အပိုင်း ၇၇
Viewers 13k

🐍Chapter 77



မြွေပွေးများက သူတို့မျိုးနွယ်ဝင်မဟုတ်သည့် မည်သည့်မြွေကိုမှ သနားညှာတာခြင်း မရှိကြပေ။ ဂူသင်္ချိုင်းဖောက်ထွင်းမည့် လူသားများဆိုလျှင် သနားညှာတာမှုက ဝေးလာဝေးစွ။ မော့လောင်တနှင့် မော့တာယိလည်း ထိုသို့ပင်ဖြစ်သည်။

လူဆယ့်ငါးယောက်အနက် သက်လက်ပိုင်းလူကြီးက အလျင်မြန်အဖျတ်လတ်ဆုံးဖြစ်သည်။ မော့လောင်တနှင့် မော့တာယိတို့ ပေါ်လာချိန်တွင် ထိုလူကြီး၏မျက်ဝန်းများ ပြူးကျယ်သွားသည်။ သက်လတ်ပိုင်းလူကြီးအနောက်မှ တပ်ကြပ်မကွာလိုက်လာသည့် ဝမ်ယန်ကျန်းကလည်း မြွေပွေးနှစ်ကောင်၏ ရုတ်တရက်တိုက်ခိုက်မှုကို ကံကောင်းထောက်မစွာဖြင့် ရှောင်ရှားနိုင်ခဲ့သည်။ သူ့စိတ်ထဲတွင်မူ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ရလေအောင် ဤနေရာမှ ရှောင်ပြေးလိုက်ချင်ပြီဖြစ်သည်။

မော့တာယိက အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်။ တစ်ချက်မျှ ကိုက်လိုက်ရုံနှင့် လူတစ်ယောက်က ဘုန်းဘုန်းလဲကျသွားနိုင်သည်။ သို့သော် ဂူသင်္ချိုင်းဖောက်ထွင်းသမားများက အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသော မြွေဆိပ်ကာကွယ်နိုင်သည့် ဝတ်စုံများကို ဝတ်ဆင်ထားသောကြောင့် ဘယ်မြွေကိုမှ သူတို့မဖြုံပေ။ ဝတ်စုံ၏ အစိတ်အပိုင်း တော်တော်များများကို သတ္တုဖြင့် ပြုလုပ်ထားသည်။ မြွေပွေးများနှင့် အမှန်တကယ် ကြုံတွေ့လိုက်ရချိန်တွင် သူတို့အားလုံး အရင်လို ဝတ်စုံကလေးလွန်းသည်၊ အသက်ရှူကြပ်လွန်းသည်ဟု ညည်းမနေတော့ပေ။ ခေါင်းဆောင်းဂီယာများ ဝတ်ခိုင်းထားသည့် ဝမ်ယန်ကျန်းကိုပင် ကျေးဇူးတင်နေမိသည်။ မော့တာယိနှင့် ထိပ်တိုက်တိုးသူတိုင်းက များသောအားဖြင့် ကံမကောင်းကြပေ။ သူ၏ချွန်ထက်လှသောသွားစွယ်က လူသားတို့၏ အပေါ်ယံအဝတ်အစားများကို အလွယ်တကူ ထိုးဖောက်နိုင်သည်။ ယခုမူ သံထည်အဝတ်အစားများကြောင့် လူတစ်ချို့က လွတ်မြောက်သွားကြသည်။ လွတ်မြောက်လာသူများထဲတွင် ဝမ်ယန်ကျန်းနှင့် သတ်လတ်ပိုင်းလူကြီးတို့လည်း ပါဝင်သည်။

မော့လောင်တ၏ မျက်နှာက သုန်မှုန်နေပြီး မော့တာယိအား တည်ကြည်လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"အဲဒီလူတွေနောက်ကိုလိုက်စမ်း"

မော့တာယိက တစ်ခဏမျှ တွေဝေနေပြီးနောက် အကြံဥာဏ်ပေးသလိုနှင့် ပြောလာသည်။

"အရင်ဆုံးပြန်သွားပြီး...မျိုးနွယ်စုအကြီးအကဲတွေနဲ့လက်အောက်ငယ်သားတွေဆီသတင်းပို့လိုက်ရင်ပိုကောင်းမယ်ထင်တယ်...ခေါင်းဆောင်ခင်ဗျ"

မော့လောင်တက မော့တာယိအား အကြည့်စူးစူးတစ်ချက်ကြည့်ရင်း ပြန်ပြောသည်။

"ငါ...အဲဒီအကောင်တွေကိုအရှင်ဖမ်းလာပါ့မယ်လို့...ရှောင်ရှောင်းကိုကတိပေးထားခဲ့တာ...မေ့သွားပြီလား"

မော့တာယိ: "......."

မော့လောင်တ ထပ်ပြောသည်။

"တစ်ယောက်မှမလွတ်စေနဲ့...အကုန်သတ်ပစ်လိုက်...ငါရှောင်ရှောင်းအတွက်အရှင်တစ်ကောင်လောက်သွားဖမ်းလာလိုက်မယ်"

ထိုသို့ပြောပြီး မော့လောင်တက ဝမ်ယန်ကျန်းနှင့် သက်လတ်ပိုင်းလူကြီးတို့ ထွက်သွားသည့် အရပ်မျက်နှာသို့ ဦးတည်ကာ အရှိန်မြှင့်လျက် သွားတော့သည်။ မော့တာယိလည်း ဆန့်ကျင်ဘက်ဦးရာသို့ ထွက်လာခဲ့သည်။

"ဦးလေးရှု...ဒီဂူသင်္ချိုင်းက မြွေပွေးတွေက အရမ်းကြောက်စရာကောင်းပြီး အန္တရာယ်များတယ်.. ကျွန်တော်တို့ ရှေ့ဆက်မသွားတာ ကောင်းမယ်ထင်တယ်"

ဝမ်ယန်ကျန်းက မည်မျှတည်ငြိမ်ပြီး ရင့်ကျက်နေသူဖြစ်ပါစေ လူငယ်တစ်ဦးဖြစ်သောကြောင့် ဤသို့သော အခြေအနေမျိုးနှင့် ကြုံလာရသည့်အခါ ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ပေ။

သက်လတ်ပိုင်းလူကြီး၏ ခြေလှမ်းက တစ်စက်ကလေးမှ အရှိန်နှေးမသွားဘဲ အသက်ရှူနှုန်းကလည်း တည်ငြိမ်နေသည်။ ဂူသင်္ချိုင်းဖောက်ထွင်းရေးလောကတွင် ဖောက်ထွင်းသူတစ်ယောက် အဖြစ်ကျင်လည်ခဲ့သည်မှာ သက်တမ်းရင့်နေပြီ ဖြစ်သောကြောင့် လူငယ်ဖြစ်သည့် ဝမ်ယန်ကျန်းထက်ပို၍ ရင့်ကျက်တည်ငြိမ်သည်။ သက်လတ်ပိုင်းလူကြီးက ဝမ်ယန်ကျန်းကို တစ်ချက်မျှစူးစိုက်ကြည့်ရင်း စကားတစ်ခွန်းမှမဆိုချေ။ သူ့စိတ်ထဲတွင် ခပ်ဟဟရယ်လိုက်မိသည်။ ထွက်သွားရမယ်တဲ့လား... အခုထိဂူပေါက်ဝတောင် မရောက်သေးတာကို။ သို့သော် မြွေပွေးများအကြောင်း တွေးလိုက်မိသောအခါ သူ့မျှော်လင့်ချက်တို့ အနည်းငယ် မှေးမှိန်သွားသယောင်။

သက်လတ်ပိုင်းလူကြီး၏ အတွေးတို့က လက်တွေ့တွင် မှန်ကန်နေသည်။ သူတို့နှစ်ယောက်လုံး အတတ်နိုင်ဆုံး သုတ်ခြေတင်ကာ ပြေးလာကြသော်လည်း မြွေပွေးမျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် မော့လောင်တက မြန်ဆန်လွန်းလှသဖြင့် အချိန်တိုလေးအတွင်းတွင် လူသားနှစ်ယောက်ကို လိုက်မှီလာသည်။ သူတို့အနီးသို့ တဖြေးဖြေးချဥ်းကပ်လာသည့် မြွေတစ်ကောင်၏ လျှောတိုက်သွားလာသံကြောင့် နှစ်ဦးလုံး ကြက်သီးတဖြန်းဖြန်းထကာ ကျောစိမ့်သွားရသည်။

သက်လတ်ပိုင်းလူကြီးက အံကိုတင်းတင်းကြိတ်ပြီး ကျယ်လောင်စွာအော်ပြောသည်။

"ငါတို့ဒီလိုဆက်ပြေးနေလို့မဖြစ်ဘူး...မြွေတွေကလူတွေထက်ပိုမြန်တယ်...ဘယ်လိုပြေးပြေးမလွတ်ဘူး...အတူတူပေါင်းပြီးအဲဒီမြွေကိုသတ်ပစ်မှဖြစ်မယ်"

ထိုစကားကြောင့် ဝမ်ယန်ကျန်းတစ်ယောက် တုံ့ဆိုင်းသွားသည်။ ဆက်ပြေးနေလျှင် အမောဖောက်ပြီး သေရုံသာရှိမည်။ လွတ်လမ်းတော့မမြင်ချေ။ အကယ်၍ ထိုမြွေပွေးကိုသာ သတ်နိုင်လျှင် အသက်ရှင်နိုင်သည့် အခွင့်အရေးက ပိုများနိုင်သည်။

မော့လောင်တက သူတို့အနားသို့ တဖြေးဖြေးပိုပြီးနီးကပ်လာသည်။ ထိုအခိုက် ထိုလူနှစ်ယောက်လုံးကလည်း ဆက်မပြေးတော့ဘဲ ရပ်လိုက်ကြသည်။ မော့လောင်တလည်း သူ့မျက်စိရှေ့ရှိ လူနှစ်ယောက်ကို သတိတကြီး အကဲခတ်သုံးသပ်နေမိသည်။

အိုး...အရူးပေါက်လေးအတွက် ဘယ်တစ်ကောင်ကို ဖမ်းခေါ်သွားရင် အဆင်ပြေလောက်မလဲ..

မော့လောင်တ၏ အကြည့်စူးစူးက ထိုလူသားနှစ်ယောက်ကြား ကဆုန်ပေါက်နေသည်။ နှစ်ယောက်လုံးက ရုပ်ဆိုးလွန်းသောကြောင့် ရွေးရခက်နေသည်။ မော့လောင်တ တုံ့ဆိုင်းနေမိသော်လည်း နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့ကိုစပြီးတိုက်ခိုက်သည့်သူကို သတ်ပစ်ပြီး ကျန်တစ်ယောက်ကို အရှင်လတ်လတ် ခေါ်သွားရန် တွေးလိုက်မိသည်။

မော့လောင်တ၏အကြည့်က သက်လတ်ပိုင်းလူကြီးနှင့် ဝမ်ယန်ကျန်းအား ပိုလို့ပင် စိတ်မသက်မသာဖြစ်စေသည်။ ရုတ်တရက်ဆိုသလို သူ့ရှေ့ရှိမြွေပွေးက ဥာဏ်ရည်မြင့်သည့်မြွေဖြစ်လိမ့်မည်ဟု ဝမ်ယန်ကျန်းစိတ်ထဲ အာရုံရနေသည်။

"ကောင်လေး...ငါရှေ့ကနေအရင်ဆုံးဆော်လိုက်မယ်...မင်းကအဲဒီမြွေမည်းရဲ့အနောက်ကနေအလစ်ချောင်းတိုက်...မင်းကြောက်နေတဲ့ပုံစံကိုသူ့ရှေ့မှာလုံးဝသွားမပြမိစေနဲ့"

သက်လတ်ပိုင်းလူကြီးက မော့လောင်တကိုစူးစူးစိုက်စိုက်ကြည့်ရင်း ခပ်တိုးတိုးအသံဖြင့် ဝမ်ယန်ကျန်းအား ပြောလိုက်သည်။

မော့လောင်တက အမြီးလေးဝှေ့ယမ်းကာ သူ့ရှေ့မှလူနှစ်ယောက်ကို လှောင်ရယ်နေမိသည်။ သူတို့ပြောသည့်စကားများကို အကုန်နားလည်နေသောကြောင့် သနားတော့သနားမိသား။ ဘာတဲ့... အလစ်ချောင်းတိုက်မယ်တဲ့ ဟုတ်လား... အကုန်ကြားသွားပြီဆိုမှတော့ အလစ်ချောင်းတိုက်တယ်လို့ ခေါ်ပါ့ဦးမလား။

သို့သော်သက်လတ်ပိုင်းလူကြီးနှင့် ဝမ်ယန်ကျန်းမှာ မော့လောင်တ၏ အတွေးများကို မရိပ်မိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ မော့လောင်တလည်း ထိုလူနှစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ခဏတစ်ဖြုတ် ကစားပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်သက်လတ်ပိုင်းလူကြီးဆီသို့ တဖြေးဖြေး ချဥ်းကပ်သွားလိုက်သည်။

သက်လတ်ပိုင်းလူကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် လက်ဖဝါးနှစ်ဖက်လုံး ချွေးများအလွန်အမင်းထွက်နေသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း ဘောင်းဘီခါးပတ်နောက်တွင် ချိတ်ဆွဲထားသည့် ပစ္စတိုတစ်လက်ကိုထုတ်ကာ မြွေပွေးအနက်ရောင်တည့်တည့်ဆီသို့ ချိန်ရွယ်လိုက်သည်။ တစ်ဖက်လူ၏ လက်ထဲရှိ အရာဝတ္ထုကို မော့လောင်တမြင်ဖူးသည်။ အစောပိုင်းတွင် သူနှင့်မော့တာယိတို့ ထိုလူအုပ်ကြီးကို တိုက်ခိုက်ကြစဥ်တုန်းက လူတစ်ချို့မှာ ထိုပစ္စည်းလေးကိုထုတ်ကာ သူတို့နှစ်ကောင်ထံသို့ ချိန်ရွယ်လာကြသည်။ မောင်းတံခလုတ်ကို ဆွဲပြီးပစ်လွှတ်လိုက်ချိန်တွင် အသားနာသွားရုံကလွဲပြီး ဘာမှထူးထူးခြားခြားမဖြစ်သွားချေ။ ထိုအသုံးမဝင်သော လက်နက်ကြီးကို လူတွေဘာကြောင့်ဆောင်ထားမှန်း မော့လောင်တ နားမလည်နိုင်ချေ။

လူသားနှစ်ယောက် ကစားနေသည့်ဂိမ်းကြီးကို မော့လောင်တ အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။ သို့သော် သက်လတ်ပိုင်းလူကြီးနှင့် ဝမ်ယန်ကျန်းအတွက်မူ ဤသည်က သေရေးရှင်ရေးတမျှ အရေးကြီးလှသော တိုက်ပွဲတစ်ခုဖြစ်သည်။ ဟိုဖက်ဒီဖက် အကဲခတ်နေတုန်း မော့လောင်တက ဦးစွာတိုက်ခိုက်သည်။ သူ့အမြီးကို မြေပြင်ပေါ်တွင် ကြမ်းတမ်းစွာ ရိုက်ပုတ်အရှိန်ယူပြီး လေထဲသို့ တစ်ဟုန်ထိုး ပျံထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မော့လောင်တက သက်လတ်ပိုင်းလူကြီးရှေ့တည့်တည့်သို့ ရောက်သွားသည်။ ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ချိန်တွင် တောက်ပပြောင်လက်နေသော အဆိပ်ပြင်းလှသည့် အစွယ်ထက်ထက်များ ပေါ်ထွက်လာသည်။ သက်လတ်ပိုင်းလူကြီးကလည်း ပစ္စတိုကို မော့လောင်တထံမှမလွှဲပဲ မောင်းတံကိုဆွဲကာ ကျည်ဆန်တစ်တောင့် ပစ်လွှတ်လိုက်သည်။ အန္တရာယ်အငွေ့အသက်ကို သတိထားမိသောကြောင့် ဘေးသို့ရှောင်လိုက်သည့် မော့လောင်တက ကံကောင်းထောက်မစွာဖြင့် ကျည်ဆန်နှင့် သီသီလေးလွတ်သွားသည်။ သူနှင့်သက်လတ်ပိုင်းလူကြီးတို့ကြားရှိ အကွာအဝေးမှာ သုံးမီတာခန့်သာ ကျန်တော့သည်။ သက်လတ်ပိုင်းလူကြီးက အထိတ်တလန့်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။ သို့သော် မော့လောင်တက ဆယ်မီတာခန့်ရှည်သော သူ့ခန္ဓာကိုယ်ကို ဆွဲဆန့်ပြီး ထွက်ပြေးဖို့လုပ်နေသော သက်လတ်ပိုင်းလူကြီး၏ လည်ပင်းကို ကိုက်ခဲလိုက်သည်။ ထိုစဥ် ဝမ်ယန်ကျန်းက အနောက်မှနေပြီး မော့လောင်တအား လျှပ်တပြက်တိုက်ခိုက်သည်။ မော့လောင်တက အနောက်ကိုတစ်ချက်ကြည့်ပြီး ဝမ်ယန်ကျန်းအား အမြီးဖြင့် ရိုက်ထုတ်လိုက်ရာ မလှမ်းမကမ်းရှိ ပင်စည်ကြီးကြီး သစ်ပင်တစ်ပင်ဆီသို့ လွင့်ထွက်သွားသည်။

မော့လောင်တက သက်လတ်ပိုင်းလူကြီး၏ဂုတ်ကို ကိုက်ခဲထားရာမှ လွှတ်ပေးလိုက်သည်။ သို့သော် မြွေဆိပ်က ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြန့်နှံ့နေပြီဖြစ်သည်။

သစ်ပင်တစ်ပင်ဘေးတွင် လဲကျနေသော ဝမ်ယန်ကျန်းမှာ သွေးလန့်သွားသဖြင့် ဦးလေးရှုသေသလား ရှင်သလားဆိုတာကိုလည်း ဂရုမစိုက်တော့ပေ။ ခြေဆစ်လွဲသွားသည့် ခြေထောက်နှစ်ဖက်ကို အားပြုပြီး မြေပြင်ပေါ်မှ ကုန်းရုန်းထကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားသည်။ ထိုစဥ် မော့လောင်တက အော်ပြောလိုက်သည်။

"ငြိမ်ငြိမ်ရပ်နေ...ဘယ်မှမသွားနဲ့"

ထိုအသံကို ကြားလိုက်ရခိုက် ဝမ်ယန်ကျန်းတစ်ယောက် ကြောင်အသွားသည်။

မော့လောင်တလည်း စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ပါးစပ်အဟောင်းသားနှင့် ကြောင်အပြီးရပ်နေသည့် သကောင့်သားက ခပ်တုံးတုံးလူတစ်ယောက် ဖြစ်ဟန်ပေါ်သည်။ ဖြတ်ထိုးဥာဏ်ကောင်းပုံရသော သက်လတ်ပိုင်းလူကြီးကို သတ်လိုက်မိသဖြင့် နောင်တရချင်သလိုလို ဖြစ်လာသည်။ သို့သော် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ဒီငတုံးကို အရူးပေါက်လေးဆီ ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

သူ့အမြီးနှင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဝမ်ယန်ကျန်း၏ ဘေးပတ်ပတ်လည်တွင် ရစ်ပတ်လိုက်သည်။ ဝမ်ယန်ကျန်းက ယခုအချိန်အထိ အသိပြန်မလည်လာသေးပေ။ ထို့ကြောင့် မော့လောင်တလည်း ဝမ်ယန်ကျန်းအား ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။

"အသိပြန်ဝင်လာစမ်း...သတိကပ်စမ်း...ဒီအတိုင်းပဲရပ်မနေနဲ့"

မော့လောင်တ၏ ကြည်လင်ပြတ်သားနေသော စကားသံကို ကြားလိုက်ရမှ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်အားလုံးက အိပ်မက်မဟုတ်ဘဲ တကယ့်လက်တွေ့မှန်း ဝမ်ယန်ကျန်း သဘောပေါက်သွားတော့သည်။ သူကိုယ်တိုင် ဤမြွေသင်္ချိုင်းသို့ ရောက်လာခဲ့ပြီး အဖွဲ့သား ဆယ့်ငါးယောက်နှင့်အတူ ထူးဆန်းသော တောင်ပေါ်တွင် ခုနစ်ရက်မျှ လှည့်လည်သွားလာနေခဲ့သည်။ သို့သော် ဂူသင်္ချိုင်း၏ တည်နေရာအတိအကျနှင့် ပတ်သတ်ပြီး သဲလွန်စတစ်ခုမှမရခဲ့ပေ။ ပထမပိုင်းတွင် အရာအားလုံးက အဆင်ပြေနေသေးသည်။ ထို့နောက် မထင်မှတ်ထားစွာဖြင့် မြွေပွေးနှစ်ကောင်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အဖွဲ့သားများ မည်သို့မည်ပုံ ကျန်ရစ်နေခဲ့သည်ကို ဂရုမစိုက်အားပဲ သူနှင့်ဦးလေးရှုတို့နှစ်ယောက် ကိုယ်လွတ်ရုန်းကာ အသက်လုပြီး ပြေးခဲ့ကြသည်။ သို့သော် ဦးလေးရှုကလည်း မြွေပွေး၏ တိုက်ခိုက်မှုကြောင့် အသက်ပျောက်သွားပြီဖြစ်သည်။ ယခုမူ ထိုမြွေပွေးက သူ့ကိုတိုက်ခိုက်ပြီး စကားပြောလာသည်။

မြွေကြီးက စကားပြောနေတာ... လူတွေပြောတဲ့စကားကို ပြောနေတာ... လူစကားကို နားလည်နေတာ။

"ခေါင်းဆောင်...ဒီမှာဘာလုပ်နေတာလဲ"

မော့တာယိက မလှမ်းမကမ်းရှိ ချုံပုတ်ထဲမှ ထွက်လာသည်။

"တစ်ယောက်တော့ဖမ်းမိထားတယ်...ဒါပေမဲ့နည်းနည်းရူးကြောင်ကြောင်ကောင်ပဲ...မင်းကောဘယ်နှစ်ယောက်လောက်ဖမ်းမိထားလဲ"

မော့တာယိက ဝမ်ယန်ကျန်းအား မှိုင်တွေတွေကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်လည်းတစ်ယောက်ပဲဖမ်းမိသေးတယ်...တစ်ခြားသူတွေနောက်လိုက်ပြီးအကုန်လက်စဖျောက်ခဲ့ပါ့မယ်...လူသားတွေရဲ့အနံ့ကိုကျွန်တော်အာရုံမခံနိုင်လို့ခေါင်းဆောင်ကိုလာရှာတာပါ"

ထိုမြွေနှစ်ကောင်၏စကားကို နားထောင်ရင်း ဝမ်ယန်ကျန်း၏ မျှော်လင့်ချက်အားလုံး ပျက်သုဥ်းပြီး လက်မှိုက်ချသွားရသည်။

ထို့နောက်မော့လောင်တထံမှသြရှရှအသံတစ်ခုထွက်ပေါ်လာသည်။

"အဲဒီလူတွေကို...ဂူသင်္ချိုင်းထဲလုံးဝဝင်ခွင့်ပေးလို့မဖြစ်ဘူး...အရင်ဆုံးရှောင်ရှောင်းဆီ ပြန်သွားပြီးမှ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးကြရအောင်"

"ဒါဆိုရင်...ဒီလူသားကိုဘာလုပ်လိုက်ရမလဲ"

မော့တာယိက ဝမ်ယန်ကျန်းကိုကြည့်ရင်း မေးလာသည်။

"သူ့ကိုလမ်းညွှန်ပြီး...အရှေ့ကနေ လမ်းလျှောက်သွားခိုင်းလိုက်"

မော့လောင်တ ချက်ချင်းပြန်ပြောသည်။

ထိုသို့နှင့် ဝမ်ယန်ကျန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အရှေ့မှဦးဆောင်ပြီး သွားရတော့သည်။ မော့လောင်တနှင့် မော့တာယိတို့က သူ့အနောက်မှ တပ်ကြပ်မကွာ လိုက်လာသည်။

"လမ်းသွားတာလည်း နှေးကွေးနေရောပဲ..."

နေ့တစ်ဝက်လောက် ခရီးနှင်ပြီးနောက် မော့တာယိက မနေနိုင်တော့ပဲ ညည်းညူပြောဆိုလာသည်။

"အင်း...တကယ်ကိုနှေးလွန်းတယ်...လူတွေကဘာလို့ဒီလောက်အားနည်းနေရတာလဲ...ထူးဆန်းလိုက်တာ"

မော့လောင်တလည်း စိတ်ပျက်စွာဖြင့် ကောက်ချက်ချသည်။

မြွေပွေးမျိုးနွယ်စု၏ မှတ်ဉာဏ်အမွေထဲတွင် လူသားမျိုးနွယ်များကို ဖော်ပြထားသည့် အတိတ်သမိုင်းများ ပါရှိသည်။ ဤဂူသင်္ချိုင်းဟောင်းကို ဖန်တီးခဲ့သူမှာ လူသားများဖြစ်ပြီး မှတ်ဉာဏ်အမွေထဲတွင် လူသားများက အင်အားကြီးမားသည့် ဇာတ်ကောင်များ ဖြစ်ကြသည်။ အရေးအကြီးဆုံးအချက်မှာ မြွေပွေးများက လူသားများကို ကာကွယ်ပေးရခြင်း ဖြစ်သည်။ သို့သော် လူသားများပေါ်မလာခဲ့သည်မှာ အချိန်ကြာလွန်းသောကြောင့် လူသားများက မည်သို့မည်ပုံဖြစ်သည်ကို မြွေပွေးများလည်း သေချာမသိခဲ့ကြပေ။ ထို့ကြောင့် ယခုလူသားများ ပြန်ပေါ်လာသောအခါ မော့လောင်တ အလွန်စိတ်ပျက်မိသည်။ လူသားမျိုးနွယ်က ဘာမှလည်း ထူးခြားမနေဘူး။

"တစ်ခုခုသောက်လို့ရမလားဟင်"

တစ်နေ့လုံး အသက်လုပြေးလွှားလာရသည့်အပြင် နေပူပူ အောက်တွင် နေ့တစ်ပိုင်းလုံး လမ်းလျှောက်လာရသောကြောင့် ဝမ်ယန်ကျန်းလည်း သည်းမခံနိုင်တော့ဘဲ ရေတောင်းသောက်လိုက်မိသည်။ ရေဆာလွန်း၍ အာခေါင်များပင် ခြောက်နေပြီဖြစ်သည်။ သူ့နှုတ်ခမ်းများက ဖြူဖျော့ပြီး အက်ကွဲနေသည်။ မျက်စိရှေ့ရှိ အရာအားလုံးကလည်း မှုန်ဝါးဝါးဖြစ်လာပြီး လျှောက်နေသောလမ်းကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

"အေး အေး...သွား...သွား"

မော့လောင်တ အမြီးကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ တကယ့်ကို လိုအပ်ချက်တွေ များလိုက်တာ။

ထိုအခိုက်အတန့်တွင် မော့လောတ စိတ်ပျော်ပျော်မပျော်ပျော် ဝမ်ယန်ကျန်း ဂရုမစိုက်နိုင်တော့။ ထို့နောက် မြစ်ကမ်းဘေးတွင် ဝမ်းလျားထိုးချလိုက်သည်။ ရေသန့်တာတွေ မသန့်တာတွေ ဂရုမစိုက်နေတော့ဘဲ တစ်ဝကြီး သောက်ပစ်လိုက်သည်။ မြစ်ကမ်းဘေးတွင် လမ်းလျှောက်နေပြီး ရေမသောက်ခဲ့ရသောကြောင့်လားမသိ ဝမ်ယန်ကျန်းတစ်ယောက် ပိုပိုပြီး ရေဆာလာသလို ခံစားရကာ အဆက်မပြတ် ရေတောင်းသောက်နေမိတော့သည်။

ကျန်နေ့တစ်ပိုင်းလုံး လမ်းလျှောက်ပြီးနောက် သူရိန်နေမင်းကြီးက တောင်၏အနောက်ဘက်တွင် ကွန်းခိုနေပြီဖြစ်သည်။ မော့လောင်တတို့သုံးကောင်သားလည်း ယင်ရှောင်ရှောင်းနှင့် နီးသထက်နီးလာသည်။