🐍Chapter 72
နောက်တစ်နေ့ မနက်စောစောတွင် မြွေတစ်ကောင်ပြီးတစ်ကောင် ထလာကြသည်။ ယင်ရှောင်ရှောင်းဆီမှ လုံးလုံးလျားလျား ခြိမ်းခြောက်ခံထားရသောကြောင့် မော့လောင်တလည်း ကျန်မြွေများအားလုံးအတွက် အင်တင်တင်နှင့် အစာရှာထွက်ရန် ပြင်တော့သည်။
"စစ်ကောက... ဒီတစ်ခေါက်ကျတော့... ဘာလို့လန်စန်းစန်းကို ပြန်ခေါ်မလာတာလဲ"
ယင်ရှောင်ရှောင်းက ယင်ရှောင်စစ်ကို မျက်နှာချိုသွေးကာ ပြုံးပြပြီး ပြောလိုက်သည်။
သို့သော် ယင်ရှောင်စစ်က နဂိုအတိုင်း မျက်နှာအမူအရာ တစ်ချက်မှမပြောင်းလဲဘဲ ခပ်တည်တည်နှင့်ပင်။
"လန်စန်းစန်းက သူ့မိဘအိမ်ဆီ ပြန်သွားပြီ... ဦးဦးရှုနဲ့ ဦးဦးဟုန်တို့ ပြန်လာလို့လေ"
"အော်...အဲဒီလိုလား"
ယင်ရှောင်ရှောင်းလည်း အံ့သြသွားသည့်နှယ် ခေါင်းတစ်သွင်သွင် ညိတ်ပြလိုက်သည်။
"ရှောင်ရှောင်း... ဒီဝူကောကောလည်း အနာဂတ်လက်တွဲဖော်ကို ရှာတွေ့ပြီနဲ့တူတယ်"
ယင်ရှောင်ရှောင်းနှင့် ယင်ရှောင်စစ်တို့၏ စကားဝိုင်းထဲသို့ ဟွားရှောင်ဝူက ကြားဖြတ်ဝင်ပြောလာသည်။
"ဟင်...ဟုတ်လား...ဘယ်သူလဲ"
ယင်ရှောင်ရှောင်း အသက်မဲ့စွာဖြင့် ပြန်မေးလိုက်မိသည်။ ဟွားရှောင်ဝူက အခုအချိန်အထိ နည်းနည်းလေးမှ အလိုက်မသိတတ်ပေ။ စစ်ကောကိုမျက်နှာချိုသွေးကာ ကပ်ဖားကပ်ယားလုပ်မလို့ရှိသေး။ ဟွားရှောင်ဝူးက ကဖျက်ကယက် ဝင်လုပ်နေပြန်သည်။
"အွန်း...ဟိုဟုန်မျိုးရိုးထဲက မြွေမသေးသေးကွေးကွေးလေးလေ"
ဟွားရှောင်ဝူက ယုံကြည်ချက်အပြည့်နှင့် ထုတ်ပြောလာသည်။
"အော်...အဲဒီဟုန်မြွေလေးကို ပြောတာလား.. အင်း...မဆိုးပါဘူးလေ"
ယင်ရှောင်ရှောင်းလည်း ထိုမျှသာခွန်းတုံ့ပြန်ကာ သူတို့အနားမှ ထွက်သွားသည့် ယင်ရှောင်စစ်နောက်သို့လိုက်ရန် ပြင်လိုက်သည်။
"ရှောင်ရှောင်...မသွားပါနဲ့ဦး"
ဟွားရှောင်ဝူးက ယင်ရှောင်ရှောင်းကို အသည်းအသန်လှမ်းခေါ်သည်။
"ရှောင်ရှောင်းက ဝူကောကောကိုတောင် စွန့်လွှတ်ကျောခိုင်းဖို့အထိ... အကြင်နာတရားမဲ့နေတာတော့... မဟုတ်သေးဘူးမလား.. ဝူကောကောကို နည်းနည်းလေးမှတောင် မလွမ်းဘူးလားဟင်"
"အင်း...ကျွန်တော်က အရမ်းအကြင်နာတရားခေါင်းပါးလွန်းလို့... ဝူကောကို နည်းနည်းလေးမှတောင် မလွမ်းမိပါဘူး"
ယင်ရှောင်ရှောင်းလည်း စိတ်တိုတိုနှင့်ပါးစပ်ထဲရှိသမျှပြောပစ်လိုက်သည်။
ဟွားရှောင်ဝူ: "........"
"ဘန်း"
ထို့နောက် ရုတ်တရက်ဆိုသလို ကျယ်လောင်စူးရှသောအသံကို ကြားလိုက်ရသဖြင့် သူတို့အားလုံး အသံလာရာသို့ အကြည့်ရောက်သွားရာ ခြင်္သေ့အသေကောင်ကို တရွတ်တိုက်ဆွဲပြန်လာသည့် မော့လောင်တအား တွေ့လိုက်ရသည်။
ယင်ရှောင်ရှောင်းမှလွဲ၍ အခြားယင်မြွေနှင့် ဟွားမြွေများအားလုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ဖြစ်တည်လာကြသည်။ ခြင်္သေ့လိုအကောင်ကြီးကို ဘယ်သူက စားနိုင်မှာမလို့လဲ။ ဘယ်သူကရော စားဖို့စိတ်ကူးမိမှာလဲ။
ဟွားရှောင်ဝူဆိုလျှင် ပါးစပ်အဟောင်းသားနှင့် တုတ်တုတ်မျှမလှုပ်နိုင်အောင် အံ့သြနေမိသည်။ ယင်ရှောင်ရှောင်းလည်း ဘာမှရှင်းပြမနေတော့ပဲ မော့လောင်တအနားသို့ သွားလိုက်သည်။
"တဟေးတန်... ဒီခြင်္သေ့ကြီးက အကြီးကြီးပဲနော်... ဒီအရွယ်အစားနဲ့ဆိုရင်... ဒီမှာရှိနေတဲ့ မြွေတိုင်းအတွက် လုံလောက်ပါတယ်... ကျွန်တော်က အားလုံးအတွက် မလောက်မှာ စိုးရိမ်နေတာ"
မော့လောင်တက ခေါင်းလေးတစ်ချက်ညိတ်ပြပြီး ချွန်ထက်လှသော သူ့သွားများဖြင့် ခြင်္သေ့၏အရေခွံကို စခွာတော့သည်။ တစ်အောင့်လောက်အကြာတွင် ခြင်္သေ့ကိုယ်ကို မြွေအရေအတွက်အလိုက် ရှစ်ပိုင်းပိုင်းလိုက်ပြီး သူကတစ်ပိုင်းကို ထိပ်ဆုံးစားလိုက်သည်။ ထို့နောက်ရှောင်ရှောင်းအတွက် အသားကင်ပေးဖို့ရာ မီးမွှေးရန်ပြင်သည်။
"ဝိုး...ကျွန်တော့်ဘဝမှာ ခြင်္သေ့အသားကို ပထမဆုံးစားဖူးတာပဲ... ဘယ်လိုအရသာရှိမလဲ သိချင်နေပြီ"
ရှောင်ရှောင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
အခြားမြွေများလည်း မော့လောင်တအား ကျေးဇူးတင်စိတ်ဖြင့် ကိုယ်စီကိုယ်စီ အပိုင်းပိုင်းထားသော ခြင်္သေ့အသားများကို ဆွဲယူကြသည်။ သူတို့ကိုယ်တိုင်လည်း ခြင်္သေ့အသားကို တစ်ခါမှမစားဖူးကြပေ။ မော့လောင်တကို စိတ်ထဲချီးကျူးနေမိသော်လည်း အပြင်ပန်းတွင်မူ တစ်ကောင်မှ ထုတ်မပြကြပေ။
စားသောက်ပြီးစီးသွားသောအခါ ယင်ရှောင်ရှောင်းက အလောတကြီးပြောလာသည်။
"သား အားလုတို့အိမ်ကို သွားလည်ဦးမယ်.."
ထို့သို့ပြောပြီး ယင်ရှောင်ရှောင်း မော့လောင်တကိုဆွဲခေါ်ကာ ထွက်ခွာသွားတော့သည်။
အားလုအိမ်က သူတို့ရှိနေသည့်နေရာနှင့် သိပ်မဝေးပေ။ အားလု၏အိမ်သို့ တဖြေးဖြေးနီးကပ်လာသည်နှင့် ကြားရသောအသံများက တဖြေးဖြေးပိုပိုပြီးကျယ်လာသည်။ မြွေပေါက်လေးများ၏ အသံဖြစ်ဟန်ရှိသည်။ ယင်ရှောင်ရှောင်းလည်း လျှောတိုက်သွားနေသည်ကို အရှိန်တင်လိုက်သည်။
မိနစ်ပိုင်းအတွင်းတွင် လုရှောင်ဟွမ်မိသားစု၏ ကျယ်ဝန်းလှသော အသိုက်အမြုံရှေ့သို့ ရောက်သွားသည်။ ကွင်းပြင်ကျယ်ကြီးတွင် ဆော့ကစားနေကြသည့် မြွေပေါက်ငယ်လေးငါးကောင်ကို ယင်ရှောင်ရှောင်း တွေ့လိုက်ရသည်။ အသည်းယားဖွယ်ကောင်းလွန်းသော မြွေပေါက်လေးများကိုကြည့်ရင်း ယင်ရှောင်ရှောင်း စိတ်မထိန်းနိုင်တော့ဘဲ သူတို့အနားသို့ အပြေးသွားမိသည်။
သို့သော် ကလေးများထံမရောက်လိုက်ပဲ လမ်းတစ်ဝက်တွင် တစ်စုံတစ်ယောက်၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။
"ယင်ရှောင်ရှောင်း... မင်းဒီကိုလာရဲသေးတယ်နော်... မင်းငါ့ကို ဘာကတိပေးထားလဲဆိုတာ မေ့သွားပြီလား"
"ဟင်"
ယင်ရှောင်ရှောင်း သူပေးထားသည့်ကတိကို အသည်းအသန် စဥ်းစားနေမိသည်။ တစ်အောင့်လောက်ကြာမှ ယခင်တုန်းက လုရှောင်ဟွမ်နှင့်ဟေးအာပန်တို့ ကလေးမွေးလျှင် သူအတူရှိပေးမည်ဟူသည့် ကတိကို ပေးထားမိမှန်း သတိရသွားတော့သည်။
"ကျွန်တော် တောင်းပန်ပါတယ်... မင်းတို့ကလေးမွေးတဲ့အချိန်တုန်းက... ကျွန်တော် အတူမရှိပေးနိုင်ခဲ့ဘူး... တကယ်တောင်းပန်ပါတယ်... အခုတော့မြွေပေါက်လေးတွေဆီ ကျွန်တော့်ကိုခေါ်သွားပါဦး"
ရှောင်ရှောင်းလည်း အတတ်နိုင်ဆုံး မျက်နှာချိုသွေးကာ ပြောလိုက်သည်။
လုရှောင်ဟွမ် သိပ်ပြီးလက်မခံချင်သော်လည်း ဟေးအာပန်က သူ့ကိုလှမ်းဆွဲလိုက်သည်။ ယင်ရှောင်ရှောင်းက သူတို့နှစ်ဦးကို သိပ်ပြီးဂရုမစိုက်ပေ။ မြွေပေါက်လေးများရှိရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ဟေးအာပန်က ယင်ရှောင်ရှောင်းကို တစ်ချက်မျှလှမ်းကြည့်ပြီး မော့လောင်တအား ဦးညွှတ်နှုတ်ဆက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်..”
ထိုအခါမှ လုရှောင်ဟွမ်လည်း မော့လောင်တဆီသို့ အကြည့်ရောက်လာပြီး အင်တင်တင်နှင့် နှုတ်ဆက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်..”
မော့လောင်တက သူ့အားနှုတ်ဆက်လာသည့် ဟေးအာပန်နှင့်လုရှောင်ဟွမ်ကို ခေါင်းညိတ်ပြရုံသာ ပြန်လည်တုံ့ပြန်ပြီး ယင်ရှောင်ရှောင်းဆီသို့ အကြည့်ပြန်ရောက်သွားသည်။ မော့လောင်တက သူတို့သူငယ်ချင်းကောင်းလေး၏ အနာဂတ်လက်တွဲဖော် ဖြစ်နေသည့်တိုင် ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ နှစ်ကောင်သား စကားတစ်ခွန်းမှ မဟရဲကြပေ။ သူတို့ရှေ့ရှိမြွေက မျိုးနွယ်စုခေါင်းဆောင်မဟုတ်လား။ စကားဖောင်ဖွဲ့ဖို့ နေနေသာသာ စေ့စေ့ပင်မကြည့်ရဲကြ။
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူမှာ မော့လောင်တပင်ဖြစ်သည်။
"အဟမ်း...မင်းတို့နှစ်ကောင်မှာ... ကလေးတွေ အများကြီးရှိတာပဲ"
ဟေးအာပန်: "......."
လုရှောင်ဟွမ်: "........"
မော့လောင်တ၏လေသံက မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။
အာ... သူနဲ့ရှောင်ရှောင်းလည်း... အနာဂတ်မှာ ဒီလိုကလေးအများကြီးသာရှိခဲ့ရင်... အရမ်းကောင်းမှာပဲ..
"ဟေး...မြွေပေါက်လေးတွေရေ...မင်္ဂလာပါနော်"
ယင်ရှောင်ရှောင်းက မြွေပေါက်လေးများကို နွေးထွေးစွာဖြင့် နှုတ်ဆက်သည်။
ယင်ရှောင်ရှောင်းကို မြင်သောအခါ မြွေပေါက်လေးများက တစ်ပြိုင်နက်တည်း အနောက်ဆုတ်သွားကြသည်။
"ဘာလဲဟ... ငါ့ပုံစံက ကြောက်စရာကောင်းနေလို့လား"။
ယင်ရှောင်ရှောင်းလည်း သူ့ကိုစိမ်းစိမ်းကားကားကြည့်နေသည့် မြွေပေါက်လေးများကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
"ဘယ်သူကြီးလဲဟင်"
မြွေပေါက်လေးတစ်ကောင်ဆီမှ ကလေးငယ်သံလေးထွက်လာသည်။ ယင်ရှောင်ရှောင်း အူယားလွန်း၍ တခစ်ခစ်ရယ်နေမိသည်။ ဟေးအာပန်ရဲ့သား ပီသပါပေတယ်။ လက်တောက်လောက်အရွယ်လေးနှင့် သူ့အဖေဟေးအာပန်လို လေသံကအစ ဆွဲဆောင်မှုအပြည့်ရှိနေသည်။
"ဦးကသားတို့ရဲ့ မွေးစားပါပါးလေ...ဒီကိုလာကြပါဦး.."
သူ့စကားကြောင့် မြွေပေါက်လေးများက ဇဝေဇဝါဖြစ်သွားပြီး တစ်ကောင်မျက်နှာတစ်ကောင် ကြည့်လိုက်ကြသည်။ မွေးစားပါပါးဆိုတာ...ဘာကြီးလဲ။
"ယင်ရှောင်ရှောင်း... မင်းဘာတွေလုပ်နေတာလဲ... ငါကမှ သူတို့ရဲ့ပါပါးပါနော်... ဘာတွေလျှောက်ပြောနေတာလဲ"
လုရှောင်ဟွမ်က သူတို့အနားသို့ ကမူးရှူးထိုးနှင့်ရောက်လာသည်။
"အေးပါ... ကျွန်တော်လည်းဘာပြောနေလို့လဲ... မွေးစားပါပါးလို့ပဲပြောတာလေ.. တကယ့်ပါပါးအရင်းလို့ ပြောမိလို့လား... ကျွန်တော်က မင်းနဲ့အရမ်းရင်းနှီးတော့... ကလေးတွေနဲ့ ရင်းနှီးပြီး သူတို့ကို ကျွန်တော့်ရဲ့ သွေးသားရင်းချာလိုမျိုး ဂရုစိုက်လို့ရအောင် မွေးစားပါပါးလို့ ခေါ်ခိုင်းတာလေ... ဘာလဲ... အဲဒါလေးတောင် မရဘူးလား"
ကပ်ကပ်လန်အောင် ပြန်ပြောနေသည့် ယင်ရှောင်ရှောင်းအား လုရှောင်ဟွမ် မသင်္ကာသလိုကြည့်လာသည်။ ထို့နောက်သက်ပြင်းချရင်း မြွေပေါက်လေးများဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ဟုတ်ပြီ...ကလေးတို့ရေ...ဒီယင်ရှောင်ရှောင်းဆိုတဲ့မြွေက...ကလေးတို့ရဲ့မွေးစားပါပါးပဲ"
သူတို့ပါပါးကိုယ်တိုင် ပြောလာသောကြောင့် ကလေးများက ယင်ရှောင်ရှောင်း၏ စကားကို ယုံသွားကြသည်။ မွေးစားပါပါးဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို သူတို့သေချာ နားမလည်သော်ငြားလည်း ပါပါးနောက်တစ်ကောင် ထပ်ရလာခြင်းက သူတို့အတွက် ဆုံးရှုံးစရာမရှိနိုင်ပေ။
"အားလု... သူတို့နာမည်လေးတွေက ဘာတဲ့လဲ"
ရှောင်ရှောင်းလည်း ကလေးများနှင့်ကစားနေရင်း မေးလိုက်သည်။
လုရှောင်ဟွမ်က မြွေပေါက်တစ်ကောင်ချင်းစီကို အမြီးဖြင့်ထိုးပြပြီး နာမည်များပြောလာသည်။
"အကြီးဆုံးလေးက လုယိဟေး... ဒုတိယအကြီးဆုံးက လုအာဟေး... အလတ်က လုစန်းဟေး.. လေးကောင်မြောက်က လုစစ်ဟေးနဲ့ အငယ်ဆုံးလေးက ဟေးရှောင်လု"
ဟေးအာပန်နှင့်လုရှောင်ဟွမ်တို့၏ ပထမကလေးလေးကောင်မှာ သာမာန်မြွေပေါက်လေးများဖြစ်သည်။ သို့သော် အငယ်ဆုံးလေးကမူ အခြားမြွေပေါက်လေးများထက် တစ်မူထူးခြားပြီး တစ်ကိုယ်လုံးနက်စွေးကာ အစိမ်းရောင် အစက်အပြောက်လေးများ ပါရှိသည်။
လုရှောင်ဟွမ်က အများနှင့်မတူ ထူးဆန်းနေသည့် သူ့သားအငယ်ဆုံးလေးကို စိုးရိမ်ပူပန်နေပုံရသည်။ ယင်ရှောင်ရှောင်းလည်း မကြည့်ရက်သောကြောင့် အတတ်နိုင်ဆုံး နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... အချိန်တန်ရင် သူ့ဘာသာသူ အဆင်ပြေသွားမှာ"
.......
ရက်အနည်းငယ်ကြာသောအခါ ယင်ရှောင်ရှောင်း၏မိသားစုဝင်များမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ခွာသွားကြတော့သည်။
ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ မပြန်မီတွင် ယင်တပိုင်က မော့လောင်တကို သီးသန့်ခေါ်တွေ့ပြီး စကားပြောခဲ့သေးသည်။
အိမ်အပြန်လမ်းတွင် ယင်ရှောင်ရှောင်းလည်း သိချင်စိတ်လွန်ကဲမှုကြောင့် မနေနိုင်တော့ဘဲ မေးလိုက်သည်။
"တဟေးတန်... ဖေဖေက ဘာခေါ်ပြောတာလဲဟင်"
သို့သော်မော့လောင်တက သူ့အမေးကိုခွန်းတုံ့မပြန်ပဲ ပြုံးရုံသာပြုံးနေသည်။
အိမ်ပြန်ရောက်သွားချိန်တွင် သူတို့ပြန်အလာကို ဘယ်တည်းက စောင့်နေမှန်းမသိသော မော့တာယိကို တွေ့လိုက်ရသည်။ သူ့ပုံစံက အတော်လေး စိတ်လှုပ်ရှားနေပုံလည်း ပေါ်သည်။ မော့လောင်တကို တွေ့သောအခါ ဝမ်းသာအားရနှင့် ဘေးနားသို့ အလောတကြီးရောက်လာပြီး ပြောလာသည်။
"လောင်တ... အပြင်ဘက်မှာ လှည့်လည်သွားနေတဲ့ မော့မြွေတစ်ကောင်က... ငါတို့ကို လာပြောသွားတယ်... အကာအရံစည်းနဲ့နီးတဲ့ တောင်အနားမှာ ထူးဆန်းတာတစ်ခုခု ဖြစ်နေပြီတဲ့"