အပိုင်း ၉၁
Viewers 13k

🐍Chapter 91




မော့တာမော့သည် မော့လောင်တ၏ ထိတ်လန့်တုန်လှုပ်နေသည့် အပြုအမူများအားကြည့်ကာ ပြောစရာစကား မဲ့လို့နေသည်။ ဘာပြောနိုင်ဦးမည်နည်း။ မော့တာမော့ အဝေးသို့ပင် အကြည့်မလွှဲနိုင်ပေ။ ကနဦးတွင် အရာအားလုံး ဆန့်ကျင်ဘက်များ ဖြစ်နေကြသဖြင့် တစ်နေ့တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ လက်တွဲဖော်များ ဖြစ်လာကြလိမ့်မည် မဟုတ်ဟု မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့မိသည်။ ယခုတွင်မူ ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည့်တိုင် အရာအားလုံးမှာ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အိပ်မက် တစ်ခုသာဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် ယခုအချိန်တွင် မော့လောင်တတို့ဘက်ခြမ်းအား ခေတ္တထားကာ ယင်ရှောင်ရှောင်းဘက်ခြမ်းသို့ ကြည့်ကြပါစို့။

အတားအဆီးအား ချောချောမွေ့မွေ့ ဖြတ်သန်းပြီးနောက်တွင် ယင်ရှောင်ရှောင်း မျက်စိပြာသွားသည်။ ယခုအချိန်မှာ ယင်ရှောင်ရှောင်းအတွက် မျက်စိပြာနေရန် အချိန်ကောင်းမဟုတ်ပေ။ ထွက်ပြေးသွားသည့် လူသည် သူ့အား ယခုထိ ရှာမတွေ့သေးသည်ကို အခွင့်ကောင်းယူပြီး ယင်ရှောင်ရှောင်း ပုန်းနေလိုက်သည်။ ယင်ရှောင်ရှောင်း၏ ပုန်းနေသည် ဆိုသည့်အရာမှာ သဲထဲတွင် ကိုယ်ကိုနှစ်ကာ မျက်လုံးနှစ်လုံးဖော်ပြီး တိတ်တဆိတ်ချောင်းကြည့်နေခြင်း ဖြစ်သည့်အကြောင်း ဝန်ခံပါသည်။

ဒီလူသေမှဖြစ်မယ်။ 

ဤသည်မှာ ယင်ရှောင်ရှောင်း အတားအဆီးအတွင်းသို့ မပြန်ရသေးသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။ ယင်ရှောင်ရှောင်း မြင်သည့်အတိုင်းဆိုလျှင် သင်္ချိုင်းဟောင်းထဲသို့ ဝင်လာသည့် လူသားအားလုံး အသတ်ခံရမည်။ လွတ်မြောက်ပြီး လူသားများ ထပ်မံခေါ်လာခွင့် မပြုနိုင်ပါ။ ဤလူသာ လွတ်မြောက်သွားမည်ဆိုလျှင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို နှုတ်ဆိတ်ကာနေမည်ဟု တွေးကြည့်လျှင်ပင် မဖြစ်နိုင်ချေ။

ယင်ရှောင်ရှောင်း သဲထဲတွင် မလှုပ်မယှက်ပုန်းနေကာ ထိုလူအား သတ်ဖြတ်ရန် အချိန်ကောင်းကို စောင့်နေလေသည်။ ယင်ရှောင်ရှောင်းသည် သူ၏စွမ်းရည်ဖြင့် ထိုလူ၏ အဝတ်အစားများကို ကိုက်၍ ခန္ဓာကိုယ်ထဲသို့ အဆိပ်ထိုးသွင်းရန် မဖြစ်နိုင်ကြောင်း ကောင်းကောင်းသိလေသည်။ ထို့ကြောင့် အောင်မြင်ချင်လျှင် ထိုလူ အဝတ်များချွတ်ပြီးသည့်အထိ စောင့်ဆိုင်းရမည်။ 

ဤလူလွတ်မြောက်သွားရသည် ဆိုခြင်းမှာ ရှင်သန်ရန် အခြေအနေများပေးလာခြင်းကြောင့်ပင်။ ထိုလူသည် သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ အဖွဲ့ထဲမှ လွတ်မြောက်လာသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည်။ ထို့အပြင် သူသည်သာ အတားအဆီး၏ အပြင်ဘက်သို့ လွတ်မြောက်လာနိုင်ခဲ့သူလည်းဖြစ်သည်။ ဤသည်က ကံကောင်းခြင်း မဟုတ်ခဲ့လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။

ထိုလူသည် မြွေပွေးများ အတားအဆီးကို ဖြတ်ကျော်ပြီး လူသားများရှိရာသို့ ရောက်မလာနိုင်ကြောင်း သိထားသည့်အတွက် အတားအဆီးအပြင်သို့ ရောက်သည့်အခါ ပါးစပ်အပြည့် လေအဝရှူပြီးနောက် စိတ်သက်သာရာ ရသွားမိသည်။ မြွေသင်္ချိုင်းအပြင်ဘက် သဲကန္တရအတွင်းမှ လေသည် ပူလောင်နေသော်လည်း လေအဝရှူလိုက်တိုင်း လတ်ဆတ်သန့်ရှင်းနေသလို ခံစားရသည်။

သဲကန္တာရအတွင်း၌ အဖွဲ့ရှစ်ဖွဲ့ ရောက်လာစဉ်က စီးခဲ့ကြသော မော်တော်ယာဉ်များ ရှိနေဆဲဖြစ်ကာ သဲထူထပ်စွာ ဖုံးလွှမ်းနေပြီဖြစ်သည်။ 

မူလက ထိုနေရာသို့အဖွဲ့ ၈ ဖွဲ့ ရောက်လာပြီးသည့်နောက်တွင် အဖွဲ့တစ်ဖွဲ့ချင်းစီ၏ လမ်းပြများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့သည်။ အခြားအဖွဲ့သားများသည် တစ်လအကြာတွင် သူတို့အဖွဲ့၏ လမ်းပြသည် ၎င်းတို့ကို ရှာဖွေရန် ဆယ်ရက်ကြာအောင် စောင့်မည်ကို မသိခဲ့ကြပေ။ ထို့နောက်တွင် သူတို့ ထွက်ခွာသွားပြီဟုထင်လျှင် လမ်းပြက တစ်ယောက်တည်း ထွက်သွားလိမ့်မည်။ မြွေသင်္ချိုင်းတွင်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ရက်ပေါင်း နှစ်ဆယ်နီးပါး ကုန်ဆုံးသွားခဲ့သည်။ တစ်နည်းဆိုရသော် ထိုလူသည် နောက်ထပ်ဆယ်ရက် သို့မဟုတ် ထိုမျှလောက်စောင့်ဆိုင်းနေသရွေ့ သူသည် ဤသဲကန္တာရမှ ထွက်ခွာပြီး သာမန်လူ့အဖွဲ့အစည်းထဲသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။

သဲကန္တာရတွင် တစ်ယောက်တည်းနေထိုင်ခြင်းသည် အနည်းငယ်မျှပင် ပျော်ရွှင်ဖွယ်ကောင်းသော အနေအထား မဟုတ်သော်လည်း ထိုလူသည် အနည်းငယ်သက်သာရာရသေးသည်။ အနည်းဆုံးတွင် ထိုနေရာသည် မြွေသင်္ချိုင်းနှင့် မတူဘဲ ထိုကြောက်စရာကောင်းသော မြွေများ မရှိပေ။ ထိုအကြောင်းကို တွေးကြည့်လျှင် ဤလူသည် ကြောက်စိတ်များပေါက်ကွဲမတတ် တသီတတန်းကြီး ခံစားနေရသည်။  

သူကြုံတွေ့ခဲ့ရတဲ့ နောက်ဆုံးမြွေနှစ်ကောင်က တကယ်ကို ကိုင်တွယ်ရ အခက်ဆုံးပဲ ...

သူ့ဘေးတွင် လူရှစ်ယောက်ရှိခဲ့ပြီး ထွက်ပေါက်က မီတာအနည်းငယ်သာကွာဝေးပြီး ထိုသို့သော အရာများရှိခဲ့သော်လည်း သူ့တစ်ယောက်သာလျှင် ထွက်ပြေးလွတ်မြောက်သွားနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။

ထိုလူက ခေါင်းခါလိုက်သည်။ ထိုအကြောင်းကို သူပြန်မတွေးခြင်းက ပိုကောင်းသည်။ သူလှန်လှော၍ မွှေနှောက်လိုက်သောအခါ သူ့အဖွဲ့နှင့် တခြားအသင်းများ၏ ကားထဲတွင် များပြားလှသောရိက္ခာနှင့် သောက်သုံးနိုင်သော ရေအမြောက်အများကို တွေ့လိုက်ရသည်။ အနည်းဆုံး သူသည် ကျန်ဆယ်ရက်အတွင်း အစားအသောက်နှင့် သောက်စရာများအတွက် စိတ်ပူစရာမလိုတော့ပြီဟု ထင်ရသည်။

ထိုလူသည် ပူပြင်းသောနေရောင်ကိုကြည့်ရန် ခေါင်းမော့လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် ကားဆီသို့ပြန်လှည့်ကာ အဝတ်အစားတစ်ထည်ကို ဆွဲထုတ်လိုက်ပြီး အဝတ်လဲရန် ကြံရွယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မြွေသင်္ချိုင်းမှ ထွက်သွားပြီဖြစ်သောကြောင့် ဤအထူးအဝတ်အစားကို ဆက်ဝတ်နေရန် မလိုအပ်တော့ပေ။ ထိုအဝတ်အစားများက အမှန်တကယ်ကို လေးလံလွန်းသည်။ ၎င်းတို့ကို ၀တ်ဆင်ထားခြင်းကြောင့် ပိတ်လှောင်နေပြီး ပူအိုက်သလိုခံစား ရသည်။

ထိုလူနှင့် သိပ်မဝေးသောနေရာတွင် ပုန်းနေသော ယင်ရှောင်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ အလွန်ကောင်းသည်၊ နောက်ဆုံးတွင် သူ့အခွင့်အရေး ရောက်လာပြီဖြစ်သည်။ ယင်ရှောင်ရှောင်းသည် သဲထဲမှ မထွက်ဘဲ ပုန်းနေရမည့်အစား ထိုလူဆီသို့ သူ့လမ်းကြောင်းအတိုင်း ဖြည်းညင်းစွာ လျှောက်လာသည်။

ထိုလူသည် အဝတ်အစားများကို အမြန်လဲလိုက်သည်။ ထို့နောက် ရေအနည်းငယ်ထုတ်ပြီး အလျင်စလို မြိုချလိုက်သည်။

ထိုလူသည် ရေသောက်ပြီးသည်နှင့် ကားထဲသို့ဝင်တော့မည်ကို မြင်လိုက်ရသောအခါ ယင်ရှောင်ရှောင်း အနည်းငယ်စိုးရိမ်သွားပြီး ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် ထိုလူဆီသို့ တဟုန်ထိုးပြေးလာသည်။

ကန္တာရသည် တိတ်ဆိတ်နေ၏။ ထိုနေရာတွင် လူ့အသံနှင့် တိရိစ္ဆာန်အသံများ မရှိပေ။ ယင်ရှောင်ရှောင်း ၏ လျှောတိုက်သွားသံကို ဖုံးကွယ်ရန် နည်းလမ်းမရှိချေ။ ထိုလူက သူ့ကို ကြားရသည်။

လူက ထိတ်လန့်သွားသည်။ 

 ဒီအသံကို သူ လုံးဝ မေ့နိုင်မှာ မဟုတ်ဘူး... 

မြွေများ လျှောတိုက်သွားနေသည့် အသံသည် သူ၏ အနာဂတ် အိပ်မက်ဆိုးများတွင် ထာဝစဉ် ပါဝင်နေပေလိမ့်မည်။  

သူဘယ်လိုမေ့နိုင်မှာလဲ...

ချက်ခြင်းပင် ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး ကားထဲတွင် ပုန်းနေချင်ခဲ့သည်။ သို့သော် သူ အလွန်နောက်ကျသွားပြီဖြစ်သည်။

ယင်ရှောင်ရှောင်းသည် ထိုလူ၏ခြေအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ သူကရုတ်တရက် သဲအောက်မှ ခုန်လိုက်ပြီး ထိုလူ၏ခြေသလုံးပေါ်ကို ကိုက်လိုက်သည်။

ထိုလူက အော်ဟစ်ကာ ခါးကိုငုံ့ထားလိုက်ပြီး သူ့ခြေထောက်အား ကိုက်ထားသော ယင်ရှောင်ရှောင်းကို ဖမ်းကိုင်လိုက်ပြီး သူ့အရေပြားပေါ်မှ အသားတော်တော်များများကို ဖယ်ရှားပြီးနောက် သူ့ကို အဝေးသို့ ပစ်ပေါက်ချလိုက်သည်။ ထိုလူသည် ဒဏ်ရာကိုကြည့်လိုက်ပြီး မတတ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ငယ်သံ‌ပါအောင် ထပ်အော်လိုက်သည်။ ဒဏ်ရာက ခရမ်းရောင်ပြောင်းကာ မည်းမှောင်သွားပြီး အရောင်များ မြန်မြန်ပြန့်သွားသည်။ ထိုလူ၏သေဆုံးမှုသည် ယခုအချိန်တွင် မလွဲမသွေဖြစ်သည်။ ထိုလူ သတိလစ်သွားကာ မြေပေါ်သို့ လဲကျသွားသည်နှင့်အမျှ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ကျန်တော့သည်- ငါ့ရဲ့နောက်ဘဝကျရင် ငါဟာ သင်္ချိုင်းဓားပြဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ငါကျိန်ဆိုတယ်...

ဖမ်းဆွဲချခံရပြီးနောက် ယင်ရှောင်ရှောင်းသည် မြေပြင်နှင့် ထိမိပြီးနောက် မူးဝေသွားခဲ့သည်။ ဦးခေါင်းကို ခါယမ်းပြီး သတိပြန်ရလာသောအခါ ထိုအမျိုးသားသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ယင်ရှောင်ရှောင်း သည် နောက်ဆုံးတွင် သူ့ပတ်ဝန်းကျင်ကို ကြည့်ရန် အချိန်ရခဲ့သည်။

သူပထမဆုံးမြင်လိုက်ရသည်က သဘာဝအတိုင်း ကန္တာရတစ်ခုဖြစ်သည်။ ထိုမှလွဲ၍ သဲကန္တာရတစ်ခုသာလျှင် ဖြစ်ခဲ့သည်။ ယင်ရှောင်ရှောင်းသည် လွမ်းဆွတ်သောအရိပ်အမြွက်ဖြင့် သက်ပြင်းချလိုက်ပြီး အတားအဆီး ရှိရာဆီသို့ ဖြည်းညှင်းစွာ လျှောတိုက်လိုက်သည်။

တကယ်တွင် သင်္ချိုင်းဟောင်းသည် ထိုသဲကန္တာရထဲ၌ အမြဲတည်ရှိနေပြီး လစဉ် ၁၅ရက်မြောက်နေ့တွင် ထိုနေရာကို ရုတ်တရက် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ၎င်းအစား အကြောင်းအရင်း မသိရဘဲ လတိုင်း၏ ဆယ့်ငါးရက်မြောက်နေ့တွင်သာ လူသားများသည် သင်္ချိုင်းဟောင်းကို မြင်နိုင်ပြီး ၎င်းသည် ရုတ်တရက် ပေါ်ပေါက်လာပုံပေါ်သည်ဟုသာ ထင်မြင်စေသည်။ ယင်ရှောင်ရှောင်းသည် ယခု သင်္ချိုင်းဟောင်းကို မြင်နေရဆဲဖြစ်ပြီး သူသည် လူရော မြွေပါ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ ခပ်ဝါးဝါး စိမ်းစိုနေသော အစိတ်အပိုင်းတစ်ခုကဲ့သို့ ထင်ရသော်လည်း ဒါသည် ယင်ရှောင်ရှောင်း အတွက် သင်္ချိုင်းဟောင်း၏ တည်နေရာကို ရှာဖွေပြီး သင်္ချိုင်းဟောင်းထဲသို့ သူ့လမ်းကြောင်းအတိုင်းဝင်ပြီး ဖြတ်ကျော်နိုင်စေဖို့ လုံလောက်သည်။

ယင်ရှောင်ရှောင်းသည် အတားအဆီးရှိရာသို့ လျှောတိုက်သွားပြီးနောက် သင်္ချိုင်းဟောင်းထဲသို့ ဝင်သွားသည်။ ယင်ရှောင်ရှောင်း၏ ခေါင်းတစ်ဝက်လောက် ဝင်သွားလိုက်သည်နှင့် သူ့ခေါင်းက ရုတ်တရက် နာကျင်သွားသည်။ ယင်ရှောင်ရှောင်း၏ပါးစပ်မှ "အားးး...." ဟု အော်ဟစ်သံ ထွက်လာသည်။ သူ့ခေါင်းကို စည်းထဲမှ တွန်းထုတ်ခံလိုက်ရပြီး ယင်ရှောင်ရှောင်းသည် သဲကန္တာရထဲတွင် သူ့ကိုယ်သူ ထပ်မံတွေ့ရှိလိုက်ရသည်။

တစ်ဘက်တွင်မူ အတားအဆီးရှိရာသို့ ပြေးတိုက်နေဆဲဖြစ်သည့် မော့လောင်တ ကြောင်ကြည့်နေမိသည်။

အခုပဲ ပျော့ပျောင်းတဲ့ အရာတစ်ခုကို သွားတိုက်မိလိုက်သလိုပဲ.. ရှောင်ရှောင်းရဲ့ အော်သံကိုလည်း ကြားလိုက်တာလားလို့..

“..ရှောင်ရှောင်းလား..”

မော့လောင်တသည် အတားအဆီးရှိရာသို့ ပြေးသွားသည်အား ရပ်လိုက်သည်။ ထို့အစား ခေတ္တမျှကြာပြီး‌နောက် အတားအဆီးရှိရာသို့ အလျင်စလို ပြေးသွားပြီးနောက် အော်ဟစ်လိုက်သည်။

မော့တာမော့ : “….”

ယင်ရှောင်ရှောင်းသည် ခက်ခက်ခဲခဲနှင့် သဲပြင်ပေါ်မှ ထကာ ခေါင်းကို အမြီးဖြင့် ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။

“နာတယ်နော်.. နာလိုက်တာ.. အခုလေးတင် ဘာနဲ့ဝင်တိုက်မိတာလဲ.. အဲဒါက တကယ်ကြီး နာတာနော်..”

သူ့ခေါင်း သိပ်မနာတော့သည့်အထိ စောင့်နေပြီး ယင်ရှောင်ရှောင်း သည် နယ်နိမိတ်ဆီကို နောက်တစ်ကြိမ် လျှောတိုက်သွားသည်။ ယခုတစ်ကြိမ်တွင်မူ ထိုအရာနှင့် နောက်တစ်ကြိမ် ဝင်တိုက်မိမည်ကို စိုးရိမ်သည့်အတွက် အထူးဂရုစိုက်နေမိသည်။

ဟမ်... ဒီတစ်ခါတော့ အဲဒီမှာမရှိဘူးလား...

ထို့ကြောင့် ယင်ရှောင်ရှောင်း ရွှင်မြူးစွာဖြင့် ဝင်လာခဲ့သည်။

သူ့ရှေ့ရှိ မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့်တပြိုင်နက် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ မော့လောင်တ၏ တင်းတင်းကြပ်ကြပ် ပွေ့ဖက်မှုအား ခံလိုက်ရသည်။

“ကျွန်.. ကျွန်တော် လည်ပင်းအစ်တော့မယ်လို့.. မြန်မြန်.. လွှတ်.. လွှတ်ပေးဦး..”

ယင်ရှောင်ရှောင်း၏ မျက်လုံးများမှာအဖြူရောင်ပေါ်သည့်အချိန်အထိ လူးလိမ့်နေပြီဖြစ်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ချက်ချင်းလွှတ်လိုက်ပြီးနောက် အခြားဒဏ်ရာများ မရှိကြောင်း သေချာစေရန်အတွက် ယင်ရှောင်ရှောင်းအား အကြိမ်ပေါင်းများစွာ စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်း လုံခြုံဘေးကင်းကြောင်း သိလိုက်ရမှသာ မော့လောင်တ စိတ်အေးနိုင်တော့သည်။ မော့လောင်တသည် အတားအဆီးအပြင်သို့ အလျင်စလို ပြေးထွက်သွားသည့် ယင်ရှောင်ရှောင်းအား လွယ်လွယ်လေး ခွင့်လွှတ်လိုက်မည် မဟုတ်ချေ။

“အရူးပေါက်လေး.. လိမ်လိမ်မာမာနဲ့ ချုံပုတ်ထဲမှာပဲနေဖို့ ကိုယ်မပြောထားဘူးလား.. ဘာဖြစ်လို့ ခွင့်ပြုချက်မရှိဘဲ ပြေးသွားရတာလဲ..”

“ကျွန်.. ကျွန်တော် အဲလိုလုပ်တာ မဟုတ်ပါဘူး..”

ယင်ရှောင်ရှောင်း သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ကြိုးစားသည်။

“တိုက်ပွဲထဲ ဝင်မပါနဲ့လို့ပဲ ခင်ဗျားပြောထားတာလေ.. တပ်ပြေးတွေနောက်ကို မလုပ်ဖို့ ပြောထားတာမှ မဟုတ်ဘဲနဲ့..”

“ပြန်ပြောရဲသေးတာလား..”

မော့လောင်တ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အတားအဆီးအပြင်ကို ပြေးထွက်သွားတာ ဘယ်လောက်တောင် အန္တရာယ်များလဲ မင်းသိလား.. ပြီးတော့ မင်းက ထွက်သွားပြီးတာနဲ့ ချက်ချင်း ပြန်ဝင်လာတာ မဟုတ်ဘူး..”

“ကျွန်တော် ပြန်မလာခင် အဲဒီလူကို သတ်ပစ်လိုက်တာကြောင့်လေ..”

ထိုသို့ပြောရင်း ယင်ရှောင်ရှောင်း အနည်းငယ် ဘဝင်မြင့်ချင်သွားသည်။

“တဟေးတန်.. ကျွန်တော်ပြောပြမယ်.. အဲဒီလူကို တကယ်သတ်ပစ်လိုက်တာသိလား.. ဟီးဟီး.. ကျွန်တော်တော်တယ်မလား.. ဟုတ်တယ်မလားလို့..”

ဘဝင်လေဟပ်နေသည့် ဤအရူးပေါက်လေးမှာ သူမည်မျှစိုးရိမ်နေခဲ့ကြကြောင်း နားမလည်သည်ကို မြင်သည့်အခါ မော့လောင်တ အခြားမည်သည့်စကားမျှ ထပ်ပြောလိုစိတ် မရှိတော့ပေ။ သူ၏အရူးပေါက်လေးမှာ နေ့စဉ်နေ့တိုင်း ဤကဲ့သို့ ပျော်ရွှင်မှုနှင့် အကောင်းမြင်မှုကို ခံစားသင့်သော်လည်း ထိုအရာမှာ သူကိုယ်တိုင်ယူဆောင်လာသည့် အရာများဖြစ်လျှင်တောင် မည်ကဲ့သို့သော ဘေးအန္တရာယ်မျှ မခံစားသင့်ချေ။ မော့လောင်တသည် ဘဝင်လေဟပ်နေသည့် ယင်ရှောင်ရှောင်းအား တွယ်ချိတ်ကာ ခပ်ပြင်းပြင်းလေး အနမ်းပေးလိုက်သည်။

ဒီတစ်ကြိမ်တော့ ရှိစေတော့ပေါ့ အရူးပေါက်လေး..