အပိုင်း ၇၈
Viewers 12k

🐍Chapter 78



ယင်ရှောင်ရှောင်း အနည်းငယ် ပျင်းရိလာသလို ခံစားမိသည်အတွက် မြေပြင်ပေါ်တွင် လှိမ့်လို့နေသည်။

ဘယ်လှိမ့်.. ညာကိုလှိမ့်.. ဘယ်ကိုပြီးရင် ညာကိုလှိမ့်..

ထို့နောက်တွင် မခံစားနိုင်တော့သည့် ဟွားရှောင်ဟွားဖြင့် အမြီးဖြင့်တို့ကာဖြင့် ရပ်ခိုင်းလိုက်ရသည်။

“ယင်ရှောင်ရှောင်းရေ.. သား ခဏလောက်များ ငြိမ်ငြိမ်လေး မနေနိုင်ဘူးလားဟင်..”

“ဒါပေမဲ့ သားက ပျင်းနေတာကို.. တဟေးတန်ကလည်း ဘာကိစ္စနဲ့ ပြန်မလာသေးတာလဲ မသိဘူး..”

ယင်ရှောင်ရှောင်းမှာ စိတ်အနှောင့်အယှက်ဖြစ်သည့် အမူအရာဖြင့် အမြီးအား လွှဲယမ်းနေလေသည်။

“မင်း အသက်ဘယ်လောက်ရှိနေပြီတုန်း.. အခုထိ ငြိမ်ငြိမ် မထိုင်နိုင်တဲ့အပြင် အဲဒီ မော့မြွေပြန်လာတာကို စောင့်နေတုန်းလား..”

ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား အမြီးဖြင့် အသာပုတ်လိုက်သည်။ ထို့နောက်တွင် မကျေနပ်သည့် လေသံဖြင့် ပြောသည်။

“သားမှာ လက်တွဲဖော်ရှိလာပြီဆိုတော့ ပါပါးတို့ကို အခုကတည်းက မေ့နေပြီပေါ့.. ဟွန့်..”

“အဲလိုမဟုတ်ဘူးလို့..”

ယင်ရှောင်ရှောင်း အလျင်စလိုထကာ ဟွားရှောင်ဟွားအား မှီလိုက်သည်။ ထို့နောက် သူ၏ခေါင်းဖြင့် ဟွားရှောင်ဟွား၏ မေးအောက်ကို ပွတ်လို့နေသည်။

“ဒီမိသားစုထဲမှာ သားအချစ်ဆုံးက ဖေဖေနဲ့ ပါပါးပါနော်..”

ဟွားရှောင်ဟွား ခပ်သာသာ ဟွန့်ခနဲပြုသည်။

ယုံချင်ပါတယ်နော်..

ဟွားရှောင်ဟွားမှာ သူ၏နှလုံးသားထဲမှ ယင်ရှောင်ရှောင်းပြောသည်အား ယုံချင်သော်ငြား ရယ်မောမိလိုက်သည်။

နံဘေးတွင် လဲလျောင်းနေသည့် ယင်တပိုင်မှာလည်း ဟွားရှောင်ဟွားနှင့် ယင်ရှောင်ရှောင်းအား ကြည့်ကာ ရယ်မောလိုက်သည်။ ရုတ်တရက်ဆိုသလို ခေါင်းငဲ့ကာ နားထောင်လိုက်သည်။

“ပြန်လာကြပြီ..”

ယင်ရှောင်ရှောင်းမှာ ယင်တပိုင်ပြောသည်အား ကြားပြီးသည့်နောက်တွင် ဟွားရှောင်ဟွားအား အလျင်စလို ပစ်ပယ်ကာဖြင့် လှည့်ပတ်ရှာလေသည်။

“ဘယ်မှာလဲ.. ဘယ်မှာလဲ..”

ဟွားရှောင်ဟွား : “...”

“တဟေးတန်ကို မြင်ရပြီ..”

ယင်ရှောင်ရှောင်း ပျော်ရွှင်တက်ကြွစွာဖြင့် မော့လောင်တထံသို့ သွားလေသည်။

သူတို့ ယင်ရှောင်ရှောင်း၊ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့နှင့် နီးကပ်လာသည့်အခါ မော့လောင်တမှာ ဝမ်ယန်ကျန့်အား ကျော်တက်လိုက်သည်။

‘ဟွန့်.. ဟွန့်.. အရူးပေါက်လေး ပထမဆုံး မြင်တဲ့သူက ငါပဲဖြစ်ရမှာနော်.. အဲဒီ အရုပ်ဆိုးဆိုး သတ္တဝါကို အရင်ဆုံးမြင်ခွင့် မပေးလိုက်နိုင်ဘူး..’

သို့သော်လည်း ရလဒ်မှာမူ _ “တဟေးတန်ရေ.. တဟေးတန်.. အဲဒီထူးထူးဆန်းဆန်း သတ္တဝါက ဘယ်မှာလဲဟင်..”

ဤသို့ဆိုလျှင် ယင်ရှောင်ရှောင်း ပျင်းရိငြီးငွေ့စွာဖြင့် မော့လောင်တ ပြန်လာသည်ကို စောင့်မျှော်နေရသည့် အကြောင်းမှာ ထူးဆန်းသည့် သတ္တဝါမှာ မည်သည်နှင့် တူသည်ကို မြင်တွေ့လိုခြင်းကြောင့်ပင်။

“...”

မော့လောင်တ : “...”

ဝမ်ယန်ကျန့်နှင့် မော့တယိမှာ မော့လောင်တ၏နောက် ခြေလှမ်းအနည်းငယ်ခန့် အကွာတွင် ရှိလေသည်။ ယင်ရှောင်ရှောင်း မေးပြီးသည့် အချိန်မှာပင် ဝမ်ယန်ကျန့်နှင့် မော့တယိတို့ ရောက်ရှိလာကြသည်။ ယင်ရှောင်ရှောင်းမှာ သဘာဝကျစွာပင် မော့တယိအား လျစ်လျူရှုလိုက်ပြီး ‘ထူးဆန်းသည့် သတ္တဝါ’ အား ကြည့်လိုက်ပြီးနောက် ယင်ရှောင်ရှောင်း အလွန်အံ့အားသင့်လို့နေသည်။

“အမ်.. လူလား..”

ဝမ်ယန်ကျန့်မှာ အခြားမြွေတစ်ကောင် စကားပြောသည်ကို ကြားလိုက်သည့်တိုင်အောင် အံ့အားသင့်ဖို့ရန်ပင် ခွန်အားမရှိတော့ချေ။ ယခုအချိန်တွင် ဝမ်ယန်ကျန့်မှာ ‘ရေသောက်ချင်တယ်.. ရေသောက်ချင်နေပြီ.. အစာ.. အစာကျွေးကြပါ.. မင်းတို့မြွေတွေက တစ်ကြိမ်စားပြီး ရက်ပေါင်းများစွာ နေနိုင်ပေမဲ့ ငါတို့လူတွေက မစားရရင် သေလုမတတ် ဗိုက်ဆာတတ်တယ်ကွ.. ဒီနေ့အလုပ်က အတော်လေး ပြင်းထန်လွန်းတယ်..’ ဟူ၍သာ စဉ်းစားနိုင်လေသည်။

ဝမ်ယန်ကျန့်မှာ အမှန်တကယ်ကိုပင် ဤမြွေများသည် မည်သည်ကြောင့် သူအားမသတ်ဘဲ အသက်ရှင်ခွင့် ပေးခဲ့သည်ကိုပင် အံ့အားသင့်နိုင်စွမ်း မရှိတော့ပေ။ ဗိုက်ပြည့်အောင် စားသောက်ပြီး ရေငတ်ပြေသည့် အခါမှသာ ထိုအကြောင်းအား အံ့ဩပစ်လိုက်မည်။

ယင်ရှောင်ရှောင်းသည် ဗလာမျက်လုံးများဖြင့် မော့လောင်တအား လှည့်ကြည့်လိုက်သည်။

“ခင်ဗျားကတိပေးခဲ့တုန်းက ထူးထူးဆန်းဆန်း သတ္တဝါဆို ဟုတ်တယ်မလား.. အခုတော့ ဘာဖြစ်လို့ လူတစ်ယောက်နဲ့ ပြန်လာတာလဲ.. ခဏလေး.. ဒီနေရာမှာ ဘာဖြစ်လို့ လူတစ်ယောက် ရှိနေရတာလဲ..”

ယင်ရှောင်ရှောင်းသည် တစ်စုံတစ်ခု မူမမှန်ဟု ခံစားမိလိုက်သည်။ လူသားများမှာ ဤနယ်နိမိတ်ထဲ၌ ရှိမနေသင့်ချေ။ ကျိခန်းမှာ လူသားတစ်ဦး ဖြစ်သော်လည်း သရဲတစ္ဆေတစ်ကောင် ဖြစ်နေသည့်အတွက် လူသားဟု မယူဆနိုင်ပေ။

နံဘေးတွင်မူ မော့လောင်တမှာ ယင်ရှောင်ရှောင်း ပြောသည်အား ကြားပြီးသည့်နောက်တွင် အတော်လေး စိတ်ဓာတ်ကျနေမိသည်။ သူ၏ အချစ်ကလေးမှာ အကျိုးအကြောင်းမသင့်လှချေ။

“ဒီလူတွေက ကိုယ်တို့ နယ်နိမိတ်ရဲ့ အပြင်ဘက်က လာတာပဲ ဖြစ်ရမယ်..”

ယင်ရှောင်ရှောင်း ‘အာ..’ ဟု အသံပြုပြီးနောက် ဝမ်ယန်ကျန့်အား ကြည့်လိုက်သည်။

မြွေသင်္ချိုင်းအတွင်းသို့ ဝင်ရန်အတွက် ဝမ်ယန်ကျန့်သည် အထူးသတ္တုစပ်ဝတ်စုံများအား ဝတ်ဆင်ထားသည်။ ပြင်ဘက်ကမ္ဘာတွင်မူ ထိုဝတ်စုံအများစုသည် အဖြူရောင်ဖြစ်သော်ငြား ယခုအခါတွင် သဘာဝကျစွာပင် အလွန်ညစ်ပေနေပြီ ဖြစ်သည်။ သူ၏ခေါင်းတွင် အထူးခေါင်းဆောင်းတစ်ခုလည်း ဆောင်းထားသေးသည်။ ခေါင်းဆောင်း၏ မျက်နှာပြင်မှာ ထွင်းဖောက်မြင်နိုင်ပြီး ဝတ်ဆင်သူ၏ အမြင်အာရုံအား ဖုံးကွယ်နိုင်ခြင်း မရှိတော့ချေ။ ဝမ်ယန်ကျန့်မှာ မူလက ကျောပိုးအိတ်တစ်ခုအား သယ်ဆောင်ထားခဲ့သော်လည်း ကြီးမားသည့် တိုက်ပွဲအတွင်းတွင် ထိုကျောပိုးအိတ်မှာ အစောပိုင်းအချိန်မှာပင် လွှင့်ပစ်ခံလိုက်ရလေသည်။

ယင်ရှောင်ရှောင်းမှာ ခေါင်းလေးစောင်းကာဖြင့် ကြောင်အလို့နေပြီးနောက် မေးလိုက်သည်။

“အခု အပြင်ဘက်ကမ္ဘာက လူတွေက ဒီလိုမျိုး ထူးထူးဆန်းဆန်း ဝတ်စုံတွေကို ဝတ်နေကြပြီလား..”

လှပတင့်တယ်မှု နည်းနည်းလေးမှပင် ရှိမနေချေ။ ယင်ရှောင်ရှောင်းသည် ဝမ်ယန်ကျန့်၏ ဘောင်းဘီအား ထိကြည့်လိုက်သည်။ ခပ်တောင့်တောင့် ဖြစ်နေသည်။ ထိုအဝတ်များ ဝတ်ဆင်ရခြင်းမှာ သက်သောင့်သက်သာ ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်ယန်ကျန့်မှာ မြွေတစ်ကောင်၏ မေးခွန်းအား ဖြေဆိုချင်စိတ် မရှိသော်လည်း ယင်ရှောင်ရှောင်း၏နောက်တွင် မော့လောင်တ၏ ရက်စက်ပြတ်သားသည့် အကြည့်များမှာ ဝမ်ယန်ကျန့်အား ပါးစပ်ဖွင့်ကာ ဖြေဆိုလာအောင် ပြုလုပ်နေသည်။

“မဟုတ်ပါဘူး.. ဒီအဝတ်တွေက ဝင်ဖို့... ဒီအဝတ်တွေက ဒီနေရာကိုဝင်ဖို့ အထူးချုပ်လုပ်ထားတာ..”

ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ယန်ကျန့်၏ သံသယတို့ မြင့်တက်လာသည်။ မြွေတစ်ကောင်အနေဖြင့် အဝတ်အစားများ ဝတ်ဆင်ဖို့ရန် လုံးဝ မလိုအပ်ချေ။ ထိုသို့ဖြစ်လျှင် ဤမြွေသည် မည်သည်ကြောင့် ‘အဝတ်အစားများ’ ရှိနေသည့်အကြောင်းအား သိနေရပါသနည်း။

မော့လောင်တမှာမူ သံသယတို့ ရှိမနေပါချေ။ သူတို့ အရူးပေါက်လေး၏ ထူးခြားဆန်းကြယ်မှုများမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ထို့အပြင် မော့လောင်တသည်လည်း အဝတ်အစားများ ဟူသည်ကို သိရှိလို့ နေပါသည်။ ကျိခန်းသည် အဝတ်များ ဝတ်ဆင်ထားတတ်သည် မဟုတ်ပါလော။ ကျိခန်းဝတ်ဆင်တတ်သည့် ဝတ်စုံများမှာ သူ၏အရှေ့တွင်ရှိနေသည့် လူသားဝတ်ဆင်သည်နှင့် အမှန်တကယ် မတူလှချေ။ ထို့ကြောင့် အရူးပေါက်လေး၏ မေးခွန်းမှာ ဆီလျော်ပေသည်။

“ဒီနေရာကိုဝင်ဖို့ အထူးချုပ်ထားတာ ဟုတ်လား..”

ယင်ရှောင်ရှောင်း ရေရွတ်လိုက်သည်။ ထို့နောက်တွင် တစ်စုံတစ်ခုအား သဘောပေါက်လိုက်ပြီ ဖြစ်သည်။

“ခင်ဗျားတို့က သင်္ချိုင်းဖောက်ဖို့ လာကြတာပေါ့..”

“အဟွတ်.. အဟွတ်..”

ဤငွေရောင်မြွေ၏ စကားပြောပုံမှာ အလွန်တဲ့တိုးဆန်လှသည်။ ဝမ်ယန်ကျန့်မှာ အလွန်အရေထူသူ ဖြစ်သော်လည်း ဤမြွေ၏ မေးခွန်းမှာ သူ့အား အနည်းငယ် ကိုးရိုးကားယားဖြစ်အောင် လုပ်နိုင်ဆဲပင်။ ထို့ကြောင့် မပြတ်မသား တုံ့ပြန်ရုံသာ ရှိတော့သည်။

“အိုး.. အဲဒါက.. ဟုတ်တယ်.. ငါလည်း အဲလိုထင်တာပဲ..”

ယင်ရှောင်ရှောင်းသည် ‘ဟုတ်တယ်’ ဟူသည့် စကားအပေါ်တွင်သာ အာရုံစိုက်ထားပြီး အခြားစကားလုံးများအား လျစ်လျူရှုလိုက်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း၏ မျက်နှာမှာ ထူးဆန်းလာသည်။ ဝမ်ယန်ကျန့်အား အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်တွင် ပြောသည်။

“ကံကောင်းပြီးတော့ ခင်ဗျားက သင်္ချိုင်းဟောင်းထဲကို မဝင်ရသေးလို့ပေါ့.. မဟုတ်ရင်တော့...”

ယင်ရှောင်ရှောင်း ခေါင်းယမ်းကာဖြင့် သက်ပြင်းချလိုက်သည်။ မူသောင်ထဲရှိ ထောင်ချောက်များအား ပေါက်ကွဲစေပြီး ဖြစ်သော်လည်း သင်္ချိုင်းခန်းမ၏ အောက်ခြေတွင် ကျန်ရှိနေဆဲဖြစ်သည်မှာ သေချာသည်။ ဤလူများသည် လူခေါင်းတောင်ပို့ထဲသို့ ပါဝင်ချင်ပုံရသည်။ လူသားအရိုးစုများ ဖြစ်လာလိမ့်မည်။ သင်္ချိုင်းဟောင်းထဲသို့ ဝင်ချင်ကြသည်မှာ သေချာပါ၏လော။

‘ဟုတ်ပြီ.. မင်းတို့တွေ ကံကောင်းထောက်မပြီး အဲဒီနေရာက လွတ်လာပြီး ပင်မသင်္ချိုင်းခန်းမထဲကို ဝင်သွားနိုင်ရင်တောင် ဟေးဟေးဟေး.. အဲဒီမှာ တစ္ဆေကျိခန်း ရှိနေသေးတာကို မမေ့နဲ့.. နှစ်ထောင်နဲ့ချီ သက်တမ်းရှိတဲ့ တစ္ဆေတစ်ကောင်လေ.. မင်းတို့ သင်္ချိုင်းဖောက်မယ့်ကောင်တွေက တစ္ဆေတစ်ကောင်ကို ထိန်းချုပ်နိုင်မှာ လုံးဝမဟုတ်ဘူး.. မြည်းခွာတွေက အသုံးမဝင်ဘူးနော်.. ကျုံးဇီတွေက သရဲမဟုတ်ဘူးကွ..’

ဝမ်ယန်ကျန့် အမှန်တကယ် ရှုပ်ထွေးနေမိသည်။ ယင်ရှောင်ရှောင်းအား မည်သည့်အရာက သက်ပြင်းချစေမိမှန်း သူမသိချေ။

“ရှောင်ရှောင်းရေ.. ဒီ ထူးထူးဆန်းဆန်း သတ္တဝါလို့ ခေါ်တဲ့စာက လူသားတွေပဲလေ.. မင်းကြည့်ပြီးပြီ ဆိုရင်လည်း ဒီလူက နေလို့မရဘူးနော်..”

မော့လောင်တ ရုတ်တရက် ပြောလေသည်။

ဝမ်ယန်ကျန့် ထိတ်လန့်သွားလေသည်။ ဤအနက်ရောင်မြွေသည် သူ့အား သတ်တော့မည်လော။ ဝမ်ယန်ကျန့်မှာ မသိစိတ်မှ ထွက်ပြေးဖို့လိုပြီဟု ခံစားနေမိသော်လည်း သူ၏ လက်တလောအခြေအနေအား အမှတ်ရမိသည့်အခါ ကူကယ်ရာမဲ့စွာဖြင့် ခါးသက်စက် ရယ်မောရုံသာ တတ်နိုင်သည်။ ဘာကိုထွက်ပြေးမှာလဲ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့်ဆိုလျှင် ခါးသက်စွာ မသေဆုံးခင် ခြေတစ်လှမ်း နှစ်လှမ်းခန့် လှမ်းနိုင်ရုံသာ တတ်နိုင်သည်။ ဝမ်ယန်ကျန့် မျှော်လင့်ချက်မဲ့နေလေပြီ။ မြေပြင်ပေါ်တွင် ထိုင်ကာဖြင့် သေဖို့ရန် စောင့်နေရသည်။ မြွေသင်္ချိုင်း.. အာ.. မြွေသင်္ချိုင်းတဲ့။ ဤနေရာသို့ ဝင်မလာခဲ့သင့်ချေ။

“ခဏနေဦး..”

ယင်ရှောင်ရှောင်းသည် ဝမ်ယန်ကျန့်အား မော့လောင်တ သတ်မည့်ဘေးမှ တားဆီးလိုက်သည်။

“ဘာဖြစ်လို့လဲ..”

မော့လောင်တ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ယင်ရှောင်ရှောင်း ခေတ္တတွေးတောပြီးနောက် ပြောသည်။

“ဒီလူက အသုံးဝင်နေသေးတယ်.. ခင်ဗျားမှတ်မိတယ်မလား.. အဲဒီမှာ တခြားလူသားတွေ ရှိနေဦးမှာ.. သူကနေတဆင့် ကျန်တဲ့လူတွေ ဘယ်နေရာမှာ ရှိမလဲဆိုတာ ကျွန်တော်တို့ သိနိုင်တယ်လေ.. ပြီးတော့.. ပြီးတော့.. ကျွန်တော်တို့တွေ သူ့ကို ထောင်ချောက်အဖြစ် သုံးပြီးတော့ ရန်သူရဲ့ ခွန်အားကို စမ်းသပ်နိုင်တယ်လေ.. သူက အရမ်းအသုံးဝင်နေတုန်းပဲ..”

ယင်ရှောင်ရှောင်း ပြောပြီးသည့်နောက်တွင် သူပြောသည်မှာ မှန်သည်ဟူသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကြည့်လိုက်ပြီးနောက် ပြောသည်။

“ဟုတ်ပြီ.. မင်းပြောတာလည်း မှန်တယ်.. ရှောင်ရှောင်း.. မင်းက တကယ့်မြွေတစ်ကောင်ပဲ..”

“ကျွန်.. ကျွန်တော်သိတယ်..”

ယင်ရှောင်ရှောင်း အပြစ်ရှိစိတ်အနည်းငယ်ဖြင့် ပြောသည်။ ဟုတ်သည်။ ယင်ရှောင်ရှောင်း၏ လူအမည်မှာ ‘လျိုဟော်’ ဖြစ်သည့်တိုင်၊ ယင်ရှောင်ရှောင်းမှာ ယခင်ဘဝတွင် လူသားတစ်ဦး ဖြစ်ခဲ့သည်တိုင်၊ ယင်ရှောင်ရှောင်း၏ ဝိညာဉ်သည် ကျိခန်းနှင့် ထူးဆန်းသည့် မြွေများ၏ မျက်လုံးထဲတွင် လူသားတစ်ဦး ဖြစ်နေသည့်တိုင် ယခုအခါတွင် ယင်ရှောင်ရှောင်းအား ယင်ရှောင်ရှောင်းဟု ခေါ်ဆိုပြီး ယင်ရှောင်ရှောင်းမှာ မြွေတစ်ကောင် ဖြစ်လေသည်။ သူသည် မြွေတစ်ကောင်သာဖြစ်သည်။

ယင်ရှောင်ရှောင်း ဘေးသို့လှည့်လိုက်သည်။ မော့လောင်တသည် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့အား စကားပြောနေလေသည်။ ယင်ရှောင်ရှောင်းသည် မော့လောင်တအား မှင်တက်စွာ ကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လိုက်မိသည်။ သူ၏အရှေ့တွင် ရှိနေသည့် ဤမော့မြွေနှင့် အတူရှိသွားရတော့မည် ဖြစ်သည်။

ယင်ရှောင်ရှောင်း ခေါင်းလေးစောင်းကာဖြင့် ပြုံးလိုက်သည်။ ယခုအခါတွင် သူသည် မြွေတစ်ကောင် ဖြစ်သည်။ သူ၏ပါပါးနှင့် ဖေဖေသည်လည်း မြွေများဖြစ်ကြသည်။ သူ၏အစ်ကိုများမှာလည်း မြွေများဖြစ်သည်။ သူ၏ အနာဂတ် လက်တွဲဖော်မှာလည်း မြွေတစ်ကောင်ပင်။ သူ၏သူငယ်ချင်းများမှာလည်း မြွေများနှင့် တစ္ဆေတစ်ကောင် ဖြစ်သည်။ လူသားများ... သူတို့နှင့် သူ့ကြားတွင် မည်သို့သော ဆက်နွယ်မှုမျိုး ရှိပါသနည်း။

သူ့အနေဖြင့် မြွေပွေးများနှင့် အတူရှိနေစဉ် လူသားများအား အန္တရာယ်မပြုစေချင်သလို ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်နေပါက အဆုံးတွင် သူ့ဘဝတွင် အရေးအကြီးဆုံးသော မြွေအား ဘေးသင့်စေမည်ကို ကြောက်ရွံ့မိသည်။ ထိုအရာအား သူမမြင်ချင်ဆုံးအရာ ဖြစ်လေသည်။ တဟေးတန်သာ သူ့ကြောင့် ထိခိုက်ဒဏ်ရာ ရသွားခဲ့မည်ဆိုလျှင်.. ယင်ရှောင်ရှောင်း၏ အမူအရာမှာ အကျည်းတန်လာသည်။ သူ့အနေဖြင့် ဤကဲ့သို့ မပြတ်မသား မဖြစ်သင့်ပေ။ မြွေပွေးများနှင့် လူသားများအကြား ရွေးချယ်ရပေမည်။

တကယ်တမ်းတွင် ဤရွေးချယ်မှုမှာ ခက်ခဲလှသည် မဟုတ်ပေ။

‘ငါကမြွေပွေးတစ်ကောင်လေ.. ငါက ဒီနယ်နိမိတ်ထဲမှာရှိတဲ့ သင်္ချိုင်းဟောင်းကို စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ မြွေပွေးတစ်ကောင်.. ငါ့မှာ မှတ်ဉာဏ်အမွေတွေ မရှိတော့ကော ဘာဖြစ်လဲ.. ငါက မြွေပွေးတစ်ကောင်ဆိုတာကို ဘယ်သူကမှ မပြောင်းလဲနိုင်ဘူး.. ငါ့ရဲ့ မြွေမျိုးသားချင်းတွေ.. သူငယ်ချင်းတွေနဲ့ ငါချစ်ရတဲ့ မြွေကို ငါကာကွယ်ပေးချင်တယ်.. သူတို့တွေကို အန္တရာယ်ဖြစ်စေမှာကို လုံးဝခွင့်မပြုနိုင်ဘူး.. ငါက မယ်တော်မယ်ရီလည်း မဟုတ်ဘူး.. ငါ့ရှေ့မှာရောက်လာတဲ့ ဘယ်သူ့ကိုမှ ကယ်မှာမဟုတ်ဘူး.. ဒါပေမဲ့လည်း ငါက အကြင်နာတရား ခေါင်းပါးနေတဲ့သူလည်း မဟုတ်ဘူး.. ငါ့မှာလည်း နောက်ဆုံးစည်းဆိုတာရှိတယ်.. ငါ့ရဲ့အသိစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေရင် လုံလောက်ပြီ..’

“ငါပြောတာ စားစရာလေးများ ရှိလားလို့..”

ဝမ်ယန်ကျန့်သည် မြေပြင်ပေါ်တွင် ထိုင်နေလျက်နှင့် အားနည်းဖျော့တော့စွာ မေးလေသည်။ မြွေတစ်ကောင်ထံမှ အစာတောင်းရခြင်းမှာ အတော်လေး ရူးသွပ်လှသော်လည်း အမှန်တကယ် ဆာလောင်လွန်းလှပြီ ဖြစ်သည်။

ယင်ရှောင်ရှောင်း ထိုအသံအား ကြားသည့်အခါတွင် ဝမ်ယန်ကျန့်အား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

“မရှိဘူး‌ပေါ့.. မင်းက ဘာအစားအသောက်မှ မယူလာဘဲ ဒီကိုလာခဲ့တာလို့ ပြောနေတာလား..”

ဝမ်ယန်ကျန့် အားတင်းကာ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်.. အစာအချို့ ယူလာခဲ့ပါတယ်.. ဒါပေမဲ့ အားလုံး ဆုံးရှုံးလိုက်ရပြီ..”

“ဪ.. အဲဒီလိုလား..”

ယင်ရှောင်ရှောင်း ခေတ္တမျှ တွေးတောလိုက်သည်။

“အရင်ဆုံး အဆာခံအောင် ရေသောက်ထားပေ့ါ.. ငါက အခုတော့ မဆာသေးဘူး.. ငါဗိုက်ဆာတဲ့အချိန်ကျ မင်းလည်း စားလို့ရတယ်..”

ဝမ်ယန်ကျန့် : “..ငါစားဖို့ တစ်ခုခု သွားရှာလို့ရမလား..”

ဝမ်ယန်ကျန့်အား ကြည့်ကာဖြင့် ယင်ရှောင်ရှောင်း၏ အကြည့်များမှာ ပို၍ပင် အထင်သေးလာမိသည်။

“မင်းဘာသာမင်း သွားနိုင်မယ်လို့ ထင်နေတာလား..”

“..အဲဒါဆို မင်းက ငါနဲ့လိုက်ခဲ့ပေးမလား..”

ဝမ်ယန်ကျန့်မှာ မြေတစ်ကောင်နှင့် စိတ်ပါလက်ပါ စကားပြောနိုင်သည်အထိ အစွမ်းထက်လှသည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။ ဒါပေမဲ့ မင်းတစ်ယောက်တည်းကပဲ စိတ်ပါလက်ပါ ပြောနေတာလို့ ငါထင်တယ်နော်..။ သူ့ကိုကြည့်ပါဦး.. ဝမ်ယန်ကျန့်က ဗိုက်ဆာလွန်းလို့ သတ္တိတွေ ရှိနေလိုက်တာ.. ဗိုက်ပြည့်ပြီးသွားရင်တော့ အတော်လေး ကြောက်နေမိတော့မှာပဲ..။

“အာ.. ဟုတ်တယ်..”

ယင်ရှောင်ရှောင်း မြေပြင်တွင် လဲကာဖြင့် ပြောလေသည်။

“ငါဗိုက်ဆာရင် တဟေးတန်က အစာရှာပေးမှာလေ.. ဘာကိစ္စနဲ့ မင်းနဲ့အတူလိုက်ပြီး အစာရှာရမှာလဲ..”

“တဟေးတန် ဟုတ်လား.. မင်းမှာ နာမည်ရှိတာလား..”

ဝမ်ယန်ကျန့်သည် သူ၏အရှေ့တွင် ရှိနေသည့် အနက်ရောင်မြွေအားကြည့်လိုက်ပြီး ဤမြွေအား ရှောင်ရှောင်းဟု ခေါ်လိုက်သည်ကို အမှတ်ရမိလိုက်သည်။

“ရှိတာပေါ့.. မင်းတို့လူတွေမှာ နာမည်မရှိဘူးလား..”

ယင်ရှောင်ရှောင်း မထီမဲ့မြင်ဟန်ဖြင့် မေးသည်။ လူသားများမှာ အမှန်တကယ်ကို အထက်စီးဆန်လွန်းသည့် မျိုးစိတ်များဖြစ်ကြသည်။

“ငါ့နာမည်က ယင်ရှောင်ရှောင်း.. မင်းက ခုနက သတ်ချင်နေတယ်လို့ ပြောတာက မော့လောင်တ.. နောက်ထပ်မော့မြွေက မော့တယိ.. ဟိုဘက်က ယင်မြွေက ငါ့ရဲ့ဖေဖေ ယင်တပိုင်.. ဟွားမြွေက ငါ့ပါပါး ဟွားရှောင်ဟွား.. မင်းသေချာမှတ်ထားလိုက်..”

ဝမ်ယန်ကျန့်သည် ယင်ရှောင်ရှောင်း၏ နောက်ဆုံးစကား ‘သေချာမှတ်ထားလိုက်’ ဟူသည့် စကားကြောင့် ကြောက်ရွံတုန်လှုပ်နေမိသည်။

“မှတ်ထားပါ့မယ်.. မှတ်ထားပါ့မယ်..”

_ဒါပေမဲ့ပေါ့နော်.. ‘မင်းကို အခုလေးတင် သတ်ချင်နေတာက မော့လောင်တ’ ဆိုပြီး ပြောဖို့က တကယ်အဆင်ပြေရဲ့လား..

ဝမ်ယန်ကျန့်မှာ ဆာလောင်မှုအား ဖြေဖျောက်ဖို့အတွက် ရေသောက်ရန် တိတ်တဆိတ်ထွက်သွားလေသည်။ ဤနေရာတွင် အနှိပ်စက်ခံ အကျဉ်းသားတစ်ဦး ဖြစ်နေရခြင်းအား သူ့အနေဖြင့် အတွန့်တက်နိုင်ခြင်း ရှိမရှိအားလည်း မသိတော့ပါလေ။

မြည်းခွာက အသုံးမဝင်ဘူး _ သင်္ချိုင်းဖောက်ထွင်းသူတစ်ယောက်ရဲ့ ဒဏ္ဏာရီထဲမှာ မြည်းခွာတွေသုံးပြီး ဇွန်ဘီ (ဖုတ်ကောင်)တွေကို တားတယ်လို့ ဆိုထား။
ကျုံးဇီ _ သင်္ချိုင်းဖောက်ထွင်းသူတစ်ယောက်ရဲ့ ဒဏ္ဏာရီထဲမှာ ကျုံးဇီက အနောက်တိုင်းဇွန်ဘီတွေလိုမျိုး သဘာဝလွန်မသေနိုင်တဲ့သတ္တဝါတွေကို ခေါ်ခြင်းဖြစ်။