အပိုင်း ၈၀
Viewers 12k

🐍Chapter 80




ဤတစ်ကြိမ်တွင် မျိုးနွယ်စုခေါင်းဆောင်၏ ဆင့်ခေါ်ခံလိုက်ရသည့်အတွက် မြွေပွေးများမှာ အလွန်လျှင်မြန်သည့်နှုန်းဖြင့် လာကြလေသည်။ မျိုးနွယ်စုခေါင်းဆောင်များ ဆင့်ခေါ်သည် ဆိုသည်မှာ အလွန်ရှားပါးလေသည်။ ယခုအသက်ရှင်နေသည့်‌ မြွေပွေးအများစုအတွက် ဤသည်မှာ ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်းအား ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်လှုပ်ရှားမှုတို့နှင့်အတူ မော့လောင်တထံသို့ လာရောက်ကြလေသည်။

ဟေ့.. ဟေ့.. ဟေ့.... အဲဒီဆူဆူညံညံ အသံတွေက ဘာတွေတုန်း.. မျိုးနွယ်စုခေါင်းဆောင်က အားလုံးကို လေးနက်တဲ့ ဖြစ်ရပ်ကြောင့် ခေါ်လိုက်တာနော်.. ဟုတ်ပြီလား..

အချိန်ကုန်လွန်ပြီး နောက်တစ်နေ့ ညနေခင်းတွင် လီတစ်ထောင်အတွင်းရှိ မြွေပွေးများအားလုံး ရောက်ရှိလာကြသည်။

မျိုးနွယ်စုခေါင်းဆောင် ပြောင်းလဲသွားပြီး ‘မော့လောင်တ’ ဟူသည့် မော့မြွေမှာ မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်လာခဲ့သည်ကို မြွေပွေးအများစု သိထားကြသော်လည်း မြွေပွေးအတော်များများမှာ မော့လောင်တအား မြင်ဖူးကြခြင်း မရှိကြချေ။ မော့လောင်တ၏ ခန္ဓာကိုယ်မှာ ၁၀ မီတာကျော် ရှည်လျားကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း ယခုရှိနေသည့် မြွေပွေးများထက် မြင့်မားသည့်အတွက်ကြောင့် ဤမျိုးနွယ်စုခေါင်းဆောင်အနေဖြင့် ယခင်မျိုးနွယ်စုခေါင်းဆောင်ကဲ့သို့ အမြင့်တစ်နေရာသို့သွားရန် မလိုအပ်ချေ။ မော့လောင်တသည် အလယ်ဗဟိုတွင် ရှိနေသည်။ မြွေပွေးများမှာ သူ့အား ဝိုင်းရံထားကြပြီး ခေါင်းများမှာလည်း အပေါ်သို့စောင်းကာဖြင့် မော့လောင်တ စကားပြောမည်ကို စောင့်ဆိုင်းလျက်ရှိကြသည်။

မြွေပွေးစုထဲသို့ မဝင်ထားသည့် ယင်ရှောင်ရှောင်းမှာ ထိုမြင်ကွင်းအား ကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့် ရေရွတ်နေသည်။

“တိရိစ္ဆာန်ရုံထဲက မျောက်တွေကို သွားကြည့်တာနဲ့ တူနေတယ်လို့ ဘာလို့ခံစားနေရတယ် မသိဘူးနော်..”

“ဘာဖြစ်တယ်..”

ယင်ရှောင်ရှောင်း နံဘေးတွင် ရပ်နေသည့် ဝမ်ယန်ကျန့်မှာ စဉ်းစားခြင်းမရှိ မေးလာသည်။ ယခုလေးတွင် ‘တိရိစ္ဆာန်ရုံ’ ဟူသည့် စကားလုံးအား ကြားလိုက်ရသည်။

... ယင်ရှောင်ရှောင်း စကားမပြောတော့ချေ။

“ဒီတစ်ကြိမ် ဆင့်ခေါ်လိုက်ရတာက အရမ်းအရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုကို အားလုံးဆီ ပြောချင်လို့ပဲ..”

မော့လောင်တ အလွန်လေးနက်သည့် မျက်နှာထားဖြင့် ကျယ်လောင်စွာ ပြောသည်။

“လူသားတွေက ဒီကို ဝင်လာကြတယ်..”

မော့လောင်တ နောက်ဆုံးစကား ပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။

“တိတ်ကြ..”

မော့လောင်တ၏ အသံမှာ အလွန်လေးနက်နေသည်။ ဆူဆူညံညံအသံများ ပြန်လည်ငြိမ်သက်သွားသည်နှင့် မော့လောင်တ စကားထပ်ပြောသည်။

“သေချာပေါက်ကို အားလုံးက အဲဒီလူသား ဆိုတဲ့ သတ္တဝါတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိကြဘူး.. ငါတို့ရဲ့ မှတ်ဉာဏ်အမွေထဲမှာ လူသားတွေက ငါတို့တွေ ရင်ဆိုင်ဖို့ လိုအပ်တဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်တယ်.. ဒီတစ်ကြိမ် လူသားတွေ ဝင်လာခဲ့ရတဲ့ အကြောင်းအရင်းက ငါတို့တွေ စောင့်ကြပ်နေတဲ့ အဖိုးတန်အရာတွေကို လိုချင်လို့ပဲ.. ဒီလူသားတွေ လွတ်မြောက်သွားဖို့ကို ငါတို့လုံးဝ ခွင့်မပြုနိုင်ဘူး..”

မြွေအုပ်မှာ နောက်တစ်ကြိမ် ဗြောင်းဆန်သွားပြန်သည်။ မြွေပွေးများသည် မလိုအပ်ဘဲနှင့် ဆူဆူညံညံ အသံများ ပြုလုပ်နေကြသည်။

“အိုး.. ဘုရားရေ.. မှတ်ဉာဏ်အမွေထဲက လူသားတွေက ကိုင်တွယ်ဖို့ အရမ်းခက်တာပဲ..”

“မှားတယ်.. မှတ်ဉာဏ်အမွေထဲက လူသားတွေက ရင်ဆိုင်ဖို့ လွယ်ကူတယ်.. မှော်ပညာရှင်တွေ.. သားရဲတွေနဲ့ ကျန်တဲ့စာတွေကမှ ရင်ဆိုင်ရခက်တာ..”

“လူသားတွေကို သတ်ပစ်.. လူသားတွေကို သတ်ပစ်..”

“လူသားတွေက ဘာနဲ့တူလဲ.. ငါတို့လိုပဲလား..”

...

မော့လောင်တသည် မြွေများ ငြိမ်သက်မှုအချို့ ရသည့်အချိန်ထိ စောင့်ပြီးနောက်မှ ပြောလေသည်။

“မင်းတို့အားလုံးက လူသားကို ကောင်းကောင်းမမြင်ဖူးကြဘူးဆိုတာ သိတဲ့အတွက် အားလုံး ကြည့်လို့ရအောင် အသက်ရှင်နေတဲ့ လူသားတစ်ယောက်ကို ခေါ်လာခဲ့တယ်.. အရုပ်ဆိုးဆိုး သတ္တဝါတစ်ကောင်ကို မြင်လိုက်ရမယ်ဆိုရင် အဲဒါက လူသားပဲ..”

ထိုသို့ပြောပြီးသည့်နောက်တွင် မော့လောင်တသည် ဝမ်ယန်ကျန့်ထံသို့ မျက်နှာမူလိုက်သည်။

ဤနေရာတွင် ရှိနေသည့် တစ်ထောင်နီးပါးသော မြွေပွေးများသည်လည်း ဝမ်ယန်ကျန့်အား လှည့်ကြည့်လာကြသည်။

ဝမ်ယန်ကျန့် : “...”

ယင်ရှောင်ရှောင်း တိတ်တဆိတ်ဖြင့် ခြေလှမ်းအနည်းငယ်ခန့် ‌နောက်ဆုတ်လိုက်သည်။ အလွန်ဆိုးဝါးသည့် နေရာအား ရွေးချယ်ခဲ့မိပုံပင်။

“မိုးနတ်မင်းကြီးရေ.. လူသားတွေက အရမ်းအရုပ်ဆိုးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး..”

“ဘုရား.. ဘုရား.. မကြည့်ကြနဲ့.. ဂရုစိုက်ကြဟေ့.. မျက်စိကန်းသွားနိုင်တယ်..”

“သူတို့က တစ်ကယ်ကြီး ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ကြတယ်‌ပေါ့.. ဟမ့်.. ရစ်ငှက်တွေလည်း ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တယ်ဆိုတာတောင် ပြန်သတိရသွားတယ်..”

ဝမ်ယန်ကျန့် ဝမ်းနည်းမှုနှင့် နာကြည်းမှုတို့အား ခံစားနေရသည်။

‘ငါ့ရဲ့ဘဝကြီးက ခက်ခဲလိုက်တာ.. မြွေတစ်အုပ်ကြားကို ရောက်ခဲ့ရတဲ့အပြင် သူတို့ရဲ့ လှောင်ပြောင်တာကိုပါ ခံနေရသေးတယ်..’

“အာ.. ဒီလိုသတ္တဝါမျိုး အရင်က မြင်ဖူးခဲ့သလားလို့..”

မော့လောင်တ၏ အကြည့်မှာ ဟွမ်မြွေတစ်ကောင်ထံသို့ ကျရောက်သွားသည်။

“မင်းအရင်က လူတစ်ယောက်ကို မြင်ဖူးခဲ့တာလား..”

မြွေတစ်အုပ် တိတ်ဆိတ်သွားသည်။ အားလုံး၏ အကြည့်မှာ ဟွမ်မြွေထံတွင်သာ ရှိနေလေသည်။

ထိုဟွမ်မြွေသည် မော့လောင်တ၏ မေးခွန်းအား မဖြေဘဲနှင့် ဝမ်ယန်ကျန့်ထံသို့ အရင်ဆုံးသွားသည်။ ဝမ်ယန်ကျန့်အား စေ့စေ့စပ်စပ် လေ့လာပြီးနောက်တွင် ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်.. အရင်က လူသားတွေကို မြင်ခဲ့ဖူးတယ်.. ဆယ်စုနှစ်တွေ ကုန်လွန်သွားတာတောင်မှပဲ အဲဒီလို အရုပ်ဆိုးဆိုး သတ္တဝါကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး..”

ဝမ်ယန်ကျန့် : ‘အဲဒီလို အရုပ်ဆိုးဆိုး သတ္တဝါ’ ဆိုတာကြီးက မဖြစ်မနေ ထည့်မှဖြစ်မှာလား..

ထိုဟွမ်မြွေမှ ဆက်ပြောသည်။

“ငါမှတ်မိသလောက်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ငါ့ရဲ့အစ်ကိုက လက်ထပ်ပွဲကျင်းပခဲ့တယ်.. ဒီသတ္တဝါ ဒါဇင်ပေါင်းများစွာ.. မဟုတ်ဘူး.. ရုတ်တရက် ဒါဇင်နဲ့ချီတဲ့ လူတွေက လက်ထပ်ပွဲကို ကျူးကျော်လာပြီး ငါတို့ကို တိုက်ခိုက်ခဲ့တယ်.. ငါတို့တွေလည်း ဒေါသတကြီးနဲ့ အဲဒီလူတွေကို သတ်ပစ်ခဲ့ပြီး နောက်ထပ်ရောက်လာမယ့် လူတွေကို သတ်ဖို့ စောင့်နေခဲ့တယ်..”

“လူတွေက တကယ်ကို ရွံဖို့ကောင်းလွန်းတယ်..”

“ဟုတ်တယ်.. အရမ်းရွံဖို့ကောင်းတယ်.. သူတို့က လက်ထပ်ပွဲကိုတောင် ဝင်နှောင့်ယှက်ရဲတယ်..”

“လူတွေက တကယ်ကို ရယ်စရာကောင်းတဲ့ဟာတွေ.. သေးငယ်ပြီး အားနည်းတယ်.. အဲဒါတောင်မှပဲ ငါတို့မြွေပွေးတွေကို သူတို့က အရင်စပြီး တိုက်ခိုက်ရဲတယ်တဲ့..”

မော့လောင်တသည် မြွေအုပ်ထဲရှိ မော့မြွေများအား ကြည့်လိုက်သည်။

“ဒီအကြောင်းကို နောက်မှပြောကြ.. အခု အရေးအကြီးဆုံးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီနေရာကို ဝင်လာခဲ့တဲ့ လူသားတွေကို ဖမ်းဖို့ပဲ.. ငါက မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ ဒီမှာရှိနေတဲ့ မြွေတွေကို အဖွဲ့ ကိုးခု ခွဲဖို့ အမိန့်ပေးမယ်.. အဖွဲ့တစ်ခုချင်းစီကို မော့မြွေတစ်ကောင်စီက ဦးဆောင်လိမ့်မယ်.. အဖွဲ့တွေက မတူညီရဲ့ အရပ်မျက်နှာတွေကို ခွဲသွားပြီး လူသားတွေကို ရှာဖွေရမယ်.. လူသားတွေကို တွေ့တာနဲ့ အညှာအတာမရှိဘဲ သတ်ပစ်ရမယ်..”

ခေတ္တရပ်ပြီးနောက် ထပ်ပြောသည်။

“ဟုန်မြွေနဲ့ လန်မြွေအချို့က နေခဲ့..”

မြွေပွေးများမှာ သံပြိုင်ပြောလာသည်။

“နားလည်ပါပြီ..”

မော့လောင်တ : “ကောင်းပြီ.. သွားလို့ရပြီ.. အဖွဲ့ဖွဲ့ပြီး ထွက်ခွာကြတော့..”

မြွေပွေးအုပ်စုမှာ အုပ်စုကွဲသွားပြီးနောက် အဖွဲ့များ ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက်တွင် _ ယင်ရှောင်ရှောင်း နံဘေး၌ စုဝေးလာကြလေသည်။

“ဟေး.. မင်းက မျိုးနွယ်စုခေါင်းဆောင်ရဲ့ အနာဂတ်လက်တွဲဖော် မဟုတ်လား..”

“တကယ်ကို ယင်မြွေတစ်ကောင် ဖြစ်နေတာပဲ.. ဟမ့်.. ကြည့်ရတာလည်း သေးသေးလေး..”

“မျိုးနွယ်စုခေါင်းဆောင်ရဲ့ အနာဂတ်လက်တွဲဖော်က အရွယ်မရောက်သေးပုံရတယ်..”

မော့လောင်တသည် နံဘေးတွင် ရပ်ကာဖြင့် အသည်းအသန် ရယ်မောကာ ပွက်လောရိုက်နေမှုအား ကျေနပ်နေလေသည်။

ယင်ရှောင်ရှောင်းမှာ သည်းမခံနိုင်တော့သည့်အပြင် သည်းခံနေရန်လည်း မလိုပါချေ။

“အခု.. ချက်ချင်း.. ထွက်သွား.. လူသားတွေကို သွားရှာကြ..”

မြွေပွေးများမှာ အလွန်ပါးနပ်ကြပြီး သံပြိုင်ဖြင့် “နားလည်ပါပြီ..” ဟု ပြောကြလေသည်။

အဖွဲ့အသီးသီးခွဲကာ ထွက်သွားကြသည့် မြွေပွေးများအား ကြည့်ကာဖြင့် ယင်ရှောင်ရှောင်းသည် အမြီးဖြင့် နဖူးရှိ ‘ချွေး’ အား သုတ်ဖယ်လိုက်သည်။ ဤမြွေများမှာ အမှန်တကယ်ကို လန့်စရာပင်။

“အနာဂတ်လက်တွဲဖော်တွေလား..”

ဝမ်ယန်ကျန့်၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ရှိနေသည်။ ထိုမြွေများသည် လက်တွဲဖော်ဟု ပြောသွားကြသည်။ သူတို့ပြောသည့် အဓိပ္ပါယ်မှာ သူတွေးထားသည့် ဆိုလိုရင်းမျိုး ဖြစ်နေသည်လား။

ယင်ရှောင်ရှောင်း ဝမ်ယန်ကျန့်အား သဘောမကျစွာ ကြည့်လိုက်သည်။

“မင်းတွေးနေသလိုပဲ.. အိုး.. ဟုတ်သားပဲ.. မင်းကို မပြောရသေးတာ.. မြွေမျိုးနွယ်စုတွေအတွက်တော့ ဖို-ဖို ချင်း လက်တွဲလို့ရတယ်.. မြွေပေါက်လေးတွေတောင် မွေးနိုင်သေးတယ်လေ.. မင်းသိအောင်ပြောရရင်တော့ မင်းဒီမှာနေမယ်ဆိုရင် မင်းလည်း ကလေးမွေးလို့ရတယ်..”

ဝမ်ယန်ကျန့်၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ရှိမနေတော့ဘဲ ထို့အစား ကြောက်လန့်မှုတို့သာ ကျန်နေတော့သည်။

ယင်ရှောင်ရှောင်းသည် အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သေးသည်။

“အဲဒီတော့ သေချာလေး စဉ်းစားဖို့လိုမယ်နော်.. ငါက မင်းကို အမြဲတမ်း စောင့်ရှောက်ပေးနေမှာ မဟုတ်ဘူးလေ.. မင်းအနေနဲ့ လက်တွဲဖော်တစ်ယောက်လောက် ရှာသင့်တယ်..”

ယင်ရှောင်ရှောင်းသည် ဝမ်ယန်ကျန့်၏ ကြောင်တောင်တောင်မျက်နှာအား ကျောခိုင်းလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲနေပြီး အဝေးသို့ ထွက်သွားလိုက်သည်။ မနီးမဝေးတွင်ရှိနေသည့် မော့လောင်တသည် ဝမ်ယန်ကျန့်အား ကြည့်နေသော်လည်း မည်သို့မျှ မရှင်းပြချေ။ မော့လောင်တ မတ်တက်ရပ်ကာဖြင့် စဉ်းစားပြီးနောက် ယင်ရှောင်ရှောင်း ရှိရာသို့ သွားလေသည်။

“အရူးပေါက်လေး.. ကိုယ်မင်းနဲ့ ပြောစရာရှိတယ်..”

“ဘာကိစ္စလဲ..”

“ဝမ်ယန်ကျန့်ကို ကိုယ့်ဆီ ငှားပေးလို့ရမလား..”

“ခင်ဗျားကို ငှားရမယ် ဟုတ်လား...”

ယင်ရှောင်ရှောင်း နားမလည်နိုင်တော့ချေ။

“ခင်ဗျားပဲ သူ့ကို ဆွဲခေါ်လာတာ မဟုတ်ဘူးလား.. ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော့်ဟာ မဟုတ်ဘူးလေ.. သူ့ကို ယူသွားပြီး အသုံးချဖို့ တုံ့ဆိုင်းမနေပါနဲ့..”

“ကိုယ်က မင်းအတွက် သူ့ကို ခေါ်လာခဲ့တာလေ.. မေ့သွားပြီလား.. ဝမ်ယန်ကျန့်က မင်းအပိုင်ပေါ့.. ကိုယ့်ဟာ မဟုတ်ပါဘူး..”

မော့လောင်တ ခေါင်းယမ်းကာဖြင့် ပြောသည်။

ယင်ရှောင်ရှောင်း နားလည်သွားလေသည်။ ထူးမခြားနားဟန်ဖြင့် အမြီးယမ်းလိုက်သည်။

“အဲဒါဆိုလည်း သူ့ကို ခေါ်သွားလေ.. ခေါ်သွားလိုက်.. သူ့ကို စိတ်မဝင်စားတော့ဘူးရယ်..”

လတ်တလောတွင် အမျိုးသမီးတစ်ယောက်နှင့် ကလူကျီဆယ်ခဲ့သူ ဝမ်ယန်ကျန့် : “...!!”

ထို့နောက် မော့လောင်တသည် မော့တယိနှင့်အတူ ကျန်ရှိနေသည့် လန်မြွေနှင့် ဟုန်မြွေအချို့ထံ လှည့်ကာ အမိန့်ပေးလေသည်။

“တယိ.. မင်းနဲ့ ဒီမျိုးနွယ်စုဝင်တွေက ဝမ်ယန်ကျန့်ကို တောင်ထဲကို ခေါ်သွားလိုက်.. တောင်ပေါ်မှာရှိတဲ့ မြွေတွေအားလုံး လူသားတွေကို မှတ်မိနိုင်အောင် သေချာလုပ်.. အခုဆိုရင် မိဘတွေနဲ့ ဖေဖေတွေ ပါပါးတွေ အားလုံး ပြန်ရောက်လောက်ပြီ.. သူတို့ကို မြွေငယ်လေးတွေအပေါ်ပဲ အာရုံစိုက်ပြီး နေ့နေ့ညည မြွေငယ်လေးတွေကို သေချာစောင့်ရှောက်ခိုင်း.. တချို့မြွေတွေကို တောင်ကိုကာကွယ်ဖို့ ပြန်လာခိုင်းထားပြီးသား.. လူသားတွေ တောင်ပေါ်ကို တက်လာမှာကို ကြိုးစားပြီး တားဆီးရမယ်.. တယိ.. မင်းထွက်သွားပြီးတာနဲ့ ပြန်မလာနဲ့တော့.. မင်းက တောင်ကို စောင့်ရှောက်ကာကွယ်ရမယ်.. ”

မော့လောင်တ ခေတ္တစဉ်းစားပြီးနောက် ဆက်ပြောသည်။

“ပြီးရင် မော့တမော့ကို ဒီနေရာကို လာခိုင်းလိုက်..”

မော့တယိနှင့် ကျန်ဟုန်မြွေနှင့် လန်မြွေများ ခေါင်းညိတ်လိုက်သည်။

မော့တယိ မေးသည်။

“တောင်ပေါ်ကကိစ္စပြီးရင် ဒီလူကို ဘာလုပ်ရမလဲ..”

မော့လောင်တ အဖြေစဉ်းစားနေစဉ်မှာပင် ယင်ရှောင်ရှောင်း ပြောလာသည်။

“ဂူတစ်လုံးရှာပြီး မြွေအချို့ကို အလှည့်ကျစောင့်ခိုင်းလိုက်.. သူ့ကို လွတ်မသွားစေနဲ့..”

မော့လောင်တ : “ရှောင်ရှောင်းပြောသလို လုပ်လိုက်..”

မော့တယိ သဘောတူလိုက်သည်။ ညတွင်းချင်းပင် မြွေများသည် ဝမ်ယန်ကျန့်အား ခေါ်ကာ တောင်အောက်သို့ ဆင်းသွားကြသည်။ ထိုသို့ဖြင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သာလျှင် ကျန်ရှိလေတော့သည်။

မြွေတစ်ထောင်နီးပါး မော့လောင်တ၏ အမိန့်အတိုင်း နားထောင်ကာ လိုက်နာကြသော်လည်း ဤတောင်တန်းနှင့်စာလျှင် မြွေပွေးတစ်ထောင်ဟူသည်မှာ ဘာမှမဟုတ်ချေ။ ထိုလူသားများအား ရှာတွေ့နိုင်မည် မဟုတ်မှန်း သိထားကြသည်။

မြွေပွေးများသည် သူတို့၏ ထက်မြက်လှသည့် အနံ့ခံအာရုံအား သုံးကာဖြင့် လူသားများအား ရှာဖွေနိုင်ကြသော်လည်း ဤနေရာသို့ ဝင်ရောက်လာကြသည့် လူသားများမှာလည်း တုံးအလို့မနေချေ။ ဤမြွေသင်္ချိုင်းမှာ မြွေများကြောင့် နာမည်ကျော်သည်ကို သိထားကြသည်။ သူတို့၏ အနံ့ကို ဖုံးကွယ်ဖို့ရန် ဓာတုပစ္ဏည်းများ ယူလာခဲ့ကြပြီး မြွေများအား နှိမ်နင်းနိုင်သည့် ဓာတုပစ္စည်းများလည်း ယူဆောင်လာခဲ့သည်။ ထို့ကြောင့် သဘာဝကျစွာပင် မြွေပွေးများ၏ ရှာဖွေမှုမှာ ပိုမိုခက်ခဲလာစေသည်။

ပထမဆုံး ကံဆိုးသည့်အဖွဲ့မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဦးဆောင်ကာ အမျိုးသမီးအများစုဖြင့် ဖွဲ့စည်းထားသော လူ ၁၁ ယောက် ပါဝင်သည့် အဖွဲ့ဖြစ်သည်။ သူတို့အားလုံးသည်လည်း မြွေသင်္ချိုင်းသို့ဝင်ရန် အထူးဝတ်စုံများ ဝတ်ဆင်ထားကြပြီး မြွေသင်္ချိုင်းအတွင်းရှိ ပြင်းထန်သည့် အပူချိန်မှာ ထိုအမျိုးသမီးများအား ကြောက်မက်ဖွယ်ရာ ခေါင်းကိုက်မှု ဖြစ်စေသည်။ မြွေများနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်း မရှိဘဲ မြွေသင်္ချိုင်းအတွင်း ရက်ပေါင်းများစွာ လမ်းလျှောက်ပြီးနောက်တွင် အမျိုးသမီးအများစုမှာ မြွေသင်္ချိုင်းအတွင်းရှိ မြွေများနှင့် ပတ်သက်သည့် သတင်းများမှာ မှားယွင်းနေသည်ဟု တွေးလာကြသည်။ ထို့နောက် သူတို့၏ အစောင့်အကြပ်အား လျော့ချကာ အတူသယ်ဆောင်လာသည့် သာမန်အဝတ်အစားများနှင့် လဲလှယ်ဝတ်ဆင်လိုက်သည်။ ထိုအထဲတွင် အဖွဲ့ခေါင်းဆောင်အမျိုးသမီးလည်း အပါအဝင် ဖြစ်သည်။ အမျိုးသားငါးယောက်မှာ ထိုကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မတတ်နိုင်သည်ကြောင့် ထိုအမျိုးသမီးများ သဘောကျ လုပ်နေသည်ကိုသာ ခွင့်ပြုထားရတော့သည်။

အဖြစ်အပျက်မှာ မွန်းလွဲချိန်နှောင်းပိုင်းတွင် စလေသည်။ ထိုအဖွဲ့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် အနားယူလျက်ရှိသည်ကို ပိုင်မြွေတစ်ကောင်မှ ရှာတွေ့သွားလေသည်။

ပိုင်မြွေမှာ အလွန်စိတ်လှုပ်ရှားသွားသည်။ သူသည် ဤလူသားအဖွဲ့အား ပထမဆုံး ရှာတွေ့သူ ဖြစ်ပုံရပြီး သေချာပေါက် ကြွားဝါရမည် ဖြစ်သည်။ သို့သော်လည်း ပိုင်မြွေသည် လူသားများနှင့် တိုက်ခိုက်ဖူးခြင်း မရှိသည့်အတွက် လွန်ကဲစွာ ယုံကြည်ချက်မထားရဲပေ။ လူသားများမှာ သစ်ပင်အောက်တွင် ရှိနေပြီး အချိန်အတော်ကြာသည်အထိ ရွေ့လျားမည့်ပုံ မပေါ်သဖြင့် ပိုင်မြွေသည် တည်နေရာအား အလျင်အမြန် မှတ်သားလိုက်ပြီးနောက် အခြားမြွေပွေးများအား ရှာဖွေရန် ထွက်သွားလိုက်သည်။

အချိန်တိုလေးအတွင်းမှာပင် ထိုလူ ၁၁ ယောက် အဖွဲ့မှာ မြွေပွေးပေါင်းများစွာ၏ ဝိုင်းထားခြင်းခံလိုက်ရသည့်တိုင် လူသားများမှာ အနည်းငယ်မျှပင် သတိပြုမိခြင်း မရှိကြချေ။

မြွေပွေးများသည် လူသားများထံ ဖြည်းညင်းစွာ ချဉ်းကပ်လာကြသည်။ သူတို့အား ဝိုင်းရံထားမှုမှာလည်း တဖြည်းဖြည်းချင်း ပို၍ ကျဉ်းမြောင်းလာသည်။ မည်သည့်အချိန်တွင်မဆို တိုက်ပွဲဖြစ်သွားနိုင်သည်။

ထူထဲကြီးမားသည့် ပိုင်မြွေတစ်ကောင်သည် ချုံပုတ်အားဖြတ်ကာဖြင့် လူသားများနှင့် ပို၍နီးကပ်အောင် သွားလိုက်သည်။ သို့သော်လည်း ချုံပုတ်မှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေသည့် အကြေးခွံများအား ဖုံးအုပ်ပေးနိုင်သည့်အထိ ရှည်လျားခြင်းမရှိပေ။

“မြွေရှိနေတယ်..”

ပထမဆုံး သတိပြုမိသည့် အမျိုးသားတစ်ဦးမှ ချက်ချင်းအော်ဟစ်လာသည်။

သစ်ပင်အောက်ရှိ လူအားလုံး အထိတ်တလန့်ဖြင့် အဘက်ဘက်သို့ ရှာဖွေကြလေသည်။ သူတို့ပတ်ပတ်လည်တွင် မြွေပွေးအများစု ရှိနေသည်ကို ရှာတွေ့လိုက်ရသည်။ အဖွဲ့ခေါင်းဆောင် သက်လတ်ပိုင်းအမျိုးသမီးသည် အချိန်ယူကာ စဉ်းစားပြီးနောက် မျက်နှာထားတင်းတင်းဖြင့် ဆိုလေသည်။

“အားလုံးပဲ သစ်ပင်တွေကို ရှောင်ပြီး အတူတူစုနေမယ်.. ကိုယ့်ဘာသာ ကာကွယ်.. မြွေကိုက်မခံရအောင် ဂရုစိုက်ကြ..”

ထိုအချိန်တွင် အဝတ်အစားများ လဲဖို့ရန် အလွန်နောက်ကျသွားပြီ ဖြစ်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အဖွဲ့သားအားလုံး အတူတကွ ရှိကာဖြင့် မြွေများ၏ တိုက်ခိုက်မှုအား ကာကွယ်ရန်သာ ပြုနိုင်တော့သည်။

တိုက်ပွဲအတွက် မျက်ရည်ယိုဗုံးများ၊ အချက်ပြမီးများ၊ ပစ္စတိုများ၊ လက်ပစ်ဗုံးများ စသည့် အခြားသော လက်နက်များအား ထုတ်လိုက်ကြသည်။ လူတိုင်းသည် စိုးရိမ်ကြောက်ရွံ့မှုနှင့် ပတ်ဝန်းကျင်အား စူးစူးစမ်းစမ်း လေ့လာနေကြသည်။ မြွေများသည် ပုန်းနေရာမှထွက်ကာ လူသားများနှင့် ရင်ဆိုင်လိုက်ကြသည်။ နှစ်ဘက်စလုံးမှား တစ်ဘက်နှင့်တစ်ဘက် အချင်းချင်း စိုကကည့်လို့နေပြီး အခြားတစ်ဘက်၏ အားနည်းချက်အား အပြန်အလှန် ရှာဖွေရန် ကြိုးစားနေကြသည်။

လူသားများနှင့် မြွေမျိုးနွယ်များအကြား ပထမဆုံးသော အရေးပါသည့် ထိပ်တိုက်ရင်ဆိုင်မှုကြီးမှာ မကြာမီတွင် စတင်တော့မည် ဖြစ်လေသည်။