အပိုင်း ၇၆
Viewers 12k

🐍Chapter 76



ယင်ရှောင်ရှောင်း : "ဒီကိစ္စကပြဿနာအကြီးစားမဟုတ်ဘူးလား..."

ယင်ရှောင်ရှောင်း ရေရွတ်လိုက်သည်။

မော့လောင်တက သူ့အားဇဝေဇဝါဖြင့် ကြည့်လာသည်။

"ဘာကပြဿနာဖြစ်နေလို့လဲ..."

"ဘာကြီး...ဘာကပြဿနာဖြစ်နေလို့လဲဟုတ်လား"

ယင်ရှောင်ရှောင်း၏လေသံက ဒေါသသံစွက်နေသည်။ ခါတိုင်းထက်လည်း အသံကပိုပိုပြီးကျယ်လာသည်။

"ဒီလိုကိစ္စမျိုးကအရမ်းအရေးကြီးတဲ့ကိစ္စလေ....အဲဒါကိုခင်ဗျားကဘာလို့သာမာန်ကာလျှံကာနဲ့တွေ့တဲ့မြွေတိုင်းကိုလိုက်ပြောနေတာလဲ"

ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းအား တစ်ချက်စိုက်ကြည့်လာသည်။ ယင်တပိုင်၏မျက်နှာထားကလည်း ရုတ်တရက်ဆိုသလို တင်းမာသွားသည်။

မော့လောင်တက စိတ်ရှုပ်ထွေးနေပုံရသည်။

"အဲဒီလောက်အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ဘူးရှောင်ရှောင်းရာ...ပြီးတော့မြွေပွေးမျိုးနွယ်အချင်းချင်းကိုမပြောနိုင်စရာဘာအကြောင်းရှိသေးလို့လဲ"

ယင်ရှောင်ရှောင်းက မာန်မလျှော့ပဲဆက်ပြောသည်။

"ဒီကိစ္စကအရေးမကြီးဘူးဆိုရင်...ကျွန်တော်ရယ်...မော့တာယိရယ်ခင်ဗျားရယ်သုံးယောက်တည်း...ဘာလို့သွားစစ်ဆေးနေသေးလဲ...တစ်ခြားမြွေတွေကိုပါခေါ်ခဲ့ပါလား"

မော့လောင်တတစ်ယောက်အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။

အရူးပေါက်လေးက...ဒီနေ့ကျမှဘာလို့အဲ့လောက်ခေါင်းမာနေရတာလဲ
"ကိုယ်ကမျိုးနွယ်စုခေါင်းဆောင်နော်...ခေါ်ချင်ရင်မြွေပွေးတစ်မျိုးလုံးကိုခေါ်လိုက်လို့ရတယ်...ဒါပေမဲ့မလိုအပ်လို့မခေါ်တာ"

ယင်ရှောင်ရှောင်းက ပို၍ရှူးရှူးရှားရှားဖြစ်သွားသည်။

"ခင်ဗျား...ဘာစကားပြောတာလဲ...ကျွန်တော်ပြောနေတာကိုအရေးမစိုက်တာလား"

"ကဲ...ကဲတော်ကြပါတော့...ဘာတွေအငြင်းအခုံဖြစ်နေကြတာလဲ"

ရန်ထဖြစ်တော့မည့် မော့လောင်တနှင့်ယင်ရှောင်ရှောင်းကို နောက်ဆုံးတွင် ဟွားရှောင်ဟွားကိုယ်တိုင်ပဲ ဝင်ပြီးဖျန်ဖြေပေးရတော့သည်။

"ပြောတော့အနာဂတ်မှာသက်ဆုံးတိုင်လက်တွဲသွားမယ်လေးဘာလေးနဲ့...အခုကျတော့...ရန်ထသတ်နေကြတယ်"

ယင်ရှောင်ရှောင်းက စကားတစ်ခွန်းမှခွန်းတုံ့မပြန်ပဲ တစ်ဖက်သို့လှည့်သွားသည်။ မျက်စောင်းတစ်ခဲခဲနှင့် ရန်ဖြစ်နေကြသော်လည်း ခန္ဓာကိုယ်အနောက်ဘက်တွင် တစ်ကောင်နှင့်တစ်ကောင် အမြီးချင်း လိမ်ယှက်နေကြသည်။

"နှစ်ကောင်သားအချိန်ရတယ်ဆိုရင်...အဲဒီထူးဆန်းတဲ့သတ္တဝါတွေကိုသွားစစ်ဆေးဖို့ကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါလား"

မော့လောင်တက ဟွားရှောင်ဟွားနှင့်ယင်တပိုင်အား ယဥ်ကျေးပျူငှာစွာဖြင့်အရင်ဆုံးဖိတ်ခေါ်လိုက်သည်။

ဟွားရှောင်ဟွားနှင့်ယင်တပိုင်လည်း တစ်ကောင်နှင့်တစ်ကောင် အကဲခတ်ပြီး အတူလိုက်ခဲ့ရန် သဘောတူလိုက်သည်။

"အာ...ဖြေးဖြေးသွားကြပါဗျာ...မြန်လွန်းလို့ကျွန်တော်ဘယ်လိုမှလိုက်မမှီနိုင်တော့ဘူး"

စတင်ထွက်ခွာတော့မည့်အချိန်တွင် ရုတ်တရက်ထွက်ပေါ်လာသည့် မကျေမနပ်ပြောဆိုသံတစ်ခုကို သူတို့အားလုံး ကြားလိုက်ရသည်။ အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ဟောဟဲလိုက်နေသည့် မော့တာယိကို တွေ့လိုက်ရသည်။

"ဒီနှစ်ယောက်က..."

မော့တာယိက မော့လောင်တနှင့်ယင်ရှောင်ရှောင်းဘေးတွင် ရပ်နေသည့် မြွေပွေးနှစ်ကောင်ကိုကြည့်ရင်း မေးခွန်းထုတ်လာသည်။

"ကျွန်တော့်ရဲ့...ဖေဖေနဲ့ပါပါးလေ"

"အာ...အဲဒီလိုကိုး..."

မည်သူမည်ဝါမှန်းသိသွားသောအခါ မော့တာယိ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

"ရှောင်ရှောင်းက...အရမ်းသိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ မြွေလေးတစ်ကောင်ပါ... ကျွန်တော်တို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးကလည်း ရှောင်ရှောင်းကို အရမ်းချစ်ပါတယ်...နောင်တစ်ချိန်ကျရင် သူတို့နှစ်ကောင်က သေချာပေါက်ညားမှာ"

မော့လောင်တနှင့်ယင်ရှောင်ရှောင်း: "........"

ယင်တပိုင်နှင့်ဟွားရှောင်ဟွား၏ စိတ်ထဲတွင်လည်း မော့တာယိကိုကြည့်ရင်း ဤသို့တွေးလိုက်မိသည်။

"ဒီမော့တာယိတော့...သိပ်ကျပ်မပြည့်ရှာဘူးနဲ့တူတယ်"

ထို့နောက် သူတို့မြွေပွေးငါးကောင်လုံး ဦးတည်ချက်တစ်ခုတည်းသို့ ထွက်ခွာလာခဲ့ကြသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားလည်း ပါလာသောကြောင့် မော့လောင်တလည်း ခါတိုင်းလိုမမြန်တော့ပဲ ပုံမှန်အရှိန်ဖြင့်သာ သွားရသည်။ စိတ်ထဲတွင်လည်း ဟွားရှောင်ဟွားနှင့်ယင်တပိုင်ကိုကြိတ်ပြီးကျေးဇူးတင်နေမိသည်။

မော့လောင်တတို့အုပ်စုက ထူးဆန်းသောသတ္တဝါများပေါ်လာသည့်နေရာဆီသို့ ဦးတည်သွားနေပြီး ထိုထူးဆန်းသော သတ္တဝါများကလည်း မော့လောင်တတို့အုပ်စုဆီသို့ တည့်တည့်လာနေသည်။ ထိုအတိုင်းသာ ဆက်သွားနေကြလျှင် အမှောင်ရိပ်ကြီးစိုးလာချိန်တွင် နှစ်ဖွဲ့လုံး ပက်ပင်းတိုးကြပေလိမ့်မည်။

မြွေပွေးတစ်ကောင်၏ အနံ့ခံအာရုံနှင့် အကြားအာရုံက သာမာန်မြွေတစ်ကောင်နှင့် လူသားတစ်ယောက်ထက် သာလွန်သည်။ ထို့ကြောင့် လူတို့၏ လမ်းလျှောက်လာသည့် ခြေသံများကို မော့လောင်တ ကောင်းကောင်းကြားမိသော်လည်း လူသားများကမူ မြွေပွေးတစ်အုပ်၏ ချဥ်းကပ်လာမှုကို သတိမထားမိကြပေ။

မော့လောင်တတို့ မြွေပွေးအုပ်စုနှင့် ပက်ပင်းတိုးရင်ဆိုင်ရမည့် လူသားများမှာ ဂူသင်္ချိုင်းဖောက်ထွင်းသည့် အဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။ ထိုဂူသင်္ချိုင်းဖောက်ထွင်းသူအဖွဲ့မှာ ဝမ်မိသားစုမှ လူများဖြစ်သည်။ ဝမ်မိသားစု၏ ခေါင်းဆောင်ဟောင်း သေဆုံးသွားပြီးနောက် ရည်မှန်းချက်ကြီးမားပြင်းထန်သည့် အမွေဆက်ခံသူ ခေါင်းဆောင်အသစ်က အဖွဲ့ကိုဦးစီးကာ မြွေသင်္ချိုင်းထဲသို့ ရောက်လာခြင်းဖြစ်သည်။ ထိုသူ၏အမည်မှာ ဝမ်ယန်ကျန့် ဖြစ်သည်။ ဝမ်မိသားစုက ဂူသင်္ချိုင်းဖောက်ထွင်းသူ အသိုင်းအဝိုင်းကြားတွင် ထင်ပေါ်ပြီး ဂုဏ်သတင်းကျော်စောသူများလည်း ဖြစ်ကြသည်။

ဝမ်ယန်ကျန့်တို့အဖွဲ့က ကျိုးဖုန်းတို့အဖွဲ့ထက် လူအင်အားတောင့်သည်။ စုစုပေါင်းလူတစ်ဆယ့်ငါးယောက်ခန့်ရှိပြီး အများစုမှာ ဝမ်မိသားစုဝင်များ ဖြစ်ကြသည်။ ထို့အပြင် ဂူသင်္ချိုင်းဖောက်ထွင်းမှုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်လည်းပါဝင်သည်။ ဝမ်ယန်ကျန့်နောက် လိုက်လာရသည့်အကြောင်းရင်းမှာ ဂူသင်္ချိုင်းထဲရှိ ရတနာများကို အရယူဖို့ထက် သူ့အား ရဲလက်မှ ကယ်ထုတ်ပေးခဲ့သည့် အသက်သခင်ကျေးဇူးရှင် ဝမ်ယန်ကျန့်ကို ကျေးဇူးပြန်ဆပ်ရန် ဖြစ်သည်။

ဝမ်ယန်ကျန့်ငယ်စဥ်အခါက ပေါ့ပြက်ပြက်နှင့် အရာရာကို အလေးမထားတတ်သော ယနေ့ခေတ်လူငယ်များကဲ့သို့ မဟုတ်ပဲ အလုပ်တစ်ခုကို ထောင့်စေ့အောင် အလေးအနက်ထားကာ ဂရုတစိုက် လုပ်ကိုင်တတ်သည်။ ထို့အပြင် သူ့ထက်အသက်ကြီးပြီး အတွေ့အကြံများသော စီနီယာတို့၏ အကြံဥာဏ်ကိုလည်း အမြဲတမ်းရိုကျိုးစွာဖြင့် တောင်းခံတတ်သည်။ ဤကိစ္စတွင်လည်း ထိုကျွမ်းကျင်ပညာရှင်၏ အကြံဥာဏ်က သူ့အတွက် အသုံးဝင်ပြီး အရေးပါလှသောကြောင့် မရရအောင် ခေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုကျွမ်းကျင်ပညာရှင် ပါလာသောကြောင့်သာ ဤမြွေသင်္ချိုင်းဟောင်းသို့ ဝမ်ယန်ကျန့်လာရဲခြင်းဖြစ်သည်။

ဝမ့်ယန်ကျန်တို့အဖွဲ့က သတိတကြီးဖြင့် ရှေ့ဆက်ပြီး လျှောက်နေကြသည်။ သူတို့အဖွဲ့များအားလုံး က ဤတောင်တစ်ခုလုံးကို ပတ်ပြီးသွားနေသည်မှာ တစ်ပတ်ခန့်ရှိရော့မည်။

"ဦးလေးရှု...ကျွန်တော်တို့ဘယ်အချိန်လောက်ကျရင်...ဂူသင်္ချိုင်းကိုရှာတွေ့နိုင်မယ်လို့ထင်လဲ"

နေ့လည်ပိုင်း ခဏတစ်ဖြုတ်နားနေချိန်တွင် ဝမ်ယန်ကျန့်က သတ်လတ်ပိုင်းအရွယ်ရှိသည့် ဂူဖောက်ထွင်းရေး ကျွမ်းကျင်သူ၏ ဘေးနားတွင်သွားထိုင်ကာ စီးကရက်ကို ရှိုက်ဖွာနေသည်။ ထို့နောက် စီးကရက်တစ်လိပ်ကို ထို့လူ့ထံကမ်းပေးရင်း မေးလိုက်သည်။ သူ့လေသံက အနည်းငယ် စိတ်မရှည်ပုံ ပေါက်နေသည်။

"ကောင်လေးရေ...ဘာတွေစိတ်ပူနေတာလဲကွ"

သက်လတ်ပိုင်းလူကြီးက ဝမ်ယန်ကျန့်ကမ်းပေးလာသည့် စီးကရက်ကို လှမ်းယူပြီး အေးအေးလူလူ ပြန်ပြောလာသည်။

"မင်းရဲ့တည်ငြိမ်အေးဆေးတဲ့ပုံရိပ်ကြီးကဘယ်ရောက်သွားတာတုန်း...ငါသိရသလောက်တော့ဒီတောင်ကြီးကအတော့်ကိုကြီးတယ်...ဂူသင်္ချိုင်းဘယ်မှာလဲဆိုတာကို...ဘုရားသခင်ပဲအတိအကျသိနိုင်မှာပေါ့...ငါတို့လိုလူတွေတော့ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ကိုယ်ရှာရမှာပါ...စိတ်ရှည်ရှည်ထားစမ်းပါ"

ဝမ်ယန်ကျန့်က ခေါင်းတစ်သွင်သွင်ညိတ်ရင်း ပြန်ဖြေသည်။

"စိတ်ပူနေတာရယ်လို့တော့မဟုတ်ပါဘူး...ဒါပေမဲ့တောင်အတွင်းပိုင်းကိုရောက်လာလေလေ...ဘာကြောင့်ရယ်မှန်းမသိစိတ်ထင့်နေမိတယ်"

ဝမ်ယန်ကျန့်၏စကားအဆုံး ထိုလူကြီးက အေးစက်စက်မျက်ဝန်းတို့ဖြင့်လှမ်းကြည့်လာသည်။
"မင်းကြောက်နေတယ်ဆိုရင်...နောက်မကျခင်လစ်လိုက်တော့...ငါတို့ဂူသင်္ချိုင်းဖောက်ထွင်းတဲ့နေရာမှာကြောက်ဒူးတုန်နေရင်...ဘာမှသုံးစားလို့မရဘူး"

"အာ...ဦးလေးရှုကလည်း...ကျွန်တော်ကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး...ဒီလမ်းကြောင်းကိုရွေးခဲ့ပြီးမှတော့အဆုံးထိရောက်အောင်သွားရမှာပေါ့...ကျွန်တော်ပြောချင်တာက...သတိပိုထားဖို့အတွက်ပြောတာပါ"

"အင်း...သတိကြီးကြီးထားဖို့လိုတယ်...ငါလည်းတစ်ခုခုကမူမမှန်သလိုခံစားနေရလို့စိတ်ထင့်နေတာကြာပြီ"

ဤတစ်ခေါက်တွင် ထိုလူကြီး၏လေသံက တည်ကြည်လေးနက်နေသည်။

ထိုစကားကြောင့် ဝမ်ယန်ကျန့်၏မျက်ခုံးတန်းနှစ်ခုက ထိစပ်လုမတတ်တွန့်ချိုးသွားသည်။

"မူမမှန်ဘူးဆိုတာ...ဒီအနီးပတ်ဝန်းကျင်ကိုပြောနေတာလား...ဦးလေးရှု"။

"ဟုတ်တယ်...မင်းပဲတွေးကြည့်လေ...အဲဒီဂူသင်္ချိုင်းကိုဘာလို့မြွေသင်္ချိုင်းလို့ခေါ်တယ်ဆိုတာ...မင်းလည်းသိတယ်မလား...ဒါပေမဲ့ငါတို့ဒီကိုစရောက်တည်းက....မြွေတစ်ကောင်တစ်လေကိုမှမတွေ့ရဘူးလေ"

ထိုအခါမှဝမ်ယန်ကျန့်လည်းစဥ်းစားမိသွားသည်။ ဦးလေးရှုပြောသလိုပင် ဒီတောင်ပေါ်ရောက်လာတာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သော်လည်း မြွေတစ်ကောင်၏ အရိပ်အယောင်စိုးစဥ်းကိုမျှ မတွေ့ရသေးပေ။ အထူးသဖြင့် ဤတောင်ပေါ်တွင် မြွေပွေးများအများဆုံး ရှင်သန်နေထိုင်ကျက်စားကြသည်ဟု သိထားကြခြင်းဖြစ်သည်။

ဦးလေးရှုက အနားယူနေကြသူများကိုတစ်ချက်ကြည့်ရင်းပြောလာပြန်သည်။

"ကောင်လေး...မင်းလူတွေအားလုံးကိုခေါင်းဆောင်းဦးထုပ်ဆောင်းခိုင်းလိုက်...ပူလည်းမတတ်နိုင်ဘူး...သည်းခံရမယ်"

ဝမ်ယန်ကျန့်လည်း ချက်ချင်းလက်ငင်းပဲ ခေါင်းဆောင်းဆောင်းရန် သူ့လူများကိုဆော်သြရတော့သည်။ တစ်အောင့်လောက်အကြာတွင် သူတို့တစ်ဖွဲ့လုံး တောင်ပေါ်သို့ခရီးဆက်ခဲ့ပြန်သည်။ ထိုအခိုက်တွင် မော့လောင်တက ဝမ်ယန်ကျန့်တို့အဖွဲ့ကို အနံ့ခံမိသွားသည်။

မော့လောင်တ ရုတ်တရက်ကြီးတုံ့ဆိုင်းသွားပြီး သူ့ဘေးတွင်လိုက်ပါလာသည့် အခြားမြွေလေးကောင်လုံးလည်း သူ့နည်းတူရပ်သွားကြသည်။ ယင်ရှောင်ရှောင်းက ဇဝေဇဝါဖြင့်မေးလာသည်။

"တဟေးတန်...ဘာဖြစ်လို့လဲ"

"ကိုယ်ထူးဆန်းတဲ့အနံ့တစ်ခုကို...အနံ့ခံမိတယ်"

မော့လောင်တ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာသည်။

"အာ...အဲဒီထူးဆန်းတဲ့သတ္တဝါတွေရဲ့အနံ့ပဲနေမှာပေါ့...ဘယ်လိုမျိုးအနံ့လဲ"

ယင်ရှောင်ရှောင်းက တွေးတွေးဆဆနှင့် မေးပြန်သည်။

"အရမ်းနံတယ်..."

မော့လောင်တက တစ်ခဏမျှစဥ်းစားပြီးနောက် ပြောလာသည်။ ထိုအနံ့ကိုဖော်ပြဖို့ရာ "နံသည်" ဟူသောစကားလုံးမှလွဲ၍ အခြားစကားလုံးကို သူစဥ်းစားလို့မရတော့။

"နံတယ်တဲ့လား...ညစာစားပြီးတာပဲသိပ်မကြာသေးဘူး...ရွံစရာကောင်းတဲ့ဟာတွေနဲ့တွေ့တော့မယ်နဲ့တူတယ်"။

ရှောင်ရှောင်းတစ်ယောက် မအီမသာဖြင့် ညည်းညူလိုက်သည်။

ထို့နောက်မော့လောင်တက တည်ကြည်လေးနက်သောလေသံဖြင့် ပြောလာသည်။

"မော့တာယိနဲ့ကိုယ်နဲ့...အရင်ဆုံးတစ်ချက်သွားကြည့်လိုက်မယ်...ရှောင်ရှောင်း...ဦးလေးယင်နဲ့ဦးလေးဟွားတို့ဒီမှာပဲနေခဲ့ကြပါ"

မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် မော့လောင်တ၏ အရှိန်အဝါနှင့်သြဇာသက်ရောက်ပုံ ကကြီးမားလှသလို သူ့စကားကို မြွေတိုင်းနားထောင်လာရန် သွေးဆောင်ဖြားယောင်းနိုင်သည်။

မော့တာယိသည်လည်း မော့လောင်တ၏အမိန့်ကိုငြင်းဆိုနိုင်ခြင်းမရှိပေ။ မော့လောင်တက မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့်အပြင် ရှောင်ရှောင်း၏အနာဂတ်လက်တွဲဖော်လည်း ဖြစ်နေသောကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့လည်း အာခံဖို့ဝန်လေးလှသည်။ သို့သော် ယင်ရှောင်ရှောင်းအတွက်တော့...

"ထူးဆန်းတဲ့သတ္တဝါတွေကို...ကျွန်တော်လည်းမြင်ဖူးချင်တယ်"

ယင်ရှောင်ရှောင်းက ဂျစ်တိုက်ကာ ပူဆာနေပြန်သည်။

"အဲဒါက..."

မော့လောင်တ တုံ့ဆိုင်းနေမိသည်။ ကြိုမမြင်ရသည့် အန္တရာယ်အတွက် အရူးပေါက်လေးကို မစွန့်စားစေချင်ပေ။ ထို့ကြောင့် ပြေရာပြေကြောင်း နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ်ပြန်လာရင်...အဲဒီသတ္တဝါတစ်ကောင်လောက်ဖမ်းလာခဲ့ပေးမယ်...ဟုတ်ပြီလား"

"အင်း...အဲဒါဆိုရင်လည်း...အရှင်ပဲလိုချင်တယ်နော်"

မော့လောင်တလည်း ထိုသို့ကတိပေးပြီး မော့တာယိနှင့်အတူ အနံ့လာရာနေရာသို့ ဦးတည်သွားလိုက်သည်။ ယင်ရှောင်ရှောင်း ၊ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ကနေရစ်ခဲ့သည်။

ထူးဆန်းသောအနံ့နှင့် တဖြေးဖြေးနီးကပ်လာချိန်တွင် မော့လောင်တနှင့်မော့တာယိတို့ နှစ်ကောင်လုံး သတိတကြီးနှင့် ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်နေကြသည်။

နောက်ဆုံးတွင် ထိုထူးဆန်းသောသတ္တဝါများ၏ အသွင်အပြင်ကို မြင်လိုက်ရသည်။ မော့လောင်တ၏ စိတ်ထဲတွင် "ရုပ်ဆိုးလိုက်တာ" ဟုတိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ထိုသတ္တဝါများက ကျိခန်းနှင့်အမျိုးတူပြီး လူသားမျိုးနွယ်များဖြစ်ကြောင်း မော့လောင်တ ကောင်းကောင်းသိသည်။ သို့သော် ကျိခန်းနှင့်များ ပတ်သက်ဆက်နွယ်နေမလား ဟူသည့်အတွေးဖြင့် ချက်ချင်းမတိုက်ခိုက်ပဲ ထိုလူအုပ်ကြီးနောက်သို့ တိုးတိတ်စွာဖြင့် လိုက်သွားလိုက်သည်။

လူသားများ၏ ရွေ့လျားနေသည့်အရှိန်က နှေးကွေးလွန်းလှသောကြောင့် သူတို့နှစ်ကောင်လည်း ခါတိုင်းထက် အလွန်နှေးသည့်အရှိန်ဖြင့် လိုက်ရတော့သည်။ တစ်ခါတစ်ရံတွင် ထိုလူအုပ်ကြီးထံမှ စကားသံတစ်ချို့ ထွက်ပေါ်လာသည်။ အသံများက မတိုးမကျယ်လှသော်လည်း မြွေတစ်ကောင်ဖြစ်သော မော့လောင်တက ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ထိုသူတို့ပြောသောစကားများအနက် "ဂူသင်္ချိုင်းဖောက်ထွင်းဖို့" ဟူသည့်စကားလုံးကို ခဏခဏကြားရသည်။

"ဂူသင်္ချိုင်း" ဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကို မော့လောင်တနားလည်သည်။ လူ့ကမ္ဘာနှင့် မြွေလောကကြားတွင် မြွေပွေးမျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် ကျိခန်း၏ရုပ်ကလာပ် ငြိမ်းချမ်းစွာလဲလျောင်းနေသော ဂူသင်္ချိုင်းတစ်ခုသာရှိသည်။ "ဖောက်ထွင်းခြင်း" ဟူသောစကားအသုံးအနှုန်းကိုလည်း သူသဘောပေါက်သည်။ ဆိုလိုရင်းမှာ လူသားများက ကျိခန်း၏ အုတ်ဂူအတွင်းရှိ ပစ္စည်းများကို ခိုးယူဖို့ ကြံရွယ်နေခြင်း ဖြစ်တန်ရာသည်။

ရုတ်တရက်ဆိုသလို မော့လောင်တ၏မျက်ဝန်းတစ်စုံက သွေးကလဲ့စားရန်ညှိုးအရိပ်အယောင်များဖြင့် ပြည့်လျှမ်းသွားသည်။

"အကာအရံစည်းထဲဝင်ဖို့ဆိုရင်...ဂူသင်္ချိုင်းဆီကိုအရင်ရောက်အောင်သွားရမယ်...အဲဒီမှာရှိတဲ့အဖိုးတန်ရတနာတွေကိုခိုးယူလုယက်ပြီးအလောင်းကိုလည်းအညှာအတာမရှိဖျက်စီးခဲ့ရမယ်"

မြွေပွေးတိုင်း၏ မွေးရာပါမှတ်ဥာဏ်ထဲတွင် ထိုစကားလုံးတို့ကအပ်ကြောင်းထပ်နေသည်။