အပိုင်း ၈၅
Viewers 12k

Chapter 85




မြွေပွေးများ စကားဖောင်ဖွဲ့နေကြချိန်တွင် မော့လောင်တ ခေါင်းထောင်ကာ မြစ်ကမ်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်မိသည်။ 

မော့လောင်တအနားတွင် ဝိုင်းရံနေသည့် မြွေပွေးများကလည်း တစ်ကောင်နှင့်တစ်ကောင် အူတူတူ စိုက်ကြည့်နေကြသည်။ မျိုးနွယ်စုခေါင်းဆောင် ဘာလုပ်နေတာပါလိမ့်...။

"ဒါက... ရှောင်ရှောင်းရဲ့အနံ့မလား"

မော့လောင်တ သူ့ကိုယ်သူရေရွတ်လိုက်ရင်း မြစ်ကမ်းဘေးသို့ အမြန်အပြေးသွားလိုက်သည်။ ဘဝတစ်လျှောက်လုံးတွင် အလျင်မြန်ဆုံးအရှိန်နှင့် လျှောတိုက်သွားနေမိခြင်းဖြစ်သည်။ အခြားမြွေပွေးများကိုမူ စကားတစ်ခွန်းသာပြောခဲ့သည်။ 

"ခဏစောင့်နေကြ..."

မြစ်ကမ်းဘေးသို့ မော့လောင်တရောက်သွားချိန်တွင် မြစ်ရေထဲမျောပါလာသည့် မြွေတစ်ကောင်ကို ရုတ်တရက်တွေ့လိုက်ရသည်။ ထိုမြွေမှာအခြားမဟုတ်။ ယင်ရှောင်ရှောင်းပင်ဖြစ်သည်။ 

"ရှောင်ရှောင်း..."

မော့လောင်တ၏ အသည်းတစ်ခုလုံး ထက်ခြမ်းကွဲသွားသလို ခံစားလိုက်ရသည်။ ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း ရေမကူးတတ်သည်ကို ဂရုမစိုက်နိုင်တော့ပဲ မြစ်ထဲသို့ ခြေစုံပစ်ဝင်ကာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးကို ကိုက်ချီကာ မြစ်ထဲမှဆွဲထုတ်လာသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး မြစ်ထဲမျောပါနေပြီး ဆိုးဆိုးဝါးဝါး နာကျင်နေသည်ကို ယင်ရှောင်ရှောင်းသိသည်။ ထို့အပြင် သူ့စိတ်အာရုံက တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်နေသည်ကိုလည်း သူသိသည်။ မြစ်ရေထဲ ဘယ်လောက်ကြာအောင် မျောနေမှန်း ယင်ရှောင်ရှောင်းမသိပေ။ သေပြီလို့တောင် ထင်မှတ်နေမိသည်အထိပင်။ သို့သော် မျှော်လင့်ချက်အားလုံး ပျက်သုဥ်းနေချိန်တွင် ရင်းနှီးနေသော အသံတစ်ခုက သူ့နောက်ဆုံးလက်ကျန် အသိအာရုံကို ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် မြွေတစ်ကောင်၏ပါးစပ်က သူ့ခန္ဓာကိုယ်အား ဖြေးဖြေးချင်း ကိုက်ယူသွားသည်ကို ခံစားလိုက်ရသည်။ ယုံကြည်စိတ်ချစေသည့် ကိုယ်သင်းနံ့က ယင်ရှောင်ရှောင်း၏ နာကျင်မှုများကို အနည်းငယ်မျှ ပြေပျောက်သွားစေသည်။ သူ့အသံက တိုးလျညှိုးငယ်စွာဖြင့် ထွက်ပေါ်လာသည်။ 

"တဟေးတန်... ကျွန်တော်အရမ်းနာတယ်"

ထိုသို့ပြောပြီးနောက် ယင်ရှောင်ရှောင်း လုံးလုံးသတိလစ်သွားခဲ့သည်။ တဟေးတန်သာ သူ့ဘေးတွင်ရှိလျှင် သူမသေနိုင်ပေ။ ရေရေရာရာ အကြောင်းပြချက် မရှိသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ယင်ရှောင်ရှောင်း၏ ယုံကြည်စိတ်ချမှုက ခိုင်မြဲလွန်းသည်။

ယင်ရှောင်ရှောင်း နိုးလာချိန်တွင် မျက်ဝန်းထဲမှ မှိန်ဖျော့ဖျော့အလင်းရောင်ကို တွေ့လိုက်ရသည်။ မျက်လုံးကို အားယူကာ ဖွင့်လိုက်သောအခါ သူ့ဘေးတွင် မျက်နှာသေဖြင့် ရပ်နေသည့် မော့လောင်တကို တွေ့လိုက်ရသည်။ သတိရလာသည့် ယင်ရှောင်ရှောင်းကို မြင်သောအခါ မော့လောင်တ၏ မျက်နှာက စိုးရိမ်ပူပန်မှုအပြည့်နှင့် ချစ်မြတ်နိုးရိပ်များသန်းနေသည့် မျက်နှာအသွင်အပြင်သို့ ပြောင်းသွားသည်။ 

"ရှောင်ရှောင်း....ဘယ်လိုနေသေးလဲ"

"သိပ်တော့နေလို့မကောင်းဘူး"

ယင်ရှောင်ရှောင်းလည်း ရိုးရိုးသားသားဖြေလိုက်သည်။ 

"တစ်ကိုယ်လုံးနာနေတယ်"

ယင်ရှောင်ရှောင်း မတ်တပ်ရပ်ချင်သော်လည်း ထထိုင်ဖို့ပင် အားမရှိပေ။ သူ့ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်းလုံး အားအင်များ ကုန်ခန်းသွားသလို ခံစားနေရသည်။ ယင်ရှောင်ရှောင်း ခေါင်းလှည့်ကြည့်မိရာ သွေးများတစ်စိမ့်စိမ့် ယိုကျနေသည့် ဆိုးဝါးလှသော ဒဏ်ရာကြီးကို တွေ့လိုက်ရသည်။ မြွေတစ်ကောင်ရဲ့ ခန္ဓာကိုယ်မှာ သွေးပမာဏ ဘယ်လောက်များရှိလို့လဲ... ဒီလိုသာ အဆက်မပြတ် သွေးထွက်နေရင်... သွေးထွက်လွန်ပြီး သူသေသွားနိုင်တယ် မဟုတ်လား။

ယင်ရှောင်ရှောင်းက နှုတ်ခမ်းလေးဆူထွက်လာရင်း မျက်ဝန်းအိမ်ထဲတွင်လည်း မျက်ရည်များ ဝေ့သီလာသည်။ 

"တဟေးတန်... ကျွန်တော်အခု အရမ်းရုပ်ဆိုးသွားပြီ... တလက်လက်တောက်ပနေတဲ့ ငွေရောင်အကြေးခွံလေးတွေ မရှိတော့ဘူး"

မလှမ်းမကမ်းတွင် ရပ်နေကြသော မြွေပွေးများ : "ကျူကျန်းဖူရန်ရယ်... အခုအချိန်က အကြေးခွံကို စိတ်ပူနေရမဲ့အချိန်လား... သွေးထွက်တာတိတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ စိတ်ပူသင့်တယ်"

"စိတ်မပူပါနဲ့... နောက်နည်းနည်းကြာရင် အရင်အတိုင်း လှလှလေးပြန်ဖြစ်လာလိမ့်မယ်"

မော့လောင်တက အရှေ့သို့တိုးလာရင်း ယင်ရှောင်ရှောင်း၏ဒဏ်ရာအနီးတစ်ဝိုက်ကို ငုံ့နမ်းသည်။ 

"ကိုယ်ကတိပေးတယ်နော်..."

ထိုအခါမှ ယင်ရှောင်ရှောင်း၏ ကျလုဆဲဆဲမျက်ရည်တို့ တိတ်သွားတော့သည်။ အရေးမပါသည့်အရာကို စိတ်ပူနေသော ယင်ရှောင်ရှောင်းနှင့် ကွဲလွဲစွာ မော့လောင်တကမူ ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်သည်။ သူစိုးရိမ်နေသည့် အရာမှာ ယင်ရှောင်ရှောင်း၏ ကိုယ်ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းတွင် အဆက်မပြတ် သွေးထွက်နေသည့် ဒဏ်ရာဖြစ်သည်။ မြွေပွေးတစ်ကောင်၏ အနာကျက်စွမ်းရည်က အားကောင်းလှသော်လည်း ယင်ရှောင်ရှောင်းက မှတ်ဉာဏ်အမွေ ပါမလာသောကြောင့် ထိုသို့သောစွမ်းရည်မျိုး မရှိပေ။ အသေးအမွား ဒဏ်ရာတစ်ခုလေးပင် ယင်ရှောင်ရှောင်းအတွက် အနာကျက်ဖို့ တစ်လခွဲခန့်ကြာသည်။ သို့သော် ဤတစ်ခေါက်ဒဏ်ရာက ပြင်းထန်လွန်းလှပြီး သွေးများအဆက်မပြတ် ထွက်နေသောကြောင့် အနာကျက်ရန် လပေါင်းများစွာ စောင့်လို့မဖြစ်ပေ။

ယင်ရှောင်ရှောင်းအား ဤသို့အနာတရဖြစ်အောင် လုပ်ထားသည့် လူသားကို မော့လောင်တ တစ်စစီ ဆွဲဖြဲပစ်ချင်မိသည်။ သို့သော် လက်စားချေနိုင်ဖို့ထက် ရှောင်ရှောင်း၏အသက်နှင့် ဘေးကင်းလုံခြုံရေးက ပို၍အရေးကြီးသည်။ ထို့ကြောင့် မော့လောင်တလည်း ရွေးချယ်စရာမရှိဘဲ သူ့ဒေါသကို ခဏအောင့်အီးထားလိုက်ပြီး ရှောင်ရှောင်းကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ 

လက်ရှိအခြေအနေတွင် အရေးကြီးသောအရာများကို ဦးစားပေးလုပ်ဆောင်ရန် မော့လောင်တ ဆုံးဖြတ်ချက်ချလိုက်သည်။ ယင်ရှောင်ရှောင်း၏ဒဏ်ရာ သွေးတိတ်သွားစေရန် ကျစ်ရွှယ်မြက်ပင်ကို အသုံးပြုဖို့လိုသည်။ ထိုကျစ်ရွှယ်မြက်ပင်ကလည်း ချောက်ကမ်းပါးအောက်တွင်သာ ပေါက်လေ့ရှိသည်။ မော့လောင်တ တစ်ကိုယ်တည်း ခပ်မြန်မြန်သွားယူလျှင် ထိုကျစ်ရွှယ်မြက်ပင်ကို အချိန်တိုအတွင်း ရလာနိုင်မည်ဖြစ်သည်။ သို့သော် ရှောင်ရှောင်းကို ဤနေရာတွင် တစ်ကောင်တည်းချန်ထားဖို့ရန် စိတ်မချသလို ရှောင်ရှောင်း၏ အခြေအနေနှင့်လည်း ချောက်ကမ်းပါးအောက်အထိ လိုက်ဆင်းနိုင်မည် မဟုတ်ပေ။ 

ထိုသို့ဆိုလျှင် မျိုးနွယ်စုခေါင်းဆောင် အနေနှင့် မြွေပွေးတစ်ကောင်ကို အမိန့်ပေးစေခိုင်းပြီး ချောက်ကမ်းပါးအောက်ရှိ ကျစ်ရွှယ်မြက်ပင်ကို အဘယ်ကြောင့် သွားမယူခိုင်းရသနည်း။ အကြောင်းရင်းက ရိုးရှင်းပါသည်။ ကျစ်ရွှယ်မြက်ကို နှုတ်ယူလိုက်သည်နှင့် တစ်ရက်အတွင်းသာ ဆေးအာနိသင်ပြမည်ဖြစ်သည်။ တစ်ရက်ကျော်သွားလျှင် ဆေးအာနိသင် ပျောက်ပြယ်သွားနိုင်သည်။ မော့လောင်တ၏ လျှောတိုက်သွားသည့်အရှိန် ကမြန်လွန်းသောကြောင့် တစ်ရက်အတွင်း ရှောင်ရှောင်းဆီသို့ အမြန်ပြန်ရောက်နိုင်သည်။ ဤအကာအရံစည်းကြီးထဲတွင် မော့လောင်တထက် အရှိန်မြန်သည့် အခြားမြွေပွေးတစ်ကောင် မရှိနိုင်ရာ။ မော့လောင်တပြီးလျှင် ဒုတိယအားအကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်သော မော့မြွေပင်လျှင် ချောက်ကမ်းပါးမှ ဤနေရာသို့ပြန်ရောက်လာဖို့ အနည်းဆုံး သုံးရက်ခန့် ကြာသွားနိုင်သည်။

ထို့အပြင် တောင်တစ်ခုလုံးတွင် လူသားများက နေရာအနှံ့ ပြန့်ကြဲနေကြသည်။ လန်မြွေနှင့် ဟွမ်မြွေအုပ်စုနှစ်ခုမျှသာ ရှောင်ရှောင်းကို ကာကွယ်စောင့်ရှောင်ရုံနှင့် မော့လောင်တ စိတ်အေးလက်အေး မဖြစ်နိုင်ပေ။ ယင်ရှောင်ရှောင်းက ယင်မြွေတစ်ကောင်ဖြစ်ပြီး အသက်ငယ်သေးသည့်အပြင် ကျည်ဆန်ကိုပင် မခံနိုင်သောကြောင့် သူဘယ်လိုလုပ် စိတ်ချနိုင်ပါ့တော့မလဲ။

မော့လောင်တ စိတ်ပူနေသည့်ကိစ္စကို ယင်ရှောင်ရှောင်း မတွေးမိချေ။ သူ့အတွေးထဲတွင် မျက်လုံးနှစ်လုံးဖွင့်နိုင်ပြီး မော့လောင်တကို မြင်ရရုံနှင့် အန္တရာယ်ကင်းနေပြီဖြစ်သည်။ ဘယ်လူသား ဘယ်မြွေကမှ သူ့ကို မထိခိုက်စေနိုင်ပေ။

"ဘာဖြစ်တာလဲ"

ထိုအခိုက်အတန့်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။ မော့လောင်တ၏ နားထဲတွင် ထိုအသံက ကောင်းကင်မှ တိုက်ရိုက်ထွက်ပေါ်လာသည့်အသံနှင့် တူလှသည်။ သူပြန်ရောက်လျှင် မော့တာယိအား ကူညီရန်အတွက် မော့တာမော့ကို စေလွှတ်ပေးရန် ပြောခဲ့သည်ကို မော့လောင်တ မေ့သွားခြင်းဖြစ်သည်။ 

သို့သော် ယင်ရှောင်ရှောင်းကမူ မော့တာမော့ကို တွေ့လိုက်ရသည်နှင့် သက်သောင့်သက်သာ မဖြစ်သလို ခံစားရသည်။ ထိုမော့တာမော့က မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲတွင် မော့လောင်တနှင့် ထိပ်တိုက်ယှဥ်ပြိုင်ခဲ့သူ မဟုတ်လား။ ယင်ရှောင်ရှောင်းနှင့် ထိုသူ့အကြားတွင် ဘာဆက်နွှယ်မှုမှ မရှိချေ။ မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲတွင် သူ့အားအနိုင်ပိုင်းသွားခဲ့သူ၏ အနာဂတ်လက်တွဲဖော်သာ ဖြစ်သည်။ သို့သော်မော့လောင်တနှင့် စကားပြောနေသည့် မော့တာမော့၏ မျက်ဝန်းတို့ကိုကြည့်ရင်း သေရေးရှင်ရေးအခြေအနေတစ်ခုကို ယင်ရှောင်ရှောင်း ခံစားလိုက်ရသည်။

မော့တာမော့ကို ဤနေရာတွင် တွေ့လိုက်ရသောကြောင့် ယင်ရှောင်ရှောင်း စိတ်မပျော်တော့သော်လည်း တဟေးတန်က ဘာလို့ အရမ်းပျော်တဲ့ပုံ ပေါက်နေတာပါလိမ့်။

မော့လောင်တက မော့တာမော့အား မျက်နှာချင်းဆိုင် ပြောလိုက်သည်။ 

"မင်းအချိန်မီလေး ရောက်လာတာပဲ... ရှောင်ရှောင်းက လူတစ်ယောက်ရဲ့ ကျည်ဆန်မှန်ပြီး သွေးထွက်နေတာ မရပ်တော့ဘူး... သွေးတိတ်အောင် ကျစ်ရွှယ်မြက်ကို သုံးဖို့အတွက် ချောက်ကမ်းပါးအောက်အထိ ငါသွားရှာရမယ်... အဲဒီအချိန်အတွင်းမှာ မင်းက ရှောင်ရှောင်းကို သေချာစောင့်ကြည့်ထားပေး... မင်းလက်ထဲမှာ သူ့ကိုစိတ်ချလက်ချ အပ်ခဲ့မယ်နော်"

မော့လောင်တက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ဆက်ပြောသည်။ 

"တစ်ခြားမြွေပွေးတွေကိုလည်း စုလိုက်မယ်... ကျေးဇူးပြုပြီး ရှောင်ရှောင်းကို ကာကွယ်ပေးပါ"

မော့လောင်တ၏ အပြုအမူက အမိန့်ပေးတာနဲ့ မတူဘဲ တောင်းတောင်းပန်ပန် အသနားခံတာနဲ့ တူနေသည်။

မော့တာမော့က မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ယင်ရှောင်ရှောင်းကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။ 

"ကိစ္စမရှိပါဘူး... ရှောင်ရှောင်းကို ငါကြည့်ပေးထားမယ်"

မော့တာမော့ဆီမှ ကတိတစ်ခုကို ရလိုက်မှ မော့လောင်တ အနည်းငယ် စိတ်ဖြေသာသွားတော့သည်။ သူသာ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲတွင် ဝင်မပြိုင်ခဲ့လျှင် မော့တာမော့က မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည့်သူဖြစ်သည်။ ဆိုလိုသည်မှာ မော့တာမော့က သူပြီးလျှင် ဒုတိယအင်အားအကြီးဆုံး မော့မြွေဖြစ်သည်။ သို့သော် ရှောင်ရှောင်းဘေးတွင် သူကိုယ်တိုင်ရှိမနေနိုင်သောကြောင့် လုံးလုံးလျားလျား စိတ်မအေးနိုင်သေးပေ။

ထို့နောက် မော့လောင်တက ယင်ရှောင်ရှောင်းဘက်သို့လှည့်ပြီး နဖူးပြင်ကို အနမ်းပေးလိုက်သည်။
 "ရှောင်ရှောင်း...ကျစ်ရွှယ်မြက်ပင်ရဖို့အတွက်...ကိုယ်ချောက်ကမ်းပါးဆီသွားရမယ်...လိမ်လိမ်မာမာနဲ့ဒီမှာနေခဲ့ပြီးကိုယ့်ကိုစောင့်နေနော်...နားလည်တယ်မလား"

ယင်ရှောင်ရှောင်း တုံ့ဆိုင်းစွာဖြင့်မေးလိုက်သည်။ 

“ကျစ်ရွှယ်မြက်က...ကျွန်တော့်ရဲ့ ဒဏ်ရာအတွက်လား”

မော့လောင်တက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေသည်။ 

"အင်း...ဟုတ်တယ်"

မော့လောက်တကို ကျစ်ရွှယ်မြက်သွားမယူရန် မတားနိုင်မှန်း ယင်ရှောင်ရှောင်းသိသည်။ တားလည်းမတားချင်ပေ။ သူအသက်ရှင်ချင်သေးသည်။ တဟေးတန်နှင့်အတူ နှစ်ပေါင်းမြောက်မြားစွာ အချိန်အကြာကြီး အတူနေသွားလိုသည်။

“ကျွန်တော်... တဟေးတန်ကို စောင့်နေမယ်နော်..”

ယင်ရှောင်ရှောင်းလည်း တိုးညှင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

မော့လောင်တက ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းစွန်းလေးကို နမ်းလိုက်ရင်း ထပ်ပြောလာသည်။ 

“ကိုယ်ကတိပေးတယ်နော်.. တတ်နိုင်သလောက် အမြန်ဆုံး ပြန်လာခဲ့မယ်..”

မြက်ပင်ပိတ်ပေါင်းများကြားတွင် မော့လောင်တ၏ အရိပ်က ဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်။ ယင်ရှောင်ရှောင်းလည်း ထွက်ခွာသွားသည့် ကျောပြင်ကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ သူအသိပြန်ဝင်လာချိန်တွင် မော့တာမော့က သူ့ဘေးနားတွင် လာရပ်နေပြီဖြစ်သည်။

ယင်ရှောင်ရှောင်းက မော့တာမော့ကို သဘောမတွေ့သောကြောင့် မသိသလိုသာ လျစ်လျူရှုပြီး နေလိုက်သည်။ သူတို့အကြား တစ်ခဏမျှ တိတ်ဆိတ်သွားသော်လည်း မော့တာမော့ဘက်က ရုတ်တရက်ဆိုသလို စကားစပြောလာသည်။ 

"ယင်ရှောင်ရှောင်း မင်းက အားနည်းလွန်းတယ်... မော့လောင်တရဲ့ဘေးနားမှာရှိ နေဖို့အတွက် အရည်အချင်း မပြည့်မီဘူး"

ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။ တစ်အောင့်လောက်ကြာမှ မော့တာမော့၏ မျက်ဝန်းတည့်တည့်သို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။ ဒဏ်ရာရထားသောကြောင့် အသံက တိုးလျလျဖြစ်နေသော်လည်း ခိုင်မာပြတ်သားသော လေသံဖြစ်သည်။ 

"အချစ်မှာ..အရည်အချင်းပြည့်မီဖို့မလိုဘူး"

.......

ယင်ရှောင်ရှောင်းကို သေနတ်ဖြင့် ပစ်လိုက်ပြီးနောက် လျှိုကျစ်ရှင်းတစ်ယောက် သေနတ်တကယ်မှန်မမှန် အခြေအနေကို သွားကြည့်မနေတော့ဘဲ တစ်ချိုးတည်း ပြန်လှည့်ပြေးတော့သည်။ မြွေတစ်ကောင်ပဲရှိမယ်လို့ ဘယ်သူပြောလဲ... တစ်ခြားမြွေတွေ ရှိနေသေးရင် ဘယ်လိုလုပ်မလဲ... သူ့မှာကလည်း သေနတ်တစ်လက်မှလွဲ၍ အခြားလက်နက် မပါလာချေ။ သူဝတ်ထားသည့် ဝတ်စုံကလည်း တကယ်တမ်း အသုံးရောဝင်ပါ့မလား။ ထို့ကြောင့် ယခုအချိန်တွင် အကောင်းဆုံးရွေးချယ်မှုမှာ လူစုရှိရာသို့ အမြန်ဆုံးပြန်သွားရန် ဖြစ်သည်။ 

လူစုရှိရာသို့ လျှိုကျစ်ရှင်းတစ်ယောက် ပြန်ရောက်သွားချိန်တွင် ဟောဟဲလိုက်ကာ ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်နှာအမူအရာဖြင့် သူ့ဆရာစုလောင်ကို လိုက်ရှာတော့သည်။ ထိုစဥ် စုလောင်ရောက်လာသည်။ 

“ကျစ်ရှင်း... မင်းရေသွားခပ်တာမဟုတ်လား... ဘယ်မှာလဲရေက”

လျှိုကျစ်ရှင်းက စုလောင်၏အမေးကို အမောတကောနှင့် ပြန်ဖြေသည်။ 

"ဆရာ...အခုရေကအရေးမကြီးဘူး...မြစ်ကမ်းဘေးမှာ ကျွန်တော် မြွေတစ်ကောင် တွေ့လာခဲ့တယ်"

"ဘာ...မြွေဟုတ်လား"

စုလောင်နှင့် လျှိုကျစ်ရှင်းတို့ ဆရာတပည့်နှစ်ယောက် စကားပြောနေကြချိန်တွင် ဘေးနားရှိလူတစ်ယောက်က နားစွန်နားဖျားကြားသွားပြီး အလန့်တကြား ထအော်တော့သည်။

"မြွေတွေရောက်နေတာလား...ဘယ်မှာလဲ...ဘယ်မှာလဲ"

"လက်နက်တွေအသင့်ပြင်ကြ"

ထိုလူ၏အော်သံကြောင့် အကုန်လုံး အလန့်တကြားဖြစ်ကုန်ကြပြီး မြေပြင်ပေါ်တွင် လှဲအိပ်နေသူများ၊ ရေသောက်နေကြသူများ၊ ကုန်ခြောက်ရိက္ခာ စားနေကြသူများ၊ ထိုင်ပြီးအနားယူနေကြသူများ အားလုံးအသင့်အနေအထားဖြင့် ချက်ချင်းရပ်လျက် ကိုယ်စီကိုယ်စီလက်နက်များကို ဆွဲထုတ်ကြတော့သည်။

"အားလုံးတိတ်ကြ...ဘာတွေဖြစ်နေကြတာလဲ"

အဖိုးပိုင်ကအော်လိုက်သည်။

လျှိုကျစ်ရှင်းက စုလောင်ကို လှမ်းကြည့်လိုက်ရာ စုလောင်က လေးတွဲ့စွာ ခေါင်းညိမ့်ပြလာသည်။ ထို့ကြောင့် လျှိုကျစ်ရှင်းလည်း အကြမ်းဖျင်းရှင်းပြလိုက်သည်။ 

"အခုလေးတင်...ရေသွားခပ်ဖို့ဆိုပြီးကျွန်တော်မြစ်ကမ်းဘက်ဆီသွားလိုက်တာပါ...အဲဒီမှာငွေရောင်မြွေတစ်ကောင်ကိုတွေ့လိုက်လို့ဒီကိုအမြန်ပြန်လာသတင်းပို့တာပါ"

"မြွေတစ်ကောင်ပဲတွေ့ခဲ့တာမလား"

"မြွေက ဘာတွေအဲ့လောက် ကြောက်စရာကောင်းနေလို့လဲ"

"ဟုတ်သားပဲ...ရေးကြီးခွင်ကျယ်တွေလုပ်နေတယ်...မြွေအုပ်လိုက်ကြီးဆိုရင်လည်းကိုင်ရတွယ်ရခက်လို့ထားလိုက်ပါတော့...အခုကမြွေလေးတစ်ကောင်တည်းနဲ့ဘယ်လိုတွေဖြစ်နေတာလဲ"

လူတိုင်းက လျှိုကျစ်ရှင်းတစ်ယောက် အပိုလုပ်သည်ဟု ထင်နေကြသည်။ မြွေလေးတစ်ကောင်များ... ဘာကြောက်စရာရှိလို့လဲ။

"ဒါပေမဲ့...တစ်ကောင်တွေ့တယ်ဆိုတော့...သေချာပေါက်အနီးပတ်ဝန်းကျင်မှာအအုပ်လိုက်ကြီးရှိနေမှာပဲလေ...ဒီကိုအရင်ဆုံးရောက်လာကြတဲ့လူတွေလိုမြွေအုပ်ကြီးနဲ့ကြုံခဲ့ကြရတာပဲ"

လျှိုကျစ်ရှင်းကထပ်ပြောသည်။

ထိုကိစ္စကို လူတိုင်းနီးပါး ခေါင်းခြောက်ခံပြီး တွေးနေမိကြသည်။ သူတို့လည်း မလိုအပ်ပဲ မြွေတွေနဲ့ မတိုက်ခိုက်ချင်ပေ။ ဒီကိုရောက်လာတာ သင်္ချိုင်းဂူဖောက်ထွင်းဖို့လေ... လူသားနဲ့မြွေကြား စစ်ပွဲစဖို့မှမဟုတ်ပဲ။

"အဲ့လိုဆိုမှတော့...ဒီတောင်ပေါ်ကနေထွက်သွားကြရအောင်"

အဖွဲ့သားတစ်ယောက် အော်ပြောလာသည်။ 

ထိုစဥ် အဖိုးပိုင်က ကြားဖြတ်ပြောလိုက်သည်။ 

"မဟုတ်ဘူး... ဒီတောင်ကနေ တစ်ဖဝါးမှမခွာဘဲ ပိုက်စိပ်တိုက်ရှာရမှာ.... အားလုံးပဲ စဥ်းစားကြည့်ကြလေ... ငါတို့တွေ တောင်တွေအားလုံးကို ရှာကြည့်ပြီးသွားပြီ... သင်္ချိုင်းဂူကို မတွေ့ရသလို မြွေတစ်ကောင်ကိုမှလည်း မတွေ့ခဲ့ရဘူးလေ... ဒီတောင်ပေါ်မှာမှ မြွေတွေကို တွေ့တာ... မြွေပွေးဆိုတာက သင်္ချိုင်းဂူကို စောင့်ရှောက်တဲ့အမျိုးလေ... ဆိုတော့က မြွေပွေးရှိတဲ့နေရာမှာ သင်္ချိုင်းရှိနေတယ်... ဒီတောင်ပေါ်မှာ သေချာပေါက်ရှိမှာပဲ"