🐍Chapter 88
သေနတ်သံတစ်သံ ထွက်ပေါ်လာသည်။ လူတစ်ယောက် လဲကျသွားသည်။ လူသားဘက်တွင် စုလောင်နှင့် လျှိုကျစ်ရှင်းတို့နှစ်ယောက်သာ ရှင်ကျန်ရစ်ခဲ့သည်။
ထိုလူကို သေနတ်ဖြင့် တကယ်ကြီး ပစ်ချလိုက်သော စုလောင်ကို မြင်သောအခါ မော့လောင်တ၏ မျက်လုံးသူငယ်အိမ်တို့ စုကျုံ့ကာ အေးစက်သွားသည်။ ကိုယ့်အဖွဲ့သားအချင်းချင်းကိုတောင် ပြန်သတ်ရက်တဲ့ လူသားပါလား။ ထိုသို့သော လူမျိုးကို အကာအရံစည်းထဲတွင် အသက်ရှင်သန်ခွင့်ပေးထားလျှင် အလွန်တရာ အန္တရာယ်များပေလိမ့်မည်။
ထိုအရာက လူသားများအတွက် အသစ်အဆန်းကိစ္စတစ်ခု မဟုတ်သည်ကို မော့လောင်တနှင့် အခြားမြွေပွေးများက မသိကြပေ။ လူသားများတွင် ကိုယ့်အဖေကို ပြန်သတ်သည့်သူ ကိုယ့်အစ်ကိုကြီးများကို ပြန်သတ်သည့်သူများပင် ရှိကြသည်။ သူနှင့်မသက်ဆိုင်သည့် လူတစ်ယောက်ကို သတ်လိုက်ခြင်းက စုလောင်အတွက် ဘာရေးကြီးခွင်ကျယ်ကိစ္စမှ မရှိပေ။ ထို့အပြင် မော့လောင်တက နောက်ဆုံးအထိ ရှင်ကျန်ရစ်နေသည့် လူသားနှစ်ယောက်ကိုသာ လွှတ်ပေးမည်ဟု ပြောထားသောကြောင့် မြွေပွေးများက မတိုက်ခိုက်လျှင်တောင် သူတို့အချင်းချင်း စတင်တိုက်ခိုက်ကြပေလိမ့်မည်။ တစ်မိနစ်လေးဖြစ်ဖြစ် အသက်ရှင်ချိန်ကို ဆွဲဆန့်နိုင်မည်ဆိုလျှင် လူသားများက ဘာမဆိုလုပ်ကြမည် ဖြစ်သည်။
အခြားလူတစ်ယောက်ကို ရှင်းထုတ်လိုက်ပြီးနောက် စုလောင်က မော့လောင်တအား သတိတကြီး ကြည့်ရင်းပြောလာသည်။
"ကျုပ်တို့...အခုထွက်သွားလို့ရပြီလို့ထင်တယ်"
မော့လောင်တက စုလောင်ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
"အင်း...မင်းတို့နှစ်ယောက် ဒီကနေ ထွက်သွားလို့ရပြီ... ဒါပေမဲ့ တခြားမြွေပွေးတွေနဲ့ ထပ်တွေ့ရင်တော့... မင်းတို့ထိုက်နဲ့ မင်းတို့ကံပေါ့"
စုလောင်က "ဟမ်း" ဟူသော အသံတစ်သံဖြင့်သာ ပြန်လည်တုံ့ပြန်ပြီး ထွက်ခွာရန် ခြေလှမ်းပြင်တော့သည်။
"နေပါဦး"
ယင်ရှောင်ရှောင်းက ရုတ်တရက် ရှေ့ထွက်လာပြီး စုလောင်နှင့် လျှိုကျစ်ရှင်းတို့ကို ရပ်ရန် အမိန့်ပေးလိုက်သည်။
စုလောင်နှင့် လျှိုကျစ်ရှင်းလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ယင်ရှောင်ရှောင်းကို လှည့်ကြည့်လာကြသည်။ စုလောင်က ယင်ရှောင်ရှောင်းကို မည်သူမည်ဝါမှန်း မသိသေးချေ။ ယင်ရှောင်ရှောင်းက တစ်ကိုယ်လုံး နက်ဆွေးနေသော မြွေဆီသို့ ချဉ်းကပ်လာချိန်တွင် အခြားမြွေများက လမ်းဖယ်ပေးကြပြီး ငွေရောင်မြွေဖြစ်သည့် ယင်ရှောင်ရှောင်းအား ခေါင်းငုံ့အရိုအသေပေးကြသည်။
"ဘာလို့ထွက်လာတာလဲ"
မော့လောင်တက မကြည်မသာနှင့် မေးလာသည်။ အားနည်းသည့် လူသားနှစ်ယောက်သာ ကျန်ရစ်နေခဲ့သော်လည်း မော့လောင်တက ယင်ရှောင်ရှောင်း၏ မျက်နှာကို လူသိမခံစေချင်ပေ။ ယင်ရှောင်ရှောင်းက နှုတ်ခမ်းများတွန့်ကွေးကာ မော့လောင်တကို လျစ်လျူရှုလိုက်သည်။ တကယ်တမ်း သူဒီမှာရပ်နေတာက မြွေပွေးမျိုးနွယ်များ၏ ကောင်းကျိုးအတွက်ပင် ဖြစ်သည်။
တစ်ဖက်တွင်မူ ယင်ရှောင်ရှောင်းကို တွေ့လိုက်ရသော လျှိုကျစ်ရှင်းတစ်ယောက် မျက်လုံးနှစ်ဖက်လုံး ပြူးကျယ်သွားရသည်။ သူတို့နှစ်ယောက်လုံး ချက်ချင်းပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသော်လည်း သေနတ်ကိုင်ထားသည့် သူ့လက်က အနည်းငယ် တုန်ယင်နေသည်။ ထိုငွေရောင်မြွေက သူမြစ်ကမ်းဘေးတွင် တွေ့ခဲ့သည့်မြွေ ဖြစ်သည်။ လျှိုကျစ်ရှင်းအနေနှင့် ယင်ရှောင်ရှောင်းကို တစ်ချက်မြင်လိုက်ရုံနှင့် မှတ်မိနိုင်လောက်အောင် မစွမ်းပေ။ သို့သော် ဆေးပင်များဖြင့် အထပ်ထပ်အုပ်ထားသော ယင်ရှောင်ရှောင်းကိုယ်ပေါ်ရှိ ဒဏ်ရာကို မြင်လိုက်ရသောကြောင့် မှတ်မိသွားခြင်းဖြစ်သည်။
ထိုငွေရောင်မြွေကို ဒဏ်ရာရအောင် သူလုပ်လိုက်မိသောကြောင့် မြွေပွေးများက သူတို့တစ်ဖွဲ့လုံးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်မည်ဟူသော အသိကြီးက သူ့စိတ်ကို စိုးမိုးလာသည်။ လျှိုကျစ်ရှင်းတစ်ယောက် သူ့အတွေးမှန်မမှန် မသိသော်လည်း အဖွဲ့သားများက သူ့ကြောင့် အသတ်ခံလိုက်ရတာ ဖြစ်မလားဟူသောစိတ်ဖြင့် မလုံမလဲ ဖြစ်နေမိသည်။
“ငါတို့ကို လွှတ်ပေးလိုက်ရင် မင်းနောင်တရမှာလား..”
စုလောင် မျက်ခုံးတွန့်လိုက်သည်။
စကားပြောတတ်တဲ့ မြွေတစ်အုပ်နဲ့ တကယ်ကြီး အပေးအယူလုပ်နေတာလား..
စုလောင်မှာ သူ့ကိုယ်သူ ရူးနေပြီဟု တွေးလိုက်မိသည်။ မသိစိတ်အရ လက်ထဲရှိ သေနတ်အား တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး ဘယ်ဘက်လက်မှာ သူ၏ဘယ်ဘက်အိတ်ကပ်ဆီသို့ တိတ်တဆိတ် ရွေ့လို့နေသည်။
ယင်ရှောင်ရှောင်း စကားပြောရန်အတွက် အရှေ့သို့တိုးသွားသော်လည်း မော့လောင်တ၏ အမြီးဖြင့် နောက်ပြန်ဆွဲခြင်းအား ခံလိုက်ရသည်။
ယင်ရှောင်ရှောင်း : “…”
မော့လောင်တ သတိပေးလိုက်သည်။
“အရူးပေါက်လေး.. သူတို့နဲ့ အရမ်းနီးတဲ့ထိ မသွားနဲ့..”
ယင်ရှောင်ရှောင်းသည် မော့လောင်တအား လျစ်လျူရှုပြီး စုလောင်နှင့် လျှိုကျစ်ရှင်းအား ပြောလောသည်။
“သေချာပေါက် နောင်တရမှာ မဟုတ်ဘူးပေါ့.. ခင်ဗျားတို့ကို လွှတ်လိုက်ဖို့က ရိုးရှင်းပါတယ်.. ခင်ဗျားတို့ ပါလာသမျှ အရာအားလုံးကို ထားခဲ့မယ်ဆိုရင် ထွက်သွားလို့ရတယ်..”
စုလောင်နှင့် လျှိုကျစ်ရှင်းတို့ နှစ်ဦးစလုံး အလွန်တုန်လှုပ်သွားမိကြသည်။ အကယ်၍ အခြားသူသည် လူသားတစ်ဦး ဖြစ်နေမည်ဆိုပါက ထိုအရာမှာ ကျိုးကြောင်းမသင့်သည်ကို သူတို့သိကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုသူသည် မြွေတစ်ကောင်ဖြစ်နေသည်။ ထိုမြွေသည် မည်သည်ကြောင့် ဤကဲ့သို့ ပြောလာသနည်း။
“မကြားဘူးလား.. မင်းတို့ပါလာသမျှ အားလုံးကို ထားခဲ့ရင် ထွက်သွားလို့ရတယ်.. မဟုတ်ရင်တော့ မင်းတို့ရဲ့ အသက်က ငါတို့လက်ထဲမှာပဲရှိတယ်..”
မော့လောင်တ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
လျှိုကျစ်ရှင်း တိုးတိုးလေးပြောလိုက်သည်။
“ဆရာ….”
စုလောင် သွားတင်းတင်းကြိတ်ပြီးနောက် ကျယ်လောင်စွာ ပြောလေသည်။
“ရတယ်... ပြသာနာမရှိဘူး...”
ထို့နောက် ပါလာသမျှ အရာအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လျှိုကျစ်ရှင်းလည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုသို့ပြုလုပ်လေသည်။
“အခု ငါတို့ ထွက်သွားလို့ရပြီလား..”
စုလောင် က မေးသည်။
“မရသေးဘူး..”
ယင်ရှောင်ရှောင်း ခေါင်းခါပြီးနောက် ရယ်လျက်နှင့် ပြောလေသည်။
“ခင်ဗျားတို့ အဝတ်တွေလည်း ချွတ်ရမယ်..”
ဘုရားသခင်မှသာ သူတို့အဝတ်များထဲတွင် ပစ္စည်းများ ဝှက်ထားခြင်း ရှိမရှိကို သိနိုင်မည် ဖြစ်သည့်အတွက် အဝတ်များကိုလည်း မဖြစ်မနေ ချွတ်ရပေမည်။
“မင်း.. ဒါကိုတော့ လက်မခံနိုင်ဘူးကွ..”
လျှိုကျစ်ရှင်းက ယင်ရှောင်ရှောင်းအား ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယင်ရှောင်ရှောင်း အသံမြှင့်လိုက်သည်။
“မင်းကို ဘယ်လိုအနိုင်ကျင့်ရမှာတုန်း.. ချွတ်မလား.. မချွတ်ဘူးလား.. မချွတ်ချင်ရင်လည်း မြွေတွေက ကူပေးလို့ရတယ်နော်..”
“ကျစ်ရှင်း..”
စုလောင်က လျှိုကျစ်ရှင်းအား အော်ဟစ်ကာ သတိပေးလိုက်သည်။ ထို့နောက် ယင်ရှောင်ရှောင်းဘက်သို့ လှည့်ပြောသည်။
"ငါတို့ အခု ချွတ်လိုက်မယ်..."
ထိုသို့ဖြင့် မြွေတစ်အုပ်သည် စုလောင်နှင့် လျှိုကျစ်ရှင်းတို့ အဝတ်ချွတ်သည်ကို စောင့်ကြည့်ရန် ဝိုင်းထားလိုက်ကြသည်။
အဝတ်ချွတ်လျက်ရှိသည့် စုလောင်နှင့် လျှိုကျစ်ရှင်း : “...”
နောက်ဆုံးတွင် နောက်ဆုံးသော အဝတ်အစားအား ချွတ်ပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း တိတ်ဆိတ်သွားလေသည်။ မော့လောင်တ ဦးစွာပြောသည်။
“ကောင်းပြီ..”
မော့လောင်တသည် မြွေနှစ်ကောင်အား ရှေ့သို့သွားစေပြီး အဝတ်ပုံနှစ်ပုံအား ရှာဖွေရန် ညွှန်ပြလိုက်သည်။ ရလဒ်မှာ မြွေပွေးများ၏ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသော်လည်း ယင်ရှောင်ရှောင်းအတွက်မူ အံ့ဩဖွယ်မကောင်းချေ။ ထိုအဝတ်အစားများကို ရှာဖွေနေစဉ်တွင် လက်ပစ်ဗုံးသုံးလုံး၊ ဖောက်ခွဲရေးစက်တစ်ခု၊ အချက်ပြမီးလေးခုနှင့် အနက်ရောင်ဘာမှန်းမသိသည့် အရာတစ်ခု ထွက်ပေါ်လာသည်။
ယင်ရှောင်ရှောင်းသည် လည်ဆန့်ကာဖြင့် ထိုအနက်ရောင်ပစ္စည်းအား ကြည့်လိုက်သည်။ ထို့နောက် မသေချာစွာဖြင့် ပြောလေသည်။
“ဒါက... အနက်ရောင် မြည်းခွါလား...”
“မင်းက ဒါဘာလဲဆိုတာ သိတယ်လား..”
လျှိုကျစ်ရှင်း အံ့အားသင့်စွာဖြင့် မေးလေသည်။
မြွေတွေတောင် ဒီအကြောင်းကို သိနေကြပြီလား..
“နည်းနည်းတော့သိတယ်..”
ယင်ရှောင်ရှောင်း ပြုံးပြရင်း ပြောလေသည်။
“မင်းတို့ ဒါကို ယူသွားလို့ရတယ်.. နောက်ပိုင်းမှာ အသုံးဝင်လာနိုင်တယ်..”
စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် ယင်ရှောင်ရှောင်းအား ခေတ္တမျှ စိုက်ကြည့်နေသည်။ ယင်ရှောင်ရှောင်း စကားထပ်မပြောတော့ပေ။ မော့လောင်တသည်လည်း စကားပြောမလာချေ။ စုလောင်၏ အမိန့်အရာ လျှိုကျစ်ရှင်းသည် အနက်ရောင်မြည်းခွာအား ကောက်ယူခဲ့သည်။
“အဝတ်ပြန်ဝတ်လို့ရပြီ..”
စုလောင်နှင့် လျှိုကျစ်ရှင်းတို့ အဝတ်များ ပြန်ဝတ်နေစဉ် မြွေများအား မျက်ခြေမပြတ်ရဲချေ။ တုံ့ဆိုင်းနေပြီးနောက်တွင် အလျင်စလို မထွက်ခွာခင် လက်ထဲတွင် ကိုင်ထားသည့် ပစ္စတိုအား မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
ထွက်ပြေးသွားသည့် လူနှစ်ဦးအား မြင်သည့်အခါတွင် ယင်ရှောင်ရှောင်း ရယ်မောလိုက်ပြီး မော့လောင်တအား ပြောလေသည်။
“တဟေးတန်.. အခုကစပြီး သူတို့နောက်ကို မြွေပွေးတစ်ချို့ လိုက်ခိုင်းပြီး အလှည့်ကျ ခြောက်လှန့်ခိုင်းလိုက်.. မမှတ်မိအောင် မြွေတွေကို ပုံမှန် ပြောင်းဖို့လည်း မမေ့နဲ့နော်.. အိုး.. ဟုတ်သားပဲ.. တောင်ပေါ်ကို တက်သွားဖို့လည်း ဖြည်းဖြည်းချင်း လမ်းကြောင်းပေးလိုက်ဦး.. အဲဒီလိုဆိုရင် ကျွန်တော်တို့ ပြန်ရောက်တာနဲ့ နောက်တစ်ဆင့်ကို စလို့ရပြီ.. ပြီးတာနဲ့..”
အဲဒီ စုလောင်နဲ့ လျှိုကျစ်ရှင်းကို သင်္ချိုင်းထဲက ရွှေ၊ ငွေ၊ ကျောက်စိမ်းနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ အားလုံးနဲ့ ကျိခန်းအလောင်းပါးစပ်ထဲက တစ္ဆေငါးမန်းဥကို သေသေချာချာလေး မြင်ခိုင်းပြီးမှ မျှော်လင့်ချက်တွေ ရုတ်တရက် ကုန်ဆုံးသွားအောင် လုပ်ချင်တယ်.. သူတို့မြင်ခဲ့ရတဲ့ အရာတွေက ဘယ်တော့မှ မရနိုင်ဘူးဆိုတဲ့ အတွေ့အကြုံမျိုး ခံစားသွားစေရမယ်..
“ကျူကျန်းဖူရန်ရဲ့ အမိန့်ကို နားလည်လား.. နားလည်ရင် သွားလုပ်တော့..”
မော့လောင်တ ခပ်တိုးတိုး အမိန့်ပေးသည်။
မြွေပွေးများသည် တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြပြီးနောက် ပြန်ဖြေလေသည်။
“နားလည်ပါပြီ..”
လျှင်မြန်စွာဖြင့်ပင် မြွေတစ်အုပ်နှင့် လူသားတစ်စုတို့ ရှိနေခဲ့သည့် နေရာတွင် မော့လောင်တ၊ ယင်ရှောင်ရှောင်း၊ မော့တာမော့နှင့် လူသေအလောင်းများသာ ကျန်ရှိတော့သည်။
မော့လောင်တ၏ တည်ရှိမှုကြောင့် သူတို့ဘက်မှ မြွေပွေးတစ်ကောင်မှပင် သေဆုံးခဲ့ခြင်း မရှိသဖြင့် ပျော်ရွှင်ရလေသည်။ ကျည်ဆန်ထိသည့် မြွေပွေးများစွာ ရှိခဲ့သော်လည်း မြွေပွေးများ၏ အံ့အခန်း ကုသနိုင်စွမ်းကြောင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကြသည်။
ယခု လူသားများနှင့် မြွေပွေးများအကြားရှိ ပဋိပက္ခတွင် လူသားဟူ၍ များများစားစား မကျန်တော့ပေ။ မြွေပွေးများနှင့် မကြုံရသေးသည့် အဖွဲ့နှစ်ဖွဲ့ ကျန်နေသေးသည်။ မဟုတ်.. သုံးဖွဲ့ဖြစ်သည်။
ထိုထဲမှ တစ်ဖွဲ့မှာ ကျိုးဖုန်း၏အဖွဲ့ ဖြစ်သည်။ ချိကျောက် ပါဝင်မှုမှာ လှည့်စားမှုတစ်ခုနှင့် တူလေသဖြင့် ကျိုးဖုန်းတို့အဖွဲ့အား မြွေပွေးများ ခြေရာခံမိရန် အလွန်ခဲယင်းလေသည်။ ဒုတိယနှင့် တတိယအဖွဲ့မှာ တကယ်တမ်းတွင် အဖွဲ့တစ်ခုတည်း ဖြစ်ကြသည်။ နောက်ပိုင်းတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ အဖွဲ့မှ လူနှစ်ဦး၏ စည်းရုံးမှုအပြီးတွင် လူခြောက်ဦးသည် မြွေသင်္ချိုင်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြပြီး ၁၁ ဦးမှာ ရှေ့ဆက်ရန် ရွေးချယ်ခဲ့ကြသည်။ တစ်နည်းဆိုရသော် အဖွဲ့တစ်ဖွဲ့အား နှစ်ဖွဲ့ခွဲလိုက်ခြင်း ဖြစ်သည်။ ကျန်သူများမှာ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အဖွဲ့မှာ ဝမ့်ယန်ကျန်းနှင့် ယခုလေးတင် ထွက်ခွာသွားခဲ့ကြသော စုလောင်နှင့် လျှိုကျစ်ရှင်းတို့ဖြစ်သည်။ သူတို့မှလွဲ၍ အခြားမည်သည့်လူသားမှ ကံကောင်းထောက်မှစဖြင့် သေခြင်းတရားမှ သီသီလေး လွတ်မြောက်ကြသူ မရှိခဲ့ပေ။
ယခင်က မော့လောင်တသည် လူတစ်ရာကျော် ဝင်လာခဲ့သည့်အကြောင်း ဝမ့်ယန်ကျန်းထံမှ သိရှိထားခဲ့သည်။ သို့သော်လည်း အသတ်ခံရသူများ သို့မဟုတ် ထွက်ပြေးသွားသူ အရေအတွက်မှာ စုစုပေါင်းလိုက်လျှင်ပင် ၁၀၀ မပြည့်သေးချေ။ တစ်နည်းဆိုရသော် အကာအရံအတွင်း တစ်နေရာရာတွင် မြွေပွေးများ ရှာမတွေ့သေးသည့် လူသားများ ရှိနေသေးသည်။
မော့လောင်တသည် မြွေများအား ရှာဖွေမှုနှစ်ဆတိုးရန် မျိုးနွယ်စုခေါင်းဆောင်အမိန့် ထုတ်ပြန်လိုက်သည်။ လူသားတစ်ဦးတစ်လေကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။
မော့လောင်တသည် လူသားတို့၏ အကြောက်တရားကြီးမားပြီး သူရဲဘောကြောင်သည့် စိတ်ဓာတ်နှင့် အောက်ခြေလွတ်သည့် လောဘကို မြင်ဖူးပြီးဖြစ်လေသည်။ အနည်းငယ်မျှ တွေးလိုက်ရုံနှင့်ပင် နောက်ခြေလှမ်း ဘာဖြစ်မည်ကို သိနေပြီဖြစ်သည်။