အပိုင်း ၈၆
Viewers 12k

Chapter 86




အဆုံးမရှိသော အဖိုးတန်ကျောက်သံပတ္တမြားပေါင်း မြောက်မြားစွာနှင့် ရတနာများကို ခြေဖဝါးအောက်ရှိ မြေကြီးထဲတွင် မြှုပ်နှံထားသလို ကြီးမားလွန်းသည့် ဖြားယောင်းသွေးဆောင်မှုကြီးကို ကိုယ့်မျက်စိရှေ့တွင် ထားထားလျှင် ထာဝရအသက်ဟူသည့် အရာကြီးနှင့် သွေးဆောင်လျှင် မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။

ဤသို့သော သွေးဆောင်ဖြားယောင်းမှုမျိုးကို ငြင်းဆိုသည့်လူမျိုးက ဤကမ္ဘာပေါ်တွင် ရှိကောင်းရှိနိုင်ပါလိမ့်မည်။ သို့သော် အများစုကမူ မငြင်းဆန်နိုင်ကြပေ။ အထူးသဖြင့် မြေအောက်ထဲတွင် သက်စွန့်ဆန်ဖျားနှင့် အန္တရာယ်ကို ရင်ဆိုင်နေကြရသော သင်္ချိုင်းဂူဖောက်ထွင်းသူတို့အဖို့ ထိုသွေးဆောင်ဖြားယောင်းမှုကြီးကို လက်လွှတ်လိုက်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ချေ။ ထို့ကြောင့်ပဲ ဂူသင်္ချိုင်းဖောက်ထွင်းသူတစ်ယောက် ဖြစ်လာရခြင်းမဟုတ်လား။ ရင်ဆိုင်ရသည့် အန္တရာယ်က ကြီးလေလေ အကျိုးအမြတ်ကလည်း ကြီးလေလေဖြစ်သည်။

အဖိုးပိုင်၏စကားက တောင်ပေါ်မှ ထွက်သွားချင်နေသူတိုင်း၏စိတ်ကို ပြောင်းလဲသွားစေသည်။ အဖိုးကြီးက အန္တရာယ်ကို မမြင်ဘဲ ဂူသင်္ချိုင်းကြီးက တောင်‌ပေါ်တွင် ရှိနေနိုင်သည်ဟူသော အချက်ကိုသာ ခေါင်းထဲထည့်ထားသည်။ ထို့အပြင် လူတိုင်းကလည်း ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ပြီး ထာဝရအသက်ကို ရလိမ့်မည်ဟု သူတို့ကိုယ်သူတို့ တစ်ထစ်ချ ယုံကြည်ထားကြသည်။ အားလုံး၏ စိတ်ထဲတွင် တစ်ကိုယ်ကောင်းဆန်သည့် အတ္တတို့ ကိန်းဝပ်နေသည်။ နောက်ဆုံးတွင် တောင်ပေါ်မှထွက်သွားရန် တစ်ယောက်မှ စကားမဟကြတော့ပေ။

စုလောင်က ဇရာထောင်းသည့်အရွယ်သို့ ရောက်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဇရာကြောင့် အားနည်းချည်နဲ့လာသည့်အပြင် ဘိုးဘေးများ၏ ဂူသင်္ချိုင်းများကို ဖောက်ထွင်းခဲ့သောကြောင့် စိတ်ဝိညာဥ်ကလည်း ညစ်ညူးနေပြီဖြစ်သည်။ ဤနေရာသို့လာပြီး ထာဝရအသက်ကို အရယူမည်ဟု စုလောင်က သူသူငယ်ချင်းမိတ်ဆွေများကို ကတိပေးခဲ့သည်။ သူငယ်ချင်းမိတ်ဆွေများအကြား ရင်းနှီးမှုသံယောဇဥ်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း အကြောင်းရင်းအများစုကို လူတိုင်းက သေချာပေါက် နားလည်ကြသည်။

လျှိုကျစ်ရှင်းကမူ အမှန်တကယ် ထွက်သွားချင်နေပြီဖြစ်သည်။ ကျိုးဖုန်းကဲ့သို့ မသိစိတ်၏ လှုံ့ဆော်မှုက အားမကောင်းလှသော်လည်း ငွေရောင်မြွေတစ်ကောင်ကို လောလောလတ်လတ် သေနတ်နှင့် ပစ်ထားမိသောကြောင့် မျက်ခုံးလှုပ်နေမိသည်။ အချိန်ကြာလေလေ လိပ်ပြာမလုံလာလေလေ ဖြစ်သည်။ လျှိုကျစ်ရှင်းတစ်ယောက် အလွန်ကြောက်နေမိသည်။ ဆရာဖြစ်သူ စုလောင်ထံတွင် တပည့်ခံသည်မှာ မကြာသေးသောကြောင့် မြေအောက်သို့ နှစ်ခါမျှသာ လိုက်ဖူးသေးသည်။ ဤမြွေသင်္ချိုင်းက သူ၏သုံးကြိမ်မြောက် အတွေ့အကြုံဖြစ်သည်။ ဝါရင့်ဖောက်ထွင်းရေးသမားများကဲ့သို့ လျှိုကျစ်ရှင်းက ဇွဲမကြီးသလို သူတို့လောက်လည်း လောဘမကြီးပေ။ ယခုအခြေအနေတွင် သူဒီတောင်ပေါ်ကသာ ထွက်သွားလိုက်ချင်သည်။ သူက အခုမှ ငယ်ငယ်ရွယ်ရွယ်လေး ရှိသေးသည်။ ထို့အပြင် ထာဝရအသက်ရှင်စေနိုင်သော အရာမျိုးရှိသည်ဟူသော အချက်ကိုလည်း တစ်ထစ်ချမယုံကြည်ပေ။ ထိုအရာကြီးက သဘာဝတရားနှင့် ဆန့်ကျင်နေပြီး လောကကြီးတွင် ရှိမနေသင့်သော အရာဟု သူခံယူထားသည်။

သို့သော် စုလောင်ကတော့ လုံးဝထွက်သွားမည် မဟုတ်ချေ။ လူတစ်ယောက်ကို ထာဝရရှင်သန်စေနိုင်သည့် အရာအား အရယူရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် စုလောင်၏ လက်ထောက်ဖြစ်သော လျှိုကျစ်ရှင်းကလည်း သူ့ဆရာမထွက်သွားသရွေ့ ထွက်သွားနိုင်မည် မဟုတ်ပေ။ ထို့အပြင် အဖွဲ့သားနှစ်ဆယ့်သုံးယောက်ထဲမှ ထွက်သွားချင်သည့်သူကလည်း သိပ်ပြီးများများစားစားမရှိပေ။ သူတို့တကယ်ပဲ မြွေသင်္ချိုင်းထဲဝင်ဖို့ ဖြစ်နိုင်ရဲ့လား။ လျှိုကျစ်ရှင်းလည်း ရွေးချယ်စရာမရှိသောကြောင့် အံကိုတင်းတင်းကြိတ်ကာ လူအုပ်ကြီးနောက် ဆက်လိုက်သွားရတော့သည်။

ဂူသင်္ချိုင်းဟောင်းကြီးက ဤတောင်ပေါ်တွင် ရှိနေသည်ဟု လူတိင်းခံစားမိသောကြောင့် သိပ်ပြီးမလောကြတော့ပေ။ နေ့တိုင်းလိုလို ဒီအတိုင်းလမ်းလျှောက်နေတာထက် ဂူသင်္ချိုင်းဟောင်းနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေလာကြသည်။ သို့သော် လျှိုုကျစ်ရှင်းတို့အဖွဲ့ ဦးတည်ပြီးသွားနေသည့် နေရာက ယင်ရှောင်ရှောင်းတို့နေသည့်နေရာ ဖြစ်နေသည်။

မော့လောင်တ၏ အမိန့်ကို ရရှိပြီးနောက် မြွေပွေးတစ်ကောင်ပြီးတစ်ကောင် ယင်ရှောင်ရှောင်းအနားတွင် စုဝေးလာကြသည်။ မြွေပွေးများအားလုံး ရောက်လာသည့်အခါ မော့လောင်တက မှာစရာရှိသည်များကို မှာပြီးထွက်သွားတော့သည်။ မော့လောင်တ ထွက်သွားသည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။

ကံကောင်းသည်က မြွေပွေးများအတွက် ညအချိန်ဆိုသည်မှာ စိုးရိမ်ပူပန်စရာမရှိပေ။ မော့မြက်ကို လက်ဝယ်ပိုင်ဆိုင်ပြီးတည်းက မော့လောင်တက အမြန်ဆုံးဖြစ်သောကြောင့် ချောက်ကမ်းပါးရှိရာသို့ အမြန်ဆုံးနှုန်းနှင့် ထွက်ခွာသည်။ ကျားသစ်နက်တစ်ကောင်သူ့ သားကောင်ကို အမဲလိုက်နေတုန်း ဘေးမှ လေပွေနက်ကြီးက ရုတ်တရက်ဖြတ်တိုက်သွားသည်။ ထိုလေပွေနက်ထဲတွင် မျက်လုံးတောက်တောက်ကြီးကို တွေ့လိုက်ရသလို မြွေပွေးတစ်ကောင်၏ အနံ့ပြင်းပြင်းကိုလည်း ရရှိလိုက်သောကြောင့် ကျားသစ်နက်မှာ သားမွေးများထောင်သည်အထိ ကြက်သီးထသွားရသည်။ လခွမ်းပဲ… အင်အားကြီးတဲ့ မြွေပွေးတစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေရတာလဲ။

မော့လောင်တပြောခဲ့သလိုပင် သူ့အရှိန်နှင့်ဆိုလျှင် ချောက်ကမ်းပါးဆီသို့ရောက်ရန် နေ့တစ်ဝက်သာကြာသည်။ ကျစ်ရွှယ်မြက်ကို ယူသည့်လုပ်ငန်းစဥ်က ပို၍ရိုးရှင်းသေးသည်။ ထူးဆန်းသောမြွေကြီးများထံ အကူအညီ တောင်းလိုက်ရုံသာ။ ကျစ်ရွှယ်မြက်ကို ရပြီးသည်နှင့် မော့လောင်တ အိမ်ပြန်ခရီးကို မနားတမ်း နှင်တော့သည်။

ယင်ရှောင်ရှောင်း အလွန်ပျင်းနေမိသည်။ တကယ့်ကို ပျင်းစရာကောင်းလွန်းနေတာ…။

မော့တာမော့က ယင်ရှောင်ရှောင်းကို သဘောမကျသလို ယင်ရှောင်ရှောင်းကလည်း မော့တာမော့ကို သဘောမကျပေ။ ထို့ကြောင့် သူတို့နှစ်ကောင်တွင် ပြောစရာစကားမရှိသည်မှာ သာမာန်ပင်ဖြစ်သည်။ မြွေပွေးများကလည်း ယင်ရှောင်ရှောင်း၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဌာန် ဝန်းရံထားကြပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် ဤစကားတစ်ခွန်းကို စွဲစွဲမြဲမြဲ မှတ်ထားကြသည်။

“ငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ အနာဂတ်ခင်ပွန်းလောင်းကို ထိရဲထိကြည့်… မင်းတို့လူသားတစ်မျိုးနွယ်လုံး မျိုးပြုတ်သွားစေရမယ်”

အကျိုးရလဒ်အနေနှင့် ဘယ်မြွေပွေးတစ်ကောင်မှ ယင်ရှောင်ရှောင်းနှင့် စကားလာမပြောကြဘဲ သူတို့ကို တာဝန်ပေးထားသည့် အလုပ်အား ကျေပွန်အောင် ထမ်းဆောင်နေကြသည်။

ယင်ရှောင်ရှောင်းလည်း တစ်ခြားလုပ်စရာ ဘာမှမရှိသောကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းကာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိသည်။ မော့တာမော့က ဘာလို့ဒီနေရာမှာ ရှိနေရတာလဲ… သူ့အစား မော့တာယိဆိုရင်တောင် ပိုပြီးကောင်းဦးမယ်။ ယင်ရှောင်ရှောင်း စိတ်ထဲကြိတ်တွေးလိုက်မိသည်။ ထိုသို့ တောင်ကြည့်မြောက်ကြည့်နှင့် ဟိုတွေးဒီတွေး ညည်းညူနေရင်း ယင်ရှောင်ရှောင်း အိပ်ပျော်သွားတော့သည်။

ဒဏ်ရာက အနာမကျက်သေးသောကြောင့်လားမသိ သူအိပ်ပျောက်သွားသည်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင် ဖြစ်သည်။ သူနိုးလာချိန်တွင် နေ့တစ်ဝက်ကျိုးနေပြီဖြစ်ပြီး အရိပ်ရသည့် သစ်ပင်တစ်ပင်အောက်တွင် ရောက်နေသည်။ သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းတစ်ခုလုံးကလည်း အလွန်အေးမြလန်းဆန်းနေသည်။ မနေ့ညနေတည်းက အဆက်မပြတ် သွေးထွက်နေခဲ့သော ခန္ဓာကိုယ်ဘက်ဘက်ခြမ်းရှိ ဒဏ်ရာကို ယင်ရှောင်ရှောင်း တစ်ချက်ကြည့်လိုက်ချိန်တွင် ဆေးပင်အထပ်ထပ်ဖြင့် ပတ်စည်းထားသည်ကို တွေ့လိုက်ရသည်။

ယင်ရှောင်ရှောင်း ခဏတစ်ဖြုတ် ကြောင်သွားပြီးမှ အသိပြန်ဝင်လာသည်။ ဒါဆိုရင် မော့လောင်တ ပြန်ရောက်နေပြီပေါ့။

“ရှောင်ရှောင်း…အခုရောဘယ်လိုနေသေးလဲ…နည်းနည်းလေးပိုနေလို့ကောင်းသွားပြီလား”

ယင်ရှောင်ရှောင်းဘေးတွင် လဲလျောင်းနေသည့် မော့လောင်တက သူနိုးလာသည်ကို မြင်သောအခါ မျက်ခွံလေးများကို အနမ်းပေးပြီးမေးလာသည်။ ယင်ရှောင်ရှောင်းကလည်း မော့လောင်တ၏ နှုတ်ခမ်းအစွန်းကို လှမ်းနမ်းလိုက်သည်။

“တဟေးတန်ဆေးထည့်ပေးထားတော့…အခုပိုနေလို့ကောင်းသွားပြီ…ကျွန်တော်ခင်ဗျားကိုအရမ်းလွမ်းတာပဲသိလား တဟေးတန်”

ယင်ရှောင်ရှောင်း၏လေသံကတိုးလျညှိုးငယ်နေသည်။

မော့လောင်တလည်း အနည်းငယ် အံ့အားသင့်သွားသည်။

“ဘာဖြစ်လို့လဲ…ရှောင်ရှောင်းရဲ့”

ယင်ရှောင်ရှောင်းက ခေါင်းကို တစ်သွင်သွင်ခါယမ်းကာ မော့လောင်တ၏ ခန္ဓာကိုယ်အား သူ့အမြီးဖြင့် ပွတ်သပ်နေသည်။

ရှောင်ရှောင်းလည်း အန္တရာယ်ကင်းနေပြီ ဖြစ်သောကြောင့် အခြားကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် မော့လောင်တ တွေးလိုက်မိသည်။

“ရှောင်ရှောင်း…ကိုယ့်ကိုပြောပါဦး…ဘာတွေဖြစ်ခဲ့တာလဲ”

ယင်ရှောင်ရှောင်းက သူ့အမြီးကို သတိလက်လွတ် ဝှေ့ယမ်းရင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။

“အဲဒီနေ့တုန်းက…မြစ်ကမ်းဆီသွားတော့ ရေဆန်အတိုင်း တက်သွားခဲ့တာ… မြစ်ထဲမှာ ရေစိမ်နေမိတာ ဘယ်လောက်ကြာသွားမှန်း မသိဘူး… အသံတစ်သံကြားလိုက်လို့ ကုန်းပေါ်တက်ပြီး သွားကြည့်လိုက်တော့ ကျွန်တော့်ကို သေနတ်နဲ့ချိန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်… သူပစ်လိုက်တဲ့အချိန်မှာ ရှောင်ချိန်မရလိုက်ဘဲ မြစ်ထဲပြုတ်ကျသွားခဲ့တာ”

“အဲဒီလိုလား..”

မော့လောင်တ သူ့ဘာသာသူ ရေရွတ်လိုက်သည်။ 

“ကိုယ်စိုးရိမ်မိတာတစ်ခုက…အဲဒီလူတွေဒီတောင်ပေါ်ကနေထွက်သွားနှင့်ပြီလားဆိုတာကိုပဲ…ဒါပေမဲ့သူတို့ဘယ်နေရာပဲရောက်ရောက်ရအောင်ကိုလိုက်မှာ…တစ်ယောက်မှမလွှတ်စေရဘူး”

မော့လောင်တ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ရှောင်ရှောင်းကို ထိပါးတိုက်ခိုက်လာသည့်သူက လူသားဖြစ်ဖြစ် မြွေဖြစ်ဖြစ် သူအသက်ချမ်းသာခွင့် မပေးနိုင်ပေ။

ယင်ရှောင်ရှောင်း တစ်ခုခုပြောရန် ကြံရွယ်လိုက်ချိန်တွင် မော့လောင်တက တစ်‌နေရာသို့လှမ်းကြည့်ပြီး နှုတ်ခမ်းစွန်းများ ကော့တက်သွားသည်။ 

“သူတို့ဘယ်မှာရှိနေလဲဆိုတာ…ကိုယ်သိသွားပြီနဲ့တူတယ်”

ယင်ရှောင်ရှောင်း : “…….”

မော့လောင်တ၏အသံက အေးစက်နေသည်။ 

“မြွေပွေးအားလုံး…ပုန်းနေကြ…လူသားတွေဒီကိုရောက်လာတဲ့အထိစောင့်ကြရအောင်…ပြီးရင်ငါ့အမိန့်ကိုနားထောင်ပြီးလူသားတွေကိုတိုက်ခိုက်ကြ”

မြွေပွေးများအားလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။ 

“သိပါပြီ ခေါင်းဆောင်”

ထို့နောက် မော့လောင်တက ယင်ရှောင်းရှောင်းအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“ရှောင်ရှောင်း…ကိုယ့်ပေါ်တက်”

ယင်ရှောင်ရှောင်းကလည်း ရိုကျိုးနာခံစွာဖြင့် မော့လောင်တကိုယ်ပေါ်သို့ တက်လိုက်သည်။ အနီးအနားရှိ ချုံပုတ်အနားသို့ ရောက်သောအခါ မော့လောင်တက ရှောင်ရှောင်းကို မြေပြင်ပေါ်သို့ ချပေးကာ ပြောလာသည်။

“ရှောင်ရှောင်း…လူတွေဒီဘက်ကိုလာနေတာကိုကိုယ်အနံ့ခံမိတယ်…အဲဒီလူတွေထဲမှာရှောင်ရှောင်းကိုအနာတရဖြစ်အောင်လုပ်တဲ့လူလည်းပါမှာပဲ…ဒီမှာပဲပုန်းနေ..လုံးဝထွက်မလာနဲ့နော်…နားလည်လား”

လူသားများက ဓာတုပစ္စည်းများနှင့် ပြုလုပ်ထားသည့် ကိုယ်နံ့ကာကွယ်သော ဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း မော့လောင်တနှင့် အလွန်နီးကပ်နေပြီး မော့လောင်တ၏ အနံ့ခံအာရုံကလည်း အခြားမြွေပွေးများထက် ထူးကဲသာလွန်သောကြောင့် လူသားများက သူတို့အနားသို့ တဖြေးဖြေး ချဥ်းကပ်လာသည်ကို ရိပ်မိသွားသည်။

လျှိုကျစ်ရှင်းက လူအုပ်နောက်မှ လျှောက်နေခြင်းဖြစ်သည်။ လမ်းသွားနေရင်း ရုတ်တရက် အတော်လေး စိတ်ထင့်လာ‌သောကြောင့် သူ့ရှေ့တွင်လျှောက်နေသော ဆရာစုလောင်ကို လှမ်းခေါ်လိုက်သည်။

“ဆရာ…”

”ဘာလဲ…”

စုလောင်က အရှေ့သို့ဆက်သွားနေရင်း တစ်ချက်မှ လှည့်ကြည့်လာပေ။ လျှိုကျစ်ရှင်းလည်း ရှေ့သို့နှစ်လှမ်းတက်သွားပြီး စုလောင်နှင့် ဘေးချင်းယှဥ်ရပ်လိုက်သည်။ 

“ဆရာ…ကျွန်တော်တို့တွေဂူသင်္ချိုင်းမဖောက်တော့ပဲဒီအတိုင်းပြန်ကြရအောင်…ကျွန်တော့်စိတ်ထဲမကောင်းတာတစ်ခုခုဖြစ်တော့မလိုခံစားနေရတယ်”

သူ့စကားကြောင့် စုလောင်တစ်ယောက် မကျေမနပ် ဖြစ်သွားသည်။

“ကျစ်ရှင်းမင်းကမကောင်းတဲ့ခံစားချက်တွေရပြီးစိတ်ထင့်နေတယ်…ဒါပေမဲ့ငါ့ရဲ့ပင်ကိုယ်မသိစိတ်ထဲမှာတော့ဂူသင်္ချိုင်းဟောင်းကိုမကြာခင်မှာရှာတွေ့တော့မလိုခံစားနေရတယ်…မင်းကဆရာလားငါကဆရာလား”

လျှိုကျစ်ရှင်းလည်း သက်ပြင်းခပ်ဖွဖွချရင်း ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ဆရာက တကယ့်ကို ခေါင်းမာပါသည်။ ပြောလို့မရတော့မဲ့ အတူတူ မပြောတော့ဘူးပေါ့။

အဖိုးကြီးပိုင်က လူအုပ်ကြီးကို ဦး‌ဆောင်နေပြီး မြွေများဝိုင်းရံထားသည့် အဝန်းအဝိုက်ထဲသို့ ရောက်နေပြီဖြစ်သည်။ ပုန်းခိုနေသော မြွေများက အသက်ကို ဖြေးဖြေးချင်းသာရှူပြီး လူများမရိပ်မိအောင် အတတ်နိုင်ဆုံး အသံတစ်သံမှ မထွက်ဘဲနေကြသည်။ လူအုပ်တစ်အုပ်လုံး တဖြေးဖြေးချင်း မြွေထောင်ချောက်ထဲသို့ ဝင်လာသည်။

အရှေ့မှဦးဆောင်လျှောက်သွားသော အဖိုးကြီးပိုင်ကာ ပတ်ပတ်လည်ကို ကြည့်ရင်းပြောလာသည်။ 

“ဒီနေရာက အတော်ကျယ်သားပဲ… နေ့ခင်းဘက် ဒီမှာနားကြရအောင်”

သူတို့အားလုံးလည်း ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းပြီး ကိုယ်စီကိုယ်စီ ထိုင်စရာနေရာများကို လိုက်ရှာကြသည်။ မြွေပွေးများအားလုံးကလည်း တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

မော့လောင်တက ယင်ရှောင်ရှောင်း၏ နားနားကပ်ပြီး မေးလိုက်သည်။

“မင်းကိုထိခိုက်အောင်လုပ်ခဲ့တဲ့လူသားက…ဘယ်တစ်ယောက်လဲ”

ယင်ရှောင်ရှောင်းလည်း ခေါင်းပြူထွက်ပြီး ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်းတွင် ထိုင်နေသည့် သူ့အားထိခိုက်အောင် လုပ်ခဲ့တဲ့သည့်သူကို တွေ့လိုက်ရသည်။ ထို့ကြောင့် မော့လောင်တအား နှုတ်ခမ်းဖြင့်ညွှန်ပြပြီး ပြောလိုက်သည်။

“အဲဒီ အသက်ငယ်ငယ်နဲ့ တစ်ယောက်ပဲ…”

မော့လောင်တကလည်း နားလည်သည့်ဟန်ဖြင့် ခေါင်းညိမ့်ပြလာသည်။ ထို့နောက် ယင်ရှောင်ရှောင်းက တစ်စုံတစ်ခုကို စဥ်းစားရင်း တဟေးတန်အား တိတ်တဆိတ်ပြောလိုက်သည်။ 

“တဟေးတန်…ဒီစကားကိုကြားဖူးလား…တစ်ခါတစ်လေကျရင် အသက်ရှင်ကျန်ခဲ့တာက သေသွားတာထက် ပိုပြီးဆိုးဝါးတယ်တဲ့… အဲ့တစ်ယောက်ကို ကျွန်တော့်လက်ထဲ အပ်ထားလိုက်”

မော့လောင်တက ခေါင်းညိမ့်ကာ သူနားလည်ကြောင်း အမူအရာပြသည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တလည်း ချုံပုတ်ထဲတွင် ပုန်းခိုရင်း ရှောင်ရှောင်းအား ဒဏ်ရာရအောင် လုပ်ခဲ့သည့်လူငယ်နှင့် အခြားလူကြီးတစ်ယောက် စကားပြောနေသည်ကို နားထောင်နေမိသည်။

“ဆရာ…ကျွန်တော်ထွက်သွားတာကောင်းမယ်နဲ့တူတယ်နော်…ဂူသင်္ချိုင်းနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်ကမမှန်နိုင်သလိုထာဝရအသက်ရှင်စေနိုင်တဲ့ပစ္စည်းဆိုတာကလည်းလွယ်လွယ်လေးရနိုင်မှာမဟုတ်လောက်ဘူး”

လျှိုကျစ်ရှင်းက ယခုအချိန်အထိ ဇွဲမလျှော့သေးဘဲ စုလောင်အား ဖျောင်းဖျဖို့ ကြိုးစားနေသည်။

ထိုအခါ စုလောင်က ပြန်ပြောလာသည်။ 

“ကျစ်ရှင်း…ဘာပဲဖြစ်ဖြစ်ငါအဲဒီဂူသင်္ချိုင်းကိုစူးစမ်းလေ့လာချင်လို့ရောက်လာတာ...အထဲကိုတစ်ချက်လောက်တောင်ဝင်မကြည့်ခဲ့ရပဲနဲ့တော့ငါနောက်ပြန်မလှည့်နိုင်ဘူး”

“ဒါပေမဲ့…ဆရာ”

“ကဲ…ငါတို့လည်းဒီအထိတောင်ရောက်လာကြပြီးပြီပဲ…တစ်ခြားအကြောင်းပြောင်းပြောဖို့ဆိုတာအရမ်းနောက်ကျသွားပြီ…ငါ့တစ်ယောက်တည်းမဟုတ်ဘူး…တစ်ဖွဲ့လုံးပဲ…လက်လျှော့ပြီးထွက်သွားဖို့ဆိုတာမဖြစ်နိုင်တော့ဘူး”

ယင်ရှောင်ရှောင်း မျက်စောင်းလှိမ့်ထိုးလိုက်မိသည်။ သူ့ကိုထိခိုက်နာကျင်အောင် လုပ်ခဲ့သူ၏ ဆရာဖြစ်သည့် ဘိုးတော်ကြီးက ထာဝရရှင်သန်ချင်တယ်တဲ့လား။ ဒီလိုဆိုရင်….။ ယင်ရှောင်ရှောင်းက မော့လောင်တအနားကပ်၍ တီးတိုးပြောဆိုလိုက်သည်။

“တဟေးတန်… ဟိုလူကြီးကိုလည်း ကျွန်တော့်တာဝန်ထားလိုက်… ကျွန်တော်ကိုယ်တိုင် သူတို့ကို ကိုင်တွယ်မယ်… စတိုက်ပြီ ဆိုတာနဲ့ အဲဒီဆရာတပည့်နှစ်ယောက်ကို ပြေးခိုင်းလိုက်… သူတို့နောက်ကို လုံးဝမလိုက်နဲ့”

မော့လောင်တ ရှောင်ရှောင်းကို သိပ်မယုံချင်သော်လည်း ဒီအချိန်က မေးခွန်းမေးလို့ကောင်းသည့်အချိန် မဟုတ်သောကြောင့် ဘာပြောပြော သဘောတူပေးလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အနားယူနေကြသော လူများက စတင်စားသောက်နေကြသည်။ စားသောက်ပြီးသွားသောအခါ အချို့လူများက တစ်ရေးတစ်မောအိပ်ရန် ပြင်နေကြသည်။

ထိုလူသားများ သတိလက်လွတ်ဖြစ်‌နေချိန်တွင် မော့လောင်တက အော်ပြောလိုက်သည်။

“အခုပဲ…စတိုက်တော့”