အပိုင်း ၈၇
Viewers 12k

🐍Chapter 87



မော့လောင်တ၏အမိန့်ကို ကြားသည်နှင့် မြွေပွေးအုပ်ကြီးက အမြန်ဆုံးအရှိန်ဖြင့် လူအုပ်ကြီးထဲသို့ ဖောက်ဝင်သွားသည်။

အစပိုင်းတွင် အားလုံးနီးပါးက သတိမထားမိကြသော်လည်း မြွေပွေးများရစ်ပတ်ခံထားရသော လူတစ်ချို့၏ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသောအခါမှ လက်နက်များထုတ်ယူကာ အသင့်အနေအထားဖြင့် သတိမူကုန်ကြတော့သည်။ 

"စုကြ...အားလုံးမြန်မြန်စုကြ"

အတွေ့အကြုံရှိသည့် သက်တမ်းရင့် သင်္ချိုင်းဂူဖောက်ထွင်းရေးသမားဖြစ်သော အဖိုးကြီးပိုင်က သတိတကြီးနှင့် သူတို့အားလုံးကို ဆော်သြသည်။ မြွေများ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှလွဲ၍ ကျန်ရှိနေသည့်လူများကမူ အမြန်ဆုံး စုဝေးကြသည်။ ထိုအထဲတွင် လျှိုကျစ်ရှင်းနှင့် စုလောင်တို့လည်း ပါဝင်သည်။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းက ခါတိုင်းကဲ့သို့ပင် ချုံပုတ်ထဲတွင် ပုန်းနေသည်။ တိုက်ပွဲအခြေအနေကို သိရအောင် မော့လောင်တ မကြာခဏ ခေါင်းထောင်ကြည့်တတ်သည်။ ယင်ရှောင်ရှောင်းကလည်း မျက်လုံးလေးဖော်ကာ ချုံပုတ်ထဲမှတစ်ဆင့် ချောင်းကြည့်နေသည်။ ယင်ရှောင်ရှောင်းဝိညာဥ်က လူဝိညာဥ်ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ မြွေပွေးတစ်ကောင်၏ခန္ဓာကိုယ် ဖြစ်နေဆဲပင်။ သွေးသံရဲရဲမြင်ကွင်းကို ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ လူသားများကို မြင်တွေ့ရချိန်တွင် သူ့အသွေးအသားတစ်ခုလုံး ဒေါသများဖြင့် ဆူပွက်လာသည်။

မော့လောင်တ ယင်ရှောင်ရှောင်းကို သူ့အမြီးဖြင့် ညင်သာစွာ နောက်ပြန်ဆွဲလိုက်သည်။ ယင်ရှောင်ရှောင်းက သူ့အားအပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် ပြန်ကြည့်လာသည်။ 

"အရူးပေါက်လေး...ဒီချုံပုတ်အပြင်ကို ထွက်သွားလို့ မဖြစ်ဘူးနော်... ဟုတ်ပြီလား"

"ကျွန်တော်ကြည့်ရုံပဲကြည့်တာပါ...ဒီနေရာကနေ တစ်ဖဝါးမှ မခွာဘူးလို့ ကျိန်ပြောရဲပါတယ်"

ယင်ရှောင်ရှောင်းက သူ့အမြီးကို ရင်ဘတ်နေရာတွင်တင်ကာ ပုတ်ပြရင်း သူအမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း အမူအရာဖြင့်ပြသည်။

အပြင်ဘက်မှ ပြင်းထန်နေသော အခြေအနေများကို မော့လောင်တ တောက်လျှောက်ကြည့်နေသည့်တိုင် သူ့အမြီးကလည်း ယင်ရှောင်ရှောင်းကို ခိုင်မြဲစွာရစ်တွယ်ထားသည်။ ယင်ရှောင်ရှောင်းက မကျေမနပ်နှင့် အမြီးကို တရမ်းရမ်းလုပ်နေသည်။ သူတကယ်အခြေအနေသိချင်လို့ ကြည့်ရုံပဲကြည့်မိတာပါ။ တိုက်ပွဲကွင်းပြင်ကို ပြေးထွက်သွားရအောင် သူက ငတုံးတစ်ကောင် မဟုတ်ပေ။

မျိုးနွယ်စုခေါင်းဆောက်ဖြစ်သည့် မော့လောင်တက လျှိုကျစ်ရှင်းနှင့် စုလောင်တို့နှစ်ယောက်ကို လွှတ်ပေးရန် မြွေပွေးအားလုံးကို မှာထားသည်။ မြွေပွေးများကလည်း ခေါင်းဆောင်၏ အမိန့်ဖြစ်နေသောကြောင့် ပြန်အတွန့်မတက်ရဲဘဲ တစ်သွေမတိမ်း လိုက်နာကြရသည်။

မြွေမျိုးနွယ်စုနှင့် လူသားအကြားတိုက်ပွဲက တရားဝင်စတင်နေပြီ ဖြစ်သည်။ မြွေပေါင်းရာနှင့်ချီက တစ်ပြိုင်တည်း တိုက်ခိုက်ကြရာ လူဘယ်နှစ်ယောက်ကများ အသက်ရှင်လွတ်မြောက်နိုင်မည်နည်း။ မျက်စိတစ်မှိတ်အတွင်း လူငါးယောက်ခြောက်ယောက်လောက် ဇီဝိန်အခြွေခံလိုက်ရပြန်သည်။

သို့သော် စုလောင်နှင့်လျှိုကျစ်ရှင်းက ဖိအားများများစားစားမရှိပေ။ မြွေပွေးများက သိသိသာသာတစ်လှည့် မသိမသာတစ်လှည့်ဖြင့် စုလောင်နှင့်လျှိုကျစ်ရှင်းတို့ကို ရှောင်သွားကြသည်။ ရံဖန်ရံခါတွင် အချို့မြွေများက သူတို့နှစ်ယောက်ကို သွားတိုက်ခိုက်ပြီး ရှုံးနိမ့်ချင်ယောင်ဆောင်ကာ အခြားသူများထံ လစ်ထွက်သွားလိုက်သည်။

တစ်ဖက်တွင်လည်း အဖိုးကြီးပိုင်တစ်ယောက် ထိတ်လန့်နေမိသည်။ ဂူသင်္ချိုင်းဟောင်းကို ရှာမတွေ့သေးခင် သူ့လူများစွာကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ဂူသင်္ချိုင်းဟောင်းသို့ သွားရာလမ်းတွင် ထောက်ချောက်များ အခက်အခဲအတားအဆီများ ရှိမည်မှန်း သူခန့်မှန်းထားပြီးသား ဖြစ်သည်။ ဤနေရာသို့ ရောက်လာမှတော့ သေချာပေါက် အသက်စတေးဖို့ ရည်ရွယ်ပြီး ရောက်လာခြင်း ဖြစ်ကြသည်။ သို့သော် ဤမျှလောက် မြန်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဖိုးကြီးပိုင်က အံကိုတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။ 

"နောက်ဆုံးတော့...ဒီလိုဖြစ်လာခဲ့ပြီပဲ...အားလုံးပဲမတွန့်ဆုတ်ကြနဲ့...ရှိသမျှလက်နက်အကုန်ထုတ်ပြီးအားကုန်တိုက်ကြ"

ထိုသို့ပြောပြီးနောက် နမူနာပြသည့်အနေဖြင့် သူ့အိတ်ထောင်ထဲမှ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

အဖိုးကြီးပိုင်လက်ထဲရှိ ပစ္စည်းကို မြင်လိုက်ရချိန်တွင် ယင်ရှောင်ရှောင်း အလောတကြီး အော်ပြောလိုက်မိသလား တီးတိုးပြောလိုက်မိသလား မသိပေ။ 

"တဟေးတန်...အကုန်လုံးကိုတပ်ဆုတ်ခိုင်းလိုက်...ဟိုလူကြီးလက်ထဲမှာကိုင်ထားတဲ့ဟာကကျည်ဆန်တစ်ထောင့်ထက်အဆပေါင်းအများကြီးအားပြင်းတယ်"

မော့လောင်တကလည်း မေးခွန်းပြန်မထုတ်ဘဲ မြွေပွေးများအားလုံးကို ချက်ချင်းအမိန့်ပေးလိုက်သည်။

"မြွေပွေးတွေအားလုံးတပ်ပြန်ဆုတ်ပြီး...လန်မြွေတွေနေရစ်ခဲ့ကြ"

မော့မြွေနှင့် ဟေးမြွေပြီးလျှင် လန်မြွေများက အင်အားအကြီးဆုံးဖြစ်သည်။ မော့လောင်တ၏ အတွေးတွင် အဖိုးကြီးလက်ထဲရှိအရာ ကကျည်ဆန်တစ်တောင့်ထက် ပိုပြီးအားပြင်းလျှင် ထိုအရာကို လန်မြွေများသာ တောင့်ခံနိုင်မည်ဖြစ်သည်။

ချက်ချင်းဆိုသလို လန်မြွေသုံးလေးကောင်မှလွဲ၍ အခြားမြွေပွေးများအားလုံး တပ်ပြန်ဆုတ်သွားကြသည်။

အသက်ရှင်နေသေးသည့် လူသားများမှာ ယင်ရှောင်ရှောင်း၏ စကားသံကို မကြားလိုက်သော်လည်း မော့လောင်တ၏ အမိန့်ပေးစကားသံကိုမူ သေချာပေါက် ကြားလိုက်ရသည်။ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူဖျော့ကုန်ကြသည်။ အဖိုးကြီးပိုင်၏ လှုပ်ရှားမှုတို့ကလည်း တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။

မော့လောင်တက ပင်ခြေပိတ်ပေါင်းများထဲမှ အေးဆေးတည်ငြိမ်စွာဖြင့် ထွက်လာသည်။ ထိုနေရာတွင် ရှိနေကြသည့် မြွေပွေးများနှင့် လူသားအာလုံး၏ အကြည့်နှင့်စိတ်အာရုံက မော့လောင်တထံတွင်သာ ရှိနေသည်။ အုပ်ချုပ်သူတစ်ဦး၏ အရှိန်အဝါနှင့် မွေးဖွားလာသည့် မော့လောင်တက သူ့ရှေ့ရှိလူသားများကို နည်းနည်းမှမကြောက်ပေ။ စူးစိုက်ကြည့်ရင်း အေးစက်စွာဖြင့် ပြောလိုက်သည်။ 

"လူသားတွေ... မင်းတို့ အကာအရံစည်းထဲကို ကျူးကျော်ဝင်လာတာ... ဒီနေရာကနေ... ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်နေကြတာလား"

ဘာပြောရမှန်း မသိတာထက် သေလောက်အောင် ကြောက်ဒူးတုန်နေကြသောကြောင့် လူသားတစ်ယောက်မှ စကားသံမထွက်လာကြပေ။ မြွေကြီးက လူစကားပြောနေတယ်ဟ... သောက်ကျိုးနဲ။ ရိုးရိုးမြွေပွေးအုပ်နှင့် ရင်ဆိုင်နေရသည်ဟု ထင်မိသော်လည်း တကယ်တမ်းတွင် သတ္တဝါဆန်းများနှင့် ရင်ဆိုင်နေရခြင်းသာဖြစ်သည်။ မြွေပွေးတို့၏ အမြင်တွင် လူသားများက ကျူးကျော်သူများသာ ဖြစ်ကြသည်။ မိမိကိုယ်ပိုင်နယ်မြေကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာသော သတ္တဝါတစ်ကောင်ကို ဘယ်သတ္တဝါကမှ အသက်ချမ်းသာခွင့် ပေးရိုးထုံးစံမရှိပေ။

အဖိုးကြီးပိုင်တစ်ယောက် ဘေးကျပ်နံကျပ် အခြေအနေတွင် ပြာယာခတ်နေသည်။ ထာဝရအသက်ရှင်စေနိုင်သည့် ပစ္စည်းကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် ဤနေရာမှ အမြန်ပြေးထွက်သွားချင်နေပြီ ဖြစ်သည်။

သူ့မေးခွန်းကို လူသားများအဖြေပြန်ပေးဖို့ မော့လောင်တလည်း သိပ်မမျှော်လင့်ပေ။ မှတ်ဉာဏ်အမွေထဲမှ လူသားများနှင့် နှိုင်းစာလျှင် ဤလူသားများက ဘာကြောင့် အရမ်းအားနည်းပျော့ညံ့နေရတာပါလိမ့်။ မြွေကိုက်မခံရအောင် ကာကွယ်ပေးထားသည့် ဝတ်စုံများနှင့် သေနတ်ဟုခေါ်သည့် လက်နက်များသာ မရှိလျှင် ထိုလူသားများနှင့် ပုရွက်ဆိတ်အကြား ကွာခြားချက်တောင် ရှိနိုင်ပါ့ဦးမလား။

မော့လောင်တ၏ မျက်ဝန်းတို့ ကျဥ်းမြောင်းသွားသည်။ အရူးပေါက်လေးပြောသလို အဖိုးကြီးလက်ထဲတွင် ကိုင်ထားသည့်ပစ္စည်းက သူတို့မြွေပွေးများအပေါ် အကျိုးသက်ရောက်မှု ကြီးမားသည့်ပစ္စည်းဆိုလျှင် ထိုပစ္စည်းကို သူယူလိုက်ရင်ရော မကောင်းပေဘူးလား။ ထိုသို့စဥ်းစားနေရင်း မော့လောင်တက သူ့အတွေးကို ချက်ချင်းအကောင်အထည်ဖော်သည်။

တိုက်ပွဲကွင်းပြင်ထဲတွင် လန်မြွေသုံးလေးကောင်ခန့် အတူရှိနေသော်လည်း အများစုက မော့လောင်တဆီတွင်သာ အာရုံရှိနေသည်။ မော့လောင်တကသာ မြွေအားလုံးကို အမိန့်ပေးနိုင်သူဖြစ်သည်။ ကိုယ်ထည်တစ်ခုလုံး မည်းနက်နေသည့် ထိုမြွေက ခေါင်းဆောင်ဖြစ်ကြောင်းကို လူတိုင်းရိပ်မိကြသည်။ သူတို့အားလုံး၏အကြည့်က မော့လောင်တထံတွင် မမှိတ်မသုန်ရှိနေပြီး သူတို့အား ရုတ်တရက်တိုက်ခိုက်လာမည်ကို ကြောက်ရွံ့နေကြပုံ ပေါ်သည်။

သို့သော် ထိုသို့စောင့်ကြည့်နေခြင်းက အချည်းနှီးသာဖြစ်သည်။ ဤနေရာတွင် ရှိနေသူအားလုံးနှင့်ယှဥ်လျှင် မော့လောင်တ၏အရှိန်က မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း မော့လောင်တ၏ပုံရိပ်က ဝေဝါးသွားပြီးနောက် စက္ကန့်ပိုင်းအတွင်း သူတို့မျက်စိရှေ့တွင် မရှိတော့ပေ။ လူတိုင်းက သူတို့လက်နက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသော်လည်း နောက်ကျသွားပြီဖြစ်သည်။ မော့လောင်တ ပြန်ပေါ်လာချိန်တွင် လူအုပ်ကြားထဲမှ အော်သံနက်ကြီးကို ကြားလိုက်ရသည်။

သူတို့အားလုံး ကြောက်လန့်တကြား ထခုန်မိလိုက်ကြပြီး အသံလာရာကို ကြည့်လိုက်ရာ မြေပြင်ပေါ်သို့ အတုန်းအရုန်းလဲကျသွားသော အဖိုးကြီးပိုင်ကို တွေ့လိုက်ရသည်။ ငါးစက္ကန့်အတွင်း မော့လောင်တက အဖိုးကြီးပိုင်ကို ဇီဝိန်ခြွေလိုက်ပြီး လက်ပစ်ဗုံးကိုလည်း လက်လွှဲယူလိုက်သည်။

မော့လောင်တက လက်ပစ်ဗုံးကို မလှမ်းမကမ်းသို့ပစ်လိုက်ပြီး လှောင်ပြောင်သရော်သည့်လေသံဖြင့် ပြောလိုက်သည်။

"နောက်ထပ်တစ်ယောက်ယောက်ကများ...ဒီလိုဟာမျိုးကိုထပ်ထုတ်လာရင်...ရိုင်းရိုင်းပဲပြုမူမဲ့ကျုပ်ကိုအပြစ်မတင်နဲ့နော်"

တစ်ခဏမျှ ရပ်သွားပြီးနောက် မော့လောင်တ ဆက်ပြောသည်။

"ခင်ဗျားတို့လူတွေ ဒီကိုရောက်လာကြတာ... သင်္ချိုင်းဟောင်းကို တွေ့ချင်လို့မလား... ကျုပ်အခွင့်အရေးတစ်ခုပေးမယ်... ခင်ဗျားတို့ထဲက နှစ်ယောက်ကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်... ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲ ကြည့်ကြရအောင်... မြွေပွေးတွေအားလုံး ငါ့အမိန့်ကို နာခံပြီး သူတို့ထဲက နှစ်ယောက်ပဲကျန်တဲ့အထိ တိုက်ကြ"

ထိုအခါ ပုန်းခိုနေကြသော မြွေပွေးများက တိုက်ပွဲကွင်းပြင်သို့ တစ်ဖန်ပြန်ဝင်လာကြသည်။ မော့လောင်တက ယင်ရှောင်ရှောင်းဘေးသို့ ပြန်မသွားသေးပေ။ နဂိုနေရာတွင်သာ ရပ်နေပြီး လူသားများ၏ ပြုမူလှုပ်ရှားမှုများကို သေချာအာရုံစိုက်နေသည်။ မြွေပွေးများ၏ အသက်ကို ခြိမ်းခြောက်လာနိုင်သည့် ပစ္စည်းမျိုးကို နောက်ထပ် ထပ်ထုတ်လာလျှင် သူလည်းညှာတာတော့မည် မဟုတ်ပေ။

တစ်ကယ်တမ်းတွင် လွှတ်ပေးလိုက်မည့် လူနှစ်ယောက်ကို မော့လောင်တ ကြိုတင်ဆုံးဖြတ်ထားပြီးသား ဖြစ်မှန်းမည်သူမှ မသိကြပေ။ မြွေပွေးများက စုလောင်နှင့်လျှိုကျစ်ရှင်းကိုသာ အသက်ချမ်းသာပေးမည် ဖြစ်သည်။ ကျန်သောသူများမှာ တစ်ယောက်မှ အသက်ရှင်နိုင်မည် မဟုတ်ပေ။ လူတိုင်းက အကောင်းဆုံးကြိုးစား တိုက်ခိုက်ကြပြီး သူတို့ကိုယ်သူတို့ အစွမ်းကုန် ခုခံကာကွယ်ကြသည်။

လူသားများဝတ်ဆင်ထားသည့် အထူးဝတ်စုံများက လုမြွေနှင့်ဟွမ်မြွေများပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိခြင်း ဖြစ်ကြသည်။ သို့သော် ဤနေရာတွင် လုမြွေနှင့် ဟွမ်မြွေသာမကဘဲ ဟွားမြွေ၊ ပိုင်မြွေနှင့် အခြားမြွေမျိုးနွယ်စုများလည်း ရှိနေသည်။ လူသားများ၏ ရှုံးနိမ့်မှုကို ကောင်းကင်က ကြိုတင်စီရင်ထားပြီးသား ဖြစ်သည်။ လူသားများဘက်မှ အမြဲတမ်းလိုလို ကာပြောပေးတတ်သော ကျိခန်းပင်လျှင် အားပျော့သော တိုက်ခိုက်မှုကိုတောင် မခံနိုင်သည့် လူသားများကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားမည် မဟုတ်ချေ။

စုလောင်နှင့် လျှိုကျစ်ရှင်းတို့က မြွေပွေးများ၏ တိုက်ခိုက်မှုကို အများနည်းတူ ခံရသော်လည်း အမြီးဖြင့်ရိုက်ခြင်း လုမြွေနှင့်ဟွမ်မြွေတို့က ဝတ်စုံများကို ကိုက်ဖြဲခြင်းနှင့် အစွယ်အရာများ ချန်ထားခဲ့ခြင်းမှလွဲ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမျိုး မရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိပေ။ အစောပိုင်းက သူတို့ဂူသင်္ချိုင်းဖောက်ထွင်းသည့် အဖွဲ့ဝင် လူဆယ်ယောက်ထက်မနည်း ရှိခဲ့သော်လည်း ယခုတွင်မူ စုလောင်နှင့် လျှိုကျစ်ရှင်း အပါအဝင် သုံးယောက်သာ ကျန်တော့သည်။

ကျန်ရှိနေသည့် လူတစ်ယောက်ကို မြွေပွေးများက သူတို့၏အစွယ်ဖြင့် ထိုးဖောက်ပြီး ရှင်းပစ်တော့မည့် အချိန်တွင် အံ့အားသင့်စရာကောင်းသည့် အရာတစ်ခု ဖြစ်သွားသည်။ စုလောင်က လျှိုကျစ်ရှင်းဘေးတွင် ရှိနေသည့်သူကို ရှင်းပစ်ရန် သေနတ်ဖြင့် ချိန်ရွယ်လိုက်ခြင်းပင်။

"ဘန်း"