အပိုင်း ၇၉
Viewers 12k

🐍Chapter 79




“ဒီတစ်ကြိမ် မင်းတို့ဘယ်နှစ်ယောက် လာခဲ့တာလဲ..”

မော့လောင်တသည် မြစ်ရေသောက်နေသည့် ဝမ်ယန်ကျန့်ထံသို့သွားကာ မေးလိုက်သည်။

“အဟွတ်.. အဟွတ်.. အဟွတ်..”

ရေသီးသွားပြီးနောက် ပြောသည်။

“ဒါက.. ငါလည်း သေသေချာချာ မသိဘူး..”

မော့လောင်တအကြည့်မှာ အေးစက်လာသည်။

“မင်း သေချင်နေတာလား..”

ဝမ်ယန်ကျန့် : “.. တစ်ရာကျော်လောက်တော့ ရှိမယ်.. ငါတို့အဖွဲ့မှာ ၁၅ ယောက်ပါတယ်..”

မော့လောင်တ ‘ဟုတ်ပြီ’ ဟု ဆိုပြီးနောက် အဝေးသို့ထွက်သွားသည်။ ယင်ရှောင်ရှောင်း မော့လောင်တထံသို့ သွားလိုက်သည်။

“လူတစ်ရာကျော်တဲ့လား.. ဟမ့်.. အတော်လေးများတာပဲ.. သူတို့အားလုံးကို ဘယ်လိုရှာကြမလဲ..”

“စိတ်မပူနဲ့နော်..”

မော့လောင်တ ယင်ရှောင်ရှောင်း၏ နဖူးအား နမ်းလိုက်သည်။

“ကိုယ့်မှာ နည်းလမ်းတွေ ရှိပါတယ်..”

“အမ်.. ဘယ်လိုနည်းလမ်းလဲ..”

“ကိုယ်က မျိုးနွယ်စုခေါင်းဆောင်လေ.. မျိုးနွယ်စုခေါင်းဆောင်မှာ မြွေပွေးတွေကို အသိပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ ရှိတာပေါ့.. ကိုယ့်ကိုကြည့်ထား..”

မော့လောင်တ ဂုဏ်ယူစွာပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းအား မတ်လိုက်သည်။ ပါးစပ်ဖွင့်ပြီးနောက် ထူးဆန်းသည့်အသံတစ်သံ ပြုလေသည်။ ယင်ရှောင်ရှောင်းသည်လည်း ထိုအသံအား ကြားသော်လည်း မည်သည်ကို ဆိုလိုမှန်း မသိပါချေ။ ထိုအသံမှာ နားအတွင်းသို့ ရောက်သည်နှင့် မတူဘဲ စိတ်ဝိညာဉ်ဆီသို့ တိုက်ရိုက်ရောက်ပုံပေါ်သည်။

“ဒီအသံက ကိုယ်တို့ရဲ့ နယ်နိမိတ်ထဲမှာရှိတဲ့ မြွေပွေးတွေအားလုံး ကြားနိုင်တယ်.. ကိုယ်က လီတစ်ထောင်အတွင်းမှာရှိတဲ့ မြွေပွေးတွေအားလုံးကိုပဲ ခေါ်လိုက်တယ်.. အခု လိုအပ်ချက်အရ မြွေပွေးတွေက ကိုယ့်အသံရှိတဲ့နေရာကို ခြေရာခံနိုင်ကြတယ်.. ပြီးရင် အမြန်ဆုံး အရှိန်နဲ့ ရောက်လာကြလိမ့်မယ်..”

မော့လောင်တသည် ထိုအသံအား ပြုလုပ်ပြီးနောက်တွင် ယင်ရှောင်ရှောင်းအား ရှင်းပြလိုက်သည်။

“အရမ်းဆန်းကြယ်တာပဲ.. ဒါပေမဲ့ ကျွန်တော်က အဲဒီအသံကို ကြားပေမဲ့ ဘာကိုပြောမှန်း မသိဘူးရယ်..”

ယင်ရှောင်ရှောင်း စိတ်ရှုပ်ထွေးနေမိသည်။ မော့လောင်တ၏ ခေါ်သံအား ကြားသော်လည်း ထိုအသံထဲတွင် ပါဝင်နေသည့် အကြောင်းအရာများအား အမှန်တကယ် နားမလည်ပါချေ။

“အဲဒါက မင်းဆီမှာ မှတ်ဉာဏ်အမွေတွေ မရှိလို့ ဖြစ်နိုင်တယ်..”

ယင်ရှောင်ရှောင်း တိတ်ဆိတ်သွားသည်။ ဤသည်မှာ မြွေတစ်ကောင်အား အနိုင်ကျင့်နေခြင်း ဖြစ်သည်။ ဘာကို မှတ်ဉာဏ်အမွေလဲ.. ဘာကိစ္စနဲ့ ကူးယူလို့ မရနိုင်တာလဲ..

“မြွေတွေ ရောက်လာမှာကို ကိုယ်တို့ ဒီကနေပဲ စောင့်ကြမယ်.. အရူးပေါက်လေး.. ဒီရက်ပိုင်းတွေမှာ မင်းလေးက နာနာခံခံ နေရမယ်နော်.. မသိတဲ့နေရာတွေကို အတင်းကာရော လျှောက်မသွားနဲ့..”

“ခင်ဗျားက မြွေပွေးတွေ အားလုံးကို ခေါ်လို့ရတာပဲကို.. ဘာဖြစ်လို့ လီတစ်ထောင်အတွင်းမှာရှိတဲ့ မြွေတွေကိုပဲ ခေါ်လိုက်တာလဲ..”

ယင်ရှောင်ရှောင်း၏ တွေးခေါ်မှုအရ မြွေပွေးများမှာ လူသားများထက် ပိုများသည့်အပြင် လူသားများထက် ပိုအစွမ်းထက်ကြသည်။ မြွေပွေးအားလုံး ရောက်လာမည်ဆိုလျှင် ပို၍ကောင်းပေမည်။

မော့လောင်တ ယင်ရှောင်ရှောင်းအား စွေကြည့်လိုက်သည်။

“ကိုယ်တို့အပြင် လူသားတစ်ယောက်ကို မြင်ဖူးတဲ့မြွေ ဘယ်လောက်များ ရှိလို့လဲ.. ပြီးတော့ မြွေပွေးတိုင်းက အဲဒီလူသားတွေ ကိုင်ထားတဲ့အရာရဲ့ ပစ်ခတ်မှုကို ခုခံနိုင်စွမ်း မရှိကြဘူးလေ.. မြွေငယ်လေးတွေကို စောင့်ရှောက်ပေးဖို့ လိုနေတုန်းပဲ.. အဲဒီကြောင့် တောင်ပေါ်မှာရှိတဲ့ မြွေပွေးတွေကို ခေါ်လိုက်လို့ မရဘူး.. အဲဒီမြွေပွေးတွေက တောင်ကနေ ထွက်လာချင်တယ်ဆိုရင်တောင် သူတို့ရဲ့ ကလေးတွေ အရွယ်မရောက်သေးဘူးဆိုရင် သူတို့က ပြန်သွားရမှာပဲ.. ပြီးတော့ မြွေပွေးတွေ အများကြီး စုနေရင် ပစ်မှတ်ကြီးတစ်ခု ဖြစ်သွားနိုင်တယ်.. မြွေပွေးတွေ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေချင်ရင် တချို့ကို အရန်အနေနဲ့ ထားဖို့ လိုအပ်တယ်.. ဒါပေမဲ့ အဓိကအကြာင်းအရင်းကတော့ တောင်တန်းမှာရှိတဲ့ မြွေပွေးတွေအားလုံးကို စုလိုက်မယ်ဆိုရင် သားကောင် အရေအတွက် မြန်မြန်ဆန်ဆန် လျော့ကျသွားနိုင်ပြီး ဒီနယ်မြေထဲမှာရှိတဲ့ သတ္တဝါတွေ အများကြီး ပျောက်ကွယ်သွားနိုင်တယ်.. ပတ်ဝန်းကျင်တစ်ဝိုက်က သက်ရှိတွေက ဒီနယ်မြေထဲက တဖြည်းဖြည်းချင်း ပြောင်းရွှေ့သွားကြမယ်ဆိုရင်မြွေပွေးတွေ နည်းနည်းလေးတောင် ပျော်မှာ မဟုတ်တော့ဘူး..”

ယင်ရှောင်ရှောင်း အံ့အားသင့်နေမိသည်။ သူ၏ ရိုးရှင်းသည့် အတွေးအခေါ်မှာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်လျော်ပုံရသည်။ ထိုအရာများနှင့် ပတ်သက်၍ တဟေးတန်ကိုသာ စိုးရိမ်ပူပန်ခိုင်းရန်မှာ ပိုကောင်းပေသည်။ တဟေးတန်ကသာ ဦးစီးခေါင်းဆောင်နေရာနှင့် သင့်လျှော်ပေသည်။

__မေ့လိုက်တော့ ရှောင်ရှောင်းရေ.. သေချာစဉ်းစားကြည့်ပါဦး.. မင်း ကအရွယ်တောင် မရောက်သေးဘူးလေ.. မင်းအရွယ်ရောက်လာရင်လည်း မင်းအနေနဲ့ ရှေ့ပြေးတပ်ထဲကို ဝင်ဖို့တောင် အခြေအနေပေးမှာ မဟုတ်ဘူး..

“မျိုးနွယ်စုခေါင်းဆောင်.. ရှောင်ရှောင်း.. ရှောင်ဟွားနဲ့ ငါ ပြန်တော့မယ်..”

ယင်တပိုင်သည် ဟွားရှောင်ဟွားအား ကြည့်လိုက်ပြီးနောက် ရှေ့သို့တိုးကာ ပြောသည်။

“ရှောင်ရှောင်းရေ.. သားရဲ့ ကောကောတွေက တောင်ပေါ်မှာပဲ ရှိနေသေးတယ်.. အဲဒါကြောင့် ဖေဖေတို့ ပြန်သွားရမယ်..”

“အာ.. ဖေဖေတို့ သွားတော့မှာလား..”

ယင်ရှောင်ရှောင်း အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။ သူ့ဖေဖေ၊ ပါပါးတို့နှင့် အချိန်အတော်ကြာ အတူမနေရသေးချေ။ ထို့အပြင် သူတို့တွေ့ဆုံရန်မှာလည်း မလွယ်ကူပေ။

“တပိုင်နဲ့ ပါပါးတို့ သွားရင် မင်းအရမ်းပျော်နေမှာလို့ ပါပါးက ထင်နေတာ..”

ဟွားရှောင်ဟွား ထိခိုက်နာကျင်နေသံဖြင့် ပြောသည်။

“မျိုးနွယ်စုခေါင်းဆောင်က တစ်ရက်လောက်လေး သွားတာတောင် သားက ပျင်းလွန်းလို့ မြေပြင်မှာ လူးလှိမ့်နေတာ မဟုတ်ဘူးလား.. မင်းတို့ကြားထဲ ဝင်မနှောင့်ယှက်ချင်ပါဘူးနော်..”

ယင်ရှောင်ရှောင်း ချက်ချင်းပင် နီရဲလာပြီး အော်လိုက်သည်။

“ဘာဖြစ်တယ်.. သားအဲလိုမဟုတ်ပါဘူးနော်.. ပါပါးက မြွေလိမ်မြွေညာပဲ..”

ယင်ရှောင်ရှောင်း မည်မျှပင် ကန့်ကွက်နေပါစေ အသုံးမဝင်ချေ။ မော့လောင်တသည် ဟွားရှောင်ဟွား၏ စကားကိုသာ ယုံကြည်ဖို့ ရွေးချယ်လိုက်ပြီး သူ့မျက်နှာရှိ အပြုံးမှာလည်း ပျောက်ကွယ်မသွားဘဲ ရှိနေလေသည်။ ယင်ရှောင်ရှောင်းအား အမြီးဖြင့် ဆွဲယူပြီးနောက် မျက်နှာအား အကြိမ်ပေါင်းများစွာ နမ်းပစ်လိုက်တယ်။

“ကိုယ့်ရဲ့ ရှောင်ရှောင်းလေးက ကိုယ့်ကို အဲလောက်တောင် လွမ်းနေတာ‌ပေါ့.. ဟင်..”

ယင်ရှောင်ရှောင်း အချိန်တစ်ခု ကြာသည်အထိ ရုန်းကန်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် လက်လျော့လိုက်သည်။ သို့သော်လည်း ထိုသည်အား သူ၏ပါးစပ်အား ပိတ်ဆို့နိုင်စွမ်းမရှိပေ။

“တဟေးတန် ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးစမ်း.. အဲလိုမဟုတ်ဘူးလို့ ပြောပြီးပြီနော်.. အဲလိုမျိုး နည်းနည်းလေးတောင် မဟုတ်ဘူးလို့..”

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သည် အချင်းချင်း ကြည့်ကာဖြင့် ပြုံးလိုက်ကြသည်။ ရှောင်ရှောင်း၏ အာရုံ မော့လောင်တထံ ရှိနေသည်ကို အခွင့်ကောင်းယူကာဖြင့် အဝေးသို့ ခိုးကြောင်ခိုးဝှက် ထွက်သွားကြလေသည်။ ၁၀ မီတာ အကွာအဝေးတွင် မော့တယိမှာ ဝမ်းလျားမှောက်နေပြီး မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့အား မျက်နှာမူလျက်ရှိနေသည်။ မည်သည့်စကားမျှ မဆိုဘဲနှင့် ဆန့်ကျင်ဘက် အရပ်သို့ မျက်နှာလွှဲလိုက်သည်။

ယင်ရှောင်ရှောင်းသည် မြစ်ကမ်းစပ်သို့ အမှတ်မထင် ကြည့်လိုက်သည့်အခါ အံ့ဩမှုများဖြင့် ထိုင်လျက်ရှိနေသည့် ဝမ်ယန်ကျန့်အား မြင်တွေ့လိုက်ရသည်။ သူ၏ဒေါသတို့ ကြီးထွားလာသည်။ မော့လောင်တထံမှ လွတ်မြောက်ရန် ရုန်းကန်နေခြင်းအား ရပ်လိုက်ပြီးနောက် ဝမ်ယန်ကျန့်အား ဒေါသတကြီး ဟိန်းအောက်လိုက်သည်။

“ဘာကြည့်နေတာလဲ.. သတိထားပြီးနေလိုက်.. မဟုတ်ရင် မနက်ဖြန်ကျ ဘာမှမကျွေးဘဲ နေလိုက်မယ်..”

ဝမ်ယန်ကျန့် : “...”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ရှက်နေမှုအား ဂရုမပြုမိဘဲ ပျော်ရွှင်စွာဖြင့် လွှတ်ပေးလိုက်သည်။

“အရူးပေါက်လေး.. မင်းက ကောင်းကောင်းမွန်မွန် ပြုမူခဲ့တယ်ဆိုတော့လည်း ပျားရည်လေး ရှာပြီး ဆုချရတာပေါ့ကွာ..”

ယင်ရှောင်ရှောင်း၏ အော်ဟစ်နေမှုမှာ ချက်ချင်းရပ်တန့်သွားသည်။ လွန်ခဲ့သည် ရက်များတွင် သူတို့၏ ခရီးစဉ်တစ်လျှောက် အလျင်စလို သွဦးလာခဲ့ရသည့်အတွက် ပျားရည်မစားခဲ့ရပေ။ ယခုအခါတွင် မော့လောင်တမှ ဤသို့ပြောလာပြီ ဖြစ်သည့်အတွက် ယင်ရှောင်ရှောင်းသည် အံ့ဩဖွယ်ကောင်းသည့် အရသာအား ပြန်လည်တမ်းတမိသည်။

“ရေ့.. ရေ့..”

ယင်ရှောင်ရှောင်း၏ အမြီးလေးမှာ ပျော်ရွှင်စွာ လှုပ်ယမ်းလို့နေသည်။

မော့လောင်တ ရူးနှမ်းနှမ်းရယ်မော့ကာဖြင့် ယင်ရှောင်ရှောင်းအတွက် ပျားရည်ရှာရန် ထွက်သွားလေသည်။

အိုး.. ဒီနေ့တော့ အရူးပေါက်လေးဖို့ အဲဒီပျားတွေဆီကနေ ပျားရည်လေးဘာလေး ရှာရသေးတာပေါ့ကွာ.. အရူးပေါက်လေးက ပျားရည်ကို အကြိုက်ဆုံးပဲလေ..

“ဂလု~”

ယင်ရှောင်ရှောင်း တံတွေးမြိုချသံအား ကြားလိုက်ရသည်။ ထိုအသံရှိရာသို့ လိုက်ပြီး ယင်ရှောင်ရှောင်း၏ အကြည့်များမှာ ဝမ်ယန်ကျန့်ထံ ကျရောက်သွားသည်။ ဝမ်ယန်ကျန့်မျက်နှာပေါ်ရှိ တမ်းတလွမ်းဆွတ်နေမှုကို မြင်ပြီးနောက် ယင်ရှောင်ရှောင်း ခပ်ကြွားကြွားလေး ပြောလိုက်သည်။

“ဘာလဲ.. မင်းက ပျားရည်စားချင်လို့လား..”

ဝမ်ယန်ကျန့် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“စားချင်တယ်.. မစားရတာ ကြာပြီ..”

ယင်ရှောင်ရှောင်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဟုတ်ပြီလေ.. ငါစားပြီး ကျန်တာကို မင်းစားလို့ရတယ်..”

“အဲလို သဘောတူလိုက်ပြီနော်..”

ဝမ်ယန်ကျန့်မှာ အလွန်စိတ်လှုပ်ရှားမိသဖြင့် ငိုချင်လာမိသည်။ မြွေတစ်ကောင်၏ ပါးစပ်ထဲရှိ အစာအား ဆွဲယူရခြင်းမှာ အလွန်လွယ်ကူလွန်းလှသည်။ သို့သော်လည်း.. ယင်ရှောင်ရှောင်းမှာ.. ယင်ရှောင်ရှောင်းသာ ဗိုက်မဆာခဲ့ဘူးဆိုလျှင် သူ့အနေဖြင့် အများကြီးစားနိုင်လိမ့်မည် မဟုတ်သဖြင့် ပျားရည်အများအပြား ကျန်ပေလိမ့်မည်။ ထို့အပြင် ပျားရည်ထဲတွင် သကြားဓာတ် အများအပြား ပါဝင်သည်။ အနည်းငယ် စားလိုက်ရုံမျှနှင့် တစ်ညလုံး အဆာခံနိုင်မည် ဖြစ်သည်။

ဝမ်ယန်ကျန့်၏ တွက်ချက်မှုမှာ ကောင်းမွန်လှသော်လည်း ယင်ရှောင်ရှောင်း၏ စားသောက်ချင်စိတ်အား လျော့တွက်မိလိုက်သည်။

မော့လောင်တ ပြန်မလာခင်တွင် ယင်ရှောင်ရှောင်းသည် ဝမ်ယန်ကျန့်ထံမှ သတင်းအချို့ ရရှိဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ဝမ်ယန်ကျန့်နံဘေးတွင် ရစ်ခွေလိုက်ပြီးနောက် ‘ငါမင်းနဲ့ စကားပြောချင်တယ်..’ ဟူသည့် အနေအထား ပြုလိုက်သည်။

“ငါ့အမြင်အရတော့ မင်းက အတော်လေး ယဉ်ကျေးပုံပါပဲ.. အဲဒါကြောင့် ဘာကိစ္စနဲ့ သင်္ချိုင်းတူးဖို့ လာတာလဲဆိုတာ စဉ်းစားမရနိုင်ဘူး.. ကံကောင်းပြီးတော့ မင်းက ငါတို့မိသားစုရဲ့ တဟေးတန်ဆီက အဖမ်းခံခဲ့ရတာ..”

ဝမ်ယန်ကျန့်မှာ ခေတ္တမျှ ကြောင်အလို့နေပြီးနောက် အားတင်းကာ ပြုံးလိုက်ရသည်။

“အဲဒါက ငါလည်း အခုလိုဖြစ်လာမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး.. ငါက ဝမ်မိသားစုရဲ့ ဒုတိယသခင်လေးပါ.. မွေးလာကတည်းက အခုချိန်ထိ ငါ့ရဲ့တာဝန်အများစုက သင်္ချိုင်းတူးဖို့ပဲ ဖြစ်နေခဲ့တာ.. သင်္ချိုင်းတူးဖို့ကလွဲပြီး တခြားအရာလုပ်ဖို့ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး..”

ယင်ရှောင်ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ဤမိသားစုကြီး၏ စီးပွားရေးလုပ်ငန်းမှာ တရားမဝင်သည့်တိုင် ထိုအရာမှာ မိသားစုကြီးများမှ သခင်ငယ်လေးများ၏ လျှို့ဝှက်ပြဿနာရပ်များသာ ဖြစ်သည်။

“အရင်က ငါ့အဖေဘက်က အဖိုးက ဝမ်မိသားစုရဲ့ စီးပွားရေးကို ဦးစီးခဲ့တာ.. ဒါပေမဲ့ သူသေသွားပြီးတော့ ငါ့အဖေက မိသားစုကို အုပ်ချုပ်ခဲ့တယ်.. ငါ့အဖေက ဒီမြွေသင်္ချိုင်းကို လာဖို့ ငါ့ကိုစေလွှတ်ခဲ့တာ..”

“အာ.. တောင်းပန်ပါတယ်..”

ဝမ်ယန်ကျန့် ရုတ်တရက်ဆိုသလို တောင်းပန်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။

“မင်းက ဒီစကားတွေကို နားလည်မှာမဟုတ်ဘူးဆိုတော့ ငါမပြောတာပဲ ကောင်းပါတယ်..”

ယင်ရှောင်ရှောင်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။

ဘယ်သူက နားမလည်တာတုန်း.. ဒီမြွေကို နှိမ့်ချပြီး လာမကြည့်နဲ့.. ဒါပေမဲ့... ထားလိုက်ပါတော့လေ.. ငါနားလည်တယ်လို့ ပြောရင်တောင် ဘယ်လိုနားလည်တာလဲ ဘာဖြစ်တယ် ညာဖြစ်တယ် ဆက်မေးနေဦးမှာ.. အဲဒါဆို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရမယ်..

“မြွေသင်္ချိုင်း ဟုတ်လား.. မင်းတို့က ဒီနေရာကို မြွေသင်္ချိုင်းလို့ ခေါ်တာလား.. ဒီနေရာမှာ မြွေတွေရှိတာကို မင်းတို့က ဘယ်လိုသိတာလဲ..”

ယင်ရှောင်ရှောင်း သံသယဖြင့် မေးလိုက်သည်။

“ဒီသင်္ချိုင်းရဲ့ တည်ရှိမှုက လျှို့ဝှက်ဆန်းကြယ်နေတာမျိုး မဟုတ်ဘူးလေ.. ၂၀ ရာစုအစကတည်းက.. အာ.. မင်းမသိဘူးဆိုတာ ငါမေ့သွားတယ်.. အတိုချုပ်ပြောရရင် လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကတည်းက လူတွေက ဒီသင်္ချိုင်းရှိနေတဲ့အကြောင်းကို သိခဲ့ကြတယ်.. လူတွေပြောကြတာကတော့ ဒီသင်္ချိုင်းက ကျိုးမင်းဆက်ကတဲ့.. သင်္ချိုင်းအထဲမှာ လူတစ်ယောက်ကို မသေမျိုးဖြစ်စေမယ့် အရာတစ်ခု ရှိနေတယ်လို့လည်း ဆိုတယ်.. လူတော်တော်များများက ဒီသင်္ချိုင်းကို စပြီးရှာဖွေကြပေမဲ့ ကံဆိုးစွာနဲ့ ရှာမတွေ့ခဲ့ကြဘူး.. ဆယ်စုနှစ်တွေ ကြာပြီးတော့ သင်္ချိုင်းတူးတဲ့ အသိုင်းအဝိုင်းထဲမှာ ကျဆင်းနေတဲ့ မိသားစုတစ်စုက ရုတ်တရက်ကြီး ဒီကျိုးမင်းဆက် သင်္ချိုင်းရဲ့ တည်နေရာကို သိထားတယ်လို့ ထုတ်ဖော်လာခဲ့တယ်.. အဲဒါပြီးတော့ လူတွေအများကြီးက လာရှာကြသေးတယ်.. အဲဒီအချိန်မှာ ဒီသင်္ချိုင်းကို ရှာတွေ့ခဲ့တာပဲ.. လူဒါဇင်အနည်းငယ်လောက် လာခဲ့ပေမဲ့ ရူးနှမ်းနှမ်း လူတစ်ယောက်တည်းကပဲ အသက်ရှင်နိုင်ခဲ့ပြီး ‘မြွေတွေအများကြီး မြွေတွေအများကြီး..’ လို့ အော်ဟစ်နေခဲ့တာ.. အဲဒီအချိန်ကတည်းက ဒီသင်္ချိုင်းကို မြွေသင်္ချိုင်းလို့ ခေါ်ကြတာပဲ..”

ယင်ရှောင်ရှောင်း တုန်လှုပ်သွားမိသည်။

“မင်းပြောတာက လူတွေက ဒီထဲကို အရင်က ဝင်ခဲ့ကြဖူးတယ်ပေါ့.. ပြီးတော့ မြွေတွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်ပေါ့..”

ယခုအချိန် မတိုင်ခင်အထိတွင် ယင်ရှောင်ရှောင်း တွေးနေခဲ့သည်မှာ ဝမ်ယန်ကျန့်သည် ဤနယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးလူသားဖြစ်သည် ဟူ၍ပင်။

“အမှန်ပဲ..”

ဝမ်ယန်ကျန့် ခေါင်းညိတ်လိုက်သည်။

“ထူးဆန်းလိုက်တာ.. အဲဒီအကြောင်းကို ဘယ်မြွေကမှ မပြောဖူးဘူးရယ်..”

ယင်ရှောင်ရှောင်း တီးတိုးရေရွတ်နေလေသည်။

“ကိုယ်စုံစမ်းကြည့်လိုက်မယ်..” မော့လောင်တ ပျားရည်များနှင့် ပြန်လာခဲ့သည်။

ထို့နောက် ယင်ရှောင်ရှောင်းမှာ မော့လောင်တ ထိုကိစ္စအား စုံစမ်းခြင်း ရှိ၊မရှိအား ဂရုမစိုက်တော့ဘဲ ပျားရည်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။

“အာ... ဒီအရသာလေး.. ဒါက ဟိုနေ့က စားခဲ့တာထက် အများကြီးပိုပြီးတော့ အရသာရှိတယ်..”

ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားနေသည်။

မော့လောင်တသည် သည်းသည်းလှုပ် ချစ်မြတ်နိုးစွာဖြင့် ယင်ရှောင်ရှောင်း၏ ခေါင်းလေးအား အမြီးဖြင့် ပွတ်လိုက်သည်။

ယင်ရှောင်ရှောင်း စားနေစဉ်တွင် မော့လောင်တသည် မော့တယိအားခေါ်ရန် ထွက်သွားသည်။ ဝမ်ယန်ကျန့်မှာမူ ယင်ရှောင်ရှောင်း စားသောက်နေခြင်းအား ထိုင်ကြည့်လို့နေသည်။

တစ်မိနစ် ကြာသော်လည်း ယင်ရှောင်ရှောင်း စားနေဆဲဖြစ်သည်။ ငါးမိနစ် ကုန်ပြီးသည်အထိ ယင်ရှောင်ရှောင်း မရပ်သေးချေ။ ဆယ်မိနစ်အလွန်ထိတိုင်အောင် ယင်ရှောင်ရှောင်းမှာ စားသောက်လို့နေသည်။

မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေခဲ့သည့် ဝမ်ယန်ကျန့်၏ မျက်နှာမှာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။

ဆယ်မိနစ်လောက်ကြာအောင် ဘယ်လောက်တောင် စားနေတာတုန်း.. ပျားအုံက အတော်လေး ကြီးတယ်ဆိုပေမဲ့.. ပျားရည်တွေအများကြီး ပါနေတယ် ဆိုရင်တောင် ဘယ်သူက အဲလောက်တောင် စားလို့လဲလို့..

နောက်ထပ် ငါးမိနစ် ကုန်လွန်ပြီးနောက်တွင် _ “စားပြီးပြီ.. ကျန်တာက မင်းအတွက်ပဲ..”

ယင်ရှောင်ရှောင်းသည် အလွန်ရက်ရောစွာဖြင့် ဝမ်ယန်ကျန့်အား ပြောပြီးနောက် ပျားအုံအား ဝမ်ယန်ကျန့်ထံသို့ ပစ်ပေးလိုက်သည်။

ဝမ်ယန်ကျန့် စိတ်မရှည်စွာဖြင့် ပျားအုံအား ဆွဲလိုက်ပြီးနောက် ကောက်မကာဖြင့် အထဲသို့ ကြည့်လိုက်သည်။ အထဲတွင် အများဆုံး နှစ်ကိုက်ခန့်သာ ကျန်လေသည်။

ဝမ်ယန်ကျန့်၏ မျက်နှာရှစ်ခေါက်ချိုးအား ကြည့်ပြီးနောက် ယင်ရှောင်ရှောင်း ဝမ်ယန်ကျန့်အား စူးစူးဝါးဝါး မာန်မဲလိုက်သည်။

“မင်းပျော်နေသင့်တယ်နော်.. ငါတို့ အခုနက စကားနည်းနည်းပြောလိုက်လို့ မင်းကို နှစ်ငုံစာ လက်ဆောင်ပေးလိုက်တာ.. မဟုတ်ရင် တစ်ငုံစာပဲ ရမှာ..”

ဟွန့်.. လူတွေက တစ်ရက်လောက်လေး အစာငတ်ရုံနဲ့ သေမသွားဘူးနော်..

ဝမ်ယန်ကျန့်သည် ပျားအုံအတွင်းရှိ ပျားရည်များအား တိတ်တဆိတ် စားသောက်ပြီးနောက် မြစ်ကမ်းဘေးသို့ပြေးကာ ရေသောက်ပြန်သည်။ ယနေ့ညတွင် ဗိုက်ပြည့်စေရန်အတွက် ရေကိုသာ အဝသောက်ရပေတော့မည်။

လီတစ်ထောင် _ ၃၁၀ မိုင် သို့မဟုတ် ၅၀၀ ကီလိုမီတာ