြီးဖြင့် မော့လောင်တအား ပုတ်လိုက်သည့်တိုင်အောင် အသုံးမဝင်ချေ။
“မင်းက... မော့လောင်တလို့ ခေါ်တယ်မလား..”
ယင်တပိုင် မော့လောင်တအား ကြည့်လိုက်သည်။
“ငါတို့အားလုံး သိထားကြတယ်..”
“အဲဒီလိုဆိုရင်လည်း စိတ်ချလိုက်လို့ရတယ်လို့ ငါထင်တယ်..”
ယင်ရှောင်ရှောင်း: “…”
“အခုထိတော့ မဟုတ်သေးဘူး..”
ဟွားရှောင်ဟွားသည် မော့လောင်တနှင့် ယင်တပိုင်တို့၏ စကားဝိုင်းကို ကြားဖြတ်ပြောလေသည်။
“ရှောင်ရှောင်းက ငါတို့ရဲ့ အချစ်ဆုံးကလေးဖြစ်ပြီး ငါတို့အနေနဲ့ အတော်လေး ထက်မြက်တယ်လို့ ထင်ထားကြပေမဲ့လည်း ယင်တပိုင်နဲ့ ငါနဲ့မှာ ရွေးချယ်စရာမရှိဘဲ ရှောင်ရှောင်းက မင်းနဲ့ မလိုက်ဖက်ဘူးလို့ ဝန်ခံရမှာပဲ.. မင်းရဲ့လက်တွဲဖော်အဖြစ် တခြားမြွေတစ်ကောင်ကို ရှာသင့်တယ်လို့ ငါတို့ပြောချင်တယ်..”
ယင်ရှောင်ရှောင်း: "...."
ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် မော့လောင်တတို့ စကားပြောဆိုနေသည်ကို အခွင့်ကောင်းယူပြီး ဟွားရှောင်ဝူသည် ယင်ရှောင်ရှောင်းဆီသို့ သတိမထားမိအောင် ဖြည်းဖြည်းချင်း လှမ်းလာလေသည်။ ပတ်ဝန်းကျင်လေထုနှင့် ကိုက်ညီမှုမရှိသည့် အမူအရာဖြင့် ပြောလေသည်။
“ရှောင်ရှောင်း.. မင်း အရမ်းတွေဂုဏ်ယူနေတာမလား..”
“..??”
ယင်ရှောင်ရှောင်း ဒေါသထွက်သွားသည်။ ဖေဖေနှင့် ပါပါးတို့ကိုလည်း မနှောင့်ယှက်ရဲပေ။ ဟွားရှောင်ဝူအား သူ့အား အနိုင်မကျင့်နဲ့ဟု မေးလိုမည်ဆိုလျှင် လွန်သွားမည်လား။
“ဘာကို ဂုဏ်ယူတာလဲ.. ဝူကော ဘာပြောနေတာလဲ..”
ဟွားရှောင်ဝူ နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲ အကြောင်းလေ.. မင်းကို ကျူဖူလို့ခေါ်တဲ့ မော့မြွေတွေ အများကြီးပဲလို့ ကြားထားတယ်.. အဲဒါကြောင့် အရမ်းတွေ မိုက်တယ်လို့ ခံစားနေရတာ မဟုတ်ဘူးလား..”
ဤတစ်ကြိမ်တွင် ယင်ရှောင်ရှောင်း နားမလည်နိုင်တော့သည့်အလှည့် ဖြစ်သည်၊
“မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲကို ဘာဖြစ်လို့သိနေတာလဲ..”
“ငါသိတာ ပုံမှန်ပဲလေ..”
ဟွားရှောင်ဝူသည် ‘ဒီလောက် ကြီးမားတဲ့ကိစ္စကို ငါက ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ’ ဟူသည့် အမူအရာဖြင့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို တက်ဖို့အတွက် မျိုးနွယ်စုတိုင်းက ကိုယ်စားလှယ်တစ်ကောင်စီ လွှတ်လိုက်တယ်လေ.. သူတို့ပြန်လာတော့ ငါတို့သိရတာပေါ့..”
“ကိုယ်စားလှယ်တွေလား..”
ယင်ရှောင်ရှောင်း အံ့ဩစွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ အဲဒီမှာ မော့မြွေတွေကိုပဲ တွေ့ခဲ့ရတယ်.. တခြားမျိုးနွယ်စုက မြွေတွေကို မတွေ့ခဲ့ရဘူးရယ်..”
“သူတို့က ပုန်းနေကြတာလေ..”
ဟွားရှောင်ဝူသည် အဲဒီက အသိအသာကြီး ဟူသည့် မျက်နှာပေးဖြင့် အော်လိုက်သည်။
“အရင်က မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲမှာ တခြားမျိုးနွယ်စုက မြွေတွေကို လိုက်ကိုက်တဲ့ မော့မြွေတစ်ကောင် ရှိခဲ့ဖူးတယ်.. အဲဒါကြောင့် ဘေးကင်းစေဖို့ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲရှိလာတိုင်း သူတို့က ပုန်းနေတတ်ကြတာပဲ..”
ယင်ရှောင်ရှောင်း: “…”
ထိုမျိုးနွယ်စုကိုယ်စားလှယ်များသည် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲအား တက်ရောက်ရခြင်းမှာ အတင်းအဖျင်းပြောလိုစိတ် ပြင်းပြသော ဆန္ဒများ သည် သူတို့၏နှလုံးသားထဲတွင် ရှိနေသောကြောင့် ဖြစ်သည်ဟု ဆိုနိုင်လေသည်။ သို့သော်လည်း မော့မြွေတစ်ကောင်ကြောင့် ထိခိုက်မည်ကို ကြောက်ရွံ့သည် ဆိုပါက သူတို့သည် ရွေးချယ်ပွဲအား ကြည့်ချင်သည်ဆိုပါက ပုန်းအောင်းနေရန် လိုအပ်လေသည်။ ဂုဏ်ယူဝံ့ကြွားသည့် မျက်နှာများဖြင့် တတ်နိုင်သလောက် မြန်မြန်ပြန်လာကြပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ဇာတ်လမ်းမျိုးစုံနှင့် ရွေးချယ်ပွဲ၏ ရလဒ်ကို ပြောဆိုကြလေသည်။
တစ်ဘက်တွင် ယင်ရှောင်ရှောင်းနှင့် ဟွားရှောင်ဝူတို့သည် ရွှင်မြူးတက်ကြွစွာနှင့် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြပြီး တစ်ဘက်တွင်လည်း ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် မော့လောင်တတို့၏ ဆွေးနွေးမှုမှာလည်း တဖြည်းဖြည်း အဆုံးသတ်လာပြီ ဖြစ်သည်။
ယင်တပိုင်သည် တစ်ချိန်လုံး အလွန်ငြိမ်သက်နေပြီး တည်ငြိမ်စွာဖြင့် စကားပြောဆိုခဲ့လေသည်။ ဟွားရှောင်ဟွား၏ သဘောထားမှာ ပိုမိုစိတ်လှုပ်ရှားနေပြီး ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ အတူရှိခြင်းကို သဘောမတူသေးချေ။ သို့သော်လည်း ပထမဆုံးအကြိမ် တွေ့ဆုံမှုနှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ်မှာ တိုးတက်မှုရှိလေသည်_ အနည်းဆုံး မော့လောင်တ၏ အမူအရာမှာ အလွန်ကောင်းမွန်နေဆဲ ဖြစ်သည်။ ယင်တပိုင်၏ အပြုအမူသည်လည်း ညင်သာလို့နေပြီး ဟွားရှောင်ဟွားသည်လည်း ပြင်းပြင်းထန်ထန် မတုံ့ပြန်ခဲ့ချေ။
“အဲဒါဆို ရှောင်ရှောင်းနဲ့ ကျွန်တော်နဲ့ တခြားမှာနေဖို့အတွက် သွားရှာလိုက်ဦးမယ်.. မနက်ဖြန်မှ ရှောင်ရှောင်းနဲ့ ပြန်လာခဲ့ပါမယ်..”
စကားဝိုင်းသည် သဘောတူညီမှု မရရှိဘဲ ပြီးဆုံးသွားသော်လည်း မော့လောင်တသည် ယင်ရှောင်ရှောင်းအား သူနှင့်အတူထားရန် ဆုံးဖြတ်ခဲ့သည်။
“လုံးဝ မရဘူး..”
ဤအကြံပြုချက်အား ဟွားရှောင်ဟွားမှ ပယ်ချခဲ့သည်။ ဟွားရှောင်ဟွား၏ မျက်နှာမှာ အကျည်းတန်နေလေသည်။ သူ၏ရှေ့မှောက်မှာပင် သားဖြစ်သူအား ပြန်ပေးဆွဲရန် ကြိုးစားနေခြင်းလား။ လုံးဝမရဘူးမှတ်။
ယင်တပိုင် က ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။
“တခြားနေရာကို ရှာနေစရာ မလိုပါဘူး... ဂူထဲမှာပဲနေပါ..."
ဟွားရှောင်ဟွားသည် ယင်တပိုင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ စကားပြောမည် ပြုစဉ်မှာပင် ယင်တပိုင် အကြည့်နှင့် တားလာသည်။
မော့လောင်တသည် ဖိတ်ကြားချက်အား စိတ်အားထက်သန်စွာဖြင့် လက်ခံခဲ့ပြီး ယင်ရှောင်ရှောင်းအား အမြီးမှချိတ်ကာ ဂူထဲသို့ ပျော်ရွှင်စွာ ဝင်သွားပြီး ညအိပ်ရန် သက်သောင့်သက်သာအရှိဆုံးသော နေရာကို ရှာဖွေလေသည်။
“တကယ်ပဲ ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ..”
ဟွားရှောင်ဟွား၏ နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။
ယင်ရှောင်ရှောင်း၏ အစ်ကိုငါးကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ကြည့်ပြီးနောက် အမြီးများယမ်းကာဖြင့် ဂူထဲသို့ ဆက်တိုက်ဝင်သွားကြသည်။
ဂူအပြင်တွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သာ ကျန်ရှိတော့သည်။ ယင်တပိုင်သည် မနှေးမမြန်နှုန်းနှင့် စကားပြောလာသည်။
“ရှောင်ဟွားရေ.. ရှောင်ရှောင်းက အရွယ်ရောက်ဖို့ ၁၈ နှစ်တောင် လိုပါသေးတယ်.. အရွယ်ရောက်ပြီးပြီဆိုရင် အဖော်ရွေးချယ်ပွဲ ကျင်းပရမှာလေ.. ၁၈ နှစ် ကြာပြီးတဲ့နောက် မော့လောင်တနဲ့ ရှောင်ရှောင်းတို့ လမ်းခွဲသွားရင်တော့ အကောင်းဆုံးပေါ့.. ဒါပေမဲ့ ၁၈ နှစ် ကြာပြီးတာတောင် သူတို့က အတူတူရှိနေတုန်းပဲဆိုရင်...”
ယင်တပိုင် ခဏရပ်လိုက်သည်။
“ဒါက မော့လောင်တက ရှောင်ရှောင်းအပေါ် စိတ်ရင်းမှန်ကြောင်း ကိုယ်တို့ကို လုံလုံလောက်လောက် ပြသပြီး ဖြစ်တယ်လေ.. အဲဒီအချိန်ကျရင်တော့ ကိုယ်တို့မှာ ဆန့်ကျင်နိုင်တဲ့အနေအထား မရှိတော့ဘူးပေါ့..”
ခဏကြာသောအခါ ဟွားရှောင်ဟွား အတွေးထဲတွင် နစ်မွန်းသွားသည်။
ညက ပိုနက်လာသည်။ ဂူအတွင်း၌ မြွေများအားလုံး ငိုက်မျဉ်းသွားကြသည်။
ယင်ရှောင်ရှောင်း သည် တစ်ဝက်တစ်ပျက် သတိလစ်သွားချိန်တွင် ရုတ်တရက် နိုးလာခဲ့သည်။ မျက်လုံးနှစ်လုံးက အမှောင်ထဲကို ရှေ့တည့်တည့် စိုက်ကြည့်နေသည်။ တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ မော့လောင်တလည်း အိပ်ပျော်ရာမှ နိုးလာသည်။
"ဘာဖြစ်လို့လဲ..."
ယင်ရှောင်ရှောင်း က ရှေ့ကို စိုက်ကြည့်နေပြီး မျက်လုံးများက ရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းပြန်ပြုတ်ကျကာ အိပ်ပျော်သွားပြန်သည်။
"အားလု ရဲ့ ကလေးတွေ မွေးပြီးပြီထင်တယ်..."
မော့လောင်တ: “…”