အပိုင်း ၇၃
Viewers 13k

🐍Chapter 73




တရုတ်နိုင်ငံက ယနေ့အထိ တည်ရှိနေသေးသည့် လူမှုအဖွဲ့အစည်း၏ ခေတ်မီအတိုးတက်နိုင်ဆုံး ရှေးဟောင်းနိုင်ငံကြီး လေးနိုင်ငံအနက် တစ်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက်လုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည့် တိုင်းပြည်ဖြစ်သည်။ ထို့အပြင် အလွန့်အလွန် အသေးစိတ်ကျသော သမိုင်းများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ တစ်ပြိုင်နက်တည်းတွင် တရုတ်နိုင်ငံ၏ တိုင်းရေးပြည်ရေးက အခြားနိုင်ငံများထက် သာလွန်ကြောင်း သိနိုင်သည်။ သို့သော် ထိုအရာအားလုံးက ၁၈၄၀ ဘိန်းစစ်ပွဲအပြီးတွင် ပြောင်းလဲသွားခဲ့သည်။

လောဘသားကောင်တို့က သူတို့၏အာဏာစက်ကို ထိန်းသိမ်းနိုင်ရန် တိုင်းပြည်ကို တစ်ပါးသူလက်ထဲ ရောင်းစားဖို့အထိ ကြံစည်ခဲ့ကြသည်။ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် တော်လှန်ပုန်ကန်မှုနှင့် ထကြွသပိတ်မှောက်မှုများ တိုင်းပြည်အနှံ့ ပေါ်ထွက်လာသည်။

လူနည်းစုက ပိုမိုကောင်းမွန်သည့် အနာဂတ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ရန်အတွက် မတရားသဖြင့်ပြုမူသည့် အာဏာရှင်များကို တော်လှန်ပုန်ကန်နေကြသော်ငြားလည်း လူများစုကမူ အာဏာရှင်များကို ဆန့်ကျင်ပြီး မိမိတို့အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည်ရန် သတ္တိမရှိကြသောကြောင့် လွန်ဆွဲနေသည့် ဘက်နှစ်ဘက်ကြားတွင် ခက်ခဲပင်ပန်းစွာ ရှင်သန်နေထိုင်ခဲ့ကြရသည်။ ထိုခေတ်ထိုအခါက လူတို့အတွက် အသက်ရှင်ရခြင်းက ငရဲတမျှ ပင်ပန်းခက်ခဲသော်လည်း လူအတော်များများက ဘဝကြီးကို လက်မြှောက်အရှုံးပေးလိုက်ဖို့ထက် အသက်ရှင်ရန်အတွက် ကောက်ရိုးတစ်မျှင်လေးဖြစ်ဖြစ် ဆွဲကိုင်ထားဖို့ကို ရွေးချယ်ခဲ့ကြသည်။

သို့သော် သူတို့မျှော်လင့်စိတ်ကူးခဲ့သည့် ကောင်းမွန်တောက်ပသော အနာဂတ်နေ့ရက်များက အလွယ်တကူ ရောက်မလာခဲ့ပေ။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကုန်ဆုံးသွားသည့်တိုင် အနာဂတ်ရောင်ခြည်ကို နည်းနည်းလေးတောင် မြင်တွေ့ခွင့်မရသေးပေ။ ဆက်ပြီးအားမလျှော့တမ်း တော်လှန်နေကြသူများပင်လျှင် မျှော်လင့်ချက်ပျက်သုဥ်းကာ လက်မှိုင်ချကုန်ကြသည်။ မြေကြီးထဲမြှုပ်နှံခံရသူများလည်း စိတ်ဖြောင့်ဖြောင့်နှင့် နောင်တမလွန်ကို မကူးနိုင်တော့ချေ။

ထိုကာလတွင် အုတ်ဂူများကို ဓားပြတိုက်သည့် အလေ့အထက တဖြေးဖြေးများ ပြားလာခဲ့သည်။ တရုတ်ပြည်တွင် ဂူသင်္ချိုင်းများကို ဖောက်ထွင်းဓားပြတိုက်ခြင်းက ပြစ်မှုမြောက်ပြီး ဘာသာတရားများတွင်လည်း အပြစ်စီရင်ခံရမည်ဖြစ်ကြောင်း ပြင်းထန်စွာ ပိတ်ပင်တားမြစ်ထားသော်ငြား သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်နေရပြီး မျှော်လင့်ချက်ပျက်သုဥ်းနေသူတို့အဖို့ ထိုကန့်သတ်ချက်များကို စိုးစဥ်းမျှ မသိမမြင်နိုင်တော့ပဲ လက်လှမ်းမီရာမှန်သမျှ လုပ်ကြတော့သည်။

တကယ်တမ်းတွင် ဂူသင်္ချိုင်းဖောက်ထွင်းဓားပြတိုက်ခြင်းက တရုတ်ပြည်တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသော အရာတစ်ခုဖြစ်သည်။ ထိုခေတ်အချိန်အခါမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဇာတ်ကြောင်းပြန်ရာတွင် အချိတ်အဆက်မိစေရန် ဂူသင်္ချိုင်းဖောက်ထွင်းခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြရုံသာဖြစ်သည်။

အစပိုင်းတွင် ဂူဖောက်ထွင်းသူများက ၎င်းတို့မသက်ရှင်နေထိုင်ရန်အတွက် လိုအပ်သည့်အရာများကိုသာ ဖောက်ထွင်းယူသွားကြသည်။ သို့သော် နောက်ပိုင်းတွင် လူတို့၏ အတောမသတ်နိုင်သော လောဘကြောင့် အသက်ရှင်နေထိုင်ရန် အခြေခံလိုအပ်သောအရာများထက် အဖိုးတန်စည်းစိမ်ဥစ္စာများကို မျက်စိကျလာကြသည်။ တစ်ခုရပြီးလျှင် ပိုပိုပြီးလိုချင်လာကြသည်မှာ လူ့သဘောသဘာဝပင်ဖြစ်သည်။ ထိုအချိန်မှစ၍ ဂုဏ်သတင်းကြီးမားပြီး ကြွယ်ဝချမ်းသာခဲ့သူတို့၏ အုတ်ဂူများကို ပစ်မှတ်ထားကာ ဖောက်ထွင်းဓားပြတိုက်လာကြသည်။

နှစ်ဆယ်ရာစုအစပိုင်းတွင် တရုတ်ပြည်တွင်းတော်လှန်ရေးကြီးက ရပ်တန့်တားဆီးလို့မရနိုင်အောင်ဖြစ်လာခဲ့သည်။ နှစ်အနည်းငယ်အကြာတွင် ဂူသင်္ချိုင်းဖောက်ထွင်းသူများကို သွေးရူးတန်းရူးဖြစ်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းမှာ တရုတ်ပြည်အတွင်းရှိ နယ်မြေတစ်ခုတွင် တောင်လိုပုံနေသည့် ရွှေငွေနှင့် အဖိုးတန် ကျောက်မျက်ရတနာများဖြင့် ပြည့်နေသော ကျိုးမင်းဆက်၏ ဂူသင်္ချိုင်းတစ်ခုရှိသတဲ့။ ထို့အပြင် ထိုဂူပေါက်ဝတွင် မသေမျိုးဖြစ်စေနိုင်သည့် ပစ္စည်းတစ်ခုရှိသည် ဟူ၍ဖြစ်သည်။

ထိုသတင်းအချက်အလက်က မပြည့်စုံသောကြောင့် ဂူသင်္ချိုင်းဖောက်ထွင်းသူများအားလုံးကို ခေါင်းစားစရာဖြစ်စေခဲ့သည်။ သို့သော်တစ်ယောက်မှ လက်မလျှော့ခဲ့ကြပေ။ ရွှေငွေရတနာများထက် "ထာဝရအသက်နှင့်မသေမျိုး" ဟူသည့်စကားလုံးက သူတို့ကို သွေးဆောင်ဖြားယောင်းနေခြင်းဖြစ်သည်။ ကျိုးမင်းဆက်၏ ဂူသင်္ချိုင်းဟောင်းက မည်သည့်နေရာတွင်ရှိမှန်း မသဲကွဲသော်လည်း အချိန်ဘယ်လောက်ကြာကြာ ဆက်ရှာဖွေနေကြဆဲပင်။

သို့သော်ကံမကောင်းစွာဖြင့် ကျိုးမင်းဆက်၏ ဂူသင်္ချိုင်းဟောင်းကို နှစ်ပေါင်းများစွာရှာဖွေခဲ့ကြသော်လည်း ဘာသတင်းအစအနမှ မတွေ့ရသောကြောင့် ဖောက်ထွင်းသူအတော်များများလည်း လက်လျှော့ကုန်ကြသည်။ လူနည်းစုကမူ ဆက်လက်ရှာဖွေကြသည်။ နောက်ပိုင်းတွင် ထိုအကြောင်းက လူအများကြားတွင် မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားလေသည်။

လွန်ခဲ့သောနှစ်များတွင် ကျိုးမင်းဆက်၏ဂူသင်္ချိုင်းဟောင်းနှင့် ပတ်သက်သော သတင်းတစ်ရပ်က ဘယ်ကနေမှန်းမသိ တစ်စတစ်စ ကြီးထွားပေါ်ထွက်လာပြန်သည်။ နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် နာမည်ကျော်သင်္ချိုင်းဖောက်ထွင်းသူတစ်ဦးက ကျိုးမင်းဆက်၏ဂူသင်္ချိုင်းမှာ တရုတ်ပြည်အနောက်မြောက်ပိုင်း တစ်နေရာတွင် တည်ရှိသည်ဟုဆိုလာပြီး ထိုသတင်းမှာ တိုင်းပြည်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။ ထိုအချိန်မှစ၍ ဂူသင်္ချိုင်းဖောက်ထွင်းခြင်းက တစ်ဖန်ပြန်လည် ခေတ်စားလာခဲ့သလို တရုတ်ပြည်ကြီး၏ အနောက်မြောက်ပိုင်းတွင် ဖောက်ထွင်းသူများ စုပြုံများပြားလာခဲ့သည်။

တိကျသော သတင်းအချက်အလက်နှင့် တည်နေရာကြောင့် ဂူသင်္ချိုင်းကို ရှာတွေ့နိုင်ချေက မြင့်မားသည်။ နှစ်အနည်းငယ်ကြာသောအခါ ဖောက်ထွင်းသူတစ်စုက ထိုဒဏ္ဍာရီလာဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထို့နောက် သူတို့အချင်းချင်း အချိန်နေရာများကို ချိန်းချက်ကာ ဂူဖောက်ခြင်းလုပ်ငန်းစဥ်ကို စတင်ကြ၏။ အခြားဖောက်ထွင်းသူများက နှောင့်မယှက်ရလေအောင် သတင်းအမှားများ လိုက်ဖြန့်သည်။ ဂူသင်္ချိုင်းထဲတွင် များပြားလှသော ပစ္စည်းဥစ္စများရှိနေသည့်အတွက် ဖောက်ထွင်းသူအရေအတွက်နည်းလေလေ ဝေစုများများ ရနိုင်လေလေ ဖြစ်သည်။

အရာအားလုံးကို စနစ်တကျစီစဥ်ပြီးနောက် ထိုဖောက်ထွင်းသူအုပ်စုလည်း စိတ်လှုပ်ရှားစွာဖြင့် ဒဏ္ဍာရီလာကျိုးမင်းဆက်၏ ဂူသင်္ချိုင်းဟောင်းထဲသို့ သတိတကြီးဝင်သွားကြတော့သည်။

ဂူသင်္ချိုင်းထဲသို့ လူပေါင်းဒါဇင်နှင့်ချီပြီး ဝင်သွားကြသော်လည်း လူတစ်ယောက်သာ ထွက်လာနိုင်ခဲ့သည်။ ထိုလူကလည်း စိတ်လွတ်ကာရူးသွားခဲ့သည်။ အမြဲတမ်းလိုလို "မြွေတွေရှိတယ်...မြွေတွေအများကြီး" ဟူ၍ အော်နေတတ်သည်။

ထိုနောက်ပိုင်းတွင် အခြားဖောက်ထွင်းသူအတော်များများက ထိုဂူသင်္ချိုင်းဟောင်းထဲသို့ ဝင်ခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ကြပေ။ အချိန်တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဖောက်ထွင်းသူများလည်း အသက်ကိုစွန့်စားကာ ဂူသင်္ချိုင်းထဲသို့ မဝင်ရဲကြတော့ပေ။ ထိုသို့နှင့် ကျိုးမင်းဆက်၏သင်္ချိုင်းဂူကို "မြွေသင်္ချိုင်း" ဟုခေါ်ဝေါ်သမုတ်ခဲ့ကြသည်။

"အဲဒီအကြောင်းကို ကြားရဖန်များလာတော့... တကယ့်အမှန်တရားလား... ချဲ့ကားပြီးပြောနေတာလားဆိုတာ... တကယ်ပဲမသိတော့ဘူး"

ကျိုးဖုန်းက လှောင်ပြောင်သရော်ကာ ပြောလာသည်။

ဖုန်းယွင်က သူ့မျက်မှန်ကိုင်းကို နှာတံစင်းစင်းပေါ်သို့ တွန်းတင်လိုက်ရင်း ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"အင်း...တကယ်ပဲဖြစ်ဖြစ်...ချဲ့ကားပြီးပြောနေတာပဲဖြစ်ဖြစ်...မင်းမသွားချင်ရင်မသွားနဲ့ပေါ့"

"အဲဒါက..."

ကျိုးဖုန်းတစ်ယောက် အနည်းငယ်တုံ့ဆိုင်းသွားသည်။

"စဥ်းစားကြည့်ရုံလေးပါ...အရင်အပတ်လောက်တုန်းကမှ ဂူသင်္ချိုင်းဟောင်းတစ်ခုကနေ... ငါပြန်လာတယ်ဆိုတာ မင်းသိတယ်မလား... အဲဒီကိစ္စတွေကိုတောင် မရှင်းရသေးဘူး... နောက်ဂူသင်္ချိုင်းတစ်ခုဆီသွားဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်"

"အဲဒီလိုလား..."။

ဖုန်းယွင်က ထိုင်နေရာမှ မတ်တပ်ထရပ်သည်။

"သေသေချာချာ ပြန်ပြီးစဥ်းစားကြည့်ပါဦး.. နောက်တစ်လကျရင် ငါတို့ ယွီလင်းမှာ စုကြမှာ... တကယ်လို့ မင်းလာဖို့ဆန္ဒရှိတယ်ဆိုရင်... ငါ့ကိုအဲဒီမှာလာတွေ့ပါ"

ကျိုးဖုန်းလည်း ခေါင်းညိတ်လိုက်မိသည်။

"ကျိုးဖုန်း...ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနော်... ကျိုးမင်းဆက်ရဲ့ အုတ်ဂူဟောင်းကို မြင်ဖူးတဲ့လူ များများစားစားမရှိဘူး... ဒီတစ်ခေါက်မှ လိုက်မသွားဖြစ်ရင်... နောက်ကျ မမြင်လိုက်ရလို့ နောင်တရနေမှာ မဟုတ်ဘူးလား"

ဖုန်းယွင်က ထိုသို့ပြောပြီး ကားအနက်ရောင်လေးထဲဝင်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ကျိုးဖုန်းလည်း ပျောက်ကွယ်သွားသည့် ကားလေးကိုကြည့်ပြီး အတွေးနယ်ချဲ့နေမိသည်။ ထိုမြွေသင်္ချိုင်းကြီးက ဂူသင်္ချိုင်းဖောက်ထွင်းသူများအကြား လျှို့ဝှက်ဆန်းကြယ်သည့် အရာတစ်ခုလို ဖြစ်နေသည်။ သို့သော်ကြောက်ရွံ့မှုက သူတို့ကိုထိန်းချုပ်ထားသည်။ ထို့ကြောင့် မဆင်မခြင်ပဲ မည်သူမှ လက်လွတ်စပယ် ဝင်မသွားရဲကြပေ။

ထို့အပြင် ကျိုးဖုန်းအနေနှင့် "မြွေသင်္ချိုင်း" နှင့်ပတ်သတ်ပြီး ထဲထဲဝင်ဝင်မသိပေ။ သို့သော် အတွေ့အကြုံရှိသူများထံမှ ထိုသင်္ချိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ချို့ကို နားစွန်နားဖျား ကြားဖူးခဲ့သည်။ အဖွဲ့လိုက်ကြီး ဝင်သွားကြသော်လည်း လူတစ်ယောက်လောက်သာ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့သည်။ ထိုလွတ်မြောက်လာသူကလည်း နောက်ပိုင်းတွင် ဆိုးဆိုးဝါးဝါး ရူးသွပ်သွားခဲ့သည်။ ထိုအရူးမှာ ကျိုးမိသားစုဝင်တစ်ယောက်ပင်ဖြစ်သည်။ ကျိုးမိသားစုက ထိုအရူးဆီမှ ဂူသင်္ချိုင်းနှင့်ပတ်သတ်ပြီး တစ်ခုခုသိရလိုသိရငြား မျှော်လင့်ချက်ဖြင့် ပြုစုစောင့်ရှောက်ခဲ့သည်။

ကျိုးဖုန်းအတွက် ထိုအရူးပြောပြောနေသည့် မြွေဆိုသောအကောင်များက ကြောက်စရာမဟုတ်ပေ။ သူတတ်ကျွမ်းထားသည့် အဆင့်မြင့်နည်းပညာများနှင့်ဆိုလျှင် ဘယ်လောက်အဆိပ်ပြင်းသည့် မြွေကြီးပဲဖြစ်နေပါစေ စိုးရိမ်စရာမရှိပေ။သို့သော် သူစိတ်ပူနေမိသော ကိစ္စတစ်ခုရှိသည်။ ဖခင်ဖြစ်သူမကွယ်လွန်မီက သူ့အားပြောသွားခဲ့သော စကားတစ်ခွန်းကြောင့်ဖြစ်သည်။

"ကျိုးဖုန်း...အနာဂတ်မှာ...ဘယ်လိုအခြေအနေမျိုးနဲ့ပဲကြုံလာကြုံလာ...အဲဒီမြွေသင်္ချိုင်းထဲဘယ်တော့မှမဝင်မိပါစေနဲ့"

ထိုအချိန်တွင် ကျိုးဖုန်းက အသက်ငယ်ရွယ်သေးသောကြောင့် ဖခင်ဖြစ်သူပြောခဲ့သော စကားလုံးများကို နားမလည်ခဲ့ပေ။

သင်္ချိုင်းဂူမှ လွတ်မြောက်လာခဲ့ပြီး ရူးသွားသည့်လူကို ကျိုးအိမ်တော်သို့ ပြန်ခေါ်လာခဲ့ချိန်တွင် ကျိုးဖုန်း၏ဖခင်က အသက်တစ်ဆယ့်နှစ်နှစ်အရွယ်မျှသာ ရှိသေးသည်။ ဆယ့်နှစ်နှစ်ဆိုသည့်အရွယ်က ကလေးသဘာဝ ပျော်ပျော်နေတတ်သော အရွယ်ဖြစ်သည်။ တစ်ညတွင် ကျိုးဖုန်း၏ဖခင်က အရူးအား လှောင်ပိတ်ထားသည့်နေရာသို့ တိတ်တဆိတ်ခိုးထွက်ခဲ့သည်။ ထိုအရူးက ကျိုးဖုန်းဖခင်၏ ယောက်ဖဖြစ်ပြီး အလိုလိုက်ချစ်ခင်ပေးသူဖြစ်သောကြောင့် ကလေးပီပီ တစ်ခါလောက်တော့ သွားတွေ့လိုခဲ့ခြင်းဖြစ်သည်။ ယောက်ဖဖြစ်သူကို တွေ့လိုက်ရချိန်တွင် ပျော်ရွှင်သွားရသလို တစ်ပြိုင်နက်တည်းတွင် တစ်စုံတစ်ခုလွဲမှားနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ယောက်ဖက သူ့ပုခုံးကိုတစ်ရကြမ်းဆွဲကိုင်ပြီး တစ်တွတ်တွတ်ရေရွတ်ပြောဆိုသည်။

"အဲဒီဂူသင်္ချိုင်းထဲမှာ မြွေတွေရှိတယ်...အဲဒီမြွေတွေက မကောင်းဆိုးဝါးတွေ...ငါတို့ဂူဖောင်ထွင်းမယ်ဆိုတာ သူတို့ကြိုသိနေတယ်...ပြီးတော့သူတို့က...ငါတို့ပြောတဲ့စကားကိုလည်း နားလည်တယ် လူတွေလိုလည်း စကားပြောနိုင်တယ်"

နောက်ပိုင်းတွင် ကျိုးဖုန်း၏ဖခင်က အရွယ်ရောက်လာပြီး မိသားစု၏လုပ်ငန်းများကို တစ်ပိုင်းတစ်စ ဦးစီးဦးဆောင်လုပ်ကိုင်ရချိန်တွင် ယောက်ဖဖြစ်သူ၏ စကားလုံးများကို နားလည်လာခဲ့သည်။ ထိုအခါမှ မြွေသင်္ချိုင်းက ဘယ်လောက်ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းမှန်း သူတဖြေးဖြေး သဘောပေါက်သွားသည်။

"မြွေတွေက...လူတွေလိုစကားပြောနိုင်တယ်တဲ့လား...အဟွန်း...ဟာသပဲ"

ကျိုးဖုန်းတစ်ယောက် အတွေးနယ်ပယ်ထဲမှ ရုန်းထွက်လိုက်ကာ ပိုက်ဆံရှင်းပြီး လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာလိုက်သည်။