Chapter 82
ဖုန်းယွမ်မှာ ပို၍ပင် ရှုပ်ထွေးလာသည်။ ကျိုးဖုန်း ပြောနေသည့်အရာအား ဖုန်းယွမ် သတိပြုမိခြင်းပင် မရှိချေ။ ဖုန်းယွမ် တုံ့ဆိုင်းနေပြီးနောက် ပြောသည်။
“မင်းပြောတာ သေချာလား.. ချီကျောက်က ဘာကိစ္စနဲ့ ငါတို့ကို ဖုံးကွယ်ထားတာလဲ.. အားလုံးက သင်္ချိုင်းဖောက်ဖို့ လာကြတာလေ.. သူက တစ်ခုခုကို ရှာနေတယ်ဆိုတာ ငါတို့သိသွားမှာစိုးလို့ ဖုံးကွယ်ဖို့ ကြိုးစားနေတာများလား..”
“မဟုတ်ဘူး..”
ဖုန်းယွင်၏ ခန့်မှန်းချက်အား ကျိုးဖုန်း ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူ၏မျက်နှာတွင် ထူးဆန်းသည့် အကြည့်တစ်ခု ရှိနေသည်။
“ငါထင်တာကတော့ ချီကျောက်က ငါတို့ဆီကတစ်ခုခုရှာနေတာထက် လူသားတွေ အားလုံးကို ဒီနေရာမှာ သေသွားစေချင်တာလို့ ယုံနေမိတယ်..”
“ဘာဖြစ်တယ်..”
ဖုန်းယွမ် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်းအသံကို တိုးစမ်းပါ.. ငါရဲ့ ခန့်မှန်းချက်ပဲ ရှိတာပါ.. တိတ်တိတ်နေ..”
ကျိုးဖုန်းပြောသည်။
“မင်းပြောတာ မှန်တယ်.. ငါတို့တွေ ချီကျောက်နဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် နေသင့်တယ်.. သူ့အသက်ကိုတော့ ဒီနေရာမှာ စတေးပစ်မှာ မဟုတ်လောက်ဘူး..”
ဖုန်းယွမ် သံသယတို့ဖြင့် ပြည့်နေသည်။ လူနှစ်ဦးသည် သစ်ကိုင်းခြောက်များ ကောက်ယူပြီးနောက် စခန်းချရာသို့ ပြန်လာခဲ့ကြသည်။
မော့လောင်တသည် လန်မြွေနှစ်ကောင် တင်ပြသည့် တိုက်ပွဲအခြေအနေအား နားထောင်နေပြီး မြွေပွေးများ၏ အကျအဆုံးကို သိရှိပြီးနောက် ဒေါသတကြီး ဖြစ်လာသည်။ လူသားများမှာ ဤမျှလောက်အထိ ကြင်နာစိတ် ကင်းမဲ့ပြီး မြွေပွေးများ၏ တိုက်ခိုက်မှုအား ခံနိုင်ရန်အတွက် အရှက်မဲ့စွာဖြင့် အရာဝတ္တုများအပေါ် မှီခိုလျက်ရှိကြသည်။ အဆိုးဝါးဆုံးမှာ မြွေပွေးများ၏ သေကြေပျက်စီးမှု အရေအတွက်ပင် ဖြစ်သည်။
သူ၏နံဘေးတွင် ယင်ရှောင်ရှောင်းသည် အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလာသည်။
“လူသားတွေက အဲဒီအရာကို မှီခိုနေရတယ်ဆိုပေမဲ့လည်း အကန့်အသတ်နဲ့ ရှိတယ်.. တစ်နေ့ကျရင်တော့ ကုန်သွားမှာပဲ.. လူသားတွေ အဲဒီအရာ မြန်မြန်ကုန်သွားအောင် ကျွန်တော်တို့တွေ နည်းလမ်းတစ်ခုခု စဉ်းစားနိုင်မှာပါ..”
ယင်ရှောင်ရှောင်းသည် ‘ထိုအရာများ’ မှာ အချက်ပြမီးပန်းများ ဖြစ်သည်ကို သိသော်လည်း မော့လောင်တအား ‘အဲဒီက အချက်ပြမီးတွေလေ..’ ဟူ၍ မပြောနိုင်သည့်အတွက် ‘အဲဒီအရာတွေ’ ဟုသာ အားတင်းခေါ်နေရသည်။
“ဘယ်လိုလဲ..”
ယင်ရှောင်ရှောင်း ခက်ခက်ခဲခဲ စဉ်းစားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောသည်။
“နှောင့်ယှက်တဲ့ ဗျူဟာသုံးတာမျိုးပေါ့..”
“အဲဒါက ဘယ်လိုလဲ..”
“လူတွေက ညဘက်ဆို အိပ်ကြတယ်လေ.. လူတွေအိပ်တဲ့အချိန်ကို စောင့်ပြီးတော့ အိပ်နေတဲ့ လူတွေအနားကို မြွေပွေးတွေသွားပြီးတော့ အသံတွေလုပ်ကြမယ်.. ပိုကျယ်လေ ပိုကောင်းလေပဲ.. လူတွေနိုးလာမှာ သေချာတယ်.. လူတွေက ညအမှောင်ထဲမှာဆို မမြင်ရဘူး.. အဲဒါဆိုရင် ပတ်ဝန်းကျင်ကို မြင်ရဖို့အတွက် အလင်းရောင် လိုမှာပဲ.. အဲဒီလိုမျိုးနဲ့ သူတို့မှာရှိတဲ့ အလင်းပေးနိုင်တဲ့အရာတွေကို သုံးအောင်လို့ ဖိအားပေးကြမယ်.. လူတွေ အဲဒီပစ္စည်းကို ထုတ်တာနဲ့ မြွေပွေးတွေက နောက်ဆုတ်ပြီး အလင်းရောင် ကုန်သွားတဲ့အထိ စောင့်ကြမယ်.. ပြီးတာနဲ့ ထပ်လာပြီး နှောင့်ယှက်ကြမယ်.. အဲလိုပဲ ထပ်ကာထပ်ကာ လုပ်နေမယ်ဆိုရင် တစ်ချိန်ချိန်တော့ အဲဒီအရာတွေ ကုန်သွားမှာ မလွဲမသွေပဲ..”
မော့လောင်တ ထိုအကြောင်းနှင့် ပတ်သက်၍ အချိန်ယူကာ စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းယမ်းလိုက်သည်။
“အလုပ်ဖြစ်မှာ မဟုတ်ဘူး.. လူသားတွေက မီးမွှေးနိုင်ပြီး အလင်းရောင်ရအောင် မီးကိုသုံးနိုင်တယ်..”
“မီးက အဲဒီလောက်မလင်းဘဲ သူ့ရဲ့အလင်းရောင်ပေးနိုင်တဲ့ အတိုင်းအတာကလည်း ကျဉ်းကျဉ်းလေးရယ်.. ပြီးတော့ သယ်သွားလို့မရဘူး.. ကျွန်တော်သိသလောက်ဆို လူသားတွေက မီးတုတ်တွေ ပြုလုပ်နိုင်တယ်.. အဲလိုလုပ်မယ်ဆိုရင် လူတွေရဲ့ ရွေ့လျားနှုန်းက အကန့်အသတ်နဲ့ ဖြစ်သွားပြီးတော့ အလစ်ဝင်တိုက်ဖို့ လွယ်ကူသွားမယ်..”
ယင်ရှောင်ရှောင်းသည် ဓာတ်မီးနှင့် အခြားသော အလင်းရောင်ရသည့် အရာများအကြောင်း ပြောချင်နေမိသည်။ ထိုအရာများအား သူတို့ယူလာခဲ့မည်ဆိုလျှင် ယင်ရှောင်ရှောင်းအနေဖြင့် မည်သို့သိသည်ကို ရှင်းပြရန် မဖြစ်နိုင်ပေ။ တကယ်တမ်းတွင် ဓာတ်မီးများနှင့် ထိုကဲ့သို့သော အရာများသည် လူသားများအား အမှောင်ထဲတွင် မြင်နိုင်ရန် ပြုလုပ်ပေးနိုင်သော်လည်း သူတို့၏ အလင်းရောင်ပေးနိုင်သည့် ပမာဏမှာ သိပ်မကြီးလှပေ။ ထို့ကြောင့် ယင်ရှောင်ရှောင်း ပြောလိုက်မည် ဆိုလျှင်ပင် ပြဿနာမရှိချေ။
“မြွေပွေးတွေက ဂရုစိုက်မယ်ဆိုရင် ပြဿနာမရှိမှာ သေချာတယ်..”
မော့လောင်တ ထပ်မံစဉ်းစားပြီးနောက် ပြစ်ချက်ကြီးကြီးမားမား မတွေ့ရသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လန်မြွေနှင့် ဟုန်မြွေအချို့အား အမိန့်ပေးကာ ထွက်ခွာစေလိုက်ပြီးနောက် ကောင်းကင်သို့ထိုးဖောက်လုမတတ် ရှည်လျားသည့် အသံတစ်ခု ပြုလိုက်သည်။ ယင်ရှောင်ရှောင်း မော့လောင်တအား မနာလိုစွာ ကြည့်လိုက်သည်။
“ဒါက တကယ်ကို အဆင်ပြေတာပဲ..”
“ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်ကပဲ မြွေတွေဆီကို အမိန့်ပေးပို့နိုင်တာ.. မြွေတွေက ခေါင်းဆောင်ဆီကို သတင်းပို့နိုင်စွမ်းမရှိဘူး.. အဲဒါက တကယ်ဆိုးတာပဲ..”
မော့လောင်တ စိတ်မချမ်းမြေ့စွာဖြင့် ပြောသည်။
ယင်ရှောင်ရှောင်း မော့လောင်တအား စွေကြည့်လိုက်သည်။
“ခင်ဗျား ဒီလောက်နဲ့တင် ကျေနပ်သင့်တယ်.. ဒီစွမ်းရည်ကပဲ အတော်လေး အင်အားကြီးနေပြီ.. ဟုတ်ပြီလား.. ဒါကို မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတဲ့အခါမှ သင်ယူခဲ့တာလို့ မပြောခဲ့ဘူးလား..”
မော့လောင်တ ‘ဟုတ်တယ်’ ဟု ခပ်ပြတ်ပြတ်ပြောပြီးနောက် ရှင်းပြသည်။
“ဒီမျိုးနွယ်စုခေါင်းဆောင်ရဲ့ စွမ်းရည်က မော့မြွေတိုင်းရဲ့ မှတ်ဉာဏ်အမွေထဲမှာ ချိတ်ပိတ်ခံထားရတာ.. မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတဲ့ အခါမှ ခေါင်းဆောင်ရဲ့ မှတ်ဉာဏ်အမွေထဲမှာ ဒီစွမ်းရည်ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်း ပေါ်လာတာ.. အပြန်အလှန်ပြောရရင် အရင်ခေါင်းဆောင်ရဲ့ စွမ်းရည်ကတော့ မှတ်ဉာဏ်အမွေထဲမှာ ချိတ်ပိတ်ခံလိုက်ရပြီ.. ဒီစွမ်းရည်ကို နောက်တစ်ကြိမ်ထပ်ပြီး သုံးနိုင်မှာ မဟုတ်တော့ဘူး..”
“မှော်ဆန်လိုက်တာနော်..”
ယင်ရှောင်ရှောင်း၏ မျက်နှာတွင် လေးစားအားကျမှုတို့ ရှိနေသည်။ ဤနယ်မြေအား ဖန်တီးခဲ့သည့် လူအပေါ် မလေးစားဘဲ မနေနိုင်တော့ချေ။ မြွေပွေးများ၏ လွတ်လပ်မှုအား ဆုံးရှုံးခဲ့ရသော်လည်း မြွေပွေးများအား သက်တမ်းရှည်ရှည် နေစေခဲ့ကာ အလွန်အမင်းသန်မာသည့် စွမ်းရည်များလည်း ပေးခဲ့သည်။ စကားပြောနိုင်စွမ်းနှင့် ပို၍အရေးကြီးသည်မှာ မြွေပွေးများအား ချစ်မြတ်နိုးတတ်လာအောင် ပြုလုပ်ပေးခဲ့ခြင်းပင်။ ထို့ကြောင့်ပင် သူနှင့် မော့လောင်တတို့အကြား ခံစားချက်များ ပေါက်ဖွားလာခဲ့ရသည်။ ‘တဟေးတန်က ငါ့ကိုချစ်တယ်.. ငါကလည်း တဟေးတန်ကို ချစ်တယ်..’ ⸜(。˃ ᵕ ˂ )⸝♡
မော့လောင်တ၏ အမိန့်အား လက်ခံရရှိခဲ့သည့် မြွေပွေးများမှာ လူသားများအား ရှာဖွေရာတွင် ပို၍ပင် သတိရှိလာကြသည်။ ပိုမိုဂရုစိုက်လာသည့်အတွက် သူတို့၏ သွားလာသည့်နှုန်းမှာလည်း လျော့ကျလာသည်။
ယခုအခါတွင် ဝမ့်ယန်ကျန့်တို့၏ ၁၅ ယောက်အဖွဲ့တွင် ၄ ယောက်သာ ကျန်ရှိတော့သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏အဖွဲ့တွင် အမျိုးသားနှစ်ယောက်သာ ကျန်ရှိသည်။ ကျိုးဖုန်း၏အဖွဲ့မှာမူ မြွေပွေးများနှင့် ရင်ဆိုင်ရခြင်း မရှိသေးချေ။ စုစုပေါင်း အဖွဲ့ ၅ ဖွဲ့သာ ကျန်တော့သည်။ သူတို့၏ရည်ရွယ်ချက်မှာ မသေးလှသဖြင့် မြွေပွေးများ၏ အရှိန်မှာလည်း ပို၍နှေးလာသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် အဖွဲ့နှစ်ဖွဲ့အား ခြေရာခံမိခဲ့ပြီး မြွေပွေးများသည် ထိုနှစ်ဖွဲ့စလုံးအားလည်း အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့သည်။ မည်သူမျှ ရှင်သန်ခြင်း မရှိပေ။
လူသားများမှာ အဆက်မပြတ် တိုက်ခိုက်ခံနေရသော်လည်း ကံဆိုးစွာဖြင့် အဖွဲ့များမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အာရုံမစိုက်နိုင်ကြဘဲ အချင်းချင်းဆက်သွယ်နိုင်မည့် နည်းလမ်းလည်း ရှိမနေပေ။ ထို့အပြင် သူတို့သည် မတူညီသည့် ဦးတည်ရာဘက်များသို့ သွားနေကြသည်ကြောင့် အဆုံးတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာစေခဲ့သည်။ သူတို့မသိကြသည်မှာ မြွေပွေးများ၏ တိုက်ခိုက်မှုမှာ မတော်တဆ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ဘဲ အချိတ်အဆက်မိမိဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ကျန်ရှိနေသည့် အဖွဲ့များတွင် ဤအခြင်းအရာအား သတိပြုမိသူများ ရှိကောင်းရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း မည်သူမျှ သေချာပေါက် မပြောနိုင်ချေ။
သို့သော်လည်း ဤအခြေအနေမှာ လျင်မြန်စွာပင် ပျက်ဆီးသွားရသည်။ ထွက်ပြေးလွတ်မြောက်သွားသည့် လူသားများသည် မြွေပွေးများနှင့် ထပ်မံကြုံတွေ့ခြင်း မရှိသည်ကြောင့် အခြားအဖွဲ့များအား အောင်မြင်စွာ ရှာဖွေသွားနိုင်ပြီး သူတို့ကြုံတွေ့ရသည့် အခြေအနေများအား သတင်းပေးခဲ့ကြသည်။
“အဲဒီမြွေပွေးတွေက စကားပြောနိုင်ကြတယ်.. သူတို့က တစ္ဆေတွေ.. သူတို့နဲ့ မတိုက်ကြနဲ့.. ငါတို့တွေ ဒီမြွေသင်္ချိုင်းကနေ ထွက်သွားရမယ်.. သင်္ချိုင်းဟောင်းကို မရှာကြနဲ့တော့..”
ထိုစကားများမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသားနှစ်ဦးသည် အခြားသင်္ချိုင်းဖောက်မည့်အဖွဲ့နှင့် တွေ့သည့်အခါ ပြောလာခြင်းဖြစ်သည်။
ဤအဖွဲ့၏ခေါင်းဆောင်မှာ ရှင်းရှင်း ရှုမိသားစုမှ ဖြစ်သည်။ ထိုလူမှာ အသက်မငယ်တော့ချေ။ သူသည် ဤမြွေသင်္ချိုင်းသို့ လာရောက်ရန် သိသာသည့် အကြောင်းအရင်းတစ်ခုလည်း ရှိနေသည်။ ဤအဖွဲ့တွင် စုစုပေါင်း ၁၇ ယောက် ပါဝင်သည်။ ဝမ့်ယန်ကျန့်နှင့် ကျိုးဖုန်းတို့၏ အဖွဲ့များနှင့် နှိုင်းစာလျှင် ဤအဖွဲ့ရှိလူများမှာ အတော်လေး အသက်ကြီးကြသည်။ အသက်ကြီးသူများမှာ သင်္ချိုင်းဖောက်သည့် အသိုင်းအဝိုင်းတွင် နာမည်တစ်ခု ရှိနှင့်ကြပြီး ဖြစ်သည်။ ကျန်ရှိသည့် လူငယ်များမှာမူ ရှုမိသားစုမှ မျိုးဆက်သစ်များနှင့် မိသားစု အကြီးအကဲများ၏ တပည့်သားမြေးများ ဖြစ်ကြသည်။
ဤအဖွဲ့ထဲတွင် ထိုလူနှစ်ဦး ပြောသည်ကို ယုံကြည်ကြသူများ ရှိကြသော်လည်း သူတို့သည် သူရဲဘောကြောင်သူများ မဟုတ်ကြချေ။ ကုန်လွန်ခဲ့သည့် နှစ်များအတွင်း မြေအောက်သို့ပင် သွားခဲ့ကြရပြီး တိကျသည့် အလိုလိုသိစိတ်များ ရှိလာခဲ့ကြသည်။ မြွေသင်္ချိုင်းအတွင်းသို့ ဝင်ရာတွင် အစောကတည်းက စိတ်လေးဖင့်နေခဲ့ကြသည်။ မြွေသင်္ချိုင်းအတွင်း၌ အချိန်အတော်ကြာ ရှိနေပြီးနောက်တွင် ထိုသိစိတ်မှာလည်း ပို၍ပင် ကြီးထါားလာခဲ့သည်။ သူတို့အားလုံးမှာ ဤနေရာမှ ထွက်ခွာသွားချင်မိကြသော်လည်း အကြောင်းအရင်းမရှိဘဲနှင့် ဤနေရာရှိ လူများအား ဖျောင်းဖျဖို့ရန် မဖြစ်နိုင်ပါချေ။ ထိုလူနှစ်ဦး ရောက်ရှိလာမှုသည် သူတို့၏ အလိုလိုသိစိတ်အား ပို၍တိကျလာစေပြီး ဤနေရာမှ ထွက်ခွာရန် ပို၍ပင် စိတ်မရှည်ဖြစ်လာစေသည်။
ထိုလူများအား ယုံကြည်လက်ခံသူနှင့် မယုံကြည်ဘဲ ရှေ့ဆက်သွားချင်သူများ ရှိလာကြသည်။ မြွေသင်္ချိုင်းအတွင်းသို့ ဝင်လာသည့်တစ်လျှောက်တွင် သူတို့အနေဖြင့် မည်သည့်မြွေ၏ တိုက်ခိုက်မှုကိုမှ မခံခဲ့ရခြင်းကြောင့် သူတို့၏ မျက်စိတစ်ဆုံး ဤတောင်ကြောတစ်လျှောက် အမြင့်ဆုံးတောင်ခြေတွင်ရှိသည့် သင်္ချိုင်းဟောင်းအား အမှန်တကယ် တွေ့မြင်နိုင်မည်ဟု မျှော်လင့်ချက်များ ရှိလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သည့် ရတနာများအား ရှာဖွေနိုင်ကြပြီး ထာဝရရှင်သန်နိုင်မည့် လျှို့ဝှက်ချက်အားလည်း ရရှိနိုင်မည် ဖြစ်သဖြင့် သူတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းအား ဆုံးရှုံးခဲ့ရသည်။ အဲဒါက အင်မော်တယ်ဖြစ်မှာကွ..။ မအိုနိုင် မသေနိုင်တော့သည်ကို မည်သူက မလိုချင်ဘဲ ရှိမည်နည်း။
“ငါတို့တွေ ဒီမြွေသင်္ချိုင်းကနေ ချက်ချင်းထွက်သွားသင့်တယ်လို့ ထင်တယ်..”
“မဟုတ်ဘူး.. ငါတို့ဆက်သွားသင့်တယ်.. ဟိုးက တောင်အမြင့်ကြီးကို တွေ့လား.. သင်္ချိုင်းဟောင်းက အဲဒီမှာရှိနေတာ.. ငါတို့ကို စောင့်နေတယ်..”
“အမှန်ပဲ.. ငါတို့အောင်မြင်တော့မှာကို အရှုံးမပေးနိုင်ဘူး..”
“မတုံးအစမ်းပါနဲ့.. မြွေပွေးတွေက ငါတို့က သင်္ချိုင်းဟောင်းကို ရှာတွေ့ခွင့်ပြုမှာ မဟုတ်ဘူး.. ငါတို့မှာ အခွင့်အရေးရှိနေတုန်း ထွက်သွားတာ ပိုကောင်းမယ်..”
“ငါကတော့ လုံးဝ သဘောမတူဘူး..”
ဤသို့ငြင်းခုန်ကြအပြီးတွင် လူ ၁၇ ယောက် ပါဝင်သည့် အဖွဲ့မှာ အုပ်စု နှစ်စုအဖြစ် ကွဲသွားလေသည်။ ၁၁ ဦးမှာ ဆက်သွားလိုကြပြီး ကျန် ၆ ဦးနှင့် အမျိုးသား ၂ ဦးပါဝင်သည့် ၈ ယောက်အဖွဲ့မှာ မြွေသင်္ချိုင်းမှ ထွက်ခွာရန် ရွေးချယ်လိုက်ကြသည်။
“ငါတို့က သင်္ချိုင်းဟောင်းဆီကို ဆက်သွားမယ်.. အရှေ့မှာ အန္တရာယ်တွေအများကြီး ရှိလိမ့်မယ်.. အဲဒါကြောင့် မင်းတို့ကို သေနတ်တွေနဲ့ ကျည်ဆန်တွေ မပေးလိုက်နိုင်ဘူး.. ရိက္ခာတစ်ချို့ပဲ ပေးလိုက်နိုင်တယ်..”
ရှုလောင်သည် မြွေသင်္ချိုင်းမှ ထွက်ခွာမည့်သူများအား ကျောပိုးအိတ် နှစ်အိတ်၊ သုံးအိတ်မျှ ပေးလိုက်ရန် ညွှန်ကြားလိုက်သည်။
“ဒီမြွေသင်္ချိုင်းထဲမှာ ငါတို့တွေက မတူညီတဲ့ လမ်းတွေကို ရွေးချယ်ခဲ့ကြပေမဲ့ သင်္ချိုင်းဟောင်းက ထွက်ပြီးတာနဲ့ မိတ်ဆွေတွေအဖြစ် ဆက်ရှိကြဦးမှာပါ..”
“ငါတို့ အများကြီး မလိုပါဘူး.. အချက်ပြမီးရယ်.. လက်ပစ်ဗုံးနဲ့ ဖောက်ခွဲရေးပစ္စည်းနည်းနည်းရယ် လောက်ပါပဲ.. နည်းနည်းလောက်ပေးနိုင်မလား..”
အမျိုးသားနှစ်ဦးထဲမှ တစ်ဦးသည် အလျင်စလို မေးလာသည်။
ရှုလောင် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုလူနှစ်ယောက်အား ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ သင်္ချိုင်းမှ ထွက်ခွာမည့် လူခြောက်ယောက်မှာ သင်္ချိုင်းဖောက်ထွင်းသည့် အသိုင်းအဝိုင်းတွင် အလွန်နာမည်ကြီးသည့်သူများ ဖြစ်ကြသဖြင့် ရှုမိသားစုအနေဖြင့် သူတို့အား မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် ရွေးချယ်ရန်မရှိတော့ဘဲ ပြောလာသည်။
“ကောင်းပြီလေ.. ဒါပေမဲ့ ငါတို့မှာ လက်ပစ်ဗုံး များများစားစား မပါလို့ မင်းတို့ကို နှစ်ခုပဲ ပေးလိုက်နိုင်မယ်.. ဖောက်ခွဲရေးပစ္စည်းတွေကတော့ သင်္ချိုင်းဟောင်းကို ဖောက်ခွဲဖို့အတွက်ပဲ လုံလောက်တယ်.. အဲဒါကြောင့် မပေးလိုက်နိုင်ဘူး.. အချက်ပြမီးကတော့ အများကြီး ယူလာခဲ့တာကြောင့် ၅ ခု ၆ ခုလောက် ပေးလိုက်နိုင်တယ်.. အိုး.. ဟုတ်သားပဲ.. မျက်ရည်ယိုဗုံးတွေတော့ ရှိတယ်.. နည်းနည်းပေးလိုက်မယ်..”
သူတို့အနေဖြင့် လက်ပစ်ဗုံးနှစ်ခုသာ ရရှိနိုင်ပြီး ဖောက်ခွဲရေးပစ္စည်းများ မရနိုင်သည်ကို ကြားလိုက်ရသည့်အခါ မကျေမနပ် ဖြစ်သွားကြသည်။ မျက်ရည်ယိုဗုံးများမှာ အသုံးဝင်ကောင်း ဝင်လာနိုင်ပါသည်။ သို့သော် _
“မျက်ရည်ယိုဗုံးက အသုံးမဝင်ဘူး.. မြွေတွေမှာ မျက်ရည်အိတ်မှ မရှိဘဲ..”
လူအုပ် : “…”
ထိုအရာအား မည်သူမျှ သတိမပြုမိခဲ့ပုံရသည်။
ပစ္စည်းများ ခွဲဝေပြီးနောက်တွင် မနက်ခင်းအလင်းရောင်အား အခွင့်ကောင်းယူကာဖြင့် အဖွဲ့နှစ်ခု လမ်းခွဲကာ ကိုယ်စီ၏ ရည်မှန်းချက်များအတိုင်း မတူညီသည့် အရပ်များသို့ ဦးတည်လိုက်ကြသည်။
ထွက်ခွာသည့်အချိန်တွင် လူနှစ်ဦးသည် နောက်သို့လှည့်ကာ သင်္ချိုင်းဟောင်းဆီသို့ ဦးတည်သွားနေသည့် ၁၁ ယောက်အဖွဲ့အား ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ရှိနေသည်။ ထို့နောက် ပြန်လှည့်လိုက်ကြပြီး သူတို့နှစ်ဦး၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်နေသည်။ ဤမြွေသင်္ချိုင်းမှ အသက်ရှင်လျက်နှင့် ထွက်သွားရမည် ဖြစ်သည်။
ထို ၁၁ ယောက်အဖွဲ့မှာ သေမည်ကို သေချာနေသော်လည်း မြွေသင်္ချိုင်းမှထွက်သွားလိုသည် ၈ ယောက် အဖွဲ့မှာ ချောချောမွေ့မွေ့ ထွက်သွားနိုင်မည်ဟု ထင်ပါသလား။
ဖုန်းယွမ်မှာ အမြဲလိုလို ရွှင်မြူးတက်ကြွကာ ဂရုမထားဟန်ဖြင့် ရှိနေတတ်သော်လည်း တကယ်တမ်းတွင် အလွန်စဉ်းစားဆင်ခြင်တတ်ပြီး အသိဉာဏ်ရှိသူတစ်ဦး ဖြစ်သည်။
ကျိုးဖုန်းနှင့် တောအုပ်အတွင်း ပြောဆိုမှုအပြီးတွင် ဖုန်းယွမ်သည် ဂရုမထားဟန်ဖြင့် ချီကျောက်အား စတင်လေ့လာတော့သည်။ သူ၏လေ့လာတွေ့ရှိချက်အရ ချီကျောက်ထံတွင် တစ်စုံတစ်ခု ရှိနေသည်ကို ဖုန်းယွမ် သတိပြုမိခဲ့သည်။ ဥပမာဆိုရလျှင် တစ်ဦးတစ်ယောက်မှ ‘သင်္ချိုင်းဖောက်ခြင်း’၊ ‘သင်္ချိုင်းဟောင်း’၊ ‘ရတနာ’၊ ‘အင်မော်တယ်’ စသည့် စကားလုံးများကို ပြောလာမည်ဆိုလျှင် ချီကျောက်သည် အမြဲတမ်း လှောင်ပြောင်သရော်တတ်ပြီး အမူအရာမှာလည်း ရေခဲတမျှ အေးစက်သွားတတ်သည်။ သူ့အားကြည့်ရသည်မှာ အလောင်းတစ်ခုအား ကြည့်နေရသလိုဖြစ်သည်။ ဥပမာအားဖြင့် အဖွဲ့လိုက် အနားယူနေစဉ်တွင် ချီကျောက်သည် အဝေးရှိ တောင်အမြင့်ကြီးအား စိုက်ကြည့်နေတတ်သည်။ တစ်ခါတစ်ရံ ဖုန်းယွမ်သည် ချီကျောက်အနား ရပ်နေမည်ဆိုလျှင် ချီကျောက်သည် တစ်စုံတစ်ခုအား ခပ်တိုးတိုး ရွတ်နေတတ်သည်ကို ကြားရတတ်သည်။ ထိုအရာများသည် ဖုန်းယွမ်အား ကြောက်ရွံ့တုန်လှုပ်လာစေမိသည်။ မသိစိတ်မှနေ သူ၏ နှလုံးသားထဲ၌ ကျိုးဖုန်းပြောသည်မှာ အမှန်တရားဖြစ်နိုင်သည်ဟု လက်ခံလာပြီဖြစ်သည်။ ချီကျောက်နှင့် ပတ်သက်၍ အမှန်တကယ်ကို တစ်စုံတစ်ခု မှားယွင်းနေလေသည်။
ဖုန်းမိသားစုသည်လည်း ဩဇာလွှမ်းမိုးသည့် မိသားစုတစ်ခု ဖြစ်သည်။ ဖုန်းယွမ်သည် ချီကျောက်အား မြွေသင်္ချိုင်းအတွင်းသို့ မဝင်ခင်ကတည်းက သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ဖုန်းယွမ်သည် ချီကျောက်အား သိရှိခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရနေမိသည်။ မူလချီကျောက်မှာ အေးစက်စက်နှင့် မှိုင်တွေခြင်းမရှိဘဲ နှုတ်ဆိတ်သူလည်း မဟုတ်ပေ။ ယခုလိုမျိုး ရေခဲတမျှ အေးစက်သည့်အကြည့်လည်း မရှိခဲ့ပါ။ မည်သည့်အချိန်မှစကာ ချီကျောက် ပြောင်းလဲသွားခဲ့သနည်း။
ရုတ်တရက်ဆိုသလို ဖုန်းယွမ်သည် တစ်စုံတစ်ခုအား သိရှိလိုက်သလိုရှိပြီး ကျိုးဖုန်းထံသို့ အလျင်စလို လျှောက်သွားလိုက်သည်။ စိုးရိမ်တကြီးဖြင့် အလျင်စလို မေးလိုက်သည်။
“ကျိုးဖုန်းရေ.. အနောက်မြောက်ပိုင်းက ကျိုးမင်းဆက်သင်္ချိုင်းအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းကို စပြီးဖြန့်လိုက်တဲ့ ကျဆင်းနေတဲ့ မိသားစုမျိုးရိုးက ဘာလဲသိလား..”
ရှင်းရှင်း _ စွန်းရှင်းလို့လည်းခေါ်ပြီး ကွမ်းတုန်အနောက်ပိုင်းမှာရှိတဲ့ စီရင်စုတစ်ခုဖြစ်သည်။