အပိုင်း ၅၃
Viewers 10k

Chapter 53

 အံ့သြသွားရတယ်



မုန့်ယွမ်ကလည်း ယွီနျန့်ကို ထိုအကြောင်းပြောပြနေသည်။


" မင်းရဲ့မြေခွေးမြီးက ရောင်းကုန်သွားပြီရော...စင်ပေါ်မထားရသေးခင် ကုန်သွားတာတဲ့လေ...မနေ့က ဒါရိုက်တာမက်ဆာရဲ့လက်ထောက်နဲ့ ဖုန်းပြောဖြစ်သေးတယ်...တစ်ဖက်လူကပြောတာတော့ သူလည်း မင်းရဲ့ဆွဲဆောင်မှုအားကြောင့် အရမ်းအံ့သြသွားရတယ်ပြောတယ်"


ယွီနျန်က ကားနောက်ခုံတွင် ထိုင်နေခြင်းဖြစ်သည်။ မုန့်ယွမ်ပြောလိုက်သည့် အကြောင်းရာကိုကြားလိုက်စဥ် သူက ကြော်ငြာဇာတ်ညွှန်းကို ငုံ့ကြည့်နေရာမှ အလွန်အံ့အားသင့်သွားရသည်


 " ဟာဆီရဲ့ မြေခွေးမြီးလား...တစ်ခုကို ယွမ်၁သိန်း၂သောင်းကျတယ်လို့ပြောတာ မှတ်မိပါသေးတယ်"


"ဟုတ်တာပေါ့...ဒီစျေးနှုန်းကြီးနဲ့ ဘယ်ကအာဏာရှင်ဖန်ကြီးကများ အသက်တစ်ရှိုက်စာအတွင်း အခု၂၀လုံးဝယ်လိုက်တာပါလိမ့်...ကျွတ်...တကယ်ချမ်းသာတာပဲ ပစ္စည်းအတူတူပဲကို ၂မီလီယမ်လောက် သုံးပစ်တယ်...အခြားသူတွေနဲ့ ပုံစံတူမရှိချင်လို့ပေါ့လေ"


လူရိပ်တစ်ခုက ယွီနျန်ရှေ့ပေါ်လာ၍ မကြာမီ ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။ ရွှယ်ယုံမဖြစ်နိုင်ပါဘူး....။


မုန့်ယွမ်က စိတ်ခံစားချက်အပြည့်နှင့် ပြောဆိုနေရင်း မေးလာသည် " မင်း မနေ့က နောက်ဆုံးပြန်လည်စစ်ဆေးခြင်း ရှိတယ်မို့လား...ခြေထောက်က ပြဿနာရှိသေးလား"


"ဘာမှမရှိတော့ပါဘူး...ဆရာဝန်ကပြောတာ ပြန်လည်သက်သာတာက အရမ်းကောင်းတာမို့ အဆစ်လွဲတာလည်း မရှိဘူးတဲ့" ယွီနျန်က မုန့်ယွမ်စိတ်ပူနေမည်စိုး၍ စစ်ဆေးချက်ရလဒ်ကို ထုတ်ပြလိုက်သည်။


ဖတ်ပြီးမှသာ မုန့်ယွမ်က စိတ်အေးသွားပြီး အချိန်ဇယားကို လှန်လှောကြည့်နေရင်း ပြောလာသည် 


" ပြင်ဆင်ထားတဲ့ ဒီတစ်ခေါက်epမှာ သီချင်း၅ပုဒ်ပါမယ်...စတိုင်အတိုင်းသွားဖို့အတွက် ဖုန်ထင်း၊ကျောက်ယန်နဲ့ လျူယင်းယန်တို့ ဖန်တီးထားတဲ့ အဓိကအပုဒ်အပါအဝင်လေးပုဒ်ရှိမယ် သူတို့သုံးယောက်က ရွှေတံဆိပ်ဆုရတွေလေ...လွန်ခဲ့တဲ့နှစ်နှစ်က ထုတ်လုပ်ခဲ့တဲ့ အလုပ်တွေလည်း တော်တော်ကောင်းတာ...အရင်တုန်းက ရက်ချိန်းယူထားပြီးသားဆိုတော့ တွက်ကြည့်ရင် နှစ်ရက်အတွင်း သီချင်းထွက်လာလိမ့်မယ်...မင်းကို အရင်ဆုံးပေးကြည့်မှာပါ"


မုန့်ယွမ်က ထိုကိစ္စအကြောင်း ပြောထားဖူး၍ ယွီနျန်က ခေါင်းစဥ်ပြောင်းမေးလိုက်သည် " ဟုတ်ကဲ့ပါ...နောက်ဆုံးတစ်ပုဒ်ကရော...ဆရာကျန်းချောင်နဲ့ ဆရာကျန်းပေါ်တို့ ရေးထားတာလား"

 

"ဟုတ်တယ်...တစ်ဖက်က လက်ဦးယူပြီး ဆွေးနွေးလာခဲ့တာလေ...သူတို့ပြောတာ "သဘာဝရဲ့ သံစဥ်" ကနေ အလားအလာရှိတဲ့သူမို့လို့ သဘောပေါက် ဖြည့်ဆည်းပေးမှာလို့ပြောတယ်"


ယွီနျန်က ချရေးထားလိုက်သည် " ကောင်းပါပြီ...နောက်ပိုင်း ဖုန်းဆက်ပြီးကျေးဇူးတင်လိုက်ပါ့မယ်"


"အိုကေ...ဒါပေမယ့် သူတို့က မင်းနာမည်ကြီးနေတာလည်း တွေ့နေရတော့ သီချင်းအတွက်စပြီးပြောလာတာပဲ...မင်းသာ နာမည်ကြီးလာရင် သူတို့ရေးတဲ့သီချင်းတွေကလည်း နောက်ကပါလာကြမှာလေ...သူတို့အလိုပြည့်ဖို့ အသစ်သစ်တွေ ပို့ပေးလာကြတော့မှာ...မင်းက "သဘာဝရဲ့သံစဥ်"ပြီးသွားတာနဲ့ အေးဆေးဖြစ်သွားရင် ဘယ်သူမှ မင်းကိုဂရုစိုက်နေကြတော့မှာမဟုတ်ဘူး...လူတိုင်းက အရှိတိုင်းနေကြတာ...နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စမို့လို့ အရမ်းကျေးဇူးတင်မနေပါနဲ့"


"ကောင်းပါပြီ....ကျွန်တော်သိပါပြီ"


မုန့်ယွမ်က ယွီနျန့်စိတ်ရှင်းသွားပြီမှန်း သိလိုက်၍ ဆက်မပြောတော့ပေ။ သူက ပြတင်းပေါက်အပြင်ဘက်က အဆောက်အအုံများကို ကြည့်ရင်း အချိန်ဇယားကို ဘေးဖယ်ထားလိုက်သည်


 " ငါတို့က မြို့တော်ရဲ့အနောက်ပိုင်းတောင် မောင်းလာခဲ့ပြီးပြီပဲ...အဲ့ဒီကို ရောက်တော့မှာ...ပြောနေကာမှ နောက်ဆုံးတစ်ခေါက် ငါမင်းနဲ့ ဒီနေရာလာတုန်းက ညစာစားဖို့ သီးသန့်စားသောက်ဆိုင်သွားခဲ့တာပဲ"


မကြာမီ ခရီးဆုံးပြီဖြစ်၍ ကားရပ်လိုက်သည်။ သဖန်းပင်များက လမ်းနှစ်ဖက်စလုံးအပြည့် အရွက်ခြောက်များ ကြွေကျနေသည်။ ယွီနျန်က တံခါးဖွင့်ဆင်းပြီး ခေါင်းလှည့်လိုက်ရာ သူ့အိမ်တော်၏အနောက်တံခါးကို ခပ်ဝေးဝေးမှလှမ်းမြင်လိုက်ရသည်။


မုန့်ယွမ်က ယွီနျန့်အကြည့်နောက် လိုက်ကြည့်ရင်း သာမန်ကာလျှံကာ ပြောလာသည် 


" ဒါရိုက်တာမက်ဆာရဲ့လက်ထောက်ကနေ ကြားခဲ့တာ...အစတုန်းက မက်ဆာက ဘေးက စီနျင်းအိမ်တော်ကို ပိုသဘောကျခဲ့တာတဲ့...သူ့အမြင်နဲ့တစ်ပြေးတည်းဖြစ်ပြီး သူလိုချင်တဲ့ပုံစံအတိုင်းမို့လို့တဲ့လေ...ဒါပေမယ့် အဲ့တာက အိမ်ကြီးသီးသန့်ပဲဖြစ်နေလို့ သွားပြီးကြော်ငြာရိုက်လို့မကောင်းဘူး...ဒါကြောင့် ဒီက ယီယွမ်ကို ရွေးလိုက်ရတာပဲ...စီနျင်းအိမ်တော်နဲ့ ပုံစံဆင်တယ်လေ...မက်ဆာရဲ့မျက်လုံးထဲရောက်သွားခဲ့တာပေါ့"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်ရင်း ယီယွမ်တွင် နေလေ့ရှိသည့် အဖိုးကြီးတစ်ယောက်ကို အမှတ်ရလိုက်သည်။ လမ်းလျှောက်တုတ်ပေါ် မှီထားရင်း မကြာခဏ အဖိုးကြီးဦးထုပ်ဆောင်းလေ့ရှိပြီး သူ့အဖိုးထံ တစ်ခါတစ်ရံလာလည်၍ ကျားကစားလေ့ရှိသည်။


နောက်ပိုင်း ထိုအဖိုးကြီးဆုံးသွား၍ သားသမီးလေးယောက် တကွဲတပြားစီဖြစ်ကုန်ပြီး ပိုက်ဆံအတွက် ထိုအိမ်ကိုရောင်းလိုက်ရသည်။ ယခုတွင်မူ ယီယွမ်က အဆင့်မြင့်သီးသန့်ကလပ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည့်အပြင် လွန်ခဲ့သောနှစ်နှစ်ကတည်းကစပြီး ကျောက်မျက်ရတနာပြပွဲများ ရှိလေသည်။


ထုဆစ်ပုံဖော်ထားသည့် ဂိတ်တံခါးထံ လမ်းလျှောက်သွားစဥ် လမ်းနှစ်ဖက်လုံးမှ သစ်ပင်ပန်းပင်များကလည်း ရှင်းရှင်းလင်းလင်းဖြစ်နေပြီး ဆောင်းဦးလက်ကျန်အခြောက်အသွေ့များ အစအနပင်မရှိတော့ချေ။


ရှစ်ရော့က ယွီနျန်ဘေးတွင်ရပ်နေရင်း အသံတိုးတိုးလေးပြောလာသည်


 " ယီယွမ်ကို ရောင်းလိုက်တုန်းက အစ်ကိုမုန့်က ခြံဝန်းတစ်ခုလုံးကိုဝယ်ဖို့ စိတ်အားထက်သန်နေတာလေ...ဒါပေမယ့် ယီယွမ်ရဲ့ခေါ်စျေးကတော့ မီလီယမ် ရာနဲ့ချီတယ်...ဝယ်လိုက်ပြီးရင်လည်း ပြန်ပြင်ဖို့က လိုအုံးမှာ...နောက်ထပ် ပိုက်ဆံအုပ်လိုက်ကုန်အုံးမှာပေါ့...အစ်ကိုမုန့်မှာက အဲ့ဒီလောက် ပိုက်ဆံအများကြီးမရှိတော့ တိတ်တိတ်နေပြီးလက်နက်ချလိုက်ရတယ်"


မုန့်ယွမ်က အရှေ့ဘက်မှ စိုက်ကြည့်လာသည် " မင်းတို့နှစ်ယောက် ဘာတွေ တိုးတိုးပြောနေတာလဲ"


ရှစ်ရော့နှင့်ယွီနျန်တို့က ပြိုင်တူပြောလာကြသည် " ဘာမှမဟုတ်ပါဘူး"


မုန့်ယွမ်က ထိုပုံစံကြောင့် ရယ်ချင်သွားသည် 


" ဟုတ်ပြီလေ...မြန်မြန်လျှောက်ကြ နောက်ကျတော့မှာ"


မက်ဆာက ကြော်ငြာထုတ်ရာတွင် အလှအပကို ပိုပြီးအလေးပေးတတ်သည်။ ယွီနျန်ရောက်လာပြီးနောက် သူက ပြောနေရင်း စာရွက်ပေါ်ဆွဲပြကာ သူ၏ဓါတ်ပုံအမြင်ကို ယွီနျန့်အား ရှင်းပြပေးလေသည်။


" မင်းရဲ့မျက်လုံးလေးတွေကနေ လိုအင်ဆန္ဒနည်းနည်းပဲရှိတဲ့ အေးချမ်းခြင်းမျိုးကို မြင်နိုင်ရမှာ....မြောက်ဥရောပရဲ့ နှင်းလွင်ပြင်ကြီးထဲမှာရှိတဲ့ ဥတ္တရအလင်းတန်းတွေလိုမျိုးပေါ့....လူတွေကို ကြည်လင်ရှင်းသန့်နေသလို ခံစားစေရမှာ...မင်းရဲ့စိတ်ကို တတ်နိုင်သမျှတူးဆွပြီး ပြပေးနိုင်ဖို့ မျှော်လင့်မိတယ်"


မက်ဆာက မတ်တပ်ရပ်လိုက်ရင်း သူ့နောက်လိုက်ရန် ယွီနျန့်ကို အချက်ပြလိုက်သည် 


" မင်းအတွက် ပုံစံသုံးမျိုး ဒီဇိုင်းဆွဲထားတယ်...အဲ့တာ အရင်ဆုံးစမ်းကြည့်ရအောင်"


ဤသို့ဖြင့် တစ်မနက်လုံး ယွီနျန်က အဝတ်အစားများ၊အဆင်တန်ဆာများ၊မိတ်ကပ်နှင့်ဆံပင်ပုံစံတို့ကို စမ်းကြည့်ရင်း အချိန်ကုန်သွားသည်။ မက်ဆာက အလွန်အမင်း ကြေးများသူဖြစ်၍ စတိုင်လစ်နှင့်ပင် အငြင်းပွားနေရသည်။ နောက်ဆုံးအဆုံးသတ်မှ မက်ဆာက ဝတ်စုံဒီဇိုင်နာကို ဆွဲခေါ်သွားရင်း အသေးစိတ်ကျကျထပ်ပြင်ရန် ဆွေးနွေးလေသည်။


၁၂နာရီခွဲတွင် ယွီနျန်က သူ့ကိုယ်ပိုင်အဝတ်အစားပြောင်းလိုက်ရပြီဖြစ်၍ တစ်ခဏမျှ အနားရသွားသည်။ သူက နေ့လည်စာအတွက် ရှစ်ရော့ကို မေးလိုက်မည်ပြုစဥ် ထူးထူးဆန်းဆန်းအမူအရာနှင့် မုန့်ယွမ်က လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။


"အစ်ကိုမုန့်"


မုန့်ယွမ်က အပြင်လူမရှိကြောင်းသေချာမှ နှစ်ကြိမ်ခန့်ချောင်းဆိုးဟန်ပြုရင်း " အင်း...မစ္စတာချူပြောတာ မင်းက ကြော်ငြာရိုက်ဖို့ အရမ်းအလုပ်ကြိုးစားနေတာမို့ အထူးအနေနဲ့ အစားအစာပို့ပေးလိုက်တယ်...ပွဲတော်ကြီးအတိုင်းပဲ ဟင်းပွဲတွေကို ဒါဇင်ကျော်လောက်ရှိမယ်...ဒီမှာက ငါတို့သုံးယောက်ပဲရှိတာ အကုန်စားဖို့မဖြစ်နိုင်ဘူးလေ"


ယွီနျန်က ထိုစကားကြားလိုက်စဥ် ရယ်လိုက်မိသည်။ မနေ့က ရွှယ်ယုံ၏ဝေ့ပေါ်ကို တွေ့ခဲ့ပြီး စားစရာများရောက်မလာ၍ အံ့သြနေသော်ငြား ယနေ့ဖြစ်နေမည်ဟု ထင်မထားခဲ့ချေ။


ယွီနျန်က အမှန်တကယ် ရယ်နေခြင်းဖြစ်ကြောင်း တွေ့သွား၍ မုန့်ယွမ်က အသံကိုနိမ့်ရင်းပြောလာသည် 


" မစ္စတာချူက....ဘာအကြောင်းကြောင့်ဖြစ်မလဲ...မင်းက အနာဂတ်မှာ ကုမ္ပဏီရဲ့ငွေရှာစက်လေးဖြစ်လာမှာမို့ နည်းလမ်းရှာထားတာဆိုရင်တောင်မှ သူက အရမ်းသဘောကောင်းတတ်တဲ့သူမဟုတ်ဘူးလေ"


ရှစ်ရော့က တော်တော်များများမြင်ဖူးထားသည်။ သူမက မျက်မှောင်ကြုတ်လိုက်ရင်း စိတ်ပူဟန်ပြောလာသည် " အစ်ကိုမုန့်....ဘာပြောချင်တာလဲ...မစ္စတာချူမှာ....ဟိုအတွေးရှိနေတာလား"


မုန့်ယွမ်က စဥ်းစားလိုက်ရင်း ခေါင်းခါပြသည် " အဲ့လိုမဟုတ်လောက်ဘူး...မစ္စတာချူက တည်တည်ငြိမ်ငြိမ်မရှိဘူး ကစားရတာကြိုက်တယ်ဆိုပေမယ့် သူက မကောင်းတဲ့သူတော့မဟုတ်ပါဘူး...ရည်းစားဟောင်းမိန်းကလေးတွေ နည်းနည်းရှိပေမယ့် တစ်ပတ်လောက် လက်တွဲပြီးတာနဲ့ လမ်းခွဲသွားတာချည်းပဲ...အခြေခံကျပါတယ်...သူတို့ကို စောင့်ကြည့်နေတဲ့ အကြီးဆုံးသခင်လေးချူရှိတယ်လေ...အဓိကအချက်က သူက ဘိုင်လို့ ငါတစ်ခါမှမကြားဖူးဘူး"


မုန့်ယွမ်နှင့်ရှစ်ရော့တို့ ဆွေးနွေးသံကို ကြားလိုက်စဥ် ယွီနျန်က ထိုအရာများအားလုံးကို ရွှယ်ယုံပို့ပေးလာသည်ဟုပဲ ခံစားမိသည်။ထိုသို့ပြောလိုက်လျှင် သူတို့က ချူရှောင်းရန်ပို့ပေးတယ်ဆိုတာထက် ပိုပြီးနားမလည်နိုင်ဖြစ်သွားကြတော့မည်မဟုတ်ပါလား။


ရှားမင်ရှီ၏ "ဆာလဖျူရစ်အက်စစ်နဲ့ဗုံး"ဆိုသည့်အကြောင်း စဥ်းစားမိရင်း ယွီနျန်က အမှန်ကိုချန်ပြီးပြောလိုက်သည်


 " မစ္စတာချူက ကျွန်တော်က ကျေနပ်စရာကောင်းတယ်လို့ တွေးမိပြီး ပို့ပေးလိုက်တာနေမှာပါ...မစားလိုက်ရင် စိတ်မကောင်းဖြစ်သွားမှာပေါ့...ဟင်းပွဲတွေအများကြီးဆိုတော့ အတူတူစားလိုက်ကြရအောင်"


ဖလောရင့်အတွက် ကြော်ငြာရိုက်ကူးရေးက လေးရက်ကြာလေသည်။ ယွီနျန်က ရှုရှန့်လန်အဖွဲ့တွင် နေခဲ့၍ ဇာတ်ဝင်ခန်းတစ်ခုကို ခြောက်ကြိမ်ခုနစ်ကြိမ် အထပ်ထပ်ရိုက်နေရသည်နှင့် အသားကျနေပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင် စည်းကမ်းတင်းကျပ်ပြီး အပြန်ပြန်အလှန်လှန်ရိုက်လေ့ရှိသော မက်ဆာနှင့်တွေ့နေရ၍ သူက အလွန်စိတ်ရှည်နေရသည်။ ရိုက်ကူးရေးပြီးသွားမှသာ မက်ဆာက ယွီနျန့်ကို ဖက်လိုက်ရင်း ရယ်မောလိုက်သည် 


" မင်းနဲ့အလုပ်လုပ်ရတဲ့အတွက် အရမ်းပျော်မိတယ်...ငါ့ကိုယုံ....ဒီကြော်ငြာက လုံးဝပြီးပြည့်စုံနေမှာ"


ယွီနျန်က အပြုံးလေးနှင့် ဆိုလိုက်သည် " ကျေးဇူးတင်ပါတယ်...ကျွန်တော်လည်း အရမ်းမျှော်လင့်ထားတာ"


ယီယွမ်မှ ထွက်လာချိန်တွင်ည၇နာရီထိုးနေပြီဖြစ်သည်။ ဆောင်းဦးကုန်ချိန်ဖြစ်၍ စောစောမှောင်လာတော့သည်။ ယွီနျန်က လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ဆက်တိုက်အလုပ်လုပ်နေရသည်။ သူ့အာရုံကြောများပြေလျော့သွားသည်နှင့် တောင့်မထားနိုင်တော့ပဲ ခေါင်းအုံးပေါ် တစ်မှေးမှေးလိုက်သည်။


မုန့်ယွမ်က ဂွမ်းကပ်လေးကို ခြုံပေးလိုက်ပြီး ကားပြတင်းပေါက်ကို ပိတ်လိုက်ရင်း အသံတိုးတိုးပြောလာသည်


 " အေးဆေးသာအိပ်...အိမ်ရောက်ရင် စောစောအိပ်ယာဝင်လိုက်....မနက်ဖြန်ထိ အတိုးချအိပ်လိုက်"


ယွီနျန်က မုန့်ယွမ်ပြောသည်ကို ဝိုးတိုးဝါးတားကြားလိုက်ရသည်။ သူက သဘောတူသည့်ဟန် ခေါင်းစောင်းပြရင်း အိပ်ပျော်သွားလေသည်။


သို့သော်လည်း နောက်တစ်နေ့မနက် ၈နာရီမထိုးခင် မုန့်ယွမ်က ဖုန်းခေါ်လာသည် 


" မင်းအိပ်တာကို နှောင့်ယှက်မိမှန်းသိပေမယ့် သတင်းကောင်းရော သတင်းဆိုးရောရှိနေလို့...ဘယ်တစ်ခု အရင်နားထောင်မလဲ"


"မင်္ဂလာနံနက်ခင်းပါ အစ်ကိုမုန့်" 

ယွီနျန့်အသံက အနည်းငယ်ခပ်အက်အက်ဖြစ်နေသည်


 " သတင်းဆိုးအရင်နားထောင်တာပေါ့"


"ဝေ့ပေါ်ဖွင့်ပြီးhot search ကြည့်လိုက်"


"hot searchလား" ယွီနျန်က ဖုန်းမချသေးပဲ ဝေ့ပေါ်ဖွင့်လိုက်ချိန် နံပတ်တစ်hot searchကို မြင်သွားလေသည်။ စကားလုံးများက ထိတ်လန့်ဖွယ်ပင် " ဖုန်ထင်းနဲ့ကျောက်ယန်တို့က ဆေးသုံးလို့ အဖမ်းခံရတာတဲ့လား"


မုန့်ယွမ်က သက်ပြင်းချလိုက်ရင်း " ငါ့ဆံပင်တွေ ကျွတ်ကျမတတ်ကို စိုးရိမ်သွားတာ...လျူယင်းယန်နဲ့အတူတူ သူတို့က သီချင်းခုနစ်ပုဒ်ကိုင်ထားတာလေ...ရွေးထားတဲ့ခုနစ်ပုဒ်ထဲက လေးပုဒ်က အရည်အသွေးကောင်းတယ်...အစမ်းငါးပုဒ်ရွေးထားတာကို ....မင်းအတွက် အဲ့ဒီငါးပုဒ်ထဲကနေ လေးပုဒ်ရွေးပြီးတာနဲ့ စထုတ်ဖို့စီစဥ်ထားပြီးသား...ဒါကြီးဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲကွ"


ယွီနျန်က ထထိုင်လိုက်ရင်း စောင်ခေါက်လိုက်ကာ ပြတင်းပေါက်မှ နေရောင်ကြောင့် မျက်လုံးပိတ်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလာသည် " ဒါဖြင့် အခုရဲ့ ထူးခြားအခြေအနေက ဘာလဲ"


"ဒီအယ်လ်ဘမ်အသေးလေးရဲ့ ပုံစံတစ်ခုလုံးကို အရင်က လုပ်ထားပြီးပြီ...ဖုန်ထင်း၊ ကျောက်ယန်နဲ့ လျူယင်းယန်တို့ကလည်း ဒီပုံစံအတိုင်း ရေးထားကြတာ...အခုက ပြင်ဆင်စရာတွေ ပြီးပြီဆိုတော့ သီချင်း အဆုံးသတ်ပြီးသွားတာနဲ့ ရိုက်ကူးရေးလုပ်ပြီးထုတ်တော့မှာလေ"


မုန့်ယွမ်က အသက်တစ်ချက်ရှူလိုက်ရင်း " ဒါကြောင့် အခုပြဿနာက ဖုန်ထင်းနဲ့ကျောက်ယန်တို့ရဲ့ သီချင်းကိုမသုံးလို့ ပိုက်ဆံရှုံးသွားတာက ဆိုးဝါးတဲ့ကိစ္စပဲ...ပိုပြီးဒုက္ခဖြစ်မှာက ကြိုထုတ်ရမယ့်အချိန်လည်း အဆုံးမဲ့ အချိန်ဆွဲထားရတော့မှာ...ပြောရရင် အရည်အချင်းရှိတဲ့ သီချင်းရေးဆရာဆိုတာ များများစားစားမရှိဘူး...မင်းက အခုမှ အသစ်လေးပဲရှိသေးတာ...အရည်အချင်းရှိတဲ့ သီချင်းရေးဆရာကို ရှာဖို့က ရှိသေးတယ် အချိန်လိုတယ် ကောင်းကင်မကမြင့်တဲ့ စျေးနှုန်းတွေလည်း ရှိသေးတယ်...အယ်လ်ဘမ်ရဲ့ပုံစံအတိုင်း သီချင်းရေးနိုင်ဖို့က အရမ်းခက်ခဲတယ်...မင်း ကံကောင်းဖို့ ဆုတောင်းနေရုံပဲတတ်နိုင်တယ်"


ယွီနျန့်လက်ချောင်းများက စောင်အနားစွန်းကို ဆုပ်ကိုင်လိုက်ရင်း " မဟုတ်ရင် epအတွက်က မသေချာတော့ဘူးပေါ့...အစီအစဥ်တွေအားလုံး ရုတ်သိမ်းပြီး အသစ်ပြန်စရတော့မှာပေါ့ ဟုတ်လား"


"ဟုတ်တယ်"မုန့်ယွမ်က ယွီနျန့်ကို မေးလိုက်သည်


 "ဒါဖြင့် ငါတို့ အဲ့ဒီသီချင်းပဲ ဆက်သုံးလိုက်သင့်လား"


"မသုံးပါနဲ့"


ဤမေးခွန်းကို ဖြေလိုက်စဥ် ယွီနျန့်အသံက ပြတ်သားနေဟန် " ဆေးသုံးတာက ဥပဒေကိစ္စပဲ...ကျွန်တော်တို့ အဲ့ဒီသီချင်းကို မလိုအပ်ဘူး" 


သူက ထိုင်နေရင်း လက်ကောက်ဝတ်ကို ကုတ်လိုက်ကာ အပြုံးလေးနှင့်ဆိုလာသည် " အစ်ကိုမုန့်...ကျွန်တော် သီချင်းနဲ့စာသားတွေကို အကုန်ရေးလိုက်မယ်....ဆိုရင်ရော"


မုန့်ယွမ်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည် 


" မင်း ရေးမှာ...ခဏ ငါ ဆွေးနွေးကြည့်အုံးမယ်"


ယွီနျန်က ရိုးရိုးထမင်းကြော်လေး ကြော်စားပြီးနောက် ပန်းပင်ရေလောင်းနေစဥ် မုန့်ယွမ်က ပြန်ခေါ်လာသည်။


"မင်းရဲ့ပထမဆုံးအယ်လ်ဘမ်အတွက် ကိုယ်ပိုင်သီချင်းရေးမယ်ဆို မင်းရဲ့ပါရမီကြောင့် ဖန်တွေရှိလာမယ်...ဒါပေမယ့် အဲ့ဒါကိုလိုက်ပြီး ဟာသလုပ်ပြီးဝေဖန်ဖို့ လွယ်ကူသွားတော့မှာ...ဒါက မင်းရဲ့ပထမဆုံးအနုပညာအလုပ်ဆိုတော့ အရည်အသွေးကို သေသေချာချာလုပ်မှဖြစ်မှာ...မင်းကို မယုံလို့တော့မဟုတ်ဘူးနော် ဒါပေမယ့် မင်းက သတိရှိရှိနေပြီး စိတ်ချရတဲ့ဘက်မှာသာနေ...နားလည်လား"


ယွီနျန်" ဟုတ်ကဲ့ပါ...ဒါဖြင့် ကျွန်တော့်ကို သုံးရက်သာပေး သီချင်းရေးပြီး အစ်ကိုမုန့်ကို အရင်နားထောင်ခိုင်းမလို့...ပြီးတော့ ဆုံးဖြတ်ပေးဖို့လေ...နော်"


မုန့်ယွမ်က ပြန်ဖြေလာသည် " အိုကေ...မင်းရဲ့သတင်းကောင်းကို စောင့်နေမယ်"


မုန့်ယွမ်ဖုန်းချတော့မည်မှန်း သိလိုက်၍ ယွီနျန်က မေးလိုက်သည် " နေအုံးလေ အစ်ကိုမုန့် သတင်းကောင်းကရော"


"ငါ့မှတ်ဥာဏ်ကတော့..."

 မုန့်ယွမ်က သူ့ကိုယ်သူ ရယ်မောလိုက်ရင်း ပြောလာသည် 


" သတင်းကောင်းက နာမည်ကြီးvariety showတစ်ခုနဲ့ စာချုပ်ချုပ်ပြီးသွားလို့ မ

င်းက ဧည့်သည်အဖြစ်နဲ့ ပါရတော့မှာ...ဒါပေမယ့် မင်းသာ အရင်းဆုံး သီချင်းသေချာရေးပါအုံး...အလျင်မလိုဘူးရယ်...ရက်နည်းနည်းလောက်နေရင် မင်းကို အသေးစိတ်ပြန်ပြောပြမယ်"