အပိုင်း ၇၄
Viewers 13k

Chapter 74




ကျိုးဖုန်းထွက်သွားပြီးနောက် တစ်ဖက်သီးသန့်အခန်းဆီမှ တံခါးပွင့်လာပြီး လူငယ်တစ်ယောက် ထွက်လာသည်။ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ထိုလူငယ်က တစ်ကိုယ်လုံးနက်ဆွေးနေအောင် ဝတ်စားဆင်ယင်ထားသည်။ ထွက်ခွာသွားသည့် ကျိုးဖုန်းကိုကြည့်ကာ သူ့ကိုယ်သူရေရွတ်နေသည်။

"အဲဒါဆိုရင်...သတင်းကပြန့်နေပြီးသားပေါ့"

တစ်လခန့်မျှကြာပြီးနောက် ယွီလင်းမြို့၏ ဘူတာရုံတစ်ခုတွင်....

သူ့ရှေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော ကျိုးဖုန်းကိုကြည့်ပြီး ဖုန်းယွင်ပြုံးလိုက်မိသည်။

"ကြည့်ရတာ...သေသေချာချာပြန်စဥ်းစားသုံးသပ်ပြီး...ရောက်လာခဲ့ပုံပဲ"

"ဒါပေါ့...ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စကိုကျွန်တော်လည်းဘယ်လက်လွှတ်ခံပါ့မလဲ"

ကျိုးဖုန်းက ပြုံးရင်းပြန်ဖြေသည်။

"အိမ်း...ခင်ဗျားနဲ့ဆိုရင်ကျွန်တော်တို့အဖွဲ့ကစုစုပေါင်းလူဆယ့်နှစ်ယောက်ဖြစ်သွားပြီ...အတူတူစုပြီးသွားရင်သံသယဖြစ်စရာကောင်းနိုင်တာမလို့...ကျန်တဲ့အဖွဲ့သားတွေနဲ့ကရှင်းကျန်းမှာပဲဆုံဖို့စီစဥ်လိုက်တယ်...ကျွန်တော်ရယ်ခင်ဗျားရယ်...ပြီးတော့ကျားလန်ရယ်ကယွီလင်းကနေထွက်ပြီးအတူတူသွားကြမယ်...ဟော..ပြောရင်းဆိုရင်းနဲ့ဟိုမှာကျားလန်ရောက်လာပြီ"။

ဖုန်းယွင်က ကျိုးဖုန်းအားခရီးစဥ်အကြောင်းကို ရှင်းပြလိုက်သည်။ ကျားလန်ဆိုသည်မှာ ဂူသင်္ချိုင်းဖောက်ထွင်းသူ အဖွဲ့အစည်း၏ ခေါင်းဆောင်ဆက်ခံမည့်သူကို ခေါ်ဆိုခြင်းဖြစ်သည်။

ဖုန်းယွင်ညွှန်ပြသည့်နေရာသို့ ကျိုးဖုန်းအကြည့်ရောက်မိရာ ခန္ဓာပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ အဖွဲ့အစည်းခေါင်းဆောင်ဆက်ခံသူဖြစ်သည့်အတွက် ကျိုးဖုန်း၏ စိတ်ကူးထဲရှိ ကျားလန်ဆိုသူ၏ပုံစံမှာ အသက်ကြီးကြီး ရုပ်ရင့်ရင့်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်စည်။ သို့သော် အထင်အမြင်နှင့် တကယ့်လက်တွေ့က အတော့်ကိုကွဲလွဲသည်။ ထိုသူ၏ ခြေလှမ်းတစ်လှမ်းတိုင်းက လူငယ်တို့၏ နုနယ်ပျိုမျစ်သော အားမာန်အပြည့်ဖြင့် တက်ကြွနေပြီး မျက်နှာထက်တွင်လည်း ထီမထင်သော အေးစက်စက်အမူအရာကို ချိတ်ဆွဲထားသည်။ ရုတ်တရက်ဆိုသလို ကျိုးဖုန်းနှင့်ထိုသူတို့ အကြည့်ချင်းဆုံသွားမိရာ အေးစက်ပြီးစူးရှနေသည့် မျက်ဝန်းတစ်စုံကြောင့် ကျိုးဖုန်းတစ်ယောက် ကျောချမ်းသွားရသည်။

"ကဲ...နှစ်ယောက်သားကိုမိတ်ဆက်ပေးရဦးမယ်...ကျိုးဖုန်းရေ...သူကတော့ချီမိသားစုရဲ့အမွေဆက်ခံမဲ့သူပေါ့...ချီကျောက်လို့ခေါ်တယ်...ဂူသင်္ချိုင်းဖောက်ထွင်းရေးအသိုင်းအဝိုင်းထဲမှာတော့အတော်လေးနာမည်ကြီးတယ်လေ"

ချီကျောက်က ခေါင်းညိတ်ရုံသာ ပြန်လည်တုံ့ပြန်ပြီး ကျိုးဖုန်းကို စကားတစ်ခွန်းမျှပြန်မပြောချေ။ တစ်ချိန်လုံးသူ့ကို စိုက်ကြည့်နေသည့် ကျိုးဖုန်းကြောင့် အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ ဖုန်းယွင်ဘက်သို့ လှည့်သွားကာ ခပ်အေးအေးပြောလာသည်။

"ရှင်းကျန်းမှာတစ်ချို့အဖွဲ့သားတွေရောက်နှင့်နေပြီတဲ့...အချိန်မဆွဲပဲမြန်မြန်သွားကြရအောင်"

ရှင်းကျန်းမြို့က တရုတ်ပြည်ကြီး၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး တရုတ်၏ အကြီးဆုံးသဲကန္တရရှိသော နေရာတစ်ခုလည်းဖြစ်သည်။ အတွင်းသတင်းများအရ မြွေဂူသင်္ချိုင်းက သဲကန္တာရ၏ ဗဟိုချက်အောက်တွင်တည်ရှိပြီး လပြက္ခဒိန်တစ်ဆယ့်ငါးရက်နေ့ရောက်တိုင်း တစ်လတစ်ခါ ပေါ်ထွက်လာတတ်သည်ဟု သိရသည်။

ရှင်းကျန်းမြို့၏ စီးပွားရေးက ချွတ်ခြုံကျနေပြီး လမ်းပန်းဆက်သွယ်ရေးကလည်း သိပ်မတိုးတက်ချေ။ ကျိုးဖုန်းနှင့်ဖောက်ထွင်းရေးအဖွဲ့သားများအားလုံး ရှင်းကျန်းမြို့သို့ ရောက်သွားချိန်တွင် လပြက္ခဒိန်၏ ဆယ်ရက်စွန်းစွန်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သူတို့မမျှော်လင့်ထားသည်က အခြားဂူဖောက်ထွင်းရေးအဖွဲ့များလည်း ဤနေရာသို့ရောက်လာခြင်းဖြစ်သည်။

"အဲဒီဂူသင်္ချိုင်းဖောက်ထွင်းရေးအဖွဲ့တွေကလည်း...မြွေသင်္ချိုင်းထဲကိုဝင်မှာတဲ့လား"

ကျိုးဖုန်းက ဖုန်းယွင်အား အသံတိုးတိုးဖြင့်မေးလိုက်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက...လွီသခင်ကြီးနဲ့ဝမ်သခင်ကြီးတို့က...ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတော့...အဲဒီလူတွေကိုတားနိုင်တဲ့သူဘယ်သူမှမရှိတော့ဘူးလေ...အခွင့်အရေးရတုန်းဒီကိုအမိအရလာကြတာပေါ့...လူငယ်တွေဆိုတော့အကြောက်တရားလည်းမရှိဘူး"

ဖုန်းယွင်က အခြားဖောက်ထွင်းသူအုပ်စုများကို လှမ်းကြည့်ရင်းပြောလာသည်။

ထိုစကားအဆုံး ကျိုးဖုန်း၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများက တစ်စွန်းတစ်စ ဝင်ရောက်နေရာယူလာသည်။ "မြွေသင်္ချိုင်း" ထဲဝင်ရန် ဖုန်းယွင်၏ ဦးဆောင်မှုအောက်တွင် လိုက်လာခဲ့သော်လည်း သူ့ဆုံးဖြတ်ချက်က တကယ်ပဲ မှန်ကန်နေရဲ့လား။

ထိုစဥ်ချီကျောက်က သူတို့အနားသို့ ရောက်လာပြီး တည်ကြည်လေးနက်သောလေသံဖြင့် ပြောလာသည်။

"ဆယ့်ငါးရက်နေ့မတိုင်ခင်အထိပဲဆိုရင်...ကျွန်တော်တို့မှာအချိန်နည်းနည်းပဲကျန်တော့တယ်...မနက်ဖြန်အရုဏ်တက်ချိန်လောက်ကျရင်သဲကန္တာရထဲသွားကြရအောင်...လမ်းညွှန်ကိုဆက်သွယ်ပြီးသွားပြီလား"

"ဆက်သွယ်ပြီးသွားပါပြီ"

ဖုန်းယွင်ကခေါင်းညိမ့်ရင်းပြန်ဖြေသည်။

"အဲဒီလမ်းညွှန်က...သဲကန္တာရထဲမှာကျင်လည်ခဲ့ဖူးတဲ့...ဒေသခံသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါ"။

ချီကျောက်ကခေါင်းတစ်ချက်ညိမ့်ရင်း အဖွဲ့သားများဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကဲ...အဲဒါဆိုရင်...ဒီနေ့စောစောနားကြတော့.. မနက်ဖြန်မနက်နေမထွက်ခင်လောက်...စထွက်ကြမယ်"

နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် ချီကျောက်တို့အဖွဲ့သာမက အခြားဖောက်ထွင်းသူအဖွဲ့များကလည်း ကန္တာရထဲသို့ခြေချရန် ပြင်ဆင်နေကြသည်။ ရည်ရွယ်ချက်တူသူအချင်းချင်း တွေ့ကြသောအခါ တစ်ယောက်နှင့်တစ်ယောက် လှမ်းလှမ်းပြီး အကဲခတ်နေကြသည်။

သို့သော် ကန္တာရအတွင်းပိုင်းသို့ ရောက်သွားသောအခါ ကြမ်းတမ်းဆိုးဝါးလှသော နေအပူချိန်နှင့် ရာသီဥတုကြောင့် သူတို့အားလုံးမနေနိုင်တော့ပဲ ညည်းညူမိကြသည်။ အချိန်တစ်ခုကြာသောအခါ ကန္တာရ၏ဗဟိုချက်နှင့် အနီးဆုံးနေရာသို့ ကျိုးဖုန်းတို့အဖွဲ့အပါအဝင် ဖောက်ထွင်းသူအဖွဲ့စုစုပေါင်းရှစ်ဖွဲ့လောက်စုဝေးနေကြသည်။

ကျိုးဖုန်းတစ်ယောက် ခရီးစဥ်တစ်လျှောက်လုံး ချီကျောက်ကို တိတ်တဆိတ် လှမ်းကြည့်မိသည့်အကြိမ်ပေါင်းက မနည်းတော့ပေ။ ထိုသို့သူလှမ်းကြည့်မိသည့်အချိန်တိုင်း ချီကျောက်က အခြားဂူသင်္ချိုင်းဖောက်ထွင်းသူအဖွဲ့များကို သေလူများကဲ့သို့ အသက်မပါသည့်အကြည့်တို့ဖြင့် စိုက်ကြည့်နေတတ်သည်။ ထိုမှင်သေသေအကြည့်တို့ကြောင့် ကျိုးဖုန်းတစ်ယောက် မကြာခဏဆိုသလို ကြက်သီးတဖြန်းဖြန်းထသွားကာ ကြောက်စိတ်များဝင်လာရသည်။

လပြက္ခဒိန်အရ ယနေ့နေ့စွဲက တစ်ဆယ့်လေးရက်နေ့ဖြစ်သည်။

ကန္တာရတစ်ခုလုံးက တိတ်ဆိတ်ခြောက်သွေ့နေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ကောင်းကင်ပြင်ကြီးကလည်း ဟာလာဟင်းလင်းဖြစ်နေပြီး လေပြည်လေညင်းများပင်လျှင် ပူနွေးနေသည်။ လူအုပ်လိုက်ကြီးရောက်လာသော်လည်း မည်သူကမှ စကားတစ်ခွန်းမဟကြပေ။

ကျိုးဖုန်းတို့အဖွဲ့ထဲရှိ အဖွဲ့သားတော်တော်များများက လူငယ်များဖြစ်ကြသည်။ ထိုသူအချို့က ကျိုးဖုန်းနှင့် မစိမ်းလှသော်လည်း စကားဖောင်ဖွဲ့ပြီး လက်ဆုံကျနေရအောင် ရင်းနှီးသူများမဟုတ်ကြပေ။ ကျိုးဖုန်းနှင့် အရင်းနှီးဆုံးသူဆိုလို့ ဖုန်းယွင်တစ်ယောက်သာရှိသည်။

"မြွေသင်္ချိုင်းထဲဝင်ရင်...ချီကျောက်နောက်မှာပဲကပ်နေနော်...သူနဲ့ဝေးဝေးမသွားမိစေနဲ့"

သဲပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း ရေသောက်နေသည့် ကျိုးဖုန်းကို ဖုန်းယွင်က ရုတ်တရက်ပြောလာသည်။ ထိုစကား၏ အနက်အဓိပ္ပါယ်ကို သိပ်ပြီးနားမလည်လိုက်သောကြောင့် ပြန်မေးမည်အပြု ဖုန်းယွင်က တစ်နေရာသို့ ထသွားလိုက်သဖြင့် မေးခွင့်မရလိုက်ပေ။

ထိုနေ့ညတွင်သူတို့အားလုံး စိတ်ချလက်ချအနားယူကြပြီး နောက်တစ်နေ့မနက်နိုးလာသောအခါ အားလုံးကအားမာန်အပြည့်ဖြင့်တက်ကြွနေကြသည်။ ဂူသင်္ချိုင်းဖောက်ထွင်းသူအဖွဲ့ရှစ်ဖွဲ့၏ လူဦးရေမှာ စုစုပေါင်း တစ်ရာကျော်ခန့်ရှိရော့မည်။ တစ်ခဏအတွင်းတွင် သဲကန္တာရကြီးက သူတို့၏ ဆူဆူညံညံစကားသံများကြောင့် အသက်ဝင်လှုပ်ရှားလာသလိုပင်။ ချီကျောက်ကမူ ထုံးစံအတိုင်း သနားသည့်အရိပ်အယောင်များဖြင့် ငေးကြည့်နေသည်။

"မွန်းလွဲချိန်လောက်ကျရင်...ဂူသင်္ချိုင်းကဒီနေရာမှာပေါ်လာလိမ့်မယ်...အားလုံးပဲအသင့်ပြင်ထားကြ"

ချီကျောက်က လေးလေးနက်နက်ပြောလာသည်။ အဖွဲ့သားများအားလုံး၏ မျက်နှာထက်တွင်လည်း ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များ ပေါ်လွင်နေသည်။

ကျိုးဖုန်းကမူ သူတို့အားလုံးနှင့်ကွဲလွဲစွာ အဆမတန် စိတ်လှုပ်ရှားနေသည်။ တစ်ပြိုင်နက်တည်းတွင် ဖခင်ဖြစ်သူပြောခဲ့သော စကားလုံးများကို ပြန်လည်ကြားယောင်လာမိသည်။ သို့သော် ဒီအထိရောက်လာပြီးမှတော့ မထူးတော့သည့်အဆုံး အရဲစွန့်ရန်သာ ဆုံးဖြတ်လိုက်ရသည်။ သေလျှင်မြေကြီး...ရှင်လျှင်ရွှေထီးဆိုသလိုပေါ့။

မွန်းလွဲပိုင်းသို့ရောက်သောအခါ ချီကျောက်ပြောသည့်အတိုင်း သူတို့မျက်စိရှေ့ရှိသဲကန္တာရကြီးက တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။

ဟင်းလင်းပြင်ကြီးက သစ်ပင်ပန်းမန်များစွာဖြင့် အုံ့မိုးထားသော တောတောင်တန်းအသွင်သို့ ပြောင်းသွားသဖြင့် သူတို့အားလုံး မှင်တက်အံ့သြသွားကြသည်။ သို့သော် တောအုပ်ကြီးထဲသို့ ဝင်လိုက်သည်နှင့် အလွန်တရာပြင်းထန်လှသော အပူချိန်နှင့် ထိပ်တိုက်ရင်ဆိုင်ရပြန်သည်။

"အပူချိန်ကအရမ်းကြီးများနေတာမဟုတ်လား...ငါ့အထင်လေးဆယ်ဒီဂရီလောက်တော့အသာလေးကျော်တယ်"

အဖွဲ့သားတစ်ယောက်က ညီးညူလာသည်။

မြွေသင်္ချိုင်းဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ ဂူသင်္ချိုင်းထဲတွင် မြွေပေါင်းမြောက်မြားစွာ ရှိနေခြင်းဖြစ်သောကြောင့် သူတို့အားလုံး မြွေအဆိပ်ကာကွယ်သည့် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသော အဝတ်အစားများကို လုံခြုံစွာဝတ်ဆင်ထားကြသည်။ ဦးခေါင်းထက်တွင်လည်း ဓာတ်ငွေ့မျက်နှာဖုံးနှင့် အသွင်သဏ္ဍာန်တူသည့် ခေါင်းဆောင်းများကို ဆောင်းထားရသည်။ အပူဒဏ်ကိုမခံနိုင်သူအချို့က ထိုခေါင်းဆောင်းများကို ချွတ်ပစ်ကြသည်။ ထို့နောက် အဖွဲ့ရှစ်ဖွဲ့လုံးက ဦးတည်ချက်မတူသည့် နေရာအနှံ့အပြားသို့ ပြန့်ကြဲသွားကြသည်။

ကျိုးဖုန်းတို့အဖွဲ့က ချက်ချင်းရှေ့ဆက်မသွားကြသေးပေ။ သူတို့အားလုံးက ချီကျောက်၏အမိန့်ကို စောင့်နေကြခြင်းဖြစ်သည်။ ချီကျောက်ကပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ပြီး သြဇာအပြည့်ပါသောအသံဖြင့် ပြောလာသည်။

"အရှေ့တည့်တည့်ကိုဦးတည်ပြီး...သွားကြမယ်"