အပိုင်း ၇၅
Viewers 12k

🐍Chapter 75




မြွေပွေးများက အလွန်ရှည်ကြာသည့် ဘဝသက်တမ်းရှိသောကြောင့် တစ်စုံတစ်ခုက သူတို့၏ အေးချမ်းတည်ငြိမ်သော နေ့ရက်များကို ဖျက်စီးလိုက်လျှင် ငြိမ်ဝပ်ပိပြားမှုကို ချက်ချင်းပြန်လည် တည်ဆောက်နိုင်သော်လည်း တစ်နေ့တစ်နေ့ ဘာမှလုပ်စရာမရှိသော သူတို့အဖို့ ထိုအရာများကို ပြောလို့မဆုံးနိုင် ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ လူသားများက အကာအရံစည်းကို လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာတည်းက ချိုးဖောက်ဝင်ရောက်ခဲ့ကြသော်လည်း တကယ့်လက်တွေ့တွင် ထွေထွေထူးထူးကိ စ္စတစ်စုံတစ်ရာမှ မရှိခဲ့ပေ။ ထို့အတူတောင်ပေါ်မှ ယခုထိတိုင်အောင် ထွက်မသွားသေးသည့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တ အပေါ်တွင်လည်း ကြီးကြီးမားမား အကျိုးသက်ရောက်မှုမရှိပေ။

ပထမဆုံးအကြိမ် မြွေနှင့်လူသားအကြား အကာအရံစည်းကို ချိုးဖောက်ခဲ့ကြသူများမှာ ကျိုးမင်းဆက်၏ ဂူသင်္ချိုင်းဟောင်းကို ဖောက်ထွင်းဝင်ရောက်ခဲ့သူများ ဖြစ်သည်။ သူတို့ချိုးဖောက်ဝင်ရောက်ခဲ့သည့် နေရာက နေရာကောင်းတစ်ခု မဟုတ်ပေ။ ထိုအချိန်တွင် လုမြွေနှင့်ဟွမ်မြွေတို့က မိတ်ဖက်အခမ်းအနားကို ကျင်းပနေကြခြင်း ဖြစ်သည်။

လုမြွေနှင့်ဟွမ်မြွေတို့က ရှေးပဝေသတီတည်းကပင် ရေစက်ပါလာကြသူများဖြစ်သည်။ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် မိတ်ဖက်အခမ်းအနား ကျင်းပနေကြချိန်တွင် ထိုဂူဖောက်ထွင်းသူ လူတစ်သိုက်က အကာအရံစည်းကို ချိုးဖောက်ကာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ မြွေပေါင်းများစွာကို တစ်စုတစ်စည်းတည်း မြင်လိုက်ရသောကြောင့် လူသားများလည်း ထိတ်လန့်သွားကြသလို မြွေမျိုးနွယ်များအားလုံးလည်း ဇဝေဇဝါဖြစ်သွားကြသည်။ အထူးသဖြင့် မဖိတ်ခေါ်ထားသည့် ဧည့်သည်များကြောင့် ကမူးရှူးထိုးဖြစ်သွားသူမှာ မြွေပွေးများပင်ဖြစ်သည်။

လူသားများကလည်း သတိတကြီးနှင့် မြွေများဆီသို့ တဖြေးဖြေး ချဥ်းကပ်သည်။ ဟွမ်မြွေတစ်ကောင်အနီးသို့ ရောက်သွားချိန်တွင် ဂူဖောက်ထွင်းသူတစ်ယောက်က သေနတ်တစ်လက်ကို ထုတ်ကာ ခေါင်းတည့်တည့် ချိန်လိုက်သည်။ သို့သော် သေနတ်တစ်လက်က ဟွမ်မြွေတစ်ကောင်ကို အသေသတ်ဖို့ မလုံလောက်ချေ။ အပေါ်ယံအရေခွံသာ ကွဲထွက်သွားပြီး သွေးလန့်မှုကြောင့် သတိလစ်ရုံမျှသာ ဖြစ်သွားသည်။

ဤအကာအရံစည်းထဲတွင် မည်သည့်သက်ရှိသတ္တဝါမှ မြွေပွေးများကို မခုခံရဲကြချေ။ မြွေပွေးများက ဩဇာအာဏာ အရှိဆုံးဖြစ်သည်။ လူသားများက ၎င်းတို့၏ မြွေမျိုးနွယ်ကို ထိပါးတိုက်ခိုက်လာသောကြောင့် မြွေပွေးများ၏ အမျက်ဒေါသက ထိန်းမရတော့ပေ။ အစပိုင်းတွင် လူသားများက အသာစီးရနေသော်လည်း မြွေတို့၏ အဆိပ်ပြင်းပြင်းတိုက်ခိုက်မှုအောက်တွင် အတုံးတုံးအရုန်းရုန်း ဖြစ်ကုန်ကြသည်။ ငြိမ်းချမ်းစွာကျင်းပနေသည့် မိတ်ဖက်အခမ်းအနားကြီးမှာ ဗရမ်းဗတာမြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသွေးသံရဲရဲအဖြစ်အပျက်များကြားမှ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့သူမှာ ကျိုးမိသားစုဝင်တစ်ဦးဖြစ်သည်။ သို့သော် မြင်တွေ့ခဲ့ရသည့် အရာများက သူ့ကိုအိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေ၍ ရူးသွားခဲ့သည်။

ထိုလူသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက မြွေပွေးများအတွက် မလုံလောက်သေးပေ။ ထို့ကြောင့် ထိုနေရာတွင် ဆယ်ရက်တိတိ စောင့်ဆိုင်းကာ နောက်ထပ်လိုက်လာသည့် ဂူသင်္ချိုင်းဖောက်ထွင်းသူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြန်သည်။ အကျိုးရလဒ်အနေနှင့် လူသားများဆီမှ မြွေသင်္ချိုင်းဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံလိုက်ရသည်။ သို့သော်‌ မြွေပွေးများက ထိုကိစ္စနှင့်ပတ်သတ်ပြီး နှစ်ပေါင်းမျာစွာ ကြာပြီးသည့်တိုင်အောင် မကျေမနပ် ဖြစ်နေကြဆဲပင်။ မင်္ဂလာရှိသည့် မိတ်ဖက်အခမ်းအနားက ထိုလူသားများ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပျက်စီးသွားခြင်းမဟုတ်လား။

ထိုအချိန်က အကာအရံကို ချိုးဖောက်ကာ ဝင်ရောက်ခဲ့သည့် လူသားဟူသော သတ္တဝါများကို မိတ်ဖက်ပွဲအခမ်းအနားတွင် ရှိနေသူများသာ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့လက်ဆင့်ကမ်းပြီး ပြောပြခဲ့သော လူသားဟူသည့် သတ္တဝါ၏ အသွင်အပြင်ကို နောင်လာနောင်သား မြွေများက ကြားရုံသာကြားဖူးပြီး တကယ်မမြင်ဖူးကြပေ။

မော့လောင်တလည်း မျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖြစ်ချင်း ကြုံတွေ့ရသည့် ပြဿနာကြောင့် ခေါင်းခဲသွားသည်။

“ဘယ်လိုထူးဆန်းတာမျိုးလဲ”

မော့လောင်တက ထိုသို့မေးလိုက်မှ မော့တာယိ၏ စိုးရိမ်ပူပန်မှုတို့ ပျောက်ကွယ်သွားရသည်။ သို့သော် သူကိုယ်တိုင်လည်း ဇဝေဇဝါဖြစ်နေဆဲပင်။

“ပွင့်ပွင့်လင်းလင်းပြောရရင်…ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူး..မော့မြွေဖိုတစ်ကောင်ရဲ့ သတင်းစကားကို ကျွန်တော်ကပြန်ပြောပြရုံပါ… သူပြောတာတော့… တစ်နေ့ သူတောင်အောက်ဆင်းပြီး နေပူဆာလှုံနေတုန်း ထူးဆန်းတဲ့သတ္တဝါတွေအများကြီးက…ဘယ်ကနေမှန်းမသိပေါ်လာလို့…သူဒီကိုအပြေးပြန်လာခဲ့ရတာပါတဲ့”

“ထူးဆန်းတဲ့သတ္တဝါတွေ…ဟုတ်လား…ဘယ်လိုပုံစံမျိုးမို့လို့လဲ”

မော့လောင် အတော်လေးခေါင်းရှုပ်သွားသည်။

“အဲဒါက…ကျွန်တော်လည်းမသိပါဘူး”

မော့တာယိလည်း ခေါင်းရှုပ်နေပြီဖြစ်သည်။ ဘောင်ခတ်ပြီးတွေးတတ်လွန်းသည့် မြွေပွေးများက ထူးဆန်းသောသတ္တဝါဟူသည့် အရာကြီးကို နည်းနည်းလေးမှ ပုံမဖော်နိုင်ကြပေ။

ဘေးတွင်တစ်ချိန်လုံးရှိနေသည့် ယင်ရှောင်ရှောင်းက နားထောင်နေရင်း စိတ်မရှည်ဖြစ်လာသည်။

“ကဲပါ… ဘယ်လိုပုံစံကြီးပဲဖြစ်ဖြစ်.. ကိုယ်တိုင်သွားကြည့်လိုက်တာ ပိုမကောင်းဘူးလား”

“ကျူကျန်းဖူရန်ပြောတာ မှန်ပါတယ်… ခေါင်းဆောင်ကိုယ်တိုင်သွားကြည့်ရင် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်”

မော့တာယိလည်း ဝင်ပြောလာသည်။

ထိုစကားအဆုံး မော့လောင်တ ယင်ရှောင်ရှောင်းအား တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်မိသည်။ ရှောင်ရှောင်းကို အတူခေါ်သွားလို့မဖြစ်ပေ။ အကာအရံစည်းအနားက အန္တရာယ်များလွန်းသည်။ သူတွေဝေနေသည်ကို ရှောင်ရှောင်းက ရိပ်မိသွားပုံရသည်။

“ခင်ဗျားတစ်ကောင်တည်းသွားဖို့ စဥ်းစားနေတာတော့ မဟုတ်ပါဘူးနော်…ကျွန်တော်နဲ့ အတူတူသွားနေကျကို ဘာတွေချီတုံချတုံ ဖြစ်နေတာလဲ”

မော့တာယိ : “…….”

“လိုက်လို့မရဘူးလေ…ရှောင်ရှောင်းကအသက်မှမပြည့်သေးပဲ…တောင်ပေါ်ကနေဘယ်မှသွားလို့မရဘူးနော်”

မော့လောင်တ၏စကားက ယင်ရှောင်ရှောင်း၏သိချင်စိတ်ကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားသည်။

“တဟေးတန်…အရွယ်မရောက်သေးတဲ့မြွေပွေးတွေက..ဘာလို့တောင်အောက်ဆင်းလို့မရတာလဲဟင်”

သူ့အမေးကို မော့လောင်တက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေသည်။

“ဘာလို့လဲဆိုတော့…တောင်အောက်ဆိုတဲ့နေရာက…ကလေးတွေအတွက်အရမ်းအန္တရယ်များတယ်လေ”

ယင်ရှောင်ရှောင်းက မော့လောင်တ၏ မျက်ဝန်းထဲသို့ တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ခင်ဗျားပြောပုံအရဆိုရင်…ကျွန်တော့်ကိုအတူမလိုက်ခိုင်းတာက…အန္တရာယ်ရှိနိုင်လို့လား…ဒါမှမဟုတ်အဲဒီအန္တရာယ်တွေဆီကနေ…ခင်ဗျားကိုယ်တိုင်ကျွန်တော့်ကို မကာကွယ်နိုင်လို့လား”

ထိုစကားအဆုံး မော့တာယိလည်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။ ထိုဆုံးဖြတ်ချက်မှာ မျိုးနွယ်စုခေါင်းဆောင်၏ ခင်ပွန်းလေးကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မဆန့်ကျင်မိရန်ဖြစ်သည်။

“ကောင်းပြီလေ…ကိုယ်မင်းကိုအတူခေါ်သွားမယ်”

မော့လောင်တကလည်း သူ့အချစ်ကလေး၏ အထင်အမြင်သေးခြင်းကို မခံနိုင်သောကြောင့် ခေါ်သွားရန် အတွေးပြောင်းလိုက်သည်။

“ဒီလိုမှပေါ့…ကျွန်တော်တို့ဘယ်အချိန်စထွက်ကြမလဲ”

ယင်ရှောင်ရှောင်းက အလွန်စိတ်ကျေနပ်သွားပုံရသည်။

မော့လောင်တက မိုးသားကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ ပြန်ဖြေသည်။

“မနက်ဖြန်မနက်…အာရုဏ်တက်ချိန်လောက်ကျရင်စထွက်ကြမယ်”

ယင်ရှောင်ရှောင်းက သဘောတူထောက်ခံသည့်အနေဖြင့် ခေါင်းတစ်ချက်ညိမ့်ပြသည်။ ထို့နောက် နှစ်ကောင်သား ဘေးချင်းယှဥ်လျက် ဂူထဲသို့ဝင်သွားကြသည်။

ဂူအပြင်ဘက်တွင် မော့တာယိတစ်ကောင်တည်း ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့သည်။ ဒီလိုအရေးကြီးကိစ္စမျိုးကို… တစ်ခြားသူများနှင့် မတိုင်ပင်ပဲ… ကြိုတင်ပြင်ဆင်မှုများ မလုပ်ပဲ…နှစ်ယောက်တည်း သွားစစ်ဆေးလို့ရောရပါ့မလား။ မျိုးနွယ်စုခေါင်းဆောင်က ဘာကြောင့်များ ဒီလောက်အေးဆေးနေနိုင်ရတာလဲ။

သို့သော် ခေါင်းဆောင်တစ်ဦး၏ ဆုံးဖြတ်ချက်နှင့် အမိန့်ဖြစ်နေသောကြောင့် မကျေနပ်လည်း ဘာမှမတတ်နိုင်ပေ။ သူ့အမိန့်အတိုင်း လိုက်နာရုံသာရှိသည်။ ဒုတိယမြောက်နေ့ မနက်ပိုင်းတွင် တောင်ထိပ်ဆီမှ မော့မြွေပြောသည့် ထူးဆန်းသောသတ္တဝါများ ပေါ်လာသည်ဟူသောနေရာသို့ သူတို့ထွက်ခွာလာခဲ့သည်။

“အို…အဝေးကြီးပဲ…အဲဒီကိုရောက်ဖို့တကယ့်အဝေးကြီးသွားရဦးမှာ”

မော့လောင်တ၏ ခါးဆစ်ပိုင်းနေရာကို ရစ်ပတ်ပြီး မှီတွယ်ထားသည့် ယင်ရှောင်ရှောင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ထားရသူကိုမှ အားမနာတမ်း ညည်းညူပြောဆိုလာသည်။ ယင်ရှောင်ရှောင်း၏ စကားအဆုံး မော့လောင်တက ချက်ချင်းဆိုသလို လျှောတိုက်သွားနေသည့်အရှိန်ကို မြှင့်လိုက်သည်။

“ဟေး…ခေါင်းဆောင်တို့…ကျွန်တော့်ကိုစောင့်ဦးလေ”

မော့တာယိမှာ မော့လောင်တကို လိုက်မမှီနိုင်သည့်အဆုံး သူ့ရှေ့မှအတွဲကိုကြည့်ကာ နောက်တွင်တစ်ကောင်တည်း ကျန်ရစ်နေခဲ့သည်။

ညနက်သန်းခေါင်ယံမှ မော့တာယိလည်း သူ့ဆရာသမားနှစ်ယောက်ကို လိုက်မှီတော့သည်။ ထိုအချိန်တွင် အချစ်မြွေနှစ်ကောင်မှာ ခရီးတစ်ထောက်နားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ ဖြစ်သည်။ သို့သော် ကျောက်တုံးတစ်ခုပေါ်တွင် သူ့အတွက်ချန်ထားပေးသည့် အစားအသောက်များကို မြင်သောအခါ ခေါင်းဆောင်အပေါ် မကျေနပ်စိတ်တို့ အနည်းငယ်လျော့ပါးသွားရသည်။

မော့တာယိ၏ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် ကတိုက်ကရိုက် မြန်မြန်ဆန်ဆန် ခရီးမသွားဖူးခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင်က မြန်လွန်းလှသောကြောင့် သူ့မှာဟောဟဲလိုက်ကာ မသေရုံတမယ် ခရီးဆက်နေရသည်။ ခေါင်းဆောင်၏ကိုယ်ပေါ်တွင် မှီတွယ်ထားသည့် ဆရာလေးယင်ရှောင်ရှောင်းကိုလည်း အားကျရသေးသည်။ ကြာတော့ထိုနှစ်ကောင်ကိုကြည့်ရင်း သူသည်းမခံနိုင်တော့ပေ။

နေ့လည်ပိုင်းတွင်ပူပြင်းလှသောနေအပူချိန်ကြောင့် မြစ်ကမ်းဘေးတွင် ရေစိမ်ရင်း ခဏနားကြသည်။ ညနေပိုင်းတွင်လည်း အစားစားရန်အတွက် နားပြန်သည်။ ညဘက်ရောက်မှ ခရီးဆက်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် ဟွားရှောင်ဟွားနှင့်ယင်တပိုင်ကို လမ်းတစ်ဝက်တွင် ထိပ်တိုက်တွေ့လိုက်ရသည်။

"ရှောင်ရှောင်း...သားဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ"

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ဟွားရှောင်ဟွား၏အသံက စူးရှကျယ်လောင်လွန်းနေသည်။

"ကျွန်တော်နားကောင်းပါတယ်...ပါပါးရယ်...တိုးတိုးပြောပါဗျာ"

ယင်ရှောင်ရှောင်းလည်း စိတ်ရှုပ်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ပါပါးမေးတာပဲအရင်ဖြေ...ညကြီးအချိန်မတော်ဒီကိုဘာလာလုပ်တာလဲ"

ဟွားရှောင်ဟွားကထပ်မေးသည်။

"တောင်ပေါ်မှာနေရတာပျင်းစရာကောင်းလွန်းလို့...လမ်းလျှောက်ထွက်လာတာ"

ယင်ရှောင်ရှောင်း မုသားဆိုလိုက်သည်။

"ဘာ...လမ်းလျှောက်ထွက်လာတယ်ဟုတ်လား...ယင်ရှောင်ရှောင်း...မင်းအသက်ကဘယ်လောက်ပဲရှိသေးလို့လဲ...ဆယ့်နှစ်နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး...အရွယ်မရောက်သေးပဲတောင်အောက်ကိုဆင်းလို့မရဘူးဆိုတာမင်းမသိဘူးလား"

ဟွားရှောင်ဟွားက သားဇောနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့် တစ်ဆတ်ဆတ်တုန်ယင်နေသည်။

"သားကအရွယ်မရောက်ဘူးဆိုတာသားကိုယ်တိုင်သိပါတယ်...ဒါပေမဲ့တဟေးတန်ပါတာပဲလေ...တဟေးတန်ကအရွယ်ရောက်ပြီးသားမြွေတစ်ကောင်...သူသားကိုကောင်းကောင်းကာကွယ်နိုင်ပါတယ်"

ယင်ရှောင်ရှောင်းကလည်း တစ်ခွန်းမကျန်ပြန်ခံပြောသည်။

"တစ်ခုခုဖြစ်လို့လား"

သားအဖနှစ်ကောင် ရန်ထမသတ်ခင် ယင်တပိုင်က မော့လောင်တအား အကျိုးအကြောင်း မေးကြည့်လိုက်သည်။

မော့လောင်တလည်း လိမ်ပြောလို့ဘာမှအကျိုးမထူးတော့ကြောင့် အမှန်အတိုင်းပြောပြလိုက်သည်။

"တောင်အနောက်ဘက်မှာ...ထူးဆန်းတဲ့သတ္တဝါတွေပေါ်လာတယ်ဆိုပြီးသတင်းရထားလို့ပါ...ကျွန်တော်ရယ်ရှောင်ရှောင်းရယ်..မော့တာယိရယ်အတူသွားစစ်ဆေးကြမလို့...မော့တာယိကအရမ်းနှေးတော့...နောက်မှကျန်ခဲ့တယ်...ခဏနေရောက်လာပါလိမ့်မယ်"