အပိုင်း ၉၀
Viewers 13k

🐍Chapter 90



သဘာဝကျကျပင် မော့လောင်တသည် ထိုလူ ၈ ယောက်ထက် များစွာပိုမြန်သည်။ ထိုသည်မှာ မော့လောင်တ တစ်ကိုယ်တည်းသာဆိုလျှင် ဖြစ်သည်။ သို့သော်လည်း သူသည် ယင်ရှောင်ရှောင်းအား နောက်ကျောတွင် တင်ထားရပြီး ယင်ရှောင်ရှောင်း၏ ဒဏ်ရာမှာလည်း မကျက်သေးချေ။ ထို့ကြောင့် မော့လောင်တသည် ပုံမှန်အရှိန်ဖြင့်သာ သွားနေရသည်။ ဤသို့ဖြင့် မော့လောင်တသည် လူသား ၈ ယောက်ထက် ပိုမြန်သည်ဟု မဆိုနိုင်တော့ချေ။

သင်္ချိုင်းဖောက်ထွင်းသူများတွင် သူတို့သွားခဲ့သည့် လမ်းကြောင်းကို မှတ်မိရန်အတွက် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပြီး ထိုထွက်ပြေးလာသူ ၈ ဦးမှာလည်း ခြွင်းချက်မဟုတ်ပေ။ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် လမ်းကြောင်းမေ့၍ လမ်းလွဲသွားခဲ့ကြသေးသည်။ သို့သော်လည်း အားလုံးသည် ထွက်ခွာရန် အလွန်စိုးရိမ်ပူပန်နေသည့်အတွက် မကြာခဏဆိုသလို အငြင်းပွားမှုများ ရှိလာတတ်သည်။ လူတိုင်း၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာပြီး ဤအခြေအနေများအောက်တွင် ကြာရှည်စွာ ထိန်းထားနိုင်စွမ်း မရှိကြချေ။ နောက်ဆုံးတွင် သူတို့အားလုံး မောပန်းနွမ်းနယ်လာပြီး ကောင်းကောင်းသိနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာကြလေသည်။ ထိုနေရာသည် မြွေသင်္ချိုင်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့သော နေရာတစ်ခု ဖြစ်လေသည်။ ဤနယ်မြေတစ်ဝိုက်တွင် လွန်ခဲ့သည့်ရက်များစွာက လူသားများ ဝင်လာခဲ့သည့် ခြေရာပေါင်းများစွာ ရှိနေလေသည်။

ရုတ်တရက်ဆိုသလို ထိုလူ ၈ ဦး၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာ ရမှုများ ပြည့်နှက်လာသည်။ သူတို့သည် နယ်နိမိတ်၏ အစွန်းသို့ ရောက်ရှိတော့မည်ပင်။ မီတာအနည်းငယ်ခန့် ဖြတ်ကျော်ပြီးလျှင် ဤကြောက်မက်ဖွယ်ရာ နေရာမှ လွတ်မြောက်နိုင်ပေတော့မည်။

သို့သော်လည်း ကောင်းကင်ဘုံမှ ထိုမျှလောက်အထိ ကြင်နာခြင်းမရှိပေ၊

အတားအဆီးနံဘေးရှိ ချုံနွယ်ထူထပ်သော နေရာတစ်ဝိုက်တွင် ရုတ်တရက် တရွှမ်းရွှမ်းမြည်သံများ ထွက်ပေါ်လာသည်ကြောင့် လူ ၈ ယောက်၏ အာရုံကို ဆွဲဆောင်သွားလေသည်။ တစ်ယောက်ပြီးတစ်ယောက် အသံထွက်ပေါ်ရာ နေရာသို့ ကြည့်လိုက်ကြသည်။

အဖြစ်အပျက်မှာ မော့လောင်တ၊ ယင်ရှောင်ရှောင်းနှင့် မော့တာမော့တို့ အလျင်စလို ရောက်လာကြခြင်းဖြစ်သည်။

မော့လောင်တ၊ ယင်ရှောင်ရှောင်းနှင့် မော့တာမော့တို့သည် ၎င်းတို့နှင့် သိပ်မဝေးသည့်နေရာတွင် ရှိနေသည့် ထိုလူသားများကို မြင်ရရန် ချုံပုတ်ထဲမှ ထွက်လာကြသည်။

နှစ်ဘက်စလုံး ထိတ်လန့်သွားကြသော်လည်း လူသားများက ဦးစွာတုံ့ပြန်ခဲ့ကြသည်။

ထိပ်ဆုံးတွင်ရပ်နေသည့်လူသည် အံတင်းတင်းကြိတ်ကာဖြင့် အော်ပြောသည်။

“သူတို့ဘက်မှာ မြွေသုံးကောင်ပဲရှိတယ်.. ငါတို့မှာက လူ ၈ ယောက်.. သူတို့ကို ကြောက်နေစရာ မလိုဘူး.. ထွက်ပေါက်နဲ့ ၅ မီတာ ၆ မီတာလောက်ပဲ ဝေးတော့တာ.. ငါတို့သေချာပေါက် ထွက်သွားနိုင်ရမယ်..”

အဖြစ်အပျက်များ ဤအခြေအနေထိ ရောက်လာသည့်တိုင်အောင် ထိုလူက ဘာမှပြောမလာသေးသော်လည်း သူ့နောက်မှ လူ ၇ ယောက်သည် ထွက်ပေါက်ဆီသို့ ပြေးသွားကြလေပြီ ဖြစ်သည်။ တစ်ခုတည်းသောအရာမှာ အချိန်ကိုက် ပြောင်းလဲခြင်းပင်။ မည်သို့ပင်ဖြစ်စေ မြွေပွေးများ၏ အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် အရေးအကြီးဆုံးသောအရာမှာ အမြန်နှုန်းဖြစ်သည်မှာ ထင်ရှားလေသည်။

ထိုလူ၏ အော်ဟစ်သံကို မော့လောင်တတို့ မြွေသုံးကောင်အဖွဲ့လည်း ကြားလေသည်။ မော့လောင်တအနေဖြင့် သဘာဝကျစွာပင် ယင်ရှောင်ရှောင်းအား စစ်မြေပြင်သို့ သယ်ဆောင်သွားရန် မဖြစ်နိုင်သည့်အတွက် မော့လောင်တသည် ယင်ရှောင်ရှောင်းအား သူတို့ထွက်လာခဲ့သည့် ချုံပုတ်ထဲတွင် ချထားပြီးနောက် သတိပေးလိုက်သည်။

“ရှောင်ရှောင်း.. ကိုယ်တို့တိုက်ခိုက်နေတုန်း ထွက်မလာနဲ့နော်.. သိပြီလား..”

မော့လောင်တသည် ယင်ရှောင်ရှောင်း ဒဏ်ရာရခဲ့သည့် အဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာ အလွန်နာကျင်ခံစားခဲ့ရသဖြင့် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မကြုံချင်တော့ပေ။

ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သည်။

“စိတ်မပူနဲ့နော်.. ကျွန်တော် ထွက်လာပြီး တိုက်ပွဲထဲ ဝင်လာမှာ လုံးဝ မဟုတ်ပါဘူး..”

ထိုစကားများပြောနေစဉ်တွင် လူသားများဘက်မှ စတင်တိုက်ခိုက်မှု ပြုလာပြီဖြစ်သည်။ မဟုတ်.. တိုက်ခိုက်မှု မဟုတ်ပေ။ လူသားများဘက်မှ မော့လောင်တနှင့် မော့တာမော့တို့ နောက်တွင်ရှိသည့် ထွက်ပေါက်ဆီသို့ ရောက်နိုင်ရန် ပြေးလာကြခြင်းဖြစ်သည်။

မှန်သည်။ ထိုလူ ၈ ယောက်သည် မြွေပွေးများအား တိုက်ခိုက်လိုစိတ် လုံးဝမရှိကြချေ။ ယခုအချိန်တွင် သူတို့အားလုံး လွတ်မြောက်ဖို့ရန်သာ ဆန္ဒရှိကြသည်။ ထွက်ပေါက်မှာ မြွေပွေးများနောက်တွင် ရှိနေသည့်အတွက် သူတို့မှာ မြွေပွေးများဆီသို့ ပြေးဝင်ရန်မှလွဲ ရွေးချယ်ရန် မရှိတော့ပေ။

လွတ်မြောက်ရန်မှာ ထိုလူ ၈ ဦး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော်လည်း ထိုလူ ၈ ဦးအား သတ်ဖြတ်ရန်မှာ မော့လောင်တနှင့် မော့တာမော့တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ ထိုလူ ၈ ဦးသာ မြွေပွေးများအား စည်းစည်းလုံးလုံးဖြင့် တိုက်ခိုက်ရန် စိတ်ကူးခဲ့လျှင် သူတို့အနေဖြင့် အချိန်အနည်းငယ်ကြာသည်အထိ ခံနိုင်ရည်ရှိပေလိမ့်မည်။ သို့သော်လည်း တစ်ယောက်စီမှာ သူတို့လွတ်မြောက်ရန်သာ အာရုံစိုက်ထားကြသဖြင့် နောက်ဆုံးတွင် မော့လောင်တနှင့် မော့တာမော့တို့အား ခါးခါးသီးသီး ရှုံးနိမ့်သွားကြရသည်။ မော့လောင်တနှင့် မော့တာမော့တို့သည် တုန်လှုပ်ခြင်းမရှိဘဲ လူသားများကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့အတွက် လူသားများကို သတ်ဖြတ်ခြင်းမှာ နယ်နိမိတ်အတွင်ရှိ ကြွက်များကို သတ်သလိုပင် ဖြစ်သည်။ မြွေပွေးများအနေဖြင့် ကြွက်များအပေါ် သနားညှာတာမှု ရှိတတ်ကြသလား။ ကြွက်များကိုသတ်ခြင်းနှင့် လူသားများကို သတ်ခြင်းကြားမှ ခြားနားချက်မှာ ကြွက်များအား စားသောက်ဖို့ရန် သတ်ဖြတ်ခြင်းဖြစ်ပြီး လူသားများကိုမူ သတ်ချင်လို့ သတ်ခြင်းသာ ဖြစ်ပြီး ထို့ထက်မပိုပေ။

မော့လောင်တနှင့် မော့တာမော့တို့မှာ လျင်မြန်ကြသော်ငြား ငါးမီတာ၊ ခြောက်မီတာ အကွာတွင်ရှိသည့် လူသားများအား အချိန်တိုအတွင်း သတ်ဖြတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ အဆုံးတွင် မြွေပွေးနှစ်ကောင်သာရှိပြီး ချုံပုတ်ထဲတွင် ပုန်းနေရန်သာ တတ်နိုင်သည့် ယင်ရှောင်ရှောင်းအား ထည့်တွက်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် အရာအားလုံးကြားမှ အဆုံးတွင် လူတစ်ဦးသည် နယ်နိမိတ်အတွင်းမှ လွတ်မြောက်သွားခဲ့သည်။

ဤတစ်လျှောက်လုံးတွင် ယင်ရှောင်ရှောင်းသည် ချုံပုတ်ထဲတွင်သာ ရှိနေပြီး မြက်ပင်များအကြားမှ ကြည့်နေခဲ့သည်။

‘ဝိုး.. ငါတို့ရဲ့ တဟေးတန်က တကယ်မိုက်တာပဲ.. တစ်ချက်ကိုက်တာနဲ့ တစ်ယောက်သေတာနော်.. ကျွတ်.. မော့တာမော့က အားနည်းလွန်းတယ်.. ငါတို့ရဲ့ တဟေးတန်က လူသုံးယောက် သတ်ပြီးတဲ့အချိန်မှာ သူက တစ်ယောက်ပဲ သတ်ရသေးတယ်..’

ယင်ရှောင်ရှောင်းသည် ချုံပုတ်ထဲတွင် ပုန်းနေပြီး တိုက်ပွဲအား ခိုးကြည့်ကာ မော့လောင်တနှင့် မော့တာမော့တို့ လူသား ၈ ဦးအား အမြစ်ဖြတ်နေသည်ကို ကြည့်ရင်း ရွှင်မြူးလို့နေသည်။ သို့သော်လည်း ရုတ်တရက် အပြောင်းအလဲ ဖြစ်လာခဲ့သည်။ လူသားတစ်ဦးသည် မော့လောင်တနှင့် မော့တာမော့တို့ လျစ်လျူရှုထားသည့် နေရာအား အခွင့်ကောင်းယူကာဖြင့် စည်းပြင်ပသို့ ပြေးထွက်သွားလေသည်။

ထိုအချိန်တွင် ယင်ရှောင်ရှောင်း ခေါင်းပူလာသလို ခံစားရပြီး အတွေးတစ်ခုသာ ကျန်ရှိတော့သည် _ အဲဒီလူကို လုံးဝလွတ်မြောက်ခွင့် မပြုနိုင်ဘူး..။ ခန္ဓာကိုယ်သည် သူ၏စိတ်ထက် လျင်မြန်စွာ ရွေ့လျားနေပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်သည် အတားအဆီးရှိရာသို့ ပြေးသွားနေသည်။

သို့သော် ယင်ရှောင်ရှောင်းသည် မြွေပွေးတစ်ကောင်အနေဖြင့် အတားအဆီးပြင်ပသို့ ထွက်သွားရန် မဖြစ်နိုင်ကြောင်း သိထားသည်။ အတားအဆီးရှိရာသို့ ပြေးသွားမည်ဆိုလျှင် သေချာပေါက် ခေါင်းဆောင့်မိခြင်းနှင့် အဆုံးသတ်လိမ့်မည်။

သို့သော်လည်း ယင်ရှောင်ရှောင်း အံ့အားသင့်ရသလို လူသား ၇ ဦးအား သတ်ဖြတ်ခဲ့ပြီးဖြစ်သည့် မော့လောင်တနှင့် မော့တာမော့တို့၏ မယုံကြည်နိုင်မှုတို့ အောက်မှာပင် ယင်ရှောင်ရှောင်းသည် အတားအဆီးအား အမှန်တကယ် ဖြတ်သန်းသွားခဲ့လေသည်။

“ရှောင်ရှောင်းးးးးး......”

မော့လောင်တ စိုးရိမ်ပူပန်နေသည့် နှလုံးသားဖြင့် အော်ဟစ်လိုက်သည်။ အတားအဆီးအား ခန္ဓာကိုယ်နှင့် အညှာအတာမရှိ ဝင်တိုက်လိုက်သည်။ မော့လောင်တ အလွန်သန်မာသည့်တိုင်အောင် အတားအဆီးမှနေ ပြင်ပလူသားကမ္ဘာသို့ ဖြတ်ကျော်နိုင်စွမ်း မရှိချေ။ ထို့အစား ခန္ဓာကိုယ်ဖြင့် အတားအဆီးအား ထပ်တလဲလဲ ဝင်ဆောင့်လို့နေသည်။ သူ၏မျက်လုံးများမှာ နီရဲကာ မျှော်လင့်ချက်မဲ့လို့နေပြီး နှလုံးသားထဲတွင် လူသားများအပေါ် မုန်းတီးမှုများ၊ နာကြည်းမှုများ ပြည့်နှက်လို့နေသည်။

ရှောင်ရှောင်း.. သူ့ရဲ့ရှောင်ရှောင်းလေးဟာ အရမ်းနုနယ်ပြီး အရွယ်မရောက်သေးချေ။ သူ့အနေဖြင့် လူသားကမ္ဘာသို့ တစ်ကောင်တည်းထွက်သွားခွင့် မပြုနိုင်ပါလေ။ အပြင်ဘက်တွင် လူသားတွေအများကြီး ရှိနေပါက မည်သို့လုပ်မည်နည်း။ ပြင်ပကမ္ဘာမှ လူသားများက ရှောင်ရှောင်းအား သတ်ဖြတ်လိုနေလျှင် မည်သို့လုပ်မည်နည်း။ မဟုတ်ဘူး။ သူ့အနေဖြင့် ထိုကဲ့သို့သောအရာမျိုး ဖြစ်လာခွင့် လုံးဝမပြုနိုင်။ ရှောင်ရှောင်းအား အရှက်တကွဲ မဖြစ်စေရန်နှင့် ထိခိုက်ဒဏ်ရာ မရစေရန် ကာကွယ်ပေးမည်ဟု ဆိုခဲ့သော်လည်း ရှောင်ရှောင်း ဒဏ်ရာရခဲ့သည့် နောက်ဆုံးအကြိမ်တွင် သူ၏ကတိအား ချိုးဖောက်ခဲ့ပြီးဖြစ်လေသည်။ ဤတစ်ကြိမ်တွင်မူ သူ့အနေဖြင့် မယုံကြည်နိုင်လောက်အောင် ရှောင်ရှောင်းအား ဆုံးရှုံးလိုက်ရသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးအား မည်သို့ခံနိုင်ရည်ရှိမည်နည်း။

“ရှောင်ရှောင်း.. ကိုယ့်ရဲ့ ရှောင်ရှောင်းလေး..”