အပိုင်း ၈၁
Viewers 12k

Chapter 81


နှစ်ဘက်စလုံး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး မြွေပွေးများ၏ စစ်ကူများမှာလည်း အလျင်စလို ရောက်ရှိတိုးပွားလာသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် သွားတင်းတင်းကြိတ်ကာဖြင့် အော်ဟစ်လိုက်သည်။

“ငါတို့ စောင့်နေတုန်း မြွေတွေ ပိုပိုပြီးရောက်လာရင် တစ်ယောက်မှတောင် အသက်ရှင်လိုက်မှာ မဟုတ်ဘူး.. အဲဒီလို ဆိုမှတော့ အခုပဲ တိုက်ခိုက်ကြမယ်..”

လူသားများဘက်မှ အမျိုးသမီးတစ်ဦးသည် ပစ္စတိုကိုင်ကာ ကျွမ်းကျင်စွာ ပစ်ခတ်လိုက်သည်။ လျှပ်တစ်ပြတ်အတွင်းမှာပင် ဟွားမြွေတစ်ကောင်အား ကျည်ထိသွားသည်။ မြွေပွေးများ ဒေါသတကြီး ဖြစ်လာကြသည်။ ဟွားမြွေ အသတ်ခံလိုက်ရလေပြီ။

ဟုတ်သည်။ မြွေပွေးများ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အဆင့်မမီလှချေ။ အဆိပ်ပြင်းလေလေ ခုခံနိုင်စွမ်း ကြီးလေလေ ဖြစ်သည်။ ထို့ကြောင့် ယင်မြွေနှင့် လန်မြွေကြားရှိ ကျည်ဒဏ်ခံနိုင်မှုမှာလည်း အဆင့်တစ်ခု ခြားလို့နေသည်။ ယင်မြွေများနှင့် ယင်မြွေများအောက်ရှိ မြွေပွေးများမှာ ကျည်ဆန်၏ ပြင်းအားကို ခံနိုင်ရည်စွမ်း မရှိကြပေ။ မြွေပွေးများမှာ ယခုထိတိုင်အောင် ထိုအကြောင်းအား မသိရှိကြသော်လည်း များမကြာမီတွင် သိရှိသွားကြလိမ့်မည်။ 

ထိုမြွေပွေးများမှာ ခန့်မှန်းထားသည်ထက်ပင် ပိုနေလေသည်။ လူသားများ သက်ပြင်းရှိုက်လိုက်ကြသည်။ ဤသင်္ချိုင်းအတွင်းရှိ မြွေများမှာ မည်သို့သော ထူးဆန်းသည် သန္ဓေပြောင်းမှုမျိုး ရှိနေမည်ကို ဘုရားသခင်မှပင် သိလိမ့်မည်။ ထိုမြွေများမှာ ကျည်ဆန်များအား မကြောက်ဘူးဆိုလျှင် လူသားများအနေဖြင့် မည်သို့ဆက်လုပ်ရမှန်း မသိတော့ချေ။

“ပစ္စတိုရှိတဲ့လူတွေက သူတို့ကို ပစ်..”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ပတ်ပတ်လည်အား ကြည့်လိုက်ပြီးနောက် မြွေပွေးများ သိသိသာသာ နည်းပါးသည့်နေရာအား ရှာတွေ့သွားပြီး အော်လိုက်သည်။ 

“ဒီလမ်းပဲ..”

လူသားများသည် မြွေပွေးများနည်းသည့်နေရာဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။ ထိုနေရာတွင် လန်မြွေနှင့် ဟုန်မြွေများ စုဝေးလို့နေသည်။

‘ဒီလူတွေက အပေါ်ယံကြည့်ရင်တော့ သေးသေးလေးနဲ့ ပိစိလေးတွေပေမဲ့ အန္တရာယ်ရှိတဲ့အရာတွေကို ဖုံးထားကြတာပဲ..’

မြွေပွေးများသည် လူသားများ ကိုင်ဆောင်ထားသည့် လက်နက်များအား ကြည့်ကာဖြင့် တိတ်တဆိတ် တွေးလိုက်ကြသည်။

“ဒီလူသားတွေမှာ အရည်အချင်းတစ်ချို့ ရှိနေတာပဲ..”

လူများနှင့် မြွေပွေးများ၏ ခေါင်းပေါ်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ မြွေပွေးများမှာ တုံ့ပြန်ခြင်း မရှိကြချေ။ လူသားများ၏ အကြည့်မှာ အသံထွက်ပေါ်ရာအား ကြည့်လိုက်သည်တွင် သူတို့ အနားယူခဲ့ကြသည့် သစ်ပင်ကြီး၏အောက်မှ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤနယ်မြေအား ရှာဖွေရန် တာဝန်ကျအကြီးအကဲ မော့မြွေ ရောက်ရှိလာပြီး သစ်ပင်အောက်တွင် ခွေနေခြင်း ဖြစ်လေသည်။

“ဒီမြွေ.. ဒီမြွေက စကားပြောနိုင်တယ်..”

ထိုသို့ပြောသည်မှာ မည်သူမှန်း မသိသော်လည်း အမျိုးသမီးအချို့၏ မျက်နှာများမှာ ဖြူဖျော့လို့သွားကြသည်။ သင်္ချိုင်းတူးဖော်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီး ယခင်က မမြင်ဖူးခဲ့သည့် ထူးထူးဆန်းဆန်း သတ္တဝါများအားလည်း မြင်တွေ့ဖူးခဲ့သည်။ သို့သော်လည်း လူစကားပြောတတ်သည် မြွေတစ်ကောင်အား မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ သို့တည်းမဟုတ် သူတို့မြင်တွေ့ခဲ့ဖူးသည့် သင်္ချိုင်းအတွင်းမှ သတ္တဝါများမှာ စကားမပြောကြဟု ဆိုလျင် ပိုကောင်းပေမည်။ ယခုအခါတွင် သူတို့အရှေ့တွင် အနက်ရောင်မြွေတစ်ကောင် ရှိနေသည်။ သူတို့သာ မမြင်တွေ့ခဲ့ရလျှင် ထိုသို့ပြောသည်မှာ လူသားတစ်ဦးဟု ယုံကြည်မိမည် ဖြစ်သည်။

“စကားပြောနိုင်တာက ဘာတွေများ အရမ်းထူးဆန်းနေလို့လဲ..”

မြွေပွေးများ အုံကြွလာကြသည်။

“လူသားတွေက ဘာမှမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်ရတာ တကယ်ကြိုက်ပုံပဲ..”

“အရှုပ်တွေလုပ်ရတာ ကြိုက်ရုံတင်ဘယ်ကမလဲ သူတို့ရဲ့ ခွန်အားတွေက အတော်လေး ဆုတ်ယုတ်သွားသေးတယ်.. အခုတော့ သူတို့တွေက အကူပစ္စည်းတွေကို မှီခိုနေရတာလေ.. ကြည့်ပါလား.. ရယ်စရာကောင်းချက်ပဲ..”

“...”

_ ထိုသို့ဖြင့် မြွေပွေးများ၏ အချိန်မရွေး အတင်းပြောတတ်သည့် အရည်အချင်းမှာ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။

“ဟုတ်ပြီ.. အခုလက်ရှိတာဝန်က ဒီလူသားတွေကို သတ်ဖို့ပဲ.. တစ်ခုခုပြောစရာရှိရင် တာဝန်ပြီးတဲ့အထိ စောင့်လို့ရတယ်..”

သစ်ပင်အောက်ရှိ မော့မြွေမှာ စိတ်မရှည်စွာဖြင့် ပြောလေသည်။ ဤသည်မှာ သာမန်မြွေပွေးများအကြားရှိ ထူးခြားမှုတစ်ခုဖြစ်သည်။ အချိန်နေရာမရွေး အတင်းပြောဖို့ရန် စိတ်အနှောင့်အယှက်ဖြစ်နေမည် မဟုတ်ပါ။ 

“ဒီလူသားတွေက အဲဒီအရာတွေကို မှီခိုနေကြတယ် ဆိုတော့လည်း အားလုံးပဲ သူတို့ကိုင်ထားတဲ့ အရာတွေကို ဖျက်ဆီးပစ်ရမယ်..”

မော့မြွေသည် သစ်ပင်အောက်မှနေ ဆက်ပြောနေသည်။ ဤမော့မြွေ၏ အပြုအမူနှင့် ပတ်သက်၍ မည်သည့်မြွေမျှ မကျေမနပ် မဖြစ်ကြချေ။ စစ်ပွဲအတွင်းတွင် မော့မြွေများမှာ အကြီးအကဲအဖြစ် အမိန့်ပေး ကွပ်ကဲတတ်ကြပြီး ရန်သူများအား တိုက်ခိုက်ခြင်း မပြုတတ်ကြပေ။

တိုက်ပွဲပြန်စလေပြီ။ မြင်ကွင်းမှာလည်း လျင်မြန်စွာဖြင့် ပရမ်းပတာအဖြစ်သို့ ပြောင်းလဲသွားသည်။

မြွေပွေးများသည် မော့မြွေ၏ အမိန့်ပေးမှုအောက်တွင် လက်နက်များကိုင်ဆောင်သည့် လူသားများနှင့် နောက်ကျောတွင် ပစ္စည်းများ သယ်ဆောင်လာသည့် လူသားများထံသို့ ပြေးသွားကြပြီး ကြမ်းကြမ်းတမ်းတမ်း ကိုက်ခဲကြလေသည်။ ဤသင်္ချိုင်းဖောက်အဖွဲ့မှာ လူသားများကဲ့သို့ စကားပြောနိုင်သည့် မြွေပွေးများနှင့် ရင်ဆိုင်ရသည့်တိုင် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် လုံလုံလောက်လောက်ရှိသည်ဟု ဆိုနိုင်ပြီး မူးမေ့သွားကာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသူ တစ်ဦးမျှပင် မရှိချေ။ ဤအချိန်တွင် မြွေသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ချင်သူ မရှိကြတော့ပေ။ ဤမြွေသင်္ချိုင်းအတွင်းမှသာ အတတ်နိုင်ဆုံး မြန်မြန်ထွက်သွားချင်မိသည်။

မြေများနှင့် ရင်ဆိုင်ရန်၊ မြွေပွေးများနှင့် ရင်ဆိုင်ရန်၊ အလွန်များပြားသည့် မြွေပွေးများအား ရင်ဆိုင်ရန် မြွေသင်္ချိုင်းအတွင်းသို့ ဝင်ကာ တစ္ဆေငါးမန်းဥအား ခိုးယူမည့်သူအတွက် အလွန်သတ္တိရှိရန် လိုအပ်ပေသည်။ သို့သော်လည်း အသိဉာဏ်ရှိပြီး စကားပြောတတ်ကာ ကြံစည်နိုင်စွမ်းနှင့် အထွတ်အထိပ်သို့ရှိနေသည့် မြွေပွေးများနှင့် ရင်ဆိုင်ရန်မှု မည်သူက သေခြင်းတရားအား ရှာဖွေရန်အတွက် မြွေသင်္ချိုင်းအတွင်းသို့ ရဲစွမ်းသတ္တိအပြည့်ဖြင့် ဝင်ရောက်နိုင်မည်နည်း။

သို့သော်လည်း လူသားများ၏ နောင်တတရားမှာ သူတို့၏ ကံတရားအား ပြောင်းလဲဖို့ရန် မလုံလောက်ပါချေ။ တစ်ဆယ့်ငါးမိနစ်မျှ ကြာပြီးသည့်နောက်တွင် လူသားများ၏ ရှုံးနိမ့်မှုမှာ သေချာပေါက် ကြုံတွေ့ရမည့်အရာ ဖြစ်လေသည်။ အဖွဲ့ထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးသာ ကျန်ရှိတော့သည်။

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးမှာ မောပန်းလို့နေပြီး ပင့်သက်ရှိုက်နေကြပြီ ဖြစ်သည်။ ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ဤနေရာသည် သူတို့သုံးဦးအတွက် သင်္ချိုင်းတစ်ခု ဖြစ်လာလိမ့်မည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီး ပြောသည်။

“ငါ ဒီမြွေပွေးတွေကို ထိန်းထားလိုက်မယ်.. နင်တို့နှစ်ယောက် မြန်မြန် ထွက်ပြေးကြ..”

အမျိုးသားနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ရှင်သန်လိုမှုကိုယ်စီ ရှိနေကြသည်။ အရာများမှာ ဤအခြေအနေသို့ ရောက်လာကြပြီ ဖြစ်သည့်အတွက် သူတို့ထံတွင် ရွေးချယ်ရန် မရှိတော့ချေ။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် အပြင်ဘက်အိတ်အတွင်းမှ အချက်ပြမီးတစ်ခု ထုတ်လိုက်သည်။

“မြန်မြန် ထွက်သွား..”

အမျိုးသားနှစ်ဦး တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြန်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ပစ္စတိုများအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးအား နောက်ကျောပေးကာဖြင့် သူတို့အား ဝိုင်းရံထားသည့် မြွေပွေးများဆီသို့ ပြေးဝင်သွားတော့သည်။

မြွေပွေးများသည် ထိုလူနှစ်ယောက်နောက်သို့ လိုက်ရန်ပြင်စဉ်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အချက်ပြမီးအား ဆွဲဖွင့်လိုက်သည်။

အချက်ပြမီးမှာ အလွန်အကျိုးရှိလေသည်။ ဤနယ်မြေအတွင်းရှိ မြွေပွေးများမှာ အလွန်ကောင်းမွန်သည့် အမြင်အာရုံ ရှိကြသည်။ မြွေပွေးများမှာ မျက်ခွံများလည်း မရှိကြသဖြင့် အလင်းရောင်အား ကာကွယ်ရန် မျက်လုံးများအား ပိတ်နိုင်စွမ်း မရှိကြချေ။ ချက်ချင်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်မှာ မြွေပွေးများ၏ ဒေါသတကြီး အော်ဟစ်သံများနှင့် ပြည့်နှက်သွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှာလည်း ရန်လိုနေသည့် မြွေပွေးများ၏ ဆုတ်ဖြဲခြင်း ခံလိုက်ရလေသည်။

“အားလုံးပဲ ခေါင်းကိုငုံ့ထားကြ.. အဲဒီအရာကနေ အကာအကွယ်ပြုလို့ရတဲ့နေရာကို ကြိုးစာရှာပြီး မျက်လုံးကို ကွယ်ထားကြ..”

သစ်ပင်အောက်တွင် ရှိနေသည့် မော့မြွေမှ ဒေါသတကြီး ဆိုလေသည်။

စစ်ပွဲအတွင်းတွင် မြွေပွေးများသည် မော့မြွေများ၏ ဦးစီးကွပ်ကဲမှုအား အလွန်နာခံတတ်ကြသည်။ ဤသည်ကပင် အခြားသော မြွေပွေးမျိုးနွယ်များမှ မော့မြွေများအား သဘောမကျသည့်တိုင် တိုက်ခိုက်ခြင်း မပြုကြသည့် အဓိကအချက်များထဲမှ တစ်ခုလည်း ဖြစ်နိုင်သည်။ မော့မြွေ၏အသံကို ကြားသည့်အခါတွင် မြွေပွေးများသည် စဉ်းစားခြင်းပင် မပြုကြဘဲ အကာအကွယ်များ ရှာဖွေကြလေသည်။ သစ်ပင်များနှင့် နီးသည့်မြွေပွေးများအတွက် ရှာဖွေရန် လွယ်ကူသော်လည်း အနီးပတ်ဝန်းကျင်တွင် သစ်ပင်များမရှိသည့် မြွေပွေးများအတွက်မူ ထူထဲကြီးမားလှသည့် မြွေပွေးခန္ဓာကိုယ်များနှင့်ယှဉ်လျှင် အလွန်သေးငယ်သည့် ပေါင်းပင်မြက်ပင်များကိုသာ တွေ့နေရသည်။ ဘာဆက်လုပ်ကြမတုန်း။ မြွေပွေးများသည် အကြံတစ်ခုအား အလျင်စလို အကောင်အထည် ဖော်လိုက်ကြသည်။ မင်းတို့ရဲ့ခေါင်းတွေကို ရဲဘော်ရဲဘက်တွေရဲ့ ခန္ဓာကိုယ်အောက်မှာ ထားလိုက်ကြ။

ကြည့်ရသည်မှာ ရယ်စရာကောင်းသော်လည်း ဤတစ်ကြိမ်တွင် ရယ်စရာမှာလည်း ဟာသတစ်ခု မဟုတ်တော့ချေ။ သူတို့၏မျက်လုံးများကို ကာကွယ်ရန်အတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေလေသည်။

ဤသို့ ရုတ်ရုတ်သဲသဲ အခြေအနေမျိုး ဖြစ်လာခြင်းကြောင့် ထိုလူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။ သူတို့သည်လည်း စူးရှသည့်အလင်းရောင်၏ သက်ရောက်မှုအား ခံစားရသော်လည်း အမြင်အာရုံမှာ အများအပြား ထိခိုက်ခြင်း မရှိပေ။ ထို့အပြင် အသက်ဆုံးရှုံးရမည်နှင့် နှိုင်းစာလျှင် ထိုက်တန်လေသည်။

အချက်ပြမီးပန်း ကုန်ဆုံးပြီးနောက်တွင် မြွေပွေးများမှာ နောက်ထပ်တစ်ဖန် မတ်မတ်ရပ်လိုက်ကြသည်။

“အရမ်းရွံဖို့ကောင်းတဲ့ လူသားတွေ..”

သစ်ပင်အောက်ရှိ မော့မြွေမှာ ဒေါသူပုန်ထနေပြီး မျက်လုံးများမှာလည်း လူသားများအား မုန်းတီးမှုတို့နှင့် ပြည့်နှက်နေသည်။ မော့မြွေများသည် သာမန်မြွေပွေးများအား နှိမ့်ချစွာ ကြည့်တတ်ကြသော်လည်း သူတို့၏ မျိုးနွယ်ဝင်မဟုတ်သည့် လူသားများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မော့မြွေများသည် မြွေပွေးများကို ပို၍သဘောကျ လေသည်။ သစ်ပင်အောက်ရှိ မော့မြွေမှာ သေကြေပျက်စီးသွားသည့် အလောင်းများအား ကြည့်ကာဖြင့် နာကျင်နေရသည့် မြွေပွေးများအား ကြည့်ပြီး အော်ပြောလိုက်သည်။

“ဒီနယ်မြေထဲကို ဝင်လာရဲတဲ့ လူသားတွေ အားလုံးကို သတ်ပစ်မယ်.. တစ်ယောက်လေးတောင်မှ အသက်မရှင်နိုင်စေရဘူး..”

စွမ်းအားကြီးလေလေ တိုက်ပွဲအတွင်း ရှင်သန်ရန် အခွင့်အရေးပိုများလေ ဖြစ်သည်။ တိုက်ပွဲအတွင်း သေဆုံးသွားရသည့် မြွေပွေးအများစုမှာ လုမြွေနှင့် ဟွမ်မြွေများ ဖြစ်ကြပြီး ဟွားမြွေ၊ ယင်မြွေနှင့် ပိုင်မြွေအချို့လည်း ပါလေသည်။ လန်မြွေနှင့် ဟုန်မြွေ တစ်ကောင်တစ်လေမျှ သေဆုံးခြင်း မရှိကြပေ။

“လူသားတွေရဲ့ ကျည်ဆန်က ငါ့ကို မထိခိုက်စေဘူးဟ..”

ဟုန်မြွေတစ်ကောင်မှ ရုတ်တရက် ဆိုလေသည်။

မြွေအုပ်မှာ ဟုန်မြွေအား ကြည့်လိုက်ကြပြီး ထိုဟုန်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အမှတ်တစ်ခုသာ ရှိနေသည်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ကျည်ဆန်သည် ဟုန်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသား ထင်ကျန်စေခဲ့သော်လည်း ဟုန်မြွေ၏ အကြေးခွံများအား အနည်းငယ်မျှပင် ထိုးဖောက်နိုင်စွမ်း မရှိပေ။

“ငါ့မှာလည်း တစ်ခုရှိတယ်..”

ယင်မြွေတစ်ကောင်မှ အော်ပြောသည်။ မြွေအုပ်မှာ နောက်တစ်ဖန် ကြည့်လိုက်ကြပြန်သည်။ ယင်မြေ၏ သွယ်လျလျ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ရှိနေသည်။ သို့သော်လည်း ရန်သူမှာ အပစ်အခတ်ကျွမ်းကျင်မှု မရှိခြင်းကြောင့် ယင်မြွေအား ထိခိုက်ခဲ့ခြင်း မရှိပေ။ ကျည်ဆန်ကြောင့် ယင်မြွေမှာ သေဆုံးရမည့်အစား ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာတစ်ခုသာ ဖြစ်ပေါ်စေခဲ့သည်။

သစ်ပင်အောက်ရှိ မော့မြွေမှာ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြောလာသည်။

“ဒဏ်ရာရထားတဲ့ မြွေတွေက နေရာတစ်ခုရှာပြီး ပြန်အားဖြည့်ကြ.. ထိခိုက်မှုမရှိတဲ့ မြွေတွေကတော့ လူသားတွေရဲ့ ခြေရာကို ဆက်ရှာကြမယ်.. လူသားတစ်ယောက်ကို တွေ့တာနဲ့ အလျင်စလို မလုပ်ဘဲ ငါ့ဆီကို ချက်ချင်း လာပြောရမယ်..”

ထို့နောက် ဆက်ပြောသည်။

“လန်မြွေနှစ်ကောင်က မျိုးနွယ်စုခေါင်းဆောင်ကို ချက်ချင်းသွားရှာ.. တိုက်ပွဲအတွင်း ဖြစ်ခဲ့သမျှကို ခေါင်းဆောင်ဆီ သတင်းပို့လိုက်..”

မြွေများသည် မော့မြွေပြောသည့်အတိုင်း လုပ်ဆောင်ကာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။ သူတို့အထဲတွင် လန်မြွေနှစ်ကောင်သည် မော့လောင်တအား ရှာဖွေရန် အလျင်စလို ထွက်သွားကြသည်။

“ဘယ်လိုတောင် ထူးဆန်းနေတာလားပဲ.. မြွေသင်္ချိုင်းက မြွေပွေးတွေ အများကြီး ရှိနေသင့်တာလေ.. ငါတို့ ဒီအထိ ‌ရောက်လာတာတောင် တစ်ကောင်တစ်လေမှ မတွေ့ရသေးဘူး..”

ညနေခင်း စခန်းချနေရင်းနှင့် ခွေးမြီးမြက်အား ပါးစပ်တွင်ကိုက်ထားသည့် ဖုန်းယွမ်သည် မီးဖိုနေသည့် ကျိုးဖုန်း၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လို့နေသည်။ 

“တစ်ကောင်မှ မတွေ့ရတာ ကောင်းတာပေါ့.. မင်းက မြွေပွေးတွေ တစ်ပြုံကြီးနဲ့ ဝင်တိုးချင်နေတာလား..”‌

ကျိုးဖုန်း မျက်လုံးလှိမ့်လိုက်သည်။ 

မြွေပွေးတွေနဲ့ မတွေ့ရတာကိုက အံ့ဩဖို့ကောင်းနေပြီ သိရဲ့လား.. ဒီကောင်က အရမ်းကို ပြောင်းပြန်ဖြစ်နေပြီနော်.. သင်းက မြွေပွေးတွေနဲ့ ရင်ဆိုင်ဖို့ကို မစောင့်နိုင်တော့ပုံပဲ..

“မင်း... ထင်လား..”

ဖုန်းယွမ်သည် ကျိုးဖုန်းနားသို့ ချဉ်းကပ်ကာဖြင့် ကျိုးဖုန်း၏ နားအတွင်း တီးတိုးပြောလေသည်။

“ဒီသင်္ချိုင်းထဲက မြွေတွေက သေသွားကြတာမျိုးများ ဖြစ်နေမလား.. ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လူတွေဝင်ခဲ့တုန်းက မြွေပွေးတွေ အများကြီးနဲ့ တွေ့ခဲ့တယ် ဆိုပြီး ငါတို့လည်းကျရော တစ်ကောင်တစ်လေတောင် မတွေ့ရဘူးလေ.. ငါထင်တာကတော့ အချိန်တွေကုန်လာတာနဲ့အမျှ မြွေပွေးတွေလည်း သေသွားတာပဲ ဖြစ်ရမယ်..”

“မင်းထင်တာ မှန်ပါစေလို့ပဲ ငါမျှော်လင့်တယ်..”

ကျိုးဖုန်း လေသံဖြင့် ပြန်ပြောသည်။ လူစကားပြောနိုင်သည့် မြွေပွေးများအနေဖြင့် လွယ်လွယ်ကူကူ သေဆုံးသွားနိုင်မည်လော။ ထိုအတွေးမှာ အပျော်သဘောနှင့် တွေးရန်ပင် မဖြစ်နိုင်ချေ။

ဖုန်းယွမ် ပုခုံးတွန်းလိုက်ပြီးနောက် ခေါင်းမော့လိုက်သည့်အခါတွင် ချီကျောက်အား တွေ့လိုက်ရသည်။ အလျင်စလိုဖြင့် အော်ခေါ်လိုက်သည်။

“ချီကျောက်ရေ.. ငါတို့လမ်းလျှောက်နေတာ အရမ်းကြာနေပြီ.. သင်္ချိုင်းက ဘယ်မှာလဲဆိုတာ မင်းတွေ့ပြီလား..”

ချီကျောက် ခေါင်းမော့လာပြီး ဖုန်းယွမ်၏ အကြည့်များအား တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်များအား ဆွဲကာဖြင့် အပြုံးတုတစ်ခု ပြုလိုက်သည်။

“ဘာလဲ.. မင်းက ဝင်ဖို့ မစောင့်နိုင်တော့ဘူးလား..”

“မင်းဘာစကားပြောတာလဲ ချီကျောက်.. ငါတို့က သင်္ချိုင်းတူးဖောက် လာကြတာ မဟုတ်ဘူးလား.. အဲဒါကို ဘာကိစ္စနဲ့ သင်္ချိုင်းထဲ မဝင်ရမှာလဲ..”

“သင်္ချိုင်းတူးဖို့လား..”

ချီကျောက် ထိုစကားများအား ရေရွတ်လိုက်ပြီးနောက် သူ၏မျက်လုံးများမှာ ပို၍ပင် အေးစက်လာသည်။

“ဟုတ်တယ်လေ.. ဒီမြွေသင်္ချိုင်းက ကျိုးမင်းဆက်က သင်္ချိုင်းကြီးဆိုပြီး အားလုံးပြောနေကြတာပဲ မဟုတ်ဘူးလား.. ပြီးတော့...”

ဖုန်းယွမ်မှာ ခေါင်းငုံ့ကာဖြင့် စိတ်ပါဝင်စာ ပြောလျက်ရှိပြီး ချီကျောက်၏ မျက်နှာအား မမြင်ချေ။ သို့သော်လည်း ကျိုးဖုန်းမှာ ချီကျောက်၏ မျက်နှာအား မြင်ပြီးနောက် ဖုန်းယွမ်အား ချက်ချင်း ဝင်နှောင့်ယှက်လိုက်သည်။

“ဖုန်းယွမ်.. စကားပြောနေတာ ရပ်လိုက်တော့.. မီးဖိုဖို့အတွက် သစ်ကိုင်းတွေ မလုံလောက်ဘူး.. ငါနဲ့အတူလိုက်ပြီး သစ်ကိုင်းခြောက် လိုက်ရှာပေးဦး..”

ထိုသို့ပြောပြီးနောက် ဖုန်းယွမ်အား ဆွဲခေါ်သွားသည်။ ထို့နောက် ဖုန်းယွမ်အား တောအုပ်ဆီသို့ အတင်းထိုးလွှတ်လိုက်သည်။

“ဟေ့.. ဟေ့.. ဟေ့.. ကျိုးဖုန်း.. ငါ့ကို တွန်းနေတာ ရပ်ဦး.. ငါ့ဘာသာ လျှောက်မယ်.. ငါ့ဘာသာ လျှောက်မယ်လို့.. မင်းက တကယ်ကြီး သစ်ကိုင်းခြောက်ရှာဖို့ ငါ့ကို အဖော်ခေါ်တယ်ပေါ့လေ.. မင်းက တကယ်ငကြောက်ပဲဆိုတာ ငါမသိခဲ့ဘူးရယ်..”

ကျိုးဖုန်းသည် ဖုန်းယွမ်အား သတိလက်လွတ်ဖြင့် တွန်းပို့နေခဲ့သည်။ သို့သော်လည်း သူ၏ အာရုံမှာ သူတို့၏ အနောက်ဘက်တွင် ကျန်နေခဲ့သည့် ချီကျောက်ထံတွင်သာ ရှိနေဆဲဖြစ်သည်။ ချီကျောက်သည် တစ်စုံတစ်ခုအား ရေရွတ်နေသည်ဟု ထင်သော်လည်း ကျိုးဖုန်းမှာ သဲသဲကွဲကွဲ မကြားရချေ။ စကားလုံး အချို့ကိုသာ တစ်ပိုင်းတစ်စ ကြားလိုက်ရသည်။

“သင်္ချိုင်း. အလောင်း.. သတ်...”

သူတို့နှစ်ဦးသည် သစ်တောထဲသို့ လမ်းလျှောက်ဝင်လာကြသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို သေချာပြီးနောက်တွင် ကျိုးဖုန်း ဖုန်းယွမ်အား နူးနူးညံ့ညံ့ပြောလာသည်။

“နောက်ဆိုရင် ချီကျောက်ရဲ့ရှေ့မှာ သင်္ချိုင်းဖောက်တဲ့အကြောင်း မပြောနဲ့.. စကားလည်း နည်းနည်းပဲပြော..”

(Note _ ဒီနေရာကစပြီး သင်္ချိုင်းတူးတယ် လို့ ရေးမယ့်အစား သင်္ချိုင်းဖောက်တယ်လို့ ပြန်ပြောင်းရေးပါမယ်နော်..)

“ဟမ်.. ဘာလို့လဲ..”

ဖုန်းယွမ် အံ့ဩတကြီး မေးလာသည်။

“ငါတို့က သင်္ချိုင်းဖောက်ဖို့ ဒီကိုလာကြတာလေ.. ချီကျောက်ပဲ ငါတို့ကို ဒီခေါ်လာတာကို.. ဘာကိစ္စနဲ့ သူ့ရှေ့မှာ သင်္ချိုင်းဖောက်မယ့်အကြောင်း မပြောရမှာလဲ..”

ကျိုးဖုန်း မျက်လုံးလှိမ့်လိုက်သည်။ ဤဖုန်းယွမ်မှာ ရူးနှမ်း၊ နုံအကာ အသိဉာဏ်နည်းသည့်အပြင် အမှန်တကယ် ထုံထိုင်းလို့နေသေးသည်။ ဤအချိန်အထိ အသက်ရှင်နေသေးသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်သည်။ အလွန်ခေါင်းမာလှသည်။

“ချီကျောက်နဲ့ ပတ်သက်ပြီး မသင်္ကာစရာ တစ်ခုခုရှိတယ်လို့ ငါထင်တယ်.. သွားပြီး မနှောင့်ယှက်နဲ့.. ငါပြောတာ နားထောင်..”

ကျိုးဖုန်း ဆက်ပြောသည်။

“ငါထင်တာ ချီကျောက်က တစ်ခုခု သိထားပြီး ငါတို့ကို မပြောဘဲထားတာ ဖြစ်မယ်..”