အပိုင်း ၈၄
Viewers 12k

Chapter 84




မြွေနှင့်လူသားကြားတိုက်ပွဲတွင် ခေါင်းဆောင်အကြီးအကဲဖြစ်သည့် မော့လောင်တက အခြားမြွေများကဲ့သို့ လူသားတို့၏ အရိပ်အယောင်ကို လိုက်ရှာကြည့်နေစရာ မလိုပေ။ သူ့တွင် ထို့ထက်ပိုပြီး အရေးကြီးသည့် လုပ်တစ်စရာများ တစ်ပုံတစ်ခေါင်းရှိသောကြောင့် အလုပ်ရှုပ်နေသည်။

နေ့တိုင်း အရပ်လေးမျက်နှာမှ မြွေပွေးများက နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး မော့လောင်တအား အစီအရင်ခံကြသည်။ ထို့နောက် မော့လောင်တက သူတို့နှင့်အတူ တိုက်ပွဲနှင့်ပတ်သက်သည့် အစီအစဥ်အသစ်များ ဆွေးနွေးတိုင်ပင်သည်။ တစ်နေ့တည်းတွင် နောက်ထပ်မြွေပွေးများက အခြေအနေမထူးကြောင်း သတင်းပို့လာသည်။ နေ့လည်ပိုင်းတွင်မူ လူသားတစ်ယောက် လွှင့်ပစ်ထားသည့် တစ်ရှူးစတစ်စကို ကောက်တွေ့ကြောင်း သတင်းပို့လာပြန်သည်။ 

ထိုသို့အသေးအမွှားကအစ အစီရင်ခံတင်ပြခြင်းက အချိန်ဖြုန်းသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတွင် တစ်ဖက်လူတို့၏ သတင်းအချက်အလက်များကို ပြီးပြည့်စုံသော တစ်ခုမှမလွှတ်တမ်း အသေးစိတ်ရယူနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ထိုသတင်းအချက်အလက်များ အားလုံးကို စုဆောင်းသည့် မော့လောင်တက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ထိုအသေးအမွှား အစီရင်ခံမှုလေးများမှ လူသားတို့၏ ပြုမူလှုပ်ရှားမှု တစ်ခုချင်းစီကို လေ့လာသိရှိနိုင်သည်။ 

လူသားများ၏ အကာအရံစည်းအတွင်း ရှိနေသရွေ့ လူ့သဘောသဘာဝ အမှတ်သညာများကို ချန်ရစ်ထားခဲ့မည်မှာ အသေအချာပင်ဖြစ်သည်။ ဥပမာအားဖြင့်ပြောရလျှင် လူသားများမီးမွှေးလျှင် ပြာများကျန်ရစ်နေခဲ့သည်။ ဟိုဟိုဒီဒီ ရွေ့လျားသွားလာလျှင် သစ်ကိုင်းအကျိုးများ ကျန်နေခဲ့သည်။ စားသောက်ပြီးလျှင်လည်း အမှိုက်သရိုက်များကို ချန်ခဲ့သည်။ ပြန့်ကြဲနေသော မော့မြွေများ၏ တည်နေရာကို မော့လောင်တတစ်ယောက် ခေါင်းထဲစွဲမြဲကာ အသေအချာသိသည်။ လူသားများ၏ ခြေရာလက်ရာကိုတွေ့လျှင် ထိုမော့မြွေများက မော့လောင်တအား အသေးစိတ်သတင်းပို့သည်။ တစ်ခါတစ်ရံတွင် ထိုခြေရာလက်ရာများကို ကြည့်ခြင်းများဖြင့် လူသားအဖွဲ့များထဲမှ တစ်ဖွဲ့သွားနေသည့် ဦးတည်ချက်ကို သိနိုင်သောကြောင့် သူတို့လုပ်သမျှအရာအားလုံးက မြွေပွေးများအတွက် သဲလွန်စချန်ခဲ့သလို ဖြစ်နေသည်။ 

အစပိုင်းတွင် ယင်ရှောင်ရှောင်းမှာ မော့လောင်တဘေးတွင် မှီတွယ်ပြီး မြွေတစ်ကောင်ပြီးတစ်ကောင် အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး အစီရင်ခံသည်ကို စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေမိသေးသည်။ သို့သော် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ ယင်ရှောင်ရှောင်း စိတ်မရှည်ဖြစ်လာသည်။ အကယ်လို့များ အစီအရင်ခံတင်ပြချက်များက မြွေနှင့်လူသားစစ်ပွဲစပြီးနောက် လူအယောက်သုံးရာကတော့ ကျသွားပါပြီ လူဘယ်နှစ်ယောက်ကိုတော့ ဖမ်းမိပါပြီ စသည့်အကြောင်းအရာများ ဖြစ်ခဲ့လျှင် နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းဦးမည်။ သို့သော် ယခုမူ တစ်နေ့လာလည်း ဒီအကြောင်း တစ်နေ့လာလည်း ဒီကိစ္စပဲ ထပ်နေသည်။ ပျင်းစရာကောင်းလွန်းသောကြောင့် ယင်ရှောင်ရှောင်းလည်း သူကိုယ်တိုင် ပျော်စရာလေးဘာလေး ဖန်တီးကြည့်ချင်မိသည်။

ထို့ထက် ယင်ရှောင်ရှောင်း နောင်တရနေမိသည်။ ဝမ့်ယန်ကျန်းကို ပြန်ပို့ရန် မော့လောင်တအား သဘောတူမိသည်ကို နောင်တရနေခြင်းဖြစ်သည်။ အကယ်၍ ဝမ့်ယန်ကျန်းသာ ဒီနေရာမှာ ရှိနေသေးလျှင် အနည်းဆုံးတော့ အနိုင်ကျင့်စရာလူရှိသည်။ ယခုမူ မော့လောင်တကလည်း သူ့ကိုနည်းနည်းမှ အချိန်မပေးနိုင်သလို မော့တယိကလည်း အတူတူရှိမနေပေ။ ဝမ့်ယန်ကျန်းကိုလည်း ခေါ်ထုတ်သွားသေးသည်။ တစ်နေ့တစ်နေ့ သူဘာလုပ်လို့ လုပ်ရမှန်းမသိတော့။ ပျင်းလို့ကိုယ့်ဆံပင်ကိုယ် ဆော့နေရပြန်အောင်လည်း မြွေတစ်ကောင် ဖြစ်သောကြောင့် ဆံပင်ကရှိမနေပေ။ 

ယင်ရှောင်ရှောင်း တဖြေးဖြေး ဒေါသထွက်လာမိသည်။ ဒီလိုနေ့တွေ ဘယ်တော့မှများ အဆုံးသတ်နိုင်မှာလဲ။ အား...လူသားတွေကို မုန်းလိုက်တာနော်။ 

ယနေ့တွင်မူ ယင်ရှောင်ရှောင်း မြေပြင်ပေါ်တွင် လဲလျောင်းရင်း ထိုးဖောက်ဖို့မဖြစ်နိုင်လောက်သည့် မြွေအုပ်ကြီး၏ ဝိုင်းရံခံထားရသော မော့လောင်တကို စိုက်ကြည့်နေမိသည်။ စိတ်ဓာတ်ကျလွန်းလို့ သူရူးတော့မှာပဲ။ မြွေမြောက်မြားစွာ ဝန်းရံထားသည့်တိုင် သူမော့လောင်တကို တွေ့နေရသေးသည်။ ယင်ရှောင်ရှောင်း တိတ်တဆိတ်တွေးလိုက်မိသည်။ 

"မော့လောင်တက...တစ်ခြားသူတွေထက် ခေါင်းတစ်လုံးသာသားပဲ... အရပ်ကြီးကမြင့်ပြီး အရှိနိအဝါ ကြီးမားလိုက်တာ" 

သူ့အတွေးကို သူကိုယ်တိုင်လန့်သွားပြီး ယင်ရှောင်ရှောင်း၏ မျက်နှာတစ်ခုလုံး ပန်းရောင်သန်းသွားတော့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို လဲလျောင်းနေရာမှထကာ မော့လောင်တထံသို့ အပြေးသွားလိုက်သည်။ 

"တဟေးတန်...ကျွန်တော်မြစ်ကမ်းဆီသွားချင်တယ်"။ 

အလုပ်ရှုပ်နေသည့် မော့လောင်တက ချစ်ချစ်တောက်ပူနေသော နေမင်းကြီးကို တစ်ချက်မော့ကြည့်ပြီး ပြန်ဖြေသည်။ 

"အင်း...မြန်မြန်ပြန်လာနော်"

ယင်ရှောင်ရှောင်းက မော့လောင်တအား "တဟေးတန်" ဟု ခေါ်လိုက်သဖြင့် မြွေပွေးများအားလုံး အံ့သြကုန်ကြသည်။ သူတို့မျိုးနွယ်စုခေါင်းဆောင်က "ဟေး" လို့ အခေါ်ခံရတာကို အရမ်းရွံ့မုန်းတာ မဟုတ်ဘူးလား။ သို့သော် ယင်ရှောင်ရှောင်းက ထိုသို့ခေါ်လိုက်ချိန်တွင် မျက်နှာအမူအရာ တစ်ချက်ကလေးမှ မပြောင်းလဲသွားသော မော့လောင်တအား တွေ့လိုက်ရသောအခါ အနာဂတ်ခင်ပွန်းလောင်းလေးပေါ်တွင် ထားရှိသည့် မျိုးနွယ်စုခေါင်းဆောင်၏ ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း မြင်သွားတော့သည်။ နောက်ကျရင် ယင်ရှောင်ရှောင်းက ခေါင်းဆောင်အား "တဟေးတန်" ဟုမခေါ်ပဲ "မော့လောင်တ" ဟုခေါ်မှ အံ့သြရပေဦးမည်။ 

ယင်ရှောင်ရှောင်းက အမြီးကိုဝှေ့ယမ်းရင်း နှုတ်ခမ်းဆူကာ မော့လောင်တကို တစ်ချက်စိုက်ကြည့်ပြီး မြစ်ကမ်းဆီသို့ အေးအေးဆေးဆေး ထွက်သွားတော့သည်။ 

မြစ်ကမ်းက မော့လောင်တရှိနေသည့်နေရာနှင့် အနည်းငယ်ကွာဝေးသည်။ မော့လောင်တက မြစ်ကမ်းနှင့် နီးနီးကပ်ကပ် နေချင်ခဲ့သော်လည်း ယင်ရှောင်ရှောင်းက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်းက ရေကြိုက်ပြီး နေကိုမကြိုက်သော်လည်း အကာအရံစည်းအတွင်းရှိ မြွေများမှာ ရေမကြိုက်ဘဲ နေကိုသာကြိုက်ကြသည်။ မော့လောင်တဆီသို့ အစီရင်ခံရန် ရောက်လာကြသော မြွေပွေးများက ရေရှိသည့်နေရာကို သက်တောင့်သက်သာမဖြစ်သည်ကို ယင်ရှောင်ရှောင်းသတိထားမိခဲ့သည်။ ထို့ကြောင့် ရေရှိသည့်နေရာမှ ဝေးဝေးနေရန် သူကိုယ်တိုင် အကြံပေးခဲ့ခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းကိုကျော်ပြီး ဆက်သွားလိုက်လျှင် ရောက်ပြီပဲမဟုတ်လား။ 

တစ်ကယ်တမ်းတွင် မျိုးနွယ်စုခေါင်းဆောင်၏ အနာဂတ်လက်တွဲဖော်တစ်ယောက်အနေနှင့် မျိုးနွယ်စုအတွင်းရှိ မြွေများအားလုံးအတွက် မည်မျှစဥ်းစားပေးတတ်ပြီး သဘောထားကြီးကာ ကြင်နာတတ်သည့်သူဖြစ်ကြောင်း အခြားသူများအား သိစေချင်သောကြောင့် ထိုသို့ပြုမူခဲ့ခြင်းဖြစ်သည်။

ယင်ရှောင်ရှောင်း မော့လောင်တအား မပြောပြဘဲ ထိမ်ချန်ထားသည့် အဓိကအချက်မှာ မြစ်ကမ်းသို့သွားသည့်အခါတိုင်း ရေဆန်မြစ်ညာအတိုင်း လျှောတိုက်သွားသည်ဟူသော အချက်ပင်ဖြစ်သည်။ ယနေ့တွင်လည်း ခါတိုင်းကဲ့သို့ပင် ယင်ရှောင်ရှောင်းလည်း ရေဆန်အတိုင်းတက်သွားလေသည်။

လျှိုကျစ်ရှင်းက မြေအောက်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးကာ ဂူသင်္ချိုင်းဖောက်ထွင်းရေးလောကတွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သင်္ချိုင်းဂူများထဲသို့ ဝင်ဖူးသည့် အတွေ့အကြုံ မြောက်မြားစွာရှိသော သူ့ဆရာနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ ဤဂူသင်္ချိုင်းဖောက်ထွင်းရေးလောကတွင် စုလောင်အား ဆရာတစ်ဆူအဖြစ် ယူဆလို့ရသည်။ ဤတစ်ခေါက်တွင် ရင်းနှီးသူမိတ်ဆွေတစ်ဦး၏ တောင်းဆိုမှုကြောင့် သူ့အလုပ်သင် လျှိုကျစ်ရှင်းကိုခေါ်ကာ ရောက်လာရဖြင်းဖြစ်သည်။

ဂူသင်္ချိုင်းဟောင်းထဲသို့ ဝင်ရောက်မည့် ဖောက်ထွင်းရေးအဖွဲ့ရှစ်ဖွဲ့တွင် လျှိုကျစ်ရှင်းတို့အဖွဲ့က အဖွဲ့ဝင်နှစ်ဆယ့်သုံးယောက်ရှိပြီး အင်အားအတောင့်ဆုံးအဖွဲ့ ဖြစ်သည်။ သူတို့အဖွဲ့နှင့် အခြားအဖွဲ့များအကြား အကြီးမားဆုံး ခြားနားချက်မှာ အဖွဲ့ဝင်အားလုံးက တစ်နေရာတည်းသို့ အတူတကွဦးတည်ပြီး မသွားကြခြင်းဖြစ်သည်။ 

"ဂူသင်္ချိုင်းဟောင်းက...ငါတို့ဝင်လာခဲ့တဲ့နေရာနဲ့ သိပ်အဝေးကြီးမဟုတ်ဘူးဆိုတာ ငါကျိန်ရဲတယ် ငါတို့ဝင်ခဲ့တဲ့ နေရာကနေ စပြီးရှာဖို့ပဲလိုတာ" 

အဖွဲ့ခေါင်းဆောင်က ယုံကြည်ချက်ရှိရှိနှင့် ပြောလာသည်။ အဖွဲ့သားများအားလုံးကလည်း သူ့ကိုယုံကြည်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အဖွဲ့ခေါင်းဆောင်နှင့် တည်ထောင်သူဖြစ်နေသောကြောင့် သူတို့မသိသည့် အတွင်းပိုင်းအချက်အလက်များကို သိနေလောက်သည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

ရလဒ်အနေနှင့် သူတို့အဖွဲ့သားနှစ်ဆယ့်သုံးယောက်လုံးက အဝင်ဝတွင်သာ လှည့်လည်ရှာဖွေကြပြီး ရှေ့ဆက်မတိုးကြသောကြောင့် ဘာသဲလွန်စမှမရပေ။

"အဖိုးကြီး...ခင်ဗျားရထားတဲ့သတင်းအချက်အလက်တွေကမှန်ရောမှန်ရဲ့လားဗျာ"

စုလောင်က ဆေးလိပ်ဂျိုးဖြစ်သည်။ ယခုလည်း လက်ထဲရှိစီးကရက်ကို ဖိကိုင်ရင်း ပြောလာသည်။ 

"ဒါက...နောက်ဆုံးတောင်ပဲ"

"ဒါပေါ့...ငါကိုယ်တိုင်စမ်းသပ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့တာကွ...ပြီးတော့မှဒီသတင်းအချက်အလက်ကိုရခဲ့တာ...ကျိုးဘုရင်ရဲ့သင်္ချိုင်းဟောင်းကဒီတောင်ပေါ်မှာပဲရှိမယ်ဆိုတာသေချာတယ်"

စုလောင်က ဆေးလိပ်သောက်နေရင်း အဖိုးကြီးက သူ့သတင်းအချက်အလက် မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုလာသည်။ 

စုလောင်က စီးကရက်ကို နောက်ဆုံးတစ်ရှိုက်ဖွာကာ ဆေးလိပ်အဆီခံအား မြေပြင်ပေါ်တွင် ပစ်ချလျက် နှစ်ချက်မျှ ဆောင့်နင်းလိုက်ပြီး အဖိုးပိုင်အား ပြောလိုက်သည်။ 

"ခင်ဗျားရဲ့သတင်းအချက်အလက်တွေကမှန်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်...ဒီတောင်ပေါ်မှာကျွန်တော်တို့တစ်ဖွဲ့တည်းရှိတာမဟုတ်ဘူး...ခင်ဗျားမှားလို့ကတော့...ဒီဆယ်ရက်လုံးကဂူသင်္ချိုင်းဟောင်းကိုရှာဖို့သူတို့အတွက်လုံလောက်တဲ့အချိန်ပဲ"

စုလောင်က တစ်ခဏမျှရပ်သွားပြီး တစ်ဖက်သို့လှည့်ကာ အော်ပြောလိုက်သည်။ 

"ကျစ်ရှင်း...ငါတို့အစောက ဖြတ်သွားတဲ့ မြစ်ကမ်းမှာ ရေသွားခပ်လာခဲ့...ရေတွေမလောက်တော့ဘူး"

လျှိုကျစ်ရှင်းက ချက်ချင်းမတ်တပ်ထရပ်ကာ စစ်တပ်သုံးရေဘူးနှစ်ဘူးကို ကောက်ကိုင်လျှက် မြစ်ကမ်းဘေးဆီသို့ ဦးတည်ထွက်သွားလေသည်။

သူတို့၏အဖွဲ့ကြီးကို လူမျိုးစုံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဂူသင်္ချိုင်းဖောက်ထွင်းရေး အသိုင်းအဝိုင်းတွင် နာမည်ကြီးလူသိများသူများလည်း ပါသလို နာမည်မရှိသည့်သူများလည်း ပါဝင်သည်။ ဂူသင်္ချိုင်းဖောက်ထွင်းရေး အသိုင်းအဝိုင်းတွင် ပုံမှန်အားဖြင့် နာမည်ကျော်ကြားသူထက် နာမည်မရှိသည့် သာမာန်လူများက ပို၍များပြားသည်။ အများစုမှာ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသောကြောင့် အချင်းချင်း သတိထားပြီး စောင့်ကြည့်အကဲခတ်နေကြသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက ဘိုးဘေးတို့၏ အုတ်ဂူများကို ဖောက်ထွင်းသူများမဟုတ်လား။ သူတို့မလုပ်ရဲတာ ဘာရှိသေးလို့လဲ။ အချင်းချင်း သတိတကြီး စောင့်ကြည့်နေသည်မှာ မမှားပေ။

ဤအခြင်းအရာက သယ်ယူရလွယ်ကူသည့် ရေဘူးများကို ယူဆောင်လာရခြင်း၏ အထင်ရှားဆုံး သက်သေတစ်ခုဖြစ်သည်။ လူသားများက ထမင်းခုနစ်ရက်မစားဘဲ အသက်ရှင်နေထိုင်နိုင်သော်လည်း ရေမသောက်ရလျှင် ကြာကြာအသက်မရှင်နိုင်ပေ။ သူတို့ယူလာနိုင်သည့် ရေပမာဏက အကန့်အသတ် ရှိသောကြောင့် ဤမြွေသင်္ချိုင်းကြီးတွင် ရေရှိသည့်နေရာကို လိုက်ရှာဖို့ကလည်း မရှိမဖြစ် လိုအပ်ပြန်သည်။ ထို့ကြောင့် နောက်တောင်တစ်တောင်ဆီသို့ ရောက်သည်နှင့် သူတို့ပထမဦးဆုံး လုပ်သောအရာမှာ ရေရှာဖွေခြင်းဖြစ်သည်။ ရေချိုရေသန့်ကို ရှာဖွေတွေ့ရှိသွားသည်နှင့် လူတိုင်းက လက်လွှတ်မခံဘဲ စုဝေးလာကြပြီး ကိုယ်စီကိုယ်စီ သယ်လာသည့် ရေဘူးများတွင် ရေဖြည့်ကြသည်။ ဂူသင်္ချိုင်းဟောင်းကို ရှာမတွေ့သေးသော်လည်း သူတို့အားလုံးက အချင်းများဖို့ စိတ်မဝင်စားကြပေ။ သို့သော် တစ်ယောက်နှင့်တစ်ယောက် သတိတကြီး စောင့်ကြည့်နေကြသည်ကိုတော့ နည်းနည်းမှမလျော့သွားပေ။ မုန်တိုင်းမလာခင် လေငြိမ်နေတယ်လို့ ပြောရမလားပဲ။

စစ်တပ်သုံးရေဘူးနှစ်ဘူးကို ကိုင်ထားသည့် လျှိုကျစ်ရှင်းလည်း ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးသောအခါ မြစ်ကမ်းဘေးသို့ ရောက်ရှိသွားခဲ့သည်။ 

မွန်းလွဲပိုင်းတစ်နာရီကျော်ကျော် နှစ်နာရီလောက်ရှိနေပြီ ဖြစ်သောကြောင့် အကာအရံစည်းအတွင်းပိုင်းတွင် အပူဆုံးအချိန်ဟု ဆိုရမည်။ လျှိုကျစ်ရှင်း၏ နဖူးပြင်ပေါ်တွင် ချွေးများတတောက်တောက် ကျနေသော်လည်း ရေခပ်ပြီးပြန်သွားရန် နောက်မကျရဲပေ။ လျှိုကျစ်ရှင်းတို့အဖွဲ့က အခြားအဖွဲ့များကဲ့သို့ မြွေပွေးများနှင့် မတွေ့ကြုံရသေးပေ။ ဖုန်းယွင်နှင့်အတွေးမတူပဲ စုလောင်နှင့် အခြားသူများက မြွေပွေးများအားလုံး သေကုန်ပြီဟူသော အချက်ကို အယုံအကြည်မရှိကြပေ။ ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသကဲ့သို့ မြွေသင်္ချိုင်းရှိ မြွေအမြောက်အမြားကို မမြင်ရသေးသော်လည်း စုလောင်နှင့် အခြားသူများက သတိတစ်ချက်လေးမှ လျော့မသွားပေ။ လျှိုကျစ်ရှင်းက သူ့ဆရာစကားကို တစ်သွေမတိမ်း နားထောင်သလို သတိလည်း အမြဲကပ်သူဖြစ်သည်။ ရေသွားခပ်ခိုင်းသောကြောင့် ရွေးချယ်စရာမရှိဘဲ လာခပ်ရသော်လည်း တတ်နိုင်သလောက် မြန်မြန်ခပ်ပြီး အမြန်ပြန်လစ်ရန် ကြံရွယ်ထားသည်။ 

စစ်တပ်သုံးရေဘူးကြီးနှစ်ဘူးကို တစ်မိနစ်တောင်မကြာလိုက်ပဲ အမြန်ဖြည့်လိုက်ပြီးနောက် မကြာခင်တွင် ပြန်ရတော့မည်ဟူသည့် အသိဖြင့် လျှိုကျစ်ရှင်းတစ်ယောက် စိတ်အေးသွားကာ သက်ပြင်းချလိုက်မိသည်။

ရေဘူးနှစ်ဘူးကိုဆွဲမကာ ပြန်ထွက်သွားမည်အပြုတွင် မျက်ထောင့်ဆီမှ ငွေရောင်သတ္တဝါလေးတစ်ကောင်ကို ရုတ်တရက်မြင်လိုက်ရသည်။


ဘာကြီးလဲဟ?

နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူဖြစ်သောကြောင့် လျှိုကျစ်ရှင်းက သတိရှိနေဆဲပင်။ သူ့ဦးနှောက်က မတုံ့ပြန်နိုင်မီတွင် သူ့ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်ကာ အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားသည်။ တစ်ပြိုင်နက်တည်းတွင် ထိုသတ္တဝါအား သတိတကြီး ကြည့်လိုက်မိသည်။

မြွေတစ်ကောင်ပဲ..

သူ့လက်များ အနည်းငယ်တုန်ယင်နေသည်ကို လျှိုကျစ်ရှင်းခံစားမိသည်။ လခွမ်းပဲ! ဘယ်အကောင်နှင့်မှ အခုလည်းမကြုံတွေ့ချင်သလို နောက်လည်းမကြုံတွေ့ချင်ပေ။ ယခုမူအဖွဲ့ထဲမှ လူစုခွဲလိုက်သည်နှင့် မြွေတစ်ကောင်နှင့်တန်းပြီး ပက်ပင်းတိုးတော့သည်။ တစ်ခုပဲ...ဒီမြွေက နည်းနည်းလေး ထူးဆန်းနေသလိုပင်။

လျှိုကျစ်ရှင်းပက်ပင်းတိုးသည့်မြွေက ယင်ရှောင်ရှောင်းကလွဲပြီး အခြားသူမဖြစ်နိုင်ရာ။ ယင်ရှောင်ရှောင်းက သူ့ကိုယ်သူ သဘောတကျရယ် ပြုံးနေသည်။ ခန္ဓာကိုယ်တစ်ဝက်လောက်က ရေအောက်တွင်ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်ဦးခေါင်းပိုင်းက ကမ်းစပ်ရှိ ပင်ခြေပိတ်ပေါင်းများပေါ်တွင် တင်ကျန်နေသည်။ သူ့ဦးခေါင်းကို ဖြေးညင်းစွာ ရွေ့လျားပြီးနောက် ရေအောက်ထဲရှိ သူ့ခန္ဓာကိုယ်ကို အလိုက်သင့်လေး လိုက်ပါလာစေသည်။ ထိုလှုပ်ရှားမှုနှစ်ခုကို ထပ်ခါထပ်ခါ လုပ်ဆောင်သည်။ လျှောတိုက်သွားလာခြင်းက အနည်းငယ်နှေးကွေးသော်လည်း ပုံမှန်အဆက်မပြတ် ရွေ့လျားနေခြင်းဖြစ်သည်။ ဟုတ်ပါသည်... တကယ်တော့ ဒီလှုပ်ရှားမှုက ယင်ရှောင်ရှောင်း၏ ကိုယ်အလေးချိန်လျှော့ချနည်းအသစ် ဖြစ်သည်။ ဤနည်းဖြင့် ကိုယ်အလေးချိန်ကို အတော်လေးလျှော့ချနိုင်ခဲ့ပြီဖြစ်သည်။ ထိုနည်းလမ်းကို ယင်ရှောင်ရှောင်း အတော်လေး ကျေနပ်နေမိသည်။

လျှိုကျစ်ရှင်းက အနောက်သို့ တဖြေးဖြေးဆုတ်နေရာမှ အသံအချို့ပေါ်ထွက်လာသည်။ ယင်ရှောင်ရှောင်းက ဘယ်လောက်ပဲ အပျင်းတစ်နေပါစေ ယင်မြွေတစ်ကောင် ဖြစ်သောကြောင့် အကြားအာရုံ ထူးကဲကောင်းမွန်လွန်းလှသည်။ အစပိုင်းတွင် သူကြောင်တောင်တောင်နှင့် ငေးငိုင်မိသွားသော်လည်း သတိလက်လွတ်နှင့် မြစ်ထဲမှထွက်လာပြီး အသံလာရာကို ဝေ့ဝိုက်ကြည့်လိုက်သည်။ 

ငွေရောင်မြွေ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထွက်ပေါ်လာပြီး သူ့ဆီသို့ ချဥ်းကပ်လာနေသည်ကို လျှိုကျစ်ရှင်း တွေ့လိုက်ရသည်။ မြွေက ထူးဆန်းသည့်မြွေဖြစ်စေ မထူးဆန်းသည့်မြွေဖြစ်စေ ကိစ္စမရှိတော့ပေ။ လျှိုကျစ်ရှင်းတစ်ယောက် စစ်တပ်သုံးရေဘူးနှစ်ဘူးကို ဘေးသို့ပို့လိုက်ပြီး သူသယ်လာသည့် ပစ္စတိုတစ်လက်ကိုထုတ်ကာ ယင်ရှောင်ရှောင်းတည့်တည့် ချိန်ရွယ်လိုက်သည်။

ယင်ရှောင်ရှောင်း၏ မျက်ဆံတို့ တွန့်ချိုးသွားသည်။ လူတစ်ယောက်ပဲ... လူတောင်မှ ရိုးရိုးလူမဟုတ်... သူ့ကိုသေနတ်နှင့် ချိန်နေသည့်သူ။

ယင်ရှောင်ရှောင်းလည်း တတ်နိုင်သလောက် ကိုယ်ကိုနှိမ့်ချလိုက်သည်။ ကံမကောင်းသည်က သူ့ရှေ့တွင် လူရှိနေသည်ကို ယင်ရှောင်ရှောင်း မသိလိုက်မီတွင် လျှိုကျစ်ရှင်းက သေနတ်မောင်းတံကို ပစ်လွှတ်လိုက်ပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် မြေကြီးပေါ် ဝမ်းလျားထိုးပြီး လဲလိုက်ရင်တောင် ရှောင်လွှဲလို့မရတော့ဘဲ သေချာပေါက် သေနတ်ထိမှန်မည်ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ယင်ရှောင်ရှောင်းလည်း မှန်းသမ်းပြီး တစ်ဖက်သို့ ရှောင်လိုက်သည်။ 

ကံကောင်းထောက်မစွာဖြင့် ယင်ရှောင်ရှောင်း၏ ရှောင်တိမ်းခြင်းက အလုပ်ဖြစ်သွားပြီး တိုက်ရိုက်မထိမှန်ခဲ့ပေ။ သို့သော် ယင်ရှောင်ရှောင်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့မျက်စိရှေ့ရှိ ကမ္ဘာကြီးက မှောင်မိုက်အတိကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အနောက်ရှိ တစ်သွင်သွင်စီးဆင်းနေသော မြစ်ရေထဲသို့ နောက်ပြန်လှန်ကျသွားတော့သည်။ ကျည်ဆန်က ယင်ရှောင်ရှောင်းကို တိုက်ရိုက်မထိမှန်သော်လည်း ခန္ဓာကိုယ်၏ ဘယ်ဘက်ပိုင်းကို လျှပ်ထိသွားသောကြောင့် အသားများပွင့်ထွက်ကာ သွေးများက တာကျိုးသလို တရဟောစီးကျလာသည်။ 

ယင်ရှောင်ရှောင်း၏ခန္ဓာကိုယ်က မြစ်ထဲသို့ ဗွမ်းကနဲ နစ်ကျသွားသည်။ ထို့နောက် ရေစီးကြောင်းနှင့်အတူ ရေစုန်ဘက်သို့ မျောပါသွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးက ကိုက်ခဲနေပြီး အသိစိတ်များကလည်း တဖြေးဖြေး မှေးမိန်သွားသည်။

သူ့ခန္ဓာကိုယ်မှ စီးထွက်လာသည့် သွေးများကို မြစ်ရေပြင်က ဆေးကြောပေးလိုက်သည်။ ရေစုန်အတိုင်း မျောပါသွားသည့် ခန္ဓာကိုယ်နှင့်အတူ သွေးနံ့ဖျော့ဖျော့ကလည်း ပျံ့လွင့်နေသည်။