အပိုင်း ၅၄
Viewers 10k

Chapter 54

လက်ကိုင်ထားခြင်း



နောက်ထပ်သုံးရက်အတွင်း ယွီနျန်က အပြင်ထွက်ခြင်းမရှိပေ။ ရှစ်ရော့ကို အိမ်အတွက် အသုံးအဆောင်နှင့်သစ်သီးအချို့ဝယ်ပို့ပေးရန်တောင်းဆိုထားပြီး သူကိုယ်တိုင်က သီချင်းရေးရာတွင် စိတ်မြုပ်ထားသည်။


သုံးရက်မြောက်ညတွင် မုန့်ယွမ်က ယွီနျန့်ထံမှ ဘာသတင်းမှမလာ၍ စိုရိမ်တကြီး ဖုန်းခေါ်လာသည် 


" နျန်နျန်...မင်းအဆင်ပြေရဲ့လား...မင်းမရေးနိုင်လည်း ကိစ္စမရှိပါဘူးကွာ...ငါတို့ ရွှေ့လိုက်ရုံပေါ့"


ယွီနျန်က သမ်းဝေလိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်


 " အဓိကသီချင်းလေးပုဒ်ကို ရေးပြီးပါပြီ...ပြီးတော့ သံစဥ်ကိုလည်း စီစဥ်ထားပြီးတော့ တူရိယာနဲ့လည်း ဆိုကြည့်ပြီးပြီ....အီးမေးလ်ကနေ အသံဖိုင်ပို့ပေးလိုက်မယ်"


"မြန်လှချည်လား" မုန့်ယွမ်က အံ့အားသင့်သွားပြီး အလောတကြီး ပြောလာသည် " အိုကေ...ဒါဖြင့် နားလိုက်တော့...ငါ သွားပြီးနားထောင်ကြည့်အုံးမယ်"


ယွီနျန်က အိပ်ချင်နေ၍ ဖုန်းချလိုက်ပြီး အိပ်ရာပေါ်အိပ်ပျော်သွားသည်။ သူက ဘယ်လောက်ကြာကြာအိပ်လိုက်မှန်းမသိလိုက်စဥ် မုန့်ယွမ်က ပြန်ဖြေလာသည် 


" ဖာ့ခ်...မင်းသာ သီချင်းရေးတော်မှန်း သိခဲ့ရင် ငါဘာလို့ တခြားသူရှာနေအုံးမှာလဲ"


ယွီနျန်က မျက်လုံးများဖွင့်လိုက်ရင်း ချိုမြိန်သောအသံလေးနှင့် ဆိုလာသည် " အလုပ်ဖြစ်ရဲ့လား"


"သေချာပေါက် ဖြစ်တာပေါ့...ဒါလုံးဝ ဖုန်ထင်းနဲ့ကျောက်ယန်တို့ကို ရိုက်ချလိုက်တာပဲ...အဆိုရှင် သီချင်းရေးသူအနေနဲ့လည်း ထုတ်ပေးလို့ရနေပြီဆိုတော့ ဒါမဆိုးဘူးပဲ"


 မုန့်ယွမ်အသံက စိတ်လှုပ်ရှားနေဟန် ။

" မင်း ဆက်ပြီးအိပ်လိုက်အုံး...အကြမ်းအတည်ပြုထားတဲ့ရလဒ်က ခဏလေးနဲ့ထွက်မလာနိုင်ဘူးဆိုတော့ ဘာပဲနေနေ...ရလဒ်ထွက်တာနဲ့ မင်းကိုချက်ချင်းပေးသိမှာပါ"


ဖုန်းကျသွားလေပြီ။ ယွီနျန်က မျက်လုံးပိတ်ထားရင်း အိပ်ရန်ကြိုးစားလိုက်သော်ငြား အိပ်ချင်စိတ်မရှိတော့၍ ထထိုင်လိုက်ရင်း ရေခဲသေတ္တာထဲမှ ဒိန်ချဥ်တစ်ခွက်ယူလိုက်ပြီး တီဗွီဖွင့်ကာ မနက်စောပိုင်းရင်းနှီးမြုပ်နှံမှုသတင်းများကို ဒိန်ချဥ်သောက်၍ကြည့်နေသည်။


" လွန်ခဲ့သောရက်အနည်းငယ်က ဟွမ်ယွီရင်းနှီးမြုပ်နှံမှုအသင်းမှ ဝမ်မျိုးရိုးနဲ့ အမှုဆောင်တစ်ယောက်ဟာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ဖို့လုပ်ရာမှ ရဲတပ်ဖွဲ့မှပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်..."


ဟွမ်ယွီရင်းနှီးမြုပ်နှံမှုလား...။ ဒိန်ချဥ်ခွက်ကိုင်ထားသည့် ယွီနျန့်လက်များ တုန့်ခနဲဖြစ်သွားသည်။ ရှုရှန့်လန် ယခင်ကပြောခဲ့ဖူးသည့်အကြောင်းကို အမှတ်ရလိုက်သည်။ ဟွမ်ယွီနောက်ကွယ်ကလူမှာ ရွှယ်မိသားစု၏ တင်းမျိုးရိုးဒါရိုက်တာတစ်ယောက်ဖြစ်သည်။ ယခု ဟွမ်ယွီတွင် တစ်ခုခုဖြစ်သွားသောအခါ....။


ထိုအချိန် ဖုန်းမြည်လာ၍ ယွီနျမ်က ဖွင်ကြည့်လိုက်ရာ ရွှယ်ယုံ့ထံမှ မက်ဆေ့ချ်ဖြစ်နေသည်။ စာလုံးလေးနည်းနည်းသာ

 [မအိပ်သေးဘူးလား]


ထိုစာလုံးလေးသုံးလုံးကို အကြိမ်ကြိမ်ဖတ်ကြည့်ပြီးနောက် ယွီနျန်က ရုတ်တရက် ထရပ်လိုက်ကာ အိပ်ခန်းထဲမှ မီးခိုးရောင်ကုတ်အင်္ကျီတစ်ထည် ကောက်ဝတ်လိုက်ရင်း အိတ်ထဲသော့ထည့်လိုက်သည်။ နောက်ဆုံး အမည်းရောင်ဦးထုပ်ဆောင်းပြီး တံခါးပြင်ထွက်လာသည်။


တကယ်ကြီးလား...။


လမ်းတစ်ဖက်တွင်ရပ်ထားသော SUVကားနက်ကြီးကို ကြည့်လိုက်ရင်း ယွီနျန်က သွက်သွက်လျှောက်သွားလိုက်ပြီး အနားရောက်သွားသည့်အချိန် မှန်ပြတင်းပေါက်က ခပ်ဟဟဖွင့်ထားလေသည်။.....ရွှယ်ယုံပင်။


တမင်သက်သက် လက်ခေါက်ထဲလေမှုတ်လိုက်ရင်း ယွီနျန်က အပြုံးလေးနှင့်ပြောလိုက်သည် " အပြင်မှာအရမ်းအေးတာပဲ"


ရွှယ်ယုံက လမ်းဘေးတွင်ရပ်နေသော ယွီနျန့်ကိုကြည့်လိုက်ရင်း အမြင်မှားနေသည်ဟု တွေးမိရင်း သတိလက်လွတ်ကြည့်နေမိသည်။ ယွီနျန်က ချမ်းနေကြောင်းပြောသံကြားမှသာ ရုတ်တရက်အသိဝင်လာပြီး ကားတံခါးဖွင့်ပေးလာသည်။


နောက်ခုံတွင်ဝင်ထိုင်လိုက်ချိန် ကားထဲကအပူချိန်က အပြင်ကထက်ပိုမြင့်နေပြီး သစ်ကတိုးနံ့ဖျော့ဖျော့လေးရလိုက်လေသည်။


"မင်္ဂလာညနေခင်းပါ"ယွီနျန်က ပေါ့ပေါ့ပါးပါးပြောလာသည် " ကျွန်တော်ဘယ်လိုလုပ် ခင်ဗျားဒီမှာရှိနေမှန်း သိနေရတာလဲဆိုပြီး မမေးတော့ဘူးလား"


ရွှယ်ယုံက သူ့မျက်လုံးများကို စိုက်ကြည့်ရင်း မေးလာသည် " မင်းဘယ်လိုသိလဲ"


ယွီနျန်က အပြုံးလေးနှင့်ဖြေလာသည် " အဲ့တာက ရှင်းပါတယ်...မနက်၁နာရီခွဲနေပြီကို တစ်ယောက်ယောက်ကို အကြောင်းပြချက်မရှိ "မအိပ်သေးဘူးလား"လို့ မက်ဆေ့ချ်ပို့မှာမဟုတ်ဘူးလေ...ကျွန်တော် ဝေ့ပေါ်မှာပိုစ့်လည်းမတင်ထားပဲနဲ့ မအိပ်သေးမှန်းသိနေတယ်...ဒါ အဓိကအချက်ပဲ....ကျွန်တော့ဧည့်ခန်းထဲ အလင်းရောင်ရှိနေသေးမှန်း ခင်ဗျားသိနေတာကြောင့်လည်း ပါတာပေါ့"

 

ရွှယ်ယုံက နူးနူးညံ့ညံ့လေသံလေးနှင့်ပြောလာသည်

 " ဒါဖြင့် ကိုယ် ဒီမှာရှိမနေရင်ရော"


"ကျွန်တော်က လမ်းလျှောက်ထွက်လာရုံပဲလေ" ယွီနျန့်မျက်လုံးလေးများက ရေလှိုင်းကလေးများနှယ် ပြုံးယောင်သန်းနေပြီး မျက်တောင်ဖျားလေးပေါ်တွင်လည်း ကားမှန်အပြင်ဘက်မှ လမ်းမီးရောင်တို့ဖြာကျနေသည် " ဒါပေမယ့် ခင်ဗျားရှိနေတယ်လေ...ကျွန်တော်မှန်းတာ မှန်သွားတာပေါ့"


ရွှယ်ယုံက ခေါင်းညိမ့်ပြလာသည် "မှန်တယ်"


မင်းရဲ့ပြတင်းပေါက်လေးကို ကြည့်နေရုံနဲ့ ဆုရသလိုခံစားနေမိပေမယ့် အံ့သြသွားရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းကိုမြင်လိုက်ရလို့လေ။ 


"မင်း...."


"ခင်ဗျား..."


နှစ်ဦးသား ပြိုင်တူပြောလိုက်မိ၍ ချက်ချင်းရပ်သွားကြသည်။ ယွီနျန်က မျက်မှောင်ကြုတ်လိုက်ရင်း တောက်တောက်ပပပြုံးလိုက်ကာ " အရင်ပြောလိုက်ပါလား"


"အင်း..." ရွှယ်ယုံက ခေါင်းညိမ့်ပြလိုက်ရင်း လက်ချောင်းတို့ရွေ့လာသည် 


" အခုရောအေးနေတုန်းလား"


အေးတာလား...။


ယွီနျန်က လမ်းဘေးတွင်ရပ်လိုက်စဥ်က တမင်သက်သက်အသက်ပြင်းပြင်းရှူပြလိုက်သည်ကို အမှတ်ရလိုက်သည်။ သူက အမြန်ပင် ခေါင်းရမ်းပြလိုက်သည်


 " မအေးတော့ပါဘူး...ကားထဲမှာ နွေးတယ်လေ...သစ်ကတိုးနံ့လေးလည်း ရနေတာ"


ယွီနျန်ပြောလိုက်သည့်အကြောင်းရာကို စဥ်းစားကြည့်ရင်း သူ့ကိုယ်ပေါ်က အနံ့ကို အမှတ်ရသွားသည်။ ရွှယ်ယုံ့နားရွက်ဖျားများ ပူနွေးလာရပြီး မသိလိုက်စွာနှင့် အသံပင်နူးညံ့လာသည် 


" ကောင်းပြီ" သူပြောလိုက်ရင်း အနည်းငယ်ပူလာ၍ လည်စီးကိုဖြေလျော့လိုက်ပြီး နက်ကတိုင်ပေါ်က ပထမဆုံးကြယ်သီးကိုဖြုတ်လိုက်သည်။


သို့မှသာ အသက်ရှူချောင်လာပြီး နေရသက်သာလာသည်။


ယွီနျန်က ရွှယ်ယုံ့အဝတ်အစားများကို အာရုံစိုက်ကြည့်နေမိသည်။ နီလာရောင်လက်ကြယ်သီးများ၊အနက်ရောင်လည်စီး၊အတွင်းဝတ်ရှပ်အဖြူ၊ဝေ့စ်ကုတ်နှင့် မီးခိုးရင့်ရောင် အင်္ဂလိပ်စတိုင် ဆိတ်မွေးကုတ်အင်္ကျီရှည်တို့ တွဲဖက်ဝတ်ဆင်ထားသည်။ 


မအေးလောက်ပါဘူး။


အကြည့်တို့ရုတ်သိမ်းလိုက်ရင်း ယွီနျန်က မျက်တောင်ခတ်ကာ တမင်သက်သက် စကားပြောနှေးလိုက်ပြီး မေးလိုက်သည်


 " ခင်ဗျား ဒီည နောက်ကျတဲ့ထိနေပေးရရင်ရော စိတ်ရှိသွားမလား"


ရွှယ်ယုံက အသက်ရှူရပ်သွားသည် " ဘာ"


ယွီနျန့်အပြုံးတို့ ပြူးကျယ်သွားကာ " ပြောချင်တာကလေ....မစ္စတာရွှယ် ကျွန်တော့်ဖိတ်ကြားချက်ကို လက်ခံပြီး နေရာတစ်ခုကို ပြပေးဖို့ အခွင့်အရေးပေးရင်ရော လို့ပါ"


ရွှယ်ယုံက လက်ချောင်းတို့တင်းကျပ်သွားရပြီး လေသံကို ဆက်ထိန်းထားရသည် "စိတ်မရှိပါဘူး"


ငါ တကယ်ကို သွားချင်ပြီး မင်းနဲ့အတူရှိချင်တယ်။


မနက်စောစောလမ်းပေါ်တွင် ကုန်သယ်ယာဥ်အချို့သာရှိပြီး တစ်မြို့လုံး ဘာမျှမရှိလစ်ဟာနေသည်။ ဖြတ်သွားသည့်ယာဥ်များကလည်း မြို့အနောက်ဘက်သို့ မောင်းသွားကြပြီး မြို့ထဲမှထွက်ကာ တောင်ခြေတွင် ရပ်သွားကြသည်။


ယွီနျန်က ကားတံခါးဖွင့်လိုက်ရင်း မြေပေါ်ခြေချလိုက်သည်။ ပတ်ပတ်လည်ရှိ လယ်ကွင်းများက အဖော်မဲ့အထီးကျန်နေကြကာ အပိုထပ်ဆောင်းအလင်းရင်းမြစ်များလည်း မရှိချေ။ ရွှယ်ယုံက ယာဥ်မောင်းကို ထိုနေရာတွင်စောင့်ရန် ပြောထားပြီး ယွီနျန့်ထံလျှောက်သွားရင်း အနားသွားရပ်သည်။


ကုတ်အင်္ကျီဇစ်ပိတ်လိုက်ရင်း ယွီနျန်က ဖုန်းမီးတစ်ယမ်းယမ်းနှင့် ပြောလာသည် " သွားကြစို့လေ...တောင်တက်ဖို့ ခရီးတစ်ဝက်ရောက်နေပြီ...ညပိုင်းလမ်းလျှောက်ရတာနှေးတယ်ဆိုတော့ မိနစ်နှစ်ဆယ်သုံးဆယ်လောက် ကြာမှာ" 


နှစ်ဦးသား တောထဲလျှောက်သွားကြသည်။ ယွီနျန်က ဦးဆောင်လမ်းပြပေးပြီး လမ်းလျှောက်ရင်း စကားဆိုလာသည် " ကျွန်တော် တစ်နှစ်ကို တစ်ခေါက်နှစ်ခေါက်လောက် လာဖြစ်တယ်...ဒီတောင်က နိမ့်နိမ့်လေးဆိုတော့ တအားထူးခြားတဲ့ မြင်ကွင်းတော့မရှိပါဘူး...လူနည်းနည်းလောက်ပဲ လာကြတာရယ်...သိပ်လည်းမဖွံ့ဖြိုးတော့ လမ်းတွေက ချောချောမွေ့မွေ့မရှိဘူး လမ်းလျှောက်ရတာ အရမ်းခက်တယ်"


ရေညှိစွဲနေသည့် ကျောက်တုံးကြီးကိုဖြတ်ပြီးနောက် ယွီနျန်က အနောက်ဘက်သို့ လက်ကမ်းပေးလာရင်း စကားဆိုသည်


 " ဒီနေရာက ခင်ဗျားစီးထားတဲ့ သားရေရှူးဖိနပ်နဲ့ လမ်းလျှောက်ရအဆင်မပြေဘူးရယ်...ကျွန်တော့ကို လက်ပေးလိုက်ပါ"


ရွှယ်ယုံက ကမ်းပေးလာသော ယွီနျန့်လက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများကျဥ်းမြောင်းသွားရပြီး သူ့လက်ကို ညင်ညင်သာသာထည့်ပေးလိုက်ရင်း ဆုပ်ထားလိုက်သည်။


ကြမ်းတမ်းသောနေရာများကို ကျယ်ကျယ်လှမ်းရင်း နှစ်ဦးသား တစ်ခုခုမေ့သွားကြပုံပင်။


 သူတို့က လက်ကိုင်ထားဆဲဖြစ်ပြီး မလွှတ်ကြသေးပေ။


ဆောင်းရောက်နေပြီဖြစ်၍ သစ်တောထဲတွင် အင်းဆက်ကလေးများနှင့် ပုရွတ်ဆိတ်လေးများရှိနေပြီး သစ်ရွက်ခြောက်သစ်ကိုင်းခြောက်လေးများက ခြေချလိုက်တိုင်း တကျွတ်ကျွတ်အသံထွက်နေသည်။ လေ တဖြူးဖြူးတိုက်နေ၍ ငှက်ကလေးများကလည်း ပကျိကျိမြည်နေကြသည်။ တစ်ခါတစ်ရံ ရွှယ်ယုံ့ကုတ်အင်္ကျီထောင့်က သစ်ကိုင်းများနှင့်ပွတ်တိုက်သွားသံများ ထွက်လာသည်။


ရွှယ်ယုံက ခြေထောက်အောက်ကလမ်းကို ကြည့်လိုက်ရင်း မသိလိုက်စွာနှင့်ပင် ကိုင်ထားသည့်လက်တစ်စုံကို ကြည့်လိုက်မိသည်။ လမ်းက လျှောက်ရမလွယ်၍ဖြစ်သော်လည်း ....။


ငါတို့ လက်ကိုင်ထားကြတယ်။


ဝိုင်တစ်ခွက်သောက်လိုက်ရသလို သွေးကြောများဆူပွက်လာပြီး အာရုံကြောများလည်းထောင်လာရသည်။


"ခဏ"


ရွှယ်ယုံ့အသံကြားလိုက်ရ၍ လမ်းကိုသာတစ်စိုက်မတ်မတ်ကြည့်နေသည့် ယွီနျန်က ခြေလှမ်းနှေးသွားပြီး ခေါင်းလှည့်လာသည်


 " ဘာဖြစ်လို့လဲ"


စကားဆိုလိုက်သည်နှင့် ယွီနျန်က သစ်ကတိုးနံ့ဖျော့ဖျော့လေးက အနားရောက်လာသလို ခံစားရသည်။ ရွှယ်ယုံက မှီလိုက်ရင်း လက်မြောက်ကာ သူ့ခေါင်းနှင့်တိုက်ခါနီးနေပြီဖြစ်သည့် သစ်ကိုင်းများကို ဖယ်ထုတ်လိုက်သည်။


"အဆင်ပြေသွားပြီ"


ယွီနျန်က အသိပြန်ဝင်လာပြီး သူ့ကို အပြုံးလေးနှင့်ကျေးဇူးတင်လိုက်သည်


 " ကျွန်တော် သတိမထားမိလိုက်ဘူး ကျေးဇူးပါ"


တစ်ခဏမျှလမ်းလျှောက်ပြီးနောက် ရေသံသဲ့သဲ့ကြားလိုက်၍ ယွီနျန်က ပင့်သက်ရှိုက်လိုက်သည်


 " ကျွန်တော်တို့ မကြာခင်ရောက်တော့မှာ..

.ကျွန်တော်လမ်းမှားနေတာလားလို့တောင် တွေးမိတော့မလို့"


ရွှယ်ယုံက အနည်းငယ်နောင်တရသလို ခံစားရသည်။ လမ်းမှားသွားရင် ပိုကောင်းမှာကို....။


သူတို့ခရီးဆုံးရောက်သွားချိန် ယွီနျန်က ကိုင်ထားသောလက်ကို လွှတ်လိုက်ရင်း လှည့်ပတ်ကြည့်ကာ ရွှယ်ယုံ့ကို ပြောလိုက်သည် 


" ဒါပဲ"


သူ့လက်ထဲရှိအပူချိန်လေးက ချက်ချင်းပျောက်ကွယ်သွားသည်။ ရွှယ်ယုံက တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ကုတ်အင်္ကျီအိတ်ကပ်ထဲသို့ လက်ထည့်လိုက်ရင်း သူ့လက်ပေါ်တွင် ကျန်ရှိနေသေးသည့် ယွီနျန့်အပူချိန်လေးကို နည်းနည်းကြာကြာထိန်းထားရန် ကြိုးစားလိုက်သည်။


ဖုန်းအလင်းရောင်နှင့် ရွှယ်ယုံက ဘေးပတ်လည်ကို ကြည့်လိုက်သည်


" ဒါ ဘယ်နေရာလဲ"


ပတ်ပတ်လည်က အလွန်တိတ်ဆိတ်နေသည်။ ယွီနျန်က ငှက်ကလေးများလန့်သွားမည်စိုး၍ သူ့အသံက လျှို့ဝှက်ချက်ပြောပြနေဟန် ပုံမှန်ထက် တိုးလျော့နေသည် 


" ဇီးပန်းပွင့်အနံ့ရလိုက်လား"


ထိုမှသာ ရွှယ်ယုံက နားလည်သွားသည် " အင်း....ဖျော့ဖျော့လေးရလိုက်တယ်"


"ဟုတ်တယ်...စောသေးလို့လေ...ပန်းတွေအများကြီးမပွင့်လောက်သေးဘူး"


 ယွီနျန်က ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရင်း " ဒီနေရာမှာ ရေအိုင်လေးရှိတယ်...ကျောက်သားနံရံတွေကိုဖြတ်ပြီး တစ်နှစ်ပတ်လုံးစီးဆင်းနေတဲ့ ရေတွေရှိတယ်....ရေကန်ဘေးမှာ ဇီးပင်ကြီးရှိတယ်...ဘယ်နှစ်နှစ်လောက်တုန်းကလဲတော့မသိဘူး....ကျွန်တော် ငယ်ငယ်တုန်းကလေ ကျွန်တော့်အဖိုးက ဇီးသီးလေးတွေကို တန်ဖိုးထားတတ်လို့ ပန်းချီဆွဲဖို့ လာလာတတ်တာ...ပြီးတော့ ကျွန်တော့်ကိုလည်း ခေါ်လာခဲ့တာပေါ့"


သူက သူ့ဘေးရှိ ပွဲကြည့်စင်သေးသေးလေးကို ညွှန်ပြလိုက်ပြီး " ကျွန်တော့်အဖိုးက ဆောက်ခဲ့တာလေ....ယီမေ့ပွဲကြည့်စင်လို့ခေါ်တယ်...ခင်ဗျားသာ ပစ္စည်းလေးတွေယူလာရင် အထဲမှာ မီးဖိုပြီးလက်ဖက်ရည်ဖျော်လို့ရတယ်...ပြီးတော့ စိတ်ပျော်နေရင် ရေအိုင်ထဲက ငါးဖမ်းပြီးကင်စားလို့ရတယ်"


နှစ်ဦးသား သစ်သားပွဲကြည့်စင်လေးထဲ ဝင်သွားလိုက်ကြပြီး ထိုင်ချလိုက်ချိန် ရွှယ်ယုံက မေးလာသည်


 " မင်းငယ်ငယ်တုန်းက ကစားဖို့ ဒီကိုခဏခဏလာတတ်တာလား"


"ဟုတ်တယ်...ဒီနေရာမှာ နွေရာသီကျရင် တောရိုင်းပန်းလေးတွေနဲ့ ပိုးစုန်းကြူးလေးတွေရှိတယ်လေ...ပျော်ဖို့အရမ်းကောင်းတာ...ဒါပေမယ့် ခြင်တွေတဝီဝီနဲ့ ကိုက်တတ်လို့ အရမ်းယားတယ်...ဆောင်းရာသီက ပိုကောင်းတယ်...အေးပေမယ့် ဇီးပန်းပွင့်တွေက စောစောပွင့်လို့ မွှေးပျံ့နေတာပဲ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတာလေ...တစ်ယောက်ယောက်သာ စိတ်ညစ်နေရင် ဒီကိုလာပြီးထိုင်ချင်နေမိမှာပဲ"


ယွီနျန်က စကားပြောနေရင်း ကုန်းလိုက်ပြီး ပွဲကြည့်စင်ထောင့်နားလေးမှ မီးခြစ်နှင့်ဖယောင်းတိုင်လေးကို တူးပြီးထုတ်ယူလိုက်သည်။ ထို့နောက် ဖယောင်းတိုင်မီးညှိလိုက်ရင်း မီးအိမ်လေးထဲထည့်ပြီး စားပွဲပေါ်ထောင်ထားလိုက်သည်။


တောင်လေတစ်ဖြူးဖြူး ၊ တသွင်သွင်စီးနေသောရေ ၊ ဇီးပန်းရနံ့၊ ဖယောင်းတိုင်အရိပ်ကလေးနှင့် လရောင်ဖြာ...လေထုက ပနံသင့်နေသည်။


ဖယောင်းတိုင်မီးခပ်နွေးနွေးက အမှောင်ထုကို ကျော်၍ ယွီနျန်က စကားပြောရန် အကြောင်းရှာလိုက်သည်


 " လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ခင်ဗျား ကျွန်တော့်ကိုပေးခဲ့တဲ့ စားစရာတွေထဲမှာ ပင်လယ်ကကတစ်ငါးပေါင်းက အရသာရှိတယ်...ကျွန်တော် တစ်ခုလုံးကုန်အောင် စားပစ်လိုက်တာ...ချိုချဥ်နံရိုးတောင်မကျန်ဘူး...ကျွန်တော့မန်နေဂျာက ကျွန်တော့်စားနှုန်းကြောင့် လန့်သွားတာလေ လွန်ခဲ့တဲ့ရက်တွေတုန်းက သူနေ့တိုင်းအဲ့တာကိုပြောနေတာ...ကိုယ့်ပုံရိပ်ကို အာရုံစိုက်ပြီး ဝိတ်မတက်စေဖို့ပဲပြောနေတာလေ"


ရွှယ်ယုံက ကန့်ကွက်လာသည်


 "မင်းက အရမ်းပိန်လွန်းတယ်...များများစားသင့်တယ်"


ယွီနျန်က ရယ်မောလိုက်၍ ဖယောင်းတိုင်မီးမှ ပယင်းရောင်ဖျော့ဖျော့လေးက သူ့မျက်ဝန်းအိမ်ကို အလင်းဖြာလာသည်


 " ဒါက ခင်ဗျား ဟင်းပွဲအများကြီးပို့ပေးခဲ့တဲ့ အကြောင်းရင်းပေါ့လေ"


"အင်း..."

ရွှယ်ယုံက ခေါင်းညိမ့်လိုက်ပြီး အလေးအနက်ပြောလာသည် 


" မင်းက အရမ်းပိန်လွန်းလို့"


 ထို့နောက် မသိမသာဂရုစိုက်သည့်ပုံနှင့် " ဒီရက်တွေမှာ....အရမ်းပင်ပန်းနေတာမို့လား"


"ဒီရက်တွေလား...ကံကောင်းလို့ အရမ်းမပင်ပန်းပါဘူး" 


ယွီနျန်က လက်ချိုးရေလိုက်ရင်း " ဖလောရင့်ရဲ့ မိတ်ကပ်ကြော်ငြာအတွက် ရိုက်ကူးရေးလုပ်ရတယ်...ရိုက်ကူးရေးက လေးရက်ကြာတယ်လေ ဒါပေမယ့် အဆုံးသတ်ရိုက်တာက အရမ်းကောင်းတယ် ဒါရိုက်တာ စည်းကမ်းတင်းကျပ်ပေမယ့် အများကြီး သင်ယူခဲ့ရတယ်...ပြီးတော့ အိမ်မှာသုံးရက်လောက်နေပြီး သီချင်းရေးခဲ့တာ"


"မင်းရဲ့အယ်လ်ဘမ်အတွက် သီချင်းရေးတာလား"


"အင်း...သီချင်းရေးတဲ့ဘက်မှာ နည်းနည်းရှုပ်ရှုပ်ဖြစ်သွားလို့ ကျွန်တော်ဆိုဖို့ ကိုယ်တိုင်ပဲရေးလိုက်တော့တာ" ယွီနျန်က အရေးမကြီးဟန်နှင့် ရွှယ်ယုံ့ကို ပြန်မေးလာသည်


 "ခင်ဗျားကရော...လုပ်ရကိုင်ရ ချောချောမွေ့မွေ့ဖြစ်ရဲ့လား"


ရွှယ်ယုံက နားလည်သည့်ဟန် " သတင်းကြည့်ပြီးပြီပေါ့"


"ဟုတ်တယ်...ကျွန်တော်ထွက်မလာခင်တုန်းက ပြန်လွှင့်တဲ့သတင်းတစ်ခု တွေ့လိုက်တာလေ...ဟွမ်ယီရင်းနှီးမြုပ်နှံမှုအသင်းက တစ်ခုခုဖြစ်သွားတယ်ပြောတယ်" ယွီနျန်က ပြောလိုက်ရင်း ဘယ်လက်နှင့်မေးထောက်ထားပြီ

း ညာလက်နှင့်ခွက်ပုံစံလုပ်လိုက်ကာ ရွှယ်ယုံ့ကိုကြည့်လိုက်သည် 


" ပွဲလုပ်ဖို့ ခွက်တိုက်လိုက်ကြမလား"


ရွှယ်ယုံက မျက်လွှာချလိုက်ရင်း လက်ဆုပ်လိုက်ရင်း ယွီနျန့်လက်ကလေးနှင့်ထိကာ တည်တည်ငြိမ်ငြိမ်ဆိုလိုက်သည် 


" ချီးယား"