အပိုင်း ၈၃
Viewers 12k

Chapter 83

"ဟင်..."

ကျိုးဖုန်းတစ်ယောက် ဇဝေဇဝါဖြစ်သွားသည်။ 

"ဘာလို့ဒီလိုမေးရတာလဲ"

"ဘာလို့မေးလဲဆိုတာသိချင်မနေနဲ့...ငါမေးတာသာဖြေစမ်းပါ"

"အင်း"။ ဖြစ်ခဲ့သမျှကို ပြန်စဥ်းစားရင်း ကျိုးဖုန်း၏ မျက်ခုံးတန်းနှစ်ခုက ထိဆက်လုမတတ် တွန့်ချိုးသွားသည်။ ဤအကြောင်းအရာကြီးက လူတိုင်းသိပ်ပြီး ဂရုမစိုက်သည့် အချက်ဖြစ်သည်။ ကျိုးအုတ်ဂူ၏ တည်နေရာကို လူတိုင်းသိချင်နေကြသော်လည်း အုတ်ဂူတည်နေရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန့်နှံ့စေခဲ့သော တိမ်မြုပ်လုနီးပါးဖြစ်နေသည့် မိသားစုကြီး၏အကြောင်းကိုမူ မည်သူမှမသိချင်ကြပေ။

"အာ...ငါမှတ်မိပြီ"

ကျိုးဖုန်းက ကိုယ့်နဖူးကို ကိုယ်တိုင်ပြန်ရိုက်ရင်းပြောလာသည်။ 

“မျိုးရိုးနာမည်ကချီ.. အဲဒီမိသားစုရဲ့ မျိုးရိုးနာမည်က ချီမျိုးရိုးတဲ့.. ဘယ်လိုတောင်တိုက်ဆိုင်နေရတာလဲ.. ဂူသင်္ချိုင်းဖောက်ထွင်းရေး အဖွဲ့အစည်းခေါင်းဆောင်မိသားစုရဲ့ မျိုးရိုးနာမည်နဲ့ အတူတူပဲ..” 

"ဒါဆိုရင်ချီမျိုးရိုးပေါ့" 

ဖုန်းယွင်၏ခေါင်းထဲတွင် ပြန့်ကြဲနေသော သဲလွန်စပဟေဠိများက ပြီးပြည့်စုံကာ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ 

ချီမိသားစု၏ ရာဇဝင်မှတ်တမ်းများကို ဖတ်ပြီးနောက် ချီကျောက်၏ ရုတ်တရက်ပြောင်းလဲမှုများ စတင်လာခဲ့ပုံရသည်။ 

ထိုချီမိသားစု၏ မှတ်တမ်းမှတ်ရာများကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြခြင်းဖြစ်သည်။ သို့သော် မိသားစု၏ ခေါင်းဆောင်များမှလွဲ၍ အခြားသူများမှာ ထိုမှတ်တမ်းများကို မြင်တွေ့ခွင့်မရှိကြပေ။ မိသားစုမှတ်တမ်း ရာဇဝင်များကို တွေ့မြင်နိုင်သည့်သူက မိသားစု၏ ခေါင်းဆောင်အစစ်အမှန်ဖြစ်သည် ဟုလည်း ကောလဟလများတွင် ဆိုကြသည်။ ထိုမှတ်တမ်းကို တွေ့မြင်ခဲ့ဖူးသူများသာ ဂူသင်္ချိုင်းဟောင်းကို ရှာဖွေတွေ့ရှိနိုင်မည်ဟုလည်း ဆိုပြန်သည်။ 

မည်သို့ပင်ဆိုစေ ထိုအရာများအားလုံးက ကောလဟလများသာဖြစ်သည်။ ချီမိသားစုက ထိုကောလဟလများကို အတည်မပြုခဲ့သော်လည်း ချီကျောက်က မှတ်တမ်းရာဇဝင်များကို ဖတ်ပြီးခဲ့ပြီဖြစ်သောကြောင့် မှတ်တမ်းရာဇဝင်က အမှန်တကယ်တည်ရှိမှန်း ဖုန်းယွင်အသေအချာသိနေသည်။ ချီမိသားစု၏ မှတ်တမ်းရာဇဝင်များကို ဖတ်ခဲ့ကြောင်းချီကျောက်က အမှတ်တမဲ့ မတော်တဆ ထုတ်ပြောမိသွားခြင်းဖြစ်သည်။

သဲလွန်စများကို စုစည်းလိုက်ရာ အရာအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွားသောကြောင့် စဥ်းစားလေလေ အကြောက်တရားများက သူ့အားပိုပြီး လွှမ်းမိုးလာလေလေ ဖြစ်သည်။ 

"ကျိုးအုတ်ဂူက တရုတ်ပြည်မကြီး၏ မြောက်ဘက်တွင်ရှိသည်" ဟူသည့်သတင်းကို ယခု ဂူသင်္ချိုင်းဖောက်ထွင်းရေးလောကတွင် ဦးဆောင်နေသည့်ချီ မိသားစုက ပြန့်နှံ့စေခဲ့ခြင်းဖြစ်သည်။ ချီကျောက်က ချီမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ဤကိစ္စကြီးတစ်ခုလုံးက တိုက်ဆိုင်မှုဆိုတာကို ဖုန်းယွင်အနေနှင့် ဘယ်လိုနည်းနှင့်မှ မယုံနိုင်ပေ။ ဒီလောက်ထိ တိုက်ဆိုင်နေတာကြီးက ဒီကမ္ဘာကြီးမှာ ဖြစ်နိုင်လို့လား။ 

ချီမိသားစု၏ မှတ်တမ်းရာဇဝင်များကို ဖတ်နိုင်သည့်သူက ထိုမှတ်တမ်းရာဇဝင်များက ပိုင်ရှင်အစစ်အမှန်ဖြစ်သည်။ ဆိုလိုသည့်သဘောက မျိုးဆက်ပေါင်းမြောက်မြားစွာကို လက်ဆင့်ကမ်းခဲ့သော်လည်း မှတ်တမ်းရာဇဝင်၏ ပိုင်ရှင်က တစ်ယောက်သာရှိသည်။ ထိုပိုင်ရှင်အစစ်အမှန်မှာ ချီကျောက်ပင်ဖြစ်သည်။

မှတ်တမ်းရာဇဝင်၏ ပိုင်ရှင်အစစ်အမှန်ဖြစ်သော ချီမိသားစု၏ခေါင်းဆောင် ချီကျောက်က မြွေသင်္ချိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေခဲ့သူဖြစ်သည်။ ထို့ကြောင့် သင်္ချိုင်းဂူဖောက်ထွင်းရေး အဖွဲ့ရှစ်ဖွဲ့က ရုတ်တရက်ဆိုသလို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ငုပ်လျှိုးနေခဲ့ရာမှ ပြန်ပေါ်လာခြင်းဖြစ်သည်။ ဤကိစ္စ၏ နောက်ကွယ်တွင် တစ်ချိန်လုံး ကြိုးကိုင်နေခဲ့သူမှာလည်း ချီမိသားစုခေါင်းဆောင်ပင် ဖြစ်သည်။ 

အရှင်းဆုံးပြောရမည်ဆိုလျှင် ဂူသင်္ချိုင်းဟောင်းတည်နေရာနှင့် ပတ်သတ်သည့် တိကျသော သတင်းအချက်အလက်မှစ၍ ဖောက်ထွင်းရေးအဖွဲ့ကြီးရှစ်ဖွဲ့ မြွေသင်္ချိုင်းသို့ ရောက်လာသည့် ကိစ္စအထိအားလုံးကို ချီကျောက်ကိုယ်တိုင် အကွက်ချစီစဥ်ထားခြင်း ဖြစ်သည်။ 

သို့သော် ဤကိစ္စတွင် မေးစရာမေးခွန်းများ အမြောက်အမြားရှိနေသည်။ မြွေဂူသင်္ချိုင်းနှင့် သက်ဆိုင်သော အချက်အလက်များကို ချီကျောက်သာ မိသားစုမှတ်တမ်းရာဇဝင်များထဲမှ သိခဲ့ရလျှင် သူကိုယ်တိုင် လက်အောက်ငယ်သားများကို တိတ်တဆိတ်စုစည်းပြီး သင်္ချိုင်းထဲရှိ ရတနာအားလုံးကို အဘယ်ကြောင့် မဖောက်ထွင်းရပါသနည်း။ ဂူသင်္ချိုင်း၏တည်နေရာကို ဖောက်ထွင်းရေးလောကသားများ အားလုံးသိအောင် ဘာကြောင့်များ သတင်းလွှင့်ခဲ့တာပါလိမ့်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်က ဘာဖြစ်လောက်မလဲ။ ချီကျောက်က မိသားစုမှတ်တမ်းရာဇဝင်၏ တကယ့်ပိုင်ရှင်အစစ်အမှန်ဖြစ်ပြီး ယခင်မိသားစုခေါင်းဆောင်ထံမှ လက်ဆင့်ကမ်းရရှိခဲ့လျှင် ပြန်လည်ဝင်စားခြင်းဟူသော အရာက အမှန်တကယ် တည်ရှိနေသည်လား။

ချီကျောက်က မသေမျိုးဆိုတာထက် တစ်ယောက်ယောက် ပြန်လည်ဝင်စားသည်ဟူသော အချက်က ပို၍ယုံကြည်စဖွယ် ကောင်းသည်။ ချီကျောက်က မိခင်ဖြစ်သူ ချီသခင်မကိုယ်တိုင် ကိုးလလွယ်ဆယ်လဖွား ဆိုသည့်အတိုင်း ဝမ်းနှင့်လွယ် ၍မွေးဖွားခြင်းခံခဲ့ရသူ ဖြစ်သည်။ သာမာန်လူတစ်ယောက်လို တစ်နှစ်ထက်တစ်နှစ် အစဥ်အတိုင်း ကြီးထွားလာခဲ့သူလည်း ဖြစ်သည်။ ထိုမိသားစုမှတ်တမ်းရာဇဝင်ကျမ်းကို မဖတ်မီကအထိ ချီကျောက်၏ ပြုမူနေထိုင်ပုံအားလုံးက သာမာန်လူတစ်ယောက်အတိုင်း ဖြစ်ခဲ့သည်။ ဖုန်းမိသားစုနှင့်ချီမိသားစုက စီးပွားရေးအတူတွဲလုပ်ကြသောကြောင့် ချီကျောက်အား ဖုန်းယွင်တစ်ယောက် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်။ အစပိုင်းတွင် သူတို့နှစ်ယောက်က သိပ်ပြီးမရင်းနှီးကြသော်လည်း တွေ့ဖန်များလာသောအခါ တစ်ယောက်အကြောင်းတစ်ယောက် တဖြေးဖြေးပိုသိလာခဲ့ကြသည်။ 

ထို့အပြင် ချီကျောက်၏တည်ရှိမှုက အဆုံးမဲ့ဖြစ်သောကြောင့် သူ့အစီအစဥ်များကို အကောင်အထည်ဖော်ရန် အချိန်လုံလုံလောက်လောက်ရှိသည်။ ဤအချိန်ကာလတစ်လျှောက်လုံး ရှင်သန်နေထိုင်ခဲ့သည့်ချီကျောက်က ရည်ရွယ်ချက်ပန်းတိုင်ကို ရရှိအောင်မြင်ရန် လက်တစ်ကမ်းသာ လိုတော့လောက်သည်။

ဖုန်းယွင်တစ်ယောက် အတွေးရေယာဥ်ထဲတွင် တိတ်တဆိတ်နစ်မြောနေရင်း အသိပြန်ဝင်လာမှ ကျိုးဖုန်းအား တီးတိုးပြောလိုက်သည်။ 

"မင်းကရှေးသမိုင်းကြောင်းတွေနဲ့ပတ်သတ်ပြီးအရမ်းစိတ်ဝင်စားတယ်ဆိုတော့...ငါတစ်ခုလောက်မေးပါရစေ...ချီမိသားစုရဲ့သမိုင်းကြောင်းကိုမင်းသိလား"

"တကယ်တော့ ချီမိသားစုရဲ့ သမိုင်းကြောင်းကို... ငါသုတေသီလုပ်ခဲ့ဖူးတယ်"

ကျိုးဖုန်း ခေါင်းညိတ်ရင်းပြောလာသည်။ 

"ဒါပေမဲ့ အချက်အလက်တွေက သိပ်ပြီးများများစားစားမရှိဘူး.. ရှိထားတဲ့အချက်အလက်တွေကလည်း လူတွေရဲ့ ထင်ကြေးသက်သက်ပဲ" 

ကျိုးဖုန်း တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလာသည်။ 

"ချီမိသားစုက...သင်္ချိုင်းဂူဖောက်ထွင်းရေးအသိုင်းအဝိုင်းမှာ...ဆယ်စုနှစ်ပေါင်းများစွာတည်းကနာမည်တစ်ခုနဲ့ရပ်တည်လာခဲ့တာ...အဲဒီအချိန်တုန်းကတရုတ်ပြည်ကြီးကလည်းဗရမ်းဗတာဖြစ်နေခဲ့တယ်...ကြီးနိုင်ငယ်ညှင်းခေတ်ကာလပေါ့...အဲဒီလိုဘေးကျပ်နံကျပ်အခြေအနေတွေထဲမှာချီမိသားစုရဲ့တန်ခိုးအာဏာအရှိန်အဝါကကြီးထွားလာခဲ့တယ်...သူတို့မိသားစုရဲ့သမိုင်းကြောင်းကလည်းဗရမ်းဗတာနဲ့ရှုပ်ထွေးလွန်းတယ်...ဆိုတော့ကငါလည်းတိတိကျကျမသိဘူးလို့ပြောရမှာပေါ့"

"ဟင့်အင်း...ငါမေးတာအဲဒီအကြောင်းမဟုတ်ဘူး"

ဖုန်းယွင်တစ်ယောက် ကျိုးဖုန်းနားလည်အောင် တည့်တိုးပြောလိုက်သည်။ 

"သူတို့တစ်တွေဂူသင်္ချိုင်းဖောက်ထွင်းသူမဖြစ်လာခင်တုန်းက...သမိုင်းကြောင်းကိုသိလားလို့မေးချင်တာ"

"အာ...ဒါကတော့"

ကျိုးဖုန်းကတွေဝေတုံ့ဆိုင်းကာပြောလာသည်။ 

"အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လူတွေပြောကြတာကို ကြားဖူးပေမဲ့... အသေအချာတော့ မမှတ်မိဘူး... ချီမိသားစုက... ဟိုးနှစ်ပေါင်းများစွာတည်းက အချိန်အကြာကြီး တည်ရှိခဲ့ပုံရတယ်... အင်း... အနောက်ဘက်ကျိုးမင်းဆက် အုပ်စိုးတဲ့အချိန်တည်းကပေါ့... ဪ.. ပြီးတော့ ချီမိသားစုရဲ့ အရင်မျိုးရိုးနာမည်က ချီမဟုတ်ခဲ့ဘူး... ပထမဆုံးမိသားစုခေါင်းဆောင်ရဲ့ မျိုးရိုးနာမည်က ကျိတဲ့လေ.. ဘာလို့မျိုးရိုးနာမည်ကို ချီလို့ ပြောင်းပစ်တာလဲဆိုတာကိုတော့ ငါလည်းမသိဘူး"

ကျိုးဖုန်းပေးသည့် သတင်းအချက်အလက်က သိပ်ပြီးမပြည့်စုံသော်ငြားလည်း ဖုန်းယွင်အတွက်မူ ပိုပြီးနက်နက်နဲနဲ တွေးခေါ်နိုင်သွားစေသည်။ ထိုသို့ဆိုလျှင် ဤဂူသင်္ချိုင်းဟောင်းက ချီကျောက်ရဲ့ အုတ်ဂူများလား။ ဒါမှမဟုတ် ကျိကျောက်ရဲ့ အုတ်ဂူလား။ ဟင့်အင်း..မဟုတ်ဘူး။ အုတ်ဂူထဲတွင် ထာဝရအသက်ကို ရရှိနိုင်သည့်ပစ္စည်းရှိသည်ဟု ပြောထားခဲ့သည် မဟုတ်လား။ ကျိကျောက်သာ ထိုပစ္စည်းကို ရယူနိုင်ခဲ့လျှင် ယခုလိုသေမျိုးဖြစ်သွားမည် မဟုတ်ပေ။ ထို့ကြောင့် သူတွေးနေသလိုမျိုးတော့ မဖြစ်နိုင်ရာ။ ထိုပစ္စည်း၏ တည်ရှိမှုကြောင့် ကျိကျောက်က မျိုးရိုးနာမည်ကို ကျိမျိုးရိုးမှ ချီမျိုးရိုးသို့ ပြောင်းခဲ့ခြင်း ဖြစ်နိုင်သည်။ နောက်ဆုံးတွင် ထိုပစ္စည်းကို ပိုင်ဆိုင်ထားလျက်နှင့် ကျိကျောက်လည်း သေဆုံးသွားခဲ့သည်။ ထာဝရအသက်ကို အာမခံပေးနိုင်သည့် ပစ္စည်းနှင့်အတူ ကျိကျောက်တစ်ယောက် အုတ်ဂူထဲတွင် ငြိမ်းချမ်းစွာ အနားယူသွားခဲ့သည်။ ယခုမူ ချီကျောက်က ထိုပစ္စည်းကို ပြန်သိမ်းယူရန် အုတ်ဂူထဲသို့ ဝင်ချင်နေသည်။

သို့သော် အချို့နေရာများက လုံးဝအဓိပ္ပါယ်မရှိပေ။ လေးလေးနက်နက် ဆင်ခြင်တွေးတောရင်း ဖုန်းယွင်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ရရှိထားသည့် သတင်းအချက်အလက်က နည်းလွန်းသောကြောင့် ဤကိစ္စတစ်ခုလုံးကို နားလည်ရန် မဖြစ်နိုင်မှန်း သူသိသည်။ သို့သော် ကျိကျောက်ဟူသည့်နာမည်နှင့် သူ့စိတ်ထဲတွင် အတော်လေးရင်းနှီးနေသည်။ 

"ကျိုးဖုန်း... သမိုင်းထဲမှာ ကျိကျောက်ဆိုတဲ့နာမည်နဲ့လူ ရှိလား"

ကျီကျောက်၏ သမိုင်းတစ်ခုလုံးကို မသိသောကြောင့် ကျိုးဖုန်းက ကျိကျောက်နှင့် ချီကျောက်ဟူသော အမည်နှစ်ခုကို လုံးဝဆက်နွယ်လို့မရဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဖုန်းယွင်အား ဇဝေဇဝါကြည့်ရင်း ပြောလာသည်။ 

"အင်း... ရှိတော့ရှိတယ်... အနောက်ဘက်ကျိုးမင်းဆက်ရဲ့ ဘုရင်ကျိုးခန်းလေ... သူ့နာမည်ကလည်း ကျိကျောက်ပဲ"

ဖုန်းယွင်တစ်ယောက် အံ့အားသင့်သွားသည်။ ကျိကျောက်က တစ်ချိန်တုန်းက ကျိုးဘုရင်ဖြစ်ခဲ့တာလား။ ဒါက....

"ဒါဆိုရင်... ဘုရင်ကျိုးခန်း... ကျိကျောက်ရဲ့အုတ်ဂူကို ရှာတွေ့ပြီပေါ့"

ကျိုးဖုန်းက ခေါင်းညိမ့်ရင်းပြန်ပြောသည်။ 

"အင်း...ဘုရင်ကျိုးခန်းရဲ့အုတ်ဂူကို ရှန်းရှီမှာတွေ့တာတဲ့... တစ်ချိန်တည်းမှာပဲ ဘုရင်ကျိုးဝူနဲ့ ဘုရင်ကျိုးချန်ရဲ့ အုတ်ဂူကိုလည်း ရှာတွေ့ခဲ့ကြတာ" 

အဲဒါဆိုရင်ဖြစ်ပုံကဒီလိုပေါ့။ သူ့အတွေးတွေက တက်တက်စင်အောင်လွဲသွားခဲ့ပြီ။ ဤမြွေဂူသင်္ချိုင်းက ကျိကျောက်၏အုတ်ဂူ မဖြစ်နိုင်ရာ။ ထိုသို့ဆိုလျှင် ဘယ်သူ့ရဲ့အုတ်ဂူပါလိမ့်။ 

ဒါမှမဟုတ်...ကျိကျောက်က...အဲဒီကျိကျောက်မဟုတ်တာများလား...။

သူ့ခေါင်းပေါက်ထွက်သွားတော့မလို ဖုန်းယွင်ခံစားနေရသည်။ လက်လွှတ်လိုက်မလား ဒါမှမဟုတ် သက်သေအလုံအလောက်ရှိတဲ့အထိ စောင့်ပြီးဆက်စဥ်းစားမလား။ အကြောင်းရင်းတစ်ခု လုံလုံလောက်လောက်မရှိဘဲ စဥ်းစားခန်းဖွင့်ခြင်းက သူ့အတွက် အလွန်ခက်ခဲလှသည်။ 

ကျိုးဆက်မင်းဆက်၏ သမိုင်းများအနက် အထူးသဖြင့် အနောက်ဘက်ကျိုးဘုရင်၏ သမိုင်းက အလွန်ရှားပါးလွန်းသည်။ ထို့ကြောင့် ထိုအထဲမှ မိမိလိုချင်သည့် သတင်းအချက်အလက်ကို ရှာဖွေခြင်းက ပို၍ခက်ခဲသည်။ အကြောင်းအရာတစ်ခုလုံးကို နားမလည်သောကြောင့် ဖုန်းယွင်၏ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မလို ခံစားနေရသည်မှာ မထူးဆန်းလှပါပေ။

လူအုပ်ကြီး၏ နောက်ဆုံးနားလောက်တွင် လမ်းလျှောက်ပြီးလိုက်လာသည့် ဖုန်းယွင်နှင့်ချိုးဖုန်တို့က သူတို့ပြောနေသမျှနှင့် တွေးနေသမျှအားလုံးကို ကြားသွားသောချီကျောက်က သူတို့နှစ်ယောက်၏အရှေ့တွင် တစ်ချိန်လုံး ထိတ်လန့်ချောက်ချားဖွယ် ပြုံးနေသည်ကို လုံးဝသတိမထားမိချေ။ 

ရုတ်တရက်ဆိုသလို ချီကျောက်က သူ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်သောကြောင့် သူဦးဆောင်နေသည့် လူအုပ်ကြီးကလည်း လိုက်ရပ်သွားသည်။ ချီကျောက်က အရှေ့မှဦးဆောင်ပြီး သွားနေသောကြောင့် သူရပ်လိုက်သည့်အချိန်တွင် အနောက်မှလူများက ဇဝေဇဝါဖြစ်သွားကြသည့်တိုင် တုတ်တုတ်မျှမလှုပ်ဘဲ လိုက်ရပ်ကြသည်။ 

ထိုစဥ်တစ်စုံတစ်ယောက်က မေးလာသည်။ 

"ချီကျောက်...ဘာဖြစ်လို့လဲ"

ချီကျောက်က ခေါင်းလှည့်လာပြီး စကားပြောသည့်သူအား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ အပိုအားထုတ်စရာမလိုပဲ ထိုအကြည့်က ဤနေရာတွင်ရှိနေသည့် လူတိုင်းကို အသံတစ်သံမှ မထွက်မိရန် အမိန့်ပေးလိုက်သည့်နှယ်။ ထို့နောက် ချီကျောက်က အနောက်သို့လှည့်ပြီး တစ်စုံတစ်ခုကို နားစိုက်ထောင်နေသည့်နှယ် မျက်လုံးများကိုမှိတ်ချလိုက်သည်။ တစ်မိနစ်ခန့် ကြာပြီးနောက် မျက်လုံးများ ပြန်ပွင့်လာပြန်သည်။

ချီကျောက်က အမြင့်ဆုံးတောင်အား စွေစောင်းကြည့်ကာ နူးညံ့စွာဖြင့်ပြောလာသည်။ 

"ဒီလမ်းအတိုင်း...ဦးတည်သွားကြစို့"

ချီကျောက်နောက် လိုက်နေသည့်သူများမှာ တစ်ချိန်လုံး အရှေ့စွန်းစွန်းသို့ သွားနေရာမှ အဘယ်ကြောင့် အရှေ့တောင်ဘက်သို့ ဦးတည်ချက်ပြောင်းသွားမှန်း မသိသော်လည်း ချီကျောက်၏ အရှိန်အဝါနှင့် သရုပ်မှန်ကြောင့်တစ်ကြောင်း လမ်းကြောင်းကို မသိသည်ကတစ်ကြောင်းကြောင့် လူတိုင်းက ချီကျောက်ဦးဆောင်သည့်နောက်သို့ တိတ်တဆိတ်လိုက်ခြင်းထက် ပိုကောင်းသည့် ရွေးချယ်စရာ မရှိနိုင်တော့ဟု ခံယူထားကြသည်။ 

အဆုံးတွင် ဖုန်းယွင်တစ်ယောက် ချီကျောက်၏ အပြုအမူများနှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်မိဘဲ သူ့အတွေးနှင့်သူ မိန်းမောနေသည်။ သို့သော် ရုတ်တရက်လမ်းကြောင်းပြောင်းမည်ဟု ချီကျောက် ကြော်ငြာလိုက်သည့်အခါ ကျိုးဖုန်း၏မျက်ခုံးတို့ တွန့်ချိုးသွားပြီး ချီကျောက်၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိသွားသည်။ အခြားသူများက ချီကျောက်ဘာကြောင့် ဦးတည်ချက်ပြောင်းမှန်း မသိကြသော်လည်း ကျိုးဖုန်းကမူ ချီကျောက်တစ်ယောက် အရှေ့ဘက်တွင် မြွေသံကြားလိုက်သောကြောင့် ဦးတည်ချက်လမ်းကြောင်း ပြောင်းသွားခြင်းဖြစ်သည်ဟု တစ်ထစ်ချ ထင်မှတ်လိုက်သည်။

သူတို့အုပ်စုထဲတွင် ထိုသို့တွေးထင်သည့်သူမှာ ကျိုးဖုန်းတစ်ယောက်သာ ရှိသော်လည်းသူ့အတွေးက မှားသည်ဟု မဆိုလိုနိုင်ပေ။ ချီကျောက်တစ်ယောက် မသင်္ကာဖွယ်ရာ ပြုမူနေသည်မှာ အချိန်ကြာလှပြီ ဖြစ်သောကြောင့် ကျိုးဖုန်း၏အတွေးက မှန်နိုင်ခြေများသည်။ ဂူသင်္ချိုင်းဖောက်ထွင်းသည့် မြေအောက်တွင် ကျိုးဖုန်းတစ်ယောက် အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးအန္တရာယ်များခဲ့သည်ချည်းသာ။ ထိုအချိန်တိုင်းတွင် အန္တရာယ်အငွေ့အသက်ကို ကြိုမြင်ပြီး စိတ်ထင့်တတ်သော အမူအကျင့်က သူ့အသက်ကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထင့်ခြင်းက အများအားဖြင့် တိကျမှန်ကန်သည်ဟု ဆိုရမည်။ ထိုသို့ဆိုလျှင် ဤတစ်ခေါက်တွင်လည်း သူ့စိတ်ကိုသူယုံရမည် မဟုတ်ပါလား။ 

ကျိုးဖုန်းတစ်ယောက် ဖုန်းယွင်ဘက်သို့ မကြာခဏလှည့်ကြည့်သည်။ အမူအရာတစ်ချို့နှင့် အရိပ်ပြသော်လည်း ဘာစကားမှတော့ မပြောချေ။

ချီကျောက်က ဦးတည်ချက်ကို ပထမဆုံးအကြိမ် ပြောင်းလိုက်ပြီးနောက် လမ်းကြောင်းပြောင်းခြင်းက မကြာခဏဆိုသလို အကြိမ်ရေစိပ်လာသည်။ တစ်နေ့တစ်ကြိမ် နှစ်ကြိမ် လမ်းကြောင်းပြောင်းခြင်းမှ တစ်နေ့ငါးကြိမ် ခြောက်ကြိမ် ပြောင်းသည်အထိ ဖြစ်လာသောကြောင့် အဖွဲ့သားများမှာ မကျေမနပ် ဖြစ်လာကြသည်။

"ချီကျောက်...မင်းကသင်္ချိုင်းဖောက်ထွင်းရေးလောကမှာပြိုင်စံရှားတစ်ယောက်ဖြစ်ပြီးချီမိသားစုရဲ့ခေါင်းဆောင်ဆိုတာငါတို့လည်းသိတယ်...ဒါပေမဲ့တော်ရုံပဲပညာပြပါကွာ..တစ်နေ့နှစ်ကြိမ်လောက်လမ်းကြောင်းပြောင်းတယ်...ဘာမှမဖြစ်ဘူးငါတို့အဆင်ပြေတယ်...တစ်နေ့လေးကြိမ်လောက်ပြောင်းတယ်...ငါတို့သည်းခံနိုင်သေးတယ်...ဒါပေမဲ့တစ်နေ့ခြောက်ကြိမ်ခုနစ်ကြိမ်ပြောင်းတာကတော့မဟုတ်တော့ဘူးနော်...အဲဒါဘာဖြစ်တာလဲ..."

"လမ်းမသိရင်လည်းရပ်ပြီးတော့တစ်ခြားသူတွေနဲ့ဆွေးနွေးတိုင်ပင်ပါလား...ဘာတွေဖြစ်နေလဲ...ဘယ်ကိုဦးတည်သွားနေလဲဆိုတာအချင်းချင်းတိုင်ပင်သင့်တယ်လေ...ဘယ်သူမှမင်းနောက်ကိုမျက်ကန်းတွေလိုတောက်လျှောက်လိုက်မနေဘူး...ငါတို့ဒီနေရာကိုသင်္ချိုင်းဂူဖောက်ဖို့လာတာ...ခရီးထွက်လာတာမဟုတ်ဘူးကွ...ရှုခင်းလှလှလေးတွေကိုစိတ်အပန်းဖြေတဲ့အနေနဲ့ကြည့်ဖို့လာခဲ့တာမဟုတ်ဘူး"။ 

တစ်ကယ်တော့ အခြားသူများထက် ချီကျောက်က ပို၍စိုးရိမ်သောက ရောက်နေမိသည်။ ကျိုးဖုန်းတွေးနေသည်မှာ မှန်ပါသည်။ ချီကျောက်က မြွေပွေးများကို ရှောင်နေခြင်းဖြစ်သည်။ လမ်းကြောင်းပြောင်းပြောင်းနေရသည့် အကြောင်းရင်းမှာ ဒီအတိုင်းရှေ့ဆက်သွားလျှင် မြွေပွေးများနှင့် ထိပ်တိုက်တိုးမည် စိုးသောကြောင့်ဖြစ်သည်။ မြွေပွေးတစ်ကောင်တစ်လေနှင့်မျှ မဆုံလိုသောကြောင့် ချီကျောက်လည်း ရွေးချယ်စရာမရှိပဲ လမ်းကြောင်းပြောင်းရုံသာ တတ်နိုင်သည်။

တစ်ယောက်ယောက်ကသာ တောင်ထိပ်မှ လှမ်းကြည့်လိုက်လျှင် လူသားများကို စက်ဝိုင်းသဏ္ဌာန် ဝန်းရံထားသည့် မြွေပွေးများအား တွေ့ရပေလိမ့်မည်။ လူသားများက ထိုအဝိုက်အဝန်းထဲတွင် ပိတ်မိနေကြခြင်းဖြစ်သည်။ မြွေပွေးများက တောင်တစ်ခုလုံးကို နေ့စဥ်ရက်ဆက် ရှာဖွေနေကြသောကြောင့် စက်ဝိုင်းပုံသဏ္ဌာန် ဝန်းရံထားမှုက တဖြေးဖြေး ပိုပိုကျုံ့လာပြီး လူသားများ သွားလာလှုပ်ရှားနိုင်သည့် နေရာများကလည်း လျော့နည်းလာသည်။ ရလဒ်အနေနှင့် ချီကျောက်က မြွေပွေးများ၏အသံကို မကြာခဏပိုပိုကြားလာရပြီး ကျိုးဖုန်းနှင့်အဖွဲ့သားများက မကြာခဏဆိုသလို လမ်းကြောင်းပြောင်းရန် အတင်းအကျပ် စေခိုင်းခံရတော့သည်။