🐍Chapter 89
“ရှောင်ရှောင်း.. မော့တာမော့.. အခု လူသားတွေ ဝင်လာတဲ့ နယ်မြေထဲကို သွားကြမယ်.. သေရမှာကြောက်ပြီး ထွက်ပြေးချင်တဲ့ လူသားတွေ ရှိမယ်ဆိုတာ သေချာတယ်.. ရှေ့ဆက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူသားတွေကတော့....”
မော့လောင်တသည် ကျိခန်းနှင့် တောင်ပေါ်တွင် ရှိနေသည့် မော့မြွေရာပေါင်းများစွာကို တွေးတောရင်း မျက်နှာတွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ဖြစ်တည်လာသည်။
“သိပ်မကြာခင် သူတို့ သေချာပေါက် နောင်တရကြလိမ့်မယ်လို့ ယုံကြည်တယ်..”
“လူသားတွေက ဘယ်နေရာကနေ ဝင်လာကြတာလဲ.. အဲဒီနေရာကို ဘယ်လိုရှာရမလဲ..”
ယင်ရှောင်ရှောင်း မေးသည်။
မော့လောင်တ ပြန်ဖြေသည်။
“အနံ့ခံရမှာပေါ့.. အကာအရံစည်း ပွင့်နေတဲ့နေရာမှာ ပြင်ပကမ္ဘာရဲ့ အနံ့တွေ ရလိမ့်မယ်..”
ယင်ရှောင်ရှောင်း : “….”
ကောင်းပြီ... ယင်ရှောင်ရှောင်းသည် "ပြင်ပကမ္ဘာ၏အနံ့" ဆိုသော အဓိပ္ပါယ်ကို အမှန်တကယ်မသိခဲ့ပေ။
ယင်ရှောင်ရှောင်းသည် သဘာဝကျစွာပင် သူတို့သွားမည့် နေရာအား မသိပေ။ မည်သို့ပင် ဆိုစေကာမူ မော့လောင်တ၏ နောက်ကျောပေါ်တွင် လဲလျောင်းကာဖြင့် ခရီးထွက်တော့သည်။ အထူးသဖြင့် ယခုအခါတွင် သူဒဏ်ရာရနေသည့်အတွက် မော့လောင်တ၏ နောက်ကျောပေါ်တွင် လဲလျောင်းခြင်းကသာ သူ့အတွက် အနာသက်သာပေမည်။
မော့တာမော့သည် မော့လောင်တကို မေးခွန်းထုတ်ခြင်း မပြုဘဲ နာခံလေသည်။ မျိုးနွယ်စုခေါင်းဆောင်မှ သူ့အား တစ်စုံတစ်ခု လုပ်ခိုင်းလာမည်ဆိုလျှင် သူလုပ်ရမည်ဖြစ်သည်။ သို့သော်လည်း မော့တာမော့သည် ခရီးစဉ်တစ်လျှောက်လုံး ယင်ရှောင်ရှောင်း မော့လောင်တ၏ နောက်ကျောပေါ်တွင် လဲလျောင်းနေခြင်းအား တကယ်သဘောမကျပေ။
ချီကျောက်၏အဖွဲ့သည် သူ့နောက်ကိုလိုက်ကာ မကြာခဏ လမ်းကြောင်းပြောနေသဖြင့် နောက်ဆုံးတွင် လူတစ်ဦးသည် မကျေမနပ်ဖြစ်ကာ မေးခွန်းထုတ်တော့သည်။
“ရှောင်ချီ.. သင်္ချိုင်းဟောင်း ဘယ်မှာရှိမှန်းတောင် မင်းသိရဲ့လား.. ငါတို့ဘာဖြစ်လို့ ဆက်တိုက်ဆိုသလို ဦးတည်ချက်ပြောင်းနေရတာလဲ..”
ချီကျောက် ခေါင်းမော့ကာဖြင့် မကျေနပ်သည့်လူအား ကြည့်လိုက်ပြီးနောက် လှောင်ပြောင်ပြောလေသည်။
“မင်းဘာသာ သင်္ချိုင်းဟောင်းကို ရှာတွေ့နိုင်မယ်လို့ ထင်နေရင်တော့ ငါ့နောက်ကို လိုက်နေစရာ မလိုဘူး.. အဖွဲ့ကနေ ထွက်သွားလို့ရတယ်..”
“ရှောင်ချီ.. အခုလိုပြောတာတော့ မဟုတ်သေးဘူး.. မင်းနောက်ကို လိုက်လာတယ်ဆိုကတည်းက မင်းက ငါတို့ကို သင်္ချိုင်းဟောင်းဆီကို ခေါ်သွားရမှာ မဟုတ်ဘူးလား.. အခု ၁၀ ရက်ကျော်လာပြီ.. ငါတို့က သင်္ချိုင်းဟောင်းရဲ့ အရိပ်ကိုတောင် မမြင်ရသေးဘူး.. မင်းဖြေရှင်းချက်တစ်ခုတော့ ပေးသင့်တယ်..”
သူတစ်ဦးတည်းသာ ချီကျောက်အား မကျေမနပ် ဖြစ်နေသည်မှာ သဘာဝကျလေသည်။ ချီကျောက်၏ ဖော်ရွေမှုမရှိသော သဘောထားကြောင့် အခြားသူများသည်လည်း ဝင်မပြောဘဲ မနေနိုင်တော့ချေ။
“ဟုတ်တယ်.. အမှန်ပဲ..ငါတို့ ဒီနေရာမှာပဲ အချိန်ဖြုန်းနေလို့ မရဘူး..”
“ရှောင်ချီ.. ငါတို့ကိုပြောပါ.. မင်းငါတို့ကို သင်္ချိုင်းဟောင်းဆီ ခေါ်သွားနိုင်တာလား မခေါ်သွားနိုင်ဘူးလား..”
“…”
ချီကျောက် မျက်ခုံးတစ်ဘက်ပင့်ကာဖြင့် အေးစက်စွာပြောသည်။
“ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့အားလုံး အကြိမ်တစ်ရာလောက် သေပြီးသား ဖြစ်နေမှာကို စိုးရတယ်.. နောက်ဆုံးတစ်ခေါက်ပြောမယ်.. ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် ဆက်လိုက်ခဲ့ကြ.. မဟုတ်ဘူးဆိုရင်လည်း ငါမတားဘူး.. စိတ်ရှိသလို လုပ်ကြ..”
ချီကျောက်စကားဆုံးသည့်အခါတွင် လူပေါင်းများစွာ ရှေ့သို့တိုးလာကြသည်။
“ရှောင်ချီ.. မင်း ဒီလိုပြောလာတော့လည်း မင်းကို မျက်နှာသာမပေးလို့ ငါတို့ကို အပြစ်မတင်နဲ့.. ရိုးရိုးသားသား ပြောရမယ်ဆိုရင် ချီမိသားစုရဲ့ ဂုဏ်သတင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီသင်္ချိုင်းထဲကို ဝင်ဖို့အတွက် မင်းနောက်ကို ငါတို့ လိုက်လာကြမယ်လို့ ထင်လား ရှောင်ချီ..”
အလားတူ ထင်မြင်ချက်မျိုး ထုတ်ဖော်ပြောဆိုသူ အများအပြား ရှိလာခဲ့ပြီး တွန့်ဆုတ်ကာ မပြတ်မသား ဖြစ်ကြသူများလည်း စတင်ရှိလာလေသည်။ ဤရက်များတွင် သူတို့သည် ချီကျောက်ဘာလုပ်နေသည်ကို မသိကြဘဲ အမြဲလိုလို လမ်းကြောင်းပြောင်းနေခဲ့ရသည်။ သူ့အားမေးသည့်အခါတွင်လည်း မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိဘဲ သူ၏အမူအရာမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာခဲ့သည်။
သူ့နောက်လိုက်ပြီး သင်္ချိုင်းထဲသွားရင်တော့ သေဖို့ပြရှိတော့တယ်.. အခုထွက်သွားတာက ပိုကောင်းတယ်.. ငါတို့ထဲက တစ်ချို့တစ်လေကတော့ သင်္ချိုင်းဟောင်းကို တွေ့ချင်တွေ့မှာပေါ့..
ထိုသို့တွေးမိသည့်အခါတွင် နောက်ထပ် လူအနည်းငယ် ရှေ့ထွက်လာပြန်သည်။
ဖုန်းယွမ်၏ ဘယ်ဘက်တွင် ကျိုးဖုန်းရှိနေပြီး သူ၏နောက်တွင် ဖုန်းယွမ်၏ မိတ်ဆွေကောင်းတစ်ဦး ရှိလေသည်။ ဤအခိုက်အတန့်တွင် ထိုလူသည်လည်း ရှေ့ထွက်လာပြီး ဖုန်းယွမ် မလှုပ်ရှားဘဲ ရှိနေသည်ကို မြင်သည့်အခါတွင် ညင်သာစွာ မေးလာသည်။
“ဖုန်းယွမ်.. မင်းလည်း ငါတို့နဲ့အတူ လိုက်ခဲ့သင့်တယ်.. အဲဒီချီကျောက်ရဲ့ အမူအရာက သူကိုယ်တိုင်တောင် ဘာလုပ်ရမလဲဆိုတော့ မသိတော့ဘူးထင်တယ်.. ငါတို့က သင်္ချိုင်းဖောက်ဖို့ လာခဲ့ကြတာ.. ပျော်ပါးဖို့မဟုတ်ဘူးလေ..”
ဖုန်းယွမ်သည် သူ၏စိတ်ထဲတွင် ခါးခါးသီးသီး ရယ်မောလိုက်သည်။ သူ၏ကိုယ်ပိုင် ကောက်နုတ်ချက်ကို အခြေခံပြီး ချီကျောက်၏နောက်ကို လိုက်ခြင်းကသာ သူတို့ရှင်သန်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေမည်ကို ကြောက်ရွံ့နေမိသည်။ ဤလူ၏အသက်ကို ကယ်ချင်သော်လည်း ထိုလူနားလည်အောင် မည်သို့ပြောရမည်ကို မသိဘဲ ရှိနေသည်။ အဆုံးတွင် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး.. ငါချီကျောက်နောက်ကိုပဲ လိုက်မှာ..”
ဖုန်းယွမ်ပြောသည်ကို ကြားပြီးနောက် ထိုလူ တိတ်ဆိတ်နေသည်။ အဆုံးတွင် ဤသည်မှာ သိကျွမ်းမှုတစ်ခုထက် ပိုသည်ဟု ပြောနိုင်သည်။ သူတို့နှင့်အတူ လိုက်ပါရန် ဖုန်းယွမ်အား ခေါ်ဆောင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှု အခွင့်အလမ်း တိုးစေနိုင်ရုံကလွဲ အခြားမရှိပေ။ ဖုန်းယွမ်၏ ငြင်းဆန်မှုမှာလည်း သိသိသာသာ ကွဲပြားခြင်း မရှိချေ။ ကောင်းသည်ဟု မဆိုသာသလို ဆိုးရွားခြင်းလည်း ရှိမနေ။ သင်္ချိုင်းဟောင်းကို ရှာတွေ့ခဲ့လျှင် ဝေစုခွဲရမည့်သူ လျော့နည်းသွားခြင်းသာ ဖြစ်သည်။
အဆုံးတွင် ဖုန်းယွမ်၏ ၁၂ ယောက်အဖွဲ့မှာ ၆ ယောက်သာ ကျန်ရှိတော့သည်။ တစ်နည်းဆိုရလျှင် ထက်ဝက်ကျော် ကျန်နေသည်။
ထိုခြောက်ယောက်သည် အရင်ဆုံးထွက်သွားခဲ့ကြသည်။ နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် နေ့လယ်ခင်း အနားယူချိန် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ကျန်ရှိသည့် ချီကျောက်တို့ ခြောက်ယောက်သည်လည်း ထွက်ခွာသင့်ပြီ ဖြစ်သည်။ သို့သော်လည်း ထူးဆန်းစွာဖြင့် ချီကျောက်သည် စထွက်ရန် ပြင်ဆင်ခြင်း မရှိသေးချေ။ နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေဆြဖြစ်ပြီး အခြားမရှိပေ။
ကျိုးဖုန်းနှင့် ဖုန်းယွမ်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း မည်သည့်စကားမျှ မဆိုကြချေ။
လူခြောက်ယောက် ထွက်သွားသည်မှာ ၁၀ မိနစ်ခန့် ရှိပြီဖြစ်သည်။ ဤအပိုင်သည် တောင်ထူထပ်ပြီး သစ်တောများ အုံ့ဆိုင်းသည့်အတွက်ကြောင့် ၁၀ မိနစ်ဟူသည်မှာ အလွန်ဝေးဝေးသို့ရောက်ရန် မဖြစ်နိုင်ချေ။ အနည်းဆုံး ၁၀ မိနစ်အကွာရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လာလျှင် ချီကျောက်တို့အဖွဲ့ ကြားနိုင်လောက်သည်။
ချီကျောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အရင်ဆုံး သတိပြုမိသည်မှာ ကျိုးဖုန်းဖြစ်သည်။ မျက်လုံးချင်းမဆုံဘဲနှင့် ကျိုးဖုန်းသည် ဖုန်းယွမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဖုန်းယွမ်သည်လည်း မသိလိုက်ဘဲနှင့် ချီကျောက်အား ကြည့်လိုက်မိသည်။
ချီကျောက်၏ ခံစားချက်မဲ့နေတတ်သည့် မျက်နှာတွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဖုန်းယွမ် တုန်လှုပ်သွားပြီးနောက် ချက်ချင်းဆိုသလို အဝေးသို့ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယခင်အသင်းဖော်ဟောင်းများ ဦးတည်သွားသည့် လမ်းကြောင်းဘက်မှ သွေးပျက်ဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ကြားလိုက်ရသည့် စကားလုံးများမှာ မသဲကွဲသော်လည်း လူတစ်ယောက်မှ အော်ဟစ်နေသည်မှာ _
“..မြွေတွေ.. အဲဒီမှာ မြွေတွေရှိတယ်..”
ချီကျောက်မှလွဲ၍ ကျန်ငါးယောက်စလုံး မျက်နှာဖြူဖျော့သွားကြသည်။
တဖြည်းဖြည်းနှင့် အဝေးမှ သနားဖွယ်ရာ အော်ဟစ်သံများ ဖျော့တော့လာပြီး အဆုံးတွင် အားပျော့ကာ ပျောက်ကွယ်သွားလေသည်။
ချီကျောက် အလျင်မလိုဘဲ မတ်တပ်ရပ်လိုက်ပြီး ကျောပိုးအိတ်ကို ပုခုံးပေါ် တင်လိုက်သည်။ သူ၏မျက်နှာမှာ ခံစားချက်မဲ့သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကျန်လူငါးယောက်အား ဖြည်းညင်းစွာ ပြောလေသည်။
“သွားကြစို့..”
ဖုန်းယွမ်နှင့် ကျိုးဖုန်းတို့ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြန်သည်။ ထို့နောက် ချက်ချင်းပင် အဝေးသို့ ကြည့်လိုက်မိပြီး တိတ်တဆိတ် မတ်တပ်ရပ်ကာ ချီကျောက်နောက်သို့ လိုက်သွားကြသည်။
ချီကျောက်၏ ဦးဆောင်မှုနောက်တွင် ကျန်နေသည့် ၆ ယေဦက်သည် ပုံမှန်မဟုတ်သည့် တိတ်ဆိတ်ငြိမ်သက်မှုဖြင့် ခရီးဆက်ခဲ့ကြသည်။ ချီကျောက်သည် ခဏခဏရပ်ကာ ခေါင်းစောင်းပြီး တစ်ခုခုအား နားထောင်ပြီးသည့်နှင့် ချက်ချင်းဆိုသလို ဦးတည်ချက်ပြောင်းလေသည်။ သို့သော် ဤတစ်ကြိမ်တွင် မည်သူကမျှ ချီကျောက်၏ အပြုအမူကြောင့် မကျေနပ်မှု မရှိကြဘဲ နာနာခံခံနှင့် လိုက်ပါကြလေသည်။
ဤကဲ့သို့ နောက်ထပ် တစ်ရက်၊ နှစ်ရက်ကြာ လျှောက်ပြီးသည့်နောက်တွင် အမြင့်ဆုံးတောင်ထိပ်အား ကြည့်ရင်းနှင့် ချီကျောက်၏ မှိုင်တွေတွေ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ လက်ရှိတွင် ချီကျောက်သည် အထစ်အငေါ့ မရှိဘဲနှင့် မြွေပွေးများ၏ ဝန်းရံထားမှုမှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း အဆက်မပြတ် လမ်းကြောင်းပြောင်းနေခဲ့ရသဖြင့် ချီကျောက်သည် ထိုတောင်ထိပ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ သို့သော် မြွေပွေးများ၏ ရှာဖွေမှုအား စိုးရိမ်ရန် မလိုတော့ဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်ရန်သာ ကျန်တော့သည်။ အရာအားလုံး အဆင်ပြေချောမွေ့နေမည်ဆိုလျှင် ၁၀ ရက်အတွင်း အမြင့်ဆုံးတောင်၏ တောင်ခြေသို့ ရောက်နိုင်ပေမည်။
ချီကျောက်နှင့် သူ၏အဖွဲ့သည် သူတို့၏ နောက်ဆုံးဦးတည်ရာသို့ ထွက်ခွာကြလေသည်။ မြွေပွေးများ ဝိုင်းထားခံရသည့် လူသားများမှာမူ လွယ်ကူခြင်း မရှိကြချေ။ မြွေပွေးများ၏ စက်ဝန်းမှာ တဖြည်းဖြည်းချင်း သေးငယ်လာပြီး ‘အောင်မြင်စွာ’နှင့် အန္တရာယ်မှ လွတ်မြောက်ခဲ့ကြသော စုလောင်နှင့် လျှိုကျစ်ရှင်းမှအပ ကျန်လူသားများမှ မြွေပွေးများနှင့် ရင်ဆိုင်တွေ့တိုင်းတွင် ထွက်ပြေးဖို့ရန် ပိုမိုခက်ခဲလာကြသည်။ အိုး.. ထိုအရာမှာ မမှန်ချေ။ ထွက်ပြေးနေကြသူမှာ ထိုလူများသာ မဟုတ်ဘဲ သင်္ချိုင်းဟောင်းကို ရှာဖွေရန် ဆုံးဖြတ်ထားသည့် လူသား ၁၁ ဦးအဖွဲ့ ရှိနေသေးသည်။
ရှုလောင်ဦးဆောင်သော လူ ၁၁ ယောက်အဖွဲ့သည် ယခုအထိ မြွေပွေးများနှင့် မကြုံတွေ့ရသေးသည်ကြောင့် မည်မျှကံကောင်းသည်အား မသိကြသေးပေ။ ဤနေရာရှိ မြွေပွေးများ မည်မျှကြောက်စရာကောင်းသည်ကို ကြိုသိထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့ဝင်ရောက်လာသည့် အခါတွင်လည်း အလွန်သတိထားခဲ့ကြသည်။ လေတိုက်ပြီး မြက်ပင်များ ယိမ်းနွဲ့သွားချိန်တိုင်းတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အဖွဲ့သည် အစွမ်းကုန် ထွက်ပြေးကြပြီး မြွေပွေးများ၏ ရှာဖွေမှုအား အကြိမ်ပေါင်းများစွာ ရှောင်တိမ်းနိုင်ခဲ့ကြသည်။သို့သော်လည်း ဤအဖွဲ့သည် သက်လတ်ပိုင်းအရွယ်နှင့် အသက်ကြီးကြီးလူများနှင့် အဓိက ဖွဲ့စည်းထားပြီး အချိန်ကုန်လာသည်နှင့်အမျှ သူတို့၏အကြောများ ပိုမိုတင်းမာကာ လှုပ်ရှားလာသည်နှင့်အမျှ ခန္ဓာကိုယ်မှာလည်း ပိုမိုနွမ်းနယ်လာသည်။ သူတို့သည် အဆုံးအစမရှိသည့် ထာဝရဘဝကို ရရှိလိုသည့်အတွက်သာ ဆက်လက်လျှာက်လှမ်းနေကြခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်ကျလျှင် ဤအဖွဲ့သည်လည်း မြွေပွေးများ၏ ရှာတွေ့ခြင်းခံရပေလိမ့်မည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော်လည်း ရာပေါင်းများစွာသော မြွေပွေးများအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
မြွေသင်္ချိုင်းမှ ထွက်ခွာလိုသူ ရှစ်ယောက်အဖွဲ့သည် မိုးကောင်းကင်၏ သနားကြင်နာမှုကြောင့် ဖြစ်နိုင်ပြီး သင်္ချိုင်းအတွင်းမှ ထွက်ခွာနိုင်မည့် နေရာသို့ ပိုမိုနီးကပ်လာလေသည်။ နောက်ထပ် တစ်ရက်၊နှစ်ရက်မျှ အကြာတွင် သူတို့သည် သင်္ချိုင်းထွက်ပေါက်သို့ ရောက်ရှိနိုင်ကြမည် ဖြစ်သဖြင့် ဤ ၈ ယောက်မှာ အလွန်စိတ်လှုပ်ရှားနေကြသည်။
သို့သော်လည်း သူတို့မသိသည်မှာ ယင်ရှောင်ရှောင်းအား ကျောပေါ်တွင်သယ်လာသည့် မော့လောင်တနှင့် မော့တာမော့တို့သည် သူတို့နောက်မှ လိုက်လာကြပြီး ထွက်ပေါ်နှင့် တဖြည်းဖြည်းချင်း နီးကပ်လာနေခြင်း ဖြစ်သည်ကို သူတို့မသိကြပေ။
မော့လောင်တ၏ မြွေသုံးကောင် အုပ်စုနှင့် လူ ၈ ယောက်အဖွဲ့ မည်သည့်အဖွဲ့က သင်္ချိုင်းထွက်ပေါက်သို့ အရင်ရောက်မည်ဟု ထင်ပါသနည်း။